Thursday, December 15, 2011

မင်းကတော် အမေ


မဆွိတီငယ်ငယ်က နယ်မှာနေတဲ့ ဦးလေးအိမ် အလည်သွားလေ့ရှိတယ်။ ဦးလေးမှာ သားတစ်ယောက် သမီးလေးတစ်ယောက် မွေးထားတာမှာ လင်မယား၂ယောက်လုံး ခလေးတွေကို သိပ်အလိုလိုက်တယ်။ စီးပွားရေးကလည်း အဆင်ပြေတော့ ခလေးတွေ ဘာလိုချင်လဲ၊ ဘာစားချင်လဲ လိုလေသေးမရှိ အမြဲဖြည့်ဆည်းပေးနေတော့တာပဲ။  တစ်ခါသား မှတ်မှတ်ရရ ညကြီး မင်းကြီး အကြီးကောင်လေးက မြို့ထဲက ခေါက်ဆွဲကြော်စားချင်တယ်ဆိုတာနဲ့ အမေလုပ်သူက  ဆိုင်ကယ်လေးပေါ်တက် တဖုတ်ဖုတ်နဲ့ ထွက်သွားပြီး ၀ယ်တော့တာပဲ။  ည မှောင်မှောင်မဲမဲကြီးထဲကိုလေ။ ကိုယ့််မှာ ဒေါ်လေးတို့ကြည့်ပြီး တရားကျတယ်။ ခလေးတွေ အဲလောက်အလိုလိုက်ရလားဆို ကရုဏာဒေါသောဖြစ်ရတယ်။

ကိုယ်လဲ ခလေးအမေဖြစ်ရော၊ ဒေါ်လေးတို့ထက်ကို သာပါပေ့တယ်ပြောရမယ်။ သမီးဘာစားချင်လဲ၊ ဘာလိုချင်လဲ အမြဲဖြည့်ဆည်းပေးချင်နေတော့တာပဲ။ သမီးလေး စိတ်ချမ်းသာအောင်၊ ပျော်အောင်သာ ထားချင်နေတာ။ ကျောင်းမှာလဲ သမီးမျက်နှာမငယ်ရအောင် လိုလေသေးမရှိ လိုက်လုပ်ပေးသေးတယ်။ ကျောင်းမှာ ဒီနေ့တော့ ဘာပွဲရှိတယ်။ ဘာယူသွားရမယ်ဆို လိုတာကို မျက်နှာမငယ်ရစေဘူး။ အစားအသောက်ဆိုလဲ နေ့လည်စာအတွက်တစ်ဖုံ၊ recess အတွက်ဆို တစ်မျိုး မပါမနေရလေအောင် မျိုးစုံစီမံချက်ပြုတ်ပြီး ထည့်ပေးလိုက်တာပဲ။

တစ်ခါလဲ ကျောင်းမှာ မသန်မစွမ်းခလေးများအတွက် အလှူငွေ ထည့်ရမယ်ဆိုတာကို လမ်းရောက်မှ သမီးက သတိရတယ်။ ဒါနဲ့ သမီးကို ကျောင်းပို့ပြီး ချက်ချင်း အိမ်တစ်ခေါက်ပြန်ယူ သမီးအခန်းကို လိုက်ပေးရတယ်။ သမီးတို့ ကျောင်းက မီတာ ၆၀၀-၇၀၀ လောက်သာဝေးတယ် ဆိုပေမဲ့ ကျောင်းက ကုန်းတက်လေးပေါ်တက်ရတော့ အသွားအပြန်၎ခေါက်သွားရတာ မောတာအပြင်  လူက တော်တော်လဲငြီးငွေ့သကိုး။ ကိုယ်တိုင်က အစကတည်းက တစ်ခုခုမေ့လို့ ဒီလမ်းနဲ့ဒီလမ်း ၂ခေါက်ပြန်လျှောက်ရတယ်ဆိုတာမျိုး အင်မတန်ငြီးငွေ့တတ်တဲ့ လူစားမျိုး။ သမီးကိစ္စမှို့သာ လုပ်ပေးရတယ်ပေါ့။

ဒီနေ့လဲ ကျောင်းမှာ movie day တဲ့။ ခလေးတွေကို ရုပ်ရှင်လိုက်ပြမယ်ပေါ့။ ဒါ့အပြင် ရုပ်ရှင်ရုံမှာစားဖို့ တက်ဒီဘဲရုပ် ဘီစကစ်ယူရမယ်ဆိုတော့ ကိုယ်က သတိမေ့တတ်လွန်းလို့ လွန်ခဲ့တဲ့ ၂ရက်လောက်ကတည်းက လွယ်အိပ်ထဲ ကြိုထည့်ပြီးသား။ ဖြစ်ချင်တော့ ဒီနေ့မနက် လွယ်နေကျအိပ်လေး လျှော်ထားတာ ခြောက်လို့ ပြောင်းအထည့်မှာ အဲဒီ တက်ဒီဘဲ ဘီစကွတ်ထုတ်လေးတွေ ပါမလာတော့ဘူး။ ဒီလိုနဲ့ သားအမိ၂ယောက် ကျောင်းသွားကြ၊ လမ်းကျမှ မဂျူဂျူက သတိရတယ်။ ဒါနဲ့  ထုံးစံအတိုင်း တက်ဒီဘဲ ဘီစကစ်မပါလို့ မျက်နှာငယ်မှာစိုးတဲ့ အမေကြီးက သမီးကျောင်းကို အမေလာပို့မယ်ဆိုပြီး ပြန်ခဲ့တယ်။ အမှန်က မပါလဲ ဘာမှ မဖြစ်လောက်ဘူး။ ကိုယ်က ခလေး ဆရာမမှာတဲ့မုန့် မပါလို့ စိတ်အားငယ်မှာ မျက်နှာငယ်မှာစိုးတာ။ သူYအတွက် နေ့လည်စာရော ရီဆက်အတွက်ပါ   အစုံထည့်ပေးလိုက်ပြီးသား။

ပြောရရင်တော့ ဒီလမ်းကြီးကို တစ်ခေါက်ပြန်လျှောက် သွားပေးရမှာ ငြီးငွေ့နေပြီ။ လမ်းက ကုန်းတက်ကုန်းဆင်းတွေက များကများနဲ့ဆိုတော့လေ။ အိမ်ရောက်တော့ ဒီနေ့ ဦးခြိမ့်ရုံးကို ကားမယူသွားတော့ ကားလေးနဲ့ ပြန်သွားမလား စိတ်ကူးသေးတယ်။ ကားမောင်းမယ်ကြံတော့ အိမ်ရှေ့မှာ တစ်ခြားပါ့ကင်လုပ်ထားတဲ့ ကားတစ်စီးက လမ်းကို ပိတ်လုနီးပါးဆိုတော့ လမ်းပဲလျှောက်သွားတော့မယ်ဆို ကမန်းကတန်းလေး အပြေးကလေး သွားတာပေါ့။

ကျောင်းနားရောက်တော့ ကျောင်းရှေ့အ၀ိုင်းမှာ ရုပ်ရှင်သွားဖို့ထင်တာပဲ၊ ဘတ်စကားကြီးတွေ ၄-၅စီး လှမ်းမြင်နေရတယ်။ ခလေးတွေလဲ ကားတွေပေါ်မှာ အပြည့်ပဲ။ ဟော ကြည့်နေရင်းနဲ့ ဘတ်စ်ကားကြီးတွေက တစ်စီးပြီး တစ်စီး ထွက်သွားကြတာ နောက်ဆုံး၂စီးပဲ ကျန်တော့တယ်။ ဟယ် ငါတော့ မမှီလောက်တော့ဘူးနဲ့တူတယ်ဆို တက်ဒီဘဲ မုန့်ထုပ်လေး၂ထုပ်ကိုင် ကျောင်းကုန်းတက်လေးပေါ် အပြေးတက်၊ မောချက်တော့။ ဂျူဂျူတို့ အတန်းတွေ ပါချင်မှ ပါဦးမှာပါဆို စိတ်ကတော့ မလျှော့သေးဘူး။ ကျောင်းနားလဲ ကိုယ်ကလွဲလို့ ဘယ်ခလေးအမေမှလဲ မရှိ။  တက်ဒီဘဲမုန့်ထုပ်လေးကိုင်ထားပြီး ဖတ်သီဖတ်သီနဲ့ လျှောက်နေတဲ့ တီတီဆွိဆိုတဲ့ ဂျူဂျူတို့အမေကြီး တစ်ယောက်တည်းရယ်။

ဘတ်စ်ကားတွေနားရောက်တော့ တစ်စီးက  ခလေးတွေ တက်နေတုံး။ နောက် ထွက်လုဆဲဆဲ တစ်စီးကိုကြည့်လိုက်တော့ ဂျူဂျူ့သူငယ်ချင်းလေးတွေ ပြတင်းပေါက်ကနေ လှမ်းမြင်နေရတယ်။ ဟ တိုက်တိုက်ဆိုင်ဆိုင် ဒါ ဂျူဂျူတို့ကားပဲဆို တက်ဒီဘဲ ဘီစကစ်ထုပ်လေး ခုန်ခုန် မြှောက်မြှောက်ပြပြီး ခလေးတွေကို ပြတယ်။ ခလေးတွေကလဲ နေကာမျက်မှန်တပ်ထားတဲ့ ကိုယ့်ကို မမှတ်မိတာလား။ အူကြောင်ကြောင်နဲ့သာ ကြည့်နေကြတယ်။ မျက်မှန်ကိုချွတ်ပြီး ဂျူဂျူ့အတွက် မုန့်ဆို ခြေဟန်လက်ဟန်နဲ့ပြမှ မယ်မင်းကြီးမလေးများက သတိပြုမိပြီး ဂျူဂျူရှိတဲ့ နေရာကို လက်ညှိုးထိုးပြီး ပြောတယ်။ ဟော ပေးမလို့ ကြည့်နေတုံးရှိသေး ဘတ်စ်ကားကြီးက ၀ူးဆို ထွက်သွားပါလေရောဗျာ။ ဟူးးးးးးးးးးးးးးးးးးး .........................

ဂျူဂျူ့အမေကြီးမှာ မောရကျိုး မနပ်ချက်။ အဲ့နားတင် လူက သာခွေယိုင်ဖြစ်ချင်နေပြီ။  ခလေးတွေ ပြောလို့များ ဘတ်စ်ကားဒရိုင်ဘာကြီးက ကားရပ်ပေးမှာလားလို့ ဘတ်စ်ကားနောက်ပိုင်းကို ငေးကြည့်နေမိသေးတယ်။ ဘတ်စ်ကားက တဖြေးဖြေး ဝေးသာသွားတယ် ရပ်ပေးမဲ့ အရိပ်အရောင်မမြင်မှ တပ်ဆုပ်ပြန်ဖို့ သတိရတယ်။ အပင်ပမ်းခံပြီး လာပေးတာကို ကပ်လွဲသွားသေးတယ်ဆို ယူကြုံးမရဖြစ်။ ကိုယ့်ကိုကိုယ်လဲ အပြစ်တင်။ ငါကိုက အ တာပါ။ ဘတ်စကား ဒရိုင်ဘာကြီးကို လက်ပြပြီးတားရမှာ။ မဂျူဂျူတို့ကလဲ မအေ လာပေးမယ်ဆိုတာကို လမ်းဖက်ကြည့်မနေဘူးပေါ့။ သူကတော့ အေးဆေးပဲ။ မအေကို မြင်ကို မမြင်တာဗျား။ လာပေးမယ် ဆိုတာကိုတောင် မေ့ချင်မေ့နေမှာ။

အပြန်လမ်းတစ်လျှောက်လုံးလဲ တက်ဒီဘဲ ဘီစကစ်မုန့်ထုပ်လေး၂ထုပ်ကိုင်ပြီး တရွေ့ရွေ့ ဖတ်သီဖတ်သီနဲ့ လျှောက်နေတဲ့ အဒေါ်ကြီးက အဖြစ်အပျက်တွေကိုတွေး ကိုယ့်ဟာကိုယ် ပြေးမြင်လိုက်တာက ငယ်ငယ်က ကြည့်ဖူးတဲ့ ရုပ်ရှင် "မင်းကတော်"ဆိုတဲ့ ကားထဲက မင်းကတော် အမေကြီး အဖြစ်ကိုပဲ။

အဲဒီကားထဲမှာတော့ အမေကြီးက အကြော်ရောင်းတာ။ သမီးလေးကျောင်းတက်တော့ ဗေဒင်အရ မင်းကတော်ဖြစ်မဲ့ သမီးဆိုပြီး ဒုက္ခခံ ကျောင်းထား၊ ဖတ်သီဖတ်သီနဲ့ အကြော်ရောင်း ငွေရအောင်ရှာ။ သမီးအတွက် အစစအရာရာ အနင့်နာခံ ဖြည့်စည်းပေး။ သမီးလုပ်သူကတော့ ပေါ်ကျော့။ အမေကိုလဲ မကူ။ အမေက အကြော်သည်မှန်းသိမှာ ရှက်လို့ အမေလို့ မပြော နဲ့ ဇာတ်နာအောင် လုပ်ထားတာ။ ၀ထ္ထုကလဲ ပညာဝန် ဦးဖိုးကျားရေးတဲ့ မင်းကတော် ဆိုတဲ့ ၀ထ္ထုပဲ။ သိပ်နာမည်ကြီးတယ်။ ကိုယ်ကလဲ အလုပ်ကမရှိ၊ နေ့စဉ် သမီးကျောပိုးအိပ်လွယ် ဖတ်သီဖတ်သီနဲ့ ကျောင်းလိုက်ပို့၊ ဘာမှ အလိုက်မသိ၊ နားမလည်တတ်သေးတဲ့ သမီးလေးနဲ့ ကိုယ့်အဖြစ်ကို ဇာတ်နာအောင်တွေးပြီး အဲဒီ မင်းကတော် အမေပဲ ပြေးပြေးမြင်မိတော့တာပဲ။

Wednesday, December 14, 2011

အန်တီဆွိ update

အန်တီဆွိတစ်ယောက်ပျောက်နေလို့ ဂျီမေးကရော၊ ကွန့်မန့်တွေကရော ဟိုက၊ ဒီက ဖိုရမ်တွေ ဖေ့စ်ဘွတ်တွေက လာရောက်သတင်းမေးကြတဲ့ လုပ်သားပြည်သူ မိဘများကိုအထူးပဲ ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ပထမဆုံးပြောကြားလိုပါတယ်။ ရလဲ့ ... 

(အများသူငှါ အထင်ကြီးအောင် လူတွေအများကြီး လာရောက်သတင်းမေးကြသယောင် ရေးထားတာပါခင်ည။ အမှန်က ကွန်မန့်တွေမှာ မြင်ရတဲ့အတိုင်း ၃ယောက်တည်း မေးထှား) )


ပျောက်နေရတဲ့အကြောင်းရင်းက အန်တီဆွိမှာ ရုံးကလဲ မလုပ်၊ ခရီးတွေဘာတွေလဲ မထွက်ဖြစ်တော့ ရေးစရာ ရမယ်ရှာမရ ကုန်ကြမ်းပြတ်နေလို့ပါခင်ညာ။ သနားကြပါခင်ညာ။ တစ်နေ့တစ်နေ့ ဒီယောက်ျား အင်္ကျနီညိုရောင်ဝတ်တဲ့အကြောင်း၊ သမီးဘာစားတဲ့အကြောင်းတွေပဲ ရေးနေရတာ။ ရေးစရာကလဲ ရှားသွားပြီမလား။ ဟိုအစ်မကြီးလို မြန်မာပြည်ပြန်ပြီး ဆိုင်ကယ်ကယ်ရီနဲ့ အနှံ့ပတ်လိုက်ရ ကုန်ကြမ်းတွေ ရေးစရာ လက်မလည်ဖြစ်သွားရော့မယ် ။း)


ခုလဲ ဘာမှ ရေးစရာမရှိ ရှာကြံရေးဦးမည်။ ဒန် ... ဒန်  ...

ယုဇန တွေလဲ ပွင့်ကုန်ပြီ။
 အိမ်နားမှာ ယုဇနပန်းတွေလဲ ပွင့်နေပြီ။ သမီးကျောင်းပို့၊ ကျောင်းကြိုလမ်းတစ်လျှောက် ပန်းနံ့လေးကို သင်းနေတာပဲ။
 


ဆံပင်ဒီဇိုင်း အသစ်နှင့် အန်တီကြီး
ဆစ်ဒနီမှာ ဆံပင်ညှပ်တာ ၂ခိရှာပြီ။  ပထမတစ်ခါက ဘုမသိဘမသိနဲ့ အိမ်နားက အိမ်ဆိုင်လိုလေးမှာဖွင့်ထားတဲ့ ဆိုင်မှာ သွားညှပ်တာ။ ညှပ်တဲ့သူက အဖြူမ။ သိပ်လဲ ညှပ်တတ်ပုံမရဘူး။ ဆံပင်ကိုင်တာကိုက ရွတတလေး။ သူ့ကိုကြည့်ရတာ အားမရဘူး။ ညှပ်ပြီးထွက်လာတော့ ဦးခြိမ့်ကတော့ လှပါတယ် မဆိုးပါဘူးပြောတယ်။ (သူကတော့ ဒီလိုပဲပြောမပေါ့ ...)  ဈေးကလဲ ကြီးချက်၊ အော်ဇီဖွတ်ကလိ ဒဂ်ါး ၃၀တောင်ပေးရတယ်။ ဒီတစ်ခါတော့ မြို့နားက တရုတ်တွေများတဲ့ ရှော့ပင်းစင်တာ အသေးလေးမှာ တရုတ်မတွေ ၊ အာရှသူတွေ ညှပ်နေတာတွေ့ခဲ့လို့ အဲမှာပဲ ၀င်ညှပ်တယ်။ ညှပ်တဲ့သူက ဗီယက်နန်မ။ မဆိုးပါဘူး ပုံလေးပြပြီး step လေးညှပ်တာ။ ၁၈ကျပ်ပဲပေးရတယ်။ ပုံလေးလဲ ကြိုက်တယ်။ သဘောလဲကောင်းတယ်။  Eye brow ပုံဖော်လားဆိုတော့ ၁၀တဲ့။ ဈေးကြီင်္းလို့ ကိုယ့်ဟာကိုယ်ပဲ ဓားလေးဝယ်ထားတာနဲ့ ပုံဖော်လိုက်တယ်။ စလုံးမှာတုံးကတော့ ပင်နစူးလားက မောရှမ်းမှာ ၅ကျပ်ပေးပြီး လစဉ်သွားရိတ်နေကျ။ အဲဒီမှာ တစ်ယောက်က ပုံလေးဖော်တာ သိပ်လှတာ။

ဆံပင်ပုံအသစ်နဲ့ ဂိုက်ပေးကြမ်းနေပုံ။ ညက်ခုံးကတော့ ကိုယ်တိုင်ကျဲထားတာ။ အောက်က ဓားလေးနဲ့။ ဘာရမလဲ ... နာကွး)

 ဘုရားစူး ဆစ်ဒနီ နွေ
ဆစ်ဒီမှာ နွေရောက်ပြီဆိုပြီးတော့ ဒီဇင်ဘာတစ်ရက်နေ့ကစပြီး အေးလိုက်တာ။ မိုးကလည်း တစ်ရက်မှ မပြတ်သေးဘူး။ Spring ရောက်တော့ အန်တီဆွိကပြောတယ်။ Spring သာဆိုတယ် ... မပူသေးဘူး ... နေလို့ ကောင်းတယ်။ အေးသေးတယ် ... ဆို သူက ဟမ်မလေး ဒီဇင်ဘာ နွေရောက်ရင် ပူပါလိမ့်မယ်ဆို တစ်ချိန်လုံး ချိန်းခြောက်လာတာ။ ဒီတော့ ပူတော့လဲ အဲကွန်းလေး ၀ယ်တာပေါ့ဆို အဲကွန်းတောင် လိုက်ကြည့်မယ်ကြံနေတာ။ အဲဒါ ခုချိန်ထိ မပူပဲ အပူချိန်က ၁၄ကနေ ၂၂လောက်အထိ တန်းနေတော့ အဲကွန်းဝယ်မဲ့ ကိစ္စလဲ ပြတ်သွားတယ်။ ဆစ်ဒနီ ဒီနှစ်နွေ အေးတာမှ ၅၂နှစ်အတွင်း အအေးဆုံးနွေဆိုလား သတင်းကနေကြေငြာထားတယ်။ ဆောင်းတွင်းတုံးကလဲ ဘယ်နှနှစ်အတွင်း အအေးဆုံးဆောင်းဆိုလား။ အော် သေမဲ့နှစ်မှ စစ်ထဲဝင်ဆိုသလိုဖြစ်နေပြီလို့။ ကိုယ်လာတဲ့နှစ်ကျမှပဲ အအေးဆုံးတွေချည်းတွေ့နေတော့တယ်။


ဒါပေမဲ့ ခုလို နွေ မှာ အေးတာကတော့ ကောင်းသဗျ။ ဆစ်ဒနီက နေဟာ စလုံးကနေလိုမဟုတ်ပဲ အရမ်းပူပြီး လူအသားကိုလဲ လောင်စေတာ။ Spring တုံးက ၃၇ ဒီဂရီ တစ်ရက်ကြုံဖူးတာ။ နေ့ရဲ့ အပူဆုံးအချိန်က သမီး ကျောင်းကြိုတဲ့ ၃နာရီလောက်ဆိုတော့ ပူလိုက်သမှ ဘေးမှာ မီးဖိုကြီး အလျှံတညီးညီးနဲ့ တောက်နေသလိုပဲ။ လမ်းလျှောက်လိုက်တိုင်း တရှိန်ရှိန်နဲ့ ပူချက်တော့။ ဘယ်ဦးထုတ်နဲ့မှ ရှိုးထုတ်ပြီး အပြင်ထွက်လို့မရပေဘူး။ အနက်ရောင် ထီး အကြီးကြီးကို မြင့်မြင့်ဆောင်းတာတောင် ပူသေးတယ်။ အဲဒီကတည်းက အပူကို ကြောက်သွားတာ။ အေးတာကမှ တော်သေးဟဲ့ဆို သဘောပေါက်သွားတယ်။

ပန်းခရမ်း ပြာ
ဆစ်ဒနီမှာ ပန်းခရမ်းပြာနောက်တစ်မျိုးပွင့်ပြန်ပြီ။  ဒီတစ်ခါတော့ ခတ္တာပန်းလို အပင်ပုလေးတွေ။ အဖြူရောင် ခရမ်းရောင် ၂မျိုးရှိတာမှာ ခရမ်းရောင်လေးတွေ ပိုပေါတယ်။ ဘယ်နေရာသွားသွား တွေ့နေရတာပဲ။


ဒီဇင်ဘာ ကျောင်းပိတ်ရက်
ဂျူဂျူတို့လဲ ကျောင်းတွေ နောက်အပတ်ဆို စ ပိတ်ပြီ။ တစ်လခွဲလောက်ပိတ်မယ်။ ဒီမှာလဲ ရယ်ရတယ်။ ဒီဇင်ဘာရောက်ကတည်းက ကျောင်းမှာ စာမသင်တော့ဘူး။ အိမ်စာလဲ မရှိတော့ဘူး။ ကျောင်းမှာ နေ့စဉ်  ပျော်ပွဲ ရွှင်ပွဲ၊ ကျောင်းကပွဲ၊ ခရစ်စမတ်ပွဲ၊ ဘာပွဲ ညာပွဲ ပွဲမျိုးစုံပဲ။ ဒီမှာ စာမေးပွဲမရှိတာကိုက တော်တော်သက်သာတယ်။ ဆုပေးပွဲလဲ ပြီးခဲ့တဲ့ အပတ်ကမှ ပြီးသွားတယ်။ မဂျူဂျူတို့ ဒီနှစ် ဘာဆုမှ မချိတ်ပါဘူးခင်ညာ။ သူမပြောနဲ့ သူနဲ့တွဲနေတဲ့ သူ့သူငယ်ချင်း တရုတ်မ၊ စလုံးမလေးတွေ သူတို့ အမေတွေက အတင်းတွန်းနေတာတွေတောင် ဘာဆုမှ မချိတ်တာ။ ကိုယ်ကလဲ ဒီနှစ်သမီးကို ဘာမှမှ မတွန်းထားတာ။ ထူးပြီး ၀မ်းနည်းမနေပါဘူးဂျာ။ သမီးက အိမ်မှာ မြန်မာလိုပဲ ပြောတာဆိုတော့ အင်္ဂလိပ်စာအရေး၊၊ အပြောမှာ နဲနဲ အားနည်းနေတာ။ နောက်နှစ်တော့ အင်္ဂလိပ်စာ ကျူရှင်ပို့မယ် စိတ်ကူးထားတယ်။ ဆုရဖို့ အတွက်တော့မဟုတ်ပါဘူး။ အဲဒါက အရေးမကြီးဘူးလို့ထင်တယ်။ အင်္ဂလိပ်စာ တိုးတက်လာဖို့အတွက်ပဲ။ ဆုရတဲ့ ခလေးတွေက အင်္ဂလိပ်ကောင်းတဲ့ ကော့ကေးရှန်းတွေများတယ်။ သင်္ချာကတော့ ကူမွန်ကျေးဇူုးနဲ့ ၂တန်းကျောနေလို့ ဆုယူရသေးတယ်။


ဒီနေ့လဲ ကျောင်းမှာ Disco dance ရှိတယ်ဆိုပြီး ကြိုက်ရာ ၀တ်လို့ရသတဲ့။ ဆံပင်ကို crazy hair style လုပ်ရမယ်ဆိုလို့ စောစောထပြီး ကျစ်ဆံမီးတွေ တစ်ခေါင်းလုံး ကျစ်ပေးရသေးတယ်။ ဂျူဂျူလဲ  တော်တော် လှချင်နေပြီ။ ဟိုတစ်လောက အအေးမိပြီး နေမကောင်းလို့ ပိန်သွားတယ်။

 Carpet cleaner
ဒီက  အိမ်တွေမှာ အခင်းက အ၀တ်ကောဇောလိုမျိုး အဖြူပျက်ရောင် ခပ်ညစ်ညစ်ကို မီးဖိုချောင် ရေချိုးခန်းမှအပ တစ်အိမ်လုံးခင်းထားတာ။ ကြာလာတော့ ဟိုနေရာ အမဲစက်ကလေးတွေ ပေ။ ဒီနေရာ အစွန်းလေးတွေပေနဲ့ တဖြေးဖြေးနဲ့ အခင်းက ကြည့်ရတာ တော်တော် စိတ်မချမ်းသာဘူး။ ကိုယ်ဘယ်လောက် အပင်ပန်းခံ ဖုန်စုတ်လဲ ညစ်ပေနေတာကတော့ မပြောင်ဘူးပေါ့။ အိမ်ဘယ်လောက်ရှင်းနေနေ အဲဒီ အခင်းအမဲကို မြင်လိုက်ရင် စိတ်က ညစ်သွားရော။

ဒါနဲ့ အဲဒီ ကောဇောအခင်းကို ဘယ်လို လျှော်ကြလဲဆိုမေးတော့ ဒီက Woolworth တို့လို ရှော့ပင်းစင်တာတွေကနေ စက်ငှါးပြီး လျှော်ရသတဲ့။ ဈေးက တစ်ခါငှါး တစ်ရက်ကို  အော်ဇီ၆၀ ကလင်နာ အရည်ဖိုး (detergent) ကလဲ သူတို့ဆီကနေ ၂၀ဖိုးလောက်ဝယ်ပေါ့။  အဲဒါက တစ်ရက်တည်းနဲ့ တက်သုတ်ရိုက်လဲ လုပ်ရဦးမှာဆိုတော့ မတန်ဘူးဆိုပြီး ကိုယ့်ဟာကိုယ်ပဲ ၀ယ်ပြီးလုပ်မယ်ဆို carpet cleaner တစ်လုံးဝယ်လိုက်တယ်။ အောဇီ ဖွတ်ကလိဒဂ်ါးအပြား ၂၉၉ တိတိ ထွက်သွားပါတယ်။ အန်တီဆွိတို့ စိတ်ကြီးပုံများ။ အဲဒါဝယ်ပြီးပြီးချင်းကနေ နောက်နေ့ တစ်နေကုန် တစ်အိမ်လုံး စက်နဲ့ လျှော်လိုက်တာ လူလဲ တော်တော် ပင်ပမ်းသွားတယ်။ စက်ကို တွန်းရတာ လက်တွေရော၊ တကိုယ်လုံးရော ညောင်းညာကိုက်ခဲသွားတာပဲ။ အိမ်အခင်းလေးကတော့ အစွန်းရာ တစ်စက်မှမရှိတော့ နေရတာ ကြည့်ရတာ စိတ်ချမ်းသာချက်တော့။ တန်ပါတယ် ... တန်ပါတယ် လို့ပဲ။ ဟူး ....

အဲဒီစက်လေးနဲ့ တွန်းပြီး စုတ်ရတာ။ ရေနဲ့ detergent ကို လဲပေးရတယ်။ အဖြူလေးက ရေဗူး။

အိမ်မှာအရင်ရှိပြီးသား ဖုန်စုတ်စက် ၂လုံး။ တစ်လုံးက မိထူးဖို့၊ တစ်လုံးက ကစ်ဆစ်ဖုဖို့ တော့မဟုတ်ဘူး။
တစ်လုံးက စလုံးကပါလာတာ။ တစ်လုံးက စလုံးကဟာက ပါဝါ နည်းလို့ ထပ်ဝယ်တာ။ ဒါတောင် ဦးခြိမ့်က dust mite သေတဲ့ နောက်တစ်လုံး အကောင်းစား ထပ်ဝယ်မလို့တဲ့။ အိမ်က carpet တွေ သန့်ရှင်းမရှင်းတော့ မသိဘူး။ အဲဒီ carpet ရှင်းတဲ့ ကိရိယာတွေ စက်တွေနဲ့ပဲ အိမ်က တော်တော်ရှုပ်နေပြီဂျာတို့ရေ။

ဖလင်မင်တန် ဈေး
ဒီမှာ အရင်ကတော့ စနေနေ့မှ ဈေးကသွားဖြစ်တာ။ ခုတော့ သောကြာနေ့တိုင်း သွားဖြစ်နေတယ်။ အရင်ကဒီမှာ ရေးဖူးတဲ့ ဖလင်မန်တန် အလုံးဈေးကို သွားတာ။ ဒီရောက်မှ ခင်မိတဲ့ စလုံးမ အသိ ကင်ဂျူးဆိုသူက သူသွားတိုင်း ကားလေးနဲ့ လာလာခေါ်လို့ ဟန်ကျနေတာဂျ။ ကင်ဂျူးအကြောင်း နောက်မှ ရေးရဦးမယ်။ သူ့သမီးနဲ့ ဂျူဂျူးကလဲ ကျောင်းမှာ best friend တွေ။ သူတို့ကလဲ စလုံးကနေ လာတယ်ဆိုတာနဲ့ကိုပဲ ဆွေမျိုးလို ခင်နေကြတာ။ ဒီမှာလဲ အိမ်နီးနားချင်း အရေးဟယ်၊ အကြောင်းဟယ်ဆို အားကိုးစရာ ရှိမှလေ။ 

အဲဒါ ဖလင်မန်တန်ဈးက ငါးပုဇွန်ပေါတော့ ခုတလော အိမ်မှာ သားကြီးငါးကြီးတွေထက် ငါး ပုဇွန်တွေ ချက်စားဖြစ်နေတယ်။ အိမ်ကလူက ဟိုနေ့က ဆေးစစ်တော့ ဗိုက်တာမင် D အားနည်းလို့ဆို ငါးစားရမယ်ဆို အတော်ပဲဖြစ်သွားတယ်။ ဒီကလူတွေက တစ်နှစ်ပတ်လုံး နေရောင်ကောင်းကောင်းမရလို့လားမသိ။ ဒီမှာတော်တော်များများ ဗိုက်တာမင် D အားနည်းကြတယ်။

ပုဇွန်အသေးစားလေးတွေ တစ်ကေဂျီမှ ၆ကျပ်ထဲ။ စိမ်းနေတာပဲ လတ်တာမှ။ ချိုလဲ အတော်ချိုတယ်။ ပုဇွန်အကြီးထက် အဲလိုအကောင်သေးလေးတွေ ပိုကြိုက်တယ်။


စကွတ်ရှ် လဲ လတ်ဆတ်တော့ ချက်စားလို့ ကောင်းတယ်။ အပြောင်းအလဲ ဖြစ်အောင်သာချက်ရတာ ကိုင်ရတာ လက်ဝင်တယ်နော်။ 
 
ငါးခူလဲ ရသဗျ။ တစ်ကေဂျီမှ ၅ကျပ်ထဲ။ အဲဒါ မုန့်ဟင်းခါးချက်စားတဲ့ နေ့က ငါးပြုတ်ဖို့ ပြင်ထားတာ။ ၃ကောင်ကို တစ်ကေဂျီရှိတယ်။ ခေါင်းလဲမပါဘူး။ ဒါပေမဲ့ လတ်တယ်ဗျ။  မုန့်ဟင်းခါးကတော့ အိုးပြောင်မှ ဓာတ်ပုံရိုက်ဖို့ သတိရလို့။ ခွင့်လွှတ်ကြပါ ပိတ်သတ်ကြီးး)


နှင်းဆီ နီ
အိမ်က နှင်းဆီပင် အနီရောင်လည်း ပွင့်လေပြီ။ ဒီတစ်ခါတော့ ဘယ်သူ့ ဘယ်သူမှ မနမ်းလိုက်ရ။ အရောင်က သိပြီးသားကိုး။

 Facial
အန်တီဆွိ စလုံးမှာ နေတုံးက ဈေးပတ်ရင်းနဲ့ ဒစ်စကောင့်ချလို့ဆို ၀ယ်လာတဲ့ facial လေးတစ်ခုကို သိပ်ကြိုက်နေတယ်။ Swiss Rituel  Active Fluid တဲ့။ ၁၂၀ ml ပါတယ်။ သူက သနပ်ခါးရည်လေးလိုပဲ။ လိမ်းလိုက်ရင် အသားရေလေးကို တင်းသွားတာပဲ။ အန်တီဆွိတို့လို အသက်ကြီး၊ မျက်နှာမှာ အရေးအကြောင်းတွေ မှည့်ခြောက်တွေနဲ့တောင် ဒီလောက်ကောင်းတာ ငယ်သူတွေအတွက်ဆို ပြောမနေနဲ့တော့။ သူက လိမ်းပြီးရင် အသားအရည်လေးက ပြောင်တင်းနေပြီး သနပ်ခါးနံ့လိုလေးတောင်သင်းလို့ပဲ။ အရည်က နို့လို အဖြူရောင် ကျဲကျဲလေး။ အင်တာနက်ထဲမှာကြည့်လိုက်တာ ဈေးက US 20 ပဲ ရှိတယ်။ ဒီပေ့ရှ်မှာကြည့်လိုက်ပါ။ အဲဒါလေး တော်တော်ကောင်းလို့ အမျိုးသမီးထုအတွက် ကြော်ငြာပေးလိုက်ပါတယ်။ ဒီ့ထက်ကောင်းတာတွေ၊ ဈေးကြီးတာတွေလဲ သုံးသူတွေရှိမှာပါ။ အန်တီဆွိကြိုက်တာကို ပြောတာပါ။

 ခရမ်းသီး မီးဖုတ်ကြော်
ဒါကတော့ ခရမ်းသီးကို အာဗန်ထဲမှာ မီးကင်ပြီး အခွံချွတ် ကြက်ဥနဲ့ပြန်ကြော်ထားတာ။ ရန်ကုန် အိမ်မှာတော့ ခရမ်းသီး ဖုတ်သုတ်ကြော်လို့ ခေါ်ကြတာပဲ။ မီးခိုးနံ့သင်းသင်းလေးနဲ့ စားကောင်းချက်။ 
နွေရောက်လို့ ကန်ဇွန်းရွက်လေးတွေ ပြန်ပေါ်လာတုံး ၀မ်းသာအားရ မှိုကန်ဇွန်းကြော်စားပလိုက်တယ် ။း)

ထောပတ်သီး ဖျော်ရည်
ခုချိန်ထောပတ်သီးပေါပုံကတော့ ရောင်းနေတဲ့သူတွေတောင် သနားဖို့ကောင်းတယ်။ တစ်ကေဂျီမှ ၂ကျပ်ထဲ။ ဒီမှာ နွားနို့ကလဲ ပေါတော့ ညတိုင်း ဘလန်ဒါနဲ့ မွှေ့ပြီး ထောပတ်သီးဖျော်ရည်သောက်နေတာ။ ငယ်ငယ်ကတော့ အမေက ထောပတ်သီးတွေဝယ်လာပြီး သကြားနဲ့ နို့ဆီနဲ့ ခေါက်စားနေတာ။ မစားဖူးတော့ စမ်းမစားကြည့်ဘူး။ နောက်တော့ တစ်ခါမြည်းကြည့်ရာကနေ ကြိုက်သွားတာ။ စလုံးရောက်တော့လဲ NUS ကင်တင်းတွေမှာ စားသောက်ပြီး အသီးဖျော်ရည်သောက်ကြမယ်ဆို ထောပတ်သီးဖျော်ရည်ပဲသောက်တာ။ အဲဒီမှာ ဈေးပေါတယ်။ ခုတော့ ဒီမှာ စိတ်ကြိုက် နွားနို့ပျစ်ပျစ်နဲ့ ညတိုင်းဖျော်သောက်နေတာ။ ရေခဲလေးတွေပါ ထည့်ကြိတ်။ ဂျူဂျူကလဲ ပျစ်ပျစ်လေး အိုက်စခရင်နဲ့ တူတယ်ဆို အားပေးနေတာ။ သူ့အဖေလဲ ကြိုက်တယ်။
ထောပတ်သီးက ၀ယ်ရင် မမှည့်သေးတဲ့ အရောင်အစိမ်းကို ၀ယ်ရတယ်။ မစားချင်သေးရင် ရေခဲသေတ္တာထဲထည့်ထား။ စားခါနီး ၂ရက်လောက်အလိုမှာ အပြင်ထုတ် ။ စားမဲ့နေ့ကျ နဲနဲလေးပျော့သွားပြီ အတော်လောက်ပဲ။  အရင်ကမသိလို့ အမဲရောင်တွေဝယ်တာ။ ချက်ချင်းမစားရင် နောက်နေ့ကျ အတွင်းထဲကပါ မဲကုန်ရော။ ထောပတ်သီး ကြိုက်သူတွေ အတွက် ပါ။ သူက အသားအရည်ကိုလဲ လှစေသတဲ့။ ကျန်းမာရေးအတွက်လဲ ကောင်းသတဲ့ဗျား။ ဖျော်ရည်ပုံကတော့ ဓာတ်ပုံမရိုက်ထားမိလို့ နောက်မှ ထပ်ဖြည့်ပေးပါမယ်ဂျာ။

ပီယာ နို ..
နောက်ဆုံးစက်ပိတ်သတင်းအနေနဲ့ ဂျူဂျူလေးအတွက် ပီယာနိုတစ်လုံး ၀ယ်လိုက်ပါပြီ။ သူပီယာနိုသင်တန်းတက်တာ တစ်နှစ်နဲ့ ၂လရှိပြီဆိုတော့ ၀ယ်ပေးဖို့သင့်ပြီဆို ၀ယ်ပေးလိုက်တာ။ အရင်က ခလေးဆော့တဲ့ ကီးဘုတ်လေးနဲ့ တီးသင်နေတာ။ ဒီမှာကတော့ စလုံးမှာထက် ဈေးပိုပေါပါတယ်။ Kawai second hand လေးပါ။ နောက်မှ မဂျူဂျူ လက်ရာတွေ တင်ပေးပါဦးမည်။ ပိတ်သတ်ကြီး သည်းခံနားဆင်ဖို့သာ ပြင်ကြပေတော့။

ဤတွင် ကြွားစရာများ ကြွားလို့ပြီးပါပြီ.။ အဲလေ ... သတင်းများကြေငြာလို့ ပြီးပါပြီချင့်။  ၊။

Tuesday, November 29, 2011

နီညိုရောင် တရားခံ ...

အန်တီဆွိငယ်ငယ်က အသားညိုတော့ အင်္ကျီ၊ထမီလေးတွေဆို အရောင်ရင့်တာလေးတွေ ရွေးဝတ်တယ်။ နီညိုရောင်၊ နက်ပြာရောင်၊ အနက်ရောင် အစရှိသဖြင့်ပေါ့။ အဲဒီအရောင်လေးတွေက အသားဆောင်တယ်ပေါ့။ အဲဒီခေတ်ကပေါ်တဲ့ ကြောင်ခြစ်တို့၊ ဘီဘဲလ်ထမီတို့ဆို နီညိုရောင်၊ နက်ပြာရောင်ကတော့ မပါမဖြစ်ပဲ။ ထမီတိုတိုဝတ်၊ အဲဒီထမီအနားလေးတွေအောက်က ပေါ်နေတဲ့ ခြေသလုံးသားလေးတွေက ၀င်းနေတာလို့ ကိုယ့်ကိုကိုယ် ထင်နေတတ်သေး။ ပါတိတ်တွေ ဘာတွေဆိုလဲ အဲဒီအရောင်လေးတွေပါတာပဲ ၀ယ်ဖြစ်တယ်။

ကိုယ့်အိမ်ကလူကတော့ ငယ်ငယ်က အိမ်မှာလဲ အငယ်ဆုံးလဲ ဖြစ်ပြန်၊ အကိုတွေကလဲ ၂ယောက်တောင်ရှိတော့ သူ့မှာ အကိုတွေအကျပဲ ၀တ်ရသတဲ့။ အကျဆိုတော့ ဘာအရောင်၊ ဘာအဆင် ရွေးပိုင်ခွင့်မရှိ၊ ကျတာယူပဲပေါ့။ အဲ ရွေးပိုင်ခွင့်ရှိပြီဆိုတော့လဲ သူတို့ အိမ်က အထည်ဆိုင်ဖွင့်ထားတော့ ဆိုင်ကျအထည်လေးတွေပဲ ရွေးရတယ်။ ဆိုင်ကျဆိုတော့လဲ အရောင်မလှ၊ အဆင်မလှတာတွေပဲ ကျန်မှာပေါ့။ အဲဒါသူငယ်ငယ်က "ဟဲ့ အငယ်ကောင်လေး ကြိုက်တာတစ်ထည်ယူ"ဆို ဘာအရောင်ရွေးလေ့ရှိလဲဆိုတော့ "ဖက်ဖူးစိမ်းရောင်" တဲ့ဗျား။ ခလေးမျက်စေ့ထဲ ဖက်ဖူးရောင်လေးက တခြားအရောင်တွေနဲ့စာရင် လှနေပါလိမ့်မယ်။ ခုခေတ်မတော့ အဲဒီအရောင်က ထင်သာမြင်သာ တောက်ပလွန်းလို့ လမ်းလုပ်သားတွေ၊ ညဖက် ရောင်ပြန်ပြားတွေမှာပဲ ကပ်တဲ့ အရောင်ပေါ့။ အဲဒီအကြောင်း အိမ်က ကြီးတော်က ပြောပြတော့ ရယ်လိုက်ရတာ။ ဖက်ဖူးရောင်ကြိုက်တဲ့ လူကြီးဆိုပြီး။ သူကတော့ ထုံးစံအတိုင်း "အိုးးးး ..... "ဆိုပြီး  ရှက်ပြုံးကြီးနဲ့ပေါ့။

ဟိုနေ့က အပြင်သွားတော့ သူက တီရှပ် နီညိုရောင် လေးနဲ့ဗျ။ တစ်နေ့ကလဲ အိမ်နေရင်း တီဗီကြည့်နေတဲ့ သူ့ကိုကြည့်လိုက်တာ နီညိုရောင် တီရှပ်လေးပဲ ၀တ်ထားတာ။ အမယ် ငါ့ယောက်ျားက နီညိုရောင်လေးနဲ့ အတော်ကြည့်ကောင်းသပေါ့တွေး။ မနေ့ကလဲ ဈေးဝယ်ကြမယ်ဆို အင်္ကျီလေးလဲပြီး ထွက်လာတာ ကြည့်လိုက်တော့ နီညိုရောင် တီရှပ်နဲ့ပဲ။ ဘယ့်နှာကြောင့် အင်္ကျီတစ်ထည်တည်းကို ခဏခဏ ၀တ်နေပါလိမ့်ပေါ့။ ဒါနဲ့ ...

" အဖေရေ ... အဖေ့ကို  ခုတစ်လော ကြည့်လိုက်ရင် အဲဒီနီညိုရောင် အင်္ကျီချည်းပဲ ၀တ်နေတာ ... နီညိုရောင် သိပ်ကြိုက်နေတာပေါ့လေ....ဟုတ်လား ..."

" အမယ်လေးဗျာ ... အဲဒီနီညိုရောင်က တစ်ထည်တည်း မဟုတ်ရပေါင်ဗျာ ... ပြီးတော့ အဲဒါတွေအကုန်လုံး အမေပဲ ၀ယ်ပေးထားတာပဲလေ ... ဘယ်တုံးကများ ကိုယ့်ဟာကိုယ် ၀ယ်ဖူးလို့လဲ ... အမေဆင်တာတွေပဲ ၀တ်နေတာပဲကို ... "

" ဟင် ... ဟုတ်လား သေချာတောင် မမှတ်မိတော့ဘူး ... အဲဒါတွေအားလုံး  ဆွိလေးဝယ်ပေးထားတာ ဟုတ်လား ... ဟားဟား ..."

ခုမှ ပြန်တွေးကြည့်တော့ သူက အင်္ကျီအ၀တ်အစား အင်မတန် ၀ယ်ခဲတယ်။ ၀ယ်ပေးရင်လဲ အတိုက်အခံလုပ်ပြီး ၀ယ်ပေးမှရတာ။ အင်္ကျီတွေ လှတယ်၊ မလှဘူး။ လိုက်တယ်၊ ကောင်းတယ်။ ဘာရယ်မှလဲ အာသီသရှိတာမဟုတ်ပါဘူး။ အပြင်သွားရင်လဲ ဖြစ်သလိုပဲ။ ဘီရိုထဲ အပေါ်ဆုံးက တွေ့တာ ကောက်စွပ်တာချည်းပဲ။ အဲဒါသူ့ကို တီရှပ်လေးတွေနဲ့ လိုက်တယ်ဆို တီရှပ်လေးတွေတော့ တွေ့တိုင်းဝယ်ပေးထားတာ။ ဟိုးအရင်ကထဲက နီညိုရောင်ကြိုက်တဲ့ ဓာတ်ခံကရှိတော့ အသားညိုတဲ့ယောက်ျားကို အသားဆောင်အောင် နီညိုရောင်လေးတွေချည်းပဲ ၀ယ်ပေးဖြစ်နေတာ။ တစ်ခါနဲ့တစ်ခါ ၀ယ်တဲ့ အချိန်တွေက မတူတော့ အဲလို နီညိုရောင်တွေ အဲလောက်များနေမှန်းလဲ မသိပါဘူး။ နောက် အင်္ကျီအကွက်ဆို နက်ပြာရောင် အကွက်တွေများတယ်။ နောက် နီညိုရောင်ကြိုက်ဆို အိမ်မှာလဲ ပထမဆုံးဝယ်တဲ့ ကားက နီညိုရောင်၊ ခုလက်ရှိကားလဲ နီညိုရောင်ပဲ ...

နောက်ဆုံးတော့ နီညိုရောင်တွေချည်း ၀တ်လှချေရဲ့ဆို တရားခံက ကိုယ်ကိုယ်တိုင်ဖြစ်နေပါရောလား ...း)

Thursday, November 24, 2011

ထမင်းသုပ် စားမယ် ဝေ့ ...

ထမင်းသုပ်ကတော့ ငယ်ငယ်က ရထားစီးရင် ကြက်ကြော်နဲ့ ထမင်းသုပ်ဆို လိုက်ရောင်းတာ သတိရတယ်။ အဲဒါ ဘယ်လိုစားချင်မှန်းမသိဘူးဗျာ။ သူတို့ထမင်းသုပ်က ထမင်းကို ကြက်ကြော်ဆီ (ဆနွင်းမှုန့်နိူင်နိူင်နဲ့) ဝါထိမ်နေတာကို ဆမ်း၊ မြေပဲဆံကြော် ကျွပ်ကျွပ်လေး။ ငရုပ်သီးတောင့်ကြော် မွှေးမွှေးလေးနဲ့ တကယ့်ကို စားချင်စဖွယ်ပဲ။ ငယ်ငယ်ကတော့ ဆင်းရဲတော့ ရထားစီးရင်း သွားရေသာကျရတယ်။  နောက်ပိုင်းကြီးလာတော့လဲ ဘာလို့လဲမသိ ဝယ်မစားဖြစ်ဘူးခင်ည။   အင်း ... ဒီတစ်ခါပြန်ရင်တော့ ရထားစီးပြီး အဲဒီ ထမင်းသုတ် ဝယ်စားဦးမှလို့ တွေးနေတယ်။ း)

ခုကြီးလာတော့ ဟို အစ်မခင်ဦးမေပြောသလို သူငှေး ဖြစ်ပြီဆိုတော့ အိမ်မှာပဲ ကြက်သားကြော် ပြီး ခဏခဏ ထမင်းသုပ်စားပလိုက်တယ်။ အဲဒီ ထမင်းသုပ်ကိုပဲ ဘယ်လိုသုပ်ရလဲဆိုတာ ညီမတစ်ယောက်က ဂျီတော့ကနေ ခဏခဏဂျီကျနေတာနဲ့ ဓာတ်ပုံရိုက်ထားတာလေးတွေ ရှိလို့ တင်ပေးလိုက်တယ်။ ရထားပေါ်ကဟာကတော့ အလွယ်ပေါ့နော်။ အဲဒါကအပေါ်ကပြောသလိုပဲ လွယ်တယ်။  ခုဟာက ဆိုင်တွေမှာသုပ်သလိုမျိုး သုတ်စားတာ။

ထမင်းသုပ်မယ်ဆိုရင်တော့ ထမင်းကို မပျော့လွန်း မမာလွန်း အနေတော်လေးဖြစ်ဖို့တော့လိုမယ်နော်။ တချို့လဲ အာလူးလေးတွေ လှီးပြီး ထည့့်သုတ်တယ်။ စေးစေးလေးဖြစ်အောင်။


လိုတဲ့ပစ္စည်းတွေက
၁။ ထမင်း
၂။ ကြက်သွန်ဖြူ ဆီချက် (နနွင်းမှုန့်များများနဲ့ ဝါဝါထိမ်ထိမ်လေးချက်ထားပါ)

၃။ ပဲမှုန့် အကျက်မှုန့်

၄။ ငရုပ်သီးမှုန့်
၅။ မကျည်းရည် (ပျစ်ပျစ်လေးဖျော်ထားပါ)
၆။ ပုဇွန်ခြောက်မှုန့်
၇။ ငါးငံပြာရည်
၈။ အာလူး (ကြိုက်ရင် ၂လုံးလောက်ပြုတ်ပြီး ပါးပါးလှီးထားပါ။ အိမ်ကလူက အာလူးမကြိုက်လို့ ထည့်မသုပ်ပါ)
၉။ ဆီနီချက် (ဆီကို အရောင်တင်မှုန့် လေးထည့်ပြီး ချက်ထားပါ -အရောင်လှအောင်ပါ)
၁၀။ ကြက်သွန်နီ ပါးပါးလှီး (အခိုးထွက်အောင် ရေဆေးပြီး စစ်ထားပါ။)
၁၁။ နံနံ ကြိုက်တတ်ရင် ထည့်ရအောင် ပါးပါးလှီးထားပါ။
၁၂။ မြေပဲဆံ ကြော်ထားပါ။
၁၃။ ပဲပုပ်နဲ့ ငရုပ်သီးတောင့် ကြော်ထားပါ။
၁၄။ ကြက်သားကြော်ထားပါ။
၁၅။ ကြက်ရိုးကို ပြုတ်ပြီး ဗလာဟင်းချိုလေး လုပ်ထားပါ။ (ကြက်ရိုးကို ဂျင်း၊ ကြက်သွန်ဖြူ၊ငံပြာရည်တို့နှင့်ပြုတ် ငရုပ်ကောင်းများများထည့်ပြီး ဟင်းခါးချက်ပါ)


ပြီးရင် သုပ်မဲ့ ဇလုံခပ်ကြီးကြီးထဲကို အပေါ်က အဆာပလာတွေ ၁ကနေ ၁၁ထိ ထည့်သုတ်ရတာပါပဲ။ အချိုးအဆတွေကတော့ အသေးစိတ် မှတ်မထားတော့ပါဘူး။ မြည်းကြည့် လိုတိုး ပိုလျှော့ပေါ့။

နောက်မှ အပေါ်ကနေ မြေပဲကြော်၊ ပဲပုပ်၊ ငရုပ်သီးတောင့်တို့ကို ထည့့်ဖြူးပြီး စားရတာပါ။

 ကြက်သားကြော်လေး ကိုက်လိုက်၊ ထမင်းသုပ်လေးစားလိုက်၊ ငရုပ်သီးတောင့်လေးကိုက်လိုက်နဲ့ အာဂပါးစပ် လူဖြစ်ရကျိုးနပ်လောက်ရဲ့။








Wednesday, November 23, 2011

ဘ၀အနားဖြာ ...

မမော်က လှသလို အလှအပလဲ သိပ်ကြိုက်တယ်။ ကြည့်လိုက်ရင် သူ့ဖေးဘရိတ် နှုတ်ခမ်းနီ အနီရောင်လေးနဲ့ ရဲလို့။ မျက်ခုံးမွှေးကိုလဲ လှလှပပ ပုံဖော်ပြီး နှုတ်ထားသေးတယ်။ မျက်လုံးကိုလဲ ခါချယ်လေးအမြဲဆိုး။ မျက်တောင်ကော့အောင် မက်စ်ကာရာလေး တင်ထားတယ်။ မေးရိုးလေးတွေပေါ်အောင် ပါးပေါ်မှာ ပါးအို့နီပြေပြေလေးလဲ ဆိုးတတ်သေးတယ်။ မမော်ကို ကြည့်လိုက်ရင်ဖြင့် ခေတ်မီသပ်ရပ်ပြီး သိပ်လှတာပဲလို့ ခံစားရတယ်။

မမော် ငယ်ငယ်က ကျောင်းတွေပိတ်တော့ အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်ဖူးတယ်။ အဲဒီအချိန်က စက်ရုံမှာ Levi's ဘောင်းဘီအတိုတွေ ချုပ်တယ်။ Levi's အစစ်တွေနော်။ အနောက်တိုင်းနိုင်ငံတွေကို ပို့တာတဲ့။ အဲဒီမှာ လုပ်ရတဲ့ အလုပ်က အင်စပတ်တာ တဲ့။ နာမည်ကသာအပျံစား။ ဘာလုပ်ရလဲဆိုတော့ အထည်တွေကို စစ်ရတာ။ ပလပ်စတစ်အိပ်နဲ့ ပက်ကင်ပိတ်ခါနီး အထည်တွေကို တစ်ထည်ချင်း ချုပ်ရိုးတွေ ပြုတ်နေလား၊ ချုပ်ရိုးတွေ မလှဘူးလား၊ ချည်တွေ ထွက်နေလား၊ အထည်သားမှာ ရေစီးကြောင်းတွေပါလား၊ အစွန်းတွေပါလား အစရှိသဖြင့် စစ်ပြီး အပြစ်တွေ့ပြီဆို အနီရောင် စတစ်ကာလေးကပ်ပြီး ပြင်တဲ့နေရာပို့ရတယ်။ အများအားဖြင့်တော့ ချည်တွေညှပ်တာ ကျန်တာပါပဲ။ သူတို့ရှေ့မှာ ချည်ညှပ်တဲ့အဖွဲ့ ရှိတယ်လေ။ အဲလိုဆိုရင်တော့ မမော်တို့လို အထည်စစ်တဲ့သူတွေက ကျန်တဲ့ချည်တွေကို ကပ်ကြေးလေးကိုင်ပြီး တဂျပ်ဂျပ်နဲ့ ညှပ်ပေးလိုက်တာပဲ။

အဲဒီအထည်ချုပ်စက်ရုံမှာ လုပ်ဖူးကတဲက မမော်ဟာ အင်္ကျီဖြစ်ဖြစ် အ၀တ်အစား အသစ်ဝယ်လာရင် အင်္ကျီကို ပြောင်းပြန်လှန် ကပ်ကြေးလေးတစ်ချောင်းကိုင်ပြီး အပိုထွက်နေတဲ့ အပ်ချည်ကြိုး အစ၊ အနတွေ ညှပ်တော့တာပဲ။ သူ့စိတ်ထဲမှာ အ၀တ်အစား ဘရမ်းကောင်းကောင်းတွေဟာ ဘယ်တော့မှ ချည်တမျှင် အထွက်မခံဘူး။ အ၀တ်အစား ဘရန်းအကောင်းစားတွေ မ၀တ်နိုင်ပေမဲ့ သူဝတ်တဲ့အင်္ကျီလေးတွေ ချည်တစ်စက်မှ မထွက်ပဲ သပ်သပ်ရပ်ရပ် ၀တ်ချင်တဲ့ သဘောပေါ့။

ခုတော့ မမော်လဲ စင်္ကာပူမှာ အိမ်ထောင်ရက်သားကျလို့ သမီးလေးတစ်ယောက်နဲ့ အလုပ်လုပ်ရင်း ဘ၀ကို နေသားကျနေပြီ။ နေ့စဉ်ရုံးသွား၊ ရုံးပြန်၊ ခလေးကျောင်းပို့၊ အားရက်တွေမှာ ချက်ပြုတ် ၊ အပြင်လေးဘာလေးထွက် လုံးလည်လိုက်နေပေမဲ့ ချစ်ရတဲ့ သမီးလေးနဲ့ ယောက်ျားတို့နဲ့ အတူဆိုတော့ ဘ၀ကို ပျော်ပျော်ပဲနေတယ်။ ရတဲ့ အချိန်လေးနဲ့ ဈေးဝယ် သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယဉ် လှလှပပနေမြဲပဲ။

တစ်ရက်တော့ ယောက်ျားလုပ်သူက သူ့ခါးအောင့်အောင့်နေသတဲ့။ ပြောနေတာကြာပြီဆိုတော့ ဆရာဝန်သွားပြကြည့်ပါလားဆို စစ်ဆေးရာကအစ သူ့မှာ ကင်ဆာကျိတ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။ မမော်တော့ သတင်းကြားကြားချင်း ပြာဝေသွားတယ်။ မူးလဲ မတတ်ဖြစ်တယ်။ သိပ်ထိခိုက်လွယ်တဲ့ ယောက်ျားကိုသနားတာရော သူ့ဘ၀ ကမ္ဘာပျက်မတတ်ပဲ။  ယောက်ျားရှေ့ ငိုချလိုက်ရမလား၊ အော် ငါငိုနေရင် သူက ပိုဆိုးမပေါ့ဆို ကွယ်ရာမှာသာ မျက်ရည်ကျတယ်။ ကျိတ်ကာ ရှိုက်တယ်။ သမီးလေးမျက်နှာကြည့်ရင်း ၀မ်းနည်းနည်း လာတတ်တယ်။ ယောက်ျားအတွက် ဆေးကုသမှုတွေ စလုပ်ရတော့မှာမှို့ ယောက်ျားက အလုပ်ကနေ ၄လလောက် နားလိုက်တယ်။

ယောက်ျားလုပ်သူက ကီမိုသွင်းလိုက်၊ ရေဒီယိုသရပီနဲ့ ကုလိုက်နဲ့ ဆေးရုံကို ၂ပတ်ဆက်တိုက်သွားရတယ်။ ယောက်ျားကို ဆေးရုံလိုက်ပို့၊ အလုပ်တစ်ဖက် ခလေး ကျောင်းတစ်ဖက်နဲ့ အတော်လဲ ကသီတယ်။ အိမ်ကိုလာ သတင်းမေးသူတွေကို ဧည့်ခံရတယ်။ ယောက်ျားအတွက် နားစွန်နားဖျားကြားတဲ့ ဆေးမီးတို သင်္ဘောရွက်သုတ်ကျွေးတာတို့၊ဘာတို့ သက်သာမယ်ထင်ရာ ရှာလုပ်ပေးသေးတယ်။ ကီမိုသွင်းထားတဲ့ ယောက်ျားလုပ်သူက အစားပျက်၊ ဘာမှစားလို့မရလို့ အမျိုးတွေ အသိတွေကိုတောင် အကူအညီတောင်းယူရတယ်။ ကိုယ်တိုင်လဲ တတ်နိုင်သမျှ ချက်ပြုတ်ကျွေးရှာပါတယ်။ ကင်ဆာလို့ သိလိုက်ရတဲ့ အချိန်ကစလို့ မမော်ရဲ့ ဘ၀ကြီးတစ်ခုလုံး ပြောင်းလဲသွားတယ်။ စိတ်ဓာတ်ရေးရာအရရော၊ အပြင်ပန်း ရုပ်ပိုင်းဆိုင်ရာ လူမှုပတ်ဝန်းကျင် ဘ၀တွေပါ ပြောင်းလဲသွားတယ်။ စိတ်တွေ ညစ်ညူးရှုပ်ထွေးနေတယ်။ လေပြေလေး သာနေရာကနေ လေပြင်းမုန်တိုင်းတ၀ုန်းဝုန်းနဲ့ တိုက်လိုက်သလိုပဲ။ ဘ၀ဟာ နေသားကျနေရာကနေ အားလုံး ရှုပ်ထွေး ပြန့်ကျဲကုန်တယ်။

ဟိုနေ့က ယောက်ျားက ကီမို တစ်ရက်နားလို့ ဘုန်းကြီးကျောင်းသွားချင်သတဲ့။ သမီးလေးကို ရေမိုးချိုး၊ အစာမစားနိုင်လို့ ဗိုက်ကနေဖောက်ပြီး အစာသွင်းနေရတဲ့ ယောက်ျားအတွက် လုပ်ကိုင်ပေး၊ ကိုယ်တိုင်လဲ ကမန်းကတမ်းရေချိုး။ မျက်နှာကိုလဲ တို့ပတ်လေးနဲ့ တက်သုတ်ရိုက်ပြင်၊ နှုတ်ခမ်းနီတောင်ဆိုးဖို့ အချိန်မရတော့။ အင်္ကျီလဲမလို့ ကမန်းကတမ်း ဘီရိုအပေါ်ဆုံးက တွေ့တဲ့ တစ်ထည် ကောက်ဆွဲပြီး စွပ်ချလိုက်တယ်။ ၀တ်ရလွယ်တဲ့ အကျီအရှည်လေး။ ၀တ်ပြီးမှ မှန်ကို တစ်ချက်အကြည့် အကျီလေးက လည်ပင်းနားတစ်ဝိုက်မှာ ချုပ်ရိုးတွေပြေလို့ အနားတွေ ဖွာထွက်နေတယ်။ ဘယ်နား ဘာနဲ့ ငြိလိုက်တယ်မသိ။ သိသိသာသာကို စုတ်နေတယ်။

ပထမတော့ အကျီလေး ပြန်လဲမလို့ စိတ်ကူးသေးတယ်။ နောက်မှ သွားဖို့ စောင့်နေတဲ့ ယောက်ျားရယ် သမီးလေးရယ်ကိုကြည့်ပြီး" အော် ... ဘ၀တွေတောင် ဒီလောက်စုတ်ပြီး ပြာယာခတ်နေမှတော့ ဒီအင်္ကျီလေး စုတ်တာ ဘာအရေးလဲ " တွေး နာနာကျည်းကျည်း ခပ်ထေ့ထေ့ ပြုံးလိုက်ပြီး ဘုန်းကြီးကျောင်းကို ဒီအတိုင်းသာလိုက်ခဲ့တော့တယ်။ ။

Monday, November 21, 2011

ဂျူဂျူလေး အကြိုက် Pancake

  ဒီအပတ်တော့ pan cake လုပ်နည်းလေး ပြောပြပါ့မယ်။ ခလေးအမေတစ်ယောက်ကလည်း တောင်းဆိုထားလို့ပါ။


ပန်ကိတ်လုပ်ဖို့ လိုတဲ့ ingredient တွေက
(ပန်ကိတ် ၈ခုစာလောက်ပါ)

၁။ ဂျုံမှုန့် 500 ml (ပလပ်စတစ် ဆန်ချင်ခွက် ၃ခွက်ခန့်)
၂။ နွားနိူ့  400 ml (ပလပ်စတစ် ဆန်ချင်ခွက် ၂ခွက်ခွဲခန့်)
၃။ ကြက်ဥ ၂လုံး
၄။ ဆော်ဒါ  လက်ဖက်ရည်ဇွန်း ၂ဇွန်း ( Bicarbonate soda)
၅။ ထောပတ် (ပျော်ပြီးသား)  စားပွဲဇွန်း ၃ဇွန်းခန့် (မုန့်ဖျော်ရန်) ၊ ထောပတ် စားပွဲဇွန်း ၁၆ဇွန်းခန့် (မုန့်လုပ်ရန်)
၆။ သကြား 80ml (ပလပ်စတစ် ဆန်ချင်ခွက် တစ်ဝက်ခန့်)
ဒီဂျုံမှုန့်ကတော့ ဆိုဒါပါပြီးသားမှို့ ဆိုဒါထပ်ထည့်စရာမလိုတဲ့ အစားမျိုးပါ။
 
Baking soda


 
မုန့်နှစ် မွှေပြီ ....

ပထမဆုံး မုန့်နှစ်ဖျော်ဖို့  ဇောက်နက်နက် ခွက်ထဲမှာ ဂျုံ၊ ဆော်ဒါ နဲ့ သကြားကို အရင် ရောနယ်ထားပါ။
ပြီးတောမှ နွားနိူ့ထည့်ပြီး မွှေပေးပါ။ ကြက်ဥပါထည့်ပြီး အားလုံး နှံ့နေအောင် ကြက်ဥခေါက်တဲ့ ဇွန်းနဲ့ နာနာမွှေပေးပါ။ လက်နဲ့ ဆိုရင်တော့ တော်တော်မွှေရပါမယ်။ (လက်နဲ့ မွှေမယ်ဆိုရင်တော့ အချိုးအစားနဲနဲသာ လုပ်ပါ)


(သို့)
အိမ်မှာ mixer ရှိရင် mixer နဲ့ ၃မိနစ်လောက် မွှေပေးပါ။



ပန်ကိတ် လုပ်ပြီ ....
 အားလုံ ရောသမမွှေပြီး သကာလ ...  ပန်ကိတ်ကြော်ရန် မုန့်နှစ်ရပါပြီခင်ညာ။ တစ်ခါထဲ မစားချင်ရင်ပလပ်စတစ်ဗူးလေးနဲ့နောက်နေ့တွေအတွက်ပါ ရေခဲသေတ္တာထဲ သိမ်းထားလို့ရပါတယ်။ ၂ရက် ၃ရက်တော့ ခံပါတယ်။

မီးကို အအေးဆုံးထားပါ။ ဒယ်အိုးထဲ ထောပတ်အရည် စားပွဲဇွန်း နှစ်ဇွန်းခန့်ထည့် မုန့့်နှစ် တစ်ဇွန်းခန့်ထည့်ပြီး မုန့်နှစ်တွေကို အဝိုင်းပုံလေးဖြစ်အောင် ဒယ်အိုးကို စောင်းပြီး လှည့်ပေးပါ။

 ပြီးတော့ အဖုံလေး အုပ်ထားပါ။
 

ခဏနေရင် ဆော်ဒါကြောင့် မုန့်ကပွပြီး အပေါက် အပေါက်လေးတွေ ဖြစ်လာပါလိမ့်မယ်။ မုန့်လုပ်ရတာ ငယ်ငယ်က မြေကြီးပုံထဲ ရေလောင်းချပြီး ကစားသလိုပဲ ပျော်စရာကောင်းပါတယ်။


မုန့်က သကြားပါတော့ အောက်ပိုင်းက တူးလွယ်ပါတယ်။ ဒါကြောင့် မီးအအေးဆုံးနဲ့ တည်ခိုင်းတာပါ။ အောက်ကမတူးခင် အရောင်အနဲငယ်ညိုလာရင် ဇွန်းအပြား ခပ်ကြီးကြီးနဲ့ အပေါ်အောက် လှန်ပေးပါ။

၂ဖက်လုံး အရောင်လေး ညိုလာရင် ချလို့ရပါပြီ။

စားတော့မယ်၊ ဝါးတော့မယ် ...

ပန်ကိတ်က အရမ်းကြီးတော့ မချိုဘူးခင်ည။ အိမ်မှာတော့ ထန်းလျှက်ရည်လို maple syrup နဲ့ ဆမ်းပြီးစားကြတယ်။ ချိုတော့ ဂျူဂျူတို့ အကြိုက် ပေါ့ဂျာ။

 မုန့်က ဘိန်းမုန့်လေးလိုပဲ ကျွပ်ကျွပ် ပွပွ ချိုချိုလေး စားလို့ အင်မတန်ကောင်းပါတယ်။ ဘိန်းမုန့်အလွမ်းပြေပေါ့။