Wednesday, July 28, 2010

Junior Leader ဂျူဂျူ ...

ပြီးခဲ့တဲ့အပတ် ဂျူဂျူကျောင်းကပြန်လာတော့ သူ့အကျီကော်လာမှာ ပြောင်ပြောင်လက်လက်နဲ့ ရင်ထိုးလေးတစ်ခုပါလာတယ်။ အဒေါ်လုပ်သူက ၀ယ်လာတယ်မှတ်လို့မေးတော့ principal က ပေးတယ်ပြောတယ်။ မေးရင်းမြန်းရင်းနဲ့ နောက်မှ ဇာတ်ရည်လည်တာက Assembly hall ခန်းထဲမှာ ကျောင်းအုပ်က ဂျူဂျူတို့လို အတန်းထဲမှာ အဆင့် ၁-၂-၃ ရသူတွေကို စင်ပေါ်တက် ရင်ထိုးတစ်ခုဆီ ဆုချီးမျှင့်ပါသတဲ့။ အဲဒီကျမှ ဂျူဂျူဟာ ပြီးခဲ့တဲ့ semester မှာ တတိယရတယ်ဆိုတာ သိရတယ်။ သမီးက SA1 ဖြေတုံးက တရုတ်စာမှာ အမှတ်တော်တော်နည်းပါတယ်။ ကိုယ့်မိခင်ဘာသာစကား မဟုတ်ရတဲ့ကြားထဲ စာမေးပွဲမေးခွန်းက နှုတ်ဖြေ၊ ကဗျာရွတ်ပြရတာဆိုတော့ အိမ်မှာ ဗမာလိုပဲပြောလေ့ရှိတဲ့သူဟာ အမှတ်မကောင်းနိုင်ဘူးဆိုတာ အစထဲက ခန့်မှန်းမိပါတယ်။ ပထမနဲ့ဒုတိယကတော့ တရုတ်မလေးရယ်၊ မလေးမလေးရယ်ဖြစ်ပါသတဲ့။

ဂျူဂျူလေးဟာ ဒီဇင်ဘာဘွားမှို့ အသက်က ငယ်တော့ တခြားကလေးတွေလောက် မရင့်ကျက်ဘူးလို့ ထင်ထားတာ။ တကယ်တော့ သမီးက ထင်သလောက်လည်း မဆိုးလှပါဘူး။ ပြီးခဲ့တဲ့စနေက သူ့အတန်းထဲက သူငယ်ချင်းတစ်ယောက်မွေးနေ့ပွဲကို လိုက်ပို့ရင်းနဲ့ သမီးနဲ့ သူ့သူငယ်ချင်းလေးတွေရဲ့ ပေါင်းသင်းဆက်ဆံရေးကို ခဏတဖြုတ်တွေ့လိုက်ရတယ်။ ဂျူဂျူလေးရဲ့သူငယ်ချင်းတွေဟာ တရုတ်မလေးတွေများတော့ ဖြူဖြူဖွေးဖွေးတရုတ်မတွေကြားမှာ အသားညိုညို၊ မျက်လုံးပြူးပြူးသမီးလေးဟာ ဗျိုင်းတွေကြားက ကျီးလေးလိုဖြစ်နေရှာတယ်။ အသွင်မတူတဲ့ သူငယ်ချင်းတွေကြား သမီးလေး အားငယ်နေမှာစိုးလို့ နဲနဲတောင် စိတ်မကောင်းဖြစ်မိတယ်။ သူ့သူငယ်ချင်းမလေးတွေကတော့ သူ့ကိုအတော်ချစ်ခင်ပုံရပါတယ်။ သမီးလေးက အိမ်မှာအလိုလိုက်ထားလို့သာ ဆိုးတယ်ထင်ရတာ။ အပြင်မှာတော့ သူငယ်ချင်းတွေအပေါ် သည်းခံလိုက်လျောဟန်တူပါတယ်။ သူ့အဖေသွေးပါတော့ အပေါင်းအသင်းလဲ အင်မတန်ချစ်ခင်ပါတယ်။ သူငယ်ချင်းတွေကြားရောက်တော့လဲ အေးအေးဆေးဆေးနဲ့ အိမ်မှာနေတဲ့ နောတီးဂဲလ်ပုံ လုံးဝမပေါက်တော့ပါဘူး။ သမီးရဲ့ best friend လို့ဆိုတဲ့ ကြားစင် လို့ခေါ်တဲ့ တရုတ်မလေးကိုလဲ တွေ့ခဲ့တယ်။ ကြားစင်လေးကလဲ အေးအေးလေးနဲ့ ရည်ရည်မွန်မွန်လေး၊ ချစ်စရာလေးပါ။ သမီးအချစ်ဆုံး သူငယ်ချင်းဆိုတော့ ကိုယ့်သမီးလေးလိုပဲ မြင်မြင်ချင်းကို ချစ်ခင်မိလို့ မိခင်တွေရဲ့စိတ်ဓာတ်ကို နဲနဲတောင် အံ့သြမိသွားတယ်။

ဗျိုင်းမလေးတွေကြားက ဂျူဂျူ ... (ပါးပဲလ်လေးဝတ်ထားတာ ဂျူဂျူပါ။ သမီးရဲ့ ဘယ်ဘက် ဘောလုံးအပြာလေးအောက်က ဂျူဂျူ့ရဲ့ best friend ကြားစင်ပါ ..)



ပြီးခဲ့တဲ့ စနေက သမီးကို ကျူရှင်ပို့ပြီးအပြန် ကားပေါ်မယ် ဂျူနီယာ လီဒါဆိုလား၊ ဘာလား တူအရီးနှစ်ယောက်ပြောသံ နားစွန်နားဖျားကြားလိုက်ရတယ်။ သမီးဘာပြောတာလဲဆို မေးတော့မှ ဆရာမက သူ့ကို ခေါ်ပြောသတဲ့။ ဂျူနီယာလီဒါ အဖြစ်ရွေးမလို့ မိဘတွေက သဘောတူမတူ ဖောင်ဖြည့်ဖို့ စာရွက်တစ်ရွက်ပေးလိုက်တယ်တဲ့။ ဒါနဲ့ သမီးနဲ့ ကျောင်းတူတဲ့ p4 က သူငယ်ချင်းရဲ့သမီးဆီကို ဖုန်းဆက်မေးတော့ ဂျူနီယာ လီဒါဆိုတာ နောက်ကျရင် ကျောင်းသားထဲကနေ Counselor တွေဘာတွေဖြစ်နိုင်တယ်။ သူတို့တွေက နက်ကတိုင်လေးတွေ စည်းထားရပြီး အငယ်တန်းက ခလေးတွေကို မသိတာညွှန်ကြား အကူအညီပေးရတာပါ။ ကျောင်းကိစ္စတွေမှာလဲ လိုအပ်တဲ့နေရာတွေ ကူညီလုပ်ဆောင်ပေးရတာမျိုးပေါ့။ ဆရာမတွေက တစ်တန်းကို ၃ယောက်ရွေးပြီး ခေါ်တယ်လို့ဆိုပါတယ်။ သမီးတို့အတန်းက ဒုတိယရတဲ့ မလေးမလေးရယ်၊ တတိယရတဲ့ ဂျူဂျူရယ်၊ ယောက်ျားလေးတစ်ယောက်ရယ်ကို ရွေးပါတယ်တဲ့။ သင်တန်းအတွက် ကျောင်းချိန်မတိုင်မီ ၁နာရီလောက်စောသွားပြီး အခန်းတစ်ခုမှာ စုရုံး၊ ဘာတွေလုပ်ရမလဲဆိုတာ ဆရာမတွေက ဂိုက်လိုင်းပေးပါသတဲ့။

မနေ့ကတော့ ဂျူဂျူတို့ ဂျူနီယာ လီဒါတွေ ပထမဆုံး ဂျူတီအနေနဲ့ staircase တွေ စောင့်ရတယ် ဆိုပါတယ်။ တာဝန်ကျတဲ့နေ့ ကျောင်းကို စောစောသွား၊ လှေခါးနား အပေါ်တစ်ယောက်၊ အောက်တစ်ယောက်စောင့်ပြီး ခလေးတွေ အတက်အဆင်း စောင့်ကြည့်ပေးရပါသတဲ့။ ခလေးတွေဆိုလို့ P1 ကျောင်းသူကြီးမှာ သူ့ထက်ငယ်တာ ကျောင်းမှာ မရှိသေးပါဘူး။ နောက်နှစ်အတွက် ကြိုတင် လေ့ကျင့်ပေးတာ ဖြစ်ပါလိမ့်မယ်။

ဂျူဂျူဟာ သူ့ကိုယ်သူ လီဒါဖြစ်ရတာကို အင်မတန် ဂုဏ်ယူပုံရပါတယ်။ အဲဒီအကြောင်းပြောရင် ရှက်ကိုးရှက်ကန်းနဲ့ ပါးစပ်ကတော့ ဘာမှမပြောပေမဲ့ လီဒါဖြစ်ရင် သူများတွေထက် ပိုသိရမယ်၊ ပိုတတ်ရမယ်ဆို သူဘာတွေ သိရမလဲဆိုတာ အမေကို မေးပါတယ်။ ရုပ်ကလဲ အရင်လို ပေါ့တော့တော့ ပြောင်ချော်ချော်မဟုတ်တောပဲ တကယ့်ကို အလုပ်ကြီး၊ အကိုင်ကြီး လုပ်ရတော့မယ့်သူတွေလို မျက်နှာထားမျိုး ခပ်တည်တည်နဲ့ပါ။ အိမ်မှာလဲ ဆုံးမစရာရှိရင် ပိုပြီးလွယ်ကူသွားပါတယ်။ တစ်ခုခုဆို လီဒါဖြစ်တဲ့သူက အဲလိုကြီး မလုပ်ရဘူးလေ၊ အဲလိုမဆိုးရဘူးလေ ဆို အရင်ကထက်တော့ ပြောရဆိုရ သက်သာသွားပါတယ်။ သူ့အဒေါ်ကတော့ ရယ်စရာပြောပါတယ်။ လီဒါသာဆိုတယ် ဂျူဂျူတို့ မိုင်လိုသောက်ရင် ခုချိန်ထိ နို့ဘူးကြီးနဲ့ တပြွတ်ပြွတ်စို့တုံးပါပဲလားတဲ့။ staircase စောင့်ရတဲ့ ဂျူနီယာ လီဒါကြီးဂျူဂျူကို မြင်ယောင်ပြီး သူ့အဒေါ်ကလဲ တပြုံးပြုံးနဲ့ပါပဲ။


ကြုံလို့ပြောရရင် ဂျူဂျူဟာ ရှော့ပင်းကို သူ မပါပဲ အမေတစ်ယောက်တည်း သွားတာ လုံးဝမကြိုက်ပါဘူး။ သူ့အဒေါ်နဲ့ ၃ယောက်အတူသွားရင်လဲ အမေလက်ကို မလွှတ်တမ်း ဆုတ်ထားပါတယ်။ ဖြစ်နိုင်တာက ငယ်ငယ်က ကိုယ်ကရှော့ပင်း အေးအေးဆေးဆေး ပတ်ချင်လို့ သူတို့ တူအရီးကို တခြားသတ်သတ်ခွဲ သွားခိုင်းရာကနေ၊ အမေကို အကြာကြီးနေမှ ပြန်တွေ့ရတော့ နောက်ပိုင်း ရှော့ပင်မှာ အမေကို မျက်စိအောက်က အပျောက်မခံတော့တာပါ။ အမေက အကျီတွေ ရွေးတာကြာတယ်၊ သမီးလေးအိမ်မှာပဲ အဒေါ်နဲ့ နေခဲ့နော်ဆို မရပါဘူး။ အမေရှော့ပင်နောက် တကောက်ကောက်လိုက်နေရမှ ကျေနပ်တာပါ။ အဲလို အမေလက်ကိုဆွဲ ရှော့ပင်လျောက်သွားရတာ သူအင်မတန်ပျော်ပါတယ်။ အမေနဲ့တူတူ fitting room ထဲလိုက်ဝင်ပါတယ်။ fitting room ကျယ်ကျယ် ထိုင်စရာ ခုံတွေနဲ့ဆို သူအင်မတန် သဘောကျတယ်။ သွားလေ့ရှိတဲ့ Jurong point တို့ ၊ IMM တို့မှာ ဘယ်ဆိုင်က fitting room ကျယ်တယ်ဆိုတာ ဂျူဂျူတို့ expert ။ တစ်ခါတစ်ရံ အမေ အကျီဝယ်ဖို့ အဓိက မဟုတ်။ fitting room ကျယ်တဲ့ဆိုင်တွေ့ရင် မေမေ အဲဒီဆိုင် ၀င်ဦးလေဆို ပြောတတ်သေးတယ်။ ဒါပေသိ အမေ၃-၄ဆိုင်လောက် ပတ်ပြီးရင် သူပျင်းပါပြီ။ မေမေက အရမ်းကြာတယ်။ ဂျူဂျူ အိမ်ပြန်ချင်ပြီဆို ဂျီကျတော့တာပဲ။ နှတ်ခမ်းကြီးစူပုတ်ပြီး Fitting room က ချောင်တစ်ခုမှာ ကပ်နေပြီဆို သဘောပေါက်တော့။ အဲဒါဆို သမီးနောက်မလိုက်ခဲ့နဲ့၊ မေမေက ဈေးဝယ်ရင်တော့ နဲနဲကြာမှာပဲဆိုလဲ မရပါဘူး။ မလိုက်တော့ဘူးလို့ ဘယ်တော့မှ မပြောဘူး။ လိုက်ချင်တာချည်းပါပဲ။

ပြီးခဲ့တဲ့ week-end က သားအမိ၂ယောက်ရှော့ပင်သွားကြတော့ အမေက အကျီဆိုင်မှာ ရွေးတာကြာတယ်ဆိုပြီး အပြန်ကျ လမ်းမှာ ဂျူဂျူတို့ ထုံးစံအတိုင်း စိတ်ကောက်ပါတယ်။ အဲဒါနဲ့ သမီးရယ် လီဒါလုပ်ချင်တဲ့သူက စိတ်ရှည်ရတယ်။ စိတ်မကောက်ရဘူး။ အဲလိုကြီး မျက်နှာကြီး စူပုတ်မထားရဘူးဆိုမှ လီဒါဇာတ်လမ်း သတိရပြီး စိတ်ကောက်ပြေပါတယ်။ ပြီးတော့ အဲ့လီဒါက လမ်းက 7-11 ဆိုင်ဝင်ပြီး သူစားချင်တဲ့ သွားရေစာတွေ အမေကို ပူစာပြီး ၀ယ်စားတော့တာပဲ။

13 comments:

  1. အမေ၃-၄ဆိုင်လောက် ပတ်ပြီးရင် သူပျင်းပါပြီ။ မေမေက အရမ်းကြာတယ်။ ဂျူဂျူ အိမ်ပြန်ချင်ပြီဆို ဂျီကျတော့တာပဲ။ နှတ်ခမ်းကြီးစူပုတ်ပြီး ချောင်တစ်ခုမှာ ကပ်နေပြီဆို သဘောပေါက်တော့။ အဲဒါဆို သမီးနောက်မလိုက်ခဲ့နဲ့၊ မေမေက ဈေးဝယ်ရင်တော့ နဲနဲကြာမှာပဲဆိုလဲ မရပါဘူး။ မလိုက်တော့ဘူးလို့ ဘယ်တော့မှ မပြောဘူး။ လိုက်ချင်တာချည်းပါပဲ။:)
    same as me. :)

    leader Ju Ju, :))စိတ်မကောက်ရဘူး။

    Unty Myatnoe

    ReplyDelete
  2. လီဒါဂျူဂျူက နို့ဗူးကြီးနဲ့ မိုင်လိုသောက်တယ်ဆိုလို့ ရီချင်တာ... ဂျူဂျူလေးက P1 ပဲရှိသေးတာ ထွားတယ်နော်... လီဒါဂျူဂျူကို ချီးကျူးသွားတယ်လို့ ပြောပေးပါနော် တီဆွိ...

    ReplyDelete
  3. Leader အရွေးခံရတာ စာတော်ရုံတခုထဲသာ မက သူက အတန်းထဲမှာ သူများတွေကို ကူညီတတ်တာ၊ ဆရာ ဆရာမတွေကို ကူညီတတ်တာ၊ အသင်းအဖွဲ့နဲ့ ဆောင်ရွက်ရတဲ့ ကိစ္စတွေမှာ သူက ရှေ့ကနေ ဦးဆောင်တတ်တာ၊ သူများတွေက သူပြောရင် လက်ခံ လိုက်နာကြတာ စတဲ့ သူတို့ရဲ့ ကိုယ်ပိုင် အရည်အသွေးလေးတွေကို မျက်ခြေမပြတ် ကြည့်ပြီးမှ ဆရာမတွေက ရွေးတာ...

    Leader တွေ ဖြစ်သွားရင် ကျောင်းကို နဲနဲစောစောရောက်ပြီး အဲဒီလို တာဝန်ပိစိလေးတွေယူကြရတယ်... တခြားကလေးတွေနဲ့ မတူတဲ့ အနေအထားလေး တခုကြောင့် နဲနဲတော့ စိတ်ကြီးဝင်သွားတယ် (Proud ဖြစ်သွားတယ်) လို့ ပြောနိုင်ပေမယ့် အိမ်မှာလဲ လူကြီးလေးလို ဖြစ်လာပြီး ပြောရ ဆိုရတာ ပိုလွယ်လာတာ သေချာတယ်...

    တဦးတည်းသော သားလေး သမီးလေးတွေမို့ အိမ်မှာ ကလေးဆန်ဆန် စိတ်တိုင်းကျ ပြုမူ နေထိုင်ကြပေမယ့် ကျောင်းမှာတော့ အတော်လေး လူကြီးဆန်ဆန် နေတတ်တာကိုတွေ့ရတာ ကျေနပ်စရာပါ...

    ဂျူဂျူလေးကို အန်တီသက်ဝေကလဲ တပြုံးပြုံးနဲ့ သဘောကျသွားတယ်လို့ ပြောပေးနော်...း))

    ReplyDelete
  4. မြတ်နိုးနဲ့ ပူးတေရေ ... ကျေးဇူးနော်။

    အန်တီသက်ဝေ ခုလို စိတ်ရှည်လက်ရှည်နဲ့ လာရှင်းပြတာ ကျေးဇူးအများကြီး တင်ပါတယ်။ ဂျူနီယာ လီဒါကတော့ အိမ်စာတွေ လုပ်ပြီး ခုနကတင် အိပ်ရာဝင်သွားပါပြီ။ မနက်ဖြန်ကျရင် ပြောလိုက်ပါ့မယ်။

    ReplyDelete
  5. Congratulations JuJu

    When I read your post I remember "The naughtiest girl in the school". Once the girl was spoilt girl at home & school, after she had chosen as monitor she became a good girl.

    http://www.scribd.com/doc/3665626/Enid-Blyton-Naughtiest-Girl-01-The-Naughtiest-Girl-in-the-School


    Please read & tell to JuJu about this book
    http://www.scribd.com/mobile/documents/12967239

    ReplyDelete
  6. Just right ဂျူဂျူ.......Junior Leader ဂျူဂျူ ...
    Congratulations ဂျူဂျူ........ :)))))

    ReplyDelete
  7. ဂျူဂျူတို့ မိုင်လိုသောက်ရင် ခုချိန်ထိ နို့ဘူးကြီးနဲ့ တပြွတ်ပြွတ်စို့တုံး ဆိုလို့ ရီလိုက်ရတာ အစ်မရယ် Congratulations! to Junior leader Ju ju

    ReplyDelete
  8. ဂုဏ်ယူပါတယ် သမီးလေး ဂျူဂျူ

    ReplyDelete
  9. ချောစုမေမေJuly 29, 2010 at 6:03 PM

    ဟုတ်တယ် မမရေ
    သမီးလည်း assistant leader ဘဲ
    ပြောမရရင် အဲဒါနဲ့ ကိုင်ပေါက်နေရတယ်
    တခါတခါ P1 တွေကိုလည်း စာသင်ရသေးတယ်ပြောတယ်
    အလုပ်ကတော့ ၇ှုပ်နေတာဘဲ

    ReplyDelete
  10. Unty လား Aunty လားဟင်။

    ReplyDelete
  11. ဂျူဂျူ့ကို အိုင်ဖုန်းလေးနဲ့ ထားပြီး ဈေးဝယ်လို့မရတော့ဘူးပေါ့

    ဂျူဂျူကွ ဂျစ်သာဂျစ်

    မြှောက်ပေးသွားတယ်

    ReplyDelete
  12. လီဒါဖြစ်ချင်လို့ စိတ်မကောက်ရဲတဲ့ ဂျူဂျူလေးက တကယ့်ကို ချစ်စရာ.နော်။ သူ့အကြောင်းလေး ဖတ်လိုက်ရတိုင်း ရင်ထဲကို အေးချမ်းသွားသလိုပဲ။ ကလေးတွေများ တအားအပြစ်ကင်းတာပဲ..နော် အစ်မ။

    ReplyDelete
  13. ကျမ သမီးလဲ အသားညိုတယ် အမရေ။ ကလေး နှင့် ပတ်သက်တဲ့ အတွေ့ အကြုံတွေ မသိသေးတာသိရလို့  အရင်ကတည်းက ခဏခဏ လာဖတ်ဖြစ်ပါတယ်။ မျှဝေပေးတဲ့ အတွက် ကျေးဇူးပါဘဲရှင့် အမ အချိန်ရမှ (အဆင်ပြေမှပါ) ထပ်ပြီး ရေးပေးပါအုံး အမရေ

    ReplyDelete