Wednesday, November 14, 2012

ပြား ၈၀ အန်တီဆွိ ...


အရင်က ပြား၂၀ မဆွိတီ ဆိုတဲ့ပို့စ်လေး ရေးဖူးပါတယ်။ အဲဒါလေး အရင်ဖတ်ကြည့်ကြပါဦး။

အန်တီဆွိ ရုံးမှာထိုင်တဲ့နေရာနဲ့ ဘေးချင်းကပ်ရပ် လမ်းကလေးသာခြားတဲ့ နေရာမှာ ကောင်မလေးတစ်ယောက်ရှိတယ်။ ကောင်မလေးသာပြောတယ် အသက်ကတော့ ၃၅-၄၀ ပတ်ဝန်းကျင်လောက်ပေါ့။  ဆံပင်တိုတိုနဲ့ဆိုတော့ လူက ငယ်ပုံပေါက်တယ်။ မျက်နှာကတော့ တရုတ်နဲ့ခပ်ဆင်ဆင်။ ရောက်စ ကိုယ်လဲ အလုပ်နဲ့ ရင်နှီးဖို့ ကြိုးစားနေရတာနဲ့ သေချာတော့ သတိမထားမိပါဘူး။ သူကလဲ ခပ်တည်တည်ပဲဆိုတော့ မိတ်လဲ မဆက်မိဘူး။ တစ်ရက်တော့ သူက လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ အင်္ဂလိပ်လိုပြောနေတာ။ သူ့ရဲ့ အင်္ဂလိပ်လေသံက ကိုယ်ရင်းရင်းနှီးနှီး ကြားဖူးတဲ့ လေသံမျိုးဖြစ်နေတယ်။ ဒါပေမဲ့လဲ အလုပ်ထဲသာ စိတ်ကရောက်နေတော့ မေ့မေ့ပျောက်ပျောက်ပါပဲ။

တစ်ရက်တော့ အလုပ်မှာ ကုန်းလုပ်နေရင်းနဲ့ နားထဲမှာ မြန်မာလို စကားပြောသံ သဲ့သဲ့ကြားရတော့ ရုပ်တရက် နားကအလိုလို စွံ့ပြီးသား၊ မျက်လုံးက စကားပြောသံကြားတဲ့ နေရာကို ရှာဖွေနေပြီးသားဖြစ်သွားတယ်။ လက်စသတ်တော့ ဘေးက ကောင်မလေးက ဗမာလို ဖုန်းနဲ့ ပြောနေတာပါလား။ သူမြန်မာပါလားဆို သိလိုက်ရတော့ အရမ်းအံ့သြသွားတယ်။  ရုံးမှာလုပ်တာ ၃-၄ ပတ်ရှိပေမဲ့ မြန်မာအချင်းချင်း မသိကြဘူး။ 

ဒါနဲ့ ဒါမျိုးဆို ထီးကလေးဆောင်းပြီး စောင့်နေတဲ့ အန်တီဆွိက သူဖုန်းချချချင်းပဲ သူ့နေရာလှစ်ကနဲ ရောက်သွားပြီး ပြုံးပြုံး ... ပြုံးပြုံးနဲ့ မိတ်ဆက်ပါလေရော။ 

" အစ်မလား ... ညီမလားတော့ မသိဘူး ...  မြန်မာလိုပြောနေသံကြားလို့ ။ တွေ့နေတာတော့ကြာနေပြီ။ တရုတ်အောက်မေ့နေတာ ...."

ဟိုကလဲ အင်မတန် အံ့သြသွားတဲ့ ပုံနဲ့  ... ပထမတော့ ဘာပြန်ပြောရမှန်းတောင်မသိ အူကြောင်ကြောင်ဖြစ်နေသေးတယ်။ ပြီးမှ

"ဟုတ်ကဲ့ အစ်မ ... ကျွန်မလဲ တွေ့နေတာ ... မြန်မာမှန်းမသိဘူး ..ဟီး ...."

ဒီလိုနဲ့ မိတ်ဆက်ကြပြီး သူဟာလဲ ကိုယ်တွေလိုပဲ RIT ကပြီးတဲ့ အင်ဂျင်နီယာ၊ ကိုယ့်ထက် ၃နှစ်လောက် ဂျူနီယာကျတဲ့ ညီမတစ်ယောက်ဆိုတာ သိလိုက်ရတယ်။ တစ်ကျောင်းထဲကဆိုတော့ စိတ်က ခင်မင်လက်စလဲရှိနေတော့ ကိုယ်သိတဲ့သူတွေ သူသိတဲ့သူတွေ အပြန်အလှန်ပြောကြရင်း ခင်သွားတော့တာပဲ။ နောက်ပိုင်းတော့ သူဟာ မသိခင်သာ ခပ်တည်တည်နေပေမဲ့ သိသွားတော့လဲ ခင်စရာကောင်းတဲ့ ညီမတစ်ယောက်ဖြစ်တယ်ဆိုတာ သိရပါတယ်။

ဟိုတစ်လောကလဲ ထမင်းစားခန်းထဲမှာ ထမင်းစားနေရင်းနဲ့ မလေးရှားက ကောင်မလေးတစ်ယောက်နဲ့ စကားလက်ဆုံကျတော့ production ဖက်မှာ မြန်မာတွေ ရှိတယ်ဆိုပြီး ဗမာနာမည်တစ်ခုပြောပြလာတယ်။ သူပြောတာတော့ production ဖက်မှာ ဗမာ ၄ယောက်လောက်ရှိတယ် ပြောတယ်။ ခုချိန်ထိတော့ အဲဒီဖက် မသွားရသေးတော့ မကြုံသေးဘူးပေါ့။ စင်္ကာပူလို ဗမာပေါတဲ့ အရပ်မှာ အလုပ်လုပ်တုံးကတောင် အလုပ်ထဲမှာ ဗမာနဲ့ကြုံတာ အင်မတန်နည်းတော့ ဒီကုမ္ပဏီမှာ မြန်မာတွေ တော်တော်ပေါပါလားဆို အံ့သြနေတာပေါ့။

မနေ့ကတော့ အန်တီဆွိလဲ ကိစ္စလေးတစ်ခုရှိတာနဲ့ အောက်ထပ်က HR နဲ့ Finance ဌာနတွေဖက်ကို ဆင်းလာခဲ့တယ်။ အောက်ရောက်တော့ ကိုယ်တွေ့ချင်တဲ့ သူက အခန်းတံခါးပိတ်ထားတာနဲ့ ဘေးဖက်အခန်းက ကောင်မလေး တစ်ယောက်တွေ့တာနဲ့ ၀င်မေးတာပေါ့။

 " ဆူဇန်လဲ မတွေ့ဘူးနော်။ ဒီနေ့ သူမလာဘူးလားမသိဘူး.." ဆို အင်္ဂလိပ်လို မေးလိုက်တာ။

ခလေးမလေးက အသက် ၂၀-၂၅ လောက်ရှိမယ်ထင်တာပဲ။ အေရှတော့ အေရှရုပ်ပဲ။ ဆံပင်လေးကို အကုန်အပြောင်သိမ်းပြီး အပေါ်မှာ ဆံထုံးတော်ကြီး တမာသီးနဲ့။ အသားအရေလေးက ကြည်ကြည်လင်လင်နဲ့ မျက်နှာလေးက ချစ်စရာလေးရယ်။ သူက အန်တီဆွိစကားဆုံးဆုံးချင်းပဲ ...

" အန်တီက မြန်မာလားမသိဘူးနော် " တဲ့ ဆိုပြီး ဆူဇန် ဒီနေ့ နေ့ဝက်ခွင့်ယူထားတယ်ဆိုပြီး ဗမာလို ပီပီသသကြီး ပြောပါလေရောဗျာ။ နောက်ပြီး ဟိုနေ့က မxxx ကပြောနေတာ R&D မှာ မြန်မာ အသစ်ရောက်နေတယ်တဲ့ ပြောနေတာကြာပြီ။ အဲဒါ အန်တီ့ကို တွေ့တော့ အန်တီပဲ ဖြစ်ရမယ်ဆိုပြီင်္း မေးကြည့်တာတဲ့ဗျား။

ဒါနဲ့ သူနဲ့လဲ သူ့အကြောင်း၊ ကိုယ့်အကြောင်း အလုပ်အကြောင်း စပ်စုကြရင်း အလ္လာပ သလ္လာပ စကားလက်ဆုံကျနေကြတယ်။ ခလေးမလေးရဲ့ လေသံ accent က တကယ့်ကို အော်ဇီမတစ်ယောက်နဲ့ မခြားပါဘူး။ ၀တ်တာစားတာ၊ ပြင်ဆင်ထားပုံ ရုပ်ရည်တွေဟာ ကြည့်ရုံနဲ့ ဗမာမှန်း လုံးဝခန့်မှန်းလို့မရပါဘူး။ သူဟာ ၁၃နှစ်ကတည်းက ဒီရောက်နေတာဖြစ်ပြီး ဒီမှာလုပ်နေတာ ၂နှစ်ရှိပြီဖြစ်တဲ့ အကြောင်း၊ သူနဲ့အတူု ဒီအခန်းထဲက finance ဌာနမှာ နောက်ထပ်မြန်မာ တစ်ယောက်လဲ ရှိကြောင်း ပြောပြပါတယ်။

 နောက်သွားခါနီးတော့ စပ်စုချင်တာနဲ့ မေးလိုက်တာ။

" ဟင် ဒါနဲ့ အစ်မကိုမြင်တာနဲ့ ဘယ်လိုလုပ်မြန်မာမှန်း သိလဲ ... အစ်မက ဗမာရုပ်တော်တော်ပေါက်လို့လား " ဆိုတော့

 သူက ဟုတ်တယ် အစ်မပုံက ကြည့်တာနဲ့ ဗမာမှန်း အရမ်းသိတာတာပဲတဲ့။

သူပြောတော့ အန်တီဆွိမှာ ရယ်လိုက်ရတာ။ စင်္ကာပူမှာတုံးက တစ်ချိန်လုံး တရုတ်နဲ့ မှားနေလို့ ဖြေရှင်းနေရတဲ့သူက ကျေပဲ မကျေနပ်သလိုလို စိတ်ထဲမှာ ဖြစ်သွားသေးတယ်။ ပြီးမှ အော် ဗမာသွေး ပြား၈၀တောင်ပါတာ ဗမာမှန်း သိသာတာ ဆန်းသလားလို့သာ ခပ်ဖော့ဖော့လေး တွေးရင်း ပြုံးလိုက်မိပါတော့တယ်။ ။

ပြား ၈၀ အန်တီဆွိ



14 comments:

  1. တီဆွိက ထီးဆောင်းစောင့်ရကြိုးနပ်ပါတယ်..
    ဗမာ တွေနဲ့ တွေ့ရလို့လေ...
    ဒီမှာများ တဲထိုးပြီးစောင့်နေရတယ်ကွယ်းး((

    ReplyDelete
  2. မြန်မာမှန်း တန်းသိ ခံရတာ ကံကောင်းတယ် မှတ်ပါ..
    ဒီမှာ ခဏခဏ အမေးခံရတယ်..ကမ္ဘောဒီးယား က လားတဲ့..
    ရယ်ရမလို ငိုရမလို..
    =(
    -m

    ReplyDelete
  3. အင်း အမရေ ဒီမှာတော. 'ဖ' ထင်နေကြတယ်

    ReplyDelete
  4. ဟယ်...တီဆွိကကျပ်မပြည့်ဘူးပေါ့နော်...ခုမှတိတယ်...ဟိ..းP

    ReplyDelete
  5. ဟီးဟီး ပြား၈၀တီဆွိနော်
    ဟိုကောင်မလေးက စတွေ.တွေ.ချင်းမှာ “အန်တီ” ခေါ်တာကို၊ တီဆွိက သူ.ကိုယ်သူ “အစ်မ”တဲ. ..ဟင်း....

    ReplyDelete
  6. 20% or 80%...it doesn't matter...but I'm sure you are 100% SWEET...

    ReplyDelete
  7. တီဆွိ


    လှပြီးသား


    ကြည်စန္ဒာ

    ReplyDelete
  8. အော်ဇီ လိုနေရာမျိုးမှာ တစ်ရုံးထဲမှာ မြန်မာတွေ အများကြီးနဲ့ သွားတွှေ့ရတာ ပျော်စရာကြီး တီဆွိရာ :)

    ReplyDelete
  9. စကားပြောဖေါ်ရတာကောင်းတာပေါ့
    comment လုပ်လို့ ရပြီ
    ကျေးဇူးပါ

    ReplyDelete
  10. Anonymous

    4:37 AM (16 hours ago)

    to me
    Anonymous has left a new comment on your post "ပြား ၈၀ အန်တီဆွိ ...":

    u look good..
    :)
    Anne

    ReplyDelete
  11. mstint

    10:04 PM (22 hours ago)

    to me
    mstint has left a new comment on your post "ပြား ၈၀ အန်တီဆွိ ...":

    တီတင့်မောင်လေးလည်းသြစီမှာရှိတယ် ဆွိတီ သူ့ရုပ်ကတော့ မြန်မာရုပ်လုံးဝမထွက်ဘူး ကျွေးမေမေနဲ့တူတော့ ပေါ်တူဂီရုပ်ဖြစ်နေတယ်း)
    စကားမစပ် ဆွိတီခေါင်းပေါ်ကပန်းကြီးလှလိုက်တာ လူနဲ့ပန်းအလှချင်းပြိုင်နေတယ် (မုန့်ကျွေး :P)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  12. TT Sweet လှတယ် ကပြားမို့ ထင်တယ် ပိုချောတယ်

    TT ချောဆွီ လို့ ခေါ်မယ်။

    Family ရှိသွားပြီလား?

    အာပျိုကြီးပဲလား?

    အခု YGN ပြန်ရောက်နေပြီလား?

    တခုခုကျွေးရင်း ဧည့်ခံချင်လို့ ပါ။

    ReplyDelete
  13. TT Sweet လှတယ် ကပြားမို့ ထင်တယ် ပိုချောတယ်

    TT ချောဆွီ လို့ ခေါ်မယ်။

    Family ရှိသွားပြီလား?

    အာပျိုကြီးပဲလား?

    အခု YGN ပြန်ရောက်နေပြီလား?

    တခုခုကျွေးရင်း ဧည့်ခံချင်လို့ ပါ။

    ReplyDelete
  14. TT Sweet လှတယ် ကပြားမို့ ထင်တယ် ပိုချောတယ်

    TT ချောဆွီ လို့ ခေါ်မယ်။

    Family ရှိသွားပြီလား?

    အာပျိုကြီးပဲလား?

    အခု YGN ပြန်ရောက်နေပြီလား?

    တခုခုကျွေးရင်း ဧည့်ခံချင်လို့ ပါ။

    ReplyDelete