
မဆွိတီတို့ ကျောင်းတက်တုံးက တွဲခဲ့တဲ့သူက အဆောင် ကွင်းန် (beauty queen ) ဖြစ်လို့နေသည်။ ကျောင်းမှာ fresher queen ဆိုပြီး ထပ်မရွေးတော့ အဆောင်queen ကပင်လျင် ကိုယ်တို့နှစ်ရဲ့ queen လို ဖြစ်သွားသည်။ ပထမနှစ်တက်တုံးကတော့ တစ်ယောက်နှင့်တစ်ယောက် နှုတ်တောင် မဆက်ဖူးကြ။ တစ်ရက် အတန်းထဲမှာ ဆရာ မလာခင် လက်ခုတ်တီးသံတွေ၊ အော်ဟစ်သံတွေ ဆူညံသွားလို့ ကြည့်လိုက်တော့ ဗိုလ်ဆန်ဆန် မျက်နှာနှင့် ခပ်ချောချော ကျောင်းသူတစ်ယောက် အတန်းရှေ့မှ ဖြတ်လျှောက်သွားသည်ကို မြင်လိုက်သည်။ သူမလမ်းလျှောက်ပုံမှာ ရှက်ကိုးရှက်ကန်းနိုင်လှသည်။ " အဲဒါ အဆောင်ကွင်းန်" ဟု ဘေးက လက်တို့တော့ လှတယ်လို့တော့ ပြောမိသည်ထင်သည်။
ကိုယ်က ရန်ကုန်မြို့ထဲဘက်က ကျောင်းတက်သည့်သူလည်းမဟုတ်၊ အဆောင်ကလည်း မဟုတ်၊ ရန်ကုန်မြို့နှင့်ဆန့်ကျင်ဘက် အရပ်ကနေ ၅၁ကား(သို့) မှော်ဘီကားစီးကာ ကျောင်းတက်သူဆိုတော့ ပထမနှစ်စမှာ အတော်ဂွတီးဂွကျနိုင်သည်။ အဆောင်သူများကလည်း ရန်ကုန်ကဟုဆိုကာ သိပ်မပေါင်းကြ။ အဆောင်သူအချင်းချင်းသာ လုံးကြသည်။ ရန်ကုန်သူများကလည်း ပိန်ညောင်ညောင်၊ ကုပ်ချိချိနှင့် တောသူမပုံကို အဆောင်မှဟုထင်ကာ သိပ်မခေါ်ကြ။ သူတို့ ဖယ်ရီအတူတူစီးသူချင်းသာ ပိုခင်ကြသည်။ နောက်ပိုင်း အကြောင်းသိသွားကြမှ အဆောင်မှ သူငယ်ချင်းတစ်ဖွဲ့နှင့် တွဲမိသွားသည်။
ဤသို့ဖြင့် ပထမနှစ်ကို အူလည်လည် ဂွကျကျနှင့် ဖြတ်ကျော်ပြီး သကာလ ဒုတိယနှစ် စတက်တော့ lab ခန်းတွေ၊ ကျူတိုရီရယ်ခန်းတွေမှာ သူမနှင့် စတင်ရင်းနှီးဖို့ ဖြစ်လာသည်။ လူ၁၀ယောက်၊ ၁၅ယောက်သာရှိသော ပရယ်တီကယ် အဖွဲ့တစ်ဖွဲ့တွင် သူမနှင့်ကိုယ်က roll ချင်း အနီးကပ်ဆုံး မိန်းခလေး အဖော်ဖြစ်လာသည်။ အဲဒီတုံးက ကိုယ်တို့တွေ တစ်ယောက်ကို တစ်ယောက် နာမည်ပင်မခေါ်ကြ။ ခုံနံပါတ်တွေကိုသာ ခေါ်သည်။ သူက ကိုယ့်ကို နိုင်းတီနိုင်းတဲ့။ ကိုယ်ကတော့ ၀မ်းတင်းန်လို့ခေါ်သည်။
ပထမဆုံး ပရယ်တီကယ်က စည်းကမ်းကြီးသည်ဟု နာမည်ကြီးသော ဆရာမ ဒေါ်သောင်းခင်၏ chemistry lab ဖြစ်သည်။ အုပ်စုထဲမှာ မိန်းခလေး ကိုယ်တို့ ၂ယောက်သာပါသည်။ ၂ယောက်တွဲ တစ်ဖွဲ့စီခွဲတော့ သူမနဲ့ကိုယ်နဲ့ တွဲလိုက်သည်။ အဲဒီနေ့က ကိုယ်တို့၂ယောက် ပေါက်ကရတွေချည်း ဖြစ်နေသည်။ test tube လေးထဲ ဓာတုဗေဒ အရည်တွေ တစ်မျိုးပြီး တစ်မျိုး ရောထည့်ရသည်။ တစ်ခါတစ်ရံ ဘာအရောင်ပြောင်းရမည်ဆို မပြောင်းပဲ တလွဲတွေဖြစ်နေသည်။ ငိုအားထက်ရယ်အားသန်ကာ ပေါက်ကရတွေ ဖြစ်နေသည်ကိုပင် နှစ်ယောက်သား ရယ်နေကြသည်။ ရွှေရောင်အနည်လေးတွေ ကျရမည်ဆိုလည်း မကျ။ အရေးထဲ အဖွဲ့ထဲက အူကြောင်ကြောင် ရယ်စရာမျက်နှာနဲ့ စာကြောင်တစ်ယောက်ကိုကြည့်ပြီး ကျိတ်ရယ်ကြသေးသည်။ မရယ်ပဲနေရိုးလား။ သူက test tube ထဲက အရည်က အရောင်တစ်ခုပြောင်းသွားတိုင်း၊ test tube ကြီးကိုင်ကာ ပျော်ပြီး ထထခုန်နေသည်ကိုး။ ကိုယ်တို့၂ယောက်ကတော့ နောက်ဆုံး အချိန်စေ့ခါနီးအထိ လိုချင်သည့် အနည်က မကျတော့ ဘေးက တစ်ယောက်ရဲ့ test tube ကြီး ဆွဲပြေးကာ ဆရာမကို သွားပြရသည့် အဆင့်ရောက်သွားသည်။ ထိုကဲ့သို့ ပထမဆုံး lab ကို အခက်အခဲများ၊ ရယ်စရာများဖြင့်ကျော်ဖြတ်ပြီး ကိုယ်တို့နှစ်ယောက် နောက်ပိုင်းတွင် တတွဲတွဲ ခင်မင်မိသွားကြလေတော့သည်။
အမှန်က သူမခမျာ ကွင်းန် ဆိုတော့ လူကြည့်ခံရပါများလွန်းလို့၊ အစခံရပါများလွန်းလို့သာ ရှက်ကိုးရှက်ကမ်းပုံ ပေါက်နေတာ။ ပေါင်းကြည့်မှ သူလဲ ကိုယ့်လို ငပြောင်ပဲဆိုတာ သိလိုက်ရသည်။ စဉ်းစားကြည့်ကြပါဦး။ RIT လို ယောက်ျားလေးတွေ ပေါများလှတဲ့ကျောင်းမှာ ခုလို မိန်းခလေးချောချောလေးဆို အနှီပုရိသ ပုပုကွကွများရဲ့ စူးရှလှတဲ့ အကြည့်ဒါဏ်က ခံနိုင်ဖို့ဆိုတာကလဲ မလွယ်လှပေပဲကိုး။ နောက်ပိုင်း ခင်သွားတော့ ကိုယ်တို့ ၂ယောက်ပေါင်းပြီး ဗရုပ်ကျသည်။ ဘတ်စ်ကားစီးရင်း၊ စာအတူကြည့်ရင်း၊ ခရေပင်အောက်မှာ ထိုင်ကြရင်း၊ အခန်းပြောင်းချိန်တွေမှာ လက်တွဲကာ ပြေးလွှားရင်း၊ LCR မှာ နားနေရင်း၊ ရယ်စရာ ကမောက်ကမတွေကို ရှာဖွေကာ ရယ်မောကြသည်။ မိန်းခလေးလှလှမြင်လည်း ငမ်းသေးသည်။ သစ်ရွက်လှုပ်တာတောင်ရယ်ချင်တဲ့ အရွယ်ကို ကျော်လွန်ခဲ့ပေမဲ့ ကိုယ်တို့တွေ ကြုံရသမျှ ဟာသလုပ်ကာ ပျော်ခဲ့ကြပါသည်။ ကိုယ့်ဘ၀ရဲ့ ရွှေရောင်နေ့များထဲမှာ ချစ်သူငယ်ချင်းနှင့် ပျော်ရွှင်ခဲ့ရသည့် ထိုနေ့များ ပါဝင်ပါသည်။
ဒီလိုနှင့် တစ်ရက် ကျောင်းချိန်အပြီး သူငယ်ချင်းနှစ်ယောက် လှည်းတန်းဘက်သွားကြဖို့ ကားဂိတ်ဆီ ချီတက်လာကြသည်။ ထွက်လုဆဲဆဲ ချက်ပလက် ၄၅ ကားကြီးက လူစောင့်ခေါ်နေတာနဲ့ ကိုယ်တို့နှစ်ယောက် အပြေးအလွှား တက်လိုက်ကြသည်။ ကားပေါ်ရောက်တော့ ကိုယ်တို့ကို စပယ်ယာက ရှေ့ကို အတင်းတိုးခိုင်းနေသည်။ ရှေ့တိုးရင်း၊ တိုးရင်းနဲ့ ကိုယ်တို့ ရှေ့က ဒရိုင်ဘာ နေရာကို ကာထားသည့်သံတန်းလေးကို မျက်နှာမူရပ်နေသည့် ကောင်မလေးတစ်ယောက်ကို သတိထားလိုက်မိသည်။
ဇင်းမယ်ထမီအညိုရောင်၊ အင်္ကျီခါးတိုနှင့် ကျစ်ဆံမြီးလေးကျစ်ထားတဲ့ ကောင်မလေးရဲ့ နောက်ပိုင်းအလှက သိပ်ပြေပြစ်နေတော့ ကိုယ်တို့တွေ ငေးကြည့်နေမိကြသည်။ ပြီးတော့ နှစ်ယောက်သား မျက်ခုံးပင့်ကြည့်ကြသည်။ မျက်လုံးချင်းဆုံကြည့်ကြသည်။ ဟိုက်ရှားပါး ... လှ လှချည်လား ဆိုတဲ့ သဘော။ နောက်ပိုင်း တက်သူ ဆင်းသူနဲ့ ကားချောင်သွားတော့ ကိုယ်တို့တွေ ကောင်မလေးရဲ့ မျက်နှာလေးကို မြင်ချင်လာသည်။ စပ်စုချင်လာသည်။ ကောင်မလေး နေရာရသွားတော့ ကိုယ်တို့ သူကလေးရဲ့အလှကို မြင်ခွင့်ရသွားသည်။ အသားအနည်းငယ် ညိုချင်ပေမဲ့ မျက်နှာကျလေးကလဲ မဟာဆန်သည်ဆိုမလား ရုပ်ရှင်မင်းသမီးတစ်ယောက်လို ပြေပြစ်ချောမော လှပါသည်။ နောက်ပိုင်းတော့ ကောင်မလေးအကြောင်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြသည်။
တစ်ရက်ကျောင်းကင်တင်းမှာ နေ့လည်စာ စားဖို့အသွား၊ ၄၅ကားပေါ်က လှတပတ ကောင်မလေးကို အမှတ်တမဲ့ မြင်လိုက်ကြသည်။ သိပ်စုံစမ်းကြည့်စရာပင် မလိုလိုက်ပါ။ သူမရဲ့ လှပတဲ့ ဂုဏ်သတင်းနှင့်အတူ ကိုယ်တို့ထက် ဂျူနီယာကျသော အတန်းမှ Fresher လေးဖြစ်ကြောင်း သိလိုက်ရသည်။ အဲဒီတော့မှ သူကလေးက ကိုယ်တို့ကျောင်းကပဲကိုးလို့ အံ့သြမိကြသည်။ နောက်ပိုင်းတော့ အဲဒီကောင်မလေးနဲ့ တွေ့တိုင်း သူကလဲ ပြုံးပြ၊ ကိုယ်တို့ကလဲ ပြုံးပြနဲ့ သူကလေးက မျက်နှာချိုသူလေး၊ သဘောကောင်းသူလေးဖြစ်တယ်ဆိုတာလဲ သိလိုက်ရသည်။ တတိယနှစ်ရောက်တော့ ကိုယ်တို့တွေနဲ့ မေဂျာတူ၊ ညီမငယ်တစ်ယောက်ဖြစ်လာခဲ့သလို သူမရဲ့နာမည်ကလဲ အပြင်လောကမှာ တစ်စ တစ်စ ထင်ပေါ်ကြော်ကြားသူ တစ်ယောက်ဖြစ်လာပါတော့သည်။
ခုတော့ ချစ်သူငယ်ချင်း သဇင်ကွင်းန်လဲ ခလေး ၂ယောက်အမေဖြစ်နေပါပြီ။ ခလေးတွေ ကျောင်းပို့၊ ကျောင်းကြို ပြုစု ထိမ်းသိမ်းစောင့်ရှောက်ကာ အိမ်ထောင်ရှင်မကြီး စစ်စစ်ဖြစ်နေပါပြီ။ ကိုယ်လည်း အမိမြေနဲ့ဝေးကွာလို့ တိုးတက်တယ်လို့ဆိုကြတဲ့ ကျွန်းကလေးမှာ ဂျူဂျူဆိုတဲ့ သမီးလေးရဲ့ အမေဖြစ်ခဲ့ပြီ။ ၄၅ကားပေါ်က လှတပတ သူကလေးကတော့ ခုချိန်ထိ တကိုယ်တည်း အပျိုကြီး၊ မော်ဒယ်များရဲ့ မိခင် ဒေါ်တင်မိုးလွင် ဆိုတာ ဖြစ်နေပေါ့ကွယ်။ ။
ဆွိက အပြာလေးလား.
ReplyDeleteတခြား နာမည်ကျော်တွေထဲကကော အမတို့နဲ့ သိမီလိုက်သူများ ရှိခဲ့ရင် အမှတ်တရ ထပ်ရေးပါဦး။ ပြေတီဦးကတော့ အမတို့ထက် ငယ်မယ်ထင်တယ်။ ဥပမာ ဒွေး၊ မင်းဦး... စသည်ဖြင့်ပေါ့ အမရယ်။ ကျွန်တော်တို့ကတော့ အလည်သက်သက်နဲ့ ကျောင်းကိစ္စရှိမှသာ သွားရတဲ့ နယ်နှင်ဒဏ်ခံလိုက်ရတဲ့ နောက်ဆုံးပိုင်း နှစ်တွေကဆိုတော့ စီနီယာတွေ ရေးပြမှပဲ အလွမ်းပြေဖတ်ရတော့မှာပါ။
ReplyDeleteRIT ကျောင်းသူဖြစ်ခဲ့ရရင် တော်တော်ပျော်စရာကောင်းမှာလို့ အမြဲတွေးမိတယ်..
ReplyDeleteအမက စက်မှုကကိုးး ကျနော်က အမကို အီးစီကထင်နေတာ
ReplyDeleteအမရာ ရေးပါ.. လွမ်းလိုက်တာကျောင်းကို..
မတင်မိုးလွင်က အဲ့ကတည်းကလှတာကိုးးး
မြတ်နိုး
မယ်ဆွိ တို့လဲ ကွင်း စာရင်းမှာပါတယ်မို့လား..
ReplyDeleteဦးရှိမ့်တို့သာ မကွင်းနိုင်လို့ တည့်တည့်တိုးမိတာနေမှာ...
ကိုကြီးကျောက်ရေ ... ကျောင်းတုံးက သူကကွင်းသွားပါတယ်။ ကျောင်းပြီးမှ မကွင်းနိုင်ပဲ တည့်တည့်တိုးတာပါခင်ညာ ...း)))
ReplyDeleteအပေါ်က အနောနိမတ်ညီမလေးတစ်ယောက်ပြောတဲ့ နာမည်က အတိအကျ မှန်နေလို့ ဖျက်လိုက်ရပါတယ်ခင်ညာ။
ကိုတောင်ငူသားရေ ... တခြားသူတွေတော့ မှတ်မှတ်ရရ သိပ်မရှိလှပါဘူး။ မင်းဦးဆို ပထမနှစ်တုံးက သွားချောင်းခဲ့တဲ့သူက မင်းဦးအစစ်မဟုတ်ဘူးဗျာ။ နံမည်ကြီးနေတာ တစ်ယောက်ဖြစ်နေတယ်။
မြတ်နိုးရေ အစ်မက မသက်ဝေနဲ့ တူတူလေ။
တီဆွိလဲချောမှသေချာတယ်..
ReplyDeleteကောင်ညှင်းပေါင်း ပဲပြုပ်ပါ အတိုးနဲ့လာစားသွားတယ်..
တီဆွိ ကျောင်းတုန်းက နာမည်ကြီးတွေ အကြောင်းရေးရင် ကျွန်တော့်ကိုလည်း မချန်ခဲ့နဲ့လေ :P
ReplyDeleteမှတ်မိတာတခုက ကျွန်တော်တို့ တုန်းက ကျောင်းမှာ တူးတူး၊ ဒွေး၊ ဘုံးဘုံ၊ သန်းတိုးအောင် စသည်ဖြင့် ရှိတယ်။ ဒါပေမဲ့ ကန်တင်းမှာ လူအဝိုင်းဆုံးက ကိုတိုးကြီးတို့ တခါတလေ လာထိုင်ကြတဲ့ အခါပဲ။
ကိုကိုထက်... ပြောသာ ဟုတ်သား....ကျောင်းတုန်းက နာမည်ကြီး စာရေးဆရာမ ကဗျာဆရာမ ချောတောတာ ပေါတောတော လေးတွေလဲ ထဲ့ပြောအုံးမှပေါ့လို့... အာဟိ...
ReplyDeleteဒါထက် စကားစပ်လို့... မင်းဦးကို ၁နှစ်မှီလိုက်တယ်...
အဲဒီ မင်းဦးကို မမြင်ချင် အဆုံးလေနော်... အတန်းပြောင်းတဲ့အချိန်.... သူတို့ ဖိုင်နယ် အတန်ူးက အဆင်း တို့တွေက အ၀င်... ရင်ဘတ်ကြီးမြှင့် ခေါင်းကြီးမတ်ပြီး အမြဲနေတဲ့သူပေါ့... မှတ်မိနေတာ... သူက အ၀ါရောင်ရှပ်လက်ပြတ်ကို အမြဲဝတ်တယ်... ရုပ်ကတော့ အားလုံးကြားမှာ ပေါ်လွင်သားးး
ကိုယ်လို နတုံးကတော့ သူ့ကို မင်းသားမှန်းမသိတော့ ပြေးရင်းလွှားရင်း ၀င်တောင် တိုက်မိသေးတယ်... ဟိဟိ...
း-)
ဓါတုဗေဒလက်တွေ.လုပ်တဲ့ ကျွန်တော်အဖွဲ.မှာ ကျွန်တော်က test tube ဆေး ၊ ဗီကာခွက်ဆေးတဲ့အဆင့်ပဲရှိတယ် ၊ တိုက်ထွေရှင်းလား လုံးဝမလုပ်တတ်ဖူး ၊ ပြီးမှသူငယ်ချင်းဆီကတွက်ထားတာကူးချ ၊ tutorial ဆိုရင်ကူးချ နဲ. ပျော်စရာကြီးပေါ့
ReplyDeleteကျွန်တော်တို.လက်ထက် ၁၉၈၂-၈၃ တက္ကသိုလ်မှာ Queen က သိပ်ခေတ်မစားတော့ပါ ၊ ဇတ်မင်းသား မိုးမင်းတော့တွေ.ဖူးတယ် သချာင်္ကထင်တယ် သန္တာနေ၀င်း(သချာင်္)၊ ဟေမာနေ၀င်း (သမိုင်း)က ကျွန်တော်ထက် ၁တန်း ငယ်တယ်
အမရဲ့သမီးပန်းချီပုံ (Hair Style ) အရ လွယ်အိတ်အပြာရောင်နဲ. က ဒေါ်တီတီဆွိပဲဖြစ်ရမယ်
မဆွိတို့ အာအိုင်တီ ကကျောင်းသားတွေအားအားရှိကျမတို့အီကိုဖက်
ReplyDeleteချည်းဘဲလာနေကြလို့ အာအိုင်တီကသူငယ်ချင်းကိုညှဉ်းရင်းအားကျမခံ
အာအိုင်တီကကွင်းတွေကိုသွားငမ်းတာ ကျောင်းထဲဝင်ဝင်ချင်းဘဲအီကိုကကောင်မလေးတွေဘာလာရှုပ်တာလဲဆြိုပီးတပြုံကီးလိုက်လာလို့ ကွင်းကိုလဲ မငမ်းခဲ့ရဘူး၊သြဘာလမ်းကိုလဲမလျှောက်ခဲ့ရဘူး....။မဆွိကကျောင်းအကြောင်းတွေရေးတော့လွမ်းလိုက်တာ...။
ဒီပိုစ့်လေးဖတ်ပြီး တယောက်ထည်း အတွေးထဲမှာ စကားတွေ အများကြီး ပြောနေမိတယ်... လွမ်းစရာနော်...
ReplyDeleteဓါတ်ပုံထဲက သူငယ်ချင်းနဲ့ အဆက်အသွယ်ရရင် ပြောပြလိုက်ပါ... သတိရနေပါတယ်လို့...း))
ဘွဲ့ယူတဲ့နေ့က မဆွီတီနဲ့ အတူတူရိုက်ထားတဲ့ နှစ်ယောက်တွဲပုံလေး အိမ်ကို ပြန်မှာလိုက်အုံးမယ်... မှတ်မိသလောက်က ဆွိက အစိမ်းရောင်လေး ဝတ်ထားတယ်ထင်တယ်.. ဟုတ်လားဟင်...
sorry ma ma yay.....you was my teacher.you will be always my teacher.once a teacher always a teacher ဆိုသမို့ လား။မမ ပုံမြင်လိုက်ရတော့ အရမ်းဝမ်းသာသွားလို့ ပါ။ ဆောရီးပါ ဆရာမ။နောက်မဖြစ် စေရပါဘူး။:))))
ReplyDeleteRIT ဆိုတာ... အာတဲ့နေရာမှာ..အိုင်တို့က.တော့(ပ်)ပဲ..လို့လဲကြားဖူးတယ်။
ReplyDeleteဲသြဘာလမ်း၊ မေတ္တာပေါင်းကူး၊ နွေးအေး၊ စိုးမြတ်ကျော်၊
စက်ဘီးလေးနဲ့ကျောင်းတက်တဲ့ဆရာဦးသာလှိုင်
အကြင်နာတွေမရတဲ့....ဦးကြင်စိုး....
Table Tennis ကစားခုံလေးနှစ်ခုပဲရှိတဲ့... MCR....
အားလုံးကိုလွမ်းဆွတ်တသ....မျက်ရည်ကျလျှက်....
ဒီလာမယ့်..ဆရာကန်တော့ပွဲမှာ....ဆရာတွေအတွက်များများလှုဒါန်းလိုက်မယ်....နောင်နှစ်တစ်ချို့ကြာရင်..ဒီဆရာတွေကိုတွေ့ချင်မှတွေ့ရတော့မယ်....
အားလုံးဆရာတွေအတွက်များများကြီးလှုဒါန်းနိုင်ကြပါစေသော်(ဝ်)
ကိုထက်ရေ ... ဟုတ်ပ ကဗျာဆရာကြီးနာမည်ထည့်ရေးဖို့ ကျန်သွားတယ် ... နောက်တစ်ခန်းကျရင် အဲလေ နောက်တစ်ခါရေးရင် ဇာတ်ရံခန်းလောက်ကတော့ ပါအောင်ရေးပေးပါမယ်။ ကြက်ဥ၀ယ်တဲ့ အခန်းတို့ ဘာတို့ ...း))
ReplyDeleteသူနယ်ချင်း ကြီးတော်ကလဲ ကဗျာဆရာမ မြူ ... ဆိုလား .... နာမည်ကြီးပဲကို ... စာရင်း တို့ထားလိုက်မယ်....
ကိုဇက်ရေ
မှားတယ်ဗျ။ ပုံထဲက အကြေကောက်ကောက်ထားတာ။ အဲဒီတုံးက အရမ်းခေတ်စားခဲ့တာလေ။
ဟေမာ့ထက်တောင်ကြီးတယ်ဆိုတော့ မီးမီး တစ်ခုပဲပြောလိုက်မယ်။ မီးမီးကို အစ်မလို့ ခေါ်နဲ့ဂျာ။ ဒါပဲ ...း))
စုစုရေ ဟုတ်တယ်။ အတန်းထဲက သူငယ်ချင်းကောင်လေးတွေလဲ အီကိုသူတွေနဲ့ ငြိတာ အများကြီးပဲ။ အားနေ လှိုင်ဘက်ပဲ သွားနေကြတာကိုး။ ကျောင်းကို အီကိုသူတွေ လာရင်လဲ သိပ်သိသာတာ။ မိန်းခလေးနဲတော့ ကျောင်းက ချောချောလှလှတွေဆို သူတို့က အားလုံးသိပြီးသားကိုး။ ကျောင်းလာရင် အစခံရပြီသာ မှတ်တော့။
အန်တီသက်ဝေ ... အတိတ်ကို လွမ်းသွားတယ်နဲ့တူတယ်နော်။ ရေးပါဦး ကျောင်းအကြောင်း ပို့စ်လေးတွေ။ အန်တီသက်ဝေရေးရင် အရမ်းဖတ်ကောင်းမှာ။
အနောနိမတ်စ် ညီမလေး
ခေါင်န်နူးတို့ အဖွဲ့ထဲကလားဟင်။ အားလုံးကို သတိရပါတယ်။ မှတ်မိပါတယ်။ ခုလိုတွေ့လိုက်တော့ အရမ်းဝမ်းသာတာပဲ။ စီဘောက်မှာ အီးမေးလေးရေးထားတယ်။ စာရေးပါဦးနော်။
၉၈ က EC ကျောင်းသားကတော့ ပိုလွမ်းအောင် လုပ်နေပြန်ပါပြီဗျာ။ ဆရာကြီးတွေကို ကန်တော့ပွဲတိုင်းနီးပါး ကန်တော့ဖြစ်ပါတယ်။
ခဏခဏ လာဖတ်နေမိတယ်။
ReplyDeleteဖတ်ကောင်းလွန်းလို့။
အန်တီဆွိရေးတာဖတ်ပြီး ကျနော်လည်း ကျောင်းကို သတိရသွားပြီ။ တပို့စ်လောက်တော့ ရေးဦးမှ။
ReplyDeleteRIT ကျောင်းသားတွေက လှိုင် ၊ ပင်မ တို.က ကျောင်းသူတွေကိုလာပြီး ပိုးပန်းတာလည်း မပြောနဲ.လေ ၊ အမှန်ပြောရရင် RIT ၊ Geology တို.က ကျောင်းသူတွေက မချောဖူးဗျို. ဒါပေမဲ့ စာတော်တာကိုတော့ အသိအမှတ်ပြုပါတယ် ၊ တကယ်ချောတာက Eco, Zoology, Botany တို.က ကျောင်းသူတွေက တကယ်ချောတာ ၊ ဒါပေမဲ့ မဆွိတို. မသက်ဝေတို.က Eco သူတွေနဲ.အပြိုင်ချောပုံပေါ်ပါတယ် ၊ ကျွန်တော်တို.ကျောင်းတက်တုန်းက ဆီချက်တစ်ပွဲ ၂ကျပ်ခွဲကိုတော့ တကယ့်ကိုလွမ်းတယ်ဗျို. အမလို.ခေါ်တာက လေးစားသမူနဲ.ခေါ်တာပါဗျာ ကျွန်တော်ကလည်း ကိုယ့်အသက်ကို ကိုယ်ကြေငြာလိုက်သလိုဖြစ်သွားတယ် ဒီကြားထဲ ဟိုအတန်းမှာ စာမေးပွဲကျလိုက် ဒီအတန်းမှာစာမေးပွဲကျတဲ့ နှစ်တွေမပါသေးဖူးဗျို. ပြောရင်းပြောရင်းနဲ.ပိုပြီးလို.တောင်အသက်ကြီးသွားပြီ
ReplyDeleteခင်တဲ့
Z
ရီတာလို့ပဲ
ReplyDeleteခဏခဏ လာဖတ်နေမိတယ်။
ဖတ်ကောင်းလွန်းလို့။
ဓာတ်ပုံလေးလည်း ခဏခဏကြည့်ရင်း...
လွမ်းလို့ ထပ်လာဖတ်တယ်...
ReplyDeleteကျောင်းတက်တုန်းကအကြောင်းတွေ ရေးဖို့ကို စိတ်ထဲမှာတော့ အမြဲစဉ်းစားနေတာပဲ... ချသာ မရေးဖြစ်သေးတာ...း))
အဆောင်သူတွေအကြောင်း၊ ကျောင်းအကြောင်း ဆိုရင်သိပ်ဖတ်ချင်တာ။ ကိုယ်တိုင်လည်းကျောင်းသူကျောင်းသားဘ၀မှာ သိပ်ပျော်ခဲ့ဖူးတယ်။ ကျမအတွက် ဘ၀မှာ အပူအပင်မရှိ အလွတ်လပ်အပျော်ရွှင်ဆုံးအချိန်လို့လည်း ဆိုနိုင်တယ်။ အဲဒီတုန်းကအတွေ့အကြုံဇာတ်လမ်းလေးတွေရေးချင်ပေမယ့် ခုထိမရေးဖြစ်သေးဘူး။ သူများတွေရေးတာပဲ လိုက်ဖတ်တယ်။ ဒါကြောင့် မဆွိ များများရေးပါ။ လာဖတ်မယ်။ :)
ReplyDeleteစူးနွယ်လေး
ကျောင်းတုန်းက အကြောင်းလေးရေးထားတာဖတ်လို့ အရမ်းကောင်းတာဘဲ မမရာ ထပ်ရေးပါဦးနော်
ReplyDeleteအမရဲ.သူငယ်ချင်း အဆောင် ကွင်းန် (beauty queen )ကိုတော. သိတယ်။ အမ ဘယ်သူလဲဆိုတာတော. ပုံဖော်လို.မရသေးဘူး။ တနေ.နေတော. သိမှာပါ။ ပျင်းတိုင်း လာဖတ်နေတယ် အမရေ.။
ReplyDeleteကျောင်းတုန်းက အကြောင်းတွေ ရေးပါအုံးမမ။ ကိုယ့်ကျောင်းအကြောင်း မဟုတ်ပေမဲ့ ကျောင်းအကြောင်းဆိုရင် ဖတ်ရတာ အလိုလို ပျော်မိတာပဲ။
ReplyDeleteအဲဒီတုန်းက သူငယ်ချင်းဆိုတာလဲ ဘယ်သူငယ်ချင်းနဲ့မှ မတူ။
အဲဒီအချိန်တုန်းက ပျော်ရတယ် ဆိုတာလဲ ဘယ်အပျော်နဲ့မှ မတူ။
အဲဒီအကြောင်းတွေ လွမ်းမိတယ်ဆိုတာလဲ ဘယ်အလွမ်းနဲ့မှ မတူပါဘူးနော်..
(အပေါ်က ဇီကိုကိုကြီး၊ Geology က မိန်းကလေးတွေ မချောဘူး ပြောလို့ ကြိတ်ရှိုက်သွားတယ် အဟဲ..)
အမရေ ရည်ရွယ်ပြီးပြောတာမဟုတ်ပါ တိုက်ဆိုင်မူရှိလျင် ခွင့်လွှတ်ပါဗျာ ကျွန်တော်တို.ကျောင်းတက်တဲ့နှစ်ပိုင်းမှာ Geology မှာ ကျောင်းသူသိပ်မရှိဖူး ၊ ကျွန်တော့်မှာ Geology က သူငယ်ချင်းတွေရှိတယ် ကျွန်တော်က တစ်ခါတစ်လေ ဒဂုံဆောင်မှာသွားအိပ် ဖဲကစားနဲ. တော်တော်ပျော်ဖို. ကောင်းတာ ကျွန်တော့်သူငယ်ချင်းဆို စာမေးပွဲကျ အဆောင်ပြုတ်လို. ၈မိုင်ကအဆောင်မှာနေရတဲ့အထိပဲဗျို. ကျွန်တော်ကအဲ့ဒီအထိလိုက်ပြီးအားပေးတာဗျို. အပြင်ဆောင်တွေမှာညဘက် ဂစ်တာတီး သီချင်းဆိုကြတယ် တစ်ချို. ဂစ်တာတီး၊ သီချင်းဆိုတဲ့သူတွေကို အဆောင်သူတွေက လက်ဘက်သုတ်၊ ဂျင်းသုတ်၊ ရေနွေးကြမ်းတို.လာပေးတာကြားဖူးတယ် ကျွန်တော်တို.အဖွဲ.က သီချင်းစပြီးဆိုတာနဲ. သူတို.ရဲ့ အဆောင်ပြတင်းပေါက်တွေကို ပိတ်လိုက်တာပဲဗျို.
ReplyDeleteခင်တဲ့
Z
ပြန်လာဖတ်တဲ့ ရီတာ၊ အန်တီသက်ဝေ၊ မြတ်နိုး၊ မသီတာတို့အားလုံး အခုလို အားပေးတာ အရမ်းအားရှိတယ်။ ကျေးဇူးလဲ အထူးတင်ပါတယ်။
ReplyDeleteကိုပေါ တစ်ပို့်စ်လောက် ရေးပါဦးဂျာ ... ရယ်ရအောင်ရေးနော်။ စောင့်ဖတ်နေမယ်။
မချိုသင်းပြောတာ သိပ်မှန်တယ်။ အဲဒီတုံးက လွတ်လပ်မှု၊ ပျော်ရွှင်မှုတွေကို ဘ၀ကို ဘယ်တော့မှ ပြန်မရတော့ဘူး။ ခုလိုလာအားပေးကြတော့ အဆောင်တုံးက သောင်းကျန်းခဲ့ကြတာလေးတွေ နောက်ရေးဖို့အားရှိသွားတယ်။ ဇွတ်ပဲနော် ...း)
ကိုဇီ နောက်အေးဆေးကျရင် အဆောင်အကြောင်းရေးဦးမှာ ... ခင်တဲ့ သူငယ်ချင်းယောက်ျားလေးတွေ ဂစ်တာလာတီးရင်တော့ လက်ဖက်သုတ် ပို့ကြပါတယ်။
လာအားပေးတာ ကျေးဇူးဗျို့။
ဟုတ်..၊ တိုက်ဆိုင်မှုရှိပေမဲ့ ခွင့်လွှတ်လိုက်ပါတယ် ကိုဇီ။ :)
ReplyDeleteသီချင်းဆိုတာတော့ အင်မတန် အောင်မြင်ပုံရတယ်။ ကောင်မလေးတွေက အခန်းထဲမှာ ဇိမ်နဲ့ နားထောင်ချင်လို့ ဖြစ်မှာပါလေ..
စက်မှုတက္ကသိုလ်ကညီအစ်ကိုမောင်နှမများကိုကျောင်းအကြောင်းရေးတဲ့ဘလော့တွေမှာပြန်တွေ့ရတာဝမ်းသာမိပါတယ်။
ReplyDeleteမဆွိရေ အဆောင်အကြောင်းရေးပါဦး အားပေးနေမယ် ၊ ကျောင်းသားဘ၀ကတကယ်ပျော်ဖို.ကောင်းတာ နောက်ပိုင်းတက္ကသိုလ်ကျောင်းသားတွေဆို ခပ်ဝေးဝေးမှာ သွားတက်ကြရတာ ၊
ReplyDeleteမမိုးချိုသင်းရေ Geology ဦးစောဖေ ကို မှီသေးလား ကျွန်တော်ပြောတဲ့အမည်က မှန်ရဲ့လားမသိဖူး ၊ အရပ်ရှည်ရှည် အမီနာဘာဂျမ်းနဲ. ခပ်ဆင်ဆင် ဆရာလေ
စီနီယာအကြီးစားကြီး ထင်တယ်။ မီးမီးတို့ သင်ရဘူး။ :D
ReplyDeleteမဆွိပို.စ်ရဲ့ နောက်ဆုံးစာပိုဒ် နောက်ဆုံးစာကြောင်းက မော်ဒယ်လည်းခုတော့တကယ့်ကို မယ်တော်ကြီး ဖြစ်သွားပြီထင်ပါ့
ReplyDeleteခင်တဲ့
Z