Friday, March 4, 2011

အာလာပ သလ္လာပ ...

ခုတစ်လော ရေးနေတာတွေက နည်းနည်း နည်းပညာတွေ များနေလို့ ပေါ့ပေါ့ပါးပါး အာလာပ သလ္လာပ ...လေးပေါ့။

မတန်းလန်း
မဆွိတီခုလို ဘလော့ဂ်မှာ ပို့စ်တွေ မတင်ဖြစ်ဘူး ကြာနေပြီဆို အမြဲတမ်း သတိပေးတဲ့ ပရိတ်သတ်တစ်ယောက်ရှိတယ်။ အဲဒါ ဘယ်သူလို့ထင်ပါသလဲ ပိတ်တတ်ကြီး ... ဘယ်သူရှိရမလဲ ... ဦးခြိမ့်ပဲပေါ့ဂျာ ။ ဘလော့လေး နဲနဲလောက်ပြတ်တာနဲ့ " ပို့စ်မတင်တာကြာပြီနော် ... တင်ဦး ... " နောက်ပြီး လူကိုခေါ်တာ " မတန်းလန်း " တဲ့ ... တန်းလန်းပို့စ်တွေများနေပြီတဲ့ အခန်းဆက်တွေ ဆက်ရေးဆို အမြဲနောက်က တွန်းနေတော့တာပဲ။ အမှန်က မဆွိတီကလဲ ငပျင်း။ ပျင်းရတဲ့ကြားထဲ ခုတစ်လော ပြောင်းဖို့၊ ရွှေ့ဖို့ ထုတ်ပိုး၊ ပြင်ဆင်နေရတာဆိုတော့ အကြောင်းပြချက်က ကောင်းနေတာ။ မဆွိတီ အခန်းဆက်ပို့စ်တွေ ဆက်ရေးမှာပါ။ အဓိက " Screw driver ကိုင်ခဲ့ရ ကျွန်မဘ၀ပါရှင် " ဆိုတာ ပြီးတဲ့ထိ ဆက်ရေးမှာပါ။ (ဘယ်သူအားပေးပေး မပေးပေး ... တို့ကတော့ရေးမှာပဲ ... ရေးမှာပဲ ...း) အဲဒီမှာ မြန်မာ အင်ဂျင်နီယာ အမျိုးသမီးတစ်ယောက်ရဲ့ ဘ၀တစိတ် တစ်ဒေသ၊ စလုံးက အလုပ်တွေရဲ့ ဖိအားတွေ တစွန်းတစ်စ မြင်ရမှာပါ။ အဲဒါကို ဟိုရောက်လို့ အားတဲ့အချိန်မှ သေချာဆက်ရေးဖို့ အားခဲထားပါတယ်။ ခုတော့ သူပြောသလို တန်းလန်းကြီးဖြစ်နေတာ ခွင့်လွှတ်ပေးကြပါ။


ရေ တစ်ပိသာရှိရင် သန့်တယ် ...
မဆွိတီဟာ အလုပ်ရှုပ်ရင် ရေသောက်ဖို့ အမြဲမေ့တယ်။ ရေသောက်မေ့တော့ ဘာဖြစ်လဲဆိုတော့ ၀မ်းချုပ်ဆီးချုပ်ဖြစ်တယ်။ အဲဒီတော့ လူက အပူတွေများတာပေါ့။ ခုတစ်လော အလုပ်ထွက်ပြီးကာမှ ဘော့စ်အသစ်က ရောက်လာတော့ အလုပ်ရှုပ်တာနဲ့ ရေမသောက်ဖြစ်ပြန်ဘူး။ ရေဘူးကတော့ အကြီးကြီးပဲ ၀ယ်ထားတာ ။ မနေ့က သတိရတာနဲ့ ငါရေသောက်မှ ဖြစ်တော့မယ်ဆို ၀ုန်းဆိုထပြီး ရုံးက ပန်ထရီထဲဝင် ရေဗူးဆေးပြီး ရေကိုထည့်လိုက်တာ ကမန်းကတန်းနဲ့ ရေဘုံဘိုင်ထဲကရေတွေ ထည့်မိပါရော။ ဘေးက စလုံးမတစ်ယောက်က တွေ့တော့ မျက်လုံးပြူး မျက်ဆံပြူးနဲ့ ... ဟယ် နင် ရေတွေကို ဘုံဘိုင်က ဒီတိုင်းသောက်သလားတဲ့၊ ရေအိုးထဲကနေ မယူဘူးလားတဲ့။ ဘေးမှာ water cooler ရှိတာကိုး။ အဲဒီက ရေပူ၊ ရေနွေး၊ ရေအေး ၃မျိုးလုံးရတယ်လေ။ မဆွိတီ စလုံးရောက်စက သတိထားမိတာ၊ ရေချက်အေးတို့၊ ရေခဲရေတို့သောက်ရင် ဆီးချုပ်၊၀မ်းချုပ်ဖြစ်တတ်လို့ ရေဘုံဘိုင်ကရေပဲ ရေစစ်နဲ့ စစ်ပြီး တိုက်ရိုက်သောက်တာ ရိုးနေပြီကို။ အဲဒါ သူပြောတာနဲ့ပဲ စကားလဲ မရှည်ချင်တာနဲ့ ရေဘုံဘိုင်ရေကို သွန်ပြီး water cooler ထဲက ရေအေးကို ပြောင်းထည့်လိုက်ရတယ်။

အဲဒီကျတော့ ဟိုးအရင် မဆွိတီ စစ်ကိုင်းဖက်က အမျိုးတွေ ရှိရာသွားလည်တုံးက အဖြစ်လေးသတိရသွားတယ်။ မဆွိတီတို့အဘွားအိမ်က စစ်ကိုင်းတောင်ခြေရင်းမှာရှိတာ။ ငယ်ငယ်၃တန်းလောက် အဘွားအလှူသွားလည်ကြတော့ အဘွားက ကဲ ခလေးတွေ ရေချိုးကြမယ်ဆို မြစ်ဆိပ်မှာ သွားချိုးရတာ။ စစ်ကိုင်းက နာမည်ကြီး ဧရာဝတီ မြစ်ဆိပ်ပါပဲဗျာ။ ဦးလေးတွေ စက်ဘီးနောက်ကတက်ပြီး လမ်းကြိုလမ်းကြား နင်းတာ လိုက်သွားရတာပဲ။ မြစ်ဆိပ်ရောက်တော့ ကိုယ်တွေလို ရေချိုးနေတဲ့သူတွေ မိန်းမ၊ ခလေး၊ လူကြီး၊ လူငယ် လူပေါင်းစုံပဲ။ စည်ကားလိုက်တာမှ၊ အ၀တ်တွေလဲ ကျောက်တုံးတွေပေါ်တင်ပြီး တ၀ုန်းဝုန်းနဲ့ လျှော်ကြဖွပ်ကြ၊ သစ်လုံးဖောင်တွေရှိရင်လဲ ဖောင်တွေပေါ်တက် အ၀တ်လျှော်ကြပေါ့။ မဆွိတီတို့ မောင်နှမတွေလဲ ပျော်ကြတာပေါ့ဗျာ။ မြစ်ဆိပ်မှာ ရေချိုးရင်း ရေဆော့ရတာကိုး။ ရန်ကုန် ၀န်ထမ်းတန်းလျားမှာနေတုံးက ပိုက်ကလာတဲ့ ဘုံဘိုင်ရေပဲ ချိုးဖူးကြတာဆိုတော့ အထူးအဆန်းပေါ့။ နောင်ပိုင်းရေချိုးချိန်ရောက်တိုင်း မြစ်ဆိပ်သွားချိုးမယ်ချည်း ပူစာတော့တာပဲ။ အဘွားအိမ်မှာ အ၀ီဇိရေလဲရတယ်။ ဒါပေမဲ့ ၀ယ်ရတာ ဈေးကြီးတဲ့ အပြင်၊ သူကရေစေးတွေဆိုတော့ ချိုးလို့၊ လျှော်လို့လဲ မကောင်းဘူး။ သောက်ဖို့ဆိုတာ ဝေးလို့။


သောက်ဖို့ဆိုတော့ ပြောဖို့လိုရင်းကို သတိရသွားတာ ... အဖွားအိမ်အောက်ထပ်မှာ ရေအိုး၂လုံးရှိတယ်ဗျ။ အဘွားကအပြင်က ပြန်လာရင် မောမောနဲ့ ဒီရေအိုးထဲက ရေကိုခပ်သောက်ပြီး " မြစ်ရေလေး သောက်လိုက်ရတာ အမောကို ပြေသွားတာပဲ" တဲ့ ... သူပြောတာက မြစ်ရေဟာ အင်မတန်ချိုတယ်။ အေးတယ်။ အရသာရှိတယ်။ ဘယ်နေရာ ဘယ်အရပ်ရောက်ရောက် မြစ်ရေက သောက်ရတာ အကောင်းဆုံးပဲတဲ့ ... မြစ်ရေချိုပုံက ဘယ်ရေချိုပုံနည်းနဲ့မှမတူဘူးတဲ့ ... စုံလိုပဲ သူ့ မြစ်ရေ ဋီကာ ဖွဲ့နေတာ။ အဖွားပြောမယ်ဆိုလဲ ပြောလောက်ပါတယ်။ မဆွိတီတို့လည်း အပြင်က နေပူပူ မောမောနဲ့ ပြန်လာရင် အဘွားသောက်ရေအိုးထဲက မြစ်ရေဟာ အင်မတန်ချိုအေးပြီ အရသာရှိတယ်လို့ ခံစားရတယ်။


အဲဒီရေဟာလေ စောနက ခလေး၊ လူကြီး၊ မိန်းမပေါင်းစုံ ရေချိုးကြ၊ ချေးတွန်းကြ၊ လျှော်ကြ၊ ဖွပ်ကြ၊ တစ်ခါတစ်လေ မထိန်းနိုင်လို့ အပေါ့အပါးသွားတဲ့ အခါလည်းသွားကြ၊ တစ်ခါတစ်လေ အနားဖွာနေတဲ့ အ၀ါရောင်အတုံးတွေလဲ ပေါလောတွေ့ရ၊ တစ်ခါသားဗျာ လူသေပါ မျောလာလို့ ဟိုက တုတ်နဲ့ထိုးလွှတ်၊ ဒီက တုတ်နဲ့ ထိုးလွှတ်နဲ့ မြင်တွေ့ခဲ့ဘူးတဲ့နေရာက မြစ်ရေကို မကြိုမချက်ပဲ ဒီအတိုင်း သောက်ရေအိုးထဲထည့်ထားတဲ့ ရေချိုအေးပါပဲတဲ့ဗျား။

မြန်မာတွေ immune stystem ကတော့ တော်တော်ကောင်းတယ်။ အဲလိုရေမျိုးသောက်ဖူးတဲ့သူက စလုံးစရောက်တော့ ရေဘုံဘိုင်က ရေကို တိုက်ရိုက်သောက်မှ ဆီးချုပ်၊ ၀မ်းချုပ်မဖြစ်ဘူးဆိုတာ ထူးဆန်းတယ်လို့ မဆိုသာဘူးနော်။ အဲသလောက်မှ ကိုယ်နဲ့ အံကိုက်။ အဲဒါ ဟိုးတုံးကဆိုတော့ ခုခေတ်ရော အဘွားတို့အရပ်မှာ ဘယ်လိုသောက်ကြလဲ မေးမလို့လား။ ခုခေတ်လဲ ဒီတိုင်းပဲ သောက်တာပါပဲ။ မဆွိတီလဲ ဒီတစ်ခေါက်အလည်ပြန်တော့ စစ်ကိုင်းဖက်မရောက်ခဲ့လို့ ကိုယ့်ရဲ့ immune ကို မစမ်းခဲ့ရဘူး။ ဒါ့ကြောင့် ရှေးလူကြီးတွေ ပြောတာ ရေတစ်ပိသာရှိရင် သန့်တယ်ဆိုတာ။ စလုံးမကို အဲဒီအကြောင်း မရှင်းပြလိုက်ရတာ နာချက်း)

ဂျူဂျူ နဲ့ ပရိုင်ဘေစီ ...
မဆွိတီကို နောက်ဆုံးကွန့်မန့်ရေးသွားတဲ့ အနောနိမတ်စ်တစ်ယောက်က ဘလော့ဂ်မှာ ကိုယ့်ပုံကျတော့ ကွယ်ထားပြီး ခလေးပုံ (ဂျူဂျူးပုံ) ကျတော့ ပြထားတာ ခလေး (သမီးမိန်းခလေး) ရဲ့ ပရိုင်ဘေစီက ပိုအရေးမကြီးဘူးလားတဲ့။ သူက အပြုသဘောနဲ့ ဝေဖန်ထားတာဆိုတော့ ခုလိုထောက်ပြပေးတာ ကျေးဇူးတင်ရမှာပါ။ ဘာလို့ ခလေးပုံပြရလဲဆိုတော့ ခလေးက ငယ်သေးတော့ စိတ်ထဲမှာ ခလေးပဲ၊ ငယ်သေးတာပဲ ဆိုပြီး ဘာမှ မဖြစ်လောက်ဘူးထင်လို့ပါ။ နောက်ပြီး အမေတစ်ယောက်အနေနဲ့ သမီးကို ချစ်တဲ့သူတွေကိုလဲ သမီးပုံလေးတွေ မြင်ဖူးအောင် တင်ပေးတာပါ။ ဂျူဂျူလေး နဲနဲကြီးလာရင်တော့ တင်တော့မှာ မဟုတ်ပါဘူး။ သူကလဲ ကြိုက်မှာ မဟုတ်တော့ပါဘူး။ ခုတောင်သူက ဓာတ်ပုံရိုက်ရင် နဲနဲ ရှက်တတ်နေပြီကိုး။ မဆွိတီရဲ့ပုံတွေ ကွယ်ထားတာကျတော့ ပရိုင်ဘေစီဆိုတာထက် ကိုယ့်မျက်ခွက်ကြီးကို ဘလော့လာဖတ်သူတွေ ရာထောင်ချီပြီး မပြချင်လို့ ရှက်လို့ပါပဲ။ တခြားအကြောင်းပြချက်မရှိပါ။ ခလေးကတော့ ချစ်ဖို့ကောင်းတယ်လေ။ အပြစ်ကင်းတယ်လေ။ ဒါကြောင့်ပါ။


ဂျူဂျူး Dancing 2
သမီးငယ်ငယ်က သူ့အဒေါ်က ထမင်းကျွေူးရင် မြန်မာ သီချင်းခွေတွေ ဖွင့်ပြီး ကျွေးလေ့ရှိတယ်။ သမီးက hyper active မှို့ နောက်မှို့ဆို တစ်အိမ်လုံးပတ်ပြီး ပြေးလွှားနေတာ လိုက်ကျွေးရတာ မသက်သာဘူးကိုး။ အဲဒီတော့ သမီးငယ်ငယ်က မြန်မာသီချင်းတွေနဲ့ ရင်းနှီးတယ်။ သီချင်းတွေဖွင့်ပြီး ဆိုလိုက်ကလိုက်ပေါ့။ ခုကြီးတော့ကျတော့ အော်တိုတို့လို ခလေးချယ်နယ်က ကားတွေပဲ စိတ်ဝင်စားတော့တယ်။ မြန်မာသီချင်းတွေ သိပ်မကြိုက်တော့ဘူး။ ရှက်တတ်လာတော့ အဲလိုတွေလဲ မကတော့ဘူး။ ငယ်ငယ်က အမှတ်တမဲ့ ဗွီဒီယို record လေးတွေက အမှတ်တရတွေ ဖြစ်သွားပါပြီ။

ဂျူဂျူသီချင်းဆိုတိုင်း အမြဲ ဘေးတီးပေးတာကတော့ သူ့ရဲ့ ၀မ်းကွဲအကို အကြီးဆုံး နဲ့ သူ့အမေ သားအမိပါပဲ။



ဓာတ်ပုံမူရင်းလင့်ခ်

16 comments:

  1. eeek... တီဆွိတို့ ကတော့လုပ်တော့မယ်

    ReplyDelete
  2. မြစ်ရေကမှ စီးနေသေးတယ် မဆွိရေ အဲဒါကပိုသန့်နိုင်သေးတယ်။ မန္တလေးက လူတွေများဆို ဘယ်နှယ်လုပ်ပ တစ်မြို့လုံး ကျုံးရေသောက်ကြ တာလေ။ ကျုံးရေကရေသေလေ အဲဒီထဲမလဲလူလဲနစ်သေတာကြားဖူးတာဘဲ။ ဒါပေမဲ့လဲ သူ့ဒေသနဲ့ သူတော့လဲဟုတ်လို့ပါ ရောဂါပြီးနေကြပြီလေ။ ရန်ကုန်တို့ ဘာတို့ကသွားတဲ့လူတွေသောက်မိရင်တော့ ၀မ်းလျှောတာတို့ဘာတို့ဖြစ်တတ် ကြတယ်။ သောက်နေကျ အလေ့အကျင့်မှမရှိဘဲကိုး။

    ReplyDelete
  3. ခုတစ်လော ရေးနေတာတွေက နည်းနည်း နည်းပညာတွေ များနေလို့ ပေါ့ပေါ့ပါးပါး အလာဘ သလာဘလေးပေါ့။
    -------------------------
    အာလာပ သလ္လာပ ပါ ခင်ဗျာ။ (မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း၊ မြန်မာစာအဖွဲ့)

    (http://myanmarwords.pikay.org/2008/12/ah.html#ah1 ဒီမှာ အောက် “လ” ကျန်နေတယ်။)

    ReplyDelete
  4. ချော(အစိမ်းရောင်လွင်ပြင်)March 4, 2011 at 3:56 PM

    ညီမတို့လည်း ငယ်ငယ်က ချောင်းရေကိုဘဲ သောက်လာတာ
    ကျိုချက်ရမှန်းလည်း နားမလည်ခဲ့ပါဘူး
    ခုကြီးလာတော့ အိမ်ပြန်တဲ့ခါ ရေတွင်းရေကိုတောင် ဒီတိုင်းသောက်ရတာ စိတ်ထဲ တစ်မျိုးဖြစ်သလို ခံစားရတယ်
    လူတွေဟာ များများသိလေ များများကြောက်လေ ဆိုတာ မှန်တယ် ငယ်တုန်းကလို ဘာမှ မသိတဲ့အချိန်မှာ ဘာကိုမှ ကြောက်ရမှန်းမသိခဲ့ဘူး။
    သမီးလေးက ချစ်စရာကောင်းတာမို့ မြင်ရတာ ကြည်နူးစရာကောင်းပါတယ်။

    ReplyDelete
  5. ငယ်ငယ်ကတည်းက ရေစိမ်းသောက်လာတာ အကျင့်ပါနေပြီ.. သင်္ဘောကျင်းမှာလုပ်မှပဲ ရေနွေးသောက်နေရတယ်.. ရေကသန့်ပေမယ့် သွယ်တဲ့ပိုက်က မသန့်တော့ သံရောင်ထနေလို့လေ..း)

    ReplyDelete
  6. ကျောက်လာပMarch 4, 2011 at 5:34 PM

    မြစ်ရေလဲသောက်တာပဲ..မိုးရေလဲသောက်တာပဲ..ဒို့အညာသဲချောင်းတွေမှာ
    သဲပြင်ကို တတောင်လောက်တူးလိုက်ရင် ထွက်လာတဲ့ natural spring water ကတော့ သောက်လို့အင်မတန်ကောင်း...လွမ်းမိပါသေး..
    စာရေးဆရာ..ဘလော့ဂါတွေရဲ့ privacy နဲ့ပတ်သက်ပြီးပြောရရင် ဗမာပြည်မှာက များသောအားဖြင့် ရုပ်ရှင်၊ဂီတက ပုဂ္ဂိုလ် တွေလို စာရေးဆရာတွေကို မမြင်ဖူးကြတာများတယ်..ဒါ့ကြောင့် တချို့ နာမည်ကြီး ဆရာတွေ အယောင်ဆောင်ပြီး မိန်းကလေးတွေကို ဖျားယောင်းကြတာတွေ..ငွေလိမ်သွားတာတွေ မကြာမကြာ ကြားဖူးတယ်..ဒါ့ကြောင့် ကိုကြီးကျောက်က ကိုယ် အဖိုးကြီး ဆိုတာ သိအောင် ဓါတ်ပုံတင်တာ..တချို့ က online မှာ မမြင်ဖူးကြပဲ တယောက်နဲ့တယောက် အီစီကလီတွေလုပ် ၊ပြီးမှ တလွဲတွေ ဖြစ်နေတော့ ပြဿနာတွေ တက်ကြတွေကလဲ ကြားနေရတယ်.. အမျိုးသမီးတွေ..နိုင်ငံရေးတွေ ရေးနေတဲ့ ဘလော့ဂါတွေ..ကိုယ့်ကို လူသိမှာစိုးလို့ ဓါတ်ပုံမတင်ချင်တာ မပြောလိုပါဘူး..ဘာလို့လဲဆိုတော့ အဖြူရောင်နတ်သမီး သူ့ဓါတ်ပုံတွေတင်စက နှမချင်းမစာမနာ စော်စော်ကားကားတွေ အရေးခံရဖူးတယ်..ဒါပေမဲ့လဲ ကိုယ့်လမ်းကို ဆက်လျှောက်တော့လဲ အေးဆေးပဲပေါ့..လက်ခံယူသူမရှိရင် ပေးသူက သူ့ပစ္စည်း သူပြန်ယူရတာပါပဲ.. ကိုကြီးကျောက်ကတော့ ကိုယ်မဟုတ်တာမလုပ်ရင် လူပုံအလည် မျက်နှာပြရဲပါတယ်..

    ReplyDelete
  7. တီဆွိရဲ့ အာလာပ သလ္လာပ လာဖတ် ပါတယ်။ အဲတော့... မြစ်ရေတွေ အဲ့လို သောက်ကြတယ်လား။ ရို့စ်တော့ ရန်ကုန်သူ ဆိုတော့ အ၀ီဇီတွင်း ရေကို ရေစစ်နဲ့ စစ်ပြီး သောက်နေကျ ဆိုတော့ အဲ့ဒါတွေ မသိဘူးတော့။ ဂျုးဂျုးလေး သီချင်း ဆိုပြီး ကနေတာ ချစ်စရာ ကောင်းလိုက်တာ။ ဒီ ဗွီဒီယို ထဲမှာ ဂျုးဂျုး တော်တော် ငယ်သေးတယ်နော်း) ပြောင်းရွှေ့တာ အစစ အဆင်ပြေပါစေ တီဆွီရေ...။ ရို့စ်ဆီလည်း လာလည်လေ..။ ပီားး။
    http://redroseofburma.blogspot.com/

    ReplyDelete
  8. အာလာပ သလ္လာပ လာဖတ်တာပါမမ။ ညီမလေးလဲ ရန်ကုန်သူဆိုတော့
    အဝီဇီတွင်းရေကိုရေစစ်နဲ့စစ်ပြိးသောက်ခဲ့တာပါ အဟီး။ ချစ်စရာဂျူးဂျူး
    လေးရောမမရဲ့စာတွေရော....အားပေးလျှက်။
    ကောင်းသောနေ့လေးဖြစ်ပါစေရှင်။

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. မဆွိ သမီးက အဆိုကောင်း အကကောင်းဗျ ကလေးကိုပဲ မမြှောက်ပေးနဲ.လေ မဆွိရော ဦးခြိမ့်ပါ ၀င်ပြီးကသင့်တယ် ဂျူးဂျူးကိုင်ထားတဲ့ဘီးက အန်တီကွန်း လက်ဆောင်ပေးထားတဲ့ ပေါ-ချောင်-ကောင်း ဘီးလား

    ဒီမှာဆရာတစ်ယောက်ပြောတာမှတ်မိသလောက်ပြောရမယ်ဆိုရင်တော့ အရင်က စလုံးမှာ အုန်းနို.ညစ်တာ စက်နဲ.မဟုတ်ပဲ အုန်းဂျစ်နဲ.ချစ်ပြီး ပိတ်စထဲကိုထည့်ပြီး လက်နှင့်ညှစ်ရတယ် လို.ပြောဖူးပါတယ် အုန်းနို.ညှစ်ရောင်းတဲ့ အန်ကယ်ကြီးက toilet ကအပြန်မှာ လက်ကိုသေသေချာချာမဆေးပဲ အုန်းနို.ညှစ်တဲ့အခါ additional flavor တွေ ထဲ့ပြီးသားလို. ပြောတာကို ရယ်မိပါတယ် ၊

    အမှန်တော့ ရေကို မကျိုရင်တောင် အနည်းဆုံးတော့ ရေစစ်နဲ. စစ်ပြီးသောက်သင့်တယ် ၊ စလုံးကသန်.တယ်လို. နာမည်ကြီးပေမဲ့လည်း အစားအသောက်ထဲမှာ ခဲပါတာတို. ဆံပင်ပါတာလည်းကြုံဖူးပါတယ် ၊ သိပ်ပြီးတွေးနေရင်လဲ ကိုယ်ဖာသာကိုယ် breakfast, lunch, dinner အစအဆုံး ချက်စားရမလိုဖြစ်နေတယ် သဲပါ ဆံပင်ပါတဲ့ ဆိုင်ကို ရှောင်လည်းခဏပါပဲ ၊ ပြီးတော့လည်း အဲဒီ့ နေရာမှာပဲပြန်စားရတာတော့တာပဲ ၊

    နောက်ဆုံးတော့ ဒီကမ္ဘာကြီးပေါ်မှာလူသားတွေနေပြီး အညစ်အကျေးပေါင်းစုံတွေကို ဒီကမ္ဘာကြီးပေါ်မှာပဲ စွန်.ချနေကြတယ် တစ်ခြား planet မှာ သွားပြီးစွန်.ပစ်နိုင်တာ မဟုတ်လေတော့ အရာရာတိုင်းဟာ သိပ်ပြီးတော့လဲ သန်.တယ်လို.မထင်မိပါဖူး

    အရင်ကဆောင်းပါးတစ်ခုမှာဖတ်ဖူးတာ ရေကိုကျိုချက်တာ မကောင်းဖူး ၊ သဘာဝအတိုင်းသာသောက်သင့်တယ်လို. ရေးထားတာဖတ်လိုက်ရတယ် ၊ ဒီမှာ ဆက်စပ်တာနဲ. သုတေသီတွေရဲ့ အံ့သြဖွယ်ရာ လေ့လာတွေ.ရှိချက်တွေ မတူတာတွေကိုရေးချင်ပါတယ် ၊ အရက်သောက်တာ မကောင်းဖူးဆိုပေမဲ့လည်း ၀ိုင် ၊ ၀ီစကီကို moderate သောက်ရင်ကောင်းတယ်လို. ဆိုသူကဆို ၊ တကယ်တော့ အရက်ဆိုတာကလည်း တောအရက်က အသည်းကို မြန်မြန် ထိုခိုက်ပြီး အရက်ကောင်း Black/green/Blue/double black label ကတော့ အသည်းကို ဖြေးဖြေးချင်း ထိခိုက်တာပဲ မဟုတ်လား ၊ ကော်ဖီသောက်တာ မကောင်းဖူးလို. သုတေသီ တစ်ယောက်ကပြော ၊ နောက်တစ်ယောက်က ကျန်းမာရေး အတွက် ကောင်းတယ်လို. ပြော ၊ ဘာတွေမှန်းကို မသိတော့ဖူး ၊ hand phone သုံးတာ radiation က လူ့ ရဲ့ ဦးနှောက်ကို ထိတယ်လို.ပြော ၊ နောက်တစ်ယောက်က Alzheimer disease (dementia) ဖြစ်ခြင်းမှ ကာကွယ်တယ် လို.ပြောကြပါတယ် ၊ စလုံးမှာ ကလေးငယ်တွေဆို ရင်ကျပ်ချောင်းဆိုးရောဂါဖြစ်နေတဲ့အချိန် မြန်မာပြည်က တစ်ချို.ဆင်းရဲတဲ့ ကလေးတွေ ဒီလိုပဲဖြစ်သလိုနေပြီး စလုံးက ကလေးတွေလောက် ရင်ကျပ်ရောဂါရှိတယ်လို.လည်း မတွေ. မိပါ ၊ သိပ်အသန်.လွန်ရင်လည်း နေရာတကာမှာ မကောင်းဖူးလို. ထင်မိပါတယ် ၊

    Have a great weekend !

    ReplyDelete
  11. ရေ အကြောင်းဖတ်ပြီးငယ်ဘ၀ သတိရသွားတယ်။
    ဂျူးဂျူးလေးလည်းနှုတ်ဆက်ပေးပါ။

    ReplyDelete
  12. မမက ချောပါတယ်း) ရှက်လို့ မတင်တာ ဟုတ် :)

    ReplyDelete
  13. ဂျူးဂျူးလေး သီချင်းဆိုတဲ့ ပုံ က မိုက်တယ်နော်

    ReplyDelete
  14. မောင်လူအေးMarch 7, 2011 at 5:18 AM

    ဂျူးဂျူးလေးသီချင်းဆိုတာတော်တော်ချစ်စရာကောင်းပါတယ်..အနောက်က ဟာမိုနီလိုက်ပေးတဲ့ အန်တီဆွိ အသံကလဲ ကောင်းတယ်ဗျ...ငယ်ငယ်ကကျောင်းမှာ ပင်တိုင်အဆိုရှင်လားမသိ..ဟိ
    သြစတြေးလျအကြောင်းလေးလဲ အားရင်ရေးပေးပါဦးဗျာ..
    တီဆွိဖြစ်ဖြစ် ဦးခြိမ့်ဖြစ်ဖြစ်ပေါ့...လူအေးလည်း သြစီအကြောင်းဗဟုသုတ ရချင်လို့ပါ.. ဖြစ်နိုင်မယ်ဆိုရင်ပေါ့နော်..
    အမြဲတမ်းပရိတ်သတ်တစ်ဦး.. (မောင်လူအေး)

    ReplyDelete
  15. ကိုဇော်March 8, 2011 at 1:34 AM

    ကလေးကတော့ ကလေးလိုပဲ တကယ်ကို လွတ်လွတ်လပ်လပ် ရှိတယ်။
    သိတာတွေ များလာလေလေ လူက ချုပ်တည်း ခံရတာတွေ များလာလေလေ လိုပါပဲ။

    ReplyDelete
  16. စစ်ကိုင်းတမြို့လုံးနီပါးကအဲ့ဒီမြစ်ရေကိုတကူးတကဝယ်သောက်နေကြတာလေ အန်တီဆွိရဲ့။ အဲဒိမြစ်ရေချိုချိုကြောင့်စစ်ကိုင်းက ကျွန်တော့်ကြီဒေါဆိုရင်ခု ၈၅ နစ်လောက်ရှိ့ပြီ။ အံ့သြစရာကောင်လောက်အောင်ဘာရောဂါမှမဖြစ်ဘူး။စစ်ကိုင်းတောင်ရိုးတခုလုံးကချောင်တွေ ဘုန်းဘုန်းတွေ ဆရာကြီးဆရာလေးတွေ လဲဒီမြစ်ရေနဲ့တရားဓမတွေကြင့်ကြံနေကြတာလေ။ ကဲဘာပြောမလဲ။ ကျွန်တော်ကတော့စစ်ကိုင်းရောက်တိုင်းကိုယ့်ရဲ့ immune system ကိုစမ်းတာခုချိန်ထိအောင်မြင်နေတုန်းဘဲ။ ဟဲဟဲဟဲ

    ReplyDelete