
မဆွိတီတို့ ငယ်ငယ်က အဘွားနဲ့နေရတာဗျ။ အဘွားဆိုတာ အမေ့ရဲ့ အမေ။ ဟိုး အညာ မိထ္ထီလာဖက်က ခုချိန်ထိ မီးမရသေးတဲ့ ရွာလေးတစ်ရွာမှာနေခဲ့တာ။ အဘွားက စာမတတ် ပေမတတ်၊ ၀လုံးတောင် ပုပ်လောက်ရေးပြလို့ ဘာမှန်းမသိပေမဲ့ ယူထားတဲ့ယောက်ျားကျ ခေတ်ပညာတတ် ရုံးစာရေးကြီး။ ကွန်မြူနစ်တွေ ခေတ်စားလာတော့ အဘိုးလဲ နိုင်ငံရေးလုပ်တယ်ဆိုပြီး ကွန်မြူနစ်ထဲ ၀င်သွားတာမှာ တစ်နေ့တော့ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး တိုက်ပွဲမှာ ကျသွားတယ်။ အဘွားက အဲ့သဟာတွေ မလုပ်ပါနဲ့ဆို တစာစာပြောတဲ့ကြားက တားမရတဲ့ အဘိုးကို စိတ်နာလွန်းလို့ အလောင်းတောင် သွားမကောက်ဘူးဆိုပဲ။
အဘိုးသေတော့ အဘွားက အသက်အစိတ်။ အရွယ်ကောင်းတုံး။ အဘွားများ သနပ်ခါးလေး ခြေဆုံးခေါင်းဆုံးလိမ်းပြီး အိမ်လည်ထွက်ပြီဆို ရွာက ကာလသားတွေ ငေးကြည့်ရဆိုပဲ။ အဘွားက တရုတ်သွေးပါတော့ အသားဖြူဖြူ၊ ဒေါင်ကောင်းကောင်းနဲ့ ကြည့်ကောင်းသကိုး။ အဲဒီအချိန်ကစပြီး မုဆိုးမ ပူပူနွေးနွေး အဘွားလဲ ခလေး ၃ယောက် လက်ဆွဲပြီး စီးပွားရေးအတွက် ရုန်းရတော့တာပဲ။ ရွာမှာ သူတို့အခေါ် စောင်ချတယ်။ ပဲစင်းငုံစိုက်တယ်၊ ၀ါစိုက်တယ်၊ ထန်းလျှက်ဖိုလုပ်တယ် အစရှိသဖြင့်ပေါ့။ မုဆိုးမဘ၀နဲ့ ဘ၀ကို အပင်ပမ်းခံ ရုန်းခဲ့ရလို့လား မသိ။ အဘွားဟာ အစစအရာရာမှာ အင်မတန် ကပ်စေးနဲ၊ နှမြောတတ်တယ်။
ဒီလိုနဲ့ သမီးအကြီးဆုံးဖြစ်တဲ့ မဆွိတီတို့အမေလဲ အရွယ်ရောက်၊ အစိုးရအလုပ်ဝင်၊ အိမ်ထောင်ကျတော့ ယောက်ျားလုပ်သူ တာဝန်ကျရာ ရန်ကုန်ဖက်ပြောင်းလာရတယ်။ မဆွိတီတို့ အကိုကြီးဆုံးကိုမွေးတော့ အဘွားက သူ့မြေးဦးလေး လာကြည့်မယ်ဆို လာလည်တာမှာ မြေးမျက်နှာလဲ မြင်ရော၊ မြေးသံယောဇဉ်နဲ့ အဘွားမပြန်နိုင်ဖြစ်ရတယ်။ ဒီလို့နဲ့ အဘွားဟာ သမီးဖြစ်သူနဲ့ အတူနေလာလိုက်တာ မြေးတွေတင်မ၊ မြစ်တွေပါ ထိမ်းရတဲ့ အရွယ်ထိပဲ။ နောက်နှစ်ဆိုရင်ပဲ အဘွား အသက်၉၀ ပြည့်တော့မယ်။ အဲဒီအချိန်ကတော့ အဘွားဟာ သူ့ဟိုမှာ လုပ်နေတဲ့ စီးပွားတွေ အကုန်ပစ်ပြီး သမီးနဲ့ အတူလာနေခဲ့တာ။ မဆွိတီတို့အမေကလဲ ရုံးဝန်ထမ်းဆိုတော့ သူမှမနေရင် ဒီမြေးလေးတွေ ဘယ်သူထိမ်းမှာလဲဆို သူ့သမီး ကသီလင်တဖြစ်မှာလဲ ကြောက်ဟန်တူပါရဲ့။
မုဆိုးမသာဆိုတယ်၊ အဘွားလာတော့ ပါလာတာ၊ အမေ့အတွက် လက်ဝတ်ရတနာ နီလာလို အပြာရောင် တစ်ဆင်စာ၊ ရွှေမှ အခေါက်ရွှေ၊ ၀ါဝင်း အိနေတာ။ (နောက်ပိုင်း မဆွိတီအပျိုဖြစ်တော့ လက်ကျန် ဘယက်ကလေး ယူယူဆွဲနေလို့။ မြင်ဘူးနေတာ။) နောက်လူကြီးခြေမလောက်တုတ်တဲ့ ရွှေခြေကျင်းကြီး တစ်စုံလဲ ပါလာသေးတယ်။ နောက်ပိုင်းတော့ အဘွားပိုင်တာတွေလဲ မဆွိတီတို့ မောင်နှမတွေကျောင်းစံရိတ် ဘာညာ သုံးတာနဲ့ ကုန်ရတာပါပဲ။ အဘွားဟာ မီးမလာ၊ ရေရှားတဲ့ ခပ်ခေါင်ခေါင် တောရွာလေးမှာ မုဆိုးမဘ၀နဲ့ ဒီလိုအခြေအနေရောက်အာင် ဘယ်လောက်တောင် ခြစ်ခြုတ်စုဆောင်းခဲ့ရလဲဆိုတာ မဆွိတီတို့ ငယ်သေးတော့ မတွေးမိခဲ့ဘူး။
မဆွိတီတို့ အမေရုံးသွားပြီဆို အဘွားက ဈေးကားကြီးနဲ့ ဈေးလိုက်၊ ချက်ပြုတ်၊ ပြင်ဆင်၊ မြေးတွေကို ကျောင်းပို့၊ အကုန်လုပ်ရသကိုး။ ခလေးတွေ နေမကောင်းရင်လဲ ဆေးရုံလိုက်ပို့ရသေးတယ်။ စာမတတ်၊ ပေမတတ်ဆိုတော့ ဆရာဝန်တွေက ငေါက်လိုက် နပ်စ်မတွေက ငေါက်လိုက်နဲ့ အဘွားဟာ အလွန်အင်မတန် သနားစရာကောင်းလှတယ်။ ဒီကြားထဲ မြေးတွေကလဲ ပြောစကားနားမထောင်၊ မလိမ္မာဆိုတော့ အဘွားမယ် သမီးချစ်လို့ ဒုက္ခတောထဲ ခုန်ဆင်း သလိုဖြစ်နေတယ်။
ဒါတင်မက အဘွားဟာ အိမ်မှာ ထမင်းဟင်းတွေ ချက်ပြီဆိုရင် သူဟာ အိမ်မှာအကြီးဆုံးဆိုပြီး စားဦး၊ စားဖျား စားတယ်မရှိ။ မြေးတွေ၊ သမက်တွေ၊ သမီးတွေ မစားချင်လို့ ကျန်မှ နှမြောလို့ဆို အိုးလူးခွက်လူးလေးနဲ့ စားလေ့ရှိတယ်။ သမီးလုပ်သူက "အမေရယ် အဲလောက်လဲ နှမြောမနေပါနဲ့၊ စားပါအမေ။ ကျွန်မတို့ ဒီလောက်မဆင်းရဲပါဘူး"ဆို ကောင်းတာတွေ ၀ယ်ကျွေးလဲ အနားမှာဝိုင်းနေတဲ့ မြေးလေးတွေကိုကျွေး၊ ပိုမှ၊ ကျန်မှ၊ မကောင်းမှ သူက စားတယ်။ အကျန်တွေ မစားပါနဲ့ပြောလဲ "အို ... လွှင့်မပစ်နိုင်ပါဘူးအေ။ ပိုက်ဆံရှာရ ဘယ်လောက်ခက်လဲ။ ငါးပြားလဲ ငါးပြားဖိုး ဆယ်ပြားလဲ ဆယ်ပြားဖိုး တန်ဖိုးရှိတာပဲအေ့"ဆို ပြောလေ့ရှိတယ်။
အဘွားအပြင်သွားရင်လဲ တောရွာဓလေ့ ချည်ကြမ်း တဘက်ကလေး ခေါင်းပေါ်တင်လို့ "ငါ အိမ်လည်ထွက်ဦးမယ်အေ ... " ဆိုပြီး နေပူကြီးထဲ ထွက်သွားတော့တာပဲ။ အဲ ပြန်လာရင် လမ်းက သစ်ပင်အောက်က ကျနေတဲ့ ဒုတ်ချောင်း၊ သစ်ကိုင်းခြောက်တွေ အကုန်ကောက်လာတော့တာပဲ၊ (သူကတော့ ဒုတ်ခနောင်းခေါ်သဗျ။) အိမ်မှာ မီးမွှေးဖို့ ထင်းရတယ်တဲ့။ အိမ်မှာရှိတဲ့ အ၀တ်အစားတွေဆိုလဲ လွှင့်မပစ်ဘူး။ အဟောင်းတွေကို အပ်ချည်တွေနဲ့ သူ့ဟာသူချုပ်ပြီး ၀တ်နေတာပဲ။ မဆွိတီတို့ ကြီးလာတော့ အဲဒါတွေ လွှင့်ပစ်မယ်ဆို အဘွားနဲ့ ရန်ဖြစ်ရတာ ခဏခဏပဲ။ မဆွိတီတို့ ခုဒီအိမ်ပြောင်းတော့ စလုံးမှာ လွှင့်ပစ်ခဲ့ရတာတွေများ မြင်ရင် တက်များသေသွားမလား မသိဘူး။
အဘွားဘယ်လောက် ကပ်စေးနဲလဲဆို အမှတ်ရတာလေးတစ်ခု ပြောဦးမယ်။ (ဒီနားကစပြီး ထမင်းစားနေတုံး မဖတ်ပါနဲ့။ ;)ALERT !!!)မဆွိတီတို့ အကိုကြီး ငယ်ငယ် တစ်တန်းလောက်ကပေါ့။ အကိုကြီးဟာ ငယ်ငယ်က အင်မတန် ဆပ်ဆော့တယ်။ သူ့သူငယ်ချင်းတစ်ယောက် ပိုက်ဆံငါးပြားစေ့လေး ပါးစောင်ထဲထည့်၊ ရေသောက်ပြ၊ ပိုက်ဆံပြန်ထုတ်ပြ လုပ်နေတာကို၊ သူကလဲအားကျမခံ ပိုက်ဆံ ၁၀ပြားစေ့ထည့်ပြီး ရေသောက်ပြသတဲ့။ နောက်တော့ ပိုက်ဆံက ဗိုက်ထဲဝင်သွားရော။ အမေတို့မှာ စိတ်ပူပြီး ဆရာဝန်ပြ။ ဆရာဝန်က အင်အင်းပါတဲ့အချိန် စောင့်ကြည့်ပါဆိုတော့ အဲဒီအချိန်ဆို အိမ်နောက်ဖေးမယ် သတင်းစားလေးခင်းပြီး အကိုကြီး အင်အင်းပါတာကို မဆွိတီတို့ တစ်မိသားစုလုံး ငုတ်တုတ်ထိုင် စောင့်ကြည့်ကြတယ်။ မဆွိတီတို့ ခလေးတွေကလဲ တယ်စပ်စုသကိုး။ အဲဒါ အင်အင်း ပါပြီးရင်လဲ ဆယ်ပြားစေ့ ထွက်ပြီလားဆို တုတ်ကလေးနဲ့ မွှေနှောက် ရှာကြည့်ရသေးတယ်။ ပထမတစ်ရက်လဲမပါ၊ ဒုတိယတစ်ရက်လဲ မပါပေါ့။ အမေတို့လဲ စိတ်ပူနေပြီ။ နောက်ဆုံးတစ်ရက်တော့ အဲဒီဆယ်ပြားစေ့ ပါလာတယ်။ အဲသမှာဗျာ အဘွားလုပ်သူက မြန်ချက်။ ဖြတ်ဆို အဲ့ဆယ်ပြားစေ့လေး တုတ်ကလေးနဲ့ကော် သတင်းစာစက္ကူလေးနဲ့ အသာပတ်၊ ရေဘုံဘိုင်ဖက်ယူသွားပြီး ရေဆေးနေတယ်။ မဆွိတီတို့အမေက "အမေ့ ဘာလုပ်တာလဲ လွှင့်ပစ်လိုက်ပါ " ဆိုတော့ " အမလေး ပိုက်ဆံ ဆယ်ပြားလဲ ဆယ်ပြားပဲ လွှင့်မပစ်နိုင်ပါဘူးအေ ... သုံးလို့ရတယ် " ဆိုပြီး ရေသေချာပြောင်အောင်ဆေးပြီင်္း သိမ်းသွားလေရဲ့။ ဘယ်မှာများ သွားသုံးလဲတော့ မသိဘူးဂျာ။ ဒါကတော့ အထက်က ခေါင်းစဉ်နဲ့ မဆိုင်ပေမဲ့၊ အဘွားကပ်စေးနဲပုံလေး ကြုံတုံးလေးပါ။ (ကြုံတာတွေ သိပ်များနေပြီး)
ရှေ့ဆက်ရရင် နောက်ပိုင်း အဘွားလဲ အသက်ကြီးလာ၊ ဟင်းတွေဘာတွေလဲ မချက်နိုင်တော့ အမေပဲ ရုံးတစ်ဖက်နဲ့ ချက်ရတယ်။ မဆွိတီတို့လဲ ကျောင်းပိတ်ရက်ဆို ကူ ညီ ညာလုပ်ပေးပေါ့။ အဲဒီအချိန်ကျ အဲဒီဟင်းအကျန်တွေ စားသူဟာ ဟင်းချက်သူ မဆွိတီတို့ အမေပဲဖြစ်မယ်နဲ့တူတယ်။ မနက်မနက်ဆို ရုံးသွားခါနီး ကမန်းကတမ်း ဟင်းအကျန်လေးတွေနဲ့ စားစားနေတာ တွေ့ရတာပဲ။
မဆွိတီလေးလဲ အချိန်တန် အရွယ်ရောက် ခြင်္သေ့ကျွန်းမှာ အိမ်ထောင်ကျပြီး အခြေကျနေထိုင်ကြ၊ သမီးလေးရလာတော့ သမီးလေး ထိန်းရအောင်ဆို သမီးကြီးတော်ကိုအိမ်မှာ ခေါ်ထားတယ်။ ထမင်း၊ဟင်းချက် အိမ်ရဲ့ အိမ်မှုကိစ္စအ၀၀ကို သမီးရဲ့ ကြီးတော်ကပဲ တာဝန်ယူ လုပ်ပေးတယ်ပေါ့။ အဲ့သမှာလဲ ဟင်းတွေဘာတွေ ချက်ရင် ထမင်းကျန်၊ ဟင်းကျန်တွေ ပိုတာတွေ ရှိမှာပဲ။ မဆွိတီတို့ကတော့ ရုံးကနေ အိမ်ပြန်လာ၊ စားသောက် ဆေးကြောပြီး ပြီးသွားတာပဲ။ အဲဒီအကျန်တွေလဲ စိတ်ထဲ လဲမရှိခဲ့ဘူး။ ခုမှစဉ်းစားမိတာက အဲ့လို အကျန်တွေကို ကြီးတော်ကြီး စားပဲ စားပစ်လား။ လွှင့်ပဲ လွှင့်ပစ်လား။ ကြီးတော်က သိပ်တော့နှမြောတဲ့သူ မဟုတ်တော့ ကိုယ်လဲ သေချာမသိဘူးရယ်လေ။
မဆွိတီ ဒီဖက် ကျွန်းကြီးဖက်ရောက်တော့ ကြီးတော်ကြီး ပါမလာတော့ဘူး။ ခေါ်ချင်တိုင်းလဲ ခေါ်လို့မရတဲ့ သွေးကြီးလှတဲ့ ကျွန်းကြီးကိုး။ ဒီတော့ မဆွိတီမယ် အိမ်မှုကိစ္စအ၀၀ လုပ်ရကိုင်ရတော့တယ်။ စလုံးမှာတုံးက အလုပ်ကထွက်တော့မယ်၊ full time house wife လုပ်တော့မယ်ဆိုတော့ stress အင်မတန် များလှတဲ့ ရုံးကလူတွေက မဆွိတီကို အားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြတယ်။ good life, good place ဆိုပြီး ကွန်ဂရပ်ကြတယ်။ Sweet ကတော့ Tai Tai ဖြစ်ပြီဆိုပြီး စကြတယ်။ မဆွိတီကတော့ Tai Tai တော့မဟုတ် full time maid ဖြစ်သွားတာပါဆို ပြောရတယ်။ တကယ်လည်း မှန်ပါသဗျာ။ ချက်တာ၊ ပြုတ်တာတင်မက အိမ်သာဆေးတာ၊ ကြမ်းတိုက်တာကအစ လုပ်ရတယ်။ အိမ်အလုပ်ဆိုတာမယ် ပြီးတယ်ရယ်လို့မရှိ၊ ရှာလုပ် အလုပ်ကတော့ ရှိနေတာပါပဲ။ အိမ်ထောင်ရှင်မရဲ့ တာဝန်တွေ ခံစားချက်တွေကိုလဲ သိလာရတယ်။
နောက်တစ်ခုက မဆွိတီ ခုတစ်လော အသက်ကြီးလာလို့လားမသိ၊ ကပ်စေးနဲလာတယ် ပြောမလား၊ နှမြောတတ်လာတယ်။ ဘာကိုမှ အလဟသ မဖြစ်စေချင်ဘူး။ ဟင်းတွေ ထမင်းတွေ ချက်ပြုတ် စားသောက်ပြီး ပိုလာပြီဆို၊ အကောင်းကြီးတွေပဲဆို လွှင့်မပစ်ရက်ဘူး။ ဦးခြိမ့်ကလဲ ဟင်းကျန် မရွံတတ်ပါဘူး။ ကူစားပေးပါတယ်။ ဒါပေမဲ့ အိမ်ရှင်မဖြစ်တဲ့ မဆွိတီကပဲ အဲဒါတွေကို အများဆုံး စားရတဲ့သူဖြစ်လိမ့်မယ်။ ဒီနေ့မနက်ပဲကြည့် ။ ဦးခြိမ့်အတွက် မနက်စာ။ ပလာတာနဲ့ ပဲပြုတ်။ ဂျူဂျူလေးများ စားမလားလို့ ပဲပြုတ်လေး ပိုကြော်ပြီး ချန်ထားတယ်။ မယ်မင်းကြီးမလေးက နိုးလာတော့ အဲဒါမစားချင်ဘူးတဲ့။ egg scramble လုပ်ပေးပါတဲ့ဆို လုပ်ပေးရတယ်။ ဒါတင်မပြီးသေးဘူး egg pamphlet နဲ့ လိပ်ပေးပါဦးဆို လုပ်ပေးရပြန်တယ်။ ကြက်ဥက ၂လုံးတောင်ဆိုတော့ ကျောင်းသွားခါနီး ကမန်းကတန်းနဲ့ စားလို့ဘယ်ကုန်မလဲဗျာ။ သမီးကျန်တဲ့ ဟာတွေက စားပွဲပေါ်မှာ ပိုးလို့ ပက်လက်။
သမီးကို ကျောင်းပို့ပြန်လာတော့ ချက်ဖို့၊ ပြုတ်ဖို့မလုပ်ခင် မနက်က သားအဖ၂ယောက် စားသွားတဲ့ ပန်းကန်တွေ ဆေးဖို့လုပ်ရင်း အဖေကျန်တဲ့ ပဲပြုတ်ကြော်ရယ်၊ သမီးကျန်တဲ့ ကြက်ဥလိပ်အကျန်တွေကို ပါးစပ်ထဲ ပစ် ပစ်ထည့်ရင်း အော် ငါတော့ တကယ့်ကို ဟင်းကျန်စားသူဘ၀ ရောက်ပါပေါ့လား ဆို အဘွားလုပ်သူကိုပင် သတိရမိသွားပါကြောင်း။ ။

မဆွိတီတို့အဘွား၊ အသက် ၈၉နှစ်ရှိပါပြီ။
အဖွင့်ပုံကို ဒီ နေရာမှ ယူပါသည်။ Credit to original uploader.



