Thursday, June 17, 2010

ငါးထမင်းချဉ် ၊ ထမင်းဆိမ့် ...

မြန်မာပြည်မှာ နေတုံးက ငါးထမင်းချဉ် တစ်ခါမှ မစားဖူးပါ။ ဒီရောက်တော့မှ သူငယ်ချင်းတစ်ယောက် အိမ်တက်အလှူမှာ စားရင်းကနေ ကြိုက်သွားလို့ အိမ်မှာ လုပ်စားဖြစ်ပါတယ်။ ကျောင်းမှာထဲက ခင်ဘူးတဲ့ ညီမလေးတစ်ယောက်ထံမှ ချက်နည်းကိုမေးထားတာပါ။

လူ ၄-၅ယောက်စာလောက်အတွက်ဖြစ်ပါတယ်။

ငါးထမင်းချဉ် နယ်ရန် အတွက် ...
ဈေးကနေ seabass ငါး အကောင်ကြီးကြီး တစ်ကောင်ဝယ်ပါတယ်။ တစ်ကေဂျီလောက်ဆို ရပါတယ်။
ငါးကို ဆိုင်မှာပဲ အကြေးထိုး၊၂ပိုင်းလောက်ဖြတ်ခိုင်းပြီး ငံပြာရည်၊ ဆား၊ နနွင်း၊ စပါးလင်နိုင်နိုင်နဲ့ ပြုတ်ပါတယ်။ ရေအများကြီးမထည့်ပဲ ရေခန်းလုနီးပါးပြုတ်ပါတယ်။ ပြီးရင် ငါး အသားချည်းရအောင် အရိုး နွှင်ပါတယ်။

Seabass ငါးကို မသိသူများအတွက် ပုံတင်ပေးလိုက်ပါတယ်။ စလုံးမှာတော့ ချိုတဲ့ ငါးတွေထဲမှာ ဈေးအသင့်တော်ဆုံးမှို့ မုန့်ဟင်းခါးချက်လဲ အဲဒီငါးပဲသုံးပါတယ်။ တစ်ကေဂျီ စလုံး ၈ကျပ်ကနေ-၁၂ကျပ် အလွန်ဆုံးပါပဲ။


Original picture link

ခရမ်းချဉ်သီး ၁ကေဂျီ လောက်ကိုလဲ ဆားနဲနဲနဲ့ ခရမ်းချဉ်သီး နူးအိပြီး အခွံကျွတ်သည်အထိ ရေခန်း ပြုတ်ပါတယ်။ ပြီးရင် အခွံခွါပါတယ်။ ခရမ်းချဉ်သီးကို ကြေသည်အထိ ဖိချေပြီး ရေတွေသိပ်များနေရင် ခရမ်းချဉ်သီး ပျစ်လာသည်အထိ မီးဖိုပေါ်ပြန်တည်ပါတယ်။

အာလူး ၇၀၀ ဂရမ် လောက်ကိုလဲ ပြုတ်ပြီး အခွံခွါထားပါတယ်။

ထမင်းကို ၄-၅ယောက်စာလောက် ပုံမှန်ထက်ပျော့အောင် ချက်ထားပါတယ်။

ပြီးရင် ငါးထမင်းချဉ် စနယ်ပါတော့မယ်။

ထမင်းတွေကို ဇလုံတစ်ခုထဲထည့်၊ ငါးအသားတွေထည့်၊ ခရမ်းချဉ်သီးအနှစ်ထည့်၊ အာလူးခွါထားတာအကုန်ရောထည့်၊ ငံပြာရည်ထည့်၊ အချိုမှုန့်သုံးတတ်ရင်လဲထည့်ပြီး အားလုံးရောနယ်ပါတယ်။ ခရမ်းချဉ်သီးက သိပ်မချဉ်ဘူးဆိုရင် သံပုရာသီးလေး အနည်းငယ် ညှစ်ထည့်ပြီးနယ်ပေးပါ။ လက်အိပ်လေးသုံးပြီးနယ်ရင်တော့ ကြာရှည်အထားခံပါတယ်။ နယ်ပြီး အရသာကောင်း၊ မကောင်းမြည်းကြည့်ပြီး လိုအပ်တာ ငံပြာရည်၊ အချိုမှုန့် အစရှိသည်ထပ်ထည့်ပြီး စေးကပ်လာအောင် နယ်ပေးပါ။ ပြီးရင် ထမင်း တစ်ဆုတ်စာလောက် အလုံးတွေ လုံးထားပါ။

ထမင်းဆိမ့် (သို့) ထမင်းဝါဆိုရင်တော့ ခရမ်းချဉ်သီး မထည့်ပဲ အထက်က အတိုင်းပဲနယ်ပါတယ်။ ပိုဝါသွားအောင် နနွင်းမှုန့်များများပါတဲ့ ဆီချက်လေးနဲ့ရောနယ်ပါတယ်။
ထမင်းချဉ်ကတော့ ခရမ်းချဉ်သီး အရောင်နဲ့ နဲနဲနီနေတာပေါ့။ အရောင်လေး ပိုလှချင်ရင် ငရုပ်သီး အရောင်တင်မှုန့်ကို ဆီနီလေးချက်ပြီး ရောနယ်ပါ။


ဟင်းချိုအတွက် ...
အသားနွှန်ပြီး ကျန်တဲ့ ငါးခေါင်းနဲ့ အရိုးတွေကို ပြုတ်ပြီး အရည်စစ်၊ ဂျင်း၊ ကြက်သွန်ဖြူဓားပြားရိုက်ထည့်၊ ငရုပ်ကောင်းမှုန့်ခပ်ပြီး ဟင်းချိုချက်ပါတယ်။ ပိုချိုအောင် ကြက်သွန်နီဥလေးတွေ အလုံးလိုက်နူးနေအောင် ထည့်ပြီး မီးအေးအေးနဲ့ တည်ပါတယ်။

ငါးထမင်းချဉ်နဲ့စားဖို့အတွက် အစာပလာတွေကတော့
ပဲပုတ်ပြား တွေကို ဆီနဲ့ ကြွပ်နေအာင်ကြော်။ တစ်ဝက်ကို ညက်နေအောင် ကျိတ်ထားပါ။ တစ်ဝက်ကတော့ ဒီတိုင်း ကြွပ်ကြွပ် ကိုက်စားဖို့ပါ။

ကြက်သွန်ဖြူ ကြွပ်ကြွပ်လေးဖြစ်အောင် နနွင်းမှုန့်လေးနဲ့ ဆီချက် ချက်ပါတယ်။

မြေပဲဆံ ကိုလဲ ဆီနဲနဲနဲ့ ကြွပ်နေအာင်ကြော်ထားပါတယ်။

ကြက်သွန်မြိတ် စိမ်းစိမ်းတွေ၊ နံနံပင်တွေကို ရိတ်ရိတ်လှီးထားပါတယ်။

ဂျူးမြစ် ရရင် ဂျူးမြစ်လေးတွေ ရေဆေး အနေတော်ဖြတ်ပြီး အဆင်သင့်ပြင်ထားပါ။

ကြက်သွန်နီ လေး ပါးပါးလှီး၊ သံပုရာသီးစိတ် လေးတွေပါ အအီပြေအောင် ပြင်ထားပါတယ်။

ခရမ်းချဉ်သီး ချေထားတာကိုလည်း ထမင်းချဉ်နဲ့ စားရအောင် ငရုပ်သီးအရောင်လေးနဲ့ ဆီနဲ့ ပြန်ချက်ထားပါတယ်။

ငရုပ်သီးကို အတောင့်လိုက်ကြော်၊ တစ်ဝက်ကို ထောင်းပြီး အကျက်မှုန့် လုပ်ထားပါ။




ပွဲပြင်ဖို့အတွက်
ပန်းကန်ပြားပေါ်မှာ ထမင်းချဉ်အနီတစ်လုံး အ၀ါတစ်လုံးထည့်။ အပေါ်က အဆာပလာတွေ နဲ့ လိုတာ စိတ်ကြိုက်ထည့်စားရမှာ ဖြစ်ပါတယ်။ (အိမ်မှာတော့ ထမင်းချဉ်ပဲကြိုက်လို့ ထမင်းဝါ မပါပါ။) ထမင်းချဉ်က ငါးနဲ့နယ်ထားတော့ အရသာက ချဉ်ဆိမ့်ဆိမ့်လေးပါ။ ထမင်းချဉ်လေးစားလိုက်၊ ငရုပ်သီးတောင့်ကြော်လေး ကိုက်လိုက်၊ ပဲပုတ်ကြွပ်ကြွပ်လေးဝါးလိုက်နဲ့ အလွန်အရသာရှိလှပါတယ်။

ဘလော့လာလည်သူများ စားကြပါဦးရှင် ...






ပုံများကို resolution ကောင်းကောင်းနဲ့တင်ထားပါတယ်။ ပုံကို ကလစ်ကြည့်နိုင်ပါတယ်။

28 comments:

  1. အမ..စလုံးလာလည်ရင်တော့ ထမင်းဖိတ်ကျွေးပါ..အမ။
    စားချင်လိုက်တာ.. မကြိုက်ပေမဲ့ ..စားချင်တယ်။

    အမရေ..အမလက်ရာ ရှမ်းခေါက်ဆွဲလေးရောလုပ်ပါဦး။

    မြတ်နိုး

    ReplyDelete
  2. seabass ငါးနဲ့မုန့်ဟင်းခါးချက်လို့ရတာမသိဘူးတီဆွိရေ.. ပုံလေးတင်ပေးတာကျေးဇူးပါ။ ငါးထမင်းကိုလည်း အရမ်းကြိုက်တာမို့ သွားရည်ကျ သွားပါတယ်။ :)

    ReplyDelete
  3. အားလားလား..စားချင်လိုက်တာ..
    စိမ်းလမ်းစိုပြေမှာစားဖူးတယ်.. မလုပ်တတ်လို့သာ မစားဖြစ်တာ..
    အခုတော့ တီဆွိနည်းအတိုင်းလိုက်လုပ်မယ်..
    ဒီတစ်ခေါက် မြန်မာတွေစုပီးစားသောက်ပွဲလုပ်ရင် ငါးထမင်းချဉ်လုပ်စားမယ်။ recipe အတွက်ကျေးဇူးတီဆွိ..

    ReplyDelete
  4. မမရေ

    breakfast မစားရသေးခင် မမဘလော့ကို အရင်ဦးဆုံးဝင်ကြည့်လိုက်တာ တော်တော်လေး ဗိုက်ဆာသွားတယ်.... ရှမ်းအစားစာဆို အားလုံးကြိုက်တယ်... မြီးရှည် တို့ဟူနွေး သုံးထပ်သားပေါင်း အဲဒါတွေလဲ စားချင်တယ်....

    စုဗူးအိမ်နဲ့တူတူပဲ seabass ကို မုန့်ဟင်းခါးချက်ရင် ကောင်းမယ်မထင်လို့ NTUC က ငါးရွှေပဲဝယ်ဝယ်ပြီးချက်တယ်...ဒီတခါ စမ်းချက်ကြည့်ဦးမယ်

    ReplyDelete
  5. sea bass = ကကတစ်

    ReplyDelete
  6. ကျောက်ကျော မပါဘူး :(

    ReplyDelete
  7. စားချင်လိုက်တာ။
    ငါးခူတွေလည်း 1kg ကို ၆ ကျပ်၊ ၇ ကျပ်လောက်ပဲ ရှိတယ်။
    အစ်မပြတဲ့ငါးကိုကြော်ပဲ စားဖူးတာ။

    ReplyDelete
  8. စားချင်စရာ ငါးထမင်းချဉ်လေးပါ ချစ်ချစ်ကြီးအကြိုက်ပေါ့ အာလူးထမင်း လည်း အဲဒီအတိုင်းဘဲလုပ်တယ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  9. tt sweet ရေ sorry ဘဲ

    ကော်နက်ရှင်မကောင်း တော့ ဘယ်လိုဖြစ်သွားလည်းမသိဘူး

    ReplyDelete
  10. ငါးထမင်းချဉ် ? စားချင်လိုက်တာ....
    အစ်မ..
    ငါးက အဲဒီငါးကိုပဲ ချက်လို့ရတာလားဟင်..။ ဒီမှာ အဲဒီငါး ၀ယ်မရတဲ့အခါ တခြားငါးရှိရင် သုံးရအောင်လို့လေ..။

    လုပ်နည်းလေးကို သေချာကော်ပီကူး။ ပရင့်ထုတ်သိမ်းထားတယ်။ နောက်ကျရင် လုပ်စားဖို့း))))

    ReplyDelete
  11. ရွှေစင်ရေ ... never mind ... အစ်မပြန်ဖျက်လိုက်ပြီ ...
    ဘယ်လိုဖြစ်လည်း မသိဘူးနော် ...

    ရွှေစင်က ချစ်ချစ်ကြီးအတွက် အိမ်မှာ ချက်နေကျနဲ့တူတယ်နော်။

    အပေါ်က အမည်မသိကတော့ ရွာသားလား ... ပုလုလားမသိဘူး ... ဒီကျောက်ကျောဇာတ်လမ်းကို သိတာ ...၂ယောက်လုံးပျောက်နေကြတယ်။ ကြုံတိုင်းရွာက လူပ်ျိုကြီးတွေလို ပုတ်ထဲ ၀င်ပုန်းနေကြလားမသိ ...အန်တီသက်ဝေရေ ...

    မြတ်နိုးရေ ... စလုံးလာရင်တော့ ချက်ကျွေးမှာပေါ့ ... လာခဲ့ပါ ... တစ်ခြား ဘလော့ဂါတွေပါဖိတ်လိုက်မယ် ...

    စုဘူးရေ
    ငါးခူက ဒီမှာ အရှင်တွေကို သတ်လို့ မချက်ရဲဘူး။ seabass နဲ့ချက်တာ အရမ်းကောင်းတယ်။ ငါးများရင် အချိုမှုန့်တောင်လုံးဝမသုံးရဘူး။ အရမ်းချိုတယ်။

    အမည်မသိနောက်တစ်ယောက်ရေ ...
    seabass ကို ကကတစ်ခေါ်မှန်း ခုမှသိတယ်။ ကျေးဇူးနော်။

    ပူးတေ ငါ့ညီမ ... ဒီတစ်ခါ seabass နဲ့ ချက်ကြည့်ပါလား။ အစ်မတော့ စလုံးရောက်ကတည်းက ဒီငါးပဲ သုံးတာများတယ်။


    လသာညရေ ... seabass မရှိလဲ ချိုတဲ့ငါး ဘယ်ငါးမဆိုရပါတယ်။ အစ်မစိတ်ကြိုက်ငါးကို ပြောတာပါ။ ဒီ့ထက်ဈေးကြီးပြီး ကောင်းတာတွေလဲ ရှိတာပဲ။ seabass မှာတစ်ခုကောင်းတာက ငါးအသားက အမျှင်မကြီးဘူး။ အရမ်းလဲနူးညံ့တယ်။ ငါးကြင်းနဲ့ နဲနဲဆင်တယ်ထင်တာပဲ။

    ReplyDelete
  12. ဟီး .... ပူးတေမဟုတ်ဘူးအစ်မ..
    Bukit Gombak MRT ရှေ့က wet market မှာ ငါးခူ အသေတွေ၇ှိတယ်။ အကြီးကြီးတွေမဟုတ်ဘူး။ မြန်မာပြည်လို ခပ်ရွယ်ရွယ်ပဲ ။

    ReplyDelete
  13. တီဆွိ အဲ့ဒါလေ ထမင်းအလုံးပျောက်တဲ့ထိ လက်ဖနောင့်နဲ့ဖိဖိပြီး ... စေးနေအောင်နယ်ရင်ပိုစားကောင်းတယ်ဗျ..
    ဟီးးးးးးးး အလျာဝင်ရှည်ကြည့်တာ ..

    ReplyDelete
  14. လူက အားမသန်လို့ အရမ်းကြေတဲ့အထိ မနယ်နိုင်လို့ တော်ရုံပဲ နယ်ထားတာပါ။ နောက်တစ်ခါ အိမ်ကလူကြီင်္းကို လုပ်အားပေးခိုင်းရမယ် ...း)

    SDL ရေ ... ငါးသလောက်ရော ရလားဟင် ...အဲဒီ wet market မှာ ... ငါးသလောက်ပေါင်း စားချင်လို့ ....

    ReplyDelete
  15. i donk know how 2 cook. thank u 4 sharing ur recipe. i ll try it later.

    ReplyDelete
  16. FYI - snake head fish = ငါးရံ့ 
    You can buy in Shen Siong Supermarket. They sell small မုန်လာဥ with leaves like Myanmar. ငါးရံ့ မုန်လာဥချဉ်ရေ ချက်စားကြည့်ပါလား Yummy..Yummy.
    Sorry for mixed writing. My burmese typing very slow. :)
    WD.

    ReplyDelete
  17. စားချင်စရာလေး.. ခုလို ညနေလေး စားလိုက်ရရင် ရှယ်ပဲ..

    ReplyDelete
  18. သုငယ်ချင်းရေ... အရင်က ကထိန်ဆို ငါးထမင်းနယ်နဲ့ ရှမ်းခေါက်ဆွဲရောင်းနေကျဆိုတော့ ပုံလေးတွေကြည့်ပြီး လွမ်းသွားတယ်... စက်တင်ဘာလောက်ဆို သူငယ်ချင်းတို့ အိမ်နားပြောင်းလာတော့မှာဆိုတော့ တခုခုဆို လက်တို့ လိုက်နော်... စားဖို့ ဆိုရှေ့ ဆုံးက

    ReplyDelete
  19. စားချင်စရာကောင်းလိုက်တာ...
    ငါးထမင်းနယ်ကို ကိုယ်ကတော့ Dori Fillet နဲ့ ချက်တယ်...
    (အရိုးထွင်ရမှာ ပျင်းလို့...)
    မနက်က ဗိုက်ဆာနေတဲ့ အချိန်မှာ ကိုယ်ကြိုက်တဲ့ စားစရာကို အခုလို တခန်းတနား တွေ့ရတော့ ရင်ထဲမှာ မကောင်းဘူး အဟီး... (မအားလို့ လုပ်မစားရတာ ကြာနေပြီ...)
    ပြီးတော့ တန်ခူးနဲ့ ကလဲ အိမ်နီးသွားဘီ ဆိုတာ မနာလိုဖြစ်နေတာ...
    အရေးထဲ ဟို အမည်မသိလေးကလဲ ကျောက်ကျောဇာတ်လမ်း လာစ ထားတယ်... အမည်မသိတဲ့သူတွေ ရိုက်ပစ် တီဆွိ...း))

    (အကုန်လုံး စုပေါင်း စိတ်တိုသွားသည်...)

    ReplyDelete
  20. ဟား၊ ငါးထမင်းနယ်လွမ်းနေတာ၊
    လုပ်စားကြည့်အုံးမယ်၊
    ကကတစ်နဲ့ စမ်းချက်ကြည့်အုံးမယ်၊
    ကျေးဇူး၊

    ReplyDelete
  21. ဂလု ဂလု ဂလု ..
    ငါးထမင်းချဉ် ကြိုက်တယ်အစ်မရေ .. :D

    ReplyDelete
  22. မဆွီတီရေ...
    ခုနက ပြောဖို့ မေ့သွားလို့ တခေါက်ပြန်လာတယ်...
    ငါးသလောက် စားချင်ရင် Giant (IMM) နဲ့ Shen Siong မှာ ဝယ်ပါ...
    တွေ့ရင် ဝယ်ထားပေးရမလား...
    ပေါင်းရော ပေါင်းထားပေးရမလား...
    ကိုယ့်ရဲ့ လက်ရာကို ယုံကြည်တယ် ဆိုရင်ပေါ့လေ...း))

    ReplyDelete
  23. ကိုသီဟရွှေကို သတိရလိုက်တာ :((

    ReplyDelete
  24. ဟားဟား ... ဒေါ်ဆွိတီတို့ ကံကောင်းချက် ... အန်တီသက်ဝေက ၀ယ်ပေးရုံမကဘူး ... ပေါင်းပါပေးဦးမှာတဲ့။ သူ့မှာ Pressure cooker ကြီးရှိတာ ခုမှ သတိရတယ် ...
    သယ်ရင်းလက်ရာကို ယုံပါတယ်တော်။


    ငါးသလောက်အရင်ကတော့ wet market မှာ တွေ့တွေ့နေတာ။ အဲဒီတုံးက မစားချင်ဘူး။ ခုစားချင်တော့ ရှာမရတော့ဘူး။ ငါးသလောက်ပေါ်ချိန်မဟုတ်လို့လားလို့။ဒီတစ်ပတ် အန်တီသက်ဝေပြောတဲ့ဆိုင်တွေ ပတ်ကြည့်လိုက်ဦးမယ် ... အိမ်မှာတော့ slow cooker နဲ့ပဲပေါင်းရမှာ ...

    ReplyDelete
  25. မဖြစ်ဘူး မဖြစ်ဘူး မဖြစ်ချေဘူး...တီဆွိအိမ်နားပြောင်းလာနေဖို့ တကယ့်ကို လက်ပေါ် နဖူး၊ နဖူးပေါ် လက်တင်ပြီးကို စဉ်းစားရတော့မယ်....ဟီးဟီး...:P

    ReplyDelete
  26. မဝခံနိုင်ရိုးလား
    ဂလု

    ReplyDelete
  27. အဆာပလာ စုံစုံလေး လုပ်ထားတာပဲ
    စားကောင်းမှာသေချာတယ်

    ReplyDelete
  28. Seabass = ကက်ကတစ်

    ReplyDelete