Saturday, May 9, 2009

စုံစီနဖာ အညွှန်း ...

ပန်းသုံးပွင့်၏ ချစ်အိမ်မက်



ကြည့်ပြီးကြပြီလားတော့ မသိဘူး။ ကျူးပစ်ထဲက ညီမလေးတွေ ပြောနေလို့ ကြည့်ဖြစ်သွားတာ။ ဟောဒီဗွီဒီယိုလေး ။ အရမ်းရယ်ရတယ်။ စိုးမြတ်သူဇာရယ်၊ မို့မို့မြင့်အောင်ရယ်၊ ထွန်းအိနြာဗိုလ်ရယ် အပျိုကြီး ၃ယောက်ဇာတ်လမ်း။ ရဲအောင်က အခြောက်ကြီးတော့ ။ ရယ်ရလို့ အူတက်တော့မယ်။ အဲလိုကို မရယ်ရတာကြာတော့ ရယ်ရတာတောင် တော်တော်အရသာရှိသလိုပဲ။ အရယ်ကလဲသန်တော့ ကိုယ်တစ်ခါအော်ရယ်လိုက်တိုင်း အပြင်ကလူက ကိုယ့်ကိုဘာဖြစ်တာလဲဆို လာလာ မေးနေရတယ်။

မင်းသမီးကြီးတွေဆိုတော့ သရုပ်ဆောင်ထားတာလဲ အတော်ကောင်းပါတယ်။ ပြေတီဦးဆိုတဲ့ မင်းသားလဲပါတယ်။ နာမည်သာကြားဘူးတာ။ ဒီတစ်ခါပဲကြည့်ဘူးသေးတယ်။ သရုပ်ဆောင်မဆိုးပါ။ အပျိုကြီးတွေ ကြည့်သင့်တယ်။
ဒီလင့်ခ် လေးကို ကလစ်ကြည့်နော်။ အရမ်းကြီးတော့ မကြည်ဘူး။ ဒါပေမဲ့ကြည့်လို့ ရမယ်ထင်တာပဲ။

ထမင်းပေါင်း
ဟိုနေ့က ပင်နစူးလားက မြနန္ဒ္ဒာမှာ စားခဲ့တဲ့ ထမင်းပေါင်းပါ။ အသားတွေ အသီးအရွက်တွေအများကြီး။ တစ်ပွဲ၎ကျပ်ပါ။ ကောင်းမှကောင်း။

မုန်ညင်းစောဟင်း
ဒါကလဲ မုန်ညင်းစောဟင်းတဲ့။မြနန္ဒ္ဒာကပဲ။ ကြားပဲကြားဘူးတာ။ မစားဘူးလို့ မှာစားကြည့်တာ ချိုချဉ်လေး။သူလဲ ကောင်းမှကောင်းပဲ။


Botak Jones
ဗိုလ်စာ ကြိုက်တတ်သူများ ဈေးပေါပေါနဲ့ ကောင်းကောင်းစားချင်ရင် စလုံးမှာ outlet ဆိုင်တွေ အများကြီးရှိနေပါပြီ။ ၇ကျပ်ကနေ ၁၀လောက်အထိဆို တော်တော့်ကောင်းကောင်း စားနိုင်ပါပြီ။ဟော်ကာစင်တာတွေမှာ ရောင်းတာပါ။ ဒါကြောင့်လဲ ဈေးချိုတာပါ။ ဂျူရောင်းမှာဆို ဘွန်လေး ရှော့ပင်းဆန်တာ၊ မြန်မာဆိုင်နားမှာ တစ်ဆိုင်ရှိပါတယ်။ Clementi မှာတစ်ဆိုင်၊ Ang Mo Ki0 မှာလဲ ရှိပါတယ်။ တစ်ခြားနေရာတွေမှာလဲ အများကြီး ရှိပါတယ်။ အသေးစိတ်သိချင်ရင် ဒီမှာ ဖတ်ပါ။

အိမ်မှာ ဗမာဟင်းတွေပဲ ချက်စားတော့ တစ်ခါတရံ ဗိုလ်စာစားချင်ပြီဆို Botak Jones မှာ သွားစားလေ့ရှိပါတယ်။ Clementi ကတော့ လူအရမ်းများပြီး တန်းစီရပါတယ်။ ဘွန်လေးကဆိုင်ကတော့ လူအတော်ရှင်းပါတယ်။ ဘေးက ကေတုဆိုတဲ့ မြန်မာဆိုင်ကတော့ လူအတော်စည်ပါတယ်။ အဲဒီဆိုင်က ၀က်ခေါင်းသုတ်နဲ့ ၊ မယ်ဇလီဖူးသုတ် ကောင်းပါတယ်။ကိုယ့်အိမ်ကလူစားလို့ ကပ်မြည်းကြည့်တာပါ။ ဓာတ်ပုံကတော့ အစားငန်းနေလို့ မရိုက်ခဲ့ရဘူး။ အင်တာနက်ကရှာထားတဲ့ ပုံလေးတွေသာကြည့်ပါတော့။



သူ့ portion ကတော်တော်များပါတယ်။ တစ်ခါတစ်ရံပဲ စားတာကောင်းပါတယ်။ နောက်မှို့ဆို အမေတို့ခေါ်တဲ့ ဘုတ်အီးမဆိုတဲ့ နာမည်နဲ့ လိုက်သွားမှာစိုးလို့။

Henderson Waves
ရောက်ဘူးကြပြီလားတော့ မသိဘူး။ Mount Faber Park နဲ့ Telok Blangah Hill Park ကို ဆက်ထားတဲ့ တံတား၊သိပ်လှတဲ့ နဂါးပုံနဲ့တံတားပါ။ တံတားပေါ်ရောက်တော့ တောတောင်စိမ်းစိမ်း၊ တွေကြည့်ရင်းနဲ့ စိတ်ကိုလန်းဆန်းလာစေတယ်။ လေပြေလေးကလည်းတဖြူးဖြူးနဲ့၊ အပေါ်မှာ သစ်သားတွေ ခင်းထားတာဆိုတော့ ဖိနပ်တွေချွတ်ပြီး လမ်းလျောက်ကြတာ ပျော်စရာလဲကောင်းတယ်။ ဓာတ်ပုံရိုက်လို့လဲလှတယ်။ တံတားပေါ်မှာ အပန်းဖြေစရာ ထိုင်စရာတွေလဲ အများကြီးပဲ။ ညနေပိုင်းတို့၊ ညပိုင်းတို့သွားတာပိုကောင်းပါမယ်။ တစ်ချို့ဆို ညလုံးပေါက်တောင် သွားထိုင်ကြတယ်ဆိုလား။ မြေပုံလင့်ခ်ပါ။






တံတားပုံတွေမှာ အောက်ဆုံး၂ပုံကတော့ ကိုယ်တိုင်ရိုက်ထားတာဖြစ်ပြီး ကျန်တာတွေကတော့ အင်တာနက်ထဲကပါ။

Friday, May 8, 2009

ပန်းတွေနဲ့ဝေ ...

လက်တည့်စမ်းထားတဲ့ ပန်းပုံလေးတွေ တင်လိုက်ပါတယ် ...




























Tuesday, May 5, 2009

ကြုံရဆုံရ ... အလွဲများ ....

ရယ်စရာလေးတွေ ရှိရင်လာပြောပြမယ်ဆိုင်္ပြီး ခုချိန်ထိရယ်စရာက မတွေ့တော့ အရင်ရေးထားတာလေးတွေ ပြန်တင်ပေးလိုက်ပါတယ်။ ဟာသဆိုတာထက် အလွဲလေးတွေပါ။


ဖိနပ်လှလှ ...
မနေ့က အိမ်မှာနေတဲ့ မောင်လေးတစ်ယောက် မြန်မာပြည်ကပြန်လာတော့ သမီးရဲ့အဖွားက သူ့မြေးမအတွက် ဗမာကတီပါဖိနပ်ကလေးတစ်ရံ လူကြုံပေးလိုက်တယ်လေ ... ဖိနပ်ကလေးက ကတီပါအညိုတောက်တောက်မှာ ဘော်ကြယ်ရောင်စုံလေးတွေနဲ့ သိပ်လှတော့ မိဂျူဂျူတို့ အကြိုက်ပေါ့။မနေ့က တစ်နေ့လုံး အိမ်ပေါ်မှာတင် အဲဒီဖိနပ်တဂွက်ဂွက်စီးပြီး အိမ်ကလူတွေ လျှောက်ကြွားနေတော့တာပဲ ...

ဒီနေ့နေ့လည်တော့ သူ့အဖေက ထုံးစံအတိုင်း တီဗွီကြီးဖွင့်ပြီး တစ်ဝက်တစ်ပျက်မှာ အိပ်ငိုက်နေလေရဲ့ ... အဲဒီမယ်သမီးက သူ့အဖေ အိပ်ငိုက်နေတာမသိပဲ အဲဒီဖိနပ်စီးရာကနေ သူ့ဘောင်းဘီရှည်တစ်ဖက်ကိုလည်း ဒူးဆစ်ပေါ်အောင်လှန်ပြီး "ဖေဖေ ဒီမှာကြည့်" ဆိုပြီး သူ့အဖေကိုပြပါတယ် ... ဖအေလုပ်သူက အိပ်ငိုက်နေရာက ရုတ်တရက် သမီးဖြစ်သူက ကြည့်ဆိုတော့ ဖိနပ်လေးကို ကြည့်ပြီး ... မျက်နှာလိုအားရ "အေး အေး ... လှလိုက်တာသမီးရယ် ... သမီးနဲ့ အရမ်းလှတာပဲ"... ဆိုတော့ သမီးဖြစ်သူက ... "အနာကြီး" ... "အနာကြီး" ဆိုအော်ပြီး စိတ်ဆိုးပြီး နှုတ်ခမ်းစူ ထွက်သွားပါလေရော ...

သမီး စိတ်ဆိုးတာလဲ မပြောနဲ့ဦးလေ။ သမီးပြတာက ဒီနေ့သူချော်လဲလို့ ဒူးမှာပွန်းလာတဲ့ အနာကိုပြတာ ... အဖေလုပ်သူက လှတယ် ... သမီးနဲ့လိုက်တယ်ဆိုတော့လဲ ...
(ဂျူဂျူ ၃နှစ် သမီးအရွယ်လောက်က ဖြစ်ပါတယ်။)
------------------------------------------------------------------------------------------------------

ကိုက်လံ စိမ်းစိမ်း
ပြီးခဲ့တဲ့အပတ်က ဈေးသွားတော့ အိမ်ကလူကြီးက သူတစ်ယောက်တည်းပျင်းတယ် ... တစ်ခါတရံ အဖော်လိုက်ခဲ့ပါဆိုလို့ လိုက်သွားပါတယ် ... NTUC ဆိုင်ရောက်တော့ ကိုက်လံလို့ထင်တဲ့ ခပ်စိမ်းစိမ်း အရွက်ကလေးတွေ ပလပ်စတစ်အိပ်လေးတွေနဲ့ ထုတ်ထားတာပေါ့ ... အဲဒီအချိန်မှာ မဆွိတီကလဲ ကိုက်လံစိမ်းစိမ်းနုနုလေးတွေ ကို တရုတ်ဆိုင်ကလို စတိုင်မျိုး ရေနဲ့ပြုတ်ပြီးမှ ကြော်တာကို စမ်းသပ်နေတာ။ ၀မ်းသာအားရနဲ့ ... ဟယ် ... ကိုက်လံလေးတွေတော့ နုနေတာပဲ ... ဆိုပြီး ကြည့်မယ်အလုပ် ... ဘေးကလူကြီးက ဟင် ... အဲဒါကိုက်လံမှမဟုတ်တာ ... ချိ နတွေ ... တဲ့ ... နဲနဲတောင်အူကြောင်ကြောင်ဖြစ်သွားတယ် ... ချိနဆိုတဲ့ အရွက် တခါမှလဲ မကြားဘူးပါလား ... သူက အမြဲဈေးဝယ်နေတာဆိုတော့ သူက ပိုသိမှာပေါ့ ... အရွက် အသစ်အဆန်းနဲ့တူတယ် ဆို ... ကြည့်လိုက်တော့လဲ ကိုက်လံမှကိုက်လံအစစ် နုနုလေးတွေ ... အဲဒီမှာ ပလပ်စတစ်မှာရေးထားတာကို အိမ်ကလူကြီးကထောက်ပြပြီး ဒီမှာမတွေ့ဘူးလားတဲ့ ... ချိနတဲ့ ... ဖတ်ကြည့်လိုက်တော့ China Kailan တဲ့ ... ဆို မဆွိတီ တခွီးခွီးနဲ့ရယ်တော့ သူလဲရှက်ရမ်းပြီးလိုက်ရယ်နေတယ်လေ ...

ဖြစ်ချင်တော့ China ဆိုတာကို ထင်ထင်ရှားရှား ရေးထားပြီး ကိုက်လံကျတော့ သေးသေးလေးရေးထားတာကိုး ... ပြီးတော့ သူတို့တွေ Made in China ဆိုတာတွေ့ရင် ပြောင်ပြောင်ပြီး မိတ်အင် ချိန လို့ ပြောနေတော့ အကျင့်ပါသွားတာနေမှာပေါ့ ...
-----------------------------------------------------------------------------------------------------------

ဘေစင်လေးတွေ တော့ ...
မဆွိတီဟာ လမ်းတွေ နေရာတွေနဲ့ပတ်သတ်ပြီး အင်မတန် အမှတ်သညာနည်းပါတယ် ... တစ်နေရာရာကို ကိုယ့်ဟာကိုယ်တစ်ယောက်တည်း သွားမယ်ဆို နေရာမှားနေတာနဲ့ တော်တော်နဲ့ မရောက်နိုင်ပါ ... ပြီးခဲ့တဲ့အပတ်က ရုံးကပေးတဲ့ ၀ါးတီးရှိလို့ မဆွိတီတို. Mechanical section တစ်ခုလုံး ဟိုတယ်တစ်ခုကိုသွားကြပါတယ် ... ယောက်ျားလေး၁၂ ယောက်နဲ့ မဆွိတီတစ်ယောက်တည်း မိန်းကလေးပါပါတယ် ... ဟိုတယ်နားရောက်တော့ ကိုယ်လဲဘယ်လို သွားရမယ်မှန်းမသိတော့ သူတို့နောက်ကပဲ လိုက်တာပေါ့ ... ဓါတ်လှေကားနဲ့သွားလိုက် စက်လှေကားစီးလိုက်နဲ့ တော်တော်လေးကို သွားရပါတယ် ... မဆွိတီတော့ သူတို့သွားတဲ့နောက် တကောက်ကောက်လိုက်နေတာပဲ...

တစ်နေရာရောက်တော့ တံခါးပေါက်လေးတွန်းပြီး တန်းစီပြီဝင်သွားကြတော့ မဆွိတီလဲ ရောက်ပြီဟ တော်တော်သွားရတာပဲဆိုပြီး နောက်ကလိုက်ဝင်တာ အထဲရောက်တော့ ထူးထူးဆန်းဆန်း ဗေစင်လိုမျိုးနိမ့်နိမ့်လေးတွေရှေ့မှာ သူတို့တွေ အသီးသီးဝင်ရပ်တာတွေ့တော့မှ ညက်လုံးပြူးပြီး အောင်မလေး မှားပဟဆိုပြီး ရှက်ရှက်နဲ့ ကမန်းကတန်း ပြန်ထွက်ခဲ့ရပါကြောင်း ... ဘ၀မှာ အဲဒါပထမဆုံးအကြိမ် မြင်ဘူးတာဖြစ်ပါကြောင်း ... ကံကောင်းလို့ ဗေစင်နိမ့်နိမ့်လေးတွေ ချစ်စရာလေးတွေတော့ ဆိုပြီး ၀င်လက်မဆေးတာ ... ဟီး ရှက်လဲရှက်တယ် ... ပြောလဲပြောပြချင်တယ် ...




Monday, May 4, 2009

ဝက်ရိုး ကြမ်မဆိုင် ...





ဝက်နံရိုး (သို့) ဝက်အရိုးအသားတွဲရက် တစ်ကေဂျီလောက်ကို လက်သီးဆုတ်ဝက်လောက် အတုံးလေးတွေတုံးပြီး ပဲငံပြာရည် အကြည်ရေ၊ အနောက်ရည်၊သကြား၊ ပဲငပိ၂ဇွန်းခန့် (ပုံမှာကြည့်ပါ-salted soya bean)၊ ဟင်းချိုမှုန့်၊ ငရုပ်ကောင်း အစရှိသည့်တို့နဲ့၁၅မိနစ်လောက် နယ်ပြီးနှပ်ထားပါ။
(ပဲငပိက ငံလို့ ဆားလုံး၀ မထည့်ပါ။ သကြားထည့်ဖို့ မမေ့ပါနှင့်)

ကြမ်မဆိုင် (သို့) မုန်ညင်းချဉ်ပတ် ကို တစ်လက်မအရွယ်လောက်ကလေးတွေ လှီးဖြတ်ထားပါ။ ကြေးအိုးထဲထည့်တဲ့ မုန်ညင်းစိမ်း အခါးတွေကို ကိုယ့်ဟာကိုယ် အချဉ်တည်ပြီး လုပ်ရင် ပိုတောင်ကောင်းသေးတယ်။

ဂျင်းလက်မအရွယ်၃-၄ခုလောက်ကို ပါးပါးလွှာလွှာလေးတွေလှီးထားပါ။

ကြက်သွန်ဖြူ ဥကြီးကြီး ၁၀မွှာ ၁၅မွှာလောက်ကို ငရုပ်ဆုံမှာ ညက်နေအောင် ထောင်းထားပါ။

ကြက်သွန်နီဥကြီးကြီး ၂လုံးကို ၈စိတ်စိတ်ထားပါ။

အိုးဇောက်နက်နက်ထဲ ဆီ၂ဇွန်းလောက်ထည့်ပြီး ဆီကျက်ရင်ကြက်သွန်ဖြူကိုထည့်ဆီသတ်ပါ။ ပြီးရင် ဂျင်းရယ် ဝက်ရိုးနယ်ထားတာရယ်ထည့်ပြီး လုံးပေးပါ။ ဝက်သားကရေတွေထွက်လာတာကုန်သည်အထိ စိတ်ရှည်လက်ရှည် မွှေပေးပါ။

ရေကုန်လို့ ဖျစ်ဖျစ်မြည်ပြီး မွှေးလာပြီဆို ကြက်သွန်နီထည့် ရေအရိုးမြုတ်အောင်ထည့်ပြီး မီးအေးအေးနဲ့ တည်ထားပါ။ ဝက်သားမနူးတနူးမှာ ကြမ်မဆိုင် လှီးထားတာလေးတွေ ထည့်၊ ရေလိုသလောက်ထပ်ထည့်ပြီး ၁နာရီလောက် မီးအေးအေးနဲ့ အဖုံးလုံအောင်ပိတ်ပြီး နှပ်ပေရော့ပဲ။

ဝက်သားလဲနူးအိလာပြီ၊ ကြမ်မဆိုင်ဖတ်လေးတွေလဲ ပျော့ပြီး အိလာပြီဆို ရေစပ်စပ်ကလေးနဲ့ ဆား၊ အချိုမှုန့်၊သကြားမြည်း၊ လိုတာ ထပ်ထည့်ပြီး စားလို့ရပါပြီ။ ဘဲကြမ်မဆိုင်ဆိုလဲ ချက်နည်း အတူတူပါပဲ။ ဘဲက ဆီထွက်လွန်းအားကြီးလို့ ဆီတတ်နိူင်သလောက် လျော့ထည့်ပါလေ။

ဝက်ရိုးကထွက်တဲ့ ဟင်းရည်ချိုချိုနဲ့ မဆွိတီကတော့ အလွန်ကြိုက်လို့ ခဏခဏ ချက်စားပါတယ်။
ပြောင်းဖူးလေး ထောင်းပြီး ဂျင်း၊ကြက်သွန်ဖြူနံ့ မွှေးမွှေးလေးနဲ့ ကြော်တာလေးနဲ့
လိုက်ဖက်ပါတယ်။

ဇွန်းဆိုတာ ဟင်းချိုသောက်တဲ့ စတီးဇွန်းကို ဆိုလိုပါသည်။

(မြန်မာကျူးပစ်ဖိုရမ်တွင် ဖော်ပြပြီး)

Sunday, May 3, 2009

မျောက်မူးလဲ သားအမိ ...(၂)

မနေ့က အောက်ထပ်မှ သမီးသူငယ်ချင်း မြန်မာခလေးတစ်ယောက် အိမ်မှာလာဆော့သည်။ သူကယောက်ျားလေးပေမဲ့ အတော်ငြိမ်သည်။ ရောက်ကတည်းက ငြိမ်ငြိမ်လေးထိုင်ကာ TV ကြည့်ရင်ကြည့် မကြည့်ရင်လဲ သူ့ဟာသူလေးထိုင်ကာဆော့သည်။ သမီးလေးမှာကား ဟိုပေါ်တက်လိုက်၊ ဒီပေါ်ဆော့လိုက်၊ ပြေးလိုက်၊ စကားများလိုက်၊ အမေကို တိုင်လိုက်နှင့် မျောက်တစ်ကောင်လိုဖြစ်နေသည်ကို သတိထားမိသည်။ သမီးကို ငြိမ်ငြိမ်နေဘို့ လိမ္မာဘို့ရာ ထိုခလေးနှင့်နှိဲုင်းယှဉ်ကာ ပြောမိတော့သည်။

ဒီလိုအဖြစ်မျိုးကြုံလာတိုင်း ကိုယ့်အိမ်ကလူက ရယ်နေပြီး သမီးက ညည်းတူတာဆိုကာ ခနဲ့တဲ့တဲ့ပြောလေ့ရှိသည်။ သူဆိုလိုချင်တာက ကိုယ့်အပြစ် ကိုယ်ခံဆိုသည့်သဘော။ သူငယ်ငယ်က သူ့အမေသည် အလွန်စည်းကမ်းကြီးကာ သူသည်လည်း အလွန်ငြိမ်ငြိမ် အေးအေးလေးနေတတ်သော ခလေးတစ်ယောက်ဖြစ်သည်မှို့ သမီးမျောက်ရှုံးအောင်ဆော့ခြင်းသည် သူနှင့်မဆိုင် ... တဲ့။ ကိုယ်လွတ်ရုန်းသွားလေသည်။

ပြောလည်းပြောစရာပေပင်။ ကိုယ်ငယ်ငယ်ကရော သူ့လိုငြိမ်ငြိမ်လေးနေသော ခလေးတစ်ယောက်ဖြစ်ခဲ့လို့လား။ ကိုယ်ငယ်ငယ်က နေသည်က တန်းလျားလို ခလေးပေါင်းစုံစုစည်းရာ နေရာမှာ ကြီးပြင်းခဲ့သည်။ ကစားသည့်အချိန်ဆို ခလေး၁၀ယောက် ၁၅ယောက်လောက်စုကာ ကစားလေ့ရှိသည်။ တစ်ခါသား မှတ်မိသည်မှာ ညအချိန် အုပ်စု ၂စုခွဲကာ ပြေးတိုင်းလိုက်တန်း ကစားကြသည်။ ကိုယ်ပြေးရင်းနှင့် အိမ်ဘေးတစ်အိမ်မှ အ၀တ်ကြိုးတန်းနှင့်ငြိကာ မြေကြီးနှင့် ရိုက်မိသည်လား တိုင်နှင့်ရိုက်မိသည်လားမသိ ခေါင်းထဲ ကြယ်တွေလတွေ မြင်လိုက်ရတာသာ သိလိုက်သည်။ ခဏနေတော့ သူငယ်ချင်းတွေက ဆွိ ... ဆွိ .... ထ ... ထ ဆိုပြီး အတင်းလှုတ်မှ ... အင်း ... ဆို သံရှည်ဆွဲကာ သတိရလာသည်။ ဘာဖြစ်မှန်းရုတ်တရက်မမှတ်မိ။ အဲသလို သတိမေ့အောင်တောင် ဆော့ဘူးပါသည်။

နောက် မှတ်မိသည်က ရေနှင့်စည်းတားကာ ယောက်ျားလေးတစ်ဖက်၊ မိန်းခလေးတစ်ဖက် ထုတ်စီးတိုးတမ်းကစားသည်။ ဒီကစားနည်းကိုလည်း အတော်စွဲသည်။ ထုတ်စီးတိုးရင်း ကိုယ်က ပိန်ပိန်သေးသေးနှင့် ဖမ်းသူကို မွှေ့ကာ ဖြတ်ဆို လျပ်တပျက်ဝင်တိုးရတာ အရသာတွေ့သည်။ထုတ်စီးတိုးပြီးကာစ ညများဆိုရင် ညအိပ်ရင်းနှင့် ခဏခဏလန့်ကာ ဖြတ်ကနဲဖြတ်ကနဲ ခြေလှုတ်၊လက်လှုတ်ဖြစ်သည်။ အိပ်မက်ထဲယောင်ကာ ထုတ်စီးတိုးနေခြင်း။ တစ်ခါတရံ ယောင်ပြီး ငြင်းသေးသည်တဲ့။ မိတယ်၊ မမိဘူး၊ ညစ်တယ် အစရှိသဖြင့် ဘေးက အဖွားကပြောပြသည်။

၅တန်း၆တန်းလောက်မှာ သားရေပင်များကို ဆက်ကာ ခုန်ရသော အီစွတ်ဆိုသည့်ကစားနည်း ခေတ်စားလာသည်။ ဘာပြောကောင်းမလဲ ... ဘုတ်အီးမတို့ ဆော့လိုက်သည့်ဖြစ်ခြင်း ။ အရပ်ရှည်ရှည် ပိန်ပိန်နှင့် ကိုယ့်ခန္ဒာကိုယ်ကြောင့် အမြင့်ခုန်တွေဆို သူများတွေထက် ပိုခုန်နိုင်ကာ အသင်း၂ဖက်ခွဲကစားလျင် ကိုယ့်ကို ၂ဖက်လုံးက သူတို့ဘက်တွင် ပါစေချင်ကြသည်။ ရွှေလား၊ငွေလားဖွက်တမ်းကစားလျင် ကိုယ်ပါချင်သည့်ဘက်က ရွှေဖွက်ပါ အစရှိသဖြင့် တစ်ကြိုပြောထားရသည်။ မုန့်စားကျောင်းဆင်းလျင် စားဖို့သတိမရ ။ မမောမပမ်း အီစွတ်သာ တွင်တွင်ခုန်တော့သည်။ ကျောင်းပြန်တက်ရင် ချွေးသံတရွှဲရွှဲနှင့် ရေစိုထားသည့်အလား။ အဲသလောက် ဆော့ပါသည်။

အိမ်တွင်လည်း အမေတွေအဖွားတွေက ဟင်းချက်ပြီး သမီးကြည့်ပေးနော်ဆိုကာ ထားခဲ့လို့ကတော့ အဲဒီနေ့တစ်အိမ်လုံး ဟင်းအတူးသာ စားကြဘို့ ပြင်ကြပေတော့။ ဟင်းအိုးပစ်ပြီး တမေ့တမော ဆော့နေတော့ တစ်ခါတရံဟင်းအိုးတူးခြစ်လို့ အနံ့ရမှ သတိရသည်။အဆူခံရသည်လည်း ခဏခဏ။ ထိုအကျင့်က အခုအထိစွဲကာ ဟင်းချက်လျင် အိုးတူးမှာကြောက်၍ ဘေးမှာငုတ်တုတ်ထိုင် စောင့်သည့်အကျင့်ကရလာသည်။

၉တန်း၊ ၁၀တန်း လောက်ရောက်တော့ ကစားနည်းက အဆင့်မြင့်သွားသည်။ အိမ်ရှေ့အိမ်မှ သူငယ်ချင်းနှင့် ကော်ခွက်တွေနှင့် တကယ့်ထမင်းဟင်းတွေထည့်ကာ ဟင်းချက်တိုင်းကစားသည်။ ကော်ရုတ်မတွေကို အ၀တ်တွေ တကယ်ချုပ်ပေးကာ အင်္ကျီအမျိုးမျိုးပြောင်းဝတ်ပေးရတာကလည်း အလုပ်တစ်ခု။ ကြီးတဲ့အထိ ဆော့နေ၍နောက်ဆုံး အမေက အရုပ်တွေ ခွက်တွေအားလုံး ညီမ၀မ်းကွဲလေးတွေ အလည်လာတော့ ပေးပစ်လိုက်မှ နားအေးသွားသည်။


ငယ်ငယ်က ကလေးပေါင်းစုံနှင့် စိမ်ပြေးတိုင်း၊ ထုတ်စီးထိုးတမ်း၊ ခြေတစ်ပေါင်ကျိုးလိုက်တမ်း၊ အရူးမကြီးမစာဥတမ်း၊ရွှေစွန်ညိုတမ်း၊ ဘုတ်တလုတ်တောက်တဲ့၊ အဘိုးကြီး ဘာတွေတူး၊ ရွှေတံခါးကြီးဖွင့်ပါဦး အစရှိသဖြင့် မျောက်ရှုံးအောင်ဆော့ခဲ့သည်များကို သတိရကာ ယခုတော့ သမီးလေး မျောက်ရှုံးတာ အမေတူလို့ဆိုသည့် စကားကို မသိချင်ယောင်ဆောင်ကာ မကြားယောင်ပြုကာ နေတတ်နေလေပြီ။


မျောက်မူးလဲ သားအမိ ...(၁)



ဤရုပ်ပုံကိုကြည့်ပါ။ ပရိတ်သတ်ရဲ့ စိတ်ထဲမှာ ဘာလို့ထင်ပါသလဲ။
တစစီကျိုးပဲ့နေပြီး ဖြူတဲ့နေရာကဖြူနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ လက်ကောက် တရံသာဖြစ်ပါတယ်။ အတိအကျဆိုရရင်ဖြင့် သမီးဂျူဂျူပိုင်ဆိုင်ခဲ့သော လက်ကောက်တရံပါ။

သမီးငယ်ငယ် လသမီးလေးကတည်းက သူ့အဒေါ်က ခလေးကျန်းမာအောင်ဆိုပြီး ခမည်းအနေနဲ့ ဆင်ပေးပါဆိုလို့ ၀ယ်ပေးခဲ့တာပါ။၁နှစ်ခွဲ၂နှစ်တစ်ကြိမ်လောက် သမီးလက်နဲ့ မတန်တော့ရင် မူစ်တာဖာမှာ ပြန်ရောင်း အလိုက်ပေးပြီး ၀ယ်လာခဲ့တာ၊ ခု ၄ခါမြောက် ထင်တာပါပဲ။ မူစ်တာဖာကို စီးပွားဖြစ်အောင် လုပ်ပေးနေတယ်ဆိုပါတော့။ အဲဒီလက်ကောက်ကတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ၀ယ်ခဲ့တဲ့ လက်ကောက်ပါ။ အဲဒီလက်ကောက် ဘာနဲ့မှ ထုရိုက်ထားတာမဟုတ်ပဲ အဲလိုဖြစ်အောင် သမီးဘယ်လောက်ဆော့လဲ ဆိုတာ စဉ်းစားသာကြည့်ကြပါတော့ ပိတ်သတ်တို့ရေ။

လက်ကောက်ဝယ်တုံးကတော့ အခေါင်းပိတ်အောက်မေ့လို့ ၀ယ်ခဲ့တာ။ အဲလိုတစ်စစီကျိုးမှ လက်ကောက်ဟာ အခေါင်းပွဖြစ်ပြီး ဆက်ရာတွေ အများကြီးဆိုတာတွေ့လိုက်ရတယ်။ ပြီးတော့ တစ်ချို့နေရာတွေဖြူကုန်တယ်... ဆိုင်မှာပြတော့ အရောင်းဝန်ထမ်းက ဒီလိုကေ့စ်မျိုး ဒါပထမဆုံးတွေ့ဘူးတာပါတဲ့။ ပြန်ရောင်းလို့တောင်ရပါ့မလား စိတ်ပူနေတာ။ နောက်ဆုံးတော့ မှတ်ကျောက်တွေဘာတွေ အားလုံးစစ်ပြီး အဆင်ပြေသွားပါတယ်... ခုဒီတစ်ခါတော့ အခေါင်းပိတ်လို့သေချာတာလေး ၀ယ်လာခဲ့ပါတယ်။ စလုံးဖွတ်ကလိဒင်္ဂါး ၇၇၅.၂၉ ကျပါတယ်။ ရွှေဈေးက ၀ယ်ဈေး တစ်ဂရမ်ကို စလုံး၄၅.၁၅၄ကျပ်ပါ။ (အဲဒီနေ့က အပြင်ဆိုင်တစ်ဆိုင်မှာ ၅၂ကျပ်လို့ကြားပါတယ်။ ) ၂၂ကာရက် ရွေရည် ၁၇.၁၇ ဂရမ် ရှိပါတယ်... ဟိုတစ်စစီကျိုးပဲ့နေတာက အကုန်နှုတ်ပြီး စလုံး၄၆၃.၈ကျပ် ပြန်ရလို့ ဖွတ်ကလိဒင်္ဂါး၂ရ၉ပြား အိပ်ထဲက ထပ်စိုက်လိုက်ရပါကြောင်း။ မူစတာဖာမှာ ဘယ်ကရွှေဖြစ်ဖြစ် ပြန်ရောင်းပြီး သူတို့ဆီကပြန်ဝယ်ရင် လက်ခံပါတယ်။ ပေါက်ဈေးရဲ့ ၁၅% နဲ့ GST ၇% စုစုပေါင်း ၂၂% ရှုံးပါတယ်။ ကြုံလို့ စလုံးရွှေဈေးလေး ဗဟုသုတအဖြစ်ပြောပြတာပါ။



သမီးဟာမိန်းခလေးနဲ့မတန်အောင်၊ ဒီလိုလက်ကောက်ကို တစ်စစီဖြစ်အောင်ဆော့တာတော့ မျောက်ရှုံးလွန်းပြီလို့ ထင်နေတယ်။ ချွေးမတော်မည်လို့ စိတ်ကူးယဉ်နေသူတွေ (ဥပမာ ... အန်တီတန်ခူးတို့၊ အန်တီ သက်ဝေတို့ ... အစရှိသဖြင့် ... ) အဲဒီလက်ကောက်တွေရဲ့ အဖြစ်အပျက်ကိုကြည့်ပြီး စိတ်ကူးပြောင်းသင့်ပြီထင်ပါတယ်... (ကိုယ့်ဟာကိုယ် တစ်ဖက်သတ် တွေးထားတာ ... ဘာရမလဲ ...နာကွ ... နာကွ ...)
သမီးဆော့လွန်းတာနဲ့ ပတ်သတ်ပြီး ပို့စ်လေးတစ်ပုဒ် အရင်ကတင်ဘူးတာ ကြုံလို့ ပြန်တင်လိုက်ပါတယ်။ အမှန်ကတော့ အမေမျောက်ရှုံးတဲ့ အကြောင်းကြီးဖြစ်နေပါတယ်။ ရေးရင်းနဲ့ ပို့စ်ရှည်သွားလို့ နောက်မှ ခွဲတင်ပါတော့မယ်။ နောက်မှို့ဆို ပို့စ် ဂျင်းသုတ်၊ လဖက်သုတ်ဖြစ်သွားမှာကြောက်လို့။ ....

Friday, May 1, 2009

ဟောဒီက မုန့်သည် ...

မုန့်စိမ်းပေါင်း ကောက်ညှင်းပေါင်း။


ရွှေထမင်း၊ သာကူပြင်၊ မုန့်ပေါက်စီ။


ရေမုန့်


မုန့်လုံးကြီး


အကြော်စုံ ပူပူလေးရမယ်၊ ရေနွေးကြမ်းနဲ့မြည်းရင် သိပ်ကောင်း။


ကောက်ညှင်းထုတ်


မုန့်ဆီကြော်


မုန့်လက်ကောက်


ခေါပုပ်၊ အိမ်ရောက်မှ ကြော်စားနော်။ နှမ်းထောင်းလေးပါဖြူးစားဖို့မမေ့နဲ့ဦး။


အညာထွက် ထန်းပင်မြစ်ပြုတ်တွေပါတော်။



ဒါလဲအိမ်ရောက်မှ သကြား၊ နို့ဆီနဲ့ ခေါက်စား။ အရမ်းဆိမ့်။


ပဲမြစ်တွေလဲ အိမ်ရောက်မှပြုတ်စားကြပါနော့။


ဝက်သားတုတ်ထိုးအစ်မ၊ တုတ်ချိုးထားတာလေးတွေက နှစ်ရာ။ မချိုးထားတာက တစ်ရာထဲပါ။


စလုံးစတိုင် အဲလိုတုတ်ထိုးမျိုးစုံလဲ ရနေပြီနော်။


အဟီး ... ဒါကတော့ အစ်မတို့ မနေ့က စားချင်တယ်ဆိုလို့ ကျွန်မ အရီးတို့ဗူးစင်က ဆွတ်လာခဲ့တာ။ အဲဒါအလကား၊ အဆစ်ယူသွားပါအစ်မ။


(ဒီတစ်ခေါက်ပြန်ဖြစ်တော့ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေပါ ... resolution ကောင်းကောင်းကြည့်ချင်ရင် ပုံကို ကလစ်ကြည့်ကြပါနော် ...ဒီကတော့ ဝက်သားတုတ်ထိုးဗန်းကို ကလစ်မိလို့ မနက်ဖြန် လုပ်စားရင်ကောင်းမလား စဉ်းစားနေပါတယ်)