(မဆွိတီရဲ့ ချစ်သူငယ်ချင်း အန်တီသက်ဝေမှ တက်ဂ်လာလို့ ရေးပါတယ်ရှင့် ...)
သူက သူတို့အိမ်မှာ အငယ်ဆုံး။ နွားအိုနောက်ကျသားလေးလို့ပြောရမယ်။ သူ့အမေ အသက် ၄၀ရောက်မှ မွေးတာလေ။ ဒီတော့ ကိုယ်က အမြဲနောက်တယ်။ အသက်ကြီးမှ မွေးတဲ့ ခလေးတွေက သိပ်ကျပ်မပြည့်ဘူးလို့ ... တကယ်တန်းတော့ သူဟာ အမြဲတန်း တက်ကြွ ဖျတ်လတ်နေတတ်ပြီး သူတို့မိသားစုထဲမှာ လမ်းသစ်ဖောက်သူ တစ်ယောက် ဖြစ်ပါတယ်။ သူလမ်းသစ်တွေ ဖောက်လွန်းအားကြီးလို့ အိမ်ကလူကြီးတွေက ကဏ္ဋကောစလုပ်တယ်ဆိုပြီး သူ့ကို မချစ်ဘူး။ သူ့ထက်ရုပ်ချောပြီး ပြောစကားနားထောင်တဲ့ သူ့အကိုကိုပဲ ၀ိုင်းချစ်ကြတယ်ဆိုပြီး အမြဲတွေးထင်နေပါသတဲ့။
မဆွိတီကျ အကိုတွေကြား မိန်းခလေးတစ်ယောက်တည်းမှို့ နဲနဲဆိုးချင်တယ်။ အဲဒီအခါကျ အငယ်ဆုံးဖြစ်တဲ့ သူက အကိုကြီးတစ်ယောက်လို အလျှော့ပေးတတ်ပြန်ပါတယ်။ ကိုယ်ဆိုးသမျှ၊ ရစ်သမျှကို သူအတော်သည်းခံတယ်။ သူနဲ့ အိမ်ထောင်ကျပြီး မိဘတွေဆီ သွားတွေ့တော့ အမေက သူ့သမီးလေး တစ်ယောက်တည်းမို့ ဆိုးလှတယ် ... သည်းညည်းခံပါလို့ တောင်းပန်ထားသတဲ့။ အဲဒီတုံးက ကိုယ်ကပါမသွားတော့ သူတို့ သမီးယောက္ခမကြား ဘာပဋိညာဉ်တွေရှိလဲ ကိုယ်မသိဘူး။ သူက အမေ့ကို သိပ်ချစ်တယ်။ လေးလဲလေးစားတယ်။ အမေကရိုးလွန်းလို့တဲ့လေ။ သူ့မိဘတွေကတော့ လွန်ခဲ့တဲ့ ၈နှစ်လောက်ကပဲ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြတော့ သူတို့နဲ့ ရင်းနှီးခွင့်မရခဲ့ဘူး။
သူက သမိုင်းကြောင်း၊ နိုင်ငံရေး၊ လူမှုရေး၊ အားကစား အစရှိသည်တွေမှာ စိတ်ဝင်စားတယ်။ ကိုယ်ကလဲ အဲဒါတွေဆို ပျင်းလွန်းလို့ ဘယ်လိုမှ စိတ်ဝင်စားလို့ကိုမရတာ။ နောက်ပြီးသူက လူတွေကိုလဲ သိပ်ကူညီချင်တယ်။ သူသိထားတာလေးတွေကို မျှဝေချင်တယ်။ သင်ပေးချင်တယ်။ အလှူခံကိစ္စ၊ ဘာညာဆိုလဲ သူထိပ်ဆုံးကပါတယ်။ သူ့မှာ တစ်ခုခုဆို ဗောလံတီယာအဖွဲ့တွေ၊ သူ့လက်ဝေခံ အလှူခံအဖွဲ့တွေ အများကြီးပဲ။ ဟိုနေ့က စာအုပ်တွေရှင်းတော့ ကျောင်းက year book လေးထွက်လာတယ်။ အဲဒီထဲမှာ သူ့ကို ချစ်စနိုး ကာတွန်းဆွဲထားတဲ့ပုံက အလှူခံဖလားကြီးနဲ့ လိုက်အလှူခံနေတဲ့ပုံပါဗျား။ အပေါင်းအသင်းလဲ သိပ်များတယ်။ အပေါင်းအသင်း သိပ်ခင်တယ်။ ခုချိန်ထိ ကျောင်းတုံးက သူငယ်ချင်း ၄-၅ယောက်လောက်နဲ့ တစ်ရပ်ကွက်ထဲ အတူနေကြပြီး ညစဉ် လဖက်ရည်ဆိုင် အတူထိုင်ဆဲပါ။
မဆွိတီကတော့ သူနဲ့ဆန့်ကျင်ဖက်။ အမေ့အိမ်မှာကတည်းက တစ်ယောက်ထဲပဲ ဆိုတော့ ကိုယ့်အခန်းထဲကိုယ် နေတာများတယ်။ အပေါင်းအသင်းလဲ သူ့လောက်မများဘူး။ ကျောင်းတုံးကတော့ အဆောင်က အခန်းဖော် သူငယ်ချင်းတွေနဲ့ သိပ်ချစ်ကြတယ်။ ခုတော့ တစ်နေရာစီဆိုတော့ တွေ့ဆုံဖို့ရာလဲ မဖြစ်နိုင်တော့ဘူး။ ကိုယ့်ဟာကိုယ် အခန်းထဲအောင်း စာဖတ်၊ စာရေး၊ အင်တာနက်ထဲ လျောက်လည်ပတ်နေရတာကို ပိုကြိုက်တယ်။ ပိုလွတ်လပ်တယ်လို့ထင်တယ်။ ကျောင်းကသူငယ်ချင်းတွေနဲ့ အလှူတွေ၊ အခန်းအနားတွေမှာ တွေ့ရင်တွေ့၊ မဟုတ်ရင်တော့ ဖုန်းဆက်၊ ချက်ရေးလောက်ပဲ လုပ်နိုင်တော့တယ်။
ကိုယ်က မိန်းကလေးပီပီ ချက်တာပြုတ်တာတို့၊ အချုပ်အလုပ်တို့ ၀ါသနာပါတယ်။ သူက ကိုယ်အဲလိုတွေ တကုတ်ကုတ် ချုပ်နေ၊ ချက်နေရင် မကြိုက်ဘူး။ ဘေးကနေ ဂျီကျတယ်။ သူက ကိုယ်ပင်ပန်းမှာကို မလိုလားဘူး။ ဒါတွေ ဘာလို့ အပင်ပန်းခံလုပ်နေရတာလဲတဲ့ ။ သက်တောင့်သက်သာ နားနားနေနေပဲ နေစေချင်တယ်။ ကိုယ်ကလဲ ကိုယ့်လက်ဖြစ်လေးတွေ ကြည့်ပြီး ပီတိဖြစ်နေရတာနဲ့တင် ပင်ပန်းတာတွေ အကုန်မေ့တာပဲကိုး။ ဒါမျိုးကျ သူက မခံစားတတ်ပြန်ဘူးတဲ့လေ။
သူကမှတ်ဥာဏ်သိပ်ကောင်းတယ်။ အထူးသဖြင့် ဂဏန်းတွေနဲ့ ပတ်သတ်ရင် ။ သူ့သူငယ်ချင်းတွေရဲ့ ဖုန်းနံပတ်တွေ အလွတ်ရတယ်။ အိမ်က အရေးကြီးတဲ့ နံပတ်ပေါင်းစုံကို အလွတ်ရတယ်။ တစ်ခုခုသိချင် သူ့ဖုန်းခေါ်လိုက်ရုံပဲ။ ငယ်ငယ်ကတည်းကလဲ စာကျက်ရင်သိပ်မြန်တယ်ဆိုပဲ။ ဟဲ့ကောင်လေး စာကျက်ဆို ၀ူးဝူးဝါးဝါး ၂ခေါက်လောက် လူကြားကောင်းအောင် အော်ပြီးရင် ရပြီဆို သူ့အစ်မကြီးဆီ သွားပြန်ရောတဲ့။ သူ့အစ်မတွေကမယုံလို့ ဟဲ့ကောင်လေး ... ဟုတ်မှဟုတ်ရဲ့လားဆို သူတကယ့်ကို အလွတ်ရနေမှ အံ့သြမဆုံး ဖြစ်ရသတဲ့။
မဆွိတီတို့ကတော့ သတိမေ့တတ်လိုက်သမှ လမ်းတွေ့တဲ့ သူငယ်ချင်း အရင်းကြီးတောင် နာမည်မေ့ချင် မေ့နေတတ်တာ။ ဟိုတစ်လောက အလှူတစ်ခုသွားတော့ အိမ်ရှင်ညီမလေးက ဆရာမဆောင်မှာတုံးက အခန်းချင်းကပ်ရပ်။ တော်တော့်ကိုရင်းတာ။ သူ့တွေ့တော့ နာမည်ကိုခေါ်ပြီး ၀မ်းသာအားရ နှုတ်ဆက်စကားပြောချင်တာကို နာမည်အစဖော်မရလို့ ဒုက္ခရောက်ရတယ်။ တစ်ခါလဲ ကိုယ်ကိုင်တဲ့ ဟမ်းဖုန်းနံပတ် မေ့နေလို့ သူ့ကိုဖုန်းဆက်ပြီး မေးဘူးတယ်။
သူနဲ့ကိုယ် တူတာတွေလည်း ရှိပါသေးတယ်။ လင်မယား ၂ယောက်လုံး စိတ်မြန်၊ စိတ်စောကြတယ်။ သူကတော့ သူတို့အဖေဆီက gene ပါလာတယ်ဆိုပဲ။ သူတို့အဖေဟာ ရပ်ကွက်မှာ အလှူရှိရင် အလှူုအိမ်ကို ပထမဆုံး ရောက်သူဖြစ်ပါသတဲ့။ ရပ်ကွက်ထဲမှာ ၀ီရိယကောင်းလို့ နာမည်တစ်လုံးနဲ့ နေတာပါတဲ့။ မဆွိတီတို့ အဖေလဲ ဘာထူးတုံး။ တစ်ခုခုသွားစရာရှိပြီဆို မနက်အစောကြီး နိုးနေတတ်ပြီး တစ်ညလုံးလဲ အိပ်မရဖြစ်ရပါသတဲ့။ ခရီးတွေဘာတွေထွက်မယ်ဆို ညနေ ၅ နာရီ ရထားစီးဖို့ အဖေတို့ နေ့ခင်း၂နာရီလောက်ကတည်းက ဘူတာရုံရောက်ပါပြီ။ အဲလို အဖေ၂ယောက်ဆီက gene တွေ ရထားတဲ့ ကိုယ်တို့ ၂ယောက် ညားကာစကဆို ဘယ်နေရာသွားသွား တက်ညီလက်ညီ အချိန်သိပ်တိကျတယ်၊ သူများထက် စောရောက်လေ့ရှိကြတယ်။ ဒါပေမဲ့ အဲလိုစောရောက်လို့ ဒုက္ခရောက်ရတာတွေ၊ စောင့်ရလို့ စိတ်မရှည်ရတာတွေ ကြုံပြီးတဲ့ သကာလမှာ နှစ်ယောက်စလုံး မစောင့်ရအောင် တမင်နောက်ကျမှ သွားရအောင်လားဆို သဘောတူညီချက် ယူထားရတဲ့အထိပါပဲ။
နောက်တူတာတစ်ခုက ရှက်စရာ။ နှစ်ယောက်လုံး ရေချိုးပျင်းကြတယ်။ သူကတော့ ပိုဆိုးလေမလားပဲ။ ရေချိုးဖို့အတွက် တစ်စုံတစ်ယောက်က မတိုက်မတွန်းမချင်း မချိုးရေးချ မချိုးပါ ခင်ညာ။ အိမ်ထောင်သက်တစ်လျောက်လုံး အဲဒီ တစ်စုံတစ်ယောက်ကတော့ ကျွန်တော်မျိုးမ ဒေါ်ဆွိတီသာလျင် ဖြစ်လေတော့သတည်းပေါ့။ ကြားရက်ကတော့ မနက်အလုပ်သွားရမှာမှို့ ပြောစရာမလိုပေမဲ့ weekend ဆိုရင်တော့ သွားစရာရှိရင် သူအရင်ချိုး၊ ငါအရင်ချိုးနှင့် ကျားဗိုလ်ဆွဲရမတတ်ပဲ။ တစ်ခါတရံတော့ စာအုပ်လှန်ကြရတယ်။ သွားစရာ မရှိရင်တော့ ညနေအထိ မပြောမချင်း မချိုးပါခင်ညာ။ အကြောင်းတစ်ခုခုကြောင့် သူမနက်စောစောထ ရေချိုးထားတဲ့နေ့ဆို ဟမ်မလေး သူများကို အနိုင်ယူပြီး ပြောလို့ကို မပြီးဘူး။ လူကို အားတိုင်း ရေချိုးခိုင်းနေတော့တာပဲ။ သူ့မှာလဲ အင်မတန်ခဲယဉ်းတဲ့ အလုပ်ကြီးတစ်ခု လုပ်စရာမလိုတော့ဘူးဆို စိတ်ချလက်ချရှိနေတဲ့ပုံက ရယ်ပဲရယ်ရသေးတော့တယ်။
သူက လူမှူရေးဝါသနာပါတော့ သူလုပ်သမျှတွေက သူ့အတွက် အင်မတန် ကုသိုလ်ရပါတယ်။ နာဂစ်တုံးကလဲ သူတို့ အဖွဲ့တစ်ခုထောင်ပြီး မြန်မာပြည်က မိဘမဲ့ခလေးတွေအတွက် ကျောင်းတွေဘာတွေဆောက်နဲ့ တော်တော်များများကို လုပ်ပေးလိုက်နိုင်တယ်။ ခုလဲ ဆက်လုပ်နေဆဲပါပဲ။ နောက်တစ်ခု သူလုပ်လေ့ရှိတာက ဟိုးအရင်ကထဲက သွေးကို အဆက်မပြတ် ရသလောက် မှန်မှန်လှူတာပါပဲ။ ခုတော့ ပလက်စမာ (သွေးဖြူဥ) ၄ပတ်တစ်ခါ လှူပါသတဲ့။ သူလှူပြီးရင် သမီးအတွက် အရုပ်ကလေးတွေ၊ ကိတ်မုန့်လေးတွေ၊ အမှတ်တရ ရင်ထိုးလေးတွေ ယူလာတတ်တယ်။ ကိတ်မုန့်လေးတွေ သမီးကိုပေးရင်း သမီးအတွက် အဖေ့သွေးနဲ့ရင်းပြီး ယူလာတာဆို ပြောတတ်သေးတယ်။
ကိုယ့်မယ်တော့ ပြီးခဲ့တဲ့မွေးနေ့တစ်ခုက သူနဲ့အတူ သွေးလိုက်လှူတာ သွေးက သွေးနီဥမပြည့်လို့၊ သွေးပေါင်ချိန်မပြည့်လို့နဲ့ အကြောင်းအမျိုးမျိုးနဲ့ မလှူခဲ့ရဘူး။ ကိုယ်လှူချင်တာတောင် လှူလို့မရတဲ့အခါကျ ယောက်ျားရေ ... တော်ကနောက်ဘ၀ကျရင် နတ်ပြည်ကိုရောက်မှာ ... စိတ်ချ။ ကျုပ်တော့ ဘယ်အ၀ီဇိ ချိုးကပ်နေမှန်းမသိဘူး။ ကျုပ်နဲ့ဘ၀ဆက်တိုင်း တူတူနေချင်ရင် တော် သွေးလေး၊ ဘာလေးများ လျှော့လှူဘို့ စိတ်ကူးမရှိဘူးလား ဆို နောက်ပြောင်ပြီးပြောရတယ်။ ဒီတော့ သူက သူအဲလို လှူနိုင်အောင် နောက်ကနေ ပံ့ပိုးပြီး ပါရမီဖြည့်ပေးနေတဲ့ ဆွိကလဲ ကုသိုလ် အလိုလိုရပြီးသားဖြစ်ပါတယ်လို့ နှစ်သိမ့်ရှာပါတယ်။ အော် ... နောက်ဘ၀ကျ သူနဲ့အတူ ကောင်းရာမွန်ရာ ရောက်အောင် ဒေါ်ဆွိတီတို့ ကုသိုလ်ကောင်းမှု၊ အလှုဒါန များများလုပ်ဖို့ လိုနေပါပြီရှင်။ နောက်မှို့ သူက နတ်သမီးလေးတွေ တစ်ဖက်လေးငါးရာနဲ့ နတ်ပြည်မှာ စံပျော်နေမှာကို ချိုးကပ်နေတဲ့ ငရဲအိုးထဲက ဒေါ်ဆွိတီတစ်ယောက် လှမ်းမနာလိုဖြစ်နေရမှာ တွေးမိတာနဲ့တင် အသည်းနာလွန်းလို့ပါ။
အသွင်တူမှ နတ်ပြည်တူတူရောက်မယ်လေ ... အန်တီသက်ဝေရဲ့။
( မှတ်မှတ်ရရ ပြီးခဲ့တဲ့ ဇူလိုင်၎ရက်နေ့က အိမ်ထောင်သက် ၁၂နှစ် ပြည့်ပါတယ်ရှင်။)
Wednesday, July 7, 2010
Subscribe to:
Post Comments (Atom)
အားကျမိပါတယ် :)
ReplyDeleteသေသေချာချာကို ချက်ကျ လက်ကျ ထောင့်စေ့စေ့ ရေးထားတဲ့ ပိုစ့်ပါပဲ... ပြီးတော့ တချို့ လျှို့ဝှက်ချက်တွေကို အခုမှသိရတဲ့ ပိုစ့်ဆိုလဲ မမှားပါဘူး...။ ဒီကြားထဲ ဟာသလေးကလဲ စွက်ထားတော့ တော်တော်ကို ချစ်စရာကောင်းတဲ့ ပိုစ့်လေးတခုပါ...။ ဖတ်ရတာ ပျော်လို့ ကျေးဇူးတင်တယ် သူငယ်ချင်း...း))
ReplyDeleteမျက်စေ့ထဲ မြင်ယောင်လိုက်မိတာကတော့ နတ်သမီးလေး တဖက် လေး ငါးရာနဲ့ ပြုံးနေမယ့် သူ့မျက်နှာရယ်... ငရဲအိုးထဲက လှမ်းအော်နေမယ့် ဒေါ်ဆွီတီရယ်ပုံ ကယ်ရီကေးချားလေးကိုပါပဲ...
(ဟမ်... တော်တော်ဆိုးတဲ့ သူငယ်ချင်း သက်ဝေ)
အမ ကောင်းတယ် ရေးတာ..
ReplyDeleteတီဆွိရေ ဖတ်ရတာ ကြည်နူးစရာလေး။ ညီမ ကတော့ သွေးလှူချင်ပေမဲ့ သတ်မှတ်ပေါင်ချိန်မပြည့်လို့ လှူခွင့်မရဘူး :)
ReplyDeleteသွေးလှူသွားတာ မလှူရပဲပြန်လာတာ၊ အလှူခံတာ၊ ရေချိုးပျင်းတာတွေ...တို့ပြောတာပါ သူကရေချိုးလွန်းလို့ တူပါ့ ဆွိရယ်....ရေးအုံးမှပါပဲ....ဆွိရေးထားတာလေး သဘောကျတယ်...ကောင်းပါ့...:)
ReplyDeleteဒါတွေသိလို့ လေဒီထက်ကို ဘလော့ဂ်မရေးခိုင်းဘူး :P
ReplyDeleteတီတီဆွိရေ...မင်္ဂလာနှစ်ပတ်လည် အမှတ်တရ ပို့စ်လေးလည်း ဖြစ်သွားတာပေါ့နော်
ReplyDeleteအိုအောင် မင်းအောင် ပေါင်းကြလို့ ပျော်ရွှင်ကြစေချင် ဆုတောင်းလိုက်ပါတယ်ရှင်
ရေးထားတာလည်း သဘောကျတယ်။ ကာတွန်းပုံကလည်း တကယ်ရယ်ရတယ်။
ReplyDeleteမင်္ဂလာခေါင်းပေါင်းသေးသေးလေးနဲ့ အလှုခံဖလားမှာလည်း ပလတ်စတာ ကပ်ထားသေး..ဟားဟား
မည်သို့ မည်ပုံရေးကြသည်ကို တိတ်တိတ်ကလေး လာရောက်လေ့လာသွားပါသည်။
ReplyDeleteNice post Aunty sweet :)
ReplyDeleteAME ဆိုေ တာ့ လေး စား ပြီး သား ပါ ။
ReplyDeleteဆွိ ရေ နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ကျော်ဖြတ်နိုင်ပါစေနော်
ReplyDeleteနတ်ပြည်တူတူရောက်ရင် တီတီဆွိတော့ ချစ်ချစ်ကြီးကို နတ်သမီး ၉၉၉ ယောက်နဲ့ မျှ ချစ်ရတော့မယ် ညှင်းညှင်းညှင်း :)
ReplyDeleteမအယ်
သက်သာတာပေါ့မအယ်ရယ်...ပွေးပွေးပွေး..
ReplyDeleteမယ်ဆွိရေ....နေကောင်းမှ အေးအေးဆေးဆေး လာတော့မယ်
စာရေးကောင်းလိုက်တာ အမရယ်
ReplyDeleteYour written style is so cute.
ReplyDeleteCTM
:) :) :D
ReplyDeleteဟိဟိ ဖတ်လို့ ကောင်းတယ် တီဆွိ
ReplyDeleteရေးထားတာ ကြည်နှုးစရာ၊ ပျော်စရာကြီး..။ အစ်မတို့နှစ်ယောက်က တကယ့် စိတ်မတူလည်း အသွင်တော့တူပေတော့ နတ်ပြည်ရောက်မှာပါ (၉၉၉ယောက်နဲ့အတူ အဲလေ...း))
ReplyDelete“မဆွိတီတို့ကတော့ သတိမေ့တတ်လိုက်သမှ လမ်းတွေ့တဲ့ သူငယ်ချင်း အရင်းကြီးတောင် နာမည်မေ့ချင် မေ့နေတတ်တာ”လို့
ရေးထားတော့ ညီမရဲ့ နာမည်လည်း မေ့မှာစိုးသွားတယ်..။
ခဏခဏ သတိလာပေးမယ်နော်..။ အခုလာတာ လသာည..ပါး)))
ဖတ်ရတာ ကြည်နူးစရာပါ အစ်မဆွိရေ။
ReplyDeleteနတ်ပြည်အတူတူ ရောက်ပါစေနော်။း)
မဆွီတီ ညီမက မသက်ဝေဆီကတစ်ဆင့်ရောက်လာတာပါ...။
ReplyDeleteိပို့စ်လေးက သိပ်ချစ်စရာကောင်းတာပဲ....။ ခုတလော...အိမ်ကလူကြီးတွေအကြောင်းသိပ်ရေးကြတယ်နော် ..အမတို့သူငယ်ချင်းအဖွဲ့တွေ...။ အိမ်ဘည်ဖိတ်ပါတယ်ရှင်.. လင့်လဲယူထားပါမယ်..။
ခင်မင်စွာဖြင့်
မိုးငွေ့
အင်း..ကိုယ်ထက်၁နှစ်ဝါပိုကြီးသဟ...
ReplyDeleteဦးမောင်ခြိမ့်အကြောင်း ဖတ်သွားပါတယ် အမ မအုန်းစိန် ရေ.. ။ ဖတ်ရင်းနဲ့ပြုံးနေရာက ရေမချိုးတဲ့အကြောင်းရောက်တော့ ရယ်မိပါတယ် ။ အိမ်ထောင်ဖက် ပါရမီဖြည့်ဖော်အကြောင်း ရေးထားတာ ပေါ့ပေါ့ပါးပါးရှိလိုက်တာ ။ ဦးခြိမ့်ပုံကလဲ ပုံတူ အတိုင်းပဲ ။ နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်စရာ မိသားစုလေး ဖြစ်ပါစေ ဆုတောင်းပါတယ်ဗျို့ ။
ReplyDeleteခမမ
လာရောက်အားပေးကြသော သူငယ်ချင်းများ၊ ဘလော့ရေးဖော်ရေးဖက်များအားလုံး ကျေးဇူးတင်ပါတယ်ရှင်။
ReplyDeleteအန်တီသက်ဝေရဲ့ ကယ်ရီကေးချားကို ကိုယ်တိုင်မြင်ပြီး ပြုံးရမလား၊ ငိုရမလား မသိတော့ဘူး ... ဆိုးလိုက်တဲ့ အန်တီသက်ဝေ။ သူ့လဲရေးပေးရသေး။
စုဘူးအိမ်ရေ ... အစ်မလဲ ဘယ်တော့မှများ သွေးပေါင်ပြည့်မလဲမသိပါဘူး။ မိန်းခလေးတွေ တော်တော်များများ သွေးပေါင်မပြည့်ကြဘူးနဲ့တူရဲ့။
အန်တီအကြည် ... ရေးပါ ... စောင့်ဖတ်ပါ့မယ်။
ကိုကိုထက် ... လေဒီက ဘလော့မရေးလဲ ဘလော့ရေးတဲ့အစ်မတွေရှိနေတာပဲ ... ဘာပူစရာလိုလဲနော့ .... ဖွလိုက်ရမလား ... ဖွလိုက်ရမလား ...
အစ်မသီတာ ... ပေးတဲ့ဆုနဲ့ပြည့်ပါစေ အစ်မ။
မအယ်တို့၊ လသာညတို့ပြောမှပဲ နတ်ပြည်တူတူရောက်တာတောင် မနိပ်ပါလား ကွယ်တို့ ။ ၉၉၉ ယောက်နဲ့တောင်မှဆိုတော့ ဆုတောင်းပြောင်းမှပဲ ... ဟား ...ဟား...
ခမမရေ ... အဲဒီပို့စ်တင်တာ ဦးခြိမ့် မသိဘူးရယ် ... ရေချိုးပျင်းတာတွေဘာတွေ ရေးထားတော့ အသာလေးနေတာ။ ညကျ အခန်းထဲလာပြီး ညည်းပို့စ်ထဲက သွေးလှူတဲ့နေရာလေးက နဲနဲမှားနေတယ် ... ပြင်လိုက်ပါဦးဆို လာပြောတယ်ဂျ။ အဲဒီကျမှ ကာရကံရှင် ဖတ်ပြီးသွားပြီပေါ့ဆို ကိုယ်လဲ ပေါ့ပေါ့ပါးပါးရယ်နိုင်တာ ...
ပေးတဲ့ဆုနဲ့ပြည့်ပါစေ။
တယောက်အားသာတဲ့အချက်ကို တယောက်က မုဒိတာ ပွားတာ ကြည်နူးစရာပဲ။
ReplyDeleteဟင်းချက်ရင် ပင်ပန်းမှာစိုးလို့ ဘေးကနေ ဂျီကျနေတယ်ဆိုတာကိုတော့ အရမ်း အရမ်းကို သဘောကျသွားပြီ။ အမ ကံကောင်းတယ်။
ama...
ReplyDeletelove to read. :)
thanks for ama Thet wai also.
Sorry I cannot type, my computer has no mm font now.
နောက်တူတာတစ်ခုက ရှက်စရာ။ ၂ယောက်လုံး ရေချိုးပျင်းကြတယ်။ ... hee hee.. I remembered my friends. They also like u. But u and ur hubby take a shower everyday.
My friend couple don't shower someday even they go to their office.
i remember them. hee hee.....
Myatnoe.
ပျော်စာကြီး တီတီဆွိ
ReplyDeleteး)
ReplyDeleteဖတ်ပြီး တပြုံးပြုံးပဲ
ဒီတဂ်ဖတ်ရတာ စိတ်ချမ်းသာဖို့ ကောင်းတယ် .. :D
ရေချိုးပျင်းတယ်လား .. ??? :P
သယ်ရင်းရေ... အပေါ်ကပုံလေးကြည့်ပြီး ကျောင်းကို လွမ်းသွားတယ်... အလှူခံဖလားကြီးနဲ့ တို့ အကိုကြီးကိုလဲ မြင်ယောင်ကြည့်ရင်း ပြုံးမိသွားတယ်... သဘောကောင်းတဲ့ ချစ်စရာသူငယ်ချင်းလေးနဲ့  ဒီအကိုကြီး ဖူးစာဆုံသွားတာကို တို့ တွေက အရမ်းကို ၀မ်းသာကြတာ... အိမ်ထောင်သက် ၁၂ဆိုတော့ အတော်ကို ၀ါရင့်နေပြီပေါ့သယ်ရင်းရေ... ခင်စရာကောင်းတဲ့ အကိုကြီးနဲ့  ချစ်စရာသူငယ်ချင်းလေးတို့  မင်္ဂလာသက်တမ်း ၁၂နှစ်မှသည် နှစ်ပေါင်းရာထောင်သောင်းတိုင် ရွှေလက်တွေခိုင်မြဲပါစေလို့ ...
ReplyDeleteအစ်မဆွိရေ....အစ်မသက်ဝေဆီကနေတဆင့်
ReplyDeleteရောက်လာတာပါ။ ဖတ်ရတာ ကြည်နူးပြီး ပျော်စရာကောင်းလိုက်တာ....ဆယ့်နှစ်နှစ်မြောက်
မင်္ဂလာနှစ်ပတ်လည်မှသည် သက်ဆုံးတိုင်
ထာဝရမခွဲမခွာ ပျော်ရွှင်ချမ်းမြေ့စွာ အတူယှဉ်တွဲ နေထိုင်သွားနိုင်ကြပါစေ....း))