Monday, October 22, 2012

ဂျေမီကိုမောင်ခြိမ့်၏ သရက်သီးခွဲနည်း ...


အိမ်က သားအဖ၂ယောက်သည် တီဗီကြည့်တာ အင်မတန် ၀ါသနာပါသည်။ အားနေလျှင် သားအဖ၂ယောက် အိမ်ရှေ့မှာ တီဗီကြည့်နေကြပြီ။ ဂျူဂျူကဆို ပိုဆိုးသည်။ တစ်နေ့တစ်နေ့ သူ့မှာ တီဗီတွင် ဘာအစီအစဉ်တွေရှိသည်။ ဘာပြီးလျှင် ဘာကြည့်မည်။ စကယ်ဂျူးတွေက အပြည့်။  တစ်ခုခုခိုင်းပြီ၊ စာကြည့်ခိုင်းပြီဆို ဂျူဂျူ့အကြိုက်မှို့ ဒါလေးပြီးအောင်ကြည့်ဦးမည်။ ဒါလေးပြီးပြန်တော့လဲ နောက်လာတဲ့ဟာက ဂျူဂျူ့ဖေးဘရိတ်ဖြစ်နေပြန်သည်။ သူ့အမေကြီး စိတ်တိုပြီး ဟိတ်ကောင်မလေး နင်ကြည့်တာရပ်ရင်ရပ်၊ မရပ်ရင် ဘာပြုမည်၊ ညာပြုမည်၊ မေမေစိတ်ဆိုးတော့မည်၊ ခုချက်ချင်းလုပ် ဆိုမှ အမေကို ကြောက်တာနှင့် ထလုပ်ရတော့သည်။

ဒါတင်မက တီဗီကလာသည့် ကြော်ငြာများမှ စားစရာ၊ ကစားစရာ၊ အရုပ်မျိုးစုံကိုလဲ မအေကို ပူဆာတတ်သည်။ အန်တီဆွိမှာ သူတို့လောက် တီဗီမကြည့်တော့ တစ်ချို့ အပြင်က ကိစ္စတွေ၊ လိုကယ်သတင်းတွေဆို သူတို့လောက်တော့ မသိပါ။ သူတို့သားအဖ တီဗီကြည့်ပြီဆို မကောင်းတတ်၍သာ အိမ်ရှေ့ထွက် ထိုင်ရသည်။ ဆိုဖာပေါ်ထိုင် ကွန်ပြူတာတစ်လုံး ပေါင်ပေါ်တင် အွန်လိုင်းတက်ကာ  ဟိုလျှောက်ဖတ်၊ ဒီလျှောက်ဖတ်။ အများအားဖြင့် မြန်မာဆိုက်များကိုသာ သွားဖတ်သည်။ တစ်ခါတစ်ရံလဲ အလုပ်အတွက် လေ့လာစရာ ဖတ်စရာများရှိရာ အင်တာနက်ကနေ ရှာဖွေဖတ်ရှူနေတတ်သည်။
ဂျူဂျူ့ ဖေးဘရိတ် တီဗီရှိုး

ထိုသားအဖကတော့ အပြင်မှာ တစ်ခုခုဆို တီဗီ သတင်းတွေ၊ ကြော်ငြာတွေကနေ သူတို့က သိနေပြီ။  ကိုယ်ကသာ အ,တီး အ,တ။ တစ်ခါတစ်လေ အပြင်သွားရင်း သားအဖ၂ယောက် ပြောနေကြတာ၊ စကားလုံးအသစ် ထူးထူးဆန်းဆန်း၊ ဘာပြောတာတုံးဆို နားမလည်။ အဲဒါဆို ဂျူဂျူက " မေမေက တီဗီမှ မကြည့်တာ။ you should watch  TV ... " ဆို ပြောသေးသည်။ တီဗီကလာသည့် စားစရာ ဟင်းချက်သည့် ရှိုးများကြည့်ပြီး မအေကို ဟိုဟာချက်ခိုင်း၊ ဒီဟာချက်ခိုင်းလည်း လုပ်တတ်သေးသည်။ အော်ဇီတွင် ညပိုင်းတွင်  အများအားဖြင် cooking show များ၊  food show များ ပြတတ်ရာ ဒါလည်း သူတို့ သားအဖ အကြိုက် ဖြစ်နေပြန်သည်။ တစ်ခါလဲ ကွန်ပြူတာ ကြည့်နေရာကနေ ဘာရယ်မဟုတ်  တီဗီကို ခဏတဖြုတ်ကြည့်မိရာ ဟမ်မလေး သားအဖ၂ယောက် မည်သူမှ မကြည့်သည့် ကြော်ငြာချယ်နယ်ကိုပင်  တမေ့တမော ကြည့်နေရာ အန်တီဆွိမှာ အတော်ပင် သြချမိပါသည်။
ဂျေမီအိုလီဗာ ရှိုး

ဟိုနေ့ကလည်း နာမည်ကြီး  ဂျေမီအိုလီဗာ ဟင်းချက်တာ ဟင်း၅မျိုးကို နာရီဝက်နဲ့ အပြီးချက်ပြတာကို တမေ့တမော ထိုင်ကြည့်နေကြသည်။ အဲဒီရှိုးမှာ သရက်သီးခွဲပုံကို သူတို့ အလွန်ကြိုက်ကြသည်။ ဘာမှတော့ ထူးထူးဆန်းဆန်းမဟုတ်ပေမဲ့ အိမ်က အမေက သရက်သီးကို ဂျေမီအိုလီဗာ ခွဲသလိုမျိုး တစ်ခါမှ ခွဲမကျွေးဖူးတော့ သူတို့ သားအဖ၂ယောက် သူတို့ဟာသူတို့ ပြောနေကြသည်။ သရက်သီးဆိုတာ ဒီလိုခွဲရတာ။ အဲလိုလေးက လှတယ်နော် ဖေဖေ။ နောက်ဆို ဂျူဂျူ့ကို အဲလိုလေးခွဲပေး။ မေမေ အဲလိုခွဲရမှန်းတောင် မသိဘူးနဲ့တူတယ်နော်ဆို၊ သူ့အဖေကြီးကလဲ ကွန်ပြုတာမဲနေတဲ့ မအေဖက်လှည့်ပြီး သရက်သီးဆိုတာ အဲဒီလိုခွဲရကွ ဆို မကြားတကြား ပြောနေသေးသည်။
ဂျေမီအိုလီဗာ သရက်သီးခွဲနည်း။
သရက်သီးခွဲနည်း တက်ဂနိုလိုဂျီအသစ်ရလို့မှ မကြာသေး။ ဟိုနေ့က ဖလင်မန်တန်ဈေးဖက် ရောက်လို့ သရက်သီးတွေ ကပ်ပုံးလိုက်ဝယ်လာခဲ့သည်။ တပုံးလုံးမှ ၁၅ကျပ်။ ၁၅လုံးတောင်ပါသည်ဆိုတော့ တစ်လုံးမှ တစ်ကျပ်၊ ပေါ်ဦးပေါ်ဖျား ဈေးပေါသပေါ့ဆို ၀ယ်လာခဲ့ခြင်းဖြစ်သည်။ ဒီအော်ဇီက သရက်မျိုးတွေက မြန်မာပြည်ကလိုဆို မချစ်စုလို အလုံးကြီးမျိုးတွေ၊ ချိုပြီးမွှေးနေသည်။  သရက်သီးပေါ်ချိန်ဆို စင်္ကာပူကထက် အဆမတန် ဈေးပေါသည်။

ဝယ်လာပြီး နောက်နေ့ပဲ သရက်သီးတွေက အတော်မှည့်နေပြီ။ ထိုနေ့က ဂျူဂျူလေးက ကျူရှင်သွားနေသည်။ နေ့လည် ခလေးသွားမကြိုမီ သူ့အဖေက ထမင်းစားတော့မည်ဆိုသည်။ ဟင်းက ခရမ်းသီးကို ပုဇွန်ခြောက်နိုင်နိုင်နှင့် မဆလာလေးအုပ်ကာ ဆီပြန်နှပ်ထားသည်။ ပြီးတော့  ကြက်ကင်ကို အသားလေးတွေမွကာ ခရမ်းချဉ်သီး၊ ကြက်သွန်နီ ပါးပါးလှီး၊ ပူစီနာနိုင်းချင်း၊ ငရုပ်သီးစိမ်းနှင့် သံပယိုသီး မွှေးမွှေးလေးညှစ်ကာ ယိုးဒယားစတိုင် ချဉ်ငံစပ်လေး သုတ်သည်။ နောက် အိမ်မှာ အမြဲကြော်သည့် ဘာလချောင်ကြော်ရယ်ဆိုတော့ သရက်သီးနှင့်လိုက်သည်ဆိုကာ သူ့အဖေက သရက်သီး ထခွဲသည်။

ဤနေရာတွင် ဦးမောင်ခြိမ့်တို့ လက်စွမ်းပြတော့သည်။ ညက ဂျေမီအိုလီဗာရှိုးမှာ ကြည့်ထားသည့် သရက်သီးခွဲနည်းကားအတိုင်း သရက်သီးကို ခွဲကာ စားပွဲပေါ်တင်ထားသည်။ ပုံစံက သရက်သီးဆိုတာ ဒီလိုခွဲရတာကွ ဆိုသည့် စတိုင်နှင့်။ ဘေးက အူတူတူ အတတ ပိတ်သတ်ကြီးရဲ့ဇာတ်လိုက် သနားစရာ အန်တီဆွိကတော့ သူခွဲတာကြည့်ကာ အသာလေးငြိမ်နေရသည်။ 
ကဲ စားကြပြီဆိုတော့ အန်တီဆွိမှာ ခါတိုင်းဆိုလျှင်တော့ ဇွန်း၊ ခရင်းနှင့်သာ စားပါသည်။ ဒီနေ့တော့ ခရမ်းသီးနှပ်က ဗမာဟင်း၊ ဆီတွေအနှစ်တွေအများကြီးနဲ့ဆိုတော့ ဗမာပီပီ တစ်ခါတရံ လက်နှင့် အားရပါးရ နယ်ဖတ်စားချင်တော့ လက်နှင့်သာစားသည်။ သရက်သီးစားမည်ဆိုကာ သရက်သီးကို ယူလိုက်တော့ အပေါ်မှာ ပြထားသည့်အတိုင်း အခွံနှင့်တွဲရက်၊ သရက်သီးကို လက်က ဟင်းတွေပေကုန်သည်။ စားပြန်တော့လဲ အခွံကြီးနှင့် တစ်ခြမ်းလိုက်ကြီးဆိုတော့ သရက်သီးတွေက နှာခေါင်းကို လာလာထိနေသည်။ ပါးကို လာထိနေသည်။ ပါးစပ်တစ်ခုလုံးလဲ ပေပွကုန်သည်။ လက်နှင့် ခွါပြန်တော့လဲ ထင်သလောက်မလွယ်။ သရက်သီးစိတ်တွေက ကပ်နေသည်။ သရက်သီးကို လက်က ဟင်းတွေ ပေကုန်သည်။   တော်တော့ ကို အဆင်မပြေ။  ခါတိုင်းလို လှီးထားတာလေးက ယူရတာလဲ လွယ်၊ ခရင်းလေးနဲ့ ဇက်ဆို ထိုးယူစားလိုက်ရုံပဲကိုး။
အန်တီဆွိခွဲပုံက စားရလွယ်သည်။
ဦးမောင်ခြိမ့်လဲ လက်နဲ့စားတာပဲ။ သူလဲ ကိုယ့်လိုပဲ တော်တော် အဆင်မပြေဖြစ်မှာပဲ။ ဒါပေမဲ့ သူကတော့ ထုံးစံ သူမှားသွားတာကို ၀န်ခံလိုဟန်မပြ။ အတော်အဆင်ပြေနေဟန်၊ ငြိမ်ပြီးစားနေတော့ အန်တီဆွိက  မကျေနပ်ချင်တော့။ အဲသမှာ အရင်က ဖြစ်ခဲ့သည့် ပြသနာတွေပါ ဆွဲထည့်ပြီး ဗျစ်တောက်ဗျစ်တောက်က စ တော့သည်။ တော့ ... ဒီမယ် ကို မောင်ခြိမ့်ရဲ့ ... တော့် သရက်သီးခွဲနည်းက ဘယ်နှယ့်ရှိစ။ ကျုပ်မှာ စားရတာ အတော် ဒုက္ခရောက်လှသတော်။ လက်တွေလဲ ပေပွ၊ သရက်သီးလဲ ဟင်းတွေနဲ့ ပေပွ။ နှာခေါင်းတွေလဲ ပေပွ။ ဒါတောင် တော့ကြည့်ရတာ အတော် အဆင်ပြေနေပုံပဲ။ ကျုပ်အရင်က ခွဲသလိုလေးကမှ အဆင်ပြေသားနဲ့။ သပ်သပ်ရပ်ရပ် ခရင်းလေးနဲ့ ထိုးစား ဘယ်လောက် အိနြေ္ဒရလိုက်သလဲ။ ခုတော့ ကျုပ်မှာ စားနေရတာ ရစရာမရှိတော့ဘူး၊ ပေပွကုန်ပြီတော့။

ဦးမောင်ခြိမ့်ကတော့ တဟီးဟီးနဲ့ ကောင်းပါတယ်ကွ၊ စားရတာ အဆင်ပြေပါတယ်ကွ ... ဆို ခုချိန်ထိ မလျှော့ဘူး။ တော် ဟာလေ ဘယ်တော့မှ ကိုယ်မှားရင် မှားပါတယ်လို ၀န်မခံဘူး။ ဟိုနေ့ကလဲ အဲလိုပဲ။ ....(())*&&%%$##$#$%%##))*^%$$$%^^^&&&&%$#$%^^^^&#%&*%$#@#$%%((*%%$$# %^#@@^&&*&^%$#@!!#%^&***%$#$^&**^$#$^&&**&
a%%%^#@@^&&*&^%$#@!!#%^&***%$#$^&**^$#$^&&
**^R$E##$%## ..... **&&&&^76...................... ....................... ..............
.... ပြီးတော့ စားအသောက်ရှိုး ဆိုတာမျိုးတွေဟာ၊ လူတွေကြည့်အောင် အထူးအဆန်းလေးတွေ လွယ်တာလေးတွေ လုပ်ပြထားတာ။ တကယ်တန်း စားတော့ အဲလောက်အဆင်ပြေချင်မှ ပြေမှာပေါ့တော့။ အခု တော် လက်တွေ့ သိပြီ မဟုတ်လား .... %%**^R$E##$%##..... ....(())*&&%%$##$#$%%##))*^%$$$%^^^&&&&%$#$%^^^^&#%&*%$#@#$%%((*%%$$# %^#@@^&&*&^%$#@!!#%^&***%$#$^&**^$#$^&&**&a%
%%^#@@^&&*&^%$#@!!#%^&* .......... .............. .။
အမှန်တော့ သရက်သီးကိစ္စက ဒီလောက်တော့ ပြသနာမကြီးလှ။  ဟိုတစ်လောကဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုနဲ့ ပတ်သတ်ပြီး မကျေနပ်တာ ပြောချင်နေတာကြာပြီ။ ခုသရက်သီးကိစ္စပေါ်မှ ရောချပြီး အကုန်ပြောတာပဲကိုး။ သူကလဲ သဘောပေါက်ဟန်ရှိပါသည်။ ဒီဖက်က မီးမျှင့်နေပြီဆိုတော့ သူက တဟီးဟီးနှင့်သာလုပ်နေရသည်။ နောက်မှို့  အနုမြူဗုံးတွေ  ထပေါက်ကုန်တော့မည်။

ဒီလိုနှင့် ညဖက်ရောက်တော့ သားအဖ၂ယောက် နန်းခင်ဇေယျာရှိုးကို ကွန်ပြူတာကနေ လိုက်ဖ်ရှိုး ကြည့်နေရင်းကနေ ဂျူဂျူက ဗိုက်ဆာလာဟန်တူသည်။ မေမေ တစ်ခုခု စားစရာရှိလား ဆိုသည်။ အင်း ခုက fruit time ဆိုတော့ သမီး ဘာစားချင်လဲ။ ပန်းသီး၊ သရက်သီး၊ လိမ္မော်သီး ကြိုက်ရာရွေးဆိုတော့ မယ်မင်းကြီးမလေးက သရက်သီးတဲ့ဗျား။

သရက်သီးလို့ ဆိုရင်းကနေ ဂျူဂျူတို့ ခေါင်းထဲ မီးလုံးလေးဖြတ်ကနဲ လင်းသွားပုံရသည်။  မေမေ ဂျေမီအိုလီဗာလို ခွဲပေးနော်တဲ့။ သူ့မှာက စားဖို့က အဓိက မဟုတ်။ ဂျေမီအိုလီဗာခွဲသလို စားချင်သည်က အဓိက။ တစ်ခါတစ်လေ ဂျူဂျူးက  သူအဖေနှင့် သိပ်တူသည်။ အင်မတန် အတတ်ဆန်းချင်သည်။ အန်တီဆွိကလဲ  ကွန်ပြူတာ ကြည့်နေရင်းကနေ မထချင်တော့ စိတ်ထဲ ကြိတ်ဝမ်းသာသွားသည်။  အဲဒါဆို မေမေ အဲလို မခွဲတတ်ဘူး။ သမီးအဖေကို ခွဲခိုင်းလိုက်လေ ဆိုတော့ ဦးမောင်ခြိမ့်မှာ သူလက်စွမ်းပြဖို့ အချိန်ရောက်ပြီဆိုသည့် စတိုင်မျိုး လက်ခမောင်း တခတ်ခတ်၊ ဖင်တကျွကျွရှိလှသည်။ ဖေဖေခွဲတာ ဂျူဂျူလဲကြည့်ချင်တယ်ဆိုကာ သားအဖ၂ယောက် မီးဖိုချောင်ထဲ ၀င်သွားကြသည်။ ထိုမတိုင်မီ  ဦးမောင်ခြိမ့်မှာ တွေ့လား သူ့သမီးက အဲသလိုခွဲတာမျိုးမှ ကြိုက်တာဆိုသည့် အချိုးမျိုးဖြင့်  လူကို ကြည့်သွားသေးသည်။ 

ပြန်ထွက်လာတော့ မဂျူဂျူတို့ သူ့အဖေ ဂျေမီ အိုလီဗာ ခွဲနည်းအတိုင်း ခွဲထားသည့် သရက်သီးကို  ကျေကျေနပ်နပ်ကြီး စားနေလေသည်။ သရက်သီးက ဒီလိုခွဲရတာ။ ဒီလိုခွဲတာ စားလို့ပိုကောင်းတယ် ဆိုကာ ပြောနေပြန်တော့ သူ့အဖေက ဘယ့်နှယ့်ရှိစ ဆိုသည့် မျက်နှာပေးနှင့် သူ့သမီးစားတာကို ကြည့်ကာ ကျေနပ်နေသည်။ ဘာစားစား ကြောင်စာလို နည်းနည်းလေးသာစားတတ်သည့် ဂျူဂျူသည် ထိုနေ့ညက သူ့အဖေ ဂျေမီကိုမောင်ခြိမ့် ခွဲပေးသည့် သရက်သီးအလုံးကြီးကို တစ်လုံးလုံး ကုန်အောင်စားလေသတည်း။ 

ဦးမောင်ခြိမ့်တို့ အဲဒီအခါမှ ၀မ်းနည်းပက်လက်သံကြီးနဲ့ ပြောလိုက်တာက ...

"ဟမ်မလေး ငါ့သမီးရယ် ... ညည်းနဲ့မှပဲ အဖေ့မှာ စိတ်ချမ်းသာတော့တယ် ...   နေ့လည်တုံးကများ သရက်သီးကို အဲလိုခွဲမိလို့ ညည်းအမေ ငါ့ကိုပြောတာ ပိုးစိုးပက်စက် ... ရစရာမရှိဘူး..."

အန်တီဆွိမှာ ဦးမောင်ခြိမ့်ပြောပုံကို သဘောကျ၍ တဟားဟားရယ်ရင်း သူတို့သားအဖ၂ယောက် သူ့အရပ်နှင့် သူ့ဇာတ် အဆင်ပြေနေပုံကြည့်ကာ ကျေနပ်နေလေတော့သတည်း။    ။

(ပုံအချို့ကို google မှ ယူပါသည်။ Credit to original up-loader )

14 comments:

  1. ဂျူ ဂျူ ဘယ်လိုစားလဲ တီဆွိ

    သူရော ပါးစပ်တွေပေလား

    :)

    kyi

    ReplyDelete
  2. အမဖတ်သွားတယ်နော်.. အရင်ဟာတွေလဲအမြဲအားပေးတယ်. တခါတခါ ၂ခါ.၃ခါဖတ်ဖြစ်တယ်. ဝင်မရေးဖြစ်တာ..
    တီဆွိကိုအမြဲအားပေးနေတယ်. အရေးအသားကိုအရမ်းကြိုက်...
    မေ

    ReplyDelete
  3. very good post. I like it very much. Next time, Ju Ju will assign mango cutting job to daddy. TTSweet can enjoy holiday...

    ReplyDelete
  4. ချစ်ဖို့ကောင်းတဲ့ မိသားစုး)


    နောင့်

    ReplyDelete
  5. အဲသလိုခွဲရတာ အခွံခွာဖို့ပျင်းတဲ့ ကျနော့်အတွက်တော့ ပိုလွယ်တယ် တီတီဆွိရဲ့။ အဲသလိုခွဲပြီးရင် ထိပ်လေးပြားထားတဲ့ ဇွန်းသားလေးတွေနဲ့ ကော်စားရတယ်ထင်တယ်။
    ဘာပဲဖြစ်ဖြစ် အဖေနဲ့ သမီးနဲ့တော့ အဆင်ကို ပြေလို့နော် :P
    (လီယို)

    ReplyDelete
  6. ဟုတ်ပ .. ဒီနေ့တော့ ကိုယ်တိုင်ပဲ အဲသလိုခွါပေးလိုက်ရပြီး ဂျူဂျူက ဇွန်းလေးနဲ့ နွှာစားလေရဲ့။ သူ့အဖေမအားတော့ ကိုယ်တိုင်လုပ်ပေးရတယ်။ခွဲရတာတော့ လွယ်သား။

    ReplyDelete
  7. သားအဖနှစ်ယောက်ကတပါတိပေါ့လေ

    ReplyDelete
  8. T sweet ပါးစပ်မစေ.နိုင်အောင်ရယ်ပီးဖတ်သွားရတယ်။ တီဆွိလဲပျော်နေသလို ဇာတ်လမ်းလေးတွေဖတ်ရတာ ညီမတို.တွေလဲ ပျော်ရွှင်ကြပါတယ်။
    အဲလိုခွဲနည်းလဲ မြင်ပဲမြင်ဖုးတာ ဘယ်လိုခွဲရလဲ သတိမထားမိဘူး။

    ReplyDelete
  9. ဖတ်ပြီး တခွိခွိ နဲ့ ရယ်နေရတယ်... :D :D :D

    ReplyDelete
  10. ဖတ်ပြီး ပြုံးရယ်နေရတယ်။း) အစ်မဆွိက စာတစ်ပုဒ်ကို စိတ်ရှည်လက်ရှည်နဲ့ သေသေချာချာ ထောင့်စေ့အောင်ရေးတတ်တယ်နော်။ အသစ်တင်တိုင်း အမြဲလာဖတ်ဖြစ်တယ်။ ကော်မန့်သာ အမြဲမချန်ဖြစ်တာ။

    ဂျေမီကိုမောင့်ခြိမ့်လို့နာမည်ပေးတာကို အရမ်းသဘောကျတယ်။ :D

    ReplyDelete
  11. နှာခေါင်းတွေလက်တွေပေပွပြီးပြန်သွားပြီဗျို့ ....
    ချစ်ချစ်ကလည်းအဲလိုခွဲထားရင်တို့ တောင်မတို့ တော့ဘူး။
    ဒါကျအိုင်အိုရာကဂျေမီကိုမောင်ခြိမ့်တို့ ဂိုဏ်းထဲဝင်သလိုဘဲ။
    အတတ်ဆန်းပြီးလိုက်လိုက်လုပ်ကြည့်ချင်လို့ လေ။း)
    အိုင်အိုရာ

    ReplyDelete
  12. တီဆွိ ပို့စ်လေးဖတ်ရတာ... ပို့စ်အစကနေအဆုံးထိ ပြုံးနေမိတယ်...သဘောကျလိုက်တာ....:)

    ReplyDelete
  13. ဟုတ်ပ.. ခွဲထားတာကတော့လှပါရဲ့.. စားရင် အဆင်မပြေလောက်ဘူးမှန်းတယ်...
    မြသွေးလည်း Cooking Show တွေ ကြိုက်တယ်။ TVကို လုလုပြီး တမေ့တမောကြည့်တယ်။
    အိမ်ကလူတွေက မာစတာရှက်ဖ်ကြီးဆို ညာညာချက်ခိုင်းပါတယ် အစ်မဆွိရေ။

    ReplyDelete
  14. ချော(အစိမ်းရောင်လွင်ပြင်)

    Oct 27 (4 days ago)

    to me
    ချော(အစိမ်းရောင်လွင်ပြင်) has left a new comment on your post "ဂျေမီကိုမောင်ခြိမ့်၏ သရက်သီးခွဲနည်း ...":

    အဟုတ်ကို ချစ်စရာကောင်းတဲ့ မိသားစု
    ရေးလည်း ရေးတတ်ပလေ..
    အစ်မဆွိတို့ကတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ချင်စဖွယ်လေးဖြစ်အောင်ကို ရေးတတ်တယ်.

    ReplyDelete