Saturday, June 19, 2010

တို့အိမ်က ပေါင်ချိန်စက် ...




မဆွိတီသည် ခုတလော အတော်ဝနေသည်ဟု သူ့ကိုယ်သူ ထင်နေ၏ ။ အထိုင်အထ လေးလျက်ရှိရကား ဘယ်နှစ်ကေဂျီတက်နေမှန်းလည်းမသိရ။ အိမ်ကပေါင်ချိန်စက် ပျက်ကတည်းက ပေါင်မချိန်ဖြစ်သည်မှာ ကြာခဲ့ပြီကိုး။

အိမ်ကပေါင်ချိန်စက်သည်ကား သာမန်မဟုတ်၊ဂဏန်းလေးများကို အတိအကျမြင်ရသော ဒစ်ဂျစ်တယ် ပေါင်ချိန်စက်ဖြစ်လေသည်။ မဆွိတီ၏ ယခင်လုပ်ခဲ့ဘူးသောအလုပ်တစ်ခုမှာ ပေါင်ချိန်စက်များထုတ်သော ကုမဏီဖြစ်သည်။ ကုမ္ပဏီတွင် digital scale တစ်ခုထားရှိပေရာ မနက်တိုင်း စကေးပေါ်တက်ချိန်၊ ကိုယ့်အလေးချိန်ကို ဒစ်ဂျစ်တယ် ဂဏန်းလေးများဖြင့် အတိအကျမြင်ရသည်ကို သဘောအကျကြီးကျလျက်ရှိပေသည်။ ဒီလိုနှင့် အိမ်အတွက် ပေါင်ချိန်စက်လေးတစ်ခု ၀ယ်ဖို့ဖြစ်လာတော့ ယောက်ျားလုပ်သူကို ဒစ်ဂျစ်တယ် စက်ကလေးဝယ်ပေးဖို့အရေး ပူဆာလေတော့သည်။ နောက်ဆုံးတော့ မနိုင်၍သည်းခံခြင်းတရားကို လက်ကိုင်ထားသော ဂျူဂျူတို့အဖေကား ကျန်းမာရေးပစ္စည်းများ ရောင်းသည့်ဆိုင်တစ်ဆိုင်မှ ဈေးအတန်အသင့်ရှိသော ဒစ်ဂျစ်တယ် ပေါင်ချိန်စက်ကလေးတစ်လုံး ၀ယ်ပေးခဲ့ပါသည်။

စက်ကလေးအိမ်ရောက်လာသည့်နေ့က တစ်အိမ်လုံး လူစေ့တက်စေ့ တက်ချိန်ကြသည်။ ကိုယ့်ကိုယ်ကို ၀လား၊ ပိန်လား ဘယ်တော့မှ စိတ်မ၀င်စားသည့် ဂျူဂျူ၏ ကြီးတော်ပင် တက်ချိန်ကာ သဘောကျလျက်ရှိပေတော့သည်။ နောက်တော့သူလည်း ပေါင်ချိန်စက်၏ ပင်တိုင်ဖောက်သည် ဖြစ်လာသည်။ ဤသို့ အိမ်သားတွေ မကြာခဏ တက်ချိန်လွန်း၍လားမသိ။ ဒစ်ဂျစ်တယ် စက်ကလေးကား ကြာရှည်မခံ။ ၀ရမ်တီကုန်ပြီးစ တစ်နှစ်ကျော်လောက်တွင် စတင်ဗွေဖောက်လာသည်။ အိမ်မှ မက်ကယ်နီကယ် အင်ဂျင်နီယာများမှ ဖွင့်ကြည့်၊ ကလိကြည့်တော့လည်း မထူး။ တက်ချိန်လိုက်လျင် မြင်နေကျ အစိမ်းရောင် အလင်းတန်းလေးများ ပြေးမနေပဲ စခရင် အမဲကြီးသာမြင်ရသည်။ ခဏနေတော့ ရုပ်တရက်ကြီး 000 ဟုပေါ်လာလေသည်။ သူ့အဖေလို ယောက်ျား ဘသား အချိန်စီးသောသူများ တက်ချိန်လျှင်တော့ အဆင်ပြေနေသေးသည်။ ဂျူဂျူတို့ မဆွိတီတို့လို ၇၀ ကေဂျီအောက်တွေ ချိန်လို့မရတော့။ ဒီတော့ သမီးအလေးချိန်သိလိုလျင် ...

(၁) အဖေကို အရင်ချိန်ပါ။
(၂) အဖေက သမီးကိုချီပြီး တက်ချိန်ပါ။
(၃) ၂ယောက်ပေါင်းအလေးချိန်ထဲက အဖေကိုနှုတ်ပါ။

ဒီလို တွက်ချိန်လေး ချိန်ရသည်။ မဆွိတီကျတော့ ဒီခန္ဓာကိုယ် သူဘယ်လို ချီနိုင်မည်နည်း။ အဲဒီတော့ တစ် ... နှစ် ... သုံး ဆိုကာ ၂ယောက်သား ပြိုင်တူတက်ချိန်။ နောက်တော့ ဂျူဂျူတို့အဖေကို ပြန်နှုတ်ကာ တွက်ရပေသည်။ ရယ်ပင်ရယ်ရသေးတော့သည်။ ကြော်ငြာတွေထဲကလို မိတ်ဆွေ ... အသင်ပေါင်ချိန်လိုပါသလား။ ဂျူဂျူတို့ အဖေကို အရင်ခေါ်ပါ ဟုပဲ ပြောရမလို။ သူ့အဖေမှ မရှိရင် ဒီဒစ်ဂျစ်တယ်စက် ချိန်မရတော့ဘူးတဲ့လား။

နောက်ပိုင်းတွင် စက်ကလေးက ဒီ့ထက်ပိုချူချာလာသည်။ ယောက်ျားဘသား ကိုးတောင်ဝတ် ဂျူဂျူတို့အဖေလည်း မကယ်နိုင်။ ဟိုကလိ၊ ဒီကလိလည်းမရတော့ စိတ်လျှော့ကာ ဒီတိုင်းပစ်ထားလိုက်တော့သည်။ တစ်ရက်မတော့ မဂျူဂျူက ဒစ်ဂျစ်တယ်စက်ကလေး အတွက် တက်ချိန်ပုံ၊ ချိန်နည်းအသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။ သူ့နည်းစနစ်က ရယ်ပင်ရယ်ရသေးတော့သည်။ ဂျူဂျူသည်ကား အမြင့်ခုန်အပြေးသမားများ အရှိန်ယူနည်းကား အဝေးတစ်နေရာမှပြေးကာ ပေါင်ချိန်စက်ပေါ်တက်ခုန်ရသည်။ ထိုအခါတွင် မြင်နေကျ အစိမ်းရောင် အလင်းတန်းလေးများ စခရင်ပေါ်တွင်ပြေးကာ နောက်ဆုံး ဂျူဂျူ၏ အလေးချိန်ကို မျက်ဝါးထင်ထင်မြင်ရပေသည်။

ဂျူဂျူပြေးနည်းကားအတိုင်း အရှိန်ယူကာ ကိုယ်တိုင်တက်ခုန်တော့ မရ။ ဂျူဂျူတို့အဖေကတော့ စက်မပျက်သည်က ကံကောင်းဟု ဟိုဘက်လှည့်ကာ မကြားတကြားပြောနေသည်။ ဒီတော့ အသင် ပေါင်ချိန်လိုပါသလား။ ပထမဆုံး မဂျူဂျူကို အရင်ပြေးကာ တက်ခုန်ခိုင်းလိုက်ပါ။ အစိမ်းရောင် အလင်းတန်းလေးတွေ ပေါ်လာလျင် ဂျူဂျူကို စက်ပေါ်မှ အမြန်ခုန်ဆင်းခိုင်း၊ မဆွိတီတို့လို ပေါင်ချိန်ချင်သူတွေက ကမန်းကတန်း တက်ချိန်ရသည်။ ဤတွင် မဂျူဂျူသည်ကား ဇာတ်လိုက်။ သူမရှိရင် ဒီစက်ချိန်လို့မရ။ ဒီလိုပေါင်ချိန်စက်မျိုးဝယ်မိမှ သမီးလေးတစ်ယောက်မွေးထားသည်မှာ မွေးရကျိုးနပ်လှကြောင်း ဒေါ်ဆွိတီတို့ ရေးရေးကလေး သဘောပေါက်လေသည်။

ဂျူဂျူ့အကူအညီနှင့် ပေါင်ချိန်နည်းပညာက တစ်နှစ်လောက်တော့ အသုံးဝင်လိုက်သည်။ နောက်ပိုင်းတွင် ဤနည်းပညာလည်း မရတော့။ ပေါင်ချိန်စက်ကား ကြိုက်သလောက် တက်ချိန်၊ ကြိုက်တဲ့ နည်းပညာသုံး တုတ်တုတ်မျှ မလှုပ်တော့သောအချိန်ကို ရောက်လာသည်။ နောက်တစ်လုံးဝယ်ဘို့ကလည်း အိမ်မှာမရှိမဖြစ်ပစ္စည်းမှ မဟုတ်၍ မည်သူမှ စကားပင်မဟ။ ပေါင်ချိန်စက်လေး ကောင်းစားစဉ်အခါကတော့ အလေးချိန်ကို အမြဲစောင့်ကြည့်ကာ diet လုပ်သင့်တဲ့အခါလုပ်၊ ကိုယ့်ပုံမှန်အလေးချိန်ကို အမြဲထိမ်းသိမ်းထားနိုင်ခဲ့သည်။ ခုတော့ ကိုယ့်အလေးချိန် ဘယ်လောက်ရှိလို့ ရှိမှန်းလဲ မသိရ။ တစ်နေ့တခြား အင်္ကျီတွေ ကျပ်လာတာ၊ နေရထိုင်ရ လေးလာတာတော့ သတိထားမိနေသည်။ ဒီနေ့ အားလပ်ရက်မှို့ မနက်အိပ်ရာကထပြီး အိပ်ရာပေါ်တွင် ကိုယ့်ခြေထောက်က ခြေသလုံးတွေကြည့်မိကာ ... ပေါင်ချိန်စက်အသစ်တစ်လုံး ထပ်မ၀ယ်မိသည်ကို နောင်တရမိလေသည်။ ကိုးတောင်ဝတ်ကြီးကို ပူဆာဦးမှပါ။ ဒီကတော့ ဒစ်ဂျစ်တယ်မှ ဒစ်ဂျစ်တယ်ပဲ။ ခုချိန်ထိ တစ်ပြားမှ မလျော့သေး။ ။

16 comments:

  1. ပထမဆုံးလာဖတ်တာနော်

    ReplyDelete
  2. အရမ်းရယ်သွားတယ။် ရယ်ရတာကြိုက်တယ်။

    ReplyDelete
  3. အသစ်ဝယ်လိုက်ပါ ၊ ကျန်းမာရေးအတွက်မရှိမဖြစ်သောပစ္စည်းဖြစ်ကြောင်းကို
    ဘရားသားကြီးကို သက်သေပြပါလေ ။
    သက်သေမပြနိုင်ပါက ကိုယ်ဘာကိုယ်ဝယ်လိုက်ပါ ..ငွင့်ငွင့်။

    ReplyDelete
  4. အရမ်း ၇ယ်ရတယ် ။ ဟိ၊ ဒီတစ်ခါဝယ်ရင် စိတ်ချမ်းသာအောင်ပါ ပြတတ်တဲ့ စက်မျိုးဝယ်ပါ ။ နောက်တစ်ခါ ဝိတ်ချိန်ရင် ဒီလိုချိန်ပါ :D
    http://kek.co.nz/wp-content/uploads/2009/03/weighin-300x251.jpg



    ခမမ

    ReplyDelete
  5. ရယ်လိုက်ရတာ....း))
    ကိုယ်တော့ စိတ်ပျက်လို့ မချိန်မိတာ ကြာလှပေါ့...

    ReplyDelete
  6. ရီလိုက်ရတာ.... ဂျူဂျူလေး အမြင့်ခုန်အပြေးသမားလိုပြေးခုန်ပြီး မမတို့လိုက်ချိန်တဲ့ပုံကို မျက်စိထဲ မြင်ယောင်မိသေး.... ပူးတေတော့ ဝယ်မထားဘူး... ဈေးမှာ BMI ပါတွက်ပေးတဲ့ စက်ရှိတယ်... ပြား၂၀ ထည့်လိုက်ရင်ပြီးရောပဲ... ညကတောင်သွားချိန်သေး... ဟက်ဖ်ကေဂျီကျသွားတယ်....

    ReplyDelete
  7. ပေါင်ချိန်စက်များ ချိန်မနေပါနဲ့ဗျာ စိတ်ညစ်ရလွန်းလို့

    ReplyDelete
  8. ပေါင်ချိန်စက်နဲ့ချိန်ရင် စိတ်ညစ်လို့ရင် ကတ္တားပေါ်တက်ထိုင်ကြည့်လေ အဟက်...


    ခင်မင်စွာဖြင့်
    seesein

    ReplyDelete
  9. တို့ အိမ်ကပေါင်ချိန်စက်လည်း လူမချိန်ရပဲ သေတ္တာတွေချည်း ချိန်နေရတာနဲ့ ပျက်သွားပါရောလား၊ မရှိတာ တခုတော့ စိတ်ချမ်းသာတယ်...။ ရယ်သွားတယ် ဆွိရေ....ဟားဟား:P

    ReplyDelete
  10. i m laughing like a crazy!!

    ReplyDelete
  11. အမ..ဖတ်လို့ကောင်းတာ..
    ရီရတယ်..ပြုံးမိသွားတယ်..

    မျက်စိထဲမှာလဲမြင်တယ်။


    မြတ်နိုး

    ReplyDelete
  12. ပေါင်ချိန်စက်ချိန်ဖို့ ဂျူဂျူလေး အမြင့်ခုန်ခုန်ပြီး ကူညီပေးရှာတာနော်၊ ချစ်ဖို့ကောင်းလိုက်တာ

    ReplyDelete
  13. တနေကုန် လျှောက်လည်နေလို့ အိမ်ရှင်ခုမှအိမ်ပြန်ရောက်ပါတယ်။ လာလည်ကြသူများအားလုံး ကျေးဇူးတင်ပါတယ်။ ခုပေါင်ချိန်စက် ၀ယ်လာပါပြီ။ ဒစ်ဂျစ်တယ်ပါပဲ။ ဒီတစ်ခါတော့ ပျက်လဲ သိပ်မနှမြောရအောင် ဈေးပေါတာလေးပဲ ၀ယ်လာပါတယ် ပိတ်သတ်ကြီးရေ။


    ပထမဆုံးလာတဲ့ စုရေ ... ကျေးဇူးနော်။

    အစ်မKMO ကတော့ ဘလောဂါမမတို့ရဲ့ ဂိုဏ်းချုပ်ကြီးလို့ မပြောရဘူး. .. ပို့တင်ပြီးပြီးချင်းကို လာဖတ်ပြီး မန့်တော့တာပဲ။ တကယ်ကို စာဖတ်အားလဲ အရမ်းကောင်းတာပဲ ... လိုက်မမီဘူး ...အစ်မ ကျေးဇူးနော်။

    ဗီစ်တာရေ .... ၀ယ်လာပြီ။ ပူဆာစရာတောင် မလိုတော့ဘူး။ ဒီပို့စ်ကိုဖတ်ပြီး သူ့ဟာသူဝယ် ပေးတာ။ ဟွန့် ... ဘာရမလဲ ...
    နောက်ဆို အသံတိတ် ပူဆာနည်း ရပကွ ... ဘလောဂါ မမများ၊ ညီမများ အတုယူဘွယ် ....


    ခုမှ ခမမရဲ့ ပေါင်ချိန်စက်ကိုကြည့်မိတယ်။ လူဇိုး ...
    အပြင်က ခမမက အကြောင်း လူစုံမှပဲ ပြောပြလိုက်တော့မယ်နော်း)

    အန်တီသက်ဝေက လှရုံလေးကို ... ပြောအားရှိတာပေါ့ ... ပေါင်ချိန်စက် လိုသေးဘူးလေ ... (မနာလို မရှုစိမ့်သံဖြင့် ဖတ်ပါရန် ....း))

    ပူးကေရေ ... တစ်ခါမှ အပြင်မှာ အဲလိုမချိန်ဖူးဘူး။ ဒီတစ်ခုပျက်ရင်တော့ စမ်းကြည့်မယ် ... သိလား ...

    အကြည်ရေ ... အိမ်ကစက်လည်း သတ္တာတွေ ချိန်ရပါ့တော်။ မြန်မာပြည်ပြန်တုန်းကလေ။ ချိန်ရတာ မနည်းဘူးရယ်။

    အမည်မသိသူများနဲ့ ... အမြဲလာအားပေးတာ ကျေးဇူးအထူးနော်။

    လာသာညရေ .... ဂျူဂျူက ဒါမျိုးဆို သိပ်တက်ကျွတာကို။ သူကဒါမျိုးလုပ်ရတာကို ပျော်နေတာ ...

    ReplyDelete
  14. Sis ... I bought a digital weight scale from Gurdian. Not very expensive. Only about $20. I am sure you can afford it because both of you are working. :-)

    ReplyDelete
  15. Yes, bro ... I bought this exactly today. Previous one is a big brand. I dare not to buy branded again, unfortunately that was expensive and easy to spoil.

    For this one, eventhough this will spoil after 1 yrs, I may not be very sad ...
    Thanks for ur advice.

    ReplyDelete
  16. ဘောပွဲကနေ ဟောဟဲမည်အောင် ပြေးလာရတယ်..
    ပေါင်ချိန် ချည့်မဝယ်နဲ့လေ ကျန်ကျောင်းလဲ ဝယ်ပါအုန်း

    ReplyDelete