Sunday, October 28, 2012

ဂျူဂျူနှင့် ပင့်ခ်ကာလာ ဘောလုံးပျောက်မှု အမှုတွဲ (၁)

 

" ဘောလုံးပျောက်ရင်တော့ မေမေပဲနော် ... It is not my fault ... " ဟု စူပုပ်ပုပ်ဖြင့် ပြောနေသော ဂျူဂျူလေးမှာ ပြောရင်း မျက်ရည်များ ၀ဲလျက်ရှိသည်။

ဂျူဂျူတို့အမေလဲ ကားအောက် ကုန်းကြည့်၊ ခပ်မှောင်မှောင် နှင်းဆီပင်တွေကြား ကုန်းရှာရင်း ....

" အေး .. မေမေလဲ ဒီလိုပဲ ပစ်ချလိုက်တာ ... သမီးရှေ့တင်ပဲ။ သမီးအဖေလဲ  သော့ဖွင့်နေတာ၊ သူ့ရှေ့တင် ဒီလောက်ကြီးတဲ့ ဘောလုံးတစ်လုံးလုံး ဘယ်ပျောက်သွားမှန်း မသိတာတော့ ထူးဆန်းလိုက်တာသမီးရယ် ... အမေလဲ ဘာပြောရမလဲတောင်မသိတော့ဘူး .... "

ထိုဘောလုံးကိစ္စ လူကြီးတွေအဖို့ရာတော့ ဘာမှမဟုတ်ပေမဲ့ ကာရကံရှင်ဂျူဂျူလေးကတော့ ငိုမဲ့မဲ့ဖြစ်နေပါပြီ။ သူ့သိပ်မြတ်နိုးသည့် ဘောလုံးကလေး။ ခလေးတွေက ဒီလိုပဲ စွဲမိစွဲရာ စွဲတတ်သည်။ ဒီဘောလုံးမျိုး နောက်ထပ် ၁၀လုံး ၀ယ်ပေးမည် ဆိုလဲ သူကျေနပ်မည်မဟုတ်မှန်း သူ့အမေက သိပြီးသားမှို့ ဘာမှထပ်မပြောလိုတော့။ ထို့ပြင် ယခုကိစ္စတွင် ဂျူဂျူလေး ကျေနပ်အောင် မည်သို့ပြောရမည်လဲ ဆိုသည်ထက် ဘောလုံးပျောက်ပုံ ဆန်းကျယ်လွန်း၍ အမေလုပ်သူမှာ အံ့သြတကြီးသာ ဖြစ်နေလေတော့သည်။

 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
 
ဂျူဂျူသည် မိန်းခလေးတန်မဲ့ ဘောလုံး အလွန်ကြိုက်သည်။  သူ့မှာ နဂို Nike တံဆိပ် ဘောလုံးအနီလေးရှိရာ ထိုဘောလုံးလေးနှင့် ကစားသည်မှာပဲ ကြာလှရှိပြီ။ ယခု နောက်ထပ် ဘောလုံး တစ်လုံး လိုချင်ပြန်သတဲ့။ အဲဒီဘောလုံးအနီလေးက ကြာတော့  bounce မဖြစ်တော့ဘူးတဲ့။ သူလိုချင်သည်က ကျောင်းမှာ သူ့သူငယ်ချင်း ကုလားမလေးဆော့သည့် Netball ဆိုလား၊  ဘာလား။  Netball  ကို မည်သို့ဆော့မည်လဲ မေးရာ  ရေရေရာရာ မဖြေနိုင်။  သို့ပေမဲ့ ဂျူဂျူလေးသည် လူနာအမဲခြောက်တောင်းသလို ဘောလုံးတစ်လုံးရပါမည့်အကြောင်း ပူဆာမြဲ ပူဆာလေသည်။ နေ့စဉ်ရက်ဆက် ပူဆာသည်။ ညအိပ်ချိန်တိုင်း ကပ်ချွဲကာ ပူဆာသည်။ ရှော့ပင်ရောက်တိုင်း သူ့ကို  ဘယ်တော့ Netball ၀ယ်ပေးမည်လဲ တရဆက် မေးလေရာ ကြာတော့ သူ့အမေကြီးလဲ နားပူမခံနိုင်တော့ပြီ။ တစ်ရက် အားကစားပစ္စည်းများရောင်းသောဆိုင်ရောက်ရာ သူ့စိတ်ကြိုက် Netball တစ်လုံး အမြန်ဝယ်ပေးလိုက်ရသော ဟူ၏။

ဘောလုံး အသစ်လေးသည် သူ့အခေါ် ပင့်ခ်ကာလာ အရင့်နှင့်အနုစပ်ထားသော စပ်ကျား၊ လှလှလေးဖြစ်သည်။ အိမ်က အနီရောင်အဟောင်းလေးထက် အရွယ်အစားကြီး၍ ဂျူဂျူလက်နှင့် တစ်ပိုက်စာရှိသည်။ လေမှာလည်း တင်းတင်းရင်းရင်းရှိရာ ဘောလုံးမှာ ပစ်ချလိုက်တိုင်း အမြင့်တစ်နေရာသို့ ခုန်ခုန်သွားရာ ဂျူဂျူလေးမှာ အလွန်သဘောကျလျက်ရှိသည်။ ၀ယ်လာသည့်နေ့က ဘောလုံးလေးကို တပွေ့ပွေ့တပိုက်ပိုက်နှင့် ကိုင်လိုက်၊ ပစ်ချလိုက်၊ ဖမ်းလိုက် လုပ်နေရာ သူ့အမေကြီးမှာ နောက်မှ ဖလက်တီဗီကြီးကို ထိမည်စိုး၍ ဟန့် ဟန့်နေရသည်။
 
ဂျူဂျူလေးသည် သူ့ဘောလုံး ပင့်ခ်ကာလာလေးကို အရိပ်တကြည့်ကြည့်နှင့်နေရာ နောက်နေ့ နံနက်အိပ်ရာထတွင် အလန့်တကြား ထ အော်လေသည်။ သူ့ဘောလုံးလေး ပိန်သွားသည်၊ သေးသွားသည်တဲ့။  သူ့အမေကြီး ဟင်းချက်နေရာကနေ ထ စမ်းကြည့်တော့လဲ ဘောလုံးက နဂိုအတိုင်း တင်းတင်းရင်းရင်းရှိရာ သမီးရယ် မဟုတ်ပါဘူး နဂိုအတိုင်းပါပဲဟု ဖျောင်းဖျရသည်။ ဂျူဂျူမှာကား လက်မခံ၊ သူ့ဘောလုံးသေးသွားသည်သာ တွင်တွင်ပြောနေတော့သည်။ သူ့အဖေကြီး ရုံးကပြန်ရောက်တော့လဲ ဤအကြောင်းပြောပြန်ရာ သူ့အဖေက မသေးပါဘူးသမီးရယ် နဂိုအတိုင်းပါပဲဟု ဖျောင်းဖျနေသံ ကြားရသည်။  ဂျူဂျူလေးမှာ သူ့ဘောလုံးလေးကို အလွန်မြတ်နိုးရကား ထုံးစံအတိုင်း ဥစ္စာခြောက်ခြင်း ဖြစ်မည်ဟု ကောက်ချက်ချမိပါသည်။

 ဂျူဂျူလေးသည် ခလေးပီပီ ပစ္စည်းအသစ်၊ ကစားစရာအသစ် ရတိုင်း  သူ့သူငယ်ချင်းများနှင့်အတူ ကိုင်ကာ ကစားကာဖြင့်  ကြွားချင်သည်လား မဆိုနိုင်။  ပုံမှန်အားဖြင့်တော့ သေးသေးမွှားမွှားပစ္စည်းဆို ကျောင်းသို့ယူသွားကာ ကစားလေ့ရှိသည်။ ထိုဘောလုံးမှာကား သူ့ကျောပိုးအိပ်ဖြင့်ပင် မဆန့်ရာ ကျောင်းသို့သယ်ရန် အခွင့်အရေးမရရှာ။ သို့ပေမဲ့ ယနေ့ ဘုန်းကြီးကျောင်းသွားမည်ဆိုတော့ သူဘောလုံးတွေ ကျောင်းသို့ သယ်လို့ရမည်လား ခွင့်တောင်းရာ သူ့အမေကြီးမှာ ခလေးကို နေရာတကာ မချုပ်ချယ်လို၍ ခွင့်ပြုလိုက်၏။  ဤသို့ဖြင့် အနှီဘောလုံး၂လုံးသည် ညနေဘုန်းကြီးကျောင်းသွားရာတွင် သူ့တို့သခင်မ ဂျူဂျူ့ ဘေးမှ အတူလိုက်ပါခွင့်ရကြလေသည်။

ဘုန်းကြီးကျောင်းမှာ စာသင်ကြ၊ ဆော့ကြသည်။ (ဂျူဂျူ့မှာကား သူ့ဘောလုံး၂လုံးနှင့် ခလေး၂ယောက်အမေလို ဘောလုံးတွေ ပျောက်မည်စိုး၍ ထိမ်းကျောင်းနေရသည်။ အပြန်ဘောလုံးတွေ မမေ့အောင်လဲ ယူရသေးသည်။ ) ပြီးတော့ အလှူတစ်ခု အတူသွားကြ၊ ပြီးတော့ သူငယ်ချင်းအိမ်ဝင် ကာရာအိုကေဆိုကြ  ပြန်လာတော့ ည ၁၀နာရီကျော်ပြီ။ ထုံးစံအတိုင်း အပြန်ကျ ဂျူဂျူတို့အမေ ကားမောင်းလာရသည်။ ကားနောက်ခန်းမှ ဂျူဂျူလေးကတော့ သူ့အဖေနှင့် အမေပြောသည့်စကားများကို မကြားတစ်ချက်၊ ကြားတစ်ချက်၊   အိပ်ငိုက်ရင်း လိုက် ပါလာသည်။

သို့ဖြင့် နာရီဝက်ခန့်မောင်းပြီး အိမ်ရှေ့စင်ဝင်အောက် ကားဆိုက်လာရာ သူ့အဖေမှ အိမ်တံခါး သော့ဖွင့်ရန် အရင်ဆင်းချသွားသည်။ သူ့အဖေတံခါးဖွင့်ရာ အိမ်ရှေ့က မှောင်နေ၍  မမြင်မကန်းနှင့် တော်တော်နှင့်ဖွင့်မရ ဖြစ်နေသည်။ ထိုအချိန်တွင် ဂျူဂျူလေး ကားထဲကထွက်ဖို့ပြင်တော့ သူ့မှာ လွယ်အိပ်၊ စာအုပ်၊ ဘောလုံး၂လုံး၊ အနွေးထည်တို့နှင့် ရှုပ်ရှက်ခတ်လျှက်ရှိကာ ပါးစပ်မှလည်း မေမေ ကူသယ်ပေးဦးနော်ဆို ပြောနေသည်။ ကားပေါ်ထိုင်နေဆဲ သူ့အမေကြီးမှာ  စိတ်မြန်လက်မြန်ရှိရကား ဒါများသမီးရယ်ဆိုကာ သူ့လက်ထဲမှ ဘောလုံး၂လုံးယူကာ တစ်ဖက် ပွင့်နေသောတံခါးမှ အောက်သို့ ပစ်ချပေးလိုက်သည်။ ဂျူဂျူတို့အဖေမှာလည်း အိမ်တံခါးဖွင့်မရရာ ကားမီးဖွင့်ပေးပါဦးဆို၍ ကားအင်ဂျင်ကို စက်ပြန်နှိုးကာ မီးဖွင့်ပေးမှ တံခါးက ဖွင့်၍ ရလေသည်။

ဂျူဂျူလေး ကားပေါ်မှအဆင်းတွင် ဇာတ်လမ်းကားစလေပြီ။ မေမေ ဂျူဂျူ့ဘောလုံး ပင့်ခ်ကာလာ မတွေ့တော့ဘူး။ မေမေ ရှာပေးပါဦး ... ဆိုတော့ စိတ်ထဲ ဒီရှပ်ပြာမလေးတော့ ဒီလောက်ရှင်းနေတာကြီး ရှာမတွေ့ရကောင်းလားဆို စိတ်က ဖြစ်သွားသေးသည်။ တကယ်ပျောက်လိမ့်မည်ဟု လုံးဝထင်မထား။  ကိုယ်တိုင်ဆင်းကြည့်တော့လဲ မတွေ့။ အတော်တော့ ထူးဆန်းသည်။ ဘေးပတ်ဝန်းကျင် ဟိုဖက်အိမ် ကားဂိုထောင်ဖက်များရောက်မည်လား ဆင်းကြည့် ဟိုဟိုဒီဒီ လိုက်ကြည့်၊ သစ်ပင်တွေကြားထဲ ဖြဲကြည့်တော့လဲ မတွေ့။

" ဘောလုံးပျောက်ရင်တော့ မေမေပဲနော် ... It is not my fault ... " ဟု စူပုပ်ပုပ်ဖြင့် ပြောနေသော ဂျူဂျူလေးမှာ ပြောရင်း မျက်ရည်များ ၀ဲလျက်ရှိသည်။

ဂျူဂျူတို့အမေလဲ ကားအောက် ကုန်းကြည့်၊ ခပ်မှောင်မှောင် နှင်းဆီပင်တွေကြားကုန်းရှာရင်း ....

" အေး မေမေလဲ ဒီလိုပဲ ပစ်ချလိုက်တာ၊ သမီးရှေ့တင်ပဲ။ သမီးအဖေလဲ  သော့ဖွင့်နေတာ သူ့ရှေ့တင် ဒီလောက်ကြီးတဲ့ ဘောလုံးတစ်လုံးလုံး ဘယ်ပျောက်သွားမှန်း မသိတာတော့ ထူးဆန်းလိုက်တာသမီးရယ် ... အမေလဲ ဘာပြောရမလဲတောင်မသိတော့ဘူး .... "

အိမ်ထဲဝင် မီးဖွင့်ပြီးပြန်ထွက်လာသည့် ဂျူဂျူတို့အဖေလည်း သားအမိ၂ယောက် ဘောလုံးပျောက်ရှာနေပုံကြည့်ကာ သူ့၏နာမည်ကျော်မျက်ခုံး အရှုံ့လိုက်ကြီးကို တွန့်ခါ တွန့်ခါဖြင့် မေးနေသည်။  ဘောလုံးကို ကားထဲကနေ ဒီလိုလက်လွတ်စပယ် ပစ်ချရကောင်းလားဟု အမေလုပ်သူကို အပစ်တင်နေသည်။ အမေကြီးကတော့ အော် ဒီလိုပျောက်မယ်မှန်းသိ ကျုပ်လဲ ဘယ်ပစ်ချမလဲတော် ... တော်ရော ဒီလိုပစ်ချရုံလေးနဲ့ ပျောက်မယ်များ တွေးဖူးလို့လားဟု နှုတ်သီးထော်ကာ  ပြန်ရန်ထောင်နေသေးသည်။

ဘာပဲပြောပြော ဘောလုံးကား ထူးဆန်းစွာ ပျောက်ချင်းမလှ ပျောက်လေပြီ။ ငယ်ငယ်က အတွေးဆိုလျှင်ဖြင့် ညမှောင်မှောင် နတ်ဖွက်သည်လား၊ ပယောဂလား၊ ဘာလား ထင်ချင်စရာ။   ဘောလုံးပစ်ချချိန်နှင့် ဂျူဂျူကားပေါ်ကဆင်းချိန် စက္ကန့်ပိုင်းသာကြာသည်။ ထိုဘောလုံး ဘယ်ပျောက်သွားသနည်း။    ။

ထိုဘောလုံးပျောက်ပုံကို စုံထောက်ဝထ္ထုလို အမှုကို ပြန်လေ့လာမည်ဆိုပါက

မှုခင်းဖြစ်ပွားပုံ
ည ၁၀နာရီခွဲခန့် မှောင်နေသည့် အိမ်ရှေ့စင်ဝင်ဝတွင် ကားရပ်ထားသည်။ ကားပေါ်မှ ကားမောင်းသူဒရိုင်ဘာနေရာတွင် အမေလုပ်သူထိုင်နေသည်။ တရားခံ အမေမှ  တခြားတစ်ဖက် ပွင့်နေသော တံခါးမှ ဘောလုံးတွေကို ပစ်ချသည်။ ကားပေါ်မှ တရားလို သက်သေ သမီးဖြစ်သူက ဆင်းသည်။ သူဆင်းပြီးပြီးချင်း ဘောလုံးအနီလေးသာ တွေ့သည်။ ဘောလုံး ပန်းရောင် ရှာမတွေ့တော့။
ထိုအချိန် အရေးကြီး အထူးရှယ်သက်သေ အဖေလုပ်သူက ကားဘေးနား တစ်မီတာခန့် အကွာတွင်ရှိ အိမ်တံခါးကို မမြင်မကန်း ကြိုးစားပမ်းစားဖွင့်လျက်ရှိသည်။ ထိုသူသုံးဦးကြား စက္ကန့်ပိုင်းအတွင်း အနှီဘောလုံးပန်းရောင်မှာ ပျောက်ချင်းမလှပျောက်သွားခြင်းဖြစ်သည်။

ဘောလုံးပျောက်ရာ မြင်ကွင်း ...






ပိတ်သတ်ကြီးရော ဂျူဂျူ့ဘောလုံး စက္ကန့်ပိုင်းအတွင်း မည်သို့ မည်ပုံ ပျောက်သွားသည် ထင်ပါသနည်း။ အဖြေကတော့ သိပ်မခက်လှချေ။

ပဟေဠိ အဖြေညှိရန် ရှေ့ပို့စ်တွင် ဆက်ပါမည် .... မျှော် ...း)))



24 comments:

  1. ကားအောက်ဝင်သွားတာထင်တယ်

    ReplyDelete
  2. စိတ်ဝင်စားစရာ အမှုတွဲပါပဲ..ဆက်ပါဦး တီတင့်ရေ..

    ReplyDelete
  3. ကန်အားကောင်းတော့  ဟိုးကားနောက် က လမ်းထဲလိမ့်သွားပြီနဲ့ တူတယ်

    ReplyDelete
  4. မြင့်မိုOctober 28, 2012 at 1:31 PM

    နာမည်ကျော်မျက်မှောင်ကြုတ်ကြီး..ညက်လုံးထဲမှာတန်းကနဲမြင်အောင်ရေးတတ်တဲ့ တီဆွိ...ဆက်ရန်ကိုမျှော်နေပါတယ်...

    ReplyDelete
  5. ကုန်းလျှောကနေ အောက်ကို တောက်လျှောက် လိမ့်သွားတယ်နဲ့ တူပါတယ်..
    ကဘာမြေကြီးရဲ့ ဆွဲငင်အားဆိုလား..ဘာလား..
    =P
    -m

    ReplyDelete
  6. I won't say anything because I wanna listen more story from my favorite SarPaLinn Sweet Sweet.

    ReplyDelete
  7. အမြန်ဆက်ပါတီဆွိရယ်... :)
    မေ

    ReplyDelete
  8. ကားထဲပြန်ခုန်ဝင်သွားပါတယ်ကွယ် ဟိဟိ
    ခင်ဘုန်း

    ReplyDelete
  9. ပစ်ချလိုက်ပေမယ့် တစ်လုံးက ကားကြမ်းပြင်မှာ ကျကျန်ခဲ့တာ :D

    ReplyDelete
  10. ဟုတ်တယ် .. ကားထဲ ပြန်ဝင်သွားတာဖြစ်လောက်တယ်.. တီဆွိက.. စာဖတ်သူတွေကို စုံထောက်ကြီး ဦးစံရှား ဦးနှောက်ကို သုံးခိုင်းတတ်တယ်... :)

    ReplyDelete
  11. အိမ်ထဲဝင်သွားတာ...

    ReplyDelete
  12. လျှောဆင်းသွားတယ် ထင်တယ်

    ကြည်စန္ဒာ

    ReplyDelete
  13. အခင်းဖြစ်ပွားချိန်မှာ ဦးခြိမ့် သည်ပုဆိုးဝတ်ထားသလား..ဘောင်းဘီဝတ်ထားပါသလား :D

    ReplyDelete
  14. ဘောင်းဘီ ၀တ်ထားပါသည် ခင်ညာ။ ပုဆိုးထဲဝင်သွားတယ်ပြောမလို့လား ...း)

    ReplyDelete
    Replies
    1. တကယ်တော့ အန်တီဆွီ ပြစ်ချလိုက်တဲ့ အရှိန်ကြောင့် bounce back ဖြစ်ပြီး ကားထဲကို ပြန်ဝင်သွားတာပါ... အိုင်ပီဆွီ... ဟီးး.. ရွှီးကြည့်တာပါ...
      ချားပုလင်း ပုလင်းထောင်

      Delete
  15. အန်တီဆွိမအားလို့ ပို့စ်မတင်နိုင်သေးလို့ အဖြေမပေးနိုင်သေးတာ ခွင်လွှတ်ကြပါ။ မနေ့ညကပဲ သမီးကို ဒီပို့စ်လေး ဖတ်ပြနေတာ။ ဂျူဂျူလေးက ဒီနေ့ကျောင်းမသွားခင် ပြောသွားတာ။ မေမေ မြန်မြန်ဖြေလိုက်တော့လေတဲ့။ တစ်နေကုန်မအားလို့ မနက်ဖြန်လဲ ရုံးသွားရမှာမှို့ အေးဆေးကျမှ ပို့စ်တင်ပေးပါမည်။ တစ်ချို့တွေဖြေထားတာ အဖြေမှန်ပါသည်။

    ReplyDelete
  16. ဟီဟိ. တချို.တွေဖြေထားတာ အဖြေမှန်ပါသည်ဆိုတော. “ ကားထဲဝင်သွားတာနဲ. ကုန်းလျှောကိုလိမ်.ဆင်းသွားတာ” ၂ခုထဲမှာ တခုခုတော.ဖြစ်မယ်ထင်တယ်။

    ReplyDelete
  17. သူများတွေမှန်ကုန်ပြီ။
    မလွဲအောင်လိုက်ဖြေမှ။
    သူလိမ့်ချင်ရာလိမ့်ပြီးခုန်ချင်ရာခုန်သွားပါသည်။ သို့ သော်မထင်မှတ်သောနေရာဖြစ်ရပေမည်။
    တာဝန်ကျေပြီး...
    ပုံ..အိုင်အိုရာ

    ReplyDelete
  18. ကားထဲကိုခုန်ဝင်သွားတယ်လိုထင်တယ်
    အမှတ် ၂ ပြီးရင် ၃လာမှာလား မေးပို့လိုက်တယ် ရလား

    ReplyDelete
  19. များများရေးပါ

    ReplyDelete
  20. bounce back ဖြစ်ပြီး ကားထဲကို ပြန်ဝင်သွားတာ ဖြစ်မယ်ထင်တာပဲ အစ်မဆွီတီရေ .....:)

    ReplyDelete
  21. လာပါတော့ ဗျို့ 

    အပိုင်းဆက်စောင့်နေပါတယ်

    ကိုရီးယားကားလိုပါလား....

    ksdr

    ReplyDelete
  22. pink color? it looks like a purple for for me

    ReplyDelete