Tuesday, May 3, 2011

ကိုကြီးကျောက် အတွက် ၀မ်းနည်းမှတ်တမ်း ...

မဆွိတီတို့ လင်မယား အိမ်အပြောင်းအရွှေ့ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ အွန်လိုင်းမတက်နိုင်တဲ့ အချိန် ကိုကြီးကျောက်ရဲ့ နောက်ဆုံးပို့စ်လေး ၂ပုဒ်ကို ဖတ်လဲ မဖတ်ဖြစ်ခဲ့ ကွန့်မန့်လဲ မရေးနိုင်တဲ့ အချိန်မှာ ကိုကြီးကျောက်တစ်ယောက် မမျှော်လင့်ပဲ ဆုံးပါးခဲ့ရတယ်။ တစ်ကယ်ကို မျှော်လင့်မထားပါဘူး။ ရုတ်တရက်သိလိုက်ရတော့ အတော်ကို ၀မ်းနည်းကြေကွဲခဲ့တယ်။ အဲဒီနေ့ညက သတင်းသယ်ဆောင်လာတဲ့ ဦးခြိမ့်ကိုတဖွဖွ မေးနေမိတယ်။ ဟုတ်ရဲ့လား...သေချာရဲ့လား... မဟုတ်ပါစေနဲ့ ... မမှန်ပါစေနဲ့ ...

နောက်ဆုံး အန်တီသက်ဝေတို့ အကြည်တို့ ရေးထားတဲ့ ပို့စ်တွေ ဖတ်ရတော့ သေချာသွားပြီဆိုတာ သိရတယ်။ အားလုံးကိုပျော်စေချင်သူ ကိုကြီးကျောက် ကောင်းရာမွန်ရာရောက်မှာပါဆိုတာ ချစ်နှမ မယ်ဆွိ ယုံကြည်စိတ်ချနေပါ့မယ်ကိုကြီးကျောက် ...။ Rest in Peace ကိုကြီးကျောက် ....


ဦးခြိမ့် ဖိုရမ်ထဲမှာ ရေးထားတဲ့ ပို့စ်လေးလဲ တင်ပေးလိုက်ပါတယ်။



ကျွန်တော်မသိလိုက်ရသော သူတစ်ယောက်ရဲ့ နောက်ဆုံးခရီး.....

ကျွန်တော် သူ့ကို မသိပါ။ အွန်လိုင်းပေါ်က ဓါတ်ပုံတစ်ချို့မှလွဲ၍ သူကိုပြင်ပလောကတွင် မမြင်ဖူးပါ။ သူနှင့်လည်း အကြောင်းတိုက်ဆိုက်စကားလဲ မပြောဆိုဖူးခဲ့ပါ။ ယုတ်စွအဆုံး ဘလော့ ကွန့်မင့်များတွင်တောင်မှ သူနှင့်ရင်းနှီးခဲ့ဖူးခဲ့ခြင်း မရှိခဲ့ပါ။ သူနာမည် အရင်းကိုလည်း ကျွန်တော်မသိပါ။ သို့သော် သူ့ကို ကျွန်တော်သိနေခဲ့ပါသည်။ သူ့ကို စိတ်ထဲမှခင်မင်မိနေပါသည်။ သူသည်ဖော်ရမ်များတွင် စာရေးသားသူတစ်ယောက်မဟုတ်ပါ။ သို့သော် သူသည် ဘလောဂါများထဲတွင် ချစ်ခင်လေးစားမြတ်နိုးမှုကို ခံယူရသော ဘလောဂါတစ်ယောက်အဖြစ် လူသိများခဲ့ပါသည်။ သူ့ကို ဘလော့ရေးသူအများစုက ချစ်စနိုးခေါ်ကြသည် နာမည်က ကိုကြီးကျောက် လို့အများက ခေါ်ကြသည် ရွှေရတုမှတ်တမ်း ဘလော့ပိုင်ရှင်တစ်ယောက်ဖြစ်သည်။

ကျွန်တော်တို့ လင်မယား အပြောင်းအရွေ့များထဲတွင် အထုတ်အပိုးများဖွင့်ထုတ်ရှင်းလင်းခြင်း၊ လိုအပ်သော ပရိဘောဂများ ၀ယ်ယူကာ ရောက်ရှိလာသော ပရိဘောဂများကို ပြန်လည်တပ်ဆင်ခြင်း၊ အသိသူငယ်ချင်းများ၏ လူမှုရေးပွဲများသွားရောက်ခြင်း တို့ဖြင့် ဖောရမ်တွင်လည်း စာကောင်းကောင်းမရေးနိုင် ဆွိပိုင်ဆိုင်သော ဘလော့တွင်လည်း မှန်မှန်မရေးနိုင်၊ ဘလော့များလည်း မှန်မှန်မဖတ်နိုင်ရှိခဲ့သည်မှာ တစ်လကျော်နီးပါးမျှ ရှိခဲ့ပါသည်။ ယနေ့မှ ဘလောဂါ wesheme တို့မိသားစုနှင့် တွေ့ဆုံမိပြီးနောက် ညဖက်တွင် ဘလော့များသို့ တစ်ချက်ဝင်ရောက်မိလိုက်မှ ဘလောဂါများ၏ အကိုကြီး ကိုကြီးကျောက် ကွယ်လွန်အနိစ္စရောက်ရှိသွားကြောင်း သိလိုက်ရသည်။ လွန်ခဲ့သော ၆ရက်ခန့်က ကိုကြီးကျောက်၏ နောက်ဆုံးဘလော့ပို့စ်တစ်ခုကိုလည်း တွေ့လိုက်ရပါသည်။

ကျွန်တော် အသည်းနှလုံးက သိပ်မမာပါ။ ကိုကြီးကျောက်ကွယ်လွန်ကြောင်း ဖတ်လိုက်ရလို့ ကျွန်တော် သာမန်လူတစ်ယောက် ကွယ်လွန်သွားသကဲ့သို့ ခံစားမှုမျိုးမဟုတ်ပဲ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်သော အကိုတစ်ယောက် သူငယ်ချင်းတစ်ယောက် ဆုံးရှုံးသွားရသော ခံစားမှုမျိုး ကျွန်တော့်ရင်ထဲတွင် ခံစားမျက်ရည်ဝဲမိပါသည်။

ကိုကြီးကျောက်သည် အလွန်အင်မတန်ပျော်ပျော်နေတတ်သည်။ ဘလော့များထဲတွင် ကွန်မင့်များရေးရာတွင်လည်း သူ့ရဲ့ ဟာသဇ၀နဥာဏ်များပေါင်းစပ်၍ ဖတ်ရသူများ ဘလော့ပိုင်ရှင်များကို အပြုံးလေးများဖြစ်ပေါ်အောင်ဖန်တီးတတ်သည် သူတစ်ယောက်ပဲ ဖြစ်ပါသည်။ ကိုကြီးကျောက်ကို ကျွန်တော်သိရသည်မှာ ကျွန်တော်အမျိုးသမီး အန်တီဆွိက သူမဘလောက်များတွင် ပုံမှန်ကွန်မင့်များရေးတတ်သော သူများအကြောင်းကို ပြောပြရင်းဖြင့် ကျွန်တော်တစ်ယောက် ကိုကြီးကျောက်ကို အလိုလို ခင်မင်နေမိပါသည်။

တကယ်တော့ ကိုကြီးကျောက်သည် အသည်းကင်ဆာဝေဒနာ ခံစားနေရသော အသက် ၅၀ ကျော်လွန်ခါစ အရွယ် ဘူမိဗေဒကျောင်းဆင်း တစ်ယောက်ဖြစ်ပါသည်။ သူရဲ့ဘလော့တွင် သူရဲ့ ဘ၀ပုံရိပ်များ၊ သူရဲ့ အတွေ့အကြုံများကို အထေ့အငေါ့များဖြင့် ဖတ်သူကို ပြုံးရယ်သွားအောင်ဖန်တီး ဆွဲဆောင်တတ်သော စာရေးကောင်းတဲ့ ဘလော့ပိုင်ရှင်တစ်ယောက်ပါ။

ကိုကြီးကျောက်သည် နာမည်ကြီးစာရေးဆရာတစ်ယောက်မဟုတ်ပါ။ သို့သော်လည်း ဘလော့လောကတွင် ကိုကြီးကျောက်ဆိုလျင် ဘလော့ဂါတိုင်း ချစ်ခင်ကြသည် ဘလောဂါတစ်ယောက်ပဲ ဖြစ်ပါသည်။ အခု ကိုကြီးကျောက်တစ်ယောက် ဘလော့ဂ် မရေးနိုင်တော့ပါ။ တမလွန်ဘ၀ကို ကူးပြောင်းသွားပါပြီ၊ သို့သော်လည်း ကိုကြီးကျောက်၏ အမည်မှာ မြန်မာဘလောဂါ သမိုင်းတွင် မှတ်တမ်းအဖြစ် ကျန်ရစ်နေမည်မှာ သေချာပါသည်။

တမလွန်ဘ၀ကို ကူးပြောင်းသွားသော ဘလောဂါများ ချစ်ကြသော၊ ဘလော ညီ ညီမများကို ပျော်ရွှင်စေသော ကိုကြီးကျောက် (ရွှေရတုမှတ်တမ်း ) တစ်ယောက် ကောင်းရာသုဂတိလားပါစေ၊ ကိုကြီးကျောက်စာဖတ်ရတိုင်း အားလုံးကို စိတ်ချမ်းသာမှု ပေးသလို ရောက်လေရာဘ၀မှာ စိတ်ချမ်းသာမှုများနဲ့ ကြုံနိုင်တဲ့ဘ၀ကို ရောက်ပါစေလို့ ဆုတောင်းပေးရင်း......ကိုကြီးကျောက်ရေ.. အမျှ .. အမျှ ... အမျှ ဗျာ......

ကျွန်တော် မသိသော၊ ကျွန်တော်ရင်ထဲတွင် မသိလိုက်စွာ နေရာယူလာနေသော ဘလောဂါ ကိုကြီးကျောက်အတွက်................................ ............။

မောင်ခြိမ့်

12 comments:

  1. စာဖတ်ပြီး မျက်ရည်ကျမိပါတယ်။
    စသိရတဲ.အချိန်ကတည်းက အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ ဘကျောက်ကောင်းရာသုဂတိလားပါစေ။

    ReplyDelete
  2. ကိုကြီးကျောက် ကောင်းရာသုဂတိလားပါစေ။

    ReplyDelete
  3. တစ်နေ့ကမှ ပို့စ် အသစ် တွေ့သေးတယ် ဆိုတော့ မထင်မိပါဘူး.. တကယ်ကို ဝမ်းနည်း ကြေကွဲရပါတယ်..

    ReplyDelete
  4. ဘကျောက်တယောက် ကောင်းရာသုဂတိလားပါစေရှင်...

    ReplyDelete
  5. ကိုမောင်ခြိမ့် နဲ့ တီဆွိ ရေ.. ဆဒ်ဒနီ မှာ ပျော်ပြီလား..ကိုအန်ဒီ တို့ နဲ့ လည်း တွေ့ ပြီးပြီ ပေါ့...။ ကိုမောင်ခြိမ့် ရေးတဲ့ စာလေး ဖတ်ပြီး.. ကိုကြီးကျောက် ရဲ့.. မြို့မေတ္တာ ကို.. တွေးရင်း..၀မ်းနည်း ၀မ်းသာ ဖြစ်ရတယ် နော်..။ တကယ်တော့..ဘ၀ ဆိုတာ တိုလှပါတယ်။ ခင်မင်ချစ်ခင် မူ တွေကို.. တန်ဖိုးထားနိုင် ကြတဲ့..ဘ၀ တွေ ဖြစ်ဖို့ ပါပဲနော်..။

    ReplyDelete
  6. ကောင်းရာ မွန်ရာ ဘုံဘဝမှာ ငြိမ်းချမ်းပါစေ. . .

    ReplyDelete
  7. ဦးခြိမ့်ရေးထားတာလေး ဖတ်ရတာ ပိုဝမ်းနည်းမိတယ်...း((

    ReplyDelete
  8. အေးချမ်းရာ ရောက်နေပြီလို့ ယုံကြည်ပါတယ် အားလုံးနဲ့ ထပ်တူ ကျေကွဲမိပါတယ်

    ReplyDelete
  9. ကျန်ရစ်သူ ဆွေမျိုးသူငယ်ချင်းများ ဘလော့ဂါညီအစ်ကို ညီအစ်မများနှင့်အတူ ဝမ်နည်းကြေကွဲမိပါသည်၊
    ရောဂါကိုခံစားရင်း သစ္စာလေးပါးတရားတော်ကို ကျင့်ကြံနေသူ ကိုကြီးကျောက်တစ်ယောက်
    ကောင်းရာမွန်ရာကို ရောက်ရှိပြီး နောက်ဘဝမှာ ဒီသံသရာကလွတ်မြောက်နိုင်သူဖြစ်ပါစေ။

    ReplyDelete
  10. ဆုံးတာ ၆ရက်ဘဲ ရှိသေးတော့ ဘလော့ မောင်နှမတွေဆီ အလည်လာမလား မသိဘူး အိမ်မက်မက်ကြရင် ပြောလိုက်ကြပါ မောင်နှမတွေ အားလုံး ၀မ်းနည်းနေပါကြောင်း အမျှ ဝေကြပါကြောင်း

    (သရဲမကြောက်တတ်တဲ့သူများကို ဆိုလိုပါသည်)

    ReplyDelete
  11. ဦးပေါက်က သူ့ဘဝမှာ ရဟန်းဘဝ အကြိမ်ကြိမ်ရောက်ခဲ့ဖူးတာ
    ရယ်စရာတွေ အမြဲပြောတတ်ပြီး တူ တူမတွေကို အရမ်းချစ်တဲ့သူပါ
    ကျွန်တော်ဘန်ကောက်မှာကျောင်းတက်နေစဉ်ကာလ တလျှောက် (2000 to 2004)
    သူချက်ကျွေးတဲ့ ထမင်းဟင်းတွေပဲ စားခဲ့ရတာ
    ကျွန်တော်ဘန်ကောက်က သူ့တူအရင်းပါ။

    ဦးပေါက် ကောင်းမွန်သော ဘုံဘဝမှာ ပျော်ရွှင်နိုင်ပါစေ
    ဦးပေါက်ကို ချစ်တဲ့ တူ
    ညီလင်း

    ReplyDelete
  12. မကေရေ
    ရောက်ပါပြီ။ ခုဆို ၃ပတ်လောက်တောင်ရှိပေါ့။ ဆစ်နီမှာ ပျော်သည်လည်းမဟုတ်၊ မပျော်သည်လည်းမဟုတ် နေသားကျအောင်ကြိုးစားနေတုံးပါ။

    ကိုညီလင်းဝင်းရေ
    ဦးပေါက်တစ်ယောက် ကောင်းရာရောက်မှာပါလို့ စိတ်ချနေပါတယ်။ ဆွေမျိုးများနဲ့ထပ်တူ ၀မ်းနည်းကြေကွဲမိပါကြောင်း။

    အန်တီသက်ဝေနဲ့တကွ ကိုကြီးကျောက်အတွက် လာရောက်ဆုတောင်းကြသူများအားလုံး ကျေးဇူးအထူးတင်ပါတယ်။

    ReplyDelete