Wednesday, September 17, 2014

မက်စ်ကာရာ ဇာတ်လမ်း ...


တီတီဆွိ ငယ်ငယ်က အဆောင်မှာ နေတော့ ဘေးကသူငယ်ချင်းက မနက်ကျောင်းသွားခါနီး အလှပြင်ရင် သူ့ အလှပြင်ပစ္စည်းတွေထဲက ခဲတံလို ခပ်တုတ်တုတ် အရာတစ်ခုကို ထုတ်ပြီး မျက်တောင်ကို ကော့ကာ ကော့ကာ ဆိုးနေတာကို ခဏခဏ မြင်ဖူးခဲ့သည်။ အော် အလှပြင်တဲ့ ပစ္စည်းပေါ့လေ။ သူငယ်ချင်းမက လှလဲလှ၊ ပြင်လဲ ပြင်ပြင်ဆင်ဆင်နေတတ်သူမှို့ အဲလိုပဲ သူ့ထံမှ အလှပြင် ပစ္စည်း အထူးအဆန်းလေးတွေ တွေ့နေကျ။ အဲဒီအချိန်က တီတီဆွိအဖို့ ကျောင်းတက်ဖို့ စားရိတ်တောင် အနိူင်နိူင်ဆိုတော့ သူငယ်ချင်းလို ထူးထူးဆန်းဆန်း အလှပြင်ပစ္စည်းတွေ စိတ်လဲ မဝင်စားလှ။ ဝယ်ဖို့လဲ မတတ်နိူင်သည်ကိုး။ 

ဒီလိုနဲ့  နိူင်ငံရပ်ခြားမှာ ကျောင်းတက် အလုပ်တွေဘာတွေ ရလာ၊ ဝင်ငွေလေးလဲ အတန်ငယ်ရှိလာ၊ လှလဲ လှချင်လာတော့ အလှပြင် ပစ္စည်းများကို စမ်းသုံးကြည့်ချင်လာသည်။  သို့နှင့်  တီတီဆွိ၏ ပထမဆုံး မက်စ်ကာရာကို သမီးလေး ၄-၅နှစ်လောက်မှာ စဝယ်ဖြစ်သည်။ ပထမဆုံး အကြိမ်သုံးစဉ်က မလုပ်တတ်လုပ်တတ်နှင့် မက်စ်ကာရာကို မျက်တောင်ပေါ်ဆိုးပြီး ကော့ပြီး မျက်စိ အမှတ်တမဲ့ မှိတ်မိရာ မျက်ခမ်းအောက်ဖက် မက်စ်ကာရာ အမဲများ ပေကျံကုန်၍ အတော်ပင်  ဒုက္ခရောက်လိုက်သေးသည်။ ဆိုးလိုက်၊ ပေလိုက်၊ ဖျက်လိုက်နှင့် ပထမဆုံးအကြိမ်က အတော်တော့ အဆင်မပြေ။ ဆိုးပြီးတော့ သူ့ဟာသူ မှန်ထဲကြည့်ကာ မဆိုးပါဘူးဟု ကျေနပ်နေစဉ် သမီးဖြစ်သူက အားပေးလေသည်။ မေမေက သရဲမကြီးနှင့် တူသတဲ့။ ဟဲ့သမီးရဲ့ ကိုယ့်အမေကိုယ် သရဲမကြီးလို့ မပြောရဘူး ဆိုတော့ သူပြောမှ ပိုဆိုးသွားသည်.။ ဂျူဂျူက တကယ်သရဲမနဲ့တူလို့ အမှန်အတိုင်းပြောတာကိုတဲ့ ... ကဲ။ 

ဤသို့နှင့် နောက်တစ်နှစ်ခန့်ကြာသောအခါ တီတီဆွိ၏ ပထမဆုံးသော မက်စ်ကာရာဗူးလည်း ကုန်ခါနီးပြီ။ အရင်ကလို ဆိုးလိုက်ရင် အရည်လေးတွေ စိုမနေတော့ပဲ ခပ်ခြောက်ခြောက် ဖြစ်လာကာ အရင်ကလို ဆိုးင်္ပြီးလျှင် အောက်မျက်ခမ်းအား ပေကျံခြင်း မျက်လုံးတစ်ဝိုက် မဲနေခြင်းတို့ မရှိတော့။  ဆိုးပြီးတာနှင့်တန်းခြောက်သည်ကိုး။ ကုန်ခါနီး ဆေးတွေ ခြောက်သွားမှပင် မက်စ်ကာရာလေးက ဆိုးရတာ ပိုအဆင်ပြေနေသေးတော့သည်။

တစ်ရက်တော့ မက်စ်ကာရာသည် လုံး၀ ဆိုးမရအောင် ခန်းခြောက် ချေပြီ။ ထိုအခါ တီတီဆွိတစ်ယောက် မက်စ်ကာရာအသစ်ဝယ်ရန်  ရှာပုံတော်ဖွင့်ရတော့သည်။ အလှပြင် ပစ္စည်းဆိုင်တွေမှာ မက်စ်ကာရာတွေ ဘရန်းအမျိုးမျိုး အလွန်ပေါများသော်လည်း အရင်သုံးဖူးသည့် brand၊  အရောင်၊  brush တို့ကို အတိအကျ လိုက်ရှာ ဝယ်လေရာ တော်တော်နှင့် ရှာမတွေ့နိူင်ဖြစ်ရလေသည်။ 

တစ်ရက်တော့ နာမည်ကြီး အလှပြင်ပစ္စည်းရောင်းသည့် ဆိုင်တစ်ဆိုင်တွင် သူလိုက်ရှာနေသည့် မက်စ်ကာရာ ဘရန်း၊ အရောင် အတိအကျကို တွေ့လိုက်ရာ အလွန်ဝမ်းသာသွားသည်။ သို့ပေမဲ့ ထိုနေ့က ဝယ်မည်လုပ်တော့ ပိုက်ဆံအိပ် (Wallet) အိမ်တွင် မေ့ခဲ့ရာ ဝယ်ခါနီးမှ လိုချင်တာလေး မရလိုက်၍ အလွန်ပင် စိတ်ပျက်ခဲ့ရလေသည်။ နောက်တစ်ပတ်နေမှ ထိုဆိုင်သို့ တစ်ခေါက် ထပ်ရောက်ကာ လိုချင်နေသော မက်စ်ကာရာကို ဝယ်ခဲ့ပါတော့သည်။

နောက်နေ့ တနင်္လာနေ့မနက် Monday blue က အတော်ဆိုးသည်။ ရုံးသွားရမှာ ဆိုတော့ မနက်စောစောထရမှာ အပျင်းထူနေရာ မနက် ၈နာရီထိုးမှ အိပ်ရာမှ ကျုံးရုန်းထကာ ရုံးသွားဖို့ ရေမိုးချိုး ပြင်ဆင်ရတော့သည်။ ရေကို ၁၀မိနစ်နဲ့ အမြန်ချိူး၊ အဝတ်ကိုလဲ အမြန်လဲ၊ မိတ်ကပ်ကို ကမန်းကတမ်းလ်ိမ်း၊ အပေါ်က Cream puff ကို တက်သုတ်ရိုက်ကာ ပုတ်ရသည်။ မျက်ခုံးမွှေးကို ကမန်းကတမ်းဆွဲ  နှုတ်ခမ်းနီ ပန်းဆီရောင် ဖျော့ဖျော့့ကို အဆီပါသည့် တခြားနှုတ်ခမ်နီနှင့် တွဲဆိုးကာ နှုတ်ခမ်းနီဗူးပြန်အထား၊ အံဆွဲထဲမှာ မနေ့က ဝယ်ထားသည့် မက်စ်ကာရာဗူး အသစ်ချပ်ချွတ်ကို တွေ့မှ ဆိုးဖို့ သတိရသွားသည်။ 

မက်စ်ကာရာကို ကမန်းကတမ်းဖွင့်ကာ မျက်တောင်ပေါ် ဆိုးလိုက်သည်။ ဆိုးပြီး ရုတ်တရက် မျက်တောင်ခပ်မိရာ ဆေးက အသစ်ဆိုတော့ အရင်ဆိုးနေကျ လို ဆေးကမခြောက်ပဲ စိုနေရာ မျက်လုံးတစ်ဝိုက် အောက်ခြေတွေမှာရော ဆေးအမဲတွေ ပရပွ ပေကျံကုန်တော့သည်။ အော်အရေးကြီးပါတယ်ဆိုမှ၊  ဆေးတွေကို တစ်ရှုးစနဲ့ ကမန်းကတမ်းသုတ် မက်စ်ကာရာကို ထပ်ဆိုးကာ အလုပ်ရှုပ်သွားသည်။ 

အိမ်ခန်းထဲကထွက်လာတော့ စလင်းဘက်အိပ်ကိုယူ၊  ကြီးတော်ပြင်ပေးထားသည့် ရုံးထမင်းဗူးအထုတ်ကိုဆွဲကာထွက်လာရာ မနက်တိုင်း ဝတ်ပြုနေကျ ဘုရားစင်ရှေ့ရောက်မှ ဘုရားရှ်ိခိုးဖို့ သတိရလေသည်။ 

ဘုရားရှင်ကိုယ်တော်မြတ်ကြီး ရှေ့မှောက်တွင် ကျူံ့ကျူံ့ထိုင်ကာ ရှိခိုးရန် မျက်လုံးကို အမှိတ် စောနက ဆိုးထားသည့် မက်စ်ကာရာတို့က မခြောက်သေးရကား မျက်စိမှိတ် ရှ်ိခိုးရန် မဖြစ်နိူင်တော့ချေ။ ထိုမက်စ်ကာရာတို့ ပေပါက ပြန်ဖျက်ရန်လည်း အချိန်မရတော့ပါ။ ရုံးချိန်က အတော်နောက်ကျနေပါပြီ။

ခါတိုင်းတော့ မျက်လုံးအစုံကို ငြင်သာစွာ မှိတ်ခါ ရိုကျိူးစွာ ဝတ်ပြုတတ်သောတီတီဆွိသည် ထိုနေ့မနက်ကတော့ မျက်လုံးအပြူးသားဖြင့် မျက်တောင်မျှပင် မခပ်ပဲ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ရှေ့မှောက်တွင် ရှိခိုးဝတ်ပြုလျှက်ရှိပေသည်။ 

ဘုရားရှိခိုးအပြီး ဘုရားရှင် ကိုယ်တော်မြတ်ကြီး မျက်နှာကို ကြည်ညိုရန်
ဖူးလိုက်တော့ မှ ဘုရားရှင်၏ မျက်နှာတော်မှာ ခါတိုင်းနေ့တွေကထက် ပို၍ ပြုံးတုံးတုံ့ကြီး ဖြစ်နေသလားဟု စိတ်ထဲတွင် ထင်မိလိုက်လေသတည်း။


10 comments:

  1. စာဖတ်ပြီး တအား သဘောတွေကျသွားတယ် ဘာလို့ဆို ဒီညနေမှာ ဘဝရဲ့ ပထမဆုံး mascara ကို ရွေးချယ်ဝယ်ယူလာမိလို့... စာဖတ်ပြီး သေချာ မှတ်သွားတယ်... မနက်ဖြန်ကျ စောစောထရမယ် ဘုရားကို ညက်လုံးလေး ပြူးပြီး ရှိခိုးသင့် ရှိခိုးရမယ်... နောက်တစ်ခုက ရုံးမှာ စိတ်ညစ်ရင် ညက်လုံးတွေကို လက်နဲ့ မပွတ်မိအောင် သတိကြီးစွာထားရမယ်... အဟင်း ဟင်း...
    ပုံ / အန်တီ မလှချင်

    ReplyDelete
  2. Challenge လေး ရေးပေးတာ ကျေးဇူး သူငယ်ချင်းရေ... အားရင် အားသလို အခုလိုလေးတွေ ရေးပါအုံး... တိုတိုရေးလည်း ရပါတယ်... နောက်ထပ် blogger တွေကိုလည်း challenge လုပ်လိုက်ပါအုံး... <3 <3 <3

    ReplyDelete
  3. ဆွိတီပို့စ်လေးဖတ်ပြီးသဘောကျတယ်.. တီတင့်တက္ကသိုလ်တက်တုန်းက အဲ့ဒီ မက်စ်ကာရာအကြောင်းပြန်သတိယမိတယ်....
    ဖယ်ရီကလာခါနီးဆိုရင် မခြောက်တာ တစ်ဒုက္ခလေ.... :D

    ReplyDelete
  4. ဆွေလေးမွန်September 18, 2014 at 4:24 PM

    mascara မသုံးဖြစ်ဘူး .. စိတ်ရှည်ရှည် မထားတတ်သော သူမို့ပါ. :P:P

    ReplyDelete
  5. ထပ်ရေးပါအုန်း။
    အမြဲမျှော်နေတာ။
    အိုင်အိုရာ

    ReplyDelete
  6. ဒီစာလေးဖတ်ပြီး ကျောင်းတုန်းက တို့ ချစ်သူငယ်ချင်းလေး အသဲကွဲတော့ သူ့ အားပေးရင်း ကျလာတဲ့မျက်ရည်အပြာရောင်လေးတွေကို မပြုံးရက်ဖြစ်ခဲ့တာ သတိရသွားတယ်... သူငယ်ချင်းလေးရေ ဒီကော်မန့် ဖတ်မိရင် ချိတ်ချိုးနဲ့ နော်... အဲဒီလို ရေးဟန်လေး သဘောကျလိုက်တာ...

    ReplyDelete
  7. ဖတ်ပြီးအသံကိုထွက်ရီမိတော့တာပဲ တီဆွိရယ် :P

    ReplyDelete
  8. TT Sweet, your blogs were very interesting. I like. <3

    ReplyDelete