ကိုယ်ကလဲ အရမ်းမူးပြီး အသက်ရှူမ၀လို့ အောက်ဆီဂျင်ပိုက်ကြီးတပ်ပြီး ကိုယ့်ဟာကို ပြန်ဂရုစိုက်နေရတာနဲ့ပဲ ဘယ်လိုမှတောင် မနေလိုက်ဘူး။ တစ်ချက်တစ်ချက် ဗိုက်နေရာက တင်းတင်းသွားတာတော့ သိလိုက်တယ်။ သမီးလေးထွက်လာတော့ သူနာပြုဆရာမက ပါးစပ်တွေ၊ နှာခေါင်းတွေက ချွဲတွေကို စက်နဲ့ ဆွဲစုတ်လိုက်မှ အူငဲ ... အူငဲနဲ့ ငိုသံထွက်လာတာ။ အောင်လိုက်တဲ့ အသံ။ သူပြောပြတာတော့ ခလေးက ရေထဲမှာနူးပြီး ဖြူဖွေးနေတာပဲတဲ့။ ဆရာဝန်က ဗိုက်နေရာလောက်ကနေ လက်နှစ်ဖက်နဲ့ ဆွဲထုတ်တယ်ဆိုလားပဲ။ နောက်မှ ခလေးက လေနဲ့တွေ့ပြီး အသားအရောင်ပြောင်းလာတာတဲ့။
ခဏနေတော့ သူ့အဖေက ခလေးကိုချီပြီး လာပြတယ်။ သမီးလေးကို ပထမဆုံးစကြည့်တာ လက်တွေ၊ ခြေထောက်တွေ။ ခေါင်းကအရမ်းမူးနေတော့ ယောက်ျားရေ ... ရေပါဦးတော့ ... ခြေချောင်းလေးတွေ၊ လက်ချောင်းလေးတွေ ပြည့်ရဲ့လား ... အင်္ဂါံစုံရဲ့လား ... ဆိုတာ အရင်မေးရတယ်။ အရေးထဲ သမီးခြေချောင်းလေးတွေက ငှက်ပျောသီးနုနုလေးတွေလို အရွယ်တူလေးတွေ ပူးကပ်နေတော့ သူ့အဖေက မှားရေသေးတယ်။ နောက်တော့ အကြည့်က သမီးလေးရဲ့မျက်နှာဆီ ... နောက်တော့ နှာခေါင်းဆီရောက်တယ်။ နှာခေါင်းပွပွလေးတွေ့တော့ စိတ်က အင်း ... အဖေတူသမီးပဲဆို သက်ပျင်းချရတယ်။ သမီးအသားလေးကလဲ ကြွက်ပေါက်လေးလိုနီရဲလို့။ သက်ပျင်းချရတာကတော့ သမီးလေးဆိုတော့ ဖြူဖြူချောချောလှလှလေးပဲ ဖြစ်စေချင်တာကိုး။
လာပြပြီး သားအဖနှစ်ယောက် ဘယ်ပျောက်သွားမှန်းမသိဘူး။ ကိုယ်အရမ်းအသက်ရှူကျပ်လာတော့ အားကိုးရာရှာတာ၊ အနားမှာ သူကမရှိတော့ အားငယ်လိုက်တာ။ အော် ... သမီးတစ်ယောက်ရတာနဲ့ ယောက်ျား ကိုယ့်ပစ်သွားပါပလားလို့တောင် တွေးနေမိတယ်။ အမှန်က သမီးကို ရေချိုးသုတ်သင်၊ ကိုယ်အလေးချိန်ချိန် အစရှိတာတွေလုပ်ဖို့ သူနာပြုဆရာမနဲ့အတူ လိုက်သွားရလို့ ပျောက်သွားတာပါတဲ့။
သမီးကို ခလေးတွေစုထားတဲ့ အခန်းလေးမှာ သူ့လှည်းလေးနဲ့သူ ထားထားပါတယ်။ ခလေးနို့ဆာမှ အမေဆီလာပို့၊ အမေက နို့တိုက်ရတာပါ။ အဲဒီမှာထူးခြားချက်တစ်ခုက ခလေးတွေ နို့ဆာရင် ငိုကြတယ်။ ခလေးတွေကို အချိန်ကျမှ၊ ဒါမှမဟုတ် ငိုမှ ဆရာမတွေက လိုက်ပို့တာဆိုတော့ အခန်းဘေးမှာ ဖြတ်သွားတဲ့ ခလေးငိုသံတွေ ဆူညံနေတာပဲ။ အဲဒီထဲမှာမှ ဂျူဂျူလေးရဲ့ငိုသံဟာ အအောင်ဆုံး အကျယ်ဆုံးမှို့ ခပ်ဝေးဝေးက ငိုသံကြားတာနဲ့ သမီးပဲ ဆိုတာကြိုသိနေပါတယ်။ ဒါမှမဟုတ် ကိုယ့်သွေးမှို့ပဲ သိနေတာလား မပြောတတ်ဘူး။
ဆေးရုံမှာ ၃ရက်နေပြီး ဆင်းလို့ရပြီဆိုတော့ သမီးက အသားဝါလို့ဆို ဆေးရုံမှာ ထားခဲ့ရတယ်။ တစ်ခါထဲ ခေါ်သွားချင်လို့ အမျိုးမျိုးပြောပေမဲ့ ဆရာဝန်က လုံးဝခွင့်မပြုဘူး။ ခလေးကို အသားဝါပျောက်အောင် မီးချောင်းအောက်မှာ ထားရမှာမှို့ပါတဲ့။ ပြန်ခါနီး မျက်လုံးကို အ၀တ်လေးစည်းပြီး မီးချောင်းအောက်မှာ မီးကင်ထားတဲ့ သမီးလေးကို သွားကြည့်ကြပါသေးတယ်။ သမီးမပါတဲ့ ဆေးရုံအပြန်လမ်းကတော့ တော်တော်ဝမ်းနည်းစရာကောင်းခဲ့တယ်။ အိမ်ပြန်ရောက်တော့ သမီးခြုံတဲ့ စောင်သေးသေးလေးတွေ၊ ခြေအိပ်သေးသေးလေးတွေကြည့်ပြီး သတိရလို့ မျက်ရည်ကျရသေးတယ်။ အံ့သြစရာမကောင်းဘူးလား။ သမီးနဲ့ ၃ရက်လောက်ပဲ နေရသေးတာ။ ပြီးတော့ တစ်ချိန်လုံးလဲ အတူနေရတာ မဟုတ်ဘူးလေ။ ဒီတော့မှ မိခင်မေတ္တာဆိုတာ တော်တော် အံ့သြစရာကောင်းပါလားဆိုတာ နားလည်မိတယ်။
နောက်၂ရက်လောက်ကြာမှ ဆေးရုံက ခလေးလာခေါ်လို့ရပြီဆိုတော့ သူ့အဖေက သွားခေါ်ရတယ်။ ခလေးထည့်တဲ့ ခြင်းတောင်းလေးဆွဲပြီးပြန်လာတဲ့ သားအဖေ၂ယောက်ကို တစ်အိမ်လုံး ၀ိုင်းကြိုဆိုကြတယ်။ နောက်ကျရင် ဒီအိမ်ရဲ့ ဆည်းလည်းလေးဖြစ်လာမဲ့ လူအသစ်စက်စက်ကလေးကို ကြိုကြတာပေါ့။
ဂျူဂျူလေးမွေးကာစ
သုံးလသမီး ဂျူဂျူ
တစ်နှစ်သမီး
နှစ်နှစ်ဂျူဂျူ -အဲဒီအရွယ်တုံးက ဂျူဂျူဟာသိပ်ဆိုးတယ် ... ဂျစ်ကပ်ကပ်နဲ့။ သူ့အဒေါ်ကတော့ နကပ်ကျားလို့ခေါ်တယ်။
သုံးနှစ်ဂျူဂျူ -အောက်ထပ်က PAP မှာ မူကြိုစတက်စဉ်က
လေးနှစ်ဂျူဂျူ -မြန်မာပြည်နောက်ဆုံးအခေါက် ပြန်စဉ်က

ငါးနှစ်ဂျူဂျူ -ချိုင်းနိစ်ဂါးဒင်းမှာ
မနေ့က အိုင်ဖုန်းကို အသဲအသန် ကလိနေတဲ့ မဂျူဂျူ။ ၆နှစ်ခွဲပါပြီ။