Monday, June 14, 2010

ထြီဂိုနော်မထြီလေး တစ်ပုဒ်


picture original link

၁၀တန်းစာမေးပွဲမှာ သင်္ချာကို အမှတ်အပြည့်နဲ့ အောင်ရမယ်။ ဆေးကျောင်းတက်မယ်လို့ မှန်းထားတဲ့ မိန်းခလေးတစ်ယောက်ဟာ သင်္ချာနေ့မှာ ခြေချော်လက်ချော်ဖြစ်ခဲ့တယ်။ သင်္ချာဖြေတိုင်း ၁၅မိနစ် နာရီဝက် စောပြီးတတ်တဲ့ မိန်းခလေးဟာ ... ဘဝအတွက် အရေးကြီးဆုံးဆိုတဲ့ စာမေးပွဲနေ့မှာမှ ထြီဂိုမေးခွန်းတစ်ပုဒ် ဖြေမရတာနဲ့ ပျာယာခက်ပြီး စာတစ်ပုဒ်မှ ပြန်မစစ်နိူင်ခဲ့ဘူး။ စာမေးပွဲခန်းထဲက ထွက်လာတော့ သူ့ခြေထောက်တွေဟာ မြေကြီးနဲ့ ထိတယ်မထင်ဘူး။ စိတ်ဟာလူဆီမှာ မရှိဘူး၊ ကျောင်းရှေ့က လေတိုက်တိုင်း လွင့်နေတဲ့ သစ်ရွက်ကြွေတွေလို လေလွင့်ဝေဝါးနေခဲ့တယ်။ သွားပါပြီ။ မျှော်မှန်းထားသမျှ သဲထဲရေသွန်။

သစ်ပင်ရိပ်အောက်မှာစောင့်နေတဲ့ သူ့အမေရဲ့ "သမီး ... ဖြေနိူင်လား ... " ဆိုတဲ့ မေးခွန်းရဲ့နောက်မှာ မျက်ရည်တွေဟာ ထိန်းမရနိူင်အောင် တသွင်သွင်ကျတော့တယ်။ ရှိုက်ကာ ရှိုက်ကာ ငိုတော့တယ်။ သမီး၁၀တန်းဖြေမှာမှို့ ရုံးတွေဖျက်ပြီး လာစောင့်ပေးတဲ့ အမေ။ အကိုတွေကို အားမရခဲ့တဲ့အမေ။ အားကိုးရာ သမီးကလဲ အကိုတွေ ခြေလှမ်းနောက်လိုက်ပြီလား။ အမေ့ရဲ့အားပေးစကား၊ ဘေးက မဖြေနိူင်လို့ တရှုံ့ရှုံ့ငိုနေတဲ့ သူငယ်ချင်း၊ အဲဒီနေ့က သူအိမ်ကို ဘယ်လိုပြန်ရောက်မှန်း မသိလိုက်။ စာမေးပွဲတွေအားလုံးပြီးလို့ အေးဆေးဖြစ်သွားပြီ၊ စိတ်ငြိမ်သွားပြီဆိုမှ အဖြေတွေပြန်စစ်မိတယ်။ လွယ်တဲ့ပုစ္စာအချို့တောင် အပေါင်း အနှုတ်လေးတွေ ရှမ်းပြီး မှားနေတာ တွေ့ရပြန်တယ်။ ပြန်မှမစစ်ခဲ့ရသည်ကိုး။ ညအိပ်တော့ အိပ်မပျော်။ အိမ်မက်မက်ပြန်တော့ အဖြေလွှာထဲက မှားနေတဲ့ ပုစ္စာလေးတွေကို အမှားပြင်နေခဲ့တာ ညတိုင်းနီးပါး။

ဆေးကျောင်းအမှတ်ကို ဘယ်နှစ်မှတ်နဲ့ဖြတ်လိုက်တယ် ဆိုတာကို ကြားရတဲ့နေ့က သူအိမ်ရှေ့က ရေတွင်းလေးနားမှာ အဝတ်တွေလျှော်နေခဲ့တယ်။ အမေက ရုံးကနေ အိမ်ရှေ့အိမ်ကိုဖုန်းဆက်ပြီး လှမ်းပြောတော့ သူဟာ ဒီတစ်သက် ဆေးကျောင်းနဲ့ဝေးပြီ။ တစ်ချိန်လုံးစိတ်ကူးယဉ်ခဲ့တဲ့ ဆရာဝန်ဘ၀တော့ မရောက်နိူင်တော့ပြီ ဆိုတာ သိလိုက်ရတယ်။ ငိုချလိုက်ရမည်လား။ လည်ချောင်းမှာ တစ်ဆို့ဆို့။ ငိုလို့လဲမရ။ အမှတ် ၃မှတ်က လူတစ်ယောက်ရဲ့ ဘဝကို ဆုံးဖြတ်ခဲ့သည်ကိုးလေ။

ဒီလိုနဲ့ သူဟာ ဘဝရဲ့စာမျက်နှာမှာ ဆေးစက်ကျရာ အရုပ်ဖော်ရင်း စက်မှုအင်ဂျင်နီယာတစ်ယောက် ဖြစ်လာခဲ့တယ်။ အင်ဂျင်နီယာ အပေါင်းအသင်း အသိုင်းအဝိုင်းများကြားမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တယ်။ တိုးတက်လှပါတယ်ဆိုတဲ့ နိူင်ငံရပ်ခြားကျွန်းမြို့လေးမှာ ကျောင်းဆက်တက်ပြီးတဲ့နောက် R&D ကုမ္ပဏီ တစ်ခုမှာ အလုပ်တွေလုပ်ရင်း လူ့လောကအတွက် အကျိုးပြုခဲ့တယ်။ သူ့ထက်စီနီယာကျတဲ့ အင်ဂျင်နီယာ အကိုကြီးတစ်ယောက်နဲ့ အကြောင်းဆက်ခဲ့တယ်။ တစ်လောကလုံးမှာ အချစ်ရဆုံးဆိုတဲ့ အသားညိုညို မျက်လုံးပြူးပြူးလေးနဲ့ သမီးလေးတစ်ယောက် လက်ဆောင်ရခဲ့တယ်။

အင်း ... တကယ်လို့သာ မိန်းခလေးဟာ သင်္ချာနေ့မှာ ထြီဂိုနော်မထြီပုစ္စာကို မျက်စိမလည်ပဲ တွက်တတ်ခဲ့ရင်၊ ဒါမှမဟုတ် ပုစ္စာအချို့ ကံကောင်းစွာနဲ့ မမှားခဲ့ဘူးဆိုရင် .... ဒါမှမဟုတ် ပြန်စစ်ဖို့ အခွင့်အရေးလေးများ ရခဲ့ရင် ....


မိန်းခလေးဟာ မြန်မာပြည်ရဲ့ ဒေသတစ်ခုခုမှာ GP ဆေးခန်းလေးဖွင့်လို့ ဆရာဝန်မတစ်ယောက် ဖြစ်နေမလား။ အိုဂျီတစ်ယောက်ဖြစ်နေမလား ... ခလေး အထူးကုလား ... ဒါမှမဟုတ် ကျောင်းမပြီးပဲ တစ်ခြားအသက်မွေးဝမ်းကျောင်းတစ်ခုခုဘက် ရောက်သွားမလား။ စီးပွားရေးသမား ဖြစ်နေမလား။ ကျောင်းတစ်ဝက်တပျက်နဲ့ အိမ်ထောင်ကျ၊ ယောက်ျားနှိပ်စက်ခံဘဝပဲ ရောက်နေမလား။ ဒါမှမဟုတ် အပျိုကြီလား။ .......... လား ................. လား .....

အဖြစ်နိူင်ဆုံးကတော့ အင်ဂျင်နီယာ အသိုင်းအဝိုင်းမှာ ကျင်လည်ဖို့ မဖြစ်နိူင်သလို၊ အင်ဂျင်နီယာ အကိုကြီးတစ်ယောက်ဆိုတာလဲ သူဘဝမှာ ကြုံဆုံဖို့ရာ မဖြစ်နိူင်တော့ပြီ။ သူ့အဖေနဲ့ ချွတ်ဆွတ်တူလှပါသည်လို့ လူတိုင်းကပြောရတဲ့ မျက်လုံးပြူးပြူးလေးနဲ့ သမီးလေးဆိုတာလဲ သူ့ဘဝမှာ ဖြစ်တည်လာမည်မဟုတ်။ ဒီသမီးလေး အကြောင်း ဒီဘလော့ စာမျက်နှာတွေပေါ် စာဖွဲ့ဖို့ရာ မရှိပြီ။ ဒီ၃မှတ်အတွက် ဆုံးရှုံးမှုက ခုလက်ရှိအနေအထားအရ ဂျူဂျူဆိုတဲ့ ချစ်စရာသမီးလေးတစ်ယောက် ပိုင်ဆိုင်တာနဲ့တင် တန်နေပြီလို့ သူတွေးမိနေတော့တယ်။


၁၀တန်းစာမေးပွဲက လူတွေရဲ့ ဘ၀တွေကို ဆုံးဖြတ်တယ်တဲ့ ...
ထြီဂိုနော်မထြီလေးတစ်ပုဒ်က သူ့ဘဝကို ဆုံးဖြတ်ခဲ့တာလို့ ခုထိထင်နေတုန်း ....

(မနေ့ကထွက်သွားတဲ့ ၁၀တန်း အောင်စာရင်းနောက်ကွယ်က ဘဝတစ်ဆစ်ချိုးကြမည့် သူများအားလုံးအတွက် ...)

17 comments:

  1. အားပါးးး
    အောင်စာရင်းထွက်တာ မသိလိုက်ဘူး။
    တပေါ်ကျဲ့တစ်ယောက်ဒီနှစ်ဖြေတာ ဖုန်းဆက်မေးဦးမှ။

    ReplyDelete
  2. အမ..ဟုတ်တယ်..ကျနော်က chemistry ၃မှတ်ပြုတ်ပဲ..
    ဒါပေမဲ့ အင်ဂျင်နီယာဖြစ်ရတာ အခုတော့ ဂုဏ်ယူတတ်နေပါပီ.
    အခုလဲတူမက ၁ဘာသာထဲပါလို့ ပုလဲတွေခနေသတဲ့..။

    မြတ်နိုး

    ReplyDelete
  3. အန်တီဆွိရေ

    ဆယ်တန်းအောင်စာရင်း ထွက်တိုင်း ဒီဖီလင်က အသစ်ဖြစ်ရတာ။
    အိမ်က ညီမလေး အောင်တယ် ကြားလို့ ဒီနေ့ ဝမ်းသာလွန်းလို့ မျက်ရည်ကျတယ်တောင် မဟုတ်ဘူး ငိုမိတယ်။

    မအယ်

    ReplyDelete
  4. တီတီဆွိရေ ဘယ်အရာမှာမဆို လှိုက်လှိုက်လှဲလှဲ ဆိုတဲ့ ခံစားချက်တွေနဲ့ ဝေးကွာနေရတဲ့ အခုလိုအချိန်မှာ ငယ်တုန်းက အကြောင်းလေးတွေ ပြန်သတိရမိတယ်။

    ReplyDelete
  5. သူငယ်ချင်းရေ...
    ရေးထားတာ ချစ်စရာကောင်းလိုက်တာ... ကိုယ့်ရဲ့ လက်ရှိဘဝကို ကျေနပ်နေတဲ့ ရေးဟန်တွေ အထင်အရှားနဲ့... ဘဝတွေမှာ အဲဒီအချက် အဲဒီအသိလေးက အရေးအကြီးဆုံးပါပဲ... ဖတ်ရတာ သိပ်သဘောကျတယ်...။

    ကိုယ်ကတော့ ၄ မှတ်အလိုပါ...
    သူငယ်ချင်းလိုပဲ ဆေးစက်ကျရာ အရုပ်ဖော်ရင်း စက်မှုအင်ဂျင်နီယာတစ်ယောက် ဖြစ်လာခဲ့ပေမယ့် အင်ဂျင်နီယာ အကိုကြီးတစ်ယောက်ဆိုတာတော့ မကြုံဆုံခဲ့ရကြောင်းပါ... ဟဲဟဲ
    (ပြောင်ချော်ချော်လေးမှ နဲနဲမပါရရင် မနေနိုင်လို့ပါ...)

    ReplyDelete
  6. ဟားဟား တီတီဆွိရေ

    ရွှေစင်ဦး တို့ကတော့ ၃မှတ်အလိုတော့ ပျင်းတယ် အဟဲ ၁ မှတ်အလို တဲ့ နောက်က ဝဝ နှစ်လုံး ဖြုတ်လိုက်ရင်လေ

    တီတီဆွိ ကတော့ ဂျူဂျူ နဲ့ တင်တန်တယ်မဟုတ်လား

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  7. အင်း....ပြန်မတွေးလိုတော့ပါ...အဲဒီတုန်းကလည်း သိပ်လည်း ၀မ်းမနည်းတတ်ခဲ့ပါဘူး...

    ReplyDelete
  8. တိုက်ဆိုင်စွာ ပြန်သတိရသွားတယ်.. ညီမတော့ သင်္ချာမဟုတ်ပဲ ဓါတုဗေဒကို ရူပဗေဒကျက်ပြီး သွားဖြေတာ။ တအားမိုက်တယ်ဟုတ်း))

    ငယ်ဘ၀တွေက တကယ်လွမ်းစရာပဲ..။
    တီတီဆွိရဲ့ ဘ၀အပေါ်ထားတဲ့ အမြင်ကို တအားသဘောကျမိတယ်။ အားကျ အတုယူသွားပါတယ်။

    ReplyDelete
  9. ဟဲဟဲ ၃ မှတ်ပြုတ်တွေလာတွေ့ နေပါပကောလား ..
    အနော်တို့ ခေတ်ကတော့ ဆေးကျောင်းမိန်းကလေးအမှတ်မြှင့်လိုက်တာမို့  ..
    မရလည်းဝမ်းမနည်းပေါင် လုပ်ချင်တာလုပ်ခွင့်ရလို့ ။

    ReplyDelete
  10. ခုမှသိတော့တယ် .... ကိုယ်လိုဘ၀တူတွေ ဒီထဲမှာ လာစုနေကြပါလားလို့ ... အော် ... ဘ၀တွေ ...

    ဒီပို့စ်ရေးတဲ့ ရည်ရွယ်ချက်က ၁၀တန်းမှာ ဒီလိုင်းမရလို့ ဘ၀င်္ကြီးတစ်ခုလုံးတော့ သွားပါပြီ ... ရေစုန်မျောပါပြီ ..
    လို့ထင်နေကြမဲ့ သူများအတွက် ... ရောက်ရာနေရာမှာ ကျိုးစားဖို့ အခွင့်အလန်းရှိသေးတာပဲ ... ဘ၀ဟာ အဲလောက်ကြီးတော့ မဆိုးပါဘူး ဆိုတာလေး သိစေချင်တာပါ ...

    ReplyDelete
  11. ၁၀တန်း အောင်စာရင်းနောက်ကွယ်က ဘ၀တစ်ဆစ်ချိုးကြမည့် သူများအားလုံးအတွက်

    You made me feel.
    I got a flashback.
    It had been passed over 36yers.
    I missed my ambition after finished exam.( 1974)
    My life is totally changed coz off weak in Chemistry.
    Actually I'm crazy in Trigo and Geometry.
    Some of Algebra problem solved by Geometry.
    I like art. I like Maths.(Maths is a beautiful curve)
    Both are so beautiful.
    You may be understand about me or same situation on you.
    But I can handle my worst situation after 20 years.
    That is not so late.
    I altered course a track from my desire way to right way.
    Presently, My life seem to be okay.
    I'm a successful man in my field. ( compare with my little society only)

    BINO

    ReplyDelete
  12. စက်မှုမဝင်လို့ အာအိုင်တီကျောင်းဝင်းကြီးထဲ သူငယ်ချင်း ၂ယောက် သွားငိုခဲ့ကြတာ သတိရသွားတယ်။ ဟုတ်ပ တို့လည်း သချာင်္ပဲ ဆွီရေ...ပေါ့ပြီးနေလိုက်တာ ပုံသေနည်းတွေ မေ့ပြီး ဘာမှ တွက်ချက်မရဖြစ်တာလေ။ သူများတွေ သချာင်္မှာ ၉၀-၁၀၀ ရနေချိန်မှာ တို့က ၅၅ မှတ်နဲ့ ဆိုတော့ အဲဒီမှာ အမှတ်တွေပြတ်ကျန်ခဲ့ပြီး အီကို ဝင်ခဲ့တာ။ ခုတော့လည်း ဆွိပြောသလို ဘဝကို ကျေနပ်တတ်ခဲ့ပြီ...။ အိမ်ကလူကြီးတောင် သတိရသွား....။ ပြန်ပြီ...။

    ReplyDelete
  13. Great U Poe Sein performed “Mg Kar Ka, Me Kar Ka” play wearing with diamond rings.
    Thanks,
    2F

    ReplyDelete
  14. နေတတ်ရင်ကျေနပ်စရာချည့်ပါဗျာ...

    ReplyDelete
  15. တီတီဆွိရေ....

    ပို့စ်ထဲက မိန်းကလေးနဲ့တကွ အပေါ်က ဆေးပြုတ်များကို ကိုပေါက သနားဂရုဏာ သက်မိပါတယ်။

    ကျနော်ကိုပေါမှာတော့ အမှတ်တွေ တပုံကြီး ပိုနေပါတယ်။ ဒီလိုပါ...

    ကျနော့်မှာတော့လေ (ဝင်းဦးသံဖြင့်).... ဆေးတက္ကသိုလ်ကို ဇွတ်အတင်းပို့မှာစိုးလို့ ဆယ်တန်းစာမေးပွဲမှာ ဘာသာရပ်တိုင်း ဖြေနိုင်ပါလျက်ကယ်နဲ့ (ပို၍ ရင်ထုမနာသံဖြင့်)တချို့အပုဒ်တွေကို မဖြေဘဲ တမင်ကလာ ချန်ထားခဲ့ရတယ်ဆိုတာ ကိုယ်စောင့်နတ်သာလျှင် သိပါတယ်........လို့ ပြောရင် မုသားပြောသလို ဖြစ်နေမှာစိုးလို့ အမှန်အတိုင်းပဲ ပြောပါတော့မယ်။

    ဖြစ်ချင်တာက ဗိုလ်လောင်း၊ တက်ရတာက စက်မှုတက္ကသိုလ်ကျောင်းဆိုတော့ မူလ ရည်မှန်းချက်က လိုအပ်တဲ့ အမှတ်ထက် အများကြီး ပိုသာနေတယ်လို့ ပြောချင်တာပဲ။ ဟိုလိုင်းက အောင်ရင် ရပြီလေ.... ဟဲဟဲ။ ရှစ်လေးလုံးအရေးတော်ပုံကျေးဇူးကြောင့် ရည်မှန်းချက် ပြောင်းလဲသွားခဲ့ရတယ်။

    မဟုတ်ရင် ပျဉ်းမနားနယ်တရိုးမှာ ဗျောက်ကို ခါးကြားထိုးပြီး တစုံတယောက်ကို ဖင်ဗူးတောင်းထောင်အောင် ရှိခိုးနေရမယ် ထင်ပါရဲ့။

    ကျန်တာတော့ တီတီဆွိနဲ့အတူတူပါ။

    စက်မှုတက္ကသိုလ်တက်တယ်။ R & D မှာလုပ်တယ်။ ကျောင်းတုန်းက အစ်မကြီးတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။း-) သမီးလေးတယောက်ရတယ်။ ဘလော့ဂါ လုပ်နေတယ်။ ဒါပါပဲ။

    ReplyDelete
  16. ညီမကတော့ ဆရာဝန်လုပ်ဖို့ စိတ်ကို မကူးခဲ့တာ .. ကိုယ့်အကြောင်း ကိုယ်သိလို့ .. :P
    ၃မှတ်တည်းနဲ့ ကပ်ပြုတ်တယ်ဆိုတော့ တော်လိုက်တာ ..း)

    ReplyDelete
  17. ကျေးဇူးပါ

    ReplyDelete