Saturday, July 24, 2010

Thesis -> Virus -> Thesis

မဆွိတီ NUS မှာ ကျောင်းတက်တော့ သီးစစ်တစ်ခု ရေးရတယ်။ သီးစစ်က ၁၀ဘာသာမှာ ၄ဘာသာကိုယ်စား ယူရတာဆိုတော့ အတော် အရေးကြ်ီးတယ်လို့ ပြောလို့ရပါတယ်။ သီးစစ်ပြီးခါနီးလို့ အချောသတ်ပြီးကာစမှာ သီးစစ်တစ်ခုလုံးကို ဗိုင်းရပ်စ် အကိုက်ခံခဲ့ရပါတယ်။ အဲဒီတုံးက တော်တော်နာမည်ကြီးခဲ့တဲ့ Love Letter ဆိုတဲ့ ဗိုင်းရပ်စ်ပါ။ ကိုယ့်ဆီ email ရောက်လာတော့ I Love You ဆိုတာနဲ့ ဘာတုံးဟဆို တွဲပါတဲ့ စာကို ဖွင့်လိုက်မိတာမှာ ဒုက္ခနဲ့ ဆွိဆွိနဲ့ တွေ့ကြတော့တာပါပဲ။

ဒါတောင် ဖြစ်ဖြစ်ချင်း မသိပါဘူး။ ညရောက်တော့ သီးစစ်ဖိုင်ကိုဖွင့်လိုက်တဲ့အခါ I Love You ဆိုတာတွေ ထွက်လာမှ ဦးခြိမ့်ကို ဖုန်းဆက်မေးရပါတယ်။ အဲဒါ ဗိုင်းရပ်စ်ကိုက်တာ ညည်းမသိဘူးလားဆိုမှ ခေါင်းနပန်းကြီးသွားပါတယ်။ အဲဒီအချိန်က နာမည်ကြီးဗိုင်းရပ်စ်မှို့ email တွေနဲ့ ၀ိုင်းပြီး သတိပေးကြပေမဲ့ သီးစစ်တစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ ရှုပ်ရှက်ခတ်နေလို့ ဘာသတင်းမှ မသိခဲ့ပါဘူး။ တစ်နှစ်နီးပါး ဒေတာတွေကောက်၊ ဓာတ်ပုံတွေရိုက်ပြီး သေချာပြင်ဆင်ရေးထားတာဆိုတော့ သိသိချင်း ငိုမလို ရယ်မလိုတွေ ဖြစ်ပါတယ်။ ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်ပါတယ်။ နောက်ပိုင်း ခေါင်းအေးအေးထားပြီး စဉ်းစားမှ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ပရင့်ထုတ်ပြီးသားလေး ကြည့်ချင်လို့ဆို ပရင့်အကြမ်း ထုတ်ထားတာသတိရပါတယ်။ အဲဒီအထုတ်ကလဲ အရေးထဲ စာအုပ်စင်နောက်ထဲရောက်နေလို့ မနဲရှာလိုက်ရပါတယ်။

ဦးခြိမ့် တက်ကစီနဲ့ ဆင်မလင်းစကွဲ ပြေးပြီး စကင်နာ ၀ယ်ပါတယ်။ ပရင့်အကြမ်းတွေကို စကင်ပြန်ဖတ်ပါတယ်။ ဖတ်ပြီးတော့ ဆော့ဖ်ဝဲတစ်မျိုး သုံးပြီး Microsoft word ဖြစ်အောင် ပြန်ပြောင်းပါတယ်။ ဓာတ်ပုံဖိုင်တွေကတော့ ကံကောင်းထောက်မစွာနဲ့ ဗိုင်းရပ်စ်မထိခဲ့လို့ ဓာတ်ပုံတွေ ပြန်ထည့်၊ တစ်ချို့ဒေတာတွေ ပြန်ထည့်နဲ့ လင်မယား၂ယောက် တစ်ညလုံး မအိပ်ပဲ သီးစစ်လေး ပြန်ရဖို့အရေး ကြိုးစားခဲ့တာတွေက ဘ၀မှာ မမေ့နိုင်စရာ အဖြစ်တွေဖြစ်ခဲ့ပါတယ်။ ပရင်းထုတ်ပြီး တစ်ပတ်လောက် အချောပြင်ထားတာလေးတွေတော့ ပြန်လုပ်ရပါတယ်။ ဒါပေမဲ့ ပျော်ပါတယ်။ အစအဆုံးပြန်မရေးရပဲ တစ်ညလောက်နဲ့ သီးစစ်တစ်ခုလုံး ပြန်ရလိုက်တာကိုး။

ကိုယ့်ကို ဒီလိုသည်းထိပ်ရင်ဖို ဖြစ်အောင် ဒုက္ခလှလှပေးခဲ့တဲ့ ဗိုင်းရပ်စ်ကို အလွန်စိတ်နာပါတယ်။ ရေးတဲ့သူ၊ ဖြန့်တဲ့သူကိုလဲ အလွန်ကို စိတ်ဆိုးလွန်းလို့ မဆွိတီဟာ အဲဒီအချိန်က ဒီကွန်ပြူတာ ဗိုင်းရပ်စ်နဲ့ ပတ်သတ်ပြီး တွေ့သမျှသတင်းစာ၊ အင်တာနက်သတင်းပါ မကျန် ရှာဖွေဖတ်ရှုမှတ်သားပါတော့တယ်။ ကွန်ပြူတာလောကမှာ ဖျက်စီးမှုအများဆုံး၊ အမြန်ဆုံး ဖြစ်တဲ့ အဲဒီဗိုင်းရပ်စ် အကြောင်း နဲ့ ဗိုင်းရပ်ကို လွှင့်ခဲ့တယ်လို့ယူဆရတဲ့ ဖိလစ်ပင်းကျောင်းသားအကြောင်း စိတ်ဝင်စားစရာမှို့ ဗဟုသုတအဖြစ် သိသလောက် မျှဝေပေးလိုက်ပါတယ်။


ဗိုင်းရက်စ်က ဘယ်လို attack လုပ်သလဲ။
ဗိုင်းရက်စ်ကို email ကနေ "ILOVEYOU" ဆိုတဲ့ ခေါင်းစဉ်နဲ့ "LOVE-LETTER-FOR-YOU.TXT.vbs" ဆိုတဲ့ attach ဖိုင်ကို တွဲပို့လိုက်ပါတယ်။ email ဖွင့်လိုက်ရင် အောက်ကလိုလေး မြင်ရပါတယ်။


အဲဒီ attach ဖိုင်ကို ဖွင့်မိလိုက်တာနဲ့ ဗိုင်းရက်စ်က user ရဲ့ microsoft out look မှာရှိတဲ့ လိပ်စာတွေအကုန်လုံးဆီကို အဲဒီ စာကို ကော်ပီလိုက်ဖြန့်ခြင်းအားဖြင့် ဗိုင်းရက်စ်ကို ပြန့်ပွားစေပါတယ်။ email နဲ့ chatting လုပ်တဲ့ web site တွေပါ အလွန်လျှင်မြန်စွာ ပြန့်နှံသွားပါတယ်။ ဗိုင်းရပ်စ်ပြန့်နှံ့နှုံးက အလွန်မြန်ပြီး ပေါ်ခဲ့သမျှ ဗိုင်းရပ်စ်တွေထဲမှာ အမြန်ဆုံးနဲ့ ဖျက်စီးမှု အများဆုံးအဖြစ် မှတ်တန်းဝင်ပါတယ်။ အောက်ကလင့်ကို ကလစ်ကြည့်ပါ။
http://www.brighthub.com/computing/smb-security/articles/38830.aspx

ဗိုင်းရပ်စ်က ဘယ်ဖိုင်တွေကို ဖျက်စီးပစ်လဲ။
ဒါ့အပြင် အဲဒီဗိုင်းရက်စ်ဟာ system ထဲမှာရှိတဲ့ .vbs, .vbe, .js, .jse, .css, .wsh, .sct, .hta, .jpg, .jpeg, .wav, .txt, .gif, .doc, .htm, .html, .xls, .ini, .bat, .com, .avi, .qt, .mpg, .mpeg, .cpp, .c, .h, .swd, .psd, .wri, .mp3, and .mp2. အစရှိတဲ့ ဖိုင်တွေကို သူ့ဗိုင်းရက်စ် source code ဖိုင်နဲ့ over write လုပ်ပြီးဖျက်စီးပစ်ပါတယ်။ ဗိုင်းရပ်စ်က Unix နဲ့ Apple ကွန်ပြူတာတွေတော့ attack မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။

Pass word တွေကို ဘယ်လို ကော်ပီကူးပို့သလဲ။
နောက်ဆုံးမှာ ဗိုင်းရပ်စ်က WIN-BUGSFIX.exe ခေါ်တဲ့ဖိုင်ကို အင်တာနက်ကနေ အလိုအလျောက် ဒေါင်းလုပ်လုပ်ပါတယ်။ အဲဒီ exeဖိုင်က pass word ခိုးတဲ့ ဆော့ဖ်ဝဲဖြစ်ပြီး သူက အဲဒီကွန်ပြူတာမှာ၊ network မှာ ရှိသမျှ pasword တွေ အကုန်ကို love letter ဗိုင်းရပ်စ် ရေးတဲ့ ဖိလိပင်းက ကျောင်းသားဆီကို emai က တဆင့်ပို့ပါမယ်

ဗိုင်းရက်စ်ကြောင့် ဘယ်လောက်ဆုံးရှုံးမှုရှိလဲ။
၂၀၀၀ မေလ၃ရက်နေ့မှာ အာရှနဲ့ဥရောပမှာ Love letter ဗိုင်းရက်စ် စတွေ့ပါတယ်။ မေလ၄ရက်နေ့ နောက်ပိုင်းမှာတော့ အမေရိကန်၊ အော်စီစတဲ့ နိုင်ငံပေါင်းစုံက ကွန်ပြူတာပေါင်းများစွာကို attack လုပ်ပြီးပါပြီ။ တကမ္ဘာလုံးမှာရှိတဲ့ ကွန်ပြူတာပေါင်း ၄၅ သန်းကို ထိခိုက်မှုဖြစ်ခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှု ယူအက်စ်ဒေါ်လာ ၁၀ ဘီလျံကျော် ရှိပါတယ်။

ဗိုင်းရက်စ်ဖြန့်သူကို ရှာဖွေခြင်း။
ပထမဆုံး အမေရိကန်နိုင်ငံက FBI အကူအညီနဲ့ ဗိုင်းရပ်ဆော့ဖ်ဝဲက source code ကို ဖြည်ကြည့်တော့ signature က အောက်ပါအတိုင်းထိုးထားပါတယ်။

rem barok-loveletter(vbe)

rem by:spyder / ispyder@mail.com / @GRAMMERSoft Group / Manila,Philippines


ဒါကိုကြည့်ပြီး ဗိုင်းရပ်စ်ဖြန့်သူဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က ဖြစ်ပြီး spyder ဆိုတဲ့ nick name ရှိသူဖြစ်တယ်။ GRAMMERSoft ဆိုတဲ့ မြေအောက် ဆော့ဖ်ဝဲအဖွဲ့တစ်ခုက အဖွဲ့ဝင်ဖြစ်တယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့တယ်။ AMA လို့ခေါ်တဲ့ ကွန်ပြူတာကောလိပ်က ကျောင်းသားတစ်ယောက်ဖြစ်နိုင်တယ်လို့ ကောက်ချက်ချတယ်။ ဒီအချက်ကိုပိုပြီး အထောက်အကူဖြစ်စေတာက ဗိုင်းရပ်စ်ကို လွှတ်ပြီးပြီးချင်း မိနစ်ပိုင်းမှာပဲ ဖိလစ်ပိုင်နိုင်ငံပိုင်ISP Sky အင်တာနက်မှာ traffic တွေ အကြီးအကျယ်ဖြစ်ခဲ့ခြင်းပါပဲ။ အာရှနဲ့ဥရောပမှာရှိတဲ့ ကွန်ပြူတာ ထောင်ပေါင်းများစွာဟာ အဲဒီဗိုင်းရပ်စပ်က လွှတ်လိုက်တဲ့ Trojan horse ကို ISP အင်တာနက်ဆာဗာမှာ အလိုအလျှောက် သွားပြီး ဒေါင်းလုပ်လုပ်နေလို့ပါပဲ။

တရားခံတွေ့ပြီလား။
နောက်ဆုံး ဖိလစ်ပင်း ထောက်လှန်းရေးအဖွဲ့ National Bureau of Investigation (NBI), ISP နဲ့ FBI သုံးဦးပူးပေါင်းပြီး ဗိုင်းရပ်စ် စ ပို့လိုက်တဲ့ ကွန်ပြူတာနဲ့ အင်တာနက်ချိတ်ဆက်ထားတဲ့ ဖုံးနံပါတ်ကို ဖော်ထုတ်ပြီး မနီလာမြို့က apartment တစ်ခုကို ၀ိုင်းထားခဲ့ပါတယ်။ ကွန်ပြူတာကတော့ apartment မှာ မရှိတော့ပါဘူး။ Floppy disk အချို့နဲ့ ကွန်ပြူတာဆိုင်ရာ ပစ္စည်းအချို့ကိုတော့ ဆိုင်ရာတွေက ဖော်ထုတ်စစ်ဆေးဖို့ သိမ်းဆည်းသွားပါတယ်။ အဲဒီ apartment က ဘဏ်မှာလုပ်နေတဲ့ အသက်၂၇နှစ်ရှိ Reomel Lamores ဆိုသူကို ဗိုင်းရပ်စ်ဖြန့်သူ Spyder ဆိုပြီး ဖမ်းထားပါတယ်။ အဲဒီ apartment မှာတစ်ခြား အတူနေသူတွေ ရှိပါသေးတယ်။ သူနဲ့အတူတွေ့ရတာက Irene de Guzman ခေါ်တဲ့ သူ့ရည်းစားပါ။ ကွန်ပြူတာ ကောလိပ်မှာ ကျောင်းတက်နေသူပါ။ အတူနေသူ အဲဒီကောင်မလေးရဲ့ ညီမနဲ့ အကိုဖြစ်သူကတော့ ပျောက်နေပါတယ်။ သူ့အကိုကလည်း ကွန်ပြူတာကောလိပ်က ကျောင်းထွက်ထားသူပါ။

တရားခံအစစ်ကို မိပြီလား။
ဖမ်းမိတဲ့ Reomel Lamores ကရော၊ သူ့ကောင်မလေးကပါ သူတို့တရားခံမဟုတ်ကြောင်း၊ Reomel Lamores ဟာ ကွန်ပြူတာကို လုံးဝ စိတ်မ၀င်စားကြောင်း၊ ကျွမ်းလဲမကျွမ်းကျင်ကြောင်း ရှင်းပြပြီး သူတို့တရားခံပေါ်ဖို့ ၀ိုင်းဝန်းဆောင်ရွက်ပေးပါမယ်လို့ ပြောပါတယ်။ ဒီလိုနဲ့ ကောင်မလေးရဲ့အကိုဖြစ်သူ Onel de Guzman က AMA ကောလိပ်က ကျောင်းသားဟောင်းဖြစ်နေတော့ ဆက်လက်စစ်ဆေးရာကနေ အဖြစ်မှန်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။

သီးစစ်တစ်ခုအတွက် လက်စားချေခြင်းလား။
လွန်ခဲ့တဲ့ လအနည်းငယ်က Onel de Guzman ဟာ သူ့ရဲ့ သီးစစ်ကို pass word ခိုးတဲ့ ဆော့ဖ်ဝဲတစ်ခုရေးပြီး တင်တာမှာ သူ့စူပါဗိုက်ဆာကရော ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွေကပါ သူခိုးလက်မှတ်မပေးဘူဆိုပြီး လက်မခံလို့ စာမေးပွဲကျပါတယ်။ သူလဲစိတ်ဆိုးပြီး ကျောင်းကထွက်ခဲ့ပါတယ်။ သူ့သီးစစ်ကိုလက်မခံတဲ့ ကျောင်းကို လက်စားချေချင်တာနဲ့ သီးစစ်နဲ့ ပုံစံတူ pass wordခိုးတဲ့ဆော့ဖ်ဝဲတစ်ခုကို လွှင့်ထုတ်ခဲ့တယ်လို့ အားလုံးက သံတယရှိနေပါတယ်။ ဒါနဲ့ အဲဒီဗိုင်းရပ်စ်ကို ရေးခဲ့သလား၊ လွှတ်ခဲ့သလားဆိုတော့ ၀န်မခံပါဘူး။ သူပြောတာက ကွန်ပြူတာက သူ့သူငယ်ချင်းတွေနဲ့ စကားပြောနေတုံး အမှတ်တမဲ့ မတော်တဆ ပို့လိုက်မိတာ ဖြစ်ကောင်းဖြစ်မယ်လို့သာ ပြောခဲ့ပါတယ်။

တရားခံ အပြစ်ပေးခံရပါသလား။
ဗိုင်းရပ်စ်ကို သူရေးပါတယ်၊ သူလွှတ်ပါတယ်လို့ ခိုင်လုံတဲ့ သက်သေမရှိတဲ့အပြင် အဲဒီအချိန်က ဖိလစ်ပင်းမှာ ဆိုင်ဘာနဲ့ပတ်သတ်ပြီး ဘာဥပဒေမှ ပြဋ္ဌာန်းမထားတော့ တရားခံလို့ထင်ရတဲ့ Onel de Guzman လွတ်သွားပါတယ်။ ၁၀ဘီလီလျံကျော် ဆုံးရှုံးမှုမှာ သူဘာမှ အပြစ်မခံစားလိုက်ရပါဘူး။ သူ့ကို ဗိုင်းရပ်စ်ကြောင့် လူတွေထိခိုက်နင့်နာမှု၊ ဆုံးရှုံးမှုတွေအတွက် ဘာခံစားရလဲလို့မေးတော့ "No" တဲ့။ ဘာမှ မခံစားရဘူးပေါ့။ တော်တော်လဲဆိုးတဲ့ လူပါလား။

သူ့သီးစစ်ကြောင့် လက်စားချေရာက ကိုယ့်လို သီးစစ်ပေါင်း ဘယ်နှစ်ခုကို ဖျက်စီးစေခဲ့လဲဆိုတာ Onel de Guzman တစ်ယောက် စဉ်းတောင် စဉ်းစားမိမယ်မထင်ဘူး။

လူမှား အဆွဲခံလိုက်ရတဲ့ ဘဏ်ဝန်ထမ်း Reomel Lamores


Onel de Guzman နှင့်ညီမဖြစ်သူ Irene de Guzman တို့တရားရုံး အလာ။


Onel de Guzman


(ကွန်ပြူတာကျွမ်းကျင်သူ မဟုတ်တဲ့အတွက် အချို့အချက်အလက်များ မှားယွင်းခဲ့သော် ခွင့်လွှတ်ပါရန်၊ ကြိုတင်ပန်ကြားအပ်ပါတယ် ...)
ကိုးကားလင့်ခ်များ
http://pcworld.about.com/news/Nov132000id33392.htm
http://news.bbc.co.uk/2/hi/science/nature/744537.stm

8 comments:

  1. အင်း... I Love You Virus တဲ့လား... မကြုံဖူး မကြားဖူးပါ...
    သို့သော်လဲ Thesis ကို အကိုက်ခံရတာဆိုတော့ စိတ်နာမယ်ဆိုလဲ နာချင်စရာပေါ့လေ...း))

    ReplyDelete
  2. သီးစစ်ရေးနေတုန်း ပါသွားမယ်ဆိုတော့ ဒေါင်းတောက်သွားမှာပဲ။ ကျနော်တို့ ကျောင်းတက်နေစဉ်ကလည်း မကြာခဏ ထိတတ်တယ်။ ဒါပေမယ့် အခုတော့ တော်တော်လေး အဖြစ် နည်းသွားပြီ။ ဒါတောင် ဟိုတလောက ကွန်ပြူတာ မပိတ်ဘဲ အိပ်ယာဝင်သွားချိန်မှာ McAfee အလိုအလျောက် update လုပ်တဲ့အထဲမှာ ပြဿနာတခုပါသွားလို့ စင်္ကာပူမှာ ကွန်ပြူတာတချို့ထိတဲ့အထဲ ကိုယ့်ကွန်ပြူတာလည်း ပါဖြစ်အောင် ပါသွားသေးတယ်။ အင်တာနက်ချိတ်လို့မရတော့ဘူး။ တော်သေးတယ်။ နောက်တလုံးကနေ ဘယ်လို ပြန်ပြီး ပြုပြင်ရမယ်ဆိုတဲ့ Instruction ထွက်လာတာကို စောင့်ဖတ်ပြီး လွယ်လွယ်ကူကူ ပြုပြင်ရသွားတယ်။

    ReplyDelete
  3. စိတ်ဝင်စားစရာပဲ နော် အစ်မ..။ ကြားပဲ ကြားလိုက်တာ..၊ သေသေချာချာ မသိလိုက်ဖူး...။ ကျေးဇူးတင်လိုက်တာ..

    ညီမလည်း ဒီနှစ်ထဲ သီးစစ်တင်စရာ ရှိနေတာ.. ဒေတာတွေ ဟိုထဲထား ဒီထဲထားနဲ့ ကော်ပီတွေကို မနည်းတော့ဘူး..။ ပျောက်မှာစိုးလို့လေ..။ တစ်ခုခုဆို မလွယ်ဘူးနော်။ အစ်မ သီးစစ်ကိစ္စအဆင်ပြေသွားလို့ တော်သေးတယ်နော်။

    ReplyDelete
  4. ဟုတ်တယ် တော်တော်ဆိုးတာတွေ ...
    တော်သေးတာပေါ့တီဆွိ.. ပြန်ရလို့ နော်

    ReplyDelete
  5. May I know what kind of software you used at that time to change Microsoft Word.?

    ReplyDelete
  6. တို့တုံးကလည်း back up ထားလိုက်တာ အရူးတပိုင်းဘဲ။

    ReplyDelete
  7. အနောနိမတ်စ်ရေ ...
    TextBridge လို့ခေါ်တဲ့ ဆော့ဖ်ဝဲ ပါ။ ဂူးဂဲလ်မှာ ရိုက်ထည့်လိုက်ရင် free ဒေါင်းလုပ်လုပ်နိုင်တဲ့ နေရာတွေ အများကြီးတွေ့ပါမယ်။ လွန်ခဲ့တဲ့ ၁၀နှစ်ကတော့ scanner ၀ယ်တော့ တွဲပါလာတာပါ။

    လက်စသတ်တော့ ။တို့အစ်မကွန်းလဲ ထိခဲ့တာကိုး။

    လာလည်ပြီး အားပေးကြသူများအားလုံး ကျေးဇူးပါနော်။

    ReplyDelete