Sunday, April 22, 2012

ကိုမိုးချယ်ကို ကျေးဇူးတင် ...


ဟိုတစ်လောက သမီးကျောင်းယူသွားဖို့  မုန့်လေးတွေ ၀ယ်ဖို့သတိရသည်နှင့် လင်မယားနှစ်ယောက် ဈေးသွားရင်း မုန့်ဆိုင်လေး ၀င်ဖြစ်ကြသည်။  သမီးအကြိုက် နာနတ်သီးမုန့်လေးတွေ ၀ယ်ရင်း မြန်မာပြည်က ပျော်ဖွယ်မုန့်ကြွပ်လို မုန့်လက်ညှိုး အချောင်းလေးတွေ တွေ့သည်နှင့် ၀ယ်လာခဲ့သည်။ ဦးခြိမ့်က သူငယ်ငယ်တုံးက စားတာ၊ အရမ်းကြိုက်သည်တဲ့။ မနက် ကော်ဖီနှင့် သောက်မည်ဆိုသည်။

မုန့်ထုပ်ကလဲ လေးထောင့် ပေါင်မုန့်ထုပ်လောက် အထုပ်က တော်တော်ကြီးသည်။ တော့် ဒီအထုပ်ကြီး ကုန်ပါ့မလားဆိုတော့ ညည်းတို့သားအမိရော ၀ိုင်းစားကြပေါ့ ဟုဆိုလေသည်။

 အိမ်ရောက်တော့ အထုပ်ကလေးဖြည်စားကြည့်ကြတော့ မုန့်ကြွပ်က ထင်သလောက်မကောင်းလှ။ မကောင်းဆိုသည်ထက် မုန့်က လတ်ဆတ်မှုမရှိတော့ အနံ့ကလဲ သင်းသင်းမွှေးမွှေး မရှိလှ။ တီတီဆွိကတော့ တစ်ခုလောက်မြည်းကြည့်ပြီး တော့ဟာက ကောင်းလဲ မကောင်းဘူး၊ ကြွပ်လဲ သိပ်မကြွပ်ဘူး၊ ဆီချေးဆော်တောင် နံတော့မယ်ဆိုကာ  ထုံးစံအတိုင်း မျိုးစုံကွန်ပလိမ့်တက်နေတော့သည်။ နောက်တော့ မုန့်ထုပ်ကို ပလပ်စတစ်ကလစ်ကလေးနဲ့ ပိတ်ပြီး မုန့်ထည့်သည့် ကပ်ဘိနက်ထဲ  ထိုးထည့်ထားလိုက်သည်။

တစ်ရက် မနက်ရုံးသွားခါနီး ကော်ဖီသောက်ရင်း ဟိုမုန့်ကြွပ်လေးတွေရောတဲ့ ... သူစားချင်သည်တဲ့ ဆိုလာသည်။ ပြောရင်းနှင့် " ညည်းကတော့ သူဌေးသမီးပဲအေ ... မုန့်ကြွပ်ကိုနဲနဲလေး မကောင်းတာနဲ့ကို မစားတော့ဘူးနော်"ဆို ပြောနေပြန်သည်။ နောက်တော့  သူ့ကိုယ်သူလဲ "အင်း ... ကိုယ်လေ ခုချိန်ထိ မိုးချယ်ကြီးကို သူဘယ်လောက်ဆိုးဆိုး ပေါင်းသင်းပြီး အဆက်အသွယ်မပျက်အမြဲနေတာ သူ့ကျေးဇူးတွေ ကိုယ့်မှာ ရှိနေတယ်ကွ ..." ဆို သူ့မျက်လုံးတွေက ဟိုးအနာဂတ် အတိတ်ဆီကို လွင့်ပါးသွားသလို တွေးတွေး ငေးငေးလေး ဖြစ်သွားလေသည်။

"ကဲ ... ဆိုစမ်းပါဦး ဒရမ်မာဆရာကြီးရဲ့ .... ဘယ်လိုတွေ ကျေးဇူးတွေ ရှိနေတာလဲ ... " ဆိုတော့မှ ငေးနေရာကနေ ပြောလက်စ စကားကို ဆက်တော့သည်။

"ကိုယ်တို့တွေ ၉တန်း မြန်မာတစ်နိုင်ငံလုံး သန်းကောင်စာရင်းတွေကောက်တဲ့အချိန် လုပ်အားပေးအနေနဲ့ ဟိုးတော်တော်ခေါင်တဲ့ ရွာလေးတစ်ရွာ ရောက်ခဲ့တယ်။ ကိုယ်နဲ့ မိုးချယ် သူငယ်ချင်း၂ယောက်ရယ်၊ ဆရာမရယ်၊ တခြားကျောင်းသား ၃-၄ယောက်လောက်ရယ်ပေါ့။ ဒီနေရာမှာ မိုးချယ်အကြောင်း ဖြတ်ပြောရရင် မိုးချယ်တို့က ကိုယ်တို့မြို့မှာ သိပ်ချမ်းသာတာကွ။ မြို့မှာ ၃ထပ်တိုက်နဲ့ အိမ်ကြီးရခိုင်နဲ့နေကြတာ။ အဲလိုအိမ်မျိုး ကိုယ်တို့မြို့မှာ သူတို့တစ်အိမ်ပဲရှိတာ။ အမေက မြို့နယ်ဆရာဝန်မကြီး၊ အဖေကလဲ ထောင်ပိုင်ကြီးဆိုတော့ကွာ သူတို့က မြို့မှာဆို သူဌေးတွေ၊ မြို့မျက်နှာဖုံးတွေပေါ့ကွာ။ "

" ဟုတ်လား ... အမယ် ကိုကိုခြိမ့်တို့ကလဲ သူဌေးတွေပဲ ဟုတ်ဘူးလား ... အထည်ဆိုင် သူဌေးတွေလေ ဟင်း ...ဟင်း  ....  အင်း ဒါနဲ့ ... ဆက်ပါဦး ..."

" အဲဒီမှာ သန်ကောင်စားရင်းကောက်ရင်းနဲ့ ရွာခံအိမ်တစ်အိမ်မှာ ညအိပ်ညနေ တည်းရတယ်။  မနက်လင်းတော့ကွာ သူတို့က မနက်စာဆို ကျွေးတာ ... ငစိန်ဆန် မာကျောကျောကို နနွင်းနိုင်းချင်းနဲ့ ၀ါထိမ်တောက်ပြီး မီးနေသည်လောက်နီးပါးနံတဲ့ ထမင်းကြော်ကို ချကျွေးတယ်ကွ ... " 


ခဏ နားလိုက်ပြီးမှ 


" ကိုယ်လေ အဲဒီထမင်းကို ဘယ်လိုမှ မြိုချလို့မရဘူး သိလား။ ဘယ်လိုမှ စားလို့မရဘူး ... "


တီတီဆွိရဲ့ အတွေးထဲမှာ ဦးခြိမ့်ရဲ့ တစ်ခါတစ်ရံ ဇီဇာကြောင်ပုံများကို မြင်ယောင်မိပါသည်။ သူသည် မိသားစုတွင် အငယ်ဆုံး၊ သူ့အမေ အသက်၃၉နှစ်မှ မွေးရာ၊ သူ့အကိုကြီး၊ အစ်မကြီးများသည် သူ့ကို မွေးချိန်မှာ လူပျို၊ အပျိုတွေပင် ဖြစ်နေပါပြီ။ နွားအိုနောက်ကျသားလေးမွေးလာတော့ ခလေးကို အစားအသောက်မှာ အလိုလိုက်ကြဟန်ရှိပါသည်။ ငါးဆို အရေခွံလုံးဝမစား၊ အရိုးတစ်ခါထဲ နွှံပြီးသားသာ စားပါသည်။ ကြက်သားဆိုလဲ အရိုးနုတွေဘာတွေ မကိုက်တတ်ပါ။ ၀က်သားဆိုလဲ အဆီလုံးဝမစား အသားချည်းသာ စားပါသည်။ ဒန့်သလွန်သီးမစား၊ ပဲလင်းမြွေသီးမစား၊ ကြက်အသဲမစား အစရှိသဖြင့် လင်မယားညားကာစ သူ့ဇီဇာကြောင်ပုံများကို သတိရမိပါသည်။ (ယခုတော့ အားလုံးစားပါပြီ)

သူတို့မိသားစုသည် ထိုအချိန်က အထည်ဆိုင်က စီးပွားရေးအလွန်ကောင်းရာ အိမ်မှာလဲ အခြွေအရံတွေနှင့် အိုးကြီးအိုးငယ်ချက်ကာ အစားအသောက်ကို ကောင်းကောင်းစားသည်။ ဆန်ဆိုလျှင် ပေါ်ဆန်းမွှေးကို သာစားသည်။ ပေါ်ဆန်းမွှေးကို ဆန်ပေါ်ချိန်မှာ ရန်ကုန်အထိ အိပ်လိုက် တက်ဝယ်ကာ အိမ်မှာ နှစ်ပေါက်လှောင်ထားကြသည်။ ဟင်းဆိုလျှင်လည်း ည-မနက်ဘယ်တော့မှမစား။ မနက်တစ်ခါ၊ ညနေတစ်ခါ ချက်သည်။ အသားဟင်း(သို့) ငါးဟင်း ဆီပြန်ဟင်း တစ်ခွက်၊ အချဉ်ဟင်း ကတော့ အနပ်တိုင်းပါသည် ဆိုသည်။ မနက်စာဆိုလျှင်လည်း အိမ်မှ အခြွေအရံ အမျိုးတွေက ခရမ်းချဉ်သီးထောင်း၊ လဖ္ဘက်သုတ်အပြင် ဘူးသီးကြော်၊ ကြက်သွန်ကြော်အစရှိသဖြင့် အကြော်စုံ စုံနေအောင်အဆင်သင့် လုပ်ပေးထားသည်။ ထိုသူမျိုးသည် ထိုတောရွာလေးမှ ဆနွင်းနိုင်ချင်းနှင့် အကြောတင်းလှသော ငစိန်ဆန်ထမင်းကြော်ကို မစားနိုင်သည်မှာ မဆန်းချေ။

ဆန်းသည်ကား သူ့သူငယ်ချင်း ထောင်ပိုင်ကြီးသား သူဌေးသား မိုးချယ်ဖြစ်သည်။ သူပြောသည်ကို ဆက်ရလျှင် ...


" ကိုယ်အံ့သြတာက မိုးချယ်ပဲ.... သူလို သူဌေးသားက အဲဒီထမင်းကြော်ကို ဘာမှမထူးဆန်းသလို ဘယ်လိုမှကို မနေပဲ တစ်ပန်းကန်လုံးကုန်အောင် စားနိုင်တယ်ဗျာ ... "


" ကိုယ်မစားနိုင်တာ တွေ့တော့ မိုးချယ်က ကိုယ့်ကို ပြောတယ် ...
 ဒီမှာ သူငယ်ချင်းတဲ့ ... ငါတို့ အဖေက ငါတို့ကို အမြဲဆုံးမတယ် တဲ့ ... ငါ့သားတို့တဲ့ မင်းတို့ ဘ၀ဆိုတာ ဘယ်လိုဖြစ်မလဲဆိုတာ ကံကြမ္မာကို ဘယ်သူမှ မသိနိုင်ကြဘူး၊ မင်းတို့ အခု အဖေတို့ အမေတို့နဲ့ အတူနေတော့ ကောင်းကောင်းစားသောက်နေနိုင်ကြပေမဲ့ တစ်နေ့ ဘယ်လိုအဖြစ်မျိုး ကြုံမယ်၊ ဘယ်လိုဘ၀မျိုးရောက်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ဘယ်အရာမဆို ဒူပေနာပေခံအောင် လေ့ကျင့်ထားရမယ်။ ရှိတာနဲ့ ဖြစ်အောင် စားရမယ်ဆို အမြဲဆုံးမခဲ့တာကွ။ ငါလဲ အဖေ့စကားကို ကြားယောင်ပြီး ဘာနဲ့ဖြစ်ဖြစ်စားနိုင်အောင် နေနိုင်အောင် အမြဲကြိုးစားခဲ့တာကွ ... တဲ့ ဆို ကိုယ့်ကို ပြောပြတယ်ကွ .. "


" နောက်တော့ သန်ကောင်စာရင်း လက်ကျန်လေးတွေ ကောက်ကြပြီး နေ့လည်လောက်ကျ သူ့အဖေအလုပ်လုပ်တဲ့ ရေဆင်းမှာရှိတဲ့ ထောင်ကျောက်ထုစခန်း ဖက်ကို လိုက်ပြဦးမယ်ဆို ပြောတယ်။"

" နေ့လည်ဖက် ရေဆင်းထောင်ကို သူငယ်ချင်းနှစ်ယောက် စက်ဘီးလေးနဲ့ သွားကြတယ်။ အဲဒီမှာ ထောင်ထဲကလူတွေကျွေးတဲ့ ထမင်းဟင်းတွေကို ကိုယ့်ကိုပြတယ်။ ထောင်သားတွေအတွက် ချက်ထားတဲ့ ထမင်းအိုးကြီးက လက်တစ်ဖက်စာလောက်ကိုကြီးတယ်။ မှတ်မှတ်ရရ ထမင်းအိုးကြီးကို ဖွင့်ပြတာမှာ အိုးထဲ ဘယ်လိုက ဘယ်လိုရောက်နေလဲ မသိတဲ့ ပိုးဟပ်အကြီးကြီးတွေ အကောင် ၂၀-၃၀လောက် တဖတ်ဖတ်နဲ့ ထွက်လာကြတယ် ... ကိုယ်လဲ ကြည့်ပြီး အံ့သြနေတယ် ... "


"ထောင်သားတွေ အတွက်ချက်ထားတဲ့ ပဲဟင်းကလဲ အိမ်မှာချက်သလို ဆီမပါ၊ ပြားမပါ၊ အရောင်အဆင်းမရှိ  ပဲဟင်းလို့ အမည်တပ်ခေါ်လို့တောင်မရတဲ့ အရည်ကျဲဟင်းသာဖြစ်တယ်..."

" ပိုထူးဆန်းတာက  ထောင်သားတွေအတွက် နေ့လည်စာမှာ အိမ်မှာစားနေကျလို အသားငါးမပါ၊ ဆီပြန်ဟင်းမပါ  စောနက ပိုးဟပ်နိုင်းညင်းနဲ့ အဲဒီ အရည်ကျဲ ပဲဟင်းသာဖြစ်တယ် ..."

" အဲဒီထောင်ကပြန်လာပြီး နောက်တစ်နေ့မနက်ကျတော့  တည်းခိုတဲ့ အိမ်ကကျွေးတဲ့ နနွင်းမှုန့်နိုင်းညင်းနဲ့ မီးနေသည် ထမင်းကြော်ကို ကိုယ်ဖြစ်အောင် ကြိတ်မှိတ်ပြီး စားနိုင်ခဲ့တယ်။ ကိုယ်စားနေတာကို မိုးချယ်လဲ သတိပြုမိတယ် ... အဲဒီနေ့က စပြီးပေါ့လေ  ကိုယ်ဟာ ဘယ်အရာနဲ့ မဆို စားနိုင်အောင် လေ့ကျင့်ခဲ့တာ ... ခုချိန်ထိပဲ ... ငရုပ်သီးထောင်းနဲ့ ထမင်းဖြူနဲ့ဆိုလည်း ကိုယ်စားနိုင်တယ်၊ ခရမ်းချဉ်သီးထောင်းတစ်မျိုးတည်းနဲ့လည်း ကိုယ်စားနိုင်တယ် .... ဘာလာလာ ဒေါင်းသည် ပေါ့ကွယ် ..."


" ကိုယ့်ဘ၀မှာ ငွေကြေးပြတ်လပ်ပြီး ထမင်းငတ်လုနီးပါး ဖြစ်ခဲ့ရတဲ့ အခြေအနေတွေလည်း ကြုံဖူးတယ်။ အဲလိုအချိန်တွေမှာ ကိုယ်ဟာ မိုးချယ်ကို သိပ်ကျေးဇူးတင်တယ် ... ကိုယ့်ကို ဘ၀အသိတွေ မျှဝေပေးတဲ့ သူငယ်ချင်း ... မိုးချယ်ကို ခုချိန်ထိ ကိုယ်မမေ့ဘူးကွာ ..."








Wednesday, April 18, 2012

The Lady ရုပ်ရှင်၊ မြန်မာ စာတန်းထိုး

မနေ့ကပဲ အင်တာနက်ကနေ ဒေါင်းပြီး The Lady ကားကို ကြည့်ခဲ့တယ်။ စာတန်းထိုးမပါတော့ မနဲနားထောင်ပြီး ဘာသာပြန်ကြည့်နေရတယ်။ ဇာတ်ကားထဲမှာ သမိုင်းအချက်အလက်တွေ တော်တော်လွဲနေတာ တွေ့ရတယ်။ မစ်ရှဲရိုး သရုပ်ဆောင်တာတော့ တော်တော်ကောင်းပါတယ်။ တစ်ခါတစ်ရံ အန်တီစုနဲ့ တော်တော်ကို တူတာ တွေ့ရတယ်။ အထူးသဖြင့် မျက်လုံးတွေ၊ အကြည့်တွေ၊ လမ်းလျှောက်ပုံ၊ ကိုယ်နေဟန်ထားတွေပေါ့။ တစ်ခုဆိုးတာက မစ်ရှဲရိုးကို မြန်မာသံဝဲ၀ဲနဲ့ မြန်မာလိုပြောတာဘယ်လိုမှ ခံစားလို့မရဘူး။ နိုင်ငံခြားသားတွေအတွက်က မထူးပေမဲ့ မြန်မာလိုနားလည်တဲ့သူတွေက မစ်ရှဲရိုးပြောတဲ့ မြန်မာ အသံထွက်ကို တော်တော်သည်းခံရမယ်။ အမှန်က မြန်မာတစ်ယောက်ယောက်က ပြောပေးတာကို နောက်ခံထည့်ရင်ရရဲ့သားနဲ့။ မြန်မာ ပရိတ်သတ်အတွက်ပဲ အဲဒါက ပြသနာရှိတာပါ။

ဇာတ်ကားက သမိုင်းအချက်အလက်ဆိုတာထက် ဒရမ်မာဆန်ဆန်ရိုက်ထားတော့ ကြည့်သူတွေ တော်တော်များများ မျက်ရည်ကျကြရတယ်။ အန်တီစုရဲ့ သူ့ကိုယ်ပိုင်မိသားစုကို လျှစ်လျူရှု၊ တိုင်းပြည်အတွက်ပေးဆပ်မှုတွေကို ပေါ်လွင်အောင် ရိုက်ပြထားပါတယ်။ အနုပညာအရ rating ပေးရရင်တော့ 7/10၊ သမိုင်းအချက်အလက်အတွက်ဆိုရင်တော့ 2/10 လောက်ပဲ ပေးပါတယ်။

အဲဒီဇာတ်ကားကို ယူကျူ့မှာ myanducation ဆိုသူက မြန်မာစာတန်းပါထိုးပြီး ရှယ်ထားပါတယ်။ အချိန်ရရင် ပြန်ကြည့်ပါဦးမယ်။ အန်တီဆွိရဲ့ ဘလော့ဂ်ပရိတ်သတ်အတွက် ထပ်ဆင့်ရှယ်ပေးလိုက်ပါတယ်။ တင်ထားတာ quality လဲ မဆိုးဘူး။ ပြီးတော့ အပိုင်းတွေ ခွဲမနေပဲ ဇာတ်ကားတစ်ကားလုံးကို တစ်ခါထဲ တင်ထားတာပါ။ တင်ပေးသူကို အင်မတန် ကျေးဇူးတင်ဖို့ကောင်းပါတယ်။ အောက်က လင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။
http://www.youtube.com/watch?v=EfQZ_reK86I&context=C4a594f9ADvjVQa1PpcFN7RccbOgtMcUQQjYQlDaEq4enAnZclxmg%3D
(Credit to original up-loader)

အပေါ်ကလင့်ခ်က မရှိတော့လို့ ကွန့်မန့်ကနေ စင်စင် ရှယ်ပေးတဲ့ လင့်ခ် အသစ်ကို ထပ်တင်ပေးလိုက်ပါတယ်။
http://www.youtube.com/watch?v=dFjsFgfYf4g 


Saturday, March 31, 2012

Luke Nguyen's Myanmar food show in Inn Lay

ဟိုနေ့က share ခဲ့တဲ့ Luke Nguyen ရဲ အစားအသောက် show က အဆက်ဖြစ်ပါတယ်။ ဒီတစ်ခါတော့ အင်းလေးဒေသကို သွားရောက်ပြီး တို့ဟူးနွေး၊ ခရမ်းချဉ်သီးသုတ်၊ ကြက်သွန်မြိတ်ကြော် အစရှိသဖြင့် ချက်ပြခဲ့ပါတယ်။

အစားအသောက်ရှိုးဆိုတာထက် အင်းလေးဒေသရဲ့ ပတ်ဝန်းကျင် အလှအပ၊ သဘာဝ၊ တိုင်းရင်းသား လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေပါ တစေ့တစောင်း ရိုက်ပြထားတော့ အင်မတန် ကြည့်ကောင်းတဲ့ ရှိုးလေးပါ။







Credit to original uploader from Youtube.


အန်တီဆွိတော့ ဒီရှိုးကြည့်ပြီး တို့ဟူးနွေးစားချင်တာနဲ့ပဲ နောက်နေ့  ချက်စားလိုက်သေးတယ်။ မနေ့ကပဲ ဖေ့စ်ဘွတ်ခ်ထဲတော့ ပုံတွေ တင်ထားတာ။ စားကြပါဦးနော်။း)
အန်တီဆွိရဲ့ တို့ဟူးနွေး

Wednesday, March 28, 2012

စင်္ကာပူ အမှတ်တရ Kway Chap

အန်တီဆွိ စင်္ကာပူမှာနေတုံးက ပါစီပါဂျန်းမှာ နာမည်ကြီး ကွေ့ချပ်ဆိုင်ရှိတာ ရုံးနဲ့နီးတော့ ခဏခဏ သွားစားဖြစ်တယ်။ ရုံးကအဖွဲ့ကလဲ လူညီတယ်။ ပါစီပါဂျန်း ကွေ့ချပ်ဆိုင်ဆို ဘယ်သူမှ မငြင်းဘူးဗျ။ အဲဒါ ဒီဖက်လာခါနီးတော့ ကောင်လေးတွေက ဆွိ နင် ဟိုရောက်ရင် ကွေ့ချပ်စားရတော့မှာမဟုတ်ဘူးတဲ့။ ဒီတော့ ဒီမှာရှိတုံး အဝစားသွားဆို နောက်ဆုံးအပတ်ကို နေ့တိုင်းနီးပါး အဲဒီဆိုင်သွားကြတယ်ဗျာ။ ကိုယ်ကတောင် ကွေ့ချပ်က ဝက်အူတွေ၊ ကလီစာတွေဆိုတော့  အဆီများလို့ နေ့တိုင်းတော့ မလုပ်ပါနဲဟယ်။ တော်နေ ငါမသွားခင် နင်တို့အကုန် (ဂန့်ကုန်) ဒုက္ခရောက်ကုန်ဦးမယ်ဆို ပြောယူရတယ်။ 

တကယ်လဲဟုတ်တယ်။ ဒီဖက်မှာ စင်္ကာပူအစားအစာ ကြက်ဆီထမင်းတို့၊ လက်ဆာတို့၊ စင်္ကာပူစတိုင် ခေါက်ဆွဲကြော် (Mee Goreng) တို့၊ ကွေ့သယောင်တို့ အစရှိသဖြင့် အကုန်ရပေမဲ့ အဲဒီ ဝက်အူ၊ ကလီစာတွေကို ပြုတ်ပြီးရောင်းတဲ့ Kway Chap ကတော့ ဒီမှာ ဘယ်နေရာမှ မရှိဘူးခင်ဗျ။ မဆွိတီတို့လဲ စင်္ကာပူရောက်စက ကွေ့ချပ်တို့၊ ဘာကူးတေတို့ မကြိုက်ပေါင်။ ဆေးနံ့က နံပါဘိသနဲ့။ ဘယ်လိုအနံ့ကြီးမှန်း မသိဘူးပေါ့။ နောက်တော့ ဝက်သားတုတ်ထိုးငတ်တာနဲ့ ဝက်အူပြုတ်ကို ဝက်သားတုတ်ထိုး အမှတ်နဲ့ စားရာကနေ ကွေ့ချပ်ကိုပါ ကြိုက်သွားပါရော။ အိမ်မှာကြီးတော်ကလဲ ကွေ့ချပ်ပရိတ်သတ်ပဲ။  ကြီးတော်တင်မက၊ ဂျူဂျူလေးကပါ အဲဒီကပါတဲ့ ဝက်စတူးက အရမ်းနူးအိနေတော့ သူပါကြိုက်ပြီး ၅၂လမ်း ဟော်ကာက ကွေ့ချပ်ဆိုင်မှာလဲ week end ဆို မိသားစု သွားသွား စားကြသေးတယ်။ အဲဒီထဲက ကြက်ဥပြုတ်ကိုလဲ ဂျူဂျူတို့ သိပ်ကြိုက်။ အမှန်က ကွေ့ချပ်ဆိုတာ အရည်နဲ့ ဖျော်သောက်တဲ့ မြန်မာလို ညှပ်ခေါက်ဆွဲ အပြားကြီးကို ခေါ်တာပါ။ သူတို့က ဝက်အူတွေကို တရုတ် spice တွေ၊ ဆေးတွေနဲ့ပြုတ်လိုက်တော့ ဘာညှီနံ့မှ မထွက်တော့ဘူး။ ဝက်သားဆိုလဲ ဝက်စတူးသဘောမျိုး နူးအိနေတာပဲကိုး။ ကြက်ဥတွေ၊ ဝက်သားအရေပြား၊ ပဲပြားကြော်၊ ပဲပြားအစိမ်းတွေ လဲ  ထည့်ပြုတ်သေးတယ်။ တစ်ချို့လဲ မြေပဲ ပြုတ်တွေ၊ မုန်ညင်းချဉ်ပြုတ်တွေပါ ထည့်ပေးတယ်။။ 


မနေ့က ချက်နည်းလေးသိချင်လို့ အင်တာနက်ထဲ ဝင်မွှေရင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် စင်္ကာပူရဲ့ အကောင်းဆုံးတွေထဲက တစ်ခုသော ကွေ့ချပ်ဆိုင်ဆိုပြီး အပေါ်ကပြောတဲ့ ပါစီပါဂျန်းဆိုင်ကို စင်္ကာပူ ဘလော့ဂ်တစ်ခုမှာ တွေ့လိုက်လို့ ဆိုင်လိပ်စာလေး သိရအောင် လင်ခ့်လေး ပေးလိုက်ပါတယ်။
 Tong Lok Kway Chap
ခဏခဏသာ သွားစားနေတယ်၊ ဆိုင်နာမည်ကို တစ်ခါမှ သတိမထားမိဘူးဂျာ။ ခုမှ  Tong Lok Kway Chap ဆိုင်ဆိုတာ သိရတော့တယ်။  အဲဒီဘလော့ဂ်က ပုံတွေကြည့်ရင်းနဲ့ ဒီလို ကွေ့ချပ်တွေ ပြင်ဆင်ထားတာ၊ ဆိုင်ပိုင်ရှင်တွေရဲ့ ပုံတွေ ပြထားတာ မြင်ဖူးသလိုလိုပဲဆို တွေးနေတာ။ နောက် ဆိုင်လိပ်စာတွေ့မှ ကိုယ်သွားစားနေကျ ဆိုင်မှန်းသိတော့တယ်။ အဲလောက်နာမည်ကြီးမှန်းကို မသိခဲ့တာပါ။ တစ်ခါ အိမ်ကလူတွေ စားရအောင်ဆို အဲဒီဆိုင်ခေါ်သွားတာ Sunday ကြီးဖြစ်နေလို့ မဖွင့်ဘူးတဲ့ ခင်ဗျ။ စလုံးက ကွေ့ချပ်ပရိတ်သတ်တွေ သွားစားချင်ရင် တနင်္ဂနွေ၊ တနင်္လာနဲ့ အစိုးရ ရုံးပိတ်ရက်တွေမှာ ပိတ်ပါတယ်။ တော်တော်ကို ကောင်းပါတယ်။ ဈေးလဲ မကြီးပါဘူး။ ဟော်ကာစင်တာမှာ ရောင်းတဲ့ ဈေးနှုံးထက်တောင် သက်သာပါသေးတယ်။
 


ဒီဖက်မှာ ဗီယက်နန်တွေ တရုတ်တွေပေါတော့ ဝက်သားကလီစာ အကုန်ဝယ်လို့ရပါတယ်။ ဝက်အူအကြီးဆို တစ်ကေဂျီ ၈ကျပ်လောက်ပဲရှိပါတယ်။ အူချိုလေးတွေလဲ ရပါတယ်။ ခါတိုင်းဆိုရင်တော့ ဗမာစတိုင် ဝက်သားတုတ်ထိုး လုပ်စားတာများတယ်။ ဆေးရကြောရတာ မသက်သာလို့ မစားဖြစ်တာတောင်ကြာလှပေါ့။ နောက်ဆုံးအခေါက်က ဆေးရတာတော်တော် လက်ဝင်ပြီး အနံ့လဲ သိပ်မပျောက်လို့လေ။ ဒါနဲ့  ဒီအပတ် စနေက ဈေးဝယ်တော့ မထင်မှတ်ပဲ ကိုယ်ဝယ်နေကျဆိုင်မှာ တွေ့တာနဲ့ အူအကြီး (ဘာအူ ခေါ်လဲမသိ) ၅၀၀ဂရမ် ဝယ်လာခဲ့တယ်။ မနေ့က ရေခဲသေတ္တာထဲ ကြည့်လိုက်တော့ ဟိုတစ်ခါ စင်္ကာပူက အစ်မ လက်ဆောင်ပေးခဲ့တဲ့ ကွေ့ချပ် spice အမှုန့်ထုတ်တွေ့တာနဲ့ ကွေ့ချပ်ပဲ လုပ်စားတော့မယ်ဆို ဝက်အူကို စပြီး ရေဆေးရပါတော့တယ်။ 

ဝက်အူက ကိုင်ပြီး၊ ဆေးပြီးသားပေမဲ့ အနံ့ကတော်တော်ကျန်သေးတော့ မန်ကျည်းမှည့်နဲ့ ဆားကြမ်းနဲ့ နာနာပွတ်ပြီး အပြင်ဖက် ၃ခါ၊ အတွင်းဖက်လှန်ပြီး ၃ခါလောက် ပွတ်ဆေးရပါတယ်။ စားချင်တော့လဲ ဒုက္ခခံရပါတယ်။ ဝက်သားကိုလဲ  ၂၅၀ဂရမ်လောက် အတုံးလိုက် လှီးထားပါတယ်။ ဝက်သားသုံးထပ်သားဆို ပိုကောင်းပါတယ်။ နောက် ပဲပြားတွေ ဝယ်ထားတာ ရှိတာနဲ့ ပဲပြားတွေလဲ အဆင်သင့် တစ်ဝက်စီ လှီးထားပါတယ်။ ကြက်ဥ ၃လုံးကိုလဲ ရေဆေးပြီး ထည့်ပြုတ်ဖို့ အဆင်သင့်ပြင်ထားပါတယ်။

ဝက်အူကို မညှီအောင်၊ အနံ့မထွက်အောင် လုပ်နည်းတွေ့လို့ မျှဝေပါမယ်။ ဒယ်အိုးထဲကို ဆီအနည်းငယ် ထည့်ပါ။ ဆီကျက်လာရင် စောနက ဆေးထားတဲ့ ဝက်အူကို ဒီအတိုင်း လုံးဝမလှီးပဲ ဆီကျက်ထဲကို ထည့်ကြော်ပါတယ်။ ရေခန်းလာရင် ဝက်အူ တစ်ဝက်လောက်မြုတ်အောင် ရေထပ်ထည့် ပြုတ်ထား ၂မိနစ်လောက်နေလို့ တော်တော်ပွက်လာရင် အဲဒီ ရေတွေကို ငှဲ့ပစ်ပါတယ်။ အဲဒါမျိုး၃ခါလောက် ရေတွေကို ထည့်လိုက်၊ ငှဲ့လိုက်ရင် ဝက်အူဟာ အညှီနံ့ လုံးဝနီးပါးပျောက်သွားပါတယ်။ နောင် ဝက်သားတုတ်ထိုးလုပ်ရင်လဲ ဒီနည်းပဲ သုံးပါတော့မယ်။

ကွေ့ချပ် spice ဖြစ်ပါတယ်။ အော်ဇီမှာလဲ တရုတ်ဆိုင်တွေမှာ ရှိပါတယ်။ ဈေးမကြီးပါဘူး။ တစ်ထုတ် ၂ကျပ်ခွဲလောက်တော့ ရှိမယ်။
 

နောက်တော့ soup လုပ်ဖို့ ဆော့စ်အတွက် ပဲငံပြာရည် အနောက်ရည် စားပွဲဇွန်း ၃ဇွန်း၊ အကြည်ရေ ၂ဇွန်း၊ ကြက်သားမှုန့် လဖက်ရည် တစ်ဇွန်းခန့်ကို ရေနဲ့ဖျော်ထားပါတယ်။ ကွေ့ချပ်ပြုတ်မဲ့ အိုး ကြီးကြီး ဇောက်နက်နက်ထဲကို ဆီ စားပွဲဇွန်း တစ်ဇွန်းခန့်ထည့်ပြီး ဂျင်း ပါးပါးလှီးထားတာ ၄-၅ ခုလောက်၊ ကြက်သွန်ဖြူကို အခွံမနွှာပဲ ၄-၅ဥလောက်၊ နာနက်ပွင့် တစ်ပွင့် ၂ပွင့်ခန့်ကို  ဆီကျက်ရင် ထည့်ဆီသတ်ပါတယ်။ (Kway chap spice ထုတ်မှာ တရုတ်မဆလာ five spice တို့ ဘာတို့ အစုံပါပြီးသားဆိုတော့ ဟင်းခပ်အမွှေးအကြိုင်တွေအများကြီး ကိုယ့်ဟာကိုယ် ထည့်ဖို့ မလိုတော့ပါဘူး။) ဆီသတ်တာ အနံ့နဲနဲမွှေးလာရင် မီးပိတ်ပြီး အပေါ်က ရေနဲ့ဖျော်ထားတဲ့ ဆော့စ်ကို လောင်းထည့်ပါတယ်။ (မီးမပိတ်ရင် ဆီကျက်နေတုံးမှို့ မီးထတောက်မှာ ကြောက်ရပါတယ်)။ နောက်ထပ် ရေကို (ထည့်မဲ့ ပစ္စည်းတွေ မြုတ်ရုံ) အိုးနဲ့ အပြည့်နီးပါးထည့်ပြီး အပေါ်ကနေ ကွေ့ချပ် spice အထုတ်ရဲ့ တစ်ဝက်ကို လောင်းထည့်ပါတယ်။ နောက် ချိုအောင် brown sugar ( သို့ ) ထန်းလျှက် ၃လုံးလောက် ပစ်ထည့်ပါတယ်။ အဲဒါဆို soup က အဆင်သင့်ဖြစ်ပါပြီ။  Soup ကို ဆူပွက်နေအောင်တည်ထားပါတယ်။ soup ကို ကိုယ့်စိတ်ကြိုက်အရသာရအောင် ပဲငံပြာရည် အကြည်ရေ၊ ထန်းလျှက် အစရှိသည်တို့ကို လိုရင် ထပ်ထည့်ပေးပါဦး။

Soup ရပြီဆို အပေါ်က ဝက်အူရယ်၊ ဝက်သား၊ ပဲပြား၊ ကြက်ဥတို့ကို soup ထဲ ထည့် မီးအေးအေးနဲ့ နာရီဝက် တစ်နာရီခန့် ထည့်ပြုတ်ရပါတယ်။ ကြက်ဥပြုတ်ကျက်ရင် အခွံခွါပြီး soup ထဲ ပြန်ထည့်ပြုတ်ပါတယ်။ 
 
 အသားတွေက အကျက်မညီလို့ တည်နေတုံး မြည်းစမ်းကြည့်ပြီး ကျက်တာကို အရင်ကော်ထားစေချင်ပါတယ်။ ဝက်အူက နူးလွယ်တော့ အရမ်းပျော့အိသွားရင် မကောင်းလို့ အနေတော်လေးမှာ  ပန်းကန်တစ်လုံးနဲ့ ဆယ်ထားရပါတယ်။

ဝက်အူနဲ့ အသား၊ ပဲပြားတို့ကို အဆင်သင့်ဖြစ်အောင် ပါးပါးလှီးထားပါတယ်။

အမှန်က ပဲပြားကို ကြော်ထားတာလဲ ထည့်ပြုတ်ရင်ပိုကောင်းပါတယ်။

တကယ်တော့ အန်တီဆွိဝယ်တာ  ကွေ့ချပ် အစစ်မဟုတ်ပါဘူး။ ကွေ့ချပ်အစစ်က မညှပ်ရသေးတဲ့ ညှပ်ခေါက်ဆွဲ အချပ်လိုက်ကြီးပါ။ ဈေးက လွယ်တာပဲ ဝယ်ခဲ့ပါတယ်။


အချဉ် Sauce အတွက်တော့ မြန်မာ ဝက်သားတုတ်ထိုး sauce ကိုပဲ အချဉ်ကဲပြီး ခပ်ချဉ်ချဉ်လေး လုပ်လိုက်ပါတယ်။


စားခါနီးကျ စောနက Kway Chap soup ကို ဆူပွက်နေအောင် အရင်တည်လိုက်ပါတယ်။ ပြီးတော့မှ လှီးထားတဲ့ အသားတွေ၊ အူတွေ၊ ပဲပြားတွေကို တစ်ခုချင်းစီ သံစကာလေးနဲ့ soup ထဲ နှစ်ပြီး ပန်းကန်ပြားခပ်ကြီးကြီးထဲထည့် ပြီး ပြင်ဆင်ပါတယ်။

ကွေးချပ် (ညှပ်ခေါက်ဆွဲ)ကိုလည်း ပန်းကန်လုံးလေးထဲထည့် ဟင်းရည် ပူပူ လောင်းထည့်ပါတယ်။

တွဲစားရအောင် အရွက်မပါလို့ Bok Choi ကို ခရုဆီနဲ့ ကြော်လိုက်ပါတယ်။

စားရန် အဆင်သင့်ဖြစ်ပါပြီခင်ညာ။ စလုံးက ပရ်ိတ်သတ်ကတော့ ဒုက္ခခံလုပ်စရာမလိုဘူးပေါ့။ စလုံးမှာ ဆိုင်တွေ ပေါမှပေါကိုး။ နိူင်ငံခြားရောက် ကွေ့ချပ် ပရိတ်သတ်တွေ ချက်စားရအောင် ရှယ်ပေးလိုက်ခြင်းဖြစ်ပါတယ်။


Saturday, March 24, 2012

Luke Nguyen's Myanmar food show in Yangon

တစ်နေ့က အော်ဇီချယ်နယ် SBS က လွှင့်သွားတဲ့ မြန်မာပြည်က အစားအသောက်အကြောင်းရိုက်ပြထားတဲ့ documentary  ယူကျူ့မှာတက်လာပါပြီ။

Luke Nguyen ဆိုတာ အော်ဇီက ဗီယက်နန်လူမျိုး နာမည်ကြီး chef ပါ။ သူ့ရဲ့ documentary အစားအသောက်ရှိုးတွေ ယူကျူ့မှာ အများကြီး ဒေါင်းကြည့်လို့ရပါတယ်။ သူက ဆစ်ဒ်နီမှာ ရက်စ်တောရန့်ဖွင့်ရာကနေ နာမည်ကြီးလာတာပါ။ သူ့ရဲ့ ရက်စ်တောရန့်ကို Red Lantern လို့ခေါ်ပြီး restaurant and catering association ရဲ့ အကောင်းဆုံး စားသောက်ဆိုင်ဆုကို ၂ကြိမ်တိုင်ရရှိထားပါတယ်။ ခု အော်ဇီ SBS ချယ်နယ်ကနေ ကြာသပတေးနေ့တိုင်း ည၇နာရီခွဲမှာ ပြနေပါတယ်။ သူ့ရဲ့ ရှိုးက အာရှက အစားအသောက်တွေအပြင် အာရှက ဓလေ့ထုံးစံ၊ နေရာဒေသ၊ ပတ်ဝန်းကျင် အလှအပတွေပါ ပြတော့ တော်တော်တော့လူကြိုက်များပါတယ်။ မဆွိတီတို့ မိသားစုတွေလည်း အားလုံးကြိုက်ကြလို့ သူလာမဲ့ အချိန်ဆို စောင့်ကြည့်ကြပါတယ်။သူ့ရဲ SBS official link  ဖြစ်ပါတယ်။။ အဲဒီမှာ သူ့ရှိုး တွေ အစအဆုံးကြည်ကြည်လင်လင် ကြည့်နိုင်ပါတယ်။ ယူကျူ့ မှာလည်း ကြည့်နိုင်ပါတယ်။

မြန်မာပြည်ရဲ့ ရန်ကုန်မြို့တော်ကိုလည်း သူရောက်ရှိခဲ့ပါတယ်။ အဲဒီမှာ မုန့်ဟင်းခါးချက်နည်း၊ ကော်ပြန့်စိမ်းလုပ်နည်းတွေကို ပြသခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်တွေမှာတော့ ရှယ်ထားကြပြီးပါပြီ။ မကြည်ရ့သေးတဲ့ ဘလော့ဂ် ပရိတ်သတ် အတွက်ပါ။ မြန်မာပြည် အလွမ်းပြေ ရန်ကုန်အလွမ်းပြေ ကြည့်ကြပါဦး။


Wednesday, March 21, 2012

နမော်နမဲ့၊ နမူးနထိုင်း နှင့် at the same time


ကိုယ့်အိမ်ကလူသည် အင်မတန် နမော်နမဲ့နိုင်သည်။ ညားကာစက လင်မယား လမ်းအတူလျှောက်ကြရာတွင် ခလုပ်တွေတစ်ခုပြီး တစ်ခု တိုက်သည်။ ဘယ့်နှာပါလိမ့်၊ ခဏနေ တိုက်ပြန်ပြီ၊ သူပဲ တိုက် တိုက်နိုင်လွန်းသည်ဟု စိတ်ကထင်နေသည်။ သူကတော့ ငယ်စဉ်က သူတို့အိမ်တွင် ကြမ်းကို ပြောင်နေအောင်တိုက်ထားရာ ခြေရာမပေအောက် ခြေဖျားလေးထောက်ကာ လမ်းလျှောက်ရသည်ဆိုသည်။ ထိုမှစ၍ လမ်းလျှောက်ရာတွင် အကျင့်ပါကာ ခြေဖျားထောက်လျှောက်လို့ ခဏခဏ ခလုပ်တိုက်မိကြောင်း အကြောင်းပြချက်ပေးသည်။ သို့ပေမဲ့ ဆွိဆွိတီ၏စိတ်ထဲတွင် ထိုအခါမှစ၍ ကိုယ့်အိမ်ကလူ၏ နမော်နမဲ့ နိုင်မှုကို စတင်သတိထားမိပါသည်။

အိမ်မှာ သူနှင့် ငယ်စဉ်ကတည်းက အတူနေဖူးသော ကြီးတော်ရောက်လာတော့ သူငယ်ငယ်က နမော်နမဲ့နိုင်ပုံများကို ဇာတ်ကြောင်းပြန် ပြောပြပါသည်။ ငယ်စဉ်က သူတို့အိမ်တွင် ဇီးပင်ရှိရာ လမ်းလျှောက်လာရာတွင် ထိုဇီးကိုင်းကို မမြင်။ ဇီးကိုင်းမျက်စေ့တည့်တည့်ထိုးရာ မျက်လုံးကို တော်တော် ဆေးကုယူလိုက်ရသည်တဲ့။ ငယ်ငယ်ရွယ်ရွယ်နှင့် မျက်မှန်တပ်လိုက်ရခြင်းသည် ထိုဇီးကိုင်း စနက်မကင်းဟု ကြီးတော်က စွတ်စွဲသည်။ သူငယ်ငယ်က အိမ်တွင် အထည်ဆိုင်ဖွင့်ထားရာ နေ့လည်စာကို ထမင်းချိုင့်ပို့ရသည်မှာ သူ့တာဝန်ဖြစ်သည်။ တစ်ခါတစ်ရံ ထမင်းချိုင့်မပါပဲ သွားလိုသွားသည်။ တစ်ခါတရံ လမ်းမှာ ငေးမောကာ ခလုပ်တိုက်၍ ထမင်းချိုင့်မှောက်ကျသော အခါများကလည်း မရေတွက်နိုင်ပါတဲ့။

အိမ်ထောင်ကျတော့ သူ၏နမော်နမဲ့ နိုင်မှုများကို တဖြေးဖြေး ပိုသတိထားမိလာသည်။ သူသည် အရေးကြီးသော ကိစ္စများကို အလေးထားသလောက်၊ အရေးမကြီးသော ကိစ္စများမှာတော့ အမြဲလို နမော်နမဲ့ဖြစ်မြဲ။ အပြင်သွားလျှင် အကျီင်္ဝတ်လျှင် ပြောင်းပြန်ဝတ်သည်။ ရိုးရိုးရှပ်အကျီဆို အတွင်းအပြင် ပြောင်းပြန်ဝတ်သည်။ တီရှပ်ဆိုလျှင် အရှေ့အနောက် ပြောင်းပြန်ဝတ်သည်။ တစ်ခါဆိုလျှင် တီရှပ်ကို အတွင်းအပြင်ရော အရှေ့အနောက်ပါ ပြောင်းပြန်ဖြစ်အောင် ၀တ်ဖူးလေရာ  ဘေးကကြည့်သူမှာ အတော်ပင် မျက်စိလည်ရလေသည်။

တစ်ခါသား MRT  နှင့်ခရီးသွားကြရာ သူ့ကိုကြည့်ရသည်မှာ စိတ်ထဲ တစ်မျိုးဖြစ်နေသည်ထင်သည်။ သူ့လည်ပင်းကြီးပဲ အစ်နေသလိုလို။ သူ့ကြည့်ရတာ ကိုယ်တိုင်ပင် အစ်တစ်တစ်ကြီးဖြစ်နေသည်။ အသက်ရှူပင်ကျပ်သလို။ သေချာကြည့်မှ အလိုလေး မောင်မင်းကြီးသား တီရှပ်ကို ရှေ့နောက် ပြောင်းပြန်ဝတ်ထားခြင်းဖြစ်သည်။ ဘေးကလူတောင် အသက်ရှူကျပ်တာ၊ ကာရကံရှင်ဝတ်ထားသူက သိပင် မသိသည့်အဖြစ်မှာ ရယ်ချင်စရာကောင်းလှသည်။ သူ့ကြည့်ကာ သားအမိတွေ တူအရီးတွေ တခစ်ခစ်ရယ်သည်တွင် သူ့မှာ ရှက်ကိုးရှက်ကန်းနှင့် လူရှင်းသည့် ဘူတာရုံရှေ့ဆုံးကခုံလေးတွင်  ပြောင်းပြန်လှန်ဝတ်ရသည်။ တစ်ခါတစ်ရံလဲ ဓာတ်လှေခါးထဲမှာ ပြန်ဝတ်ရဖူးသည်။ ကားမောင်းရင်း လမ်းတွင် ခဏရပ်ကာ ပြန်ဝတ်ရတာမျိုးလဲ ကြုံဖူးသည်။

ဒီရောက်တော့ သူအများဆုံး နမော်နမဲ့ အနိုင်ဆုံးမှာ ရုံးသွားလျှင် ကမန်းကတမ်းထွက်သွား၊ ခဏနေတော့ ကားပြန်မောင်းလာကာ ပစ္စည်းတစ်ခုခု မေ့ကျန်၍ ပြန်လာယူရခြင်းဖြစ်သည်။ ရုံးက ကွန်ပြူတာ access သော့၊ ဟမ်းဖုန်း၊ ထမင်းဗူး အစရှိသည်တို့ဖြစ်သည်။ မေ့ကျန်ခဲ့ပြီဆို အိမ်ကသော့ခတ်ပြီးသားဖြစ်နေတော့ "မိန်းမရေ" ဆို သူခေါ်မည်။ တံခါးကို ခေါက်မည်။ ထိုအချိန် ဆွိဆွိတီကလဲ အိမ်နောက်ဖေး သမီးထမင်းချိုင့်အတွက် အလုပ်ရှုပ်နေရာ တံခါး၂ဆင့်ပိတ်ထားသော မီးဖိုချောင်မှ ဘာသံမှမကြားရ။ ဒီတော့ ဖုန်းကို လှမ်းခေါ်မည်။ တစ်ခါတစ်လေလဲ ကြားပါသည်။ သွားဖွင့်ပေးပါသည်။ ထိုအခါ သူကပင် တပြန် ကိုယ့်ကို " ဒီလောက်အော်ခေါ်နေတာတောင် မကြားဘူးလား။ ညည်းကတော့ နမူးနထိုင်းနဲ့ ခေါ်မကြားအော်မကြားပဲ ... "  ဟု အပြစ်တင်လိုက်သေးသည်။ ဤကဲ့သို့ အသံများမှာ အိမ်မှာ ကြားနေကျ နံနက်ချိန်ခါ တေးသံသာများ ဖြစ်ပါသည်။

နောက် သူနမော်နမဲ့နိုင်ပုံများ မိန်းမက မနက်ရုံးသွားဖို့ ထမင်းချိုင့်ပြင်ကာ အိမ်ရှေ့ ထွက်ခါနီး အပေါက်ဝနားက စင်ပေါ်တင်ပေးထားသည်။ တစ်ခါသားတွင် ထမင်းချိုင့်ထည့်သည့်အိတ် အနီရောင်ကနေ အဖြူရောင်ပြောင်းရာ ၃ရက်လောက် ထမင်းချိုင့် မပါပဲ ရုံးသွားလေသည်။ တင်နေကျ ဒီနေရာ ဒီစင်ပေါ်ပဲ တင်ထားရာ အိတ်အရောင်ပြောင်းသွားတော့ မြင်နေကျအိတ်မဟုတ်၍ မေ့ကျန်လေသတတ်။

ဟိုနေ့ကလဲ သူရုံးကို ထွက်သွားလို့ ကိုယ်က အိမ်နောက်ဖေး သမီးထမင်းချိုင့်အတွက် ကုန်းလုပ်နေတုံးရှိသေး လှစ်ခနဲဆို သူအခန်းထဲ ပြေးဝင် တစ်ခုခုယူပြီး ပြန်ထွက်လာတာ တွေ့လိုက်သည် ။ "အဟော် ... တော် တစ်ခုခု မေ့ကျန်ခဲ့ပြန်ပလား... " ဆိုတော့ ဘာမှ ပြန်ဖြေမပေးသွား။ တက်သုတ်ရိုက်ကာ ပြန်ထွက်သွားသည်။ အမ်မယ် ... ဒီတစ်ခါတော့ ငါ့လဲ ဖုန်းမခေါ် ၊ နမူးနထိုင်းတွေ
ခေါ်မကြား အော်မကြားတွေလဲ ပြောမသွားပါလားပေါ့ ... စဉ်းစားနေတုံးရှိသေး ...


" မေမေ ....." တဲ့ ။ အိပ်ရာထဲမှ မဂျူဂျူး ခပ်ကျယ်ကျယ် ခပ်ချွဲချွဲ အော်ခေါ်လိုက်သည့် အသံ ...


မီးဖိုချောင်ထဲအထိ အသံက ကြားရသည်။  ခါတိုင်းတော့ အဲဒီ အိပ်ပုပ်မ ဂျူဂျူကို မအေက ကျောင်းသွားခါနီးမှ အတင်းနှိုးရသည်။ နှိုးတာတောင် ပေကပ် အိပ်ချင်နေသေးတာ။ ဟော ဒီနေ့တော့ ထူးထူးခြားခြား ဂျူဂျူတို့ အစောကြီးနိုးနေပါလား။ မနက်တိုင်း မဂျူဂျူတို့ နိုးလျှင် သူ့ဟာသူဘယ်တော့မှ အိပ်ရာကမထ။ အမေကို ချွဲကာပတ်ကာ ဖတ်ကာဖြင့် မျိုးစုံဂျီကျပြီးမှ ထလေ့ရှိသည်။

"ငါ့သမီးလေး ဒီနေ့ အစောကြီး နိုးနေပါလား ဘယ်လိုဖြစ်တုံး ... " ဆို ထုံးစံအတိုင်း သားအမိ၂ယောက် ဖက်ကာ နမ်းကာဖြင့် ကြည်ဆယ် ကလူနေကြသည်။ ခဏနေတော့ ဂျူဂျူက စိတ်ဆိုးဆိုးနှင့် ပြောသည်။


" မေမေ .. သိလား ..  ဖေဖေက အစောကြီး နှိုးလို့ ဂျူဂျူ နိုးသွားတာ ... ဂျူဂျူက ဆက်အိပ်ချင်သေးတာကို " တဲ့ ။

ဟင် ... ဘာလို့ သမီးကို နှိုးပါလိမ့်ပေါ့။ စဉ်းစားနေတုံး ရှိသေး။ မဂျူဂျူ ဆက်ရှင်းပြမှ ငိုအားထက် ရယ်အားသန် ဖြစ်ရပါတော့သည်။

" ဖေဖေက တံခါးကို ခေါက်တယ်။ မေမေ့ကို အကျယ်ကြီးခေါ်တယ်။ အဲ့မှာ ဂျူဂျူလဲ လန့်နိုးသွားတယ်။ ပြီးတော့ ဂျူဂျူတို့အခန်းက  ပြတင်းပေါက်ကိုလဲ ခေါက်တယ်။ ဂျူဂျူ့ကိုနှိုးတယ်။  at the same time ဂျူဂျူ့ ဘေးက တယ်လီဖုန်းကြီးကလဲ ထမြည်လာတယ်။ ဒါနဲ့ ဂျူဂျူလဲ ထပြီး ဖေဖေ့ကို တံခါးဖွင့်ပေးလိုက်ရတာပေါ့    ..."

ဂျူဂျူရဲ့ at the same time ဆိုတဲ့နေရာလဲ ရောက်ရော။ အန်တီဆွိတို့ ရယ်တာ ရယ်တာ အူတောင်နာတော့မည်။ သူတို့ သားအဖအဖြစ်ကို ကြည့်ပြီးတော့။ ခလေးပီပီ အိပ်ကောင်းခြင်းအိပ်နေတာ ... သူ့အဖေ နမော်နမဲ့နဲ့ သူ့အမေ နမူးနထိုင်းတို့ကြား ထပြီး တံခါးဖွင့်ပေးလိုက်ရတာ။ ဒီခလေး မနိုးပဲ ရှိမလား ။     ။

Monday, March 19, 2012

အလ္လာပ သလ္လာပ

အန်တီဆွိလဲ ပြောချင်တာတွေ ဟိုစပ်စပ် ဒီစပ်စပ် များနေလို့ အကုန်ပေါင်းပြီးရေးလိုက်တော့မယ်။

 ဂျူဂျူလေး ပညာရေး
ပထမဆုံး ဂျုဂျုလေးအကြောင်းပြောရဦးမယ်။ သူ့ကျောင်း ပညာရေးနဲ့ ပတ်သတ်လို့ပေါ့။ ကို WD တို့လို ခလေးအဖေတွေ အမေတွေ စိတ်ဝင်စားကြမယ်ထင်ပါတယ်။

သမီးကို ဒီဖက်ပြောင်းတော့ ပရက်ရှာ မပေးချင်တာရော၊ ရောက်ခါစ သူပျော်ပါစေဆို မနှစ်က တစ်နှစ်လုံး ဒီတိုင်းပဲ ထားခဲ့တာ။ ဒါတောင် ကူမွန်က ဒီမှာ ဆက်တက်တော့ အဲဒီအိမ်စာ တော်တော်များတယ်။ ကျောင်းက အိမ်စာက ၁၀မိနစ် ၁၅မိနစ်လောက်ပဲ လုပ်ရတာ။ သင်္ချာမှာတော့ ကူမွန်ကျေးဇူးနဲ့ ၂တန်းကျောနေတာ။ သမီးအတွက် သင်္ချာကတော့ စိတ်ပူစရာ မရှိဘူးပေါ့ ။ ဒါပေမဲ့ ကူမွန်အိမ်စာက ထပ်ခါထပ်ခါ repeat တွေများတော့ သမီးက ပျင်းလာတယ်။ သူ ကူမွန်မတက်ချင်တော့ဘူး ပြောနေတာကြာပြီ။ ဒါပေမဲ့ သူ့ကို သင်္ချာ အခြေခံလေးကောင်းသွားအောင်ဆို သည်းညည်းခံပြီး ဆက်ထားတာ။

ဒီနှစ် year 3 မှာ Naplan စာမေးပွဲကရှိတော့ နဲနဲတော့ ပြန်ကိုင်မှဆို သူ့ကို အင်္ဂလိပ်စာ မေးခွန်းဟောင်းတွေ ပြန်ဖြေခိုင်း၊ essay writing တို့ ပြန်လုပ်ခိုင်းတော့ အဲမှာ စတွေ့တော့တာပဲ။ သမီးဟာ အိမ်မှာလဲ မြန်မာလိုပဲပြော၊ ဒီက ကျောင်းတွေကလဲ grammar ကို သေချာ မသင်လို့လားမသိ၊ သမီးဟာ စာကို ကောင်းကောင်းမရေးတတ်ဘူးဖြစ်နေတယ်။ အရင် စင်္ကာပူမှာ အနည်းအကျဉ်းသင်ဖူးတဲ့ Tense တို့ ဘာတို့ တွေပါ မေ့ကုန်ပြီး အင်္ဂလိပ်စာမှာ တော်တော်အားနည်းနေတာ တွေ့ရတယ်။ ဒါနဲ့ ဘုန်းကြီးကျောင်းမှာတွေ့နေကျ မြန်မာ သူငယ်ချင်းအချို့နဲ့ တိုင်ပင်ပြီး သမီးကို ကျူရှင်အပ်ဖို့ လုပ်ရတော့တယ်။ ကူမွန်ကိုရပ်လိုက်ပြီး ဒီက နာမည်ရှိတဲ့ couching class တစ်ခုမှာ သွားအပ်လိုက်ရတယ်။ အိမ်မှာလဲ စင်္ကာပူက မေးခွန်းဟောင်းတွေ အထုပ်လိုက်ကြီးကို တစ်နေ့ တစ်စုံလုပ်ခိုင်း၊ grammar ကိုလဲ ပြန်သင်ပေးရတယ်။

အမှန်က သမီးကို pressure မပေးချင်ဘူး။ ဒီမှာ ပြောင်းနေတဲ့ရည်ရွယ်ချက်ကိုက ခလေးလဲ stress နည်းစေဖို့ ၊ အားလုံး ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘ၀လေးရဖို့ ရည်ရွယ်ထားတာမဟုတ်လား။ ဒါပေမဲ့ ကိုယ်နေတဲ့ အရပ်က ကျောင်းကောင်းလို့ဆို ရွေးလိုက်တာမှာ အများစုတက်တဲ့သူတွေက အင်မတန် kia su တဲ့ ပြည်ကြီးတရုတ်၊ ကိုရီးယား၊ ဗီယက်နန်၊ စင်္ကာပူတရုတ် စတဲ့ အေရှန်းတွေပဲ ဖြစ်နေတော့ သူတို့တွေက ပညာရေးကို စလုံးတုံးကအတိုင်း အသည်းအသန် ခလေးတွေကိုဖိအားပေးလုပ်နေကြတော့ ကိုယ့်မှာ အခက်ကြုံရတယ်။ အန်ဆီဆွိစိတ်နဲ့သာဆိုရင်တော့ သမီးဥာဏ်ရည်နဲ့ အလည်အလတ်လောက် ကြိုးစားအားထုတ်မှုနဲ့ အချိန်တန် တက္ကသိုလ် တစ်ခုလောက် ၀င်နိုင်ရင်တော်ပြီလို့ မှန်းထားတာ။

 ဒီမှာလဲ Opportunity class တို့၊  selective school တို့လို အမှတ်ကောင်းမှ တက်နိုင်တဲ့ အတန်းတွေ၊ ကျောင်းတွေကို ခွဲထားတော့ အေရှန်းမိဘတွေက ခလေးတွေကို ပရက်ရှာတွေ ပေးနေကြတာ။ ကော့ကေးရှန်းတွေ အော်ဇီနေးတစ်ဖ်တွေကတော့ ခလေးတွေ အများကြီးမွေးကြတယ်။ ပြီးတော့ ကျောင်းမှာ တော်ရုံပဲ။ ခလေးတွေကို သိပ်လဲ ဂရုစိုက်မနေဘူး။ သူတို့အတွက်က အချိန်တန် ခလေးက သူ့လမ်းသူသွားမှာပဲ။ သူ့ဟာသူ လူတလုံးသူတလုံးတော့ ဖြစ်မှာပဲ ဆို ပရက်ရှာလဲ မပေးဘူး။ ကိုယ်တွေသာ အေရှန်းတောထဲမှာနေနေရတော့ ဒုက္ခရောက်တယ်။

ဒီမှာ ခလေးအမေတွေတွေ့ရင် အဲဒီ ခလေးကျောင်းအကြောင်း။ ဆရာမတွေအကြောင်း၊ ဘာသာရပ်တွေ၊ ကျူရှင်တွေ၊ တခြား အပြင်ပန်း class တွေကို အပြိုင်အဆိုင် ထားကြ၊ အဲဒီအကြောင်းတွေ ပြောကြနဲ့။ ကိုယ်က အဲဒီလိုဆို ပြုံးပြုံးလေးပဲလုပ်နေတယ်။ ဘာမှကို ၀င်မပြောဘူး။ ဒီလိုပရက်ရှာတွေ မလိုချင်လို့ ဒီဖက်ပြောင်းလာခါမှ ဒုက္ခလို့သာတွေးမိတယ်။ သူတို့ကတော့ ကိုယ့်ကို ပညာမတတ်၊ဘာမတတ် အူကြောင်ကြောင် ထင်ကြမလားတော့ မသိဘူး။

ပြီးခဲ့တဲ့ အပတ်ကတော့ ဂျူဂျူလေးလဲ တော်တော်ထရိန်းလိုက်တော့ အင်္ဂလိပ်က အခြေအနေ ပြန်ကောင်းလာပါပြီ။ အတန်းထဲမှာ သူတို့ရဲ့ performance ကိုကြည့်ပြီး ဘာသာရပ်အလိုက် gold card တို့ ဘာတို့လို ကတ်ပြားလေးတွေ တစ်လတစ်ခါ ပေးရာမှာ ဂျူဂျူလေးက writing အတွက် gold card လေးရလာလို့ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် ကျူရှင်ကလဲ အက်ဆေး အတွက် အဲလိုမျိုး ခပ်ဆန်ဆန် စာရွက်လေးရလာတယ်။ အမှန်က ကိုယ်ကသာ သမီးကို စိတ်ပူနေတာ။ သူကအရင်ထဲက ပြောဖူးပါတယ်။ သူအတန်းထဲမှာ essay ရေးရင် ဆရာမက good လို့ပြောတယ် ဘာညာပေါ့။ အတန်းထဲမှာတော့ သမီးက ကိုယ်ထင်ထားသလောက်တော့ ညံ့ပုံမပေါ်ပါဘူး။ ကိုယ်ကသာ အားမရတာ နေမှာ။

အမှန်က သမီးက ဥာဏ်လဲကောင်းပါတယ်။ စာတော့ လုပ်ရမှာ ပျင်းတယ်။ သမီးဟာ နဲနဲလေးလုပ်ပေးတာနဲ့ အချိန်တိုအတွင်းမှာ တိုးတက်လာတော့ အန်တီဆွိမှာ ၀မ်းသာရပါတယ်။ ကူမွန်ဖြုတ်လိုက်တာ သူလဲ အရမ်းဝမ်းသာတယ်။ ကျူရှင်အသစ်က အိမ်စာတွေကတော့ စဉ်းစားရတယ်၊ ပိုပြီး စိတ်ဝင်စားစရာလဲကောင်းတော့ သူလုပ်ရတာ အရမ်းပျော်ပါတယ်။ ဒီမှာလဲ IQ စစ်သလိုမျိုး General ability ဆိုတဲ့ ဘာသာရပ်တစ်ခုပါတယ်။ အထွေထွေ ဗဟုသုတနဲ့၊ IQ ကို ထရိန်းပေးတာပါ့။ အဲဒီဘာသာရပ်ကို သမီးက သိပ်စိတ်ဝင်စားတယ်။ သူ့အဖေကတော့ သူ့သမီးဖြေတာတွေ မှန်တယ်။ တော်တယ်ချည်းပြောနေတာပဲ။ အဲ့သားအဖ ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေကြတာ။

ကျူရှင်က တနင်္ဂနွေနေ့ ၃ဘာသာပေါင်း ( English, Numeracy, General ability and Writing) ကို ၃နာရီသင်ပါတယ်။ သမီးကတော့ မပင်ပန်းဘူးပြောတာပဲ။ ကျူရှင်ခက စုစုပေါင်း ၃နာရီကို အော်ဇီ ၅၈ ကျပ် ပေးရတယ်။ တစ်ပတ်စာပေါ့။ အိမ်စာအပြင် အတန်းထဲမှာလဲ စာတော်တော်များများ လုပ်ရပါတယ်။  တက်တဲ့သူလဲ တော်တော်နည်းပါတယ်။ သမီးတို့ အတန်းမှာ ၄ယောက်ပဲ ရှိတယ်။ ဒီမှာတော့ သူများထက် ပိုချွန်ချင်မှ ကျူရှင်တက်ကြတယ် ထင်တာပဲ။ ဒီမှာဘယ်လောက်ပဲ စာလုပ်ရတယ်ပြောပြော စင်္ကာပူမှာနဲ့စာရင်တော့ သက်သာပါသေးတယ်။ နောက်သူတို့ စာမေးပွဲတွေကလဲ တစ်နှစ်ခြားမှ တစ်ခါသာ ဖြေရတာဆိုတော့ ကိုယ့်ခလေးကို Opportunity class တို့၊  selective school တို့ မှန်းမထားဘူးဆိုရင်တော့ သက်သာပါတယ်။  အန်တီဆွိအနေနဲ့ကတော့ သမီးကို ပုံမှန်သာလုပ်စေချင်ပေမဲ့ ကိုယ်က အာရှတောမှာနေနေရတော့ သူများနောက်ကောက်ကျမှာလဲ ကြောက်ရသေးတော့ နဲနဲတော့ လုပ်ရပါတယ်။ သမီးကို ပျင်းသွားမှာလဲ ကြောက်လို့ပါ။

တရုတ်စာနဲ့ ပတ်သတ်လို့လဲ ပြောချင်သေးတယ်။ ဟိုမှာနေတုံးက ကိုယ်လဲသေချာမသိတော့ ဒီရောက်ရင် တရုတ်စာဖြစ်ဖြစ် နိုင်ငံခြားဘာသာရပ်တစ်ခုကို မယူမနေ ယူရမယ်ထင်ထားတာ။ သမီးမနှစ်က တရုတ်စာယူတော့ ဆရာမက စလုံးမှာတုံးကလို serious မရှိဘူး သင်တာက။ အဲမှာ တရုတ်ခလေးအမေတွေ ကွန်ပလိမ့်မျိုးစုံတက်ကြတယ်။ ကျောင်းကသင်တာမကောင်းလို့ နောင်နှစ်ကျရင်တော့ စုပြီး တရုတ်ကျူရှင်တက်ကြဖို့တောင် ပြောနေကြတာ။ ဒီနှစ်နှစ်စလဲ ဖွင့်ရော သမီးက သူ့သူငယ်ချင်း တရုတ်မလေးတွေ တရုတ်စာခန်းထဲမှာ မတွေ့တော့ဘူးတဲ့။ ဖုန်းဆက်ပြီး အမေတွေမေးတော့ သူတို့လဲ အကျိုးမရှိတော့ ဆက်မထားတော့ဘူး ဖြုတ်လိုက်ပြီတဲ့။ ကဲ။ ဒါနဲ့ပဲ အန်တီဆွိလဲ နှမြောမြောနဲ့ တရုတ်တွေတောင် မယူတာဆို ဖြုတ်လိုက်တော့တယ်။ သမီးက တရုတ်စာကောင်းခဲ့တော့ တော်တော်တော့ နှမြောတယ်။ သင်ထားခဲ့ ကျက်ထားခဲ့ရတာတွေ။ ဒီတော့ အင်္ဂလိပ်မှာတော့ ပိုပြီး ဖိလုပ်နိုင်တာပေါ့။ အင်္ဂလိပ်ကတော့ ဒီမှာ အရမ်းအရေးကြီးတယ်လေ။
 ဒါကတော့ ဒီက လက်ရှိ ဂျုဂျုလေး ပညာရေး အခြေအနေပါ။ မေလမှာ Naplan လို့ခေါ်တဲ့ အစိုးရစစ် စာမေးပွဲဖြေရမယ်။  အဲဒီက ခလေး အခြေအနေ၊ ကျောင်းတွေရဲ့ အခြေအနေပဲကြည့်တာ။ အစိုးရစစ်ပေမဲ့ serious တော့ သိပ်မရှိလှဘူး။


 အော်ဇီက အိမ်ဈေးတွေ
အော်ဇီမှာ လွန်ခဲ့တဲ့ ၃-၄နှစ်လောက်က အိမ်ဈေးတွေက ၃သိန်းခွဲ ၄သိန်း ပတ်ဝန်းကျင်လောက်ပဲ။ ပုံမှန် မိသားစု အခြေခံလူတန်းစားနေတဲ့ အိပ်ခန်း၃ခန်း အိမ်လောက်ပေါ့။ ခုတော့ ကိုယ်တွေ နေတဲ့အရပ်မှာဆို အိမ်ဈေးတွေက ၂ဆလောက်ဖြစ်သွားင်္ပြီ။ အိမ်ဘေးကပ်ရပ်က  အိမ်ကိုရောင်းလိုက်တာ ၅သိန်း ၈သောင်းတဲ့ဗျာ။ ဒါတောင် အိမ်က အရမ်းဟောင်းနေပြီ။ ကိုယ်သာဆို ဒီလောက်ဟောင်းတဲ့အိမ် အဲဒီဈေးနဲ့ မ၀ယ်ဘူးလို့  ပြောနေတာ။ ဒီနားပတ်ဝန်းကျင်က မြို့နဲ့ အရမ်းမဝေးတဲ့ အပြင် ကျောင်းတွေကကောင်းလို့ဆို အေရှန်တွေက ဈေးကြီးပေးပြီး အိမ်တွေကို ၀ယ်ကြ၊ ငှါးကြဆိုတော့ ဈေးက မြောက်တက်သွားတာပေါ့။ တခြားမကြည့်နဲ့ ။ ကိုယ်တွေလဲ ဒီအိမ်ငှါးတုံးက အိမ်ကိုတောင်းတဲ့ ဈေးထက် တစ်ပတ်ကို ၃၀ပိုပေးပြီး ငှါးခဲ့ကြတာ။ မရလိုက်မှာ ကြောက်လို့လေ။ အိမ်တစ်အိမ်ဖွင့်ပြီဆို လာကြည့်တဲ့လူတွေက ၁၀ဦး ၁၅ဦးလောက်ရှိတယ်။ 

တကယ်တန်း ၀ယ်ဖြစ်မယ်ဆိုရင်တောင် ဒီဖက်မှာတော့ ၀ယ်နိုင်မယ်မထင်ဘူး။ ဈေးပိုသက်သာတဲ့ မြို့လည်ခေါင်နဲ့ဝေးတဲ့အရပ်မှာပဲ ၀ယ်ဖို့မှန်းထားတယ်။ အဲဒီမှာ အိမ်လေးတွေက လှလဲလှ၊ ခြံနဲ့အိမ်နဲ့မှ ဈေးလဲ ဒီလောက် မကြီးဘူး။ အရင် ဒီလာမယ်ဆို  ဗီဇာလျှောက်တဲ့ အချိန် (၂၀၀၇လောက်က)လောက်က တွက်ရေးက စက်သူထေးပေါ့။ အိမ်ကလဲ စလုံးဈေးနဲ့ အတူတူ။ ငွေလဲလှယ်နှုံးကလဲ တူတူဆိုတော့။ ဟိုကအိမ်ရောင်းပြီး ဒီမှာ ၀ယ်ရုံပေါ့ အဟက် အဟက် ဆို။ ခုတော့ အန်တီဆွိတို့လဲ တွက်ကြည့်မှ စက်မရှိဖြစ်နေရတာ။ ငွေလဲလှယ်နှုံးကလဲ 1.3 ဆိုတော့လေ .. အဟင့်။  ဒီမှာ mortgage အတိုးနှုံးကလဲ အရမ်းများတယ်။ ဟိုတလောက ကြည့်လိုက်တာ ၆.၈ % ဆိုတော့ ငွေချေးဝယ်မယ်ဆို အိမ်က မူရင်းတန်ဘိုးတက် ၂ဆခွဲလောက်တောင်ဖြစ်သွားတော့မယ်။ ဒီလာချင်တဲ့သူတွေ အဲဒီကိစ္စလေးတွေ ထည့်စဉ်းစားစေချင်တယ်။ 

အန်တီဆွိတို့နားက အိမ်ဈေး

 အဲလိုနေရာလေးတွေမှာက ပိုသက်သာတယ်။

အားလုံးတွက်ကြည့်ပြီးတဲ့နောက်မှာ ခုအိမ်လေးမှာငှါးနေတာက အိမ်ဝယ်နေတာထက်အစစ၊ အရာရာ သက်သာနေလို့ ဒီမှာပဲ နေဦးမယ်လို့ မှန်းထားတယ်။ အိမ်ကလဲ သိပ်မစုတ်ဘူး၊ ကျောင်းကလဲ ကောင်းတယ်၊ သမီးကလဲ ကျောင်းမှာ သူငယ်ချင်းတွေနဲ့ နေသားကျနေပြီဆိုတော့လေ။ အိမ်ဈေးတွေ ကျသွားပြီ။ ဟိုကအိမ်ကလဲ PR ထပ်တိုးမရလို့ မရောင်းမဖြစ် ရောင်းရပြီဆိုရင်တော့ တစ်မျိုးပေါ့လေ။ 


စင်္ကာပူ PR ကိစ္စ
PR ထပ်တိုးမရဆိုလို့ စပ်ဆက်သွားလို့ ပြောရဦးမယ်။ အန်တီဆွိတို့ ဒီဖက်ပြောင်းမယ်ဆိုတော့ အဲဒီအချိန် စလုံးအစိုးရက PR တွေကို နိုင်ငံသားလျှောက်ဖို့ ဖိအားပေးတဲ့အချိန်။ ဦးခြိမ့်တောင် ပို့စ်တစ်ပုဒ်တင်ခဲ့သေးတယ်။ သူတို့ရည်မှန်းတာက အဓိက မလေးရှန်း လူမျိုးတွေ သူတို့နိုင်ငံမှာနေပြီး နိုင်ငံသားမခံပဲ PR အနေနဲ့နေနေကြတာကို ပြောလိုတာ။ သူတို့၂ နိုင်ငံချင်း နိုင်ငံရေးတွေလဲ ပါမှာပေါ့။ အဲဒီအချိန်ကတည်းက အန်တီဆွိတို့က စိတ်ပူတာ။ မတော်လို့ PR များ သက်တန်း ထပ်တိုးလို့ မရခဲ့ရင် ဘယ့်နှယ် လုပ်ကြပါ့မလဲပေါ့။ ကိုယ်တွေကလဲ ဒီပညာတွေပဲတတ်တာ။  ဒါနဲ့ပဲ လုပ်စားတတ်တာကိုး။ အဲလိုစိတ်ပူနေတဲ့ အချိန် အော်ဇီပီအာလေးရလာတော့ ၀မ်းသာတာပေါ့။ ဒါပေမဲ့ နောက်ပိုင်း ဒီမှာလဲ ဦးခြိမ့်က အလုပ်က ရှာမရနဲ့ ကျီးလန့်စာစား ဖြစ်နေရတဲ့ဘ၀။ နောက်မှ အလုပ်လေးမမျှော်လင့်ပဲ ရလာတော့ ၀မ်းသာသွားတာ။ ဒီဖက်က back up လေးရှိနေတော့ ဟိုက PR ထပ်တိုးလို့မရတော့ရင် ဆိုတဲ့ စိုးရိန်စိတ်တော့ လျော့သွားတာပေါ့။

ဒါနဲ့ ဟိုနေ့က စလုံးက ကိုယ့်ကိစ္စအ၀၀ ကူညီလိုက်လုပ်ပေးတဲ့ မောင်ဝမ်းကွဲလေး ဖုန်းဆက်လာတယ်။ သူတို့ PR သက်တန်းတိုးတာ ကြာနေပြီ။ ကျမလာဘူးဆိုပဲ။ ကိုယ်လဲ အရမ်းစိတ်ပူနေတာ။ အမှန်က သူတို့က ဒီဇင်ဘာထဲက သက်တန်းကုန်တာ မေ့နေလို့  ဇန်န၀ါရီလမှ သက်တန်းတိုးတာတဲ့။ အဲဒါ မကျ .. မကျနဲ့ အင်မီဂရေးရှင်းကို ၄ခါလောက်သွားတွေ့ မေးမြန်းပြီး နောက်ဆုံး ၃လနေမှ ကျလာတော့ သက်တန်း တစ်နှစ်ပဲ ရပါသတဲ့။ ကြားဖူးကြပါသလား PR ကို တစ်နှစ်ပဲ တိုးပေးတာ။ HDB မှာလဲ အိမ်ပိုင်နဲ့၊ လုပ်နေတဲ့ ကုမဏီကလည်း နာမည်ကြီး ကုမဏီအကြီးကြီးမှာ။ခလေးမရှိတာပဲ အားနည်းချက်ရှိတာ။ တစ်ခါတစ်ရံမှာ စလုံးအစိုးရရဲ့ လုပ်ပုံတွေက သိပ်ရယ်ရတယ်။ ပေးချင်တုံးကလဲ သူတို့ပဲ PR တွေ Citizen တွေချပေး။ လမ်းမှာ ခွေးဖြတ်သွား။ ခွေးတောင် အမြီးဖြတ်ပြီး PR ပေးတယ်ဆို ပြောကြသေးတာ။  ခုလဲ အဲဒီ PR သက်တန်းတိုးတဲ့ အခြေအနေက တစ်လနဲ့ တစ်လတောင် မတူဘူးလို့ပြောနေကြတယ်။ သူတို့ သတိမေ့နေတဲ့ ဒီဇင်ဘာလကသာ တင်လိုက်ရင် ပုံမှန် ၅နှစ်ရနိုင်ပေမဲ့ ဇန်န၀ါရီကျ ဘာပေါ်လစီ၊ ညာပေါ်လစီ၊ ဟိုလူကြီးက ဘာပြောတာ၊ ဒီဝန်ကြီးက ညာပြောတာ တွေပါ အကျိုးသက်ရောက်ပြီး ကံဆိုးမိုးမှောင်ကျ ပေါ်လစီချိန်းတာနဲ့ သွားကြုံတော့ အဲလိုတွေဖြစ်ကုန်တာတဲ့။ တစ်ခါတစ်လေကျ စလုံးအင်မီဂရေးရှင်းက လုပ်ပုံတွေက တော်တော်ကို စိတ်ပျက်စရာကောင်းပါတယ်။ ဘာမူ၊ ဘာသတ်မှတ်ချက်မှ တိတိကျကျမရှိပဲ စိတ်ထဲရှိသလို ထင်ရာစိုင်းနေသလိုပဲ။

နောက် EP တွေလဲ တော်တော်ရစ်နေကြတယ်ကြားတယ်။ သက်တန်းကုန်လို့ သက်တန်းတိုးရာမှာ reject ထိတဲ့သူတွေ တော်တော်ကြားနေရပါတယ်။ သွားမေးရင်တော့ အကြောင်းပြချက်ပေးပါသတဲ့။ အလုပ်မှာ လခက စလုပ်ကတည်းကမတိုးလို့၊ တိုးတက်မှုမရှိလို့၊ ရာထူးမတက်လို့၊ ဘာသင်တန်းမှ တက်ထားတာ မရှိလို့ အစရှိသဖြင့် မျိုးစုံရစ်နေပါသတဲ့။ အဲဒါကြောင့်ကိုယ့် အရည်အချင်းလေးတွေ ကိုယ်သွေးထားကြပါ။ အလုပ်မှာ အထောက်အကူပြုမဲ့ သင်တန်းလေးတွေတက်ထားကြပါ ပြောလိုပါတယ်။

ဒါတွေပြောနေတာက အန်တီဆွိက ဒီဖက်ရောက်တော့ ငါတော့လွတ်ပြီ ကျွတ်ပြီဆို လက်ခမောင်းထခတ် ပြီပြောနေတာ မဟုတ်ပါဘူး။ ဒီဖက်မှာလဲ ကိုယ်တွေက PR ပဲလေ။ အလုပ်တွေဘာတွေကလဲ အရမ်းအဆင်ပြေနေတာတော့ မဟုတ်ပါဘူး။ ဟိုဖက်ကထက် အလုပ်အကိုင်တွေ လူနေမှုဘ၀တွေ ပိုပျော်စရာကောင်း သက်သက်သာသာနေရတာက လွဲလို့ အစစအရာရာ ဈေးကြီးတဲ့ သူများနိုင်ငံမှာ နေရတဲ့ ဘ၀က ကျီးလန့်စာစားဘ၀ပါပဲ။

ကားလေးနဲ့ အန်တီဆွိ
ကားလေးဝယ်ပြီးတဲ့ နောက်မှာ ဘ၀ကြီးကတော့ နေရတာ ပိုကောင်းလာတာပေါ့လေ။ သက်သာလာတာပေါ့နော်။ ဘယ့်နှယ့်ပြောပါလိမ့်။ စိတ်သွားတိုင်းကိုယ်ပါ သွားလိုရာ သွားနိုင်တဲ့ ဘ၀ရောက်ပြီဆိုတော့ ဘ၀က တော်တော် အဓိပါယ်ရှိလာပါတယ် ... ရလဲ့ ...။ သမီးကလဲ အရင်က ကျောင်းသွား ကျောင်းပြန် နေပူပူ၊ မိုးရွာရွာ၊ ဘယ်လောက်အေးအေး သားအမိ၂ယောက် ဒုက္ခခံ လမ်းလျှောက်ခဲ့ကြပေမဲ့ ခုတော့ ဒီနေ့တော့သမီးရေ ရာသီဥတုလေးကောင်းတယ် အမေ အပြန် လမ်းလျှောက်လာကြိုမယ်ဆိုရင်ကို မရတော့ဘူး။  မေမေ ကားနဲ့ပဲ လာကြိုပါ ဆို သက်တောင့်သက်သာသွားရတဲ့ ဘ၀ကို သဘောကျနေပြီ။ ငပျင်းမလေးဖြစ်နေပြီ။ အန်တီဆွိကလဲ သမီးအကြောင်းပြချက်နဲ့ လမ်းကို မလျှောက်တော့ဘူးဂျာ။ ဦးခြိမ့်ကတော့ သားအမိတွေ ပျော်နေတယ် အဆင်ပြေတယ်ဆိုရင်ကိုပဲ သဘောတွေကျနေတာပါပဲ။

ကားလေးက သေးတော့ အရင်ကလို ကားပါ့ကင် မခက်ဘူး။ မောင်းရတာလဲ ပေါ့ပေါ့ပါးပါးရှိတယ်။ ဒီကလမ်းတွေ ကျဉ်းတာနဲ့လဲ အကိုက်ပါပဲ။ မောင်းစရှိတော့ ကားမောင်းရမှာလဲ မကြောက်တော့ဘူး။ အန်တီဆွိကတော့ အဲဒီကားလေး ၀ယ်မိတာ ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။ ဘ၀ဆိုတာ တစ်ခါတစ်လေ နေရကျိုးနပ်အောင် စိတ်အလိုလေးလဲ လိုက်နိုင်မှ နေရတာ နေပျော်မှာ မှို့လား။ ငွေတွေရှာ မွန်းကျပ်နေပြီး ပျော်စရာ ထွက်ပေါက်မရှိရင်လဲ အလကားပဲလေ။ ဟုတ်တယ် မဟုတ်လား ပိတ်သတ်ကြီး ...။း)

Job ..  Job.. Job
 ကားလေးကရှိလာတော့ အန်တီဆွိလဲ အနီးအနား အလုပ်လေးဘာလေး ထွက်လုပ်မလား စိတ်ကူးမိတယ်။ cashier လို၊ စားပွဲထိုးလို၊ child care လို casual  job လေးတွေပေါ့။ ကြာတော့လဲ အိမ်ထဲမှာ တကုတ်ကုတ်နဲ့ ဘ၀ကို ပျင်းချင်သလို ဖြစ်လာတဲ့ အပြင်၊ ကိုယ်ပိုင် ၀င်ငွေလေးလဲ ရှာချင်သေးတာကိုး။ ဦးခြိမ့်နဲ့ တိုင်ပင်ကြည့်တော့ သူက မလုပ်စေချင်ဘူး။ ဒီမှာက မိသားစု life ကို ဦးစားပေးတော့ အလုပ်မလုပ်ရင်သာ အစိုးရက ထောက်ပံ့ကြေးပေးထားတာ။ ကိုယ်က မစို့ မပို့ part time လောက်လေး လုပ်မယ်ဆိုရင်တော့ဖြင့် ငွေရေး၊ ကြေးရေးအရ ထောက်ပံ့ကြေးကလဲ မရတော့မဲ့ အပြင် ခလေး child care တွေက အရမ်းဈေးကြီးတာရော၊ tax ပေးရမှာရော  အဲဒါတွေ အကုန်ပြန်တွက်ရင် သိပ်မကိုက်ပါဘူးတဲ့။ လုပ်တာနဲ့ မလုပ်တာ ငွေရေးကြေးရေးက မထူးပါဘူးတဲ့။ အိမ်က အလုပ်တွေ လစ်ဟင်းမယ်။ ၂ယောက်လုံး အလုပ်လုပ်တော့ pressure မိမယ်။ အိမ်မှာ မချက်နိုင်လို့ အပြင်မှာစားရင်လဲ ဒီမှာက အရမ်းဈေးကြီးတာကိုး။

ဒီမှာ ကိုယ်က အရင် အလုပ်အတွေ့အကြုံအတိုင်း လခကောင်းကောင်းနဲ့ professional full time လုပ်မယ်ဆိုရင်လည်း ဟိုမှာ အိမ်အကူရှိတာတောင် အန်တီဆွိ ညည်းလွန်းလို့ သည်းညည်းမခံနိုင်တာ ဒီမှာဆို ပိုဆိုးတော့မှာပေါ့ဆို ဦးခြိမ့်က မလုပ်စေချင်ပြန်ဘူး။ ကိုယ်ကတော့ အတွေ့ အကြုံတွေ တတ်ထားတာတွေကိုတော့ နှမြောမိတာ အမှန်ပဲ။ ကိုယ့်အလုပ်ကံလေး ပြန်စမ်းချင်လို့ အလုပ်ရရ မရရ၊ CV လေး ပြင်ပြီး အင်တာဗျူး အတွေ့ အကြုံလေးပဲရရ အလုပ်လျှောက်ကြည့်ချင်နေမိတယ်။ ကိုယ့်စိတ်ကြိုက်ပြောရရင်တော့ အရင် အလုပ်အတွှေ အကြုံအတိုင်း အိမ်မှာ CAD ဆော့ဝဲလ်လေးသုံး  ME ဒီဇိုင်းလေးလုပ်နိုင်တဲ့ အလုပ်မျိုးလေး လုပ်ချင်လိုက်တာ ။ အဟက် ပြောတတ်တယ်နော် ... အန်တီဆွိကး)

ဒီမှာ ခလေးတွေနဲ့ လင်မယား၂ယောက်လုံး အလုပ်လုပ်တဲ့ family တွေလဲ ရှိတာပဲ။ သူတို့ကိုတော့ အန်တီဆွိက အင်မတန်ကို ချီးကျူးပါတယ်။ ဥပမာ ဘလောဂါ ကိုအန်ဒီတို့ မိသားစုလိုပေါ့။ အိမ်မှာလဲ စလုံးမှာလို အကူခေါ်လို့မရဘူးလေ။ အဲသလိုဆိုလဲ ဖြစ်တော့ ဖြစ်သွားတာပါပဲ။  ဒါပေမဲ့ အပေါ်ကပြောသလိုပေါ့။ တစ်မိသားစုလုံး pressure မိမယ် ။ အိမ်မှုကိစ္စတွေ လစ်ဟင်းမယ်ပေါ့။ ဒါနဲ့ပဲ အန်တီဆွိတော့ ဈေးလေးပတ်လိုက်၊ သမီးကြိုလိုက်၊ ဘလော့လေးရေးလိုက် အွန်လိုင်းတက်လိုက်နဲ့ နေနေရတယ်။

Inspection နေ့
full time အိမ်ရှငိမဆိုတော့ အိမ်ကိုတော့ သန့်ရှင်းအောင်ထားပါတယ်ခင်ည။ အဲ အင်စပက်ရှင် လာရင်တော့ ဒီထက်ပိုကဲပြီး တစ်အိမ်လုံး ပစ္စည်းတွေ ရှုပ်မနေအောင်ပဲ ဘီရိုတွေထဲ ထည့်ပြီးရှင်းရပါတယ်။ အဲနေ့က အမှတ်တရ ရိုက်ထားတာပါ။






ဒီကအိမ်တွေက စလုံးက အိမ်တွေလောက်တော့ အထဲမှာမသစ်ဘူး။ ဒါတောင် ဒီအိမ်က renovation လုပ်ထားတာ မကြာသေးဘူး။ ဒီလို လုံးချင်းအိမ်မဟုတ် villa မှာတောင် ဒီဖက်မှာ ဒီလောက်အခြေအနေကို အော်ဇီ ဖွတ်ကလိဒင်္ဂါး ၆သိန်းလောက်နီးပါးဆိုတော့လဲ ဟင်းးးး.... ဆို သက်ပျင်းသာ ချမိပါတယ်။