Thursday, October 1, 2009

စင်္ကာပူမှာ ကားမောင်းသင်လိုလျင် ... ၁




စင်္ကာပူမှာ ကားမောင်းသင်တုံးက တွေ့ကြုံရတာလေးတွေ အကြမ်းဖျင်း ဗဟုသုတအဖြစ် ပြောပြပါ့မယ်။ ကိုယ့်တုံးကတော့ သုညကနေ စသင်ရတာဆိုတော့ အချိန် ၄-၅ လလောက်ကြာပြီး၊ ငွေ စလုံး ၂၉၀၀ လောက်ကုန်သွားပါတယ်။

စလုံးနိုင်ငံသား၊ PR ၊ စင်္ကာပူမှာ ၁၂လကျော် နေဘူးတဲ့ နိုင်ငံခြားသား ဘယ်သူမဆို ၁၈နှစ်ပြည့်ပြီးရင် ကားမောင်းလိုင်စင်ဖြေခွင့်ရှိပါတယ်။

လိုင်စင်ဖြေနိုင်တဲ့ Driving centre ၃ခုရှိပြီး အသေးစိတ် သေချာရှင်းထားတာ သိချင်ရင် ဆိုင်ရာ web page တွေမှာ သွားဖတ်ကြည့်နိုင်ပါတယ်။
http://www.bbdc.sg/bbdc/bbdc_web/index.asp

http://www.ssdcl.com.sg/

http://www.cdc.com.sg/users/homepage/index.asp


Auto လား၊ Manual လား

ပထမဆုံး ကိုယ်ယူမဲ့လိုင်စင်က Auto ကားသင်မှာလား၊ Manual ကားလား ရွေးရပါမယ်။

* Class 3A - Cars without clutch pedals (Auto)
* Class 3 - Cars with clutch pedals (Manual)



Manual ကားလိုင်စင်ရထားရင် Auto ကားရော၊ Manual ကားရော ၂မျိုးစလုံး မောင်းလို့ရပါတယ်။ ဒါကြောင့် တော်တော်များများက Manual လိုင်စင်ဖြေကြပါတယ်။
သီအိုရီ စာမေးပွဲ၂ခုစလုံးက လိုင်စင်၂မျိုးလုံးအတွက် အတူတူပါပဲ။ လက်တွေ့မောင်း သင်တန်းမှာတော့ သင်ခန်းစာတွေ ကွဲသွားပါတယ်။


Private လား School လား

နောက် အပြင်မှာ (Private ) နဲ့သင်မှာလား၊ BBDC (Bukit Batok Driving Centre) တို့လို ကျောင်းတက်မှာလားလဲ ရွေးရပါမယ်။ ဘယ်မှာပဲသင်သင် Driving Centre တစ်ခုခုမှာတော့ register လုပ်ရတာပါပဲ ။ အဲဒီကျရင် Private လား School လားလို့ မေးပါလိမ့်မယ်။ အရင်က အတော်ကျွမ်းပြီးသား တတ်ပြီးသားတွေကတော့ Private နဲ့ပဲ သင်ကြတာ များပါတယ်။

Private ကတော လက်တွေ့ကားမောင်း သင်တဲ့အခါ ကားရော၊ Instructor ရော အပြင်က ငှါးတာဆိုတော့ အဲဒီဆရာနဲ့ ကြိုက်သလို ညှိလို့ရတော့ အချိန်၊ငွေ အကုန်အကျသက်သာပါတယ်။ ကားငှါးခကတော့ အချိန်ကိုလိုက်ပြီး ၁နာရီ မိနစ်၄၀ slot (မိနစ်၁၀၀ ) ကို စလုံးငွေ ၆၀ လောက်ကနေ ၇၀ လောက်အထိ ရှိပါတယ်။ ကျောင်းရောအပြင်ရော ငှါးခ သိပ်မကွာပါ။ ကျောင်းကတော့ စာအုပ်ကြီင်္းအတိုင်း သင်ခန်းစာတွေ တစ်ခုပြီးတစ်ခု အကုန်သင်တော့ တတ်ပြီးသားတွေအတွက် နဲနဲ နင့်နာပါတယ်။ အစက စသင်သူတွေဆို ၂၅ချိန်အနည်းဆုံးယူရပါတယ်။ အပြင်၁၅ချိန် Circuit ထဲမှာ ၁၀ချိန်လောက်ရှိပါမယ်။

Private အတွက် သိပ်မကောင်းတာက အထဲက Circuit အတွက် booking ခက်ခဲခြင်းပါပဲ။ ကျောင်းကရွေးလို့ ကျန်တဲ့ slot တွေကျမှ Private တွေက ရတော့ တစ်ခါတလေ မနက်ဖြန် test ဖြေရတော့မယ်။ ဒီနေ့မှ တစ်ချိန်တည်း circuit ထဲမှာ သွားလေ့ကျင့်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ circuit ကလဲ အရေးကြီးတာကြောင့် ပိုရင်းနှီးအောင် ၅ချိန်ကနေ ၇ ချိန်လောက် ယူမှ စာမေးပွဲဖြေဖို့ အဆင်သင့်ဖြစ်ပါတယ်။ circuit ထဲမှာတော့ parking တွေ၊ အကောက်အကွေ့တွေ၊ ထောင့်ချိုးတွေ၊ အတက်တွေ၊ emergency brake တွေ အတွက် လေ့ကျင့်ပေးပါတယ်။ အပြင်မှာမောင်းတာထက် circuit lesson က ပိုခက်ပါတယ်။

အပေါ်က ပြောထားတာကတော့ ကိုယ်လိုင်စင်ဖြေမယ်လို့စဉ်းစားရင် Private လား School လား ဘာရွေးမလဲ စဉ်းစားဖို့ပါ။

ကိုယ်က ကျောင်းတက်ခဲ့တာဆိုတော့ ကျောင်းတက်တဲ့အကြောင်းပဲ ပိုသိပါတယ်။ ကျောင်းအပ်တာနဲ့ online မှာ အကောင့်ဖွင့်ပေးပြီး booking ကိစ္စတွေ ကို online ကနေ အကုန်လုပ်လို့ရအောင် စီစဉ်ထားပါတယ်။ ကိုယ် book လုပ်ထားတာတွေက အဆင်မပြေပဲ တစ်ခုခုနဲ့ တိုက်နေပြီဆိုလဲ cancel လုပ်လို့ရပါတယ်။ အချိန်အကန့်အသတ်အတွင်း အိမ်ကနေပဲ လုပ်လို့ရတော့ အလွန် အဆင်ပြေပါတယ်။ ကိုယ် book လုပ်ထားတဲ့ကား တကယ်မောင်းမကျင့်မီ ၄၈နာရီအတွင်း cancel လုပ်လို့ရပါတယ်။


Basic Theory Test (BTT)

ပထမဆုံး Basic Theory Test (BTT) အတွက်Theory သင်ခန်းစာ ၂ချိန် မဖြစ်မနေတက်ပြီးမှ စာမေးပွဲဖြေလို့ရပါတယ်။ Basic theory test က multiple choice ဖြစ်ပါတယ်။ နမူနာမေးခွန်းလေးတွေ အောက်က web page လေးကို ကလစ်ကြည့်ပါ။ ဖတ်ဖို့စာအုပ်နဲ့ မေးခွန်းပေါင်းချုပ်တွေကို Popular စာအုပ်ဆိုင်မှာ ၀ယ်နိုင်ပါတယ်။ တစ်ပတ် ၂ပတ်လောက် ဖတ်လိုက် မေးခွန်းဟောင်းတွေ လုပ်လိုက်ရင် ရပါတယ်။
http://www.sgdriving.net/


Provisional Driving License

Basic theory test အောင်ရင် ငွေ၂၅ကျပ်သွင်းပြီး Provisional driving license ထုတ်ပေးပါတယ်။ အစိမ်းရောင် ဖျော့ဖျော့ စက္ကူကတ်လေးပါ။ အဲဒီခါမှ လက်တွေ့မောင်း စသင်လို့ရပါတယ်။ အဲဒီအချိန်အတွင်း Final Theory Test (FTT) အတွက် ပြင်ဆင်ပြီး၊ လက်တွေ့မောင်းသင်ဖို့လည်း တစ်ခါတည်း လေ့ကျင့်နိုင်ပါတယ်။
Provisional Driving License က ၆လသာ သက်တန်းရှိပြီး သက်တန်းကုန်ရင် ကြိုက်တဲ့ စင်္ကာပူ post office မှာ ငွေ ၂၅ ကျပ်ပေးပြီး သက်တန်းတိုးနိုင်ပါတယ်။


Final Theory Test (FTT)

မဆွိတီသင်တုန်းကတော့ ကိစ္စတစ်ခုပြီးမှတစ်ခု ရှင်းရှင်း လင်းလင်းလုပ်ချင်လို့ ( Instructor တစ်ယောက်ကလည်း အကြံပေးလို့ ) Basic Theory အောင်တာနဲ့ Final Theory ကို အရင်ဖြေပါတယ်။ Final Theory အတွက်လည်း Theory သင်ခန်းစာ ၂ချိန်တက်ပြီး စာမေးပွဲဖြေရပါတယ်။ သူကလဲ Basic Theory Test လိုပဲ multiple choice ပါပဲ။ တစ်ပတ်၂ပတ်လောက် စာကြည့်၊ မေးခွန်းဟောင်းတွေ ဖြေကြည့်ရင် ရပါပြီ။ ကျောင်းသမားဆိုရင်တော့ ကျောင်းမှာ မေးခွန်းတွေကို အစုံ ၁၁စုံ လေ့ကျင့်ထားရင် သေချာပေါက်တစ်ခါထဲနဲ့ အောင်ပါတယ်။ ကျောင်းမှာ ၁နာရီ လေ့ကျင့်ဖို့အတွက် ၂ကျပ် ၃ကျပ်ပဲပေးရပါတယ်။ ၆နာရီလောက်ဆို မေးခွန်းတွေ တော်တော် ရင်းနှီးသွားပါပြီ။ မေးခွန်းတွေက နဲနဲတော့ tricky ဖြစ်ပါတယ်။

ဒါပေမဲ့ မေးခွန်းတွေ အပြန်ပြန်အလှန်လှန်လေ့ကျင့်ထားရင် ကောင်းကောင်းဖြေနိုင်ပါတယ်။ သီအိုရီအတွက်လဲ ကျောင်းက အဲလိုအားသာချက်တွေ ရှိပါတယ်။ Private သမားကတော့ မေးခွန်းတစ်စုံပဲ လေ့ကျင့်ခွင့် ရှိပါတယ်။ Basic ရော Final theory test ရော ကွန်ပြူတာ Touch Screen နဲ့ ဖြေရပါတယ်။ မိနစ်၅၀အတွင်း မေးခွန်း ၅၀ထဲက အနည်းဆုံး ၄၅ခုမှန်မှ အောင်ပါတယ်။ ၉၀ ရာနှုန်းမှန်မှပေါ့။ အဲဒီကွန်ပြူတာမှာပဲ ဖြေပြီးပြီးချင်း result သိရပါတယ်။

ဆက်ပါမည် ...

5 comments:

  1. သုည........................ကစ

    .......................၂၉၀၀ ဆုံး

    ဂစ်..ဂစ်.........................

းဝ)

    ReplyDelete
  2. ကျေးဇူးပါ မဆွိတီရေ... ကိုဧရာများ စိတ်ဝင်စားမလားလို့ ...
    မသီတာက စတွန်းပါပြီ ခင်ဗျာ... ကိုဧရာကလည်း မသီတာဆီ ပြန်တွန်းပါလိမ့်မယ် ခင်ဗျ...

    ReplyDelete
  3. မြန်မာပြည်ကလိုင်စင်လေးကိုပဲ ဒီက written ဖြေပြီး convert လုပ်လိုက်ပါတယ်ကွယ် အဲငှယ် ၂၉၀၀ တော့မကုန်တော့ဘူးစ် ဟိဟိ
    ဒါပေမယ့် လိုင်စင် နိုတြီမှာ MOFA တံဆိပ်လေးတော့ပါရမယ်နော်

    ReplyDelete
  4. မြန်မာလိုင်စင်ကို အင်္ဂလိပ်လို ဘာသာပြန်ပြီး ရေးထားတဲ့ အာစီယံလိုင်စင်လို့ ခေါ်တဲ့ ဟာနဲ့ဆို တိုက်ရိုက် Convert လုပ်လို့ ရပါတယ်...။
    နိုတြီ MOFA မလိုပါ...း)))

    ReplyDelete
  5. ကိုလူထွေးတောင် ဂစ်နေပြီလား။ နဲနဲ တတ်ပြီးသားဆို ပရိုက်ဗိတ်နဲ့ သင်ရင် တစ်ထောင်လောက်ပဲရှိမှပါ။ မ ဂစ်ပါနဲ့အုံး။ ရယ်စရာ ပို့စ်တွေ မဖတ်ရပဲ ဖြစ်မှာ စိုးလို့။

    မသီတာရေ
    သင်ဘို့ အားပေးပါတယ်။ တစ်ယောက်ကို တစ်ယောက် ပြန် မတွန်းကြနဲ့လေ။ အစ်မဖြစ်ဖြစ် အစ်ကိုဖြစ်ဖြစ် တစ်ယောက် အရင်သင်။ ပြီးရင်နောက်တစ်ယောက်ပေါ့။

    ဗစ်တာရေ အရင်က လိုင်စင်မရှိဘူးလို့ ကားလဲမမောင်းတတ်လို့ အစအဆုံး အပင်ပန်းခံပြီး သင်ခဲ့ရတာပါရှင်။

    သူငယ်ချင်းသက်ဝေ လာရှင်းပြတာ ကျေးဇူးနော်။ တူက ညန်မာပြည်က လိုင်စင်ချိပြီးတားကိုး။ ဟွန်း ...

    ReplyDelete