Thursday, October 15, 2009

Smoke ... Smoke ... Smoke ... နံ့


ကြောင်များသည် ငါးကြော်ကြိုက်၏။ မဆွိတီသည်ကား KFC မှရောင်းသော cheesy BBQ Meltz ကို အလွန်ကြိုက်လေသည်။ တစ်ချို့ကလဲ အလွယ်တကူ Chicken wrap ဟုခေါ်ကြပါသည်။

အရင်က ကေအက်ဖ်စီဆိုလျင် ကြက်ကြော်သာစားလေ့ရှိပါသည်။ ဘာကိုမှ အထုးအဆန်းဆိုလျှင် စားလေ့စားထ၊လုပ်လေ့ လုပ်ထမရှိသော မဆွိတီကို သူ့အိမ်သားက မင်နူးအသစ် စားကြည့်ပါလားဆိုလျင် " စားမှမစားဘူးတာ ... ဘာမှန်းမသိတဲ့ဟာကြီး ... မစားချင်ပါဘူး" ဆိုကာ ခေါင်းသာတွင်တွင် ခါလေ့ရှိသည်။ တစ်ခါတွင် သူ့အိမ်သားက ထို Chicken wrap ကို မှာစားရင်းနဲ့ အငြိမ်မနေ။ အတင်းကို ပါးစပ်ထဲထိုးထဲ့လာလို့ စားကြည့်မိရာမှ ထိုChicken wrap အရသာနှင့်အတူ မီးခိုးနံ့သင်းသင်းလေးကိုပါ စိတ်ထဲကြိုက်နှစ်သက်မိလေတော့သည်။ အဲဒီအနံ့လေးက smoke လုပ်ထားလို့တဲ့။ ထို chicken wrap ကိုကြိုက်လွန်း၍တကြောင်း၊ လက်တည့်စမ်းချင်သည်ကတစ်ကြောင်း ထိုထဲတွင်ပါသောအရာများကို မှတ်ကာ အိမ်တွင် လုပ်စားကြည့်ပြန်သည်။ အရသာ တူနေသော်လည်း အနံ့ ... အနံ့ ကလိုနေသည်။ smoke နံ့။

smoke နံ့ ဆိုတော့ မိဆွိတီတို့ သတိရမိချေပြီ။ ငယ်ငယ်ကနေသော အိမ်ခြံဝန်းထဲတွင် အုန်းပင် များစိုက်ထားသည်။ နွေရာသီရောက်ပြီဆိုလျင်ဖြင့် အုန်းလက်ခြောက်များသည် အိမ်ခေါင်မိုးပေါ် တ၀ုန်းဝုန်းကျကာ ကြွေလေ့ရှိသည်။ အုန်းပင် ၁၀ပင်မှကျလာသော ထိုအုန်းလက်များကို သွားလွှင့်ပစ်ရန် ခက်ခဲသည်ကတစ်ကြောင်း၊ မီးသွေးရှားပါးချိန်တွင် အိမ်မီးဖိုချောင် အတွက် ထင်းရရှိစေရန်တစ်ကြောင်း အမေတို့က အုန်းလက်ကလေးများကို မီးသွေးတုံးအရွယ်၊ အတုံးလေးများ ဖြတ်ကာ အခြောက်လှန်းထားလေသည်။ နောက်တော့ မီးသွေးမီးဖိုထဲ မီးသွေးနှင့်အတူရောကာ ဟင်းချက်လေသည်။ အုန်းက အဆီပါ၍လားမသိ မီးကတောက်လိုက်သည့်ဖြစ်ချင်း။

မဆွိတီတက္က္ကသိုလ်တက်တော့ အဆောင်တွင်နေခွင့်ရသည်။ တစ်ခါတရံ စာမေးပွဲပြီးကာ အိမ်ပြန်ပြီဆို အမေတို့၊ အဖွားတို့ မီးသွေးဖိုထဲ ထင်းတွေထည့်ချက်ကာ မီးခိုးတလူလူနှင့် ဖြစ်နေတာကို အမြဲညူစူလေသည်။ တစ်ခါတစ်ရံ ဟင်းဝင်ချက်လို့ မျက်လုံးထဲ မီးခိုးဝင်ပြီဆို အမေတို့ လုပ်တာနဲ့ အမေ့သမီး ကျောင်းမပြီးခင် မျက်လုံးကန်းတော့မှာပဲ ဆိုကာ အဆောင်တွင် ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင် ကျော့ကျော့လေးနေတာ ကြာနေပြီဖြစ်သော တက္ကသိုလ်ကျောင်းသူကြီးက ကွန်ပလိမ့်တွေ တက်ချေတော့သည်။ ဤတွင် ကဲ ... ကဲ ညီး ဒီလောက်ဖြစ်နေရင်လဲ ငတို့ပဲ ချက်ပါ့မယ်အေ ဆိုကာ သူတို့ဟာသူတို့ ချက်ချေတော့လဲ ၀က်သားဟင်းလဲ ကျက်ချေပြီ။ ချဉ်ပေါင်ဟင်းလဲကျက်ချေပြီ။

ထမင်းစားဖို့စားပွဲပြင် စားမယ်ကြံတော့ ချဉ်ပေါင်ဟင်းကိုခပ်အမြည်း၊ ၀က်သားဟင်းကို အထည့် အမေတို့ ဟင်းကြီးက မီးခိုးစော်ကြီးနံလိုက်တာ။ သမီး မစားနိုင်ဘူးအမေ ဆိုကာ ကွန်ပလိမ့်တပ်မိလေသော မိဆွိတီတို့ ခုတော့ chicken wrap တောင် အဲဒီမီးခိုးနံ့ပါမှတဲ့ ဆိုတော့လဲ ... ။ ။

3 comments:

  1. လူ့သဘာဝ ပြောင်းတဲ့အခါလည်း ပြောင်းပေမပေါ့ :)

    ReplyDelete
  2. တီဆွိ.... ကူးလဲမီးခိုးနံ့အရမ်းကြိုက်တယ်... ငယ်ငယ်တည်းက...
    smoke..ဆို.. လာထား.. အကုန်စားတယ်..း)

    ReplyDelete
  3. ခုတလော တီတီဆွိရေးတဲ့စာတွေက လန်ထွက်နေတာပဲ...း)

    ထင်းမီးကထွက်တဲ့ မီးခိုးနံ့နဲ့ gas မီးကထွက်တဲ့ မီးခိုးနံ့တော့ ဘယ်တူနိုင်ပါ့မလဲလေ...

    ReplyDelete