Friday, October 5, 2012

ကွမ်း၊ဆေးလိပ်နှင့် သင့်ကျန်းမာရေး ..



ကွမ်းယာနဲ့ ဆေးလိပ် ပြတ်သွားသူတစ်ဦးမှ ရေးသားပါသည်။
ပုံ/
တီတီဆွိ

 
 
(ပုံကို ဒီ လင့်ခ် ကနေ ယူပါတယ်)

ကျွန်တော့်လို ကွမ်းလဲစားဖူးပြီး ဆေးလိပ်ကိုလဲ နှစ်ပေါင်းများစွာ သောက်ခဲ့တဲ့သူတစ်ယောက်အနေနဲ့ ကွမ်းမစားပါနဲ့ ဆေးလိပ်မသောက်ပါနဲ့လို့ တခြားသူကို အကြံပေး ဆုံးမစကားပြောမယ်ဆိုရင် တော်တော်လေးကို ကသိကအောက်ဖြစ်မှာ၊ ဒါမှမဟုတ် ကျွန်တော်ပြောတဲ့ စကားတွေကို အလေးအနက်ထားမှု နည်းပါးချင်လဲ နည်းပါးမှာပေါ့။ ဒါပေမဲ့လည်း အဲဒီလို ကွမ်းစား ဆေးလိပ်သောက်သုံးမှုကို ပြုလုပ်ခဲ့သူတစ်ယောက်အနေနဲ့ ကြုံခဲ့ရတဲ့ အပြစ်တွေနဲ့ အဲဒီလိုကွမ်းမစား ဆေးလိပ်မသောက်ခြင်းကြောင့် အကျိုးကျေးဇူး ရရှိတာရယ်တွေကို တတ်နိုင်သမျှ ပြောပြချင်တာပါ။ တကယ်တော့ ကျွန်တော်က အသက် ၁၇ နှစ်အရွယ်ဘ၀မှာ သူငယ်ချင်းတွေ ဆေးလိပ်သောက်နေတာတွေ့လို့ ဆယ်ကျော်သက်တို့ဘာသာဘာဝ ဆေးလိပ်ကို ၀င်ရောက်ဖွာဖြစ်ရင်းကနေ အသက် ၄၂နှစ်အထိ ဆေးလိပ်သောက်လိုက်၊ ၃ လဖြတ် ပြန်သောက် ၆လဖြတ် ပြန်သောက်နဲ့ ၂၅နှစ်တိတိ သောက်ခဲ့တဲ့သူပါ။ အဲဒီဆေးလိပ်ကို ဖြတ်ချင်ရင် ကွမ်းစားပြီးဖြတ်ရင်ရတယ်လို့ ဆိုတာနဲ့ ကွမ်းစားပြီး ဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကွမ်းစားတဲ့ စွဲမြဲခြင်းတစ်ခု ပိုမိုလာပြီး ဆေးလည်းမပြတ် ကွမ်းလဲမပြတ် ဖြစ်ရပြန်ပါတယ်။ 

 ကျွန်တော်ကွမ်းစားတဲ့ အချိန်မှာ အိန္ဒိယကလာတဲ့ ဆစ်ဂနယ်လို့ခေါ်တဲ့ ၃၅၀ဆေး၊ ဟန်ဒရက်လို့ခေါ်တဲ့ ၁၀၀ဆေး၊ ၉၂ ဆေး စသည်တို့နဲ့ ရောနှောစားခဲ့တာမဟုတ်ပဲ ဗမာဆေးရွက်ကြီးနဲ့ စားခဲ့တာပါ။ ကွမ်းဆိုတာ ကွမ်းရွက်၊ ကွမ်းသီး နဲ့ ထုံး ၃ မျိုးပေါင်းပြီး စားရင်တောင်မှ လူကိုတက်ကြွ လန်းဆန်းစေတဲ့ ဓါတ်သဘောမျိုး ဖြစ်စေပါတယ်။ Research လုပ်သူများရဲ့ အဆိုအရ ကွမ်းသီးမှာက ဆေးလိပ်လို စွဲလမ်းစေတဲ့ ဓါတ်တခုပါဝင်ပါတယ်။ အဲဒီဓါတ်သဘောတရားက ဦးနှောက်၊ နှလုံး၊ အဆုတ် ပန်ကရိယတို့ကို နှိုးဆွ အလုပ်လုပ်စေတတ်ပါတယ်။ ဒါအပြင် ကွမ်းသီးနဲ့ ထုံးတို့ ဓါတ်ပြုပြီး ထွက်လာတဲ့ oxidant က ပါးစပ်ကင်ဆာဖြစ်စေပါတယ်။ ဒါ့အပြင် အဲဒီ ကွမ်းယာထဲမှာပါတဲ့ ထုံးက မလိုလားအပ်ပဲ ဆဲလ်တွေကို ပွားစေလို့ ကင်ဆာဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။

အခုပြောပြခဲ့သလို ကွမ်းသီး၊ ကွမ်းရွက် နဲ့ ထုံး ၃မျိုးတည်းသာ စားသုံးတဲ့ လူမှာ ပါးစပ်ကင်ဆာဖြစ်နိုင်ခြေများနေချိန်မှာ ဒီထက်ပိုပြီး ဗမာဆေး၊ ဆစ်ကနယ်၊ ၉၂၊ ၁၀၀ စတဲ့ ဆေးမျိုးစုံတွေ ထည့်ပြီး စားသုံးလိုက်တယ်ဆိုရင်တော့ ပိုပြီးတော့ ပါးစပ်ကင်ဆာ ဖြစ်ပေါ်လာဖို့ ပိုများလာတာပါပဲ။ ဒီထက်ပိုပြီး ဖြစ်တာက ကွမ်းယာထဲမှာ ထည့်သွင်းပြီး စားတဲ့ ဆေးတွေက ဆေးလိပ် (စီးကရက်) ထဲမှာထည့်တဲ့ ဆေးတွေကို အနံအရသာ ပြောင်းပြီး ထည့်သွင်းထားတာပါ။ ကွမ်းယာတစ်ယာမှာ အဲဒီးဆေးတွေကို စီးကရက်တစ်လိပ် သို့မဟုတ် တစ်ဝက်ခန့် ထည့်သွင်းပြီး စားသုံးတယ်ဆိုရင်ပဲ တစ်နေ့ကို ကွမ်းယာပေါင်း ၂၀ယာ ကနေ ၃၀ ယာ အထိ စားသောက်သူဆိုတာ တစ်နေ့ကို စီးကရက်တစ်ဗူး သို့မဟုတ် တစ်ဗူးခွဲ သောက်သုံးနေသူလို့ ဆိုလို့ရပါတယ်။ ဆေးလိပ်ရဲ့ ဆိုကျိုးလိုပဲ ကွမ်းယာထဲ ဆေးထည့်စားတဲ့သူရဲ့ ဆိုးကျိုးတွေကတော့

(၁) ပုံမှန်လူတွေထက် ၂၂ ဆ ပိုပြီး ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။
(၂) အသက် ၃၀ မှ အသက် ၅၀ အတွင်း နှလုံးရောဂါနဲ့ အသက်ဆုံးရှုံးဖို့ ပိုများပါတယ်
(၃) ဒါအပြင် လေဖြတ်၊ သွေးတိုးစတဲ့ ရောဂါတွေဖြစ်ဖို့ သာမန်လူထက် နှစ်ဆခန့်ပိုများပါတယ်။
(၄) အသက်ရှုလမ်းကြောင်းနဲ့ လည်ချောင်းကင်ဆာ ဖြစ်ပွားနိုင်ပါတယ်။

(ပုံကို ဒီလင့်ခ်ကနေ ယူပါတယ်။)
မသိသာတဲ့ ဆိုးကျိုးတွေကတော့
(၁) ကွမ်းစားတဲ့ သူများက ပါးစပ်မှာ အရောင်တွေစွဲကျန်ရစ်ပြီး သွားများကိုလည်း ညစ်ထဲစေတယ်။
(၂) သွားဖုံးများကိုလည်း အလျင်အမြန်ပျက်စီးစေပြီး အသက်အရွယ်မရောက်ခင်မှာ သွားများကျိုးစေပါတယ်။
(၃) ကွမ်းစားသူများက ချွေးထွက်များပြီး အနံဆိုးကို ဖြစ်ပေါ်စေတယ်။
(၄) ကွမ်းထဲမှာ ပါဝင်တဲ့ ထုံးဓါတ်က ကိုယ်ခန္ဓာထဲရောက်သွားပြီး ကျောက်ကပ်ကို ပျက်စီးစေပါတယ်။

လွန်ခဲ့တဲ့ တစ်ရက်က အွန်လိုင်း ကြေငြာတစ်ခုမှာ တွေ့လိုက်တာက ကွမ်းယာကို တစ်နေ့ ၁၅၀၀ ကျပ်ဖိုး (ကွမ်းတယာ ဘယ်လောက်မှန်းတော့ ကျွန်တော်မသိပါ) ခန့် နေ့စဉ်စားသုံးလို့ ပါးစပ်ကင်ဆာဖြစ်တယ်ဆိုတာ ကြည့်လိုက်ရပါတယ်။ မျက်စေ့ထဲမြင်အောင်ပြောရရင် ပါးတခြမ်းကချိုင့်ဝင်နေတာ အရိုးခေါင်းကို လူရေခွံအုပ်ထားရုံ ချိုင့်ခွက်နေပါတယ်။ မျက်လုံးတစ်လုံးက အကြောလိုက်ပြီး ပိတ်နေပါတယ်။ တော်တော်လေးကို ဆိုးဝါးစွာ ဖြစ်နေတဲ့ မြန်မာလူမျိုးတစ်ယောက်ကို တွေ့လိုက်ရတာပါပဲ။

တခါတလေမှာ တန်ဆေး လွန်ဘေးဆိုတာရှိပါတယ်။ တစ်နေ့ ကွမ်း ၁၅၀၀ ကျပ်ဖိုးကုန်အောင် စားသုံးနေတဲ့သူက သူရဲ့ ပါးစပ်ထဲမှာ အဆက်မပြတ်ထည့်ထားပုံရပါတယ်။ ထိုကဲ့သို့ စွဲလမ်းမှုမျိုးဖြစ်လာရင် ဆရာဝန်နဲ့ ပြသပြီး ဆေးပြတ်အောင် ကုသသင့်ပါတယ်။



ကျွန်တော်လဲ ယခင်က ကွမ်းစားခဲ့ဖူးပါတယ်။ တစ်နေ့မှာ အလွန်ဆုံး ၅ယာခန့်ပေါ့။ များသွားရင် ၁၀ယာခန့် စားခဲ့ဖူးပါတယ်။ ဘာဆေးမှ မထည့်ပဲ ကွမ်း၊ ထုံး ကွမ်းသီးနဲ့ အာမွှေးဆိုတာပဲ ထည့်ပြီးစားပါတယ်။ အခု ကွမ်းမစားတာ နှစ်နှစ်ကျော်ပါပြီ။ ကွမ်းမစားတော့တဲ့ ကျွန်တော်သွားတွေက အရင်ကလို မည်းမနေတော့ပဲ ပြန်ဖြူလာပါတယ်။ ကွမ်းမစား ဆေးလိပ်မသောက်တော့ အရင်တုန်းက သွေးတိုးတတ်တဲ့ ကျွန်တော် သွေးမတိုးတာ တော်တော်ကြာပါပြီ။ ဘီယာသောက်၊ ကြက်ဟင်းခါးသီး၊ အုန်းနို့ခေါက်ဆွဲ မစားရဲတဲ့ ကျွန်တော် အဲဒါတွေကို ကောင်းကောင်းစားနေပါပြီ။




 (ပုံကို ဒီလင့်ခ် ကနေ ယူပါတယ် )

ဆေးလိပ်ကိုလဲ ကျွန်တော်ဖြတ်လိုက်တာ အခုဆိုရင် တနှစ်ပြည့်ပါပြီ၊ ကျွန်တော့်ပတ်ဝန်းကျင်မှာလည်း ဆေးလိပ်သောက်သူမရှိ၊ဆိုတော့ ဆေးလိပ်လဲ ပြတ်ခဲ့ပါတယ်။ ဆေးလိပ်မသောက် ကွမ်းမစားတော့ ကျွန်တော် အသက်ရှုရတာ ပိုကောင်းလာတယ်။ အပြေးလေးကျင့်ခန်းလုပ်ရင် ယခင်ထက် ပိုပြီး ပြေးနိုင်လာတယ်။ အခု တစ်နှစ်ပြည်ပြီဖြစ်လို့ နှလုံးရောဂါ Heart Attack ဖြစ်ဖို့ တစ်ဝက်တိတိ ကျဆင်းသွားပါတယ်။ 

ဒီနိုင်ငံမှာ ဆေးလိပ်ဖြတ်လိုက်ရင် တဆင့်ချင်းကောင်းမွန်စေတဲ့ အချက်အလက်တွေကတော့

(၁) ဆေးလိပ်ဖြတ်ပြီး ၈ နာရီမှာ သွေးထဲက ၈၇% နီကိုတင်းနဲ့ ကာဘွန်မိုနော့ဆိုဒ်တွေကို တစ်ဝက်လျော့ကျစေပါတယ်။
(၂) ၂၄နာရီမှာဆိုရင်တော့ ၂၉% ကာဘွန်မိုနော့ဆိုဒ်အားလုံးကုန်သွားပြီးတော့ အဆုတ်ထဲက အရိအချွဲတွေကို စတင်ရှင်းလင်းလာပါပြီ။
(၃) ၄၈နာရီရီကြာလျင် ခန္ဒာကိုယ်ထဲမှာ နီကိုတင်းဓါတ်မရှိတော့ပဲ၊ အနံအရသာအနေနဲ့ သိသိသာသာ တိုးတက်လာပါလိမ့်မယ်။
(၄) ၇၂ နာရီကြာတဲ့ အခါမှာ အသက်ရှုရတာ ကောင်းမွန်လာပြီး အသက်ရှုလမ်းကြောင်းများက ပိုမိုပြီးပျော့ပြောင်းလာကာ အားကောင်းလာပါလိမ့်မယ်။
(၅) ၂ ပတ်မှ ၁၂ ပတ်အတွင်း သွေးလှည်ပတ်မှု ကောင်းလာပြီး လမ်းလျှောက်၊ ပြေးတဲ့ အခါမှာ ပိုမို အမောခံလာပါလိမ့်မယ်။
(၆) ၃လ မှ ၉ လအတွင်း ချောင်းဆိုးခြင်း ချွဲကျပ်ခြင်းများ ကောင်းမွန်လာပါလိမ့်မယ်။
(၇) တနှစ်ပြည်မယ်ဆိုရင် နှလုံးသွေးကြောနှင့် ပတ်သက်တဲ့ ရောဂါဖြစ်ပွားရန် တစ်ဝက်ခန့်လျော့သွားပါလိမ့်မယ်။
(၈) နှစ်နှစ် ပြည့်သွားလျင် ဆေးလိပ်သောက်ခြင်း ရာသက်ပန် စွန့်လွတ်ခြင်းမြင့်မားလာပါလိမ့်မည်။
(၉) ၅နှစ်မှ ၁၅ နှစ်အတွင်း လေဖြတ်ရောဂါဖြစ်ပွားနိုင်ခြင်း လျော့ပါးသွားပြီး သာမန်ဆေးလိပ်မသောက်သူများကဲ့သို့ ရှိလာပါလိမ့်မည်။


ကျွန်တော်အတွက် သိသာ ထင်ရှားတဲ့ အကျိုးကျေးဇူးကို ပြောရရင်တော့ တနှစ်ကို ငွေ ဆေးလိပ်ဖိုး တပတ် ၆၀ X ၅၂ = ၃၁၂၀ ခန့် + အသက်အာမခံ သက်သာမှု တစ်နှစ် ၃၀၀ သက်သာသွားပါတယ်။


ဒါကြောင့် ကွမ်းစားသူများ အနေနဲ့ တတ်နိုင်သမျှ လျော့စားပါ။ ဆေးလိပ်သောက်သူများလည်း လျော့သောက်ပါ။ ပြီးရင် လုံးဝမစားတော့သူ သို့မဟုတ် လုံးဝမသောက်သူများဖြစ်လာအောင် လုပ်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

ကျွန်တော်ကို ဆေးလိပ်မသောက်ရန် အမြဲတွန်းအားပေးခဲ့သော ဇနီးဆွိ၊ ညီမငယ် စုချစ်သူ တို့အားကျေးဇူးတင်လျက်။

မောင်ခြိမ့်

Monday, September 24, 2012

ကြက်ကင် သံဝေဂ ...


ကျွန်မတို့အိမ်မှာ ကြားရက် တစ်ပတ်လုံး ဗမာစာ၊ တရုတ်စာ အစရှိသဖြင့် အိမ်မှာပဲ မျိုးစုံ ချက်စားကြတယ်။ စနေနေ့ကျရင်တော့ မီးခိုးတိတ်။ မိသားစု နားနားနေနေ အပြင်လေးဘာလေးလျှောက်သွားရင်းနဲ့ အပြင်မှာပဲ စားကြလေ့ရှိတယ်။ အဲဒီလိုကျရင် သားအမိ သားအဖ ၃ယောက်မှာ ဘာစားကြမလဲဆို ပဋ္ဋိပက္ခဖြစ်ကြတယ်။ အမြဲ တစ်ယောက်နဲ့တစ်ယောက် စားချင်တာတွေက မတူကြဘူးကိုး။ 

ဂျူဂျူတို့အဖေကတော့ အများအားဖြင့် တရုတ်စာ ခေါက်ဆွဲကြော်လို၊ soup လိုဟာမျိုး၊ ကိုရီးယားစာ၊ ဗီယက်နမ်စာတွေ အပြင် ကုလားစာ အစရှိသဖြင့် စားချင်တယ်။ ဂျူဂျူတို့ကတော့ ခလေးပီပီ Mc Donald , KFC , Hungry Jack လို fast food တွေ စားချင်တယ်။ ကျွန်မကလဲ ဂျူဂျူတို့ အဖေလို ကိုးရီးယားစာ တရုတ်စာတွေ စားချင်တာ များပါတယ်။ အဲလိုတွေ တစ်ယောက်တစ်မျိုးဖြစ်နေတော့ food court တွေ ဘာတွေသွားရင်တော့ အဆင်ပြေပါရဲ့။ ကိုယ်ကြိုက်တာ ကိုယ် ရွေးစားကြရုံပေါ့။ ဒါပေမဲ့ ကိုရီးယားစာလို ဟာမျိုးကျတော့ သူတို့သီးသန့်ဖွင့်တဲ့ ရက်စ်တောရန့်တွေမှာမှ ရတာဆိုတော့ အဲလိုမျိုးဆို သားအဖ၂ယောက် တစ်ပတ်စီ အလှည့်ပေးရတယ်။ ဒီအပတ် ကိုးရီးယားစာဆို နောက်အပတ် ဂျူဂျူ့ အတွက် စပါယ်ရှယ် Hungry Jack မှာ ဘာဂါ သွားစားကြတယ်။ ဒီမှာလဲ ဘာဂါဆိုတာမျိုးဟာ အထူးအဆန်းမှ မဟုတ်လေတော့ အဲလိုဆိုင်တွေမှာစားတာဟာ ချွေတာရာတောင် ရောက်ပါသေးတယ်။ အဲလို fast food ဆိုင်တွေမှာဆို သာမန် ဆင်းရဲသားတွေ၊ လူလတ်တန်းစားတွေသာ စားလေ့ရှိကြတာကိုး၊ ကျွန်မတို့မှာ အထူးစပါယ်ရှယ်အနေနဲ့ သွားစားနေရတော့ ပြုံးတောင် ပြုံးမိသေး။ (Hungry jack က ဘာဂါကတော့ ကျွန်မလဲ တော်တော်ကြိုက်တဲ့ အထဲပါပါတယ်။ )

မနေ့ကတော့ တနင်္ဂနွေနေ့။ မနက်မိုးလင်းကထဲက ဂျူဂျူတို့ အဖေက လောလော လောလောနဲ့ ထတော့လေ။ ဟင်းချက်ရဦးမယ်လေ နဲ့ လူကို လာလာနှိုးနေတာ။ ကျွန်မက အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တွေမှာ အလုပ်သွားရတော့ သူက အဲဒီနေ့တွေ အတွက်ကို ကြိုချက်ပြီး ရေခဲသေတ္တာထဲ ထည့်ထားချင်တာ။ ကျွန်မကလဲ ရေခဲသေတ္တာ ဖရီဇာထဲ ခဲထားတဲ့ အစားအသောက် စားရတာလောက် ဖီလင်အောက်တာမရှိတော့ ချက်မထားချင်ဘူး။ လူကလဲ မနေ့က အပြင်မှာ တစ်နေကုန်သွားထားတော့ ပျင်းနေတာရယ် နောက် ဘုရားလေးဘာလေးရှိခိုး၊ တရားလေးဘာလေးထိုင် တနင်္ဂနွေမနက်ကို အေးအေးဆေးဆေး နေချင်သေးတာနဲ့ နေ့လည်စာကို ကြက်ကင်တစ်ကောင်ပဲ ၀ယ်စားတော့မယ်၊ ညနေ နေစောင်းမှပဲ dinner အတွက် အေးဆေးချက်စားမယ်ဆို ပြောလိုက်တယ်။ ဒါနဲ့ မနက်ခင်းမယ် ချက်ပြုတ်စရာတွေ၊ လုပ်ကိုင်စရာတွေ  ခေါင်းထဲ ထည့်ထားစရာမလိုပဲ ဘုရားဝေယျာဝစ္စလုပ်၊ တရားအေးအေးဆေးဆေး ထိုင်လိုက်နိုင်တယ်။ အေးချမ်းလှတဲ့ မနက်ခင်းတစ်ခုကို ကြက်ကင် ၁၂ကျပ်တန်နဲ့ ၀ယ်လိုက်တဲ့သဘောပေါ့လေ။


ကြက်ကင်ဆိုလို့ ကြက်ကင်ကတော့ ထုံးစံ ဂျူဂျူတို့ အကြိုက်ပေါ့။    အိမ်မှာ ကိုယ်တွေက တခြားဟင်းတွေ ချက်စားရင်လဲ ဂျူဂျူ့အတွက် ဗိုလ်စာလို အဲလိုမျိုးတွေ ထပ်စီစဉ်ပေးရတာတော့ သူစားတာ ကိုယ်ပါ ၀င်စားလိုက်တော့ အထူးအထွေ ဘာချက်ရမလဲ စဉ်းစားစရာမလိုတော့ဘူးပေါ့။ အိမ်မှာ ကြက်ကင်နဲ့ တွဲစားရအောင် coleslaw လေးသုတ်၊ garlic bread လေးတွေကင်နဲ့ ပြင်ဆင်ရုံပေါ့။ နောက် coke ဗူး တစ်ဗူးဖွင့်။ အတော်သက်သာပါတယ်။ ကြက်ကင်ကလဲ တစ်ကောင်မှ ၁၀ - ၁၂ ဒေါ်လာလောက်ပဲဆိုတော့ အကုန်အကျကလဲ သက်သာသေး။  တစ်ခါတစ်ရံလဲ ကြက်ကင်ဖို့ လုပ်ထားတဲ့ ready made ကြက်သားအကောင်လိုက်ကို spices တွေနဲ့ နယ်ထားတာတွေ ရောင်းတယ်။ အဲဒါကို အာဗံထဲ ထည့်ကင်ပြီးလဲ တစ်ခါတစ်ရံစားတယ်။ ဆိုလိုချင်တာက အိမ်မှာပျင်းတဲ့ နေ့တွေဆို ကြက်ကင်ဝယ်စားတယ်။ တစ်ခါတရံ ကိုယ်တိုင် ကင်စားတယ်ပေါ့။

အဲလိုကြက်ကင်အကြောင်းပြောမိတော့ ကျွန်မငယ်ငယ်က ရှားရှားပါးပါး ကြက်ကင်စားခဲ့ဖူးပုံလေး သတိရလို့ ပြောပြဦးမယ်။  ငယ်ငယ်ကတော့ ဆင်းရဲတော့ ဆိုင်တွေဘာတွေမှာ စားဖို့ အခွင့်အရေးက အင်မတန်မှ ရှားပါးခဲ့ပါတယ်။ အဲဒီကြက်ကင်ကလဲ စားဖူးကထဲက စားကောင်းလွန်းလို့ ဘ၀မှာ အမြဲအမှတ်ရနေမိတဲ့ အစားအသောက်တစ်ခုမှို့ တခုတ်တရ ပြောရတာပါ။

ကျွန်မအဖေမှာ ညီ၂ယောက်ရှိရာမှာ အဲဒီအချိန်က ညီအကြီးက မြန်မာနိုင်ငံ အလည်ပိုင်း မုံရွာနားက မြို့ငယ်လေးတစ်မြို့မှာ သမ၀ါယမ လူကြီးဖြစ်ပါတယ်။ အဲဒီခေတ်အခါက ဦးလေးဟာ ထုံးစံ သမလူကြီးဆိုတော့ ငွေရေးကြေးရေး အတော်ကို ပေါများတဲ့ အချိန်ပေါ့။ အဲဒီအချိန်က တောရွာမြို့ကလေးတွေဟာ အဲဒီသမ၀ါယမဆိုင်က ပစ္စည်းတွေကိုပဲ အားထားနေရတာပါ။ သမဆိုင်ကို ဘယ်ပုဂ္ဂလိက ဆိုင်ကမှ မယှဉ်နိုင်ပါဘူး။  အရင်က ဦးလေးတို့က ဆင်းရဲပါတယ်။ လင်မယား၂ယောက်လုံးဝန်ထမ်း၊ သားသမီး ဘုစုခရု ၅ယောက်နဲ့ မနဲရုန်းကန်နေရတာပါ။ ဦးလေးက အလုပ်မှာတော့ တော်တယ်လို့ နာမည်ကြီးပါတယ်။  ကံအားလျှော်စွာ ဦးလေးသမလူကြီးဖြစ်တဲ့ အချိန်ကစလို့  ဦးလေးတို့ သုံးတာ ဖြုန်းတာ နေတာ ထိုင်တာ သိပ်ကို သိသာလှပါတယ်။ အဲဒီခေတ်က ခေတ်စားတဲ့ GQ တို့ဘာတို့လို စပို့စ်ရှပ်တွေဆို ဒါဇင်လိုက် ၀တ်ကြတာ။ (ဆိုင်ကပစ္စည်းတွေလားတော့ မသိပါ) ကျွန်မတောင် ဦးလေး လက်ဆောင်ပေးလို့ GQ ရှပ်တစ်ထည် ရဖူးတယ်။ အဖြူရောင်ဖျော့ဖျော့ ကြည်ကြည်လေး။ ခါးလောက်မှာ ထောင့်ဖြတ်စင်းအသားနဲ့ တွဲချုပ်ထားတာ။ GQ နဲ့ မိန်းခလေး ဘာဆိုင်လဲ မေးရင်တော့ အဲဒီခေတ်က ထမီတိုတိုနဲ့ အဲလို စပို့စ်ရှပ် ပွပွကြီးတွေ တွဲဝတ်တဲ့ေ ခတ်ဆိုတော့ ကျွန်မ သိပ်ကြိုက်ခဲ့တော့ ခုချိန်ထိ မှတ်မှတ်ရရရှိနေခဲ့တာပါ။
ဦးလေးပေးတဲ့ GQ တော့ မဟုတ်ပါဘူး။ အဲဒီခေတ်က ၀တ်စားဆင်ယင်ပုံကို မျက်စေ့ထဲ မြင်အောင်လို့ပါ။

ဦးလေးအကြောင်းဆက်ရရင် အရင်က ရန်ကုန်လာရင် ရိုးရိုးကုတ်ကုတ်နဲ့ အိမ်မှာပဲ တည်းလေ့ရှိတဲ့ ဦးလေးဟာ အဲဒီနောက်ပိုင်းတော့ ရန်ကုန်လာရင် ဟိုတယ်မှာသာ တည်းပါတယ်။ ဆိုင်အတွက် ပစ္စည်းဝယ်ဖို့ ကားကြီးတစ်စီးနဲ့ သူ့နောက်လိုက် နောက်ပါ အချွေအရံတွေအပြင် ငွေထည့်တဲ့ အိပ်ကြီး အကြီးကြီးဆွဲလို့ အိမ်ကို ခဏသာ ရောက်ပါတော့တယ်။ အဲဒါဆို ဦးလေးက အမေ့ကို သူ့ ငွေအိပ်ကြီး အပ်အပ်ထားတာ။ အစ်မတို့လဲ ငွေအဆင်မပြေရင် အဲဒီထဲက ယူထားဆိုလဲ ပြောသေးတယ်။ နောက်ပိုင်း ဦးလေးလဲ အလုပ်ကပြုတ်တော့ ရတဲ့ အချိန် စုစု ဆောင်းဆောင်းမရှိတော့ အရင်အတိုင်း ဒုံရင်းဘ၀ ပြန်ရောက်သွားတယ်။ အမေကဆို "ဟယ် ငါ အဲဒီအချိန်က သူပြောသလို ယူထားမိ အကောင်းသား။ သူတို့ ခုလို အဆင်မပြေချိန် ပြန်ပေးလို့ရတာပေါ့ .. " ဆို တဖွဖွပြောရှာတယ်။ အရင်က မြို့နယ်က လူကြီးတွေ တရုန်းရုန်းနဲ့ စည်စည်ကားကား ဦးလေးအိမ်ဟာလဲ ကျီးနဲ့ ဖုတ်ဖုတ်သာ ကျန်တော့တယ်။ နောက်ပိုင်းတော့ ဦးလေးဟာ စိတ်နာလွန်းလို့ သူမြို့မှာ မနေတော့ပဲ စစ်ကိုင်းတောင်ဖက်က ဘုရားတစ်ဆူမှာ အလှူခံ ကောက်တဲ့ ဘုရားလူကြီးအဖြစ်နဲ့ တစ်သက်လုံး အရိုးထုတ်သွားပါတယ်။ လောကဓံဆိုတာ တကယ်ကို ပေါ်လိုက် ပျောက်လိုက် ကြက်ခွပ်ပမာဆိုတာ သံဝေဂ ရစရာပါ။

အဲဒီလိုဦးလေး တန်ခိုးထွားနေတဲ့အချိန် ကျွန်မလဲ တက္ကသိုလ်တွေ ၃နှစ်ပိတ်တဲ့ အချိန် ဦးလေးအငယ် သစ်စက်မှာ သွားအလုပ်လုပ်နေတာ။ ညီမ၀မ်းကွဲတွေ (ညီအစ်ကို ၃ယောက်ကမွေးတဲ့ ညီအစ်မ၀မ်းကွဲတွေ ၅ယောက်ရှိပါတယ်) ချစ်ကြတော့ မိုင် ၅၀လောက်ဝေးတဲ့ အဲဒီဦးလေးအကြီး နေတဲ့ နေရာကိုလည်း သွားလည်ကြတယ်။ အဘွားလဲပါတယ်။ အဲလိုသွားလည်တဲ့နေ့ပဲ ညနေစာအတွက် ဦးလေးက ကြက်အကောင်လိုက်ကင် တစ်ကောင်နဲ့ တခြားစားစရာတွေကို ရက်စတောရန့်ကနေ ၀ယ်ပေးလိုက်တာပါ။ ဦးလေးရဲ့ သမကားကြီးနဲ့ လာကြတာဆိုတော့ ကားဆောင့် ဘာဆောင့်နဲ့ ခရီးကလဲ ပမ်းလာတော့၊ ဆာကလဲ ဆာ၊ ဦးလေးအိမ်ရှေ့က ကွပ်ပျစ်လေးမှာပဲ အဲဒီ ကြက်ကင်နဲ့ တခြား ရက်စ်တောရန့်က အစားအသောက်များနဲ့ စားရတာ အလွန်မှပဲ ခံတွင်းမြိန်လှပါတယ်။ 

အိမ်မှာပဲ အမေရုံးသွားခါနီး ကမန်းကတမ်းချက်ထားတဲ့ အိမ်ဟင်းတွေနဲ့သာ စားဖူးတဲ့ ကျွန်မအတွက်တော့ ရက်စတောရန့်က ဟင်းများရဲ့ အရသာဟာ အင်မတန်မှ ထူးကဲလှပါတယ်။ ကြက်ကင်ဟာ ဘာဟင်းခတ်အမွှေးအကြိုင်တွေနဲ့များ လုပ်ထားလဲ မသိပါ။ အသားကလဲ နူးအိနေပြီး မွှေးနေပါတယ်။ ရန်ကုန်မြို့ကြီးက လာခဲ့ပေမဲ့ အော် ငွေရှိရင်  ဒီလိုရွာသာသာမြို့လေးမှာလဲ ဒီလို စားကောင်းသောက်ဖွယ်တွေကို စားနိုင်တာပဲဆိုတာလဲ အသိတစ်ခုရခဲ့ပါတယ်။ စားနေရင်းနဲ့လဲ ငါတို့တွေ ငယ်ငယ်က ထမင်းစားရင်းနဲ့ ဟင်းမကောင်းရင် မောင်နှမတတွေ ဟင်းတွေကို ပါးစပ်ကနေ တစ်ယောက်တစ်မျိုး အလှည့်ကျ မျိုးစုံပြော စားကြတာသတိရပါတယ်။ ငါတို့ မစားရ၀ခမန်း ပြောခဲ့ကြတဲ့ ကြက်ကောင်လုံးကင်၊ ၀က်ကောင်လုံးကင် ဆိုတာတွေဟာ တကယ်ကို အရသာရှိလှပါလားဆို မှတ်မှတ်ရရဖြစ်မိပါတယ်။

ခုတော့လဲ အဲလို ကြက်ကင်မျိုးကို မစားချင်မှ အဆုံး ဟင်းချက်ပျင်းတိုင်း စားရတဲ့ ဟင်းတောင်ဖြစ်နေပေမဲ့ ငယ်ငယ်က စားခဲ့ဖူးသလို ခံတွင်းမြိန်ခဲ့တဲ့ အရသာကိုတော့ ဘယ်တော့မှ ပြန်မရတော့ပါပြီ။ ဒီမှာလဲ နာမည်ကြီး ဆိုင်ကြီးတွေကဆိုတော့ သူတို့လုပ်ထားတာလဲ ငယ်ငယ်က တောမြို့လေးမှာ စားဖူးတာထက်မသာရင်တောင်မှ အဲသလောက် အရသာတော့ ရှိလောက်မှာဖြစ်ပေမဲ့ ပါးစပ်တွေက စားရပါများလို့ ထုံနေလို့ တော်ရုံအရသာ ထိုးမဖောက်နိုင်တာ ဖြစ်လောက်မယ်ထင်ပါရဲ့။

ဟိုတစ်လောကတောင် ဦးလေး သမီးအငယ်ဆုံးလေး မင်္ဂလာဆောင်လို့ အဖေတို့ကပြောလို့ လက်ဖွဲ့ပို့ပေးလိုက်သေးတယ်။  အော် ခုချိန် ဦးလေးတစ်ယောက်လဲ အသက် ၇၀လောက်ရှိရောပေါ့။ ဘုရားလူကြီးဘ၀နဲ့ ဘ၀ကို ချို့ချို့ငဲ့ငဲ့ ဖြတ်ကျော်ခဲ့တဲ့ ဦးလေး ကြက်ကင်တောင်မှ စားနိုင်ပါဦးမလား ... ကြက်ကင်တစ်ခု အရင်းပြု ဦးလေးရဲ့ အဖြစ်ကို  သံဝေဂ ယူနိုင်ကြပါစေ။  ။


(ပုံများကို google မှ ယူပါသည် ။ 
credit to original uploader.)




Sunday, September 9, 2012

မုန့်ဟင်းခါးတော့ မုန့်ဟင်းခါး ...


အန်တီဆွိဟာ အင်မတန် အပျင်းထူလှတယ်။ စလုံးမှာနေတုံးကတော့ အိမ်မှာ ကြီးတော်ကြီးရှိနေတော့ ကြီးတော်က အကုန် လုပ်ကိုင်ပေးတော့ စားချင်တာပြောလိုက်ရုံပဲ။ သူက ချက်ဖို့ အကုန်ပြင်ဆင်ပေးတာကိုး။ ခုဒီရောက်တော့ ဘာမဆို ကိုယ့်ခြေ က်ိုယ့်လက်ဆိုတော့ ပင်ပမ်းမှာ ကြောက်တာနဲ့ ဘာမှ သိပ်လုပ်မစားဖြစ်တော့ဘူး။ ခု အလုပ်လုပ်တော့ ပိုတောင် ဆိုးသေး။ လွယ်တာတွေပဲ ချက်လိုက်တာပဲ။

ဒါတောင် ဟိုးလွန်ခဲ့တဲ့ ၇လလောက်က မုန့်ဟင်းခါးစားချင်တာနဲ့ သွေးတောင်းလွန်းလို့ ဖလင်မန်တန်ဈေးမှာ ငါးခူတွေလဲ ရလာတာနဲ့ ၂ကေဂျီလောက်ဝယ်ပြီး ငါးကို ဆီသတ်ထားလိုက်တာ။ မုန့်ဟင်းခါး ရယ်ဒီမိတ်ထုပ်တွေတော့ အထုပ်နံ့တစ်မျိုး ထွက်လို့ဆို မစားတာ ၄-၅နှစ်လောက်ရှိပြီ ထင်တာပဲ။ အဲဒီနေ့က ထူးထူးဆန်းဆန်း စပါးလင်တွေလဲပေါလို့ဆို ဝယ်လာတာ စပါးလင်တင် ၇ကျပ်ဖိုးဗျာ။ မုန့်ဟင်းခါး ဆီသတ်ချက်တာတော့ ပင်ပမ်းတာပေါ့။ လက်က ကိုက်တတ်တော့ ပိုဆိုးသေး။ ဆီသတ်ပြီးတဲ့ ညကျရင် လက်ကကိုက်တာနဲ့ ကောင်းကောင်းအိပ်လို့မရဘူး။


ါးလေးဆီသတ်ပြီး နောက်တစ်နေ့ပဲ တိုက်တိုက်ဆိုင်ဆိုင် ဘုန်းကြီးကျောင်းမှာ လုပ်အားပေးရှိတာရယ် ကိုယ့် မွေးနေ့ရယ် တိုက်ဆိုင်နေတာနဲ့ ကုသိုလ်လေးလုပ်ချင်လို့ အဲဒီ ငါး ၂ကေဂျီ ဆီသတ်ထားတာ အကုန် ချက်လိုက်တယ်။ နောက် ကုလားပဲတွေစိမ်ပြီး ပဲကပ်ကြော်တယ်၊ ကြက်ဥတွေပြုတ်-လှီး၊ ငါးခြစ်တွေ ကို ငါးဖယ်ကြော်လို ကြော်-လှီး၊ မုန့်ဖတ်တွေပြုတ်၊ ဆီချက်တွေချက်၊ ငရုပ်သီးကိုလဲ ကိုယ်တိုင် လှော်ထောင်း၊ နံနံတွေ၊ သံပုရာတွေလှီး အစုံပေါ့၊ ငါးခူနဲ့ ချက်တဲ့ မုန့်ဟင်းခါး ကိုယ့်ဟာကိုတော့ ရှယ်ပေါ့ဗျာ။ အဟက် ... တကယ်တန်းတော့ မုန့်ဟင်းခါး မုန့်ဟင်းခါးနဲ့ ပြောတော့သာလွယ်တာ လုပ်ရတာ ဟိုဟာနဲနဲ ဒီဟာနဲနဲနဲ့ ပင်တော့ အတော်တော့ပင်ပမ်းသားဗျ။ မုန့်ဟင်းခါးချက်ရောင်းသူတွေ၊ အလှူပေးသူတွေ အင်မတန် ချီးကျူးပါသဗျား။

ချက်ပြုတ်ပြီးတော့ အိုးက်ို အဖုံးလုံအောင် တိပ်တွေနဲ့ ပိတ်၊ သယ်စရာတွေလဲ ငံပြာရည်က အစ ဗူးလေးတွေထဲ ထည့်ပြီး ဘုန်းကြီးကျောင်းသယ်သွားတာ။ ဟိုရောက်တော့ မုန့်အိုးကို ပြန်နွှေးပြီး ကျွေးရအောင် စားပွဲပေါ် အဆင်သင့်တင်ထားတာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ဘုန်းကြီးကျောင်းမှာ အမြဲချက်ပြုတ်နေတဲ့ အန်တီကြီးတွေကလဲ လုပ်အားပေးတွေကို ထမင်းကျွေးဖို့ ချက်ပြုတ်ပြင်ဆင်နေကြတာ။ ကိစ္စမရှိဘူးပေါ့။ ထမင်းစားကြပြီး နေ့လည် ဆာရင် မုန့်ဟင်းခါးလေး အဆာပြေ စားကြပေါ့။ ဒါနဲ့ သူတို့ချက်ပြုတ်နေရာ ကိုယ်လဲ ခဏ ဝင်ကူပြီး သမီးကျူရှင် ကြိုစရာရှိတာနဲ့ သွားကြိုဖို့ ထွက်လာခဲ့တယ်။


သမီးလေး ကြိုပြီးပြန်ရောက်တော့ လူတွေမျက်နှာကြည့်ရတာ တစ်မျိုးပေါ့။ ကိုယ့်ကိုပဲ ဦးစားပေးသလိုလို၊ အားပဲနာနေသလိုလိုပေါ့။ ကိုယ့်မုန့်ဟင်းခါးအိုးတော့ မတွေ့တော့ပြီ။ စားလို့ ကုန်သွားတာလား၊ ထူးတော့ ထူးသားပေါ့။ မေးတော့ မေးမနေပါဘူး။ သူတို့တွေ စကားပြောတဲ့နား ထိုင်မိမှ ညီမလေးတစ်ယောက်က အစ်မရေ သိပြီးပလားတဲ့ ... အစ်မ မုန့်ဟင်းခါးအိုးထဲ ပဲကုလားဟင်းတွေရောမိလို့ အကုန် သွန်ပစ်လိုက်ရတယ် ဆိုပဲ ... အန်တီဆွိမှာဗျာ ... လူကသာ ဟန်မပျက် ပြုံးနေရတယ် ... ရှားရှားပါးပါး ဘယ်တော့မှ အပင်ပမ်းမခံတဲ့သူက ကိုယ်အပင်ပမ်းခံချက်ထားတာလေး၊ ဘယ်သူမှ မစားလိုက်ရပဲ အကုန်သွန်လိုက်ရတယ်ဆိုတော့ အတော် ခံစားသွားရတာ။ ဘာမှလဲ ဆက်မေးမနေတော့ပါဘူး၊ ဖြစ်ပြီးပြီပဲ ရှိပါစေတော့ပေါ့။  အဲဒါလဲ စိတ်ထဲ တော်တော်မကောင်းလို့ ၂ညလောက် လူက အိပ်မပျော်ဘူး။


  စိတ်မကောင်းတာက ၂မျိုးဗျ။ ပထမက မုန့်ဟင်းခါး အပင်ပမ်းခံချက်ထားတာလေး သွန်ပစ်လိုက်ရလို့။ နောက်တစ်မျိုးက အဲဒါနဲ့ ပတ်သတ်ပြီး ဟိုညီမလေး တစ်ယောက်ကလွဲလို့ ကာရကံရှင်အပါအဝင် ဘယ်သူကမှ ကိုယ့်ကို အကျိုးအကြောင်းပေါ့လေ  အဲလိုတော့ဖြစ်သွားတယ်ပေါ့ စိတ်မကောင်းပါဘူး။ " စောရီး ပါ " ဆိုတာလေး တစ်လုံးတောင် မပြောတာပဲ။ လူလူချင်း respect မရှိဘူး၊ အချင်းချင်း လေးစားမှုမရှိဘူးလို့ ထင်မိလို့ပါပဲ။ အမှန်ကတော့ သူတို့လဲ အားနာလွန်းလို့ ဘာပြောရမှန်း မသိတာလဲ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ပေါ့လေ ဒါပေမဲ့ပေါ့ဂျာ .....  နောက်ပြီး  အော် ငါ့မှာ တစ်ခါတစ်ရံလေး ကုသိုလ်လုပ်ချင်မှ ဖြစ်ရတယ်ပေါ့။  အဲဒီကတည်းက မုန့်ဟင်းခါးကို စိတ်နာလို့ ချက်မစားဖြစ်တာ တော်တော်ကြာပြီ။ မွေးနေ့ကတည်းကဆို တွက်ကြည့်တော့ ၇လလောက်ရှိပြီပေါ့။ ဒီကြားထဲ ဖလင်မန်တန်ဈေးလဲမရောက်ဖြစ်တော့  စပါးလင် ဝယ်မရတာလဲပါတယ်။

အိမ်မှာ ချက်မစားဖြစ်ပေမဲ့ ဘုန်းကြီးကျောင်းဈေးရောင်းပွဲတို့၊ အသိအိမ်က အလှူတို့ ဘာတို့တော့ စားဖြစ်ပါတယ်။ သူတို့လဲ ပုံမှန်အားဖြင့်တော့ မုန့်ဟင်းခါး အထုပ်တွေဖောက်ပြီး ချက်ကြတာပါပဲ။ စားလို့လဲ တော်တော် ကောင်းပါတယ်။ ဒါနဲ့ပဲ အော် ... သူတို့တောင် ချက်တာ ကောင်းသေးတာ ငါလဲ ဆီတွေ အပင်ပမ်းခံ သတ်မနေတော့ပါဘူး။ အထုပ်ဖောက်ချက်ကြည့်ဦးမယ်ဆို ဟိုနေ့က မြန်မာဆိုင်ရောက်တော့ မုန့်ဟင်းခါးထုပ်လေး တစ်ထုပ် ဝယ်လာခဲ့တယ်။

ဒီနေ့မနက်တော့ အိပ်ရာက ထ ကတည်းက မုန့်ဟင်းခါးလေး ချက်စားမယ်စိတ်ကူးနေတာ။ နိူးနိူးချင်းပဲ သမီးကိုကျောင်းပို့ဖို့ သူ့အဖေကိုပဲ ပြင်ဆင်ခိုင်းလိုက်ပြီး မုန့်ဟင်းခါး အထုပ်ဖောက်ချက်ဖို့ ပြင်ဆင်ပါတယ်။
ရေနွေးဆူအောင်တည် ပဲမှုန့်၊ ဆန်မှုန့် ရေဖျော်ထည့်၊ ကြက်သွန်နီ ဥကြီး ၃-၄ဥထည့်၊ ကြက်ဥ ၃လုံးထည့်ပြုတ်၊ စပါးလင်တွေ ထုရိုက်ထည့်၊ မုန့်ထုပ်ထဲပါတဲ့ ငါးဆီသတ်တွေထည့်၊ ပိုချိုအောင် အိမ်မှာရှိတဲ့ ငါးကိုလည်း မုန့်ဟင်းခါးအိုးထဲ ထည့်ပြုတ် ပြီးတော့ ဘလန်ဒါနဲ့မွှေ ပြန်ထည့်၊ ကြက်ဥပြုတ် အခွံသင်၊ တစ်လုံးကို ပါးပါးလှီးထည့် ... နောက်ထန်းလျက်လေး ၂လုံးလောက် ပစ်ထည့်၊  မီးဖိုပေါ် မီးအေးအေးနဲ့ နာရီဝက်လောက်တည်။ အိုးကျတော့ အပေါ့ အငံမြည်း ...

ကျက်ပါပြီဂျာ ...  မုန့်ဟင်းခါး။ ဟိုက်ရှားပါး ... အထုတ်ဖောက် ချက်တာလဲ ထင်သလောက်မဆိုးပါကလား ... မုန့်ဟင်းခါးများငတ်ပြီဆို ဘာဖြစ်ဖြစ် စားကောင်းနေတာပဲကိုး။ တကယ့်ကိုမှ ကိုယ့်စိတ်ကြိုက် ရန်ကုန်စတိုင် အရောင် ခပ်ညိုညိုနဲ့ မုန့်ဟင်းခါးပါ ခင်ည။


 ကဲ ... မုန့်ဟင်းခါးတော့ မုန့်ဟင်းခါး ... အထုပ်ဖောက် ချက်တဲ့ မုန့်ဟင်းခါး ... စားကြပါဦး ...

အော် စောနက မုန့်ဟင်းခါး ကုလားပဲဟင်းး) ဇာတ်လမ်း ပြန်ဆက်ရရင် အဲလို ရောမိပြီး ဘယ်သူမှ စစချင်း မသိဘူးတဲ့ဗျ။ အဲဒါ တစ်ယောက်က မုန့်ဟင်းခါးစားချင်တယ်ဆိုမှ ပြင်ပေးတော့မှ ဘယ်နှယ့် သူ့မုန့်ဟင်းခါးထဲ အာလူးတွေရော၊ ပဲသီးတွေရော ခရမ်းသီးတွေရော ပါနေလို့ဆို ငိုအားထက်ရယ်အားသန်တောင် ဖြစ်ရသေး။ အဲဒီ ပဲကုလားဟင်းချက်လာတဲ့ အစ်မကလဲ ဒီရောက်မှ ကိုယ်နဲ့ အတော်ခင်တဲ့ အစ်မဖြစ်နေတော့ ခုတော့ ပြောပြီး ရယ်နိူင်ကြပါပြီပေါ့လေ။


Bonus
တစ်ခါတစ်ရံ အဲလိုဟင်းမျိုး အရမ်းစားချင်တာ။ ၇ွှေခေါင်းပြောင်ဟင်း ခေါ်ကြတယ်။
ဝက်သား ဒညင်းသီးချက် အန်တီဆွိ ဖေးဘရိတ်ပေါ့။ စင်္ကာပူမှာတုံးကတော့ ဒညင်းသီး လတ်လတ်ဆတ်ဆတ် စီးစီးတွေ စားရတယ်။ ဒီရောက်တော့ ရေခဲစိမ်တွေပဲစားရတယ်။
ဆူးမိန် ...siu mai ကလဲ ဂျူဂျူလေးလဲ ကြိုက်လို့ လုပ်စားဖြစ်တယ်။

ချဉ်ပေါင်၊ မျှစ်၊ ကန်ဇွန်းရွက်ချဉ်ရည် ငရုပ်သီးထောင်း - ဒါလဲ ဝက်သားအချိုချက်လေးနဲ့ ဆို ရှယ်ပဲ။

နာနက်သီး ထမင်းကျော်- ဂျူဂျူ့အတွက်ပါ။
Chicken pop corn ဒါလဲ သမီးအတွက် ချစ်ကန်း ပေါက်ပေါက် ဆို ဂျူဂျူတို့ သိပ်ကြိုက် ..
bok choy ကြော်လဲ စားကောင်းတယ်။
ငပိကြော်  ၊ အပေါ်ကလို ချဉ်ပေါင်ဟင်းနဲ့ဆို အသားဟင်းတောင် မလိုပေါင်ဗျာ။
ချဉ်ပေါင် ပုဇွန်ကြော် ဒါလဲ ဖေးဘရိတ်ပဲ ...


Monday, September 3, 2012

သူ့အဖေရယ် ပြောမှ ပြောတတ်ပလေတယ် ....


မဆွိတီသည် တစ်ခါတစ်ရံ သူ့ကိုယ်သူ guilty ဖြစ်သည်ဟု အမြဲတွေးနေတတ်သည်။ အတိတ်က မလုပ်ခဲ့မိသော အကြောင်းအရာများကို တွေးကာ အော် ငါ ဘာလို့ ဒါမလုပ်ခဲ့ပါလိမ့် ဒါလေးကို ငါဘာလို့ သည်းညည်းမခံပါလိမ့် ဆိုကာ နောင်တလည်း  ရ တတ်သေးသည်။

ဥပမာ ဂျူဂျူလေးကိစ္စ။ ဘဝတွင် အမြဲပဲ guilty ဖြစ်နေခဲ့သည့် ကိစ္စတစ်ခု။ သမီးလေးမွေးတော့ အိမ်မှာ ထိမ်းရအောင် ကြီးတော် ခေါ်ထားရာမှ အစပြုသည်။ သမီး ရက်သားလေးမှာ ဦးခြ်ိမ့်က အလုပ်ဆင်းစရာရှိ၍ အိပ်ရေးပျက်မည်စိုးကာ ကြီးတော်က အပြင်ထွက်အိပ်ခိုင်းသည်။ မဆွိတီတို့ အိပ်ရာတွင် သမီးက အလည်က ကြီးတော်နဲ့အမေက တစ်ဖက်တစ်ချက် အိပ်ကြရာ သမီးသည် ထိုအချ်ိန်က jaundice ဖြစ်ကာ ဆေးရုံမှာ ၂ရက်ထားခဲ့ရတော့ ဆေးရုံကတိုက်သည့်နိူ့ဘူးကို စွဲကာ အမေနို့ကို ကောင်းကောင်းမစို့။ အမေကလဲ နို့က သိပ်မထွက်တော့ မအေနို့တိုက်တိုင်း ခလေးမှာ စိတ်တိုကာ ငိုလေသည်။ ပုံမှန်ဆို ဘာသံမှမကြားရသည့်ခလေးက မအေနို့နှင့်တွေ့မှ အရွယ်နှင့်မလိုက် ဒေါသတကြီးအော်နေတတ်သည်။ သူလိုသလောက် နို့က မလိုက်၍ဖြစ်မည်။ ထိုအခါတွင် ကြီးတော်ဖြစ်သူမှာ သူ့တူမ ပေါက်စနှီးမ၏ငိုသံကို မကြားရက်ရကား ချက်ချင်း နို့ဘူးဖျော်ကာ တိုက်ရာ  နို့ဘူးကျမှ မယ်မင်းကြီးမက ဝမ်းသာအားရစို့လေသတည်း။ 

ဤသို့နှင့် တစ်ပတ်ခန့် စခန်းသွားကြပြီး တစ်ညတွင် အိပ်ရာ တစ်ရေးနိုး ခလေးကို ထနို့တိုက်မည်ပြုရာ အိပ်ရာထဲတွင် ကိုယ်တစ်ယောက်တည်း ထီးထီးကြီး ဖြစ်နေသည်။ ကြီးတော်ရော ခလေးရော မရှိကြတော့ပြီ။ ဟိုဟိုဒီဒီ ရှာကြည့်ရာ ကြီးတော်ကြီးသည် သူ့တူမကို သူ့အခန်းကို ခေါ်သွားကာ အိပ်ရာပေါ်ဝယ် နို့ဘူးဖြင့် နှစ်ဦးသား ကျေနပ်နေကြခြင်းဖြစ်လေသတည်း။ ကြီးတော်ကြီးကတော့ စေတနာနှင့် မအေလုပ်သူ ကောင်းကောင်း အိပ်ရအောင် ဆိုလေသည်။ ကိုယ့်မှာသာ နို့တွေ တင်းပြီး နာလာတော့ သမီးခေါ်ကာ တိုက်မည်လုပ်တော့ သူကနို့ဘူးအပြည့်စို့ထားရကား ဗိုက်၀နေ၍ အမေနို့ကို လှည့်၍မျှပင် မကြည့်ပြီ။ သို့နှင့် ဦးမောင်ခြိမ့်ခေါ်ကာ စက်အကူအညီဖြင့် တီတီဆွိတစ်ယောက် ခလေးတစ်ယောက်ရမှ လူစင်စင်ကနေ နွားအသွင် နို့ညှစ်ကာ ပုလင်းထဲ ထည့်ရတော့သည်။ 

အမေနို့လေးဝင်ပါမည့် အကြောင်း အိမ်မှာ နိုညှစ်သံတွေ ဆူညံလှသည်မှာ တစ်လလောက်ကြာလာတော့ ဘယ်အရာမှ သိပ်သည်းညည်းမခံတတ်သူ၊ ကွန်ပလိမ့်ကွင်းန်ဟု ကိုကိုခြိမ့်မှ အမည်ပေးထားသူ တီတီဆွိကား ညည်းလေပြီ။ တစ်ည အိပ်ရာအထတွင် ရင်ဘတ်နေရာမှ နို့တွေခဲနေပြီး နာကျင်လွန်းရုံမက နို့ကျိတ်ပင်ဖြစ်တော့မလိုဖြစ်ရာ ဒီပုံအတိုင်းတော့ မဖြစ်တော့ချေဆိုကာ သမီးကို နို့တိုက်ခြင်း၊ နို့ညှစ်ခြင်း အလုပ်မှ ရပ်လိုက်တော့မည် ဆုံးဖြတ်သည်။ နာကျင်မှုကို မခံစားနိူင်တော့ပါ။ ထိုနေ့မှစ၍ ဂျူဂျူလေးလဲ ဘူးနို့ဖြင့် နှစ်ပါးသွားကာ သူ့အဒေါ်နှင့်ပင် အတူအိပ် သူ့အဒေါ်အခန်းတွင်ပင် အတူနေပါတော့သည်။

သမီး ၃-၄နှစ်လောက်ရောက်တော့ အသိအစ်မတစ်ယောက် ဒုတိယ သမီးလေးမွေးသည်။ NUS ထဲ မှာ အလုပ်လုပ်သည်။ နေသည်က Bukit Batok မှာ။ ရုံးကခွင့်၂လကုန်တော့ နေ့ခင်းဖက် ထမင်းစားချိန်ဆို  ရုံးကနေ MRT စီး အိမ်ပြန်ကာ ခလေးနို့တိုက်လေသတတ်။ အစ်မရယ် ဒုက္ခခံလိုက်တာဆိုတော့ ခလေးတွေဟာ တစ်နှစ်လောက်အထိ မိခင်နို့ကို သောက်သုံးဖို့ လိုကြောင်း၊ အဲဒီအချိန်ဟာ ခလေးဦးနှောက်ဖွံ့ဖြိုးဖို့လိုတဲ့ အတွက် အင်မတန် အရေးကြီးတဲ့ အချိန်ဖြစ်ကြောင်း၊  သူ့သမီးလေးတွေကို ဉာဏ်ရည်ထက်မြက်တဲ့ သမီးလေးတွေ ဖြစ်လိုတဲ့ အတွက် ဤမျှအထိ ဒုက္ခ ခံရကြောင်းပြောတော့ တီတီဆွိမှာ ပြောစရာ စကားရှာမရပြီ။  ဂျူဂျူလေးကို တစ်လကျော်ခန့်သာ နို့တိုက်ခဲ့မိသည် မဟုတ်ပါလား။ ထိုအကြောင်းတွေ မသိ၍မဟုတ်၊ သိသည်။ သို့ပေမဲ့ ကိုယ်က ထိုအချိန်က ဖြစ်သည့် ဝေဒနာကို တော်တော် မခံမရပ်နိူင်ဖြစ်ကာ သမီးနို့တိုက်တာကို ရပ်ဆဲလိုက်ခြင်းဖြစ်သည်။ သူတို့ပြောသလောက်တော့လည်း serious ကြီး ဖြစ်လိမ့်မယ် မထင်ထားခဲ့သည်ကိုး။

ထိုနေ့မှစ၍ တီတီဆွိ၏ စိတ်ထဲတွင် ထို Guilty စိတ်က အမြဲ လွှမ်းမိုးထားရာ သမီလေးကျောင်းတက်၊ ဉာဏ်ရည်မှ ကောင်းပါ့မလား။ စိတ်ထဲမှာ အမြဲ သံတယကြီးနှင့်ဖြစ်နေပါသည်။ သမီးသူငယ်တန်းပြီးခါနီးတော့ အိမ်မှာပဲ သင်္ချာတွေ အင်္ဂလိပ်တွေ ကိုယ်တိုင်သင်ပေးရာ သင်္ချာတွင် ခလေးက အပေါင်းအနှုတ်က ကုန်ပါပြီ။ ရှိသမျှသော သူငယ်တန်း မေးခွန်းဟောင်းတွေပြီးတော့ သူ့အဖေအပြင်က ဝယ်သည့် စာအုပ်တွေ။ ပြီးတော့ တစ်တန်းစာကို ကြိုလုပ်ထားရာ ဟော အမြှောက်၊ အစားတွေ ရောက်လာလျှင် သူမရတော့။ အမြှောက်အလီတွေလဲ ကျက်ခိုင်းတာမရ။ တီတီဆွိ၏စိတ်မှာ အတော်ပင် စိတ်ပျက်မိပါသည်။ သမီးလေး ဉာဏ်ရည်မမီလို့ ဒါတွေမရတာလား။ ရှင်းပြတာလဲ နားမလည်ပေ။ သို့နှင် P1 ရောက်တော့ ကူမွန်မှာ စအပ်ကာ သင်္ချာ ဉာဏ်ရည်တိုးတက်လာအောင် သင်ကြားစေခဲ့ပါသည်။ 

သမီးလေးနဲနဲကြီးလာတော့ သူ့အရွယ်နှင့် သူ့စာ ကွက်တိဖြစ်လာတော့ တော်တော်တိုးတက်လာပါသည်။ အမှန်က ခလေးတွေမှာ သိပ်ငယ်သေးသည့်အချိန် သူ့အရွယ်နှင့် သူ့ဉာဏ်ရည် သူသင်ကြားရမည့်စာ ကွက်တိဖြစ်မှ ခလေးက လုပ်နိူင်ပါမည်။ ဒါကို သေချာနားမလည်၍ အထင်မှားနေခြင်းဖြစ်ပါသည်။  နောက်ပိုင်းတွင် ကူမွန်တွင် ၂တန်းကျောသည်အထိ ဖြစ်လာရာ အော် ငါထင်နေတာ မှားနေပါလား။ သမီးက တော်သားပဲဟု အနည်းငယ် ဖြေလို့ရပါသည်။ 

အမှန်က ဂျူဂျူလေးက သူ့အဖေနှင့် အလွန်တူပါသည်။ ဉာဏ်ရည်မဆိုးလှပါ။ မဆွိတီတို့လို တကုတ်ကုတ်နှင့် စာသိပ် ကျက်စရာ ဖတ်စရာမလိုသော အစားထဲက ဖြစ်ပါသည်။ မဆွိတီတို့ ငယ်စဉ်က စာတွေ spelling တွေ အလွတ်ကျက်ရတာ မှတ်မိပါသည်။ မီးနင်းတွေ spellingတွေ တော်တော် အော်ကျက်ခဲ့ရပါသည်။ ဂျူဂျူသည် မည်သည့်စာကိုမျှ ကျက်ရသည် မရှိဖူးပါ။ spelling တွေဆိုလည်း ကျောင်းမှာ ဆရာမပေးပြီးသည်နှင့် အိမ်မှာ သူ့အလိုလိုရပါသည်။ မဆွိတီတို့လို အသေအလဲ ကျက်မှတ်နေစရာမလိုပဲ သူဟာသူ ဉာဏ်ကောင်းပြီးသားဆိုတော့ စာသိပ်လုပ်စရာမလိုသူဖြစ်ပါသည်။ 

အဖေတူသမီးမှို့ စာပျင်းတာလေးတစ်ခုရယ် ရှမ်းတတ်တာလေးရယ်တော့ ပြောစရာရှိပါသည်။ မေးခွန်းဟောင်းများဖြေခိုင်းလျှင်လည်း တစ်ခါတစ်လေ သူပျင်းမှာစိုးလို့ မေမေနဲ့တူတူလုပ်မယ်လေနော် ဆို သူဖြေသည်ကို ကြည့်နေရာ အလွန်ပင် မြန်လှပါသည်။ တစ်ခါတစ်ရံ အချို့ သင်္ချာ ပုစ္စာများဆို ကိုယ်က စဉ်းစားနေတုံးရှိသေး သူက ဇက် ... ဇက်နဲ့ အဖြေကို ချရေးသွားရာ ဟုတ်မှ ဟုတ်ရဲ့လား သေချာပြန်ကြည့်ရပါသည်။ ကြုံ၍ ပြောရလျှင် ပြီးခဲ့သည့် Term က report card ပေးရာ ဂျူဂျူလေးက  A တွေချည်း အားလုံးရပါသည်။ အော် ... ဆရာမက အမှတ်ပေးကောင်းလို့ထင်တယ်ဆိုကာ လူတိုင်း A တွေချည်းရတယ် အောက်မေ့မိတာ အမှန်က သူနဲ့တွဲတဲ့ (ကိုယ်က အင်မတန်  တော်တယ်လို့ထင်တဲ့ ) စလုံးမလေးအမေက သူ့သမီးတော့  B တွေ အများကြီးပါတယ်ပြောပါသည်။ Interview နေ့မှာ ဆရာမနှင့်သွားတွေ့တော့လဲ သူ့ကိုဆရာမက ချီးမွန်းနေရာ အမေနိူ့ကို တစ်လတည်းတိုက်မိ၍ Guilty ဖြစ်နေသူ တီတီဆွိမှာ သက်ပျင်းချရပါတော့သည်။


သမီးရပို့ကတ်ရပြီး တစ်ညနေ ဦးခြိမ့်နှင့် တီတီဆွိတို့ သမီးမရှိခိုက် သမီးအကြောင်း စကားလက်ဆုံပြောနေကြလေသည်။


တီတီဆွိ ။ ။ " တော့ ကိုကိုခြိမ့်ရဲ့ .... သမီးလေးက ဆွိလေး ထင်ထားသလောက် ဉာဏ်က မဆိုးပါဘူး။ ဆွိလေးဖြင့် သမီးကို ကိုယ့်နို့ မတိုက်လိုက်ရတော့ အမေနိူ့သိပ်မစို့လိုက်ရတဲ့ ခလေး ဒုက္ခပဲလို့ ..နွားနို့က ရတဲ့.နို့မှုန့်တွေ သောက်ရတာ ခလေး ဉာဏ်ရည်မှ ကောင်းမှ ကောင်းပါ့မလား။ intelligent မှ ဖြစ်ပါ့မလားထင်နေတာ။ ခုတော့လဲ မဆိုးပါဘူး ...  တော်သေး နော် .... ဟင်း ... ဟင်း ..."

ကိုကိုခြ်ိမ့် ။ ။ ( ပြောင်စပ်စပ် မျက်နှာပေးဖြင့် ...)
"ဟားဟား  ... အဲဒါ ညည်းနိူ့ မစို့ခဲ့ရလို့ နေမှာပေါ့့ဟ ...."

အန်တီဆွိသည် ကိုကိုခြိမ့်အား  ... ညက်မှောင်ကုတ်ဖြင့် တစ်ချက် စိုက်ကြည့်လိုက်လေသတည်း။    ။

(ခလေးအမေတွေ အဲလို Guilty မျိုုး မဖြစ်ရအောင်၊ ခလေးတွေကို တစ်နှစ်အထိ အမေနိူ့ကို တိုက်ကြစေလိုပါသည်။ )





Thursday, August 9, 2012

အတ္တသမားကျနော် ...

တို့အိမ်က ရွှေဘ ... အဲလေ ဦးမောင်ခြိမ့်က သူရေးထားတဲ့ အက်ဆေးလေး တင်ပေးပါဆိုလို့။ အားပေးကြပါဦးနော်။ သူကတော့ လေးလေးနက်နက်တွေ တွေးတတ်ရေးတတ်တယ်။ အန်တီဆွိလိုတော့ ပေါတောတော ပေါက်တက်ကရ မဟုတ်ဘူးရယ်ဂျ။  ဖတ်ကြည့်ကြပါဦးနော်။ ....
--------------------------------------------------------------------------------------------

    အတ္တဆိုတဲ့ သဘောတရားကို ဗုဒ္ဓဘာသာထဲမှာတော့ အမြဲရှိခြင်း၊ အတ္တဆိုတာမရှိဘူး အနတ္တဆိုတာ မတည်မြဲခြင်းဆိုတဲ့တရားသဘော အနတ္တသာရှိတယ်လို့ ဗုဒ္ဓဘာသာ မီးကျိုးမောင်းပျက် ကျွန်တော်ကတော့ အဲဒီလောက်သာ မှတ်သားထားခဲ့ဖူးပါသည်။ အတ္တဆိုတာကို မြန်မာ့အဘိဓါန် မှာ လိုက်ရှာတော့ ””မိမိ သို့မဟုတ် ငါ”” ဆိုပြီး ပြောထားတယ်။ အင်္ဂလိပ်ဘာသာနဲ့ ပြောလျင်တော့ ego လို့ ပြောဆိုလျင်ရနိုင်ပါသည်။ အတ္တကြီးမားသည်လို့ ဆိုလိုက်လျင် မိမိအကျိုးအတွက်သာ ကြည့်သောသူ၊ မိမိမှလွဲ၍ သူတပါးအကျိုးကို မငှဲ့ကွက်သူလို့ ဆိုရပါလိမ့်မည်။

    ကျွန်တော်ကိုယ်တိုင်ကကော တကယ့်ကိုပင် အတ္တသမားတစ်ယောက်ပါလားဆိုလျင် ဟုတ်ပါသည်လို့ဖြေလျင်လည်း ရသလို မဟုတ်ပါလို့ ဖြေလျင်လဲ မမှားပါ။ ကိုယ်ဖာသာကိုယ် ကောင်းတဲ့ဖက်ကိုပဲ လိုက်ကြည့်ရမည်ဆိုလျင် ကျွန်တော်သိတတ်သည်ကာလမှ စတင်ပြီး ယနေ့အထိ တစ်ပါးသူအခက်အခဲဖြစ်နေပါက ကျွန်တော်တတ်နိုင်သလောက် ကိုယ်ရောစိတ်ပါ နှစ်မြုပ်၍ ကျွန်တော်လိုက်လံကူညီဖြေရှင်းပေးတတ်သည်၊ အသိပညာ အတတ်ပညာ လိုအပ်ပါကလည်း ကိုယ်သိသလောက် မချွင်းမခြံ လိုက်လံ သင်ကြားပြသပေးတတ်ပါသည်။ အဖွဲ့အစည်းများတွင်လည်း ဒါနအဖွဲ့အစည်းများတွင် အားကျိုးမာန်တက် ၀င်ရောက်ကာ တတ်အားသမျှ လှုဒါန်းပါသည်။ ကျွန်တော်ရဲ့ ပတ်ဝန်းကျင်ရှိ အသိမိတ်ဆွေများကတော့ ကျွန်တော်ကို အများအကျိုးဆောင်တတ်သူဟု ရာခိုင်နှုန်း တော်တော်များများက သတ်မှတ်ထားလိမ့်မည်ဟု ကျွန်တော်ယုံကြည်ထားပါသည်။

    အမှန်တကယ်တော့ ကျွန်တော်က ““ငါ”” ဆိုတဲ့ အတ္တသမားကြီးမားသူ တစ်ယောက်ပဲ ဖြစ်ပါသည်။ ကျွန်တော်မိသားစုတွင် အဖေ အမေ၊ အဖေ အမေ မရှိတော့သည့်နောက် အမကြီး၊ အမလေး၊ အကိုကြီး အကိုလေး တို့နှင့် ကျွန်တော့်၏ တူတော်မောင်များကို ကျွန်တော် တော်တော်လေးကို သံယောဇဉ်ရှိပါသည်။ ထိုကဲ့သို့ မိဘမောင်ဖွား ဆွေမျိုးများကို ထိခိုက်စော်ကားလာလျင် ကျွန်တော်အား စော်ကားပြောဆိုသကဲ့သို့ ခံစားရပါသည်။ ထို့နောက် ကျွန်တော် အိမ်ထောင်ကျလာသောအခါ ဇနီးနှင့် သမီးပါ ပါဝင်လာပြန်ပါသည်။ ထိုအခါ ကျွန်တော့်ရဲ့ ငါပိုင်ဆိုင်သော စက်ဝိုင်း အနည်းငယ်ကြီးလာပါသည်။ ထိုမိဘမောင်ဖွားဆွေမျိုး များနှင့် ကျွန်တော်မိသာစု ဇနီးနဲ့ သမီးကို ထိပါးလာလျင် ကျွန်တော့်မှာ အလွန်အင်မတန် စိတ်ထိန်းသိမ်းနိုင်စွမ်းအား နည်းပါလှပါသည်။ ငါ့သမီးလေး၊ ငါဇနီး တစ်ခုခုဖြစ်မယ်၊ ငါ့သမီးလေး တော်တယ်။ ငါ့သမီးလေး လှတယ်။ စသဖြင့် ငါတွေ တိုးလာပြန်သည်။ ထိုနောက် ကျွန်တော် ဇနီး၏ မိဘ နှစ်ပါးကိုလည်း ကျွန်တော့်၏ အ၀န်းအ၀ိုင်းထဲသို့ ထည့်လိုက်ပါသည်။ ကျွန်တော့်ယောက်ခမ ကို ကျွန်တော်က တော်တော်ကိုချစ်ပါသည်။ ကျွန်တော့်၏ အဖေနှင့် အမေကွယ်လွန်အနိစ္စရောက်သွားပြီဖြစ်သောကြောင့် မိဘအစားထို မိဘသဖွယ် ရိုသေမိပါသည်။ ထိုနည်းလည်းကောင်း ကျွန်တော်ယောက်ခမကလည်း တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသလို ကျွန်တော့်ကို တော်တော်လေး ချစ်ပါသည်။ ထိုအတွက် ကျွန်တော် ယောက်ခမများအတွက်ဆိုလျင်လည်း ငါ့ယောက်ခမက ရိုးတာ၊ ငါယောက်ခမ ဆိုသည် ငါတွေ လှိုင်လှိုင်ပေါ ခဲ့ရပြန်သည်။

    လူပုဂ္ဂိုလ်အပေါ်မှာ မက်မောတွယ်တာစွာ နေတတ်သည့် ကျွန်တော်၏ အတ္တသည် ဒီနေရာမှ မရပ်တန့်သွားသေးပဲ မှီတွယ်ရာ၌ အတ္တကြီးမားနေတတ်ပြန်ပါသေး၏။ ကျွန်တော်၏မွေးရပ်မြေ ပျဉ်းမနားကို ကျွန်တော် အလွန်ပင်တွယ်တာသူဖြစ်နေပြန်ပါသည်။ ပျဉ်းမနားမြို့က ဘယ်လောက်များ ချစ်စရာကောင်းနေလို့ တွယ်တာနေရသလဲဆိုလျင် ဘာမှ ထူးထူးခြားခြား ပြောပြစရာမရှိပါ။ ပထ၀ီသဘောတရားအရ ပဲခူးရိုးမအစွယ်နှင့် ရှမ်းကုန်းမြေမြင့်အကြား တည်ရှိသော ကျွန်တော်တို့ မြို့ကလေးသည် မိုးလေ၀သမှန်ကန်၍ ပူချိန်တန်လျင်ပူ၊ အေးချိန်တန်လျင်အေး၊ မိုးရွာချိန်တန်လျင် သင့်တင်စွာရွာသွန်းတတ်သည် ကျွန်တော့်မြို့လေးကို ကျွန်တော် အလိုလိုနေရင်းကို ချစ်ကြိုးသွယ်မိနေပါသည်။ အစိုးရ အဆက်ဆက် မြို့ရွာများ စည်ပင်သာယာအောင်လုပ်လျင်လည်း ပျဉ်းမနားမြို့လေးက အမြဲတမ်းကွက်ကျော် ကျန်ရစ်ခဲ့ရပါသည်။ ပြီးခဲ့သော စစ်အစိုးရလက်ထက် နေပြည်တော်ဆိုသည့် မြို့တော်ကြီး တည်ထောင်သည့်အခါတွင်လည်း ကျွန်တော်တို့ မြို့ကလေးမှာ ဘေးမှ ကွင်း၍ကျန်ခဲ့ရသည်။ အလွန်အင်မတန် မျက်နှာငယ်သည် မြို့ကလေး တမြို့သာ ဖြစ်ပါသည်။ တခါတရံ အွန်လိုင်းလောကက စစ်အစိုးရကို မုန်းတီးမှုဖြင့် နေပြည်တော်ကို အပြစ်ဖို့ ပြောဆိုရင်း ကျွန်တော်တို့ ပျဉ်းမနားမြို့ကလေးကို နင်ပဲငဆ ဆဲဆိုရွတ်နေပါက ကျွန်တော်နှလုံသားတွေကို တစစစီ မွှန်းနေသယောင် ကျွန်တော်ခံစားမိပါသည်။ ထိုကဲသို့ ပြောဆိုလာသူများကို တွေ့ပါကလည်း ထိုသူများသည် ကျွန်တော့် မိတ်ဆွေဘယ်တော့မှ မဖြစ်တော့ဟု စိတ်ထဲတွင် ငါ့မြို့ ငါ့မွေးရပ် ငါ့နေရာ ဆိုသည့် အတ္တကြီး၏ အမိုက်မှောင်က ကျွန်တော့်ကို ဖုံးလွမ်းနေပါတော့သည်။

    အရွယ်လေးရလာတော့ ရန်ကုန်မြို့က စက်မှုတက္ကသိုလ်ကြီးမှာ ကျောင်းတက် ၆ နှစ်၊ ကြာမြင့်ချိန် ၁၀နှစ် နီးပါးနေခဲ့တဲ့ တက္ကသိုလ်ကြီးကို သံယောဇဉ်တွေ တွယ်ငြိလာပြန်သည်။ ဘွဲ့တွေ ဒီဂရီတွေ ရရှိပြီး အလုပ်အကိုင်ထဲ ရောက်လာပြန်တော့လည်း ကိုယ့်တက္ကသိုလ်ကြီးဆိုပြီး ရန်ကုန်မြို့သို့ရောက်တိုင်း အလွမ်းဖြေရတာ ပျက်ကွက်တဲ့ အကြိမ်ရယ်လို့ မရှိပြန်ပါ။ စက်မှုတက္ကသိုလ်က ဘွဲ့ရတယ်ဆိုရင် ကြီးသူကိုရိုသေ ငယ်သူတွေကို လေးစား၊ ငယ်ရွယ်သူတွေ အခက်အခဲတွေ့ရင် ၀ိုင်းကာ သိုင်းကာ ကူညီဖြေရှင်းပေးမိတယ်။ တခါတလေများ ကိုယ်ကျောင်းထွက်တွေ ပေါက်တတ်ကရ လုပ်ကိုင်လို့ အများက ၀ိုင်းဝန်းကဲ့ရဲ့ရင် ကိုယ့်မှာ မျက်နှာတွေပူပြီး မနေတတ် မထိုင်တတ်တဲ့အထိ ဖြစ်ခဲ့မိပြန်သည်။ ဒေါက်တာချမ်းငြိမ်း စစ်အစိုးရနှင့် ပူးပေါင်းလို့ လူအများက ၀ိုင်းဝန်းအပြစ်တင်ရင် ငါ့ကိုများ ပြောလေသလား ဖြစ်ရတတ်သည်။ ဆရာဦးညီလှငယ်ရဲ့ ပညာတော်မှု ကျော်ကြားပြန်ရင်လည်း ငါတို့ ကျောင်းက ဆိုပြီး ရင်ကြီး ကော့ကာ ကော့ကာနဲ့ ငါဆိုတဲ့ အတ္တကြီးက တွဲပါနေပြန်ပါသည်။ အော်.. အတ္တ အတ္တ တွေလား ငါဆိုတဲ့ မာန်မာနတွေလား မခွဲခြားနိုင်ပြန်ပါဘူး။

    မိဘဆွေမျိုး အရပ်ဒေသ သင်ကြားရာ နေရာတွေမှာ ““ငါ”” ဆိုတဲ့ အတ္တစွဲတွေကြီးမားနေတဲ့ ကျွန်တော်က ကိုယ်တိုင်းပြည် ကိုယ့်နိုင်ငံနှင့် ပတ်သက်လာလျင်လည်း အစွဲအလန်းကြီးမားနေဆဲပဲဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံ၏ အထင်ကရများဖြစ်သော ဒေါ်အောင်ဆန်းစုကြည် နှင့် လက်ရှိသမ္မတ ဦးသိန်းစိန်တို့ ကမ္ဘာနိုင်ငံရေးဇာတ်ခုံအလယ်မှာ တင့်တောင့်တင့်တယ် အထင်ကရ ဖြစ်လာလျင်လည်း အဲဒါ ငါတို့ မြန်မာခေါင်းဆောင်၊ ငါတို့ သမ္မတကြီးလို့ လက်မလေး တစ်ထောင်ထောင် နဲ့ ကျွန်တော်ပဲဖြစ်နေပြန်ပါသည်။ လွန်ခဲ့သော ၂-၃ နှစ်ခန့်က ကမ္ဘာပေါ်တွင် နံပါတ် ၂ အာဏာရှင်ကြီး ရှိတဲ့ နိုင်ငံသည် မြန်မာနိုင်ငံ၊ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံထဲက မြန်မာနိုင်ငံဆိုတော့လည်း ကျွန်တော်မျက်နှာမှာ ဇီးရွက်လောက်နှင့် ကိုယ်မျက်နှာ ကိုယ်မဖော်ရဲလောက်အောင် ဖြစ်ရပြန်သည်။

    တကယ်တမ်း ပြန်တွေးကြီးတော့ ကျွန်တော့်ဆိုသည် သတ္တ၀ါသည် အတ္တတရားများနှင့် ပြည့်နှက်နေသော လူပုဂ္ဂိုလ်လေး တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်ငယ်ငယ်က နားထောင်ဖူးသည် ပလေးဘွိုင်သန်းနိုင်ရဲ့ အတ္တသမား ကျနော်ကို တိုးတိုးလေး ရွတ်ဆိုမိပါသည်။

    ““ ငါဆိုတဲ့ အတ္တအစွဲတွေ မကင်းခင် ငါကိုယ်တိုင် အမှားလုပ်မိမှာပဲ....xxxxxxxx မာန်မာနတက်တယ်၊ ထင်တာလေး လုပ်မယ်၊ မှန်တယ်လို့ ထင်သော်လည်းကွယ် ၀န်ခံဖို့ခက်တယ်... လူသားမှာ အမှားဝက္ကန္တနဲ့ အစဉ်ရှုပ်ထွေး အမှားများသမို့ ကျွန်တော်ဟာ အတ္တစိတ်လွန်ကဲလို့.... xxxxx  ဟေး ဗုဒ္ဓဘုရားဟောလေသည်မှာ မွန်မြတ်စိတ်ထားကြ၊ ကူညီခြင်း အလှ လူလူချင်း သွေးဆက်ပါ ””

    သေချာတာကတော့ ဒီဘ၀မှာ ကျွန်တော်ဟာ ကျွတ်တန်းဝင်ပြီး နိဗ္ဗာန်ကို မရောက်နိုင်သေးဘူးဆိုတာ သိနေတော့ အတ္တဆိုတာလေးကတော့ ဆက်လက်ပြီး ရှိနေအုန်းမှာပါပဲ။ သို့သော်လည်း အမျိုးကိုချစ်တဲ့ အတ္တတရားလေးပဲ ရှိပြီး လူလူချင်းလှည့်ပတ်ချင်း ကိုယ်ကျိုးကြည့်ချင်းကို နည်းပါးအောင်နေထိုင်ကြပြီး စိတ်ထား မွန်မွန်မြတ်မြတ်လေး နဲ့ အများအကျိုးလေးကို ထမ်းရွက်ဆောင်တယ်ဆိုရင်ကော ကျွန်တော်ဟာ အတ္တသမား ကျနော်လို့ ခေါ်ပါ့အုံးမလားလို့ မသိဆိုးဝါးစွာ ပြန်ပြီး မေးခွန်ထုတ်မိနေပြန်ပါတော့သည်။

    မောင်ခြိမ့်

Friday, August 3, 2012

GPS နဲ့ တို့အိမ်က ရွှေဘ

ရွှေဘအစစ်ပုံ (မမြင်ဖူးမှာစိုးလို့း)

အန်တီဆွိက တစ်ခါတစ်ခါ စဉ်းစားတယ်။ အော် ငါတို့တွေ ခုခေတ်မှာ လူဖြစ်ရတာ တော်တော်ကံကောင်းပါလားလို့။  ကိုယ် ကားမောင်းတဲ့အချိန်လဲရောက်ရော GPS တွေ ပေါ်လာတယ်။ လမ်းတွေ နေရာတွေ အမှတ်အသားအလွန်နည်းပြီး အင်မတန် မျက်စေ့လည်တတ်တဲ့သူက စင်္ကာပူလို၊ ဆစ်ဒ်နီလို မြို့ကြီးတွေမှာ GPS မပါပဲ ကားမောင်းဖို့ဆိုတာ တွေးတောင် မတွေးရဲဖူးကိုး။  အဲဒါတွေးမိရင် ဟိုးအရင်ကလူတွေ ဒီလောက် ကားလမ်းတွေ ရှုပ်ယှက်ခက်နေတာ ကိုယ်သွားချင်တဲ့နေရာ ဒီတိုင်းကြီး ဘယ်လိုများ ရှာသွားကြသလဲဆို စဉ်းစားရတာ ဥာဏ်တောင် မမှီဘူးရယ်။

အိမ်က GPS ကလေးကို အန်တီဆွိ ကားလိုင်စင်ရတဲ့ နေ့ကပဲ ၀ယ်ထားတာ။ ကားစမောင်းကတည်းက GPS လေးသုံးပြီး မောင်းနေကျဆိုတော့ အဲဒါမပါရင်ပဲ ကိုယ့်မှာ တစ်ခုခု လိုနေသလိုလို။ အဟက် ... အဲဒါလေးနဲ့ မောင်းတော့ သူပြောတဲ့အတိုင်း ဘယ်ကွေ့၊ ညာကွေ့၊ U- turn ၊ round about  နဲ့ နောက်ဆုံး Reach your destination ဆို ရောက်ကရောပဲ။ လမ်းမှားသွားလဲ  သူက ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး  ကိုယ်သွားချင်တဲ့နေရာ ရောက်အောင်တော့ ညွန်ပေးတာပဲ။ သုံးခဲ့တဲ့ ၃နှစ်အတွင်း တော်တော်များများတော့ reliable ဖြစ်တယ်ထင်တာပဲ။ 
  
reliable ဖြစ်တယ်ဆိုတာတောင် တစ်ခါတစ်လေတော့လဲ သူလဲ အူကြောင်ကျား ဖြစ်တတ်သေးတယ်။ တစ်ချို့ လမ်းအသစ်တွေ၊ လောလောလတ်လတ် လမ်းတွေ ပြင်ထားတာတို့၊ တိုးထားတာတို့၊ ပိတ်ထားတာတို့ဆို သူမသိဘူး။ အဲလိုကျ ဥပမာ သူက ညာချိုးပြောတယ်။ ကိုယ်ကလဲချိုးဖို့ ပြင်နေပြီ။ နေရာရောက်တော့ ချိုးမယ်အလုပ်မှာ ညာချိုးစရာ လမ်းမရှိဘူး။ ဟမ်)))) (လမ်းအလယ်မှာ ကွန်ကရစ်နဲ့ ပိတ်ပြီး ကာထားတာကိုး ...) အဲလိုမျိုးဆို  ကိုယ့်မှာ  ပြသနာကို ကမန်းကတမ်း ဖြေရှင်းရတယ်။ တစ်ခါတစ်လေလဲ ဘေးက ၀ိုင်းအားပေးကြတာ ကားဟွန်းသံတွေကို တစ်လမ်းလုံး ဆူညံသွားတာပဲ။ (ဟိဟိ ဂုတ်ကျားတွေ အစုလိုက် ၀ိုင်းဟောင်တဲ့ အတိုင်းပဲ... ) ကားဟွန်းသံလောက်ကတော့ အန်တီဆွိတို့က ဖြုံကို မဖြုံတော့ဘူးခင်ည။

မြို့ထဲ လမ်းတွေ တစ်ခုနဲ့ တစ်ခု အရမ်းနီးကပ်ပြီး ရှုပ်ထွေးပြီဆိုလဲ GPS က အူကြောင်ကြောင်ဖြစ်တတ်တယ်။ လမ်းတွေက အရမ်းနီးတော့ သူက တခြားလမ်းထင်ပြီး ညွှန်တော့ အကုန်တလွဲတွေ ဖြစ်ကုန်ရော။ အိမ်က ကိုကိုခြိမ့်ဆို GPS ကို တော်တော် ကောင်းချီးပေးတယ်။ အင်တာနက်ထဲမှာ ရှာကြည့်ရင် GPS ညွှန်လို့ဆို ကားတွေ တလွဲဖြစ်တာ ဟာသလုပ်ထားတဲ့ ပုံတွေမှ တစ်ပုံကြီးပဲ။

တစ်ခါလဲ မလက္ကာဖက်သွားတော့ ကိုကိုခြိမ့်တို့ သူငယ်ချင်းတွေ တစ်အုပ်ကြီးပေါ့။ ကားတွေ ၄-၅စီးနဲ့ စီတန်းသွားကြတာ။ GPS ပါတဲ့ ကိုကိုခြိမ့်က ရှေ့ဆုံးကမောင်းပေါ့။ အပြန်ကျ မြို့ထဲမှာ သွားချင်တဲ့ နေရာ လမ်းပျောက်နေတော့ GPS ခေါ်ရာ လိုက်ကြရော။ အိမ်တစ်အိမ်ရှေ့လဲရောက်ရော လမ်းမကိုဖြတ်ပြီး ဘုရားစောင်းတန်းတွေလို အ၀တ်ဖြူကြီးတွေနဲ့ မန်းတပ်ထိုးထားတာ တွေ့တော့ မဏပ်ထဲ ဖြတ်ရမလား မဖြတ်မလားမသိ။ GPS ကလည်း အဲဒီလမ်းကိုပဲ ကွေ့ခိုင်းနေတော့ စဉ်းစားချိန်က သိပ်မရ။ ဘာဖြစ်ဖြစ်ဟာဆို ... ကွေ့ဝင်လိုက်တာမှာ အိမ်ထဲ ခဏအကြည့်မယ် ဟမ်မလေး အသုဘ အလောင်းပြင်ထားတာဗျား။ လူက အထဲတောင် မရောက်သေးဘူး အပြင်ဖက်မှာ ပက်လက်ကြီး။  ဦးခြိမ့်တို့ သူငယ်ချင်းတွေ တန်းစီပြီးကို အဲဒီအိမ်က မဏပ်ထဲ ဖြတ်ကြတာ။ အိမ်ရှင်တွေကတော့ ဘယ်လိုထင်မယ်မသိ။  ခပ်တည်တည်နဲ့ တန်းစီပြီးတောင် ဖြတ်ဝင်ကြသကိုး။ ကိုယ်တွေတော့ အဲဒီတုံးက ရယ်လိုက်ရတာ အူတောင်နာတယ်။ တကယ့်ကို ငိုအားထက် ရယ်အားသန်ပဲ။

ဒီနေ့မနက်လဲ ဦးခြိမ့်ကား service ၀င်ရမှာဆိုတော့ မနက်စောစော ရုံးမသွားခင် သူ့ကားကို service center မှာ သွားအပ်ရမှာ။ အပြန်ကျ သူပြန်လို့ရအောင် သူသွားကထဲက အန်တီဆွိကလဲ ကိုယ့်ကားနဲ့ သူ့နောက်က လိုက်ပေါ့။  (ဒီမှာက Bus တွေ Taxi တွေ အားကိုးလို့မရဘူးဂျ) ပြီးတော့ သူက ကိုယ့်ကားကိုမောင်း ၂ယောက်အတူ အိမ်ပြန်၊ သမီးကို ခေါ်၊ ကျောင်းပို့၊ ပြီးရင် သူ့ရုံးလိုက်ပို့ အဲလို စီစဉ်ထားတာ။

 အဲဒါ service centre အသွားမှာ အန်တီဆွိက မျက်စေ့လည်တတ်တော့ သွားရမဲ့နေရာကို GPS key in လုပ်ပြီးသားအဆင်သင့် ကားမှာ တပ်ပေးထားတယ်။ သူကတော့ သူ့ ဟမ်းဖုန်းက မြေပုံလေးနဲ့ ရှေ့ကသွား ကိုယ်က သူ့ကားနောက်က ထပ်ချပ်မခွါလိုက်ပေါ့။ သူ့ကားပျောက်သွားတော့လဲ ဘာအရေးလဲ ။ ကိုယ့်မှာ GPS key in ပြီးသားကိုး။

အိမ်ကအထွက် မောင်းခါစရှိသေး။ GPS က power ကြိုးမတပ်ထားတာ သတိရလို့ ပြန်အတပ်မှာ touch screen ကို ထိမိတော့ တီ ... တီ ဆို အသံကြားရတယ်။ setting တစ်ခုခု ပြောင်းသွားတယ်ထင်လို့ ပိုသေချာအောင် ကိုယ်သွားမဲ့နေရာကို recently found ဆိုတဲ့ function က အပေါ်ဆုံးက လိပ်စာကို ရွေးပြီး ပြန် နှိပ်လိုက်တယ်။ ကိုယ်လဲ သွားရမဲ့လိပ်စာ သေချာတော့ မသိဘူး။ သူ key in လုပ်ပေးတာဆိုတော့ အပေါ်ဆုံးကဟာပဲ ဖြစ်မှာပါဆို ရမ်းနှိပ်လိုက်တာ။ ဒါက ပိုပိုလိုလိုပဲလေ။ သူ့ကားနောက်က လိုက်မှာပဲ။ ကိစ္စမရှိ။

ပြီးတော့ သူ့ကား နီညိုလေးနောက် ထပ်ချပ်မခွါ လိုက်တော့တာပဲ။ မနက်စောစောဆိုတော့ လမ်းကြားတွေမှာတော့ ကားက အရှင်းသားလား။ ချောလို့။ ဟော လမ်းမကြီးလဲ ရောက်ရော တွေ့ပါပြီ။ ကားတွေက traffic ဖြစ်နေပြီ။ ကိုကိုခြိမ့်က ကားမောင်းတာ မြန်တယ်။ ဆုံးဖြတ်တာလဲ မြန်တယ်။ အဲဒီနေရာမှာ ယောက်ျားတွေနဲ့ မိန်းမတွေ ကားမောင်းတာ မတူတာပဲ။ ကိုယ်တွေက အရမ်းစဉ်းစားတယ်။ ဆုံးဖြတ်တာလဲ နှေးတယ်။ ကြောက်လဲ ကြောက်တတ်တော့ မရဲဘူး။ ကားကိုလဲ သူ့လောက်တော့ အမြန်မမောင်းရဲဘူး။ ကိုယ်မောင်းနေကျ speed ထက်ကို ပိုပြီးမောင်းတာတောင် မှီအောင် မနဲလိုက်နေရတယ်။ မီးပွိုင့်တစ်ခု အရောက်မယ် မီးပွိုင့် ၀ါနေတာ သူဖြတ်ချသွားတယ်။ မဖြတ်လို့ မရဘူး။ သူက အရမ်းကပ်နေပြီ။ ကိုယ်ကျ ရပ်လို့ရသေးတယ်။ လိုက်မယ်ဆိုလဲ လိုက်လို့ရတယ်။ လိုက်ရင်ကောင်းမလား ဆုံးဖြတ်ချိန်တောင် မရလိုက်ဘူး။ ထုံးစံအတိုင်း ကြောက်တတ်သူဆိုတော့ ဘရိတ်အုပ်ပြီး ရပ်ပလိုက်တယ်။

မီးပွိုင့်လွှတ်တော့ ချက်ချင်းနောက်မီးပွှိုင့်တစ်ခု ထပ်မိပါရော။ ကိုကိုခြိမ့်ကား နီညိုရောင်လေးတော့ အစရှာမရတော့ပြီ။ ကဲ ... ဘာအရေးလဲဆို GPS လေး အားကိုးနဲ့ ကိုယ့်ဟာကိုယ် ဆက်မောင်းပေါ့ ... အဟက်။  ဟော မောင်းနေရင်းနဲ့ ...  GPS က ဟိုတစ်ပတ်က သွားထားတဲ့  Olympic park ထဲကိုပဲ ညွှန်ညွန်နေသဗျာ။ လူက မသင်္ကာချင်တော့။ ငါ စောနက လိပ်စာမသိပဲ ရမ်းရွေးလိုက်တာ မှားနေပြီနဲ့ တူတယ်ပေါ့။ အရင်တစ်ခါ ဆားဗစ်စင်တာကို သွားဖူးတာ အိုလမ်းပစ်ပတ်ခ်ထဲကို ဖြတ်မမောင်းရပါဘူးဆို လူက နဝေတိမ်တောင်ဖြစ်နေပြီ။ 

ဘာပဲဖြစ်ဖြစ် သူပြောတဲ့နောက်တော့ လိုက်မောင်းနေဆဲပဲ။ မီးပွှိုင့်  ခဏမိတော့ လိပ်စာကို သေချာအောင် ဖုန်းဆက်မေးဦးမှပါဆို အိပ်ထဲ ဖုန်းကို စမ်းတော့ ဖုန်းကလဲ စမ်းလို့မရ။
မနက်က ဘက်ထရီသွင်းထားတာဖြုတ်၊ သမီး အိုင်ပက်နဲ့ ပြောင်းတပ်တာတော့ သတိရတယ်။ ပြီးတော့ ယူလာမိလား၊ မယူလာမိလားလဲ သတိမရ။ ဖုန်းကတော့ရှာမတွေ့ပြီ။ အိမ်ကအထွက် အိပ်ထဲမထည့်ပဲ ဖိနပ်စင်ပေါ်များတင်မိသလား။ စိတ်ထဲမှာ တွေးနေတာ ... လမ်းကျ လမ်းကြားလေးတစ်ခုဝင်ပြီး ခဏရပ်၊ ဘေးက တွေ့တဲ့လူ ဖုန်း ခဏ ငှါးဆက်ရင် ကောင်းမလား။ အွန် ... ဖုန်းငှါးဆက်ရအောင်လဲ ဒီလိုချမ်းချမ်းစီးစီးမှာ ဘယ်သူမှလဲ အပြင်မှာ လမ်းလျှောက်မှာမဟုတ်။ လမ်းလျှောက်တဲ့သူ တွေ့ရင်တောင် ဘယ်မှာလဲ ကိုကိုခြိမ့်ဖုန်းနံပတ်။ ငါမှအလွတ်မရတာကို ...  အရေးကြီး ဖုန်းနံပတ်တွေ ရေးထားတဲ့ မှတ်စုစာအုပ်ကလဲ ပါမလာ ... ခဏပဲဆို အိပ်အသေးထဲ wallet ရယ် နေကာမျက်မှန်ရယ်ပဲ ကောက်ထည့်လာတာ။ ဘယ်လိုလုပ်ရမလဲ မသိတော့။ အတော် အကျပ်ရိုက်နေပြီ။ နောက်ဆုံးတော့ အင်း GPS ကို go home လုပ်ခိုင်းပြီး အိမ်ပြန်၊ အိမ်ကျမှ ကိုကိုခြိမ့်ကိုဖုန်းပြန်ဆက်၊ လိပ်စာမေး ဆားဗစ်စ်စင်တာ ပြန်သွား အဲလိုကျ အကုန်တလွဲတွေ ဖြစ်ပြီး သမီးကျောင်းပါ နောက်ကျကုန်တော့မှာပဲ ဆို ... ကားမောင်းရင်းနဲ့ စဉ်းစားနေတာ ဦးနှောက်တွေကို ခြောက်နေတာပဲဂျာ။

ကားကလဲ ဂျီပီအက်စ်ရဲ့ ခေါ်ဆောင်ရာ သွားနေမြဲပဲ။ တွေးနေရင်းး ... အတွေးတွေရှုပ်နေရင်းနဲ့  မောင်းနေတာ  ၅မိနစ် ၁၀မိနစ်ကျော်လောက်ရှိနေပြီ။  ဒီလိုနဲ့ သွားနေရင်းနဲ့ဗျာ အမှတ်တမဲ့အကြည့် ကိုယ့်ရှေ့တည့်တည့်မှာ နီညိုရောင် ကားလေးတစ်စီး။ ခပ်တည်တည်ပဲ ကိုယ့်ရှေ့မှာ။ နံပတ်ကြည့်လိုက်တော့ ဟမ်မလေး ကိုကိုခြိမ့်ကားပါကလား။  အန်တီဆွိတို့ ဖော်မပြတတ်အောင် ၀မ်းသာသွားတာများ။ ရုပ်ရှင်တွေထဲမှာ မင်းသမီး လူကြမ်းတွေနဲ့ ဒုက္ခရောက်လို့ ကြံရမရဖြစ်နေတုံး မင်းသားရွှေဘကို ရောက်လာသလိုပဲဂျာ။ အဲသလို တွေးမိတာရော၊ သူ့ကားတွေ့တော့ ပျော်သွားတာရော ကားမောင်းရင်း ပြုံးဖြီးဖြီးကြီးတောင်ဖြစ်လို့။ တော်သေးတာပေါ့။ လမ်းကတော့ မမှားဘူးပဲ။ ဘယ်အချိန်ကတည်းက အဲဒီ ရွေဘ ကိုယ့်ရှေ့ရောက်နေမှန်းမသိတာ။ ဒါနဲ့သူ့နောက်က ဆက်လိုက်ရင်း  ခဏနေတော့ ဆားဗစ်စင်တာ ရောက်ပါလေရောဂျာ။

ကိစ္စ၀ိစ္စတွေပြီး၊ အပြန်ကျ သူက ကားမောင်း ကိုယ်က သူ့ဘေးမှာ (မင်းတမီးပေါ့ဂျာ) ထိုင်ရင်း စောနက အဖြစ်ကို ပြန်ပြောပြတယ်။ ကိုကိုခြိမ့်ရယ် ... ဆွိလေး ကိုကိုခြိမ့်ကားတွေ့တော့ ၀မ်းသာချက်တော် ... ရုပ်ရှင်တွေထဲ မင်းသမီး ဒုက္ခရောက်နေတုံး မင်းသား ရွှေဘ ရောက်လာသလိုပဲဆို ပြောတော့ "ဟင် ညည်းက ဒီနားကျမှ ငါ့တွေ့တာလား .." တဲ့။ "ငါက ညည်းရှေ့က မောင်းတာ ... ဟိုးအိုလမ်ပစ်ပတ်ခ် အထွက်ကတည်းကပဲ..." " ငါ့မှာ ညည်းကို စောင့်ခေါ်နေတော့ နှေးနေတာနဲ့ နောက်ကားတွေ ကျော်တက် ဘုကြည့်ကြည့်တာခံရတယ် " တဲ့။

 ကြည့်ဦး ကိုယ့်ရှေ့ ရွှေဘကြီးတစ်ယောက်လုံး တစ်ချိန်လုံးရှိနေတာကို လူကပြာယာခတ်နေတော့ မမြင်တာဗျား။ ။

ကိုယ့်အိမ်က ရွေဘ တွေလဲ နောက်ဆုံးတော့ ရွှေဘက ရွှေဘ ပါပဲဂျာ။  ။

တို့အိမ်က ရွှေဘ ။




Monday, July 23, 2012

အာဂျီနိုမိုတို (သို့) အချိုမှုန့် (သို့) MSG (သို့) 621 ရှာပုံတော်


အန်တီဆွိနဲ့ အချိုမှုန့်
မဆွိတီတို့ ၉တန်း၁၀တန်းလောက်ပေါ့။ တစ်ရက် အမေ မုန့်ဟင်းခါးချက်တော့ မုန့်ဟင်းခါးထဲ ငါးတွေ များပါရက်နဲ့ အချိုမှုန့်တွေ အများကြီးထည့်တာ တွေ့တယ်။ စိတ်ထဲမှာ အမေအချိုမှုန့်တွေ သုံးတာ များလိုက်တာလို့။ မုန့်ဟင်းခါးတင်မဟုတ်၊ လဖ္ဘက်ဆိုလည်း အချိုမှုန့် နိုင်းချင်းနဲ့ နယ်လိုက်တာပဲ။ ငါးခြောက်ဖုတ်ဆိုလဲ ဆီထဲမှာ အချိုမှုန့်အချောင်းလေးတွေတောင် မြင်ရတယ်။  အမေရယ် အချိုမှုန့်တွေ သုံးတာ များလိုက်တာဆိုတော့ သူတို့လျှာက စွဲနေပြီတဲ့။ အချိုမှုန့်မပါရင် အရသာမရှိတော့ဘူးတဲ့။ ပြီးတော့ အချိုမှုန့်က ပလောပီနံကနေ လုပ်ထားတာဆိုတော့ သိပ်အန္တရာယ်မရှိပါဘူးတဲ့ ပြောသေးတယ်။ ခုနောက်ပိုင်းတော့ အမေလဲ အသက်ကြီးလာတော့ ကင်ဆာတွေဘာတွေ ဖြစ်မှာကြောက်လို့ထင်ပါရဲ့ ဟိုတစ်ခေါက်ပြန်တော့ အချိုမှုန့်တော်တော်လျှော့သုံးလာတာတွေ့ရတယ်။
ကိုယ်လဲ ဦးခြိမ့်နဲ့ အိမ်ထောင်ကျတော့ အချိုမှုန့် အနည်းငယ်တော့ သုံးမိတယ် ထင်တာပဲ။ သေချာ မမှတ်မိတော့ပါ။ နောက်သမီးလေးမွေး၊ ကြီးတော်ရောက်လာတော့ စာအုပ်တွေ၊ အင်တာနက်တွေထဲ အချိုမှုန့် ဘာပြုတယ်၊ ညာပြုတယ်ဆိုတာနဲ့ အိမ်မှာ အချိုမှုန့် လုံးဝမသုံးရလို့ အမိန့်ထုတ်ထားတယ်။ အချိုမှုန့်အစား သကြားတို့၊  ငါးငံပြာရည်၊ ပဲငံပြာရည်၊ ပုဇွန်ခြောက်မှုန့် အစရှိသဖြင့် အစားထိုးသုံးတယ်။ ဟင်းချိုတွေ ဟင်းခါးတွေချက်ရင်တော့ တစ်ခါတစ်ရံ ခနော (Knorr) လို့ ခေါ်တဲ့ ကြက်သားမှုန့်အတုံးလေးတွေ ပစ်ပစ်ထည့်ပြီး ဟင်းကို ပိုချိုအောင် လုပ်ကြတယ်။

ကြက်သားမှုန့်အစ
တစ်ရက်တော့ အိမ်မှာအတူနေတဲ့ အိမ်ငှါး ညီအစ်ကို ကိုက်လံကြော်ကြတော့ အနံ့ကလဲ အတော်မွှေးတာနဲ့  ဒီလိုမွှေးအောင် ဘာနဲ့များ ကြော်ကြလဲဆို မြည်းကြည့်ရာမှာ အိမ်မှာ ကြီးတော် အမြဲကြော်တဲ့ ကိုက်လံကြော်နဲ့ မတူ၊ အရသာကလဲကောင်း၊ အနံ့ကလဲမွှေး တော်တော်အရသာ ရှိပါလားဆို သူတို့က ကြက်သားမှုန့်နဲ့ ကြော်တာတဲ့ဗျ။ အဲဒီကြက်သားမှုန့်က ငရုပ်ကောင်းတွေ ဘာတွေနဲ့ seasoning powder လို သေချာမွှေးအောင် လုပ်ထားတာကိုး။ သူတို့သုံးတဲ့ ကြက်သားမှုန့်လေး တံဆိတ်မှတ်ထားပြီး နောက်ပိုင်းတော့ ဟင်းရွက်ကြော်ရင် အဲဒီကြက်သားမှုန့်လေးနဲ့ ကြော်တာ တရုတ်ဆိုင်က ကြော်တဲ့အရသာအတိုင်း တော်တော်ကောင်းတယ်ဆိုတာ သတိထားမိတယ်။

အဲဒီကထဲက ကြက်သားမှုန့်ပဲလေဆို စိတ်ချလက်ချနဲ့ သုံးလာတာ ခုအော်ဇီရောက်တဲ့ အထိပဲ။ ဒီရောက်တော့ ကိုယ်တိုင်ချက်တော့ ပိုတောင်ဆိုးသေး။ ဟင်းအရသာလေး ပိုကောင်းအောင်ဆို အသားငါးတွေဆို ဆားတောင်သိပ်မသုံးဖြစ်ပဲ ငံပြာရည်နဲ့ အဲဒီကြက်သားမှုန့်နဲ့ နယ်လိုက်တာပဲ။ မှတ်မှတ်ရရ ရောက်ကတည်းက ဆားတစ်ထုတ်ဝယ်ထားတာ ခုထိ ကျန်နေသေးတယ်။ ဒါတောင် ၀က်အူတွေ၊ ကလီစာတွေချက်ရင် ဆားနဲ့ ပွတ်ပွတ်ဆေးလို့ ဆားက လျော့သွားတာ။ နောက်မှို့ အထုတ်တောင် ပျက်မယ်မထင်ဘူး။

ဖေ့စ်ဘွတ်ခ်က ဆောင်းပါးနဲ့ 621
တစ်နေ့ကပဲ ဖေ့စ်ဘွတ်မယ် အချိုမှုန့် ဘာရောဂါဖြစ်မယ်၊ ညာရောဂါဖြစ်မယ်ဆို ဆောင်းပါးတစ်ပုဒ် ဖတ်ရပြန်ပါရော။ အဲဒီမှာ ကွန်မန့်တွေမှာ မေးထားတာ အချိုမှုန့်ကတော့ ဟုတ်ပါပြီ။ ကြက်သားမှုန့်ကရော ဘယ်လိုလဲ၊ ဘာလဲဆိုတော့ ကြက်သားမှုန့် အင်မတန်သုံးတဲ့ အန်တီဆွိလဲ သိချင်လာတယ်။ ကြက်သားမှုန့်မှာရော အချိုမှုန့်ပါသလား။ ကြက်သားမှုန့်သုံးရင်ကော safe ဖြစ်သလား။ ထုံးစံအတိုင်း ဂူဂဲလ်ထဲ၊ ၀ီကီထဲ မွှေနှောက်ရှာ..  အားလားမား .. ပါလိုက်တာမှ အန်တီဆွိသုံးတဲ့ ကြက်သားမှုန့်ထုတ်ရဲ့ Ingredient ထဲမှာ 621 ဆိုတာ ပြူးနေတာပဲ ခင်ဗျာ။


အဲဒီ 621 ဆိုတာ Monosodium L-glutamate (MSG) ကိုပဲ Flavour enhancer No 621 ဆို အမည်ပေးထားတာပါပဲ။ အော်ဇီမှာတော့ MSG ကို 621 ခေါ်ပြီး အခြားဥရောပနိုင်ငံတွေမှာတော့ E621 (ရှေ့က E တစ်လုံးပေါင်းထည့်ပြီး) ခေါ်ပါတယ်။ MSG မှ မဟုတ်ပါဘူး၊ အချိုမှုန့်ကဲ့သို့ အစားအသောက်တွေရဲ့ အရသာကို ကောင်းမွန်ပြီး၊ စွဲတတ်တဲ့ ဓာတ်ပေါင်းတွေအားလုံးကို အဲလို Flavour enhancer number တွေ 620 ကနေ 640 အထိပေးထားပါတယ်။ အောက်ကလင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။

FLAVOUR ENHANCERS (620-640)


MSG by any other name .......
In Japan, MSG is labeled as 味の素 or Ajinomoto
In China, MSG = wie jing
In the Phillipines,  MSG = Vetsin
In Thailand, MSG =
phong churot
In Germany, MSG =
Natriumglutaminat
In Europe - MSG = E621,  but avoid E620-625  as they also contain glutamate
In the US - "umami", MSG, glutamate, free glutamic acid

List of the way msg is hidden ...

hvp (hydrolyzed vegetable protein), glutamate or glutomic acid, modified enzymes, natural flavor (ings), yeast extract or autolized yeast, caseanate, contains maltodextrin, soy concentrate, isolate or soy protein, protein isolates.


ပါမောက္ခ  Kikunae Ikeda

နောက်ပိုင်းတော့ ပရောဖက်ဆာ အီကဲဒါးနဲ့ သူ့ပါတနာတွေဟာ ဒီ glutamate ရဖို့ ရေညှိလို သဘာဝပစ္စည်းကနေ ထုတ်နိုင်ရုံတင်မက တခြားသော beet တို့၊ ပလောပီနံတို့၊ ဂျုံ၊ ကြံရိုးတို့ အစရှိတဲ့ သဘာဝပစ္စည်းတွေကလဲ ထုတ်နိုင်တယ်ဆိုတာ သိလာတယ်။ ၁၉၀၉ ခုမှာ ဒေါက်တာ အီကဲဒါးဟာ လူတွေခန္ဒာကိုယ်မှာ၊ အသားတွေ နို့တွေမှာ အဲဒီသဘာဝအတိုင်းတွေ့နိုင်တဲ့ glutamic acid နဲ့ ကယ်မီကယ် ဓာတ်ပေါင်းချင်း ဆင်တူတဲ့  molecular formula C5H9NO4 ကို ဖော်ထုတ်ပြခဲ့ပါတယ်။

 နောက်ဆုံး MSG ထုတ်လုပ်ပုံကတော့ ပရိုတင်း ထဲမှာပါတဲ့ glutamic acid ကို bacterial fermentation လုပ်ခြင်းဖြင့်  glutamate ဆိုတဲ့ ဓာတ်ကို ပထမထုတ်လုပ်ပါတယ်။ အမှန်က glutamate ဆိုတာ သူ့ချည်းဆို ဘာမှ အရသာမရှိပါဘူးတဲ့။ နောက်တော့ sodium ဆားနဲ့ ရောပြီးမှသာ အရသာကို ပိုတက်စေတာအပြင် ဆားက  crystal ပုံပြောင်းဖို့လွယ်တော့ ဆားနဲ့ပေါင်းပြီး Mono-sodium glutamate (MSG) ဆိုပြီး ထုတ်ပါတယ်။ trade name ကတော့ အများသိကြတဲ့ You are sure ... it is pure ... အာဂျီနိုမိုတို ပေါ့ ခင်ဗျား ...


MSG မှာ ဆား (ဆိုဒီယမ်) ၁၃% ပါပြီး အိမ်သုံးဆား(ဆိုဒီယမ်ကလိုရိုက်) မှာတော့ ဆိုဒီယမ် ၄၀% ပါပါတယ်။ ဒါကြောင့် အချိုမှုန့်သုံးရင် ဆိုဒီယမ် လျှော့ချသလို ဖြစ်သွားပါတယ်။
5th taste Umami အရသာ
တစ်ချိန်တည်းမှာပဲ ပါမောက္ခ အီခဲဒါးဟာ လူတွေမှာ  ချို၊ ချဉ်၊ ငံ၊ ခါး ဆိုတဲ့ အရသာ ၄မျိုးသာ သတ်မှတ်ခဲ့ရာမှ umami လို့ခေါ်တဲ့  ၅ခုမြောက်အရသာ (မြန်မာလိုဆို ဟင်းချိုတွေ ချိုသလို အရသာမျိုး၊ အင်္ဂလိပ်လိုဆို savoury) တစ်ခုကိုပါ ထပ်တိုးပြီး ထိုအရသာဟာ သဘာဝအားဖြင့်တော့ ပရိုတင်းကြွယ်ဝတဲ့ အစားအသောက်တွေ တော်တော်များများမှာ ပါရှိတဲ့ အကြောင်း ရှင်းပြထားပါတယ်။ umami အရာသာရှိတဲ့ glutamate ဟာ အများအားဖြင့် cheese၊ ခရမ်းချဉ်သီး၊ အသား၊ နွားနို့၊ မှို အစရှိသည်တို့မှာ သဘာဝအတိုင်းရှိပြီးသားဖြစ်ပါတယ်တဲ့။ ခလေးတွေ သောက်သုံးတဲ့ လူတွေရဲ့ နို့မှာ သကြားဓာတ်အပြင် အဲဒီ glutamate ဓာတ် အတော်များများပါပါတယ်။ ဒါကြောင့် ခလေးတွေဟာ အမေနို့ကို စွဲစွဲမက်မက် သောက်ကြတယ်လိုလဲ ဆိုပါတယ်။

 အောက်က ဇယားကတော့ အစားအသောက် ၁၀၀ဂရမ်မှာပါတဲ့ Bound glutamate  နဲ့  Free glutamate ရဲ့  မီလီဂရမ် အလေးချိန်တွေဖြစ်ပါတယ်။ ဒါတွေကို ကြည့်ခြင်းဖြင့် အချိုမှုန့်မစားလဲ သူ့သဘာဝအလျှောက် အဲဒီ ဂလူမိတ်ဓာတ်ကို အောက်ပါ အစားအသောက်တွေကနေ ရနေတာ သိရပါတယ်။  အမေနို့ ၁၀၀ဂရမ် မှာ glutamate ၂၂မီလီဂရမ် ပါပြီး နွားနို့ကျ ၂ မီလီဂရမ်ပဲ ပါပါတယ်။ လူတစ်ယောက်ရဲ့ အစားအသောက်တွေမှာ  ပျမ်းမျှ bound glutamate ၁၀ ဂရမ်ကနေ -၂၀ ဂရမ်အထိပါပြီး၊ Free glutamate ကတော့ ၁ ဂရမ်ခန့်ပါပါတယ်တဲ့။



                                                mg/100g
( bound glutamate ဆိုတာ ပရိုတင်းနဲ့ ရောနေတဲ့ glutamate ဖြစ်ပါတယ်။)

ခရမ်းချဉ်သီးဟာ မထင်မှတ်ရပဲ အဲဒီ အချိုမှုန့်ဓာတ် အတော်ပါတာ ထူးဆန်းစွာတွေ့ရပါတယ်။ ဒါကြောင့်ထင်ပါရဲ့၊ ငယ်ငယ်က အိမ်မှာငပိရည်ကြိုတော့ စာတစ်လုံးမှ မတတ်တဲ့ အဖွားဟာ ခရမ်းချဉ်သီးလေးပစ်ထည့်ပြီး ကျေနေအောင် ကျိုလိုက်ရင် ငပိရည်က တော်တော် ချိုသွားတယ်လို့ ပြောပြဖူးပါတယ်။  နောက်ပြီး မုန့်ဟင်းခါးတွေ ဘာတွေချက်ရင် ကုလားပဲအရည်ကို ထည့်တာ ပိုချိုအောင်ဆိုတာ အဲဒီပဲမှာ ဂလူမိတ်ဓာတ်တွေ အများကြီးပါနေတာကြောင့်ဖြစ်ပါတယ်။ စင်္ကာပူမှာဆို Yong tofu လို့ခေါ်တဲ့ soup ရောင်းတဲ့ ဆိုင်တွေက ဟင်းချိုကို ချိုအောင် ပိပိစပ် (soy bean) ကို ပြုတ်ပြီး အဲဒီကရတဲ့ အချိုရည်နဲ့ တခြား ကြက်ရိုးဝက်ရိုးတွေကရတဲ့ အချိုရည်ကို ပေါင်းပြီး ဟင်းချိုအောင် စီမံပါတယ်။ တစ်ခါတရံ ယောင်တို့ဟူးဟင်းချိုရည်မှာ ပဲပိစပ်အလုံးလေးတွေ တွေ့ရတတ်ပါတယ်။ 

 အချိုမှုန့် safe ဖြစ်သလား ...

 အချိုမှုန့် safe ဖြစ်သလား မဖြစ်လားဆိုတောတော့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ နိုင်ငံတွေက တရားဝင် ကျမ်းမာရေး အဖွဲ့အစည်းတွေနဲ့ MSG ကို တသီးပုဂ္ဂလ သုသေသနပြုနေတဲ့ အဖွဲ့တွေ ငြင်းခုန်နေကြဆဲပါ။ ၀ီကီမှာဖတ်ကြည့်ရင် အမေရိကန် အစားအသောက်နဲ့ မူးယစ်ဆေး ကွပ်ကဲမှု အဖွဲ့ (FDA) ကတော့ "Generally recognized as safe (GRAS)" ဆိုပြီး သတ်မှတ်ပါတယ်။ ဥရောပ သမဂ္ဂ ကတော့ စွဲစေတတ်သော အစားအသောက် "Food additive" အနေနဲ့ သတ်မှတ်ပြီး အော်ဇီနဲ့ နယူးဇီလန် အစားအသောက်ဆိုင်ရာအဖွဲ့ကတော့ MSG ကို "safe for the general population" အနေနဲ့ သတ်မှတ်ပါတယ်။ FAO နဲ့  WHO တို့ပေါင်းထားတဲ့ သုသေသန ကော်မတီအဖွဲံ့သစ်  Joint FAO/WHO Expert Committee on Food Additives (JECFA) က MSG ကို safe ဖြစ်လွန်းလို့ သူ့မှာ ADI လို့ ခေါ်တဲ့ "Acceptable Daily Intake" တောင် သတ်မှတ်ထားတာ မရှိပါဘူး။

http://www.ajinomoto.com/features/aji-no-moto/en/truth/index.html

(အော်ဇီမှာ အချိုမှုန့်ဟာ safe ဖြစ်တယ်လို့ ယူဆထားတာကြောင့် ရက်စ်တောရန့်တွေ၊ ကော်ဖီဆိုင်တွေမှာ MSG သုံးတယ် မသုံးဘူးဆိုတာ ကြော်ငြာစရာမလိုပါဘူးတဲ့။ ကိုယ်က MSG sensitive ဖြစ်တဲ့သူဆိုမှသာ သူတို့ကို သုံးမသုံးမေးနိုင်ပါတယ်တဲ့။)

အထက်ပါ သတ်မှတ်ချက်တွေ ဖတ်ပြီး အံ့သြမိတာက အွန်လိုင်းမှာ မြန်မာလိုရော အင်္ဂလိပ်လိုပါ ရေးထားကြတဲ့ အချိုမှုန့်ရဲ့ ဆိုးကျိုးတွေ၊ ရောဂါတွေ ဖတ်ရပါများလို့ အလွတ်တောင်ရနေရာကနေ ခုလို အချိုမှုန့်ဟာ သဘာဝအတိုင်းတွေ့ရတဲ့ ဓာတ်ပေါင်းတစ်ခုနဲ့ ထပ်တူညီတဲ့ ပစ္စည်း တစ်ခု (chemically exactly same) ဖြစ်တာအပြင်၊ နှစ်ပေါင်း ၁၀၀ကျော် သုံးစွဲလာခဲ့တဲ့ပစ္စည်း၊ နှစ်ပေါင်း ၄၀ကျော် သုသေသနတွေကနေ ရတဲ့ ရလာဒ်ပေါ် အခြေခံပြီး Safe ဖြစ်တယ်လို့ ထုတ်ပြန်တာဖြစ်တယ်။  အော်ဇီလို အစားအသောက် safety ဖက်မှာ အင်မတန် sensitive ဖြစ်တဲ့ နိုင်ငံတွေကပါ MSG ဟာ safe ဖြစ်ပါတယ်ဆိုတော့ အင်မတန် အံ့သြရပါတယ်။

တစ်ချိန်တည်းမှာပဲ တခြားသုသေသန အဖွဲ့တွေက ကြွက်တွေ၊ တိရိစ္ဆာန်ငယ်လေးတွေသုံးပြီး အဆက်မပြတ် သုသေသနပြုရာကနေ ရလာဒ်တွေကို အထောက်အထားတွေ ခိုင်ခိုင်လုံလုံနဲ့ အချိုမှုန့်ကြောင့် ဖြစ်စေတတ်တဲ့ ရောဂါတွေရဲ့ ဆိုးကျိုးတွေကို ဖော်ပြထားပြန်ပါတယ်။ 

 "Chinese restaurant syndrome"
ပထမဆုံး အချိုမှုန့်ရဲ့ အန္တရာယ်ကို စတင်ဖော်ထုတ်ခဲ့သူကတော့ (၁၉၆၈ ခုနှစ်မှာ)  Robert Ho Man Kwok ဆိုသူ အမေရိကန်လူမျိုးဖြစ်ပါတယ်။ သူဟာ တရုတ်ဆိုင်တွေမှာ တရုတ်အစားအသောက်တွေ စားပြီးတိုင်း ၁၅မိနစ်-မိနစ်၂၀အတွင်း သူ့လည်ပင်း နမ့်ဗ်ကြောတွေ ထုံကျင်ပြီး နောက်တော့ လက်မောင်းတွေ၊ နောက်ကြောတွေအထိပါ ထုံကျင်မှုတွေ ဖြစ်တယ်၊ ဒီဝေဒနာကို ၂နာရီကြာမျှခံစားရတယ် အစရှိသဖြင့် အင်္ဂလိပ်ဆေးပညာစာစောင်တစ်ခုကို တိုင်ကြားစာရေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ "Chinese restaurant syndrome" ဆိုတဲ့ စကားကို စတင်သုံးစွဲခဲ့ပြီး တရုတ်ဆိုင်တွေမှာ အသုံးများတဲ့ MSG ကြောင့်ဖြစ်ရတယ်လို့ ကောက်ချက်ချပါတယ်။ အထက်ပါ နာမ့်ကြောထုံကျင်မှုအပြင် ရင်ဘတ်အောင့်ခြင်း၊ မျက်နှာ အကြောတင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အားနည်းခြင်း၊ မူးဝေခြင်း၊ ပူရှိန်းရှိန်း ခံစားရခြင်းတွေလဲ ဖြစ်တတ်ပါသေးတယ်။ ထိုလက္ခဏာများကို နောက်ပိုင်းတော့ " MSG Syndrome " လို့လဲ ခေါ်ကြပါတယ်။

MSG သုသေသန
အဲဒီတိုင်ကြားမှုနောက်ပိုင်း MSG နဲ့ပတ်သတ်လို့ နိုင်ငံပေါင်းစုံက ကျမ်းမာရေးသုသေသန အဖွဲ့တွေ သုသေသနပေါင်း ရာချီပြီး ဆောင်ရွက်ခဲ့ကြရာမှာ ကမ္ဘာအရပ်ရပ်က တရားဝင် ကျမ်းမာရေးအဖွဲ့အစည်းတွေ ကောက်ချက်ချတာကတော့ ထို ရောဂါလက္ခဏာများဟာ MSG နဲ့ ပတ်သတ်မှုမရှိလို့ အဖြေထွက်ပြီး သတ်မှတ်ချက်တွေကတော့ အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း safe ဖြစ်ပါတယ်တဲ့။ ဒီလိုနဲ့ ဆက်လက်သုသေသနပြုလာရာမှာ ၁၉၉၅ခုနှစ်မှာတော့ အမေရိကန် FDA ကနေ ရာနှုံးအတိအကျ မသိတဲ့ လူဦးရေ အနည်းစုမှာ MSG ကို တစ်ချိန်တည်း ၃ဂရမ်ထက်ပိုစားမိရင် အဲဒီ MSG  အလာဂျီ ဖြစ်တဲ့ အထက်ပါဝေဒနာများကို ခံစားရနိုင်ပါတယ်လို့ ထုတ်ဖော်အတည်ပြုခဲ့ပါတယ်။

MSG နဲ့ပတ်သတ်လို့ အဆိုးမြင်သူများဖက်ကလည်း သုသေသနတွေ ခိုင်ခိုင်လုံလုံ အထောက်အထားတွေနဲ့ MSG ကြောင့် ဦးနှောက်နာမ့်ကြောတွေ သေစေတယ်၊ အ၀လွန်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ရင်ဘတ်အောက်ခြင်း၊ စိတ်ကျရောဂါ၊ Parkinson's diseases အစရှိတဲ့ ရောဂါလက္ခဏာတွေဖြစ်စေကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ ခလေးတွေမှာဆိုလဲ မာမီးမွန်းစတား ခေါက်ဆွဲခြောက်လို၊ အာလူးကြော်လို MSG ပါတဲ့ အစားတွေစားပြီး အပြုအမူပိုင်းဆိုင်ရာ ပြသနာ၊ hyperactive ဖြစ်ခြင်း စတဲ့ လက္ခဏာတွေ တွေ့ရတဲ့ အကြောင်း ဖော်ထုတ်ခဲ့ပါတယ်။

 MSG ကို safe ဖြစ်တယ်လို့ အတည်ပြုခဲ့တဲ့ အဖွဲ့အစည်းများဟာလည်း တကယ်တော့ MSG ထုတ်လုပ်တဲ့ အာဂျီနိုမိုတိုလို ကုမ္ပဏီတွေ၊ MSG မှ မသုံးရင် ရောင်းမစွံတော့မယ့်  ခေါက်ဆွဲခြောက်လို၊ chicken stock လို စားအသောက်ကုမ္ပဏီကြီးတွေ၊ ဆေးကုမ္ပဏီကြီးတွေကနေ ကျောထောက်နောက်ခံ ထောက်ပံ့ထားတဲ့ သုသေသနသမားတွေ၊ research scientist အဖွဲ့တွေကနေ အတည်ပြုထားတာမှို့ မှန်ကန်မှုမရှိဘူးလို့ MSG အဆိုးမြင်သူများဖက်က စွတ်စွဲထားပါသေးတယ်။

ကိုယ်တိုင် အတွေ့အကြုံ
မိမိကိုယ်တိုင်ဖြစ်ဖူးတဲ့ လက္ခဏာအရပြောရရင် တရုတ်ဆိုင်က တရုတ်စာ၊ ဗမာဆိုင်က ဗမာအစားအသောက်တွေ စားပြီး နောက်ပိုင်း ရေအလွန်ငတ်ပြီး သောက်လေ သောက်လေ ငတ်မပြေဆိုသလို ရေသောက်လို့ အင်မတန်ကောင်းပါတယ်။ နောက်ပြီး မျက်လုံးအောက်မှာရှိတဲ့ eye bag ဟာ အဲလိုအစားအသောက်တွေစားပြီး သိသိသာသာ ယောင်ရမ်းပါတယ်။ ဒါဟာ MSG ကြောင့်သာမက အစားအသောက်တွေမှာပါတဲ့ ဆိုဒီယမ် ဆားပမာဏတွေများလို့ဆိုတာလဲ ကောက်ချက်ချနိုင်ပါတယ်။ တချို့လဲ ချွေးထွက်လွန်ခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်း၊ ည အိပ်မပျော်ခြင်း စတာတွေ ခံစားရကြောင်း ကြားဖူးပါတယ်။

အချိုမှုန့် စွဲသူများ
အိမ်မှာ အချိုမှုန့်စွဲသူတွေ လဲ ရှိပါတယ်။ ရက်စ်တောရန့်တွေမှာ စားပြီးရင် အိမ်မှာချက်တဲ့ဟင်းမှာ တစ်ခုခုလိုနေသလို ခံစားရတယ်၊ တော်ရုံနဲ့ ဟင်းဆို ချိုတယ်မထင်ဘူး။ ရက်စ်တောရန့်က အချိုမှုန့်နိုင်းချင်းနဲ့ ချက်ထားတဲ့ အစားအသောက်တွေကို လျှာစွဲ နေသူကတော့ အိမ်က ဦးမောင်ခြိမ့်ပါပဲ။ သူကတော့ အချိုမှုန့်ကို safe ဖြစ်တယ်ဆိုပြီး သုံးချင်သူပါ။ တစ်ခါတရံ ကိုယ်ချက်ထားတာ ကောင်းနေပြီထင်တာ သူဝင်မြည်းပြီးရင် ဟင်းက မချိုဘူးဆိုပြီး ဖွက်ထားတဲ့ ဟင်းချိုမှုန့်ကို ခိုးထည့်တတ်သူပါ။ အိမ်ကသမီးကလည်း KFC က chicken pop pop ကြိုက်တယ်ဆို အမေက အိမ်မှာ လုပ်ကျွေးတော့ အမေလုပ်တဲ့ဟာက ဆိုင်ကဟာလောက် မကောင်းပါဘူးတဲ့။ အမေကတော့ ဆိုင်တွေမှာလို အချိုမှုန့်မသုံးတော့ ဆိုင်တွေကဟာ ပါးစပ်စွဲနေတဲ့ သမီးကို အချိုမှုန့်ဟာ ကျမ်းမာရေးအတွက် မကောင်းစေကြောင်းရှင်းပြရပါတယ်။

စင်္ကာပူမှာနေစဉ်က အိမ်မှာနေတဲ့ ညီအစ်ကို ခေါက်ဆွဲခြောက်ထုတ်တွေစားရင် အိမ်ကသမီးဟာ ၀င်မြည်းကြည့်ရင်းနဲ့ အဲဒီခေါက်ဆွဲခြောက်က အချိုအရသာကို စွဲပါတယ်။ နောက်ပိုင်း သူ့အတွက်ဝေစုဆို သူတို့စားတိုင်း အမျှော်ပြေ ပန်းကန်အသေးလေး တစ်လုံးစာလောက် သူစားပါတယ်။ အမေက ကြက်ရိုးတွေအများကြီးနဲ့ ချိုအောင် ခေါက်ဆွဲပြုတ်ပေးလဲ မေမေပြုတ်တာက ဟိုခေါက်ဆွဲပြုတ်လောက်မကောင်းဘူးဆို ကွန်ပလိမ့်တက်တာ ခံရဖူးပါတယ်။ အချိုမှုန့်အရသာဟာ ခလေးသူငယ်တွေကို လျှာစွဲစေတာကတော့ အမှန်ပါ၊ နောက်ပိုင်းတော့ သူလဲ ခေါက်ဆွဲခြောက်ထုတ် လုံးဝမစားရတော့ အမေလုပ်တာ စားလို့ရသွားပါတယ်။ အမေကတော့ ကြက်သားမှုန့်လေးနဲနဲတော့ ထည့်တာပေါ့။  အဲဒီခေါက်ဆွဲခြောက် (instant noodle) တွေဟာ အချိုမှုန့်ကို မတော်မတရား၊ အလွန်အကျွံသုံးထားတာကြောင့် စားကြည့်လိုက်ရင် အချိုမှုန့်ချိုသလို ချိုရဲပြီး လျှာပေါ်အလွန်စွဲပါတယ်။ အချိုမှုန့်စားကျင့် မရှိသူတွေဆို အတော်သိသာပါတယ်။

 MSG ထုတ်လုပ်မှု နဲ့ စားသုံးမှု
၂၀၀၉ ကိန်းဂဏန်းများအရ ကမ္ဘာမှာ MSG အများဆုံး ထုတ်လုပ်တင်ပို့ပြီး စားသုံးမှု အများဆုံးနိုင်ငံဟာ တရုတ်နိုင်ငံဖြစ်ပါတယ်။ MSG ကို အာရှနိုင်ငံ တွေကသာ အသုံးများပြီး ဥရောပနဲ့ အမေရိကမှာတော့ သုံးစွဲမှု အလွန်နည်းပါတယ်လို့ဆိုပါတယ်။  အာဂျီနိုမိုတိုကို ပထမဆုံး တီထွင်ခဲ့တဲ့ ဂျပန်ကတော့ အာရှနိုင်ငံတွေထဲမှာ သုံးစွဲမှု အနည်းဆုံးပါ။ ကမ္ဘာ့ MSG ထုတ်လုပ်မှုရဲ့ ၈၉ရာနှုန်းကို (ဂျပန်မပါ) အာရှနိုင်ငံတွေက စားသုံးပါတယ်။

အချိုမှုန့် သိပ်မစားဘူးဆိုတဲ့ အမေရိကမှာတောင် နောက်ပိုင်း အချိုမှုန့်စားသုံးမှု မြင့်တက်လာပြီး ပျမ်းမျှ တစ်နေ့ ဂရမ် တစ်ဝက် (half gram) ခန့် စားပါတယ်။ ဂျပန်နဲ့ ကိုးရီးယားနိုင်ငံတွေမှာ တော့ ခန့်မှန်းခြေ တစ်နေ့ ၁၀ဂရမ်ခန့် စားပါသတဲ့။ မြန်မာနိုင်ငံလို၊ တရုတ်နိုင်ငံလို ယိုးဒယားလို အချိုမှုန့်စားသုံးပါတယ်ဆိုတဲ့ နိုင်ငံတွေက ဒီထက်တော့ ပိုမှာသေချာပါတယ်။

မည်သို့ပင်ဆိုစေ ..
 MSG ကို ကမ္ဘာ့နိုင်ငံတကာ ကျမ်းမာရေးအဖွဲ့တွေက မည်သို့ပင် safe ဖြစ်တယ်ဆိုစေကာမူ မိမိကိုယ်ပိုင် ယုံကြည်ချက်အနေနဲ့ ( ရှေးက စွဲလာတဲ့ အချိုမှုန့်ဟာ ကျမ်းမာရေးအတွက် မကောင်းဘူးဆိုတဲ့ အစွဲတွေကြောင့်ပါ ) ၁၀၀% လုံးတော့ ယုံကြည်မှုမရှိပါ။ စိတ်ချလက်ချ စိတ်ထင်သလို သုံးစွဲစားသောက်ဖို့ရာတော့ မရဲသေးပါ။ သို့ပေမဲ့လည်း အရင်ကလောက်တော့ MSG စားရင်ပဲ ရောဂါပေါင်းစုံရတော့မလို သံတယရှိနေရာကနေ ဒီလောက်ကြီးတော့လဲ ကျမ်းမာရေးကို မထိခိုက်စေပါလားလို့ ရောနိသောမနသီကာယ အသင့်အသင့်နှလုံးသွင်းနိုင်ပြီး စိုးရိမ်မှု လျှော့ပါးသွားပါတယ်။

 တစ်ဖက်ကလည်း သုသေသနစာတန်းတွေ လက်တွေ့လုပ်ဆောင်ပြီး  အထက်မှာ ဖော်ပြထားသလို MSG ကနေ ရောဂါများစွာကို ဖြစ်စေတယ်လို့ ဆိုထားတာကြောင့် မပြေးသော်လည်း ကန်ရာရှိ MSG ကို တတ်နိုင်သမျှတော့ ဆက်လက်ပြီး ရှောင်ရှားသွားပါမယ်။ တချို့သော ကြက်သားမှုန့်တွေမှာ MSG free ဆို ရေးထားတာတွေ့တော့ 621 ပါတယ်လို့ Ingredient မှာ တရားဝင်ဖော်ပြထားတာနဲ့စာရင်တော့ MSG ရာနှုန်းပြည့် free မဖြစ်ရင်တောင် ပိုသက်သာနိုင်တယ်လို့ ယူဆပြီး အဲဒီ ပစ္စည်းတွေကိုပဲ သုံးပါမယ်။ နောက် " organic" လို့ စာတမ်းပါတဲ့ အစားအသောက်တွေကလဲ MSG ပါဝင်မှု လျော့ပါးနိုင်ပြီး ပုံမှန် အစားအသောက်တွေထက်တော့ ကျမ်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့ အကြောင်းရေးရင်း နိဂုံးချုပ်ပါတယ်။   ။
ကိုးကားစာရင်း