Wednesday, December 30, 2009

လမ်းညွှန်ဆိုင်းဘုတ်

ဂျူဂျူတို့အဖေ oversea ထွက်သွားကတည်းက မဆွိတီတို့ ဘယ်သွားသွား ကိုယ့်အားကိုယ်ကိုး လမ်းတွေ နေရာတွေ မှတ်စရာရှိတာတွေ မှတ်ပြီးသွားရတာ။ ဒီထဲ သမီးဂျူဂျူနဲ့ သူ့ကြီးတော်ပါ အဆစ်ပါသေး။ အရင်ကတော့ သွားစရာရှိ အိမ်ထောင်ဦးစီးကြီးနောက် တကောက်ကောက်လိုက်နေတဲ့ မိသားစုဝင်တွေဟာ ခုတော့ လမ်းညွှန်ဆိုင်းဘုတ်တွေလဲ ဖတ်တတ်ပြီ။ မြေပုံအညွှန်းတွေလဲ ကောင်းကောင်းကြည့်တတ်နေပါပြီ။

ရှော့ပင်းစင်တာတွေ ရောက်ရင်လဲ လမ်းညွှန်ဆိုင်းဘုတ်တွေနဲ့ Arrow တွေကြည့်ပြီး ဒါကတော့ MRT သွားတဲ့ လမ်း၊ ဒါကတော့ Toliet၊ ဒီလမ်းကတော့်Food court အစရှိသဖြင့် ကြည့်ပြီး သွားတတ်၊ မှတ်တတ်နေကြပါပြီ။ ဒီထဲ အားအကိုးရဆုံးကတော့ သမီးလေး ဂျူဂျူပေါ့။ သူက သွက်လဲသွက်၊ E လိုကလဲ ကောင်းကောင်းတတ်နေပြီဆိုတော့ သူ့ကြီးတော်ထက်တောင် တစ်ခါတစ်လေ အားကိုးရသေး။ သူ့ကြီးတော်နဲ့ အမေ ၂ယောက်လုံးကလဲ လမ်းတွေ ၊ direction နဲ ပတ်သတ်ရင် ခပ်ပိန်းပိန်းတွေကိုး။

မနေ့က ကိုယ့်အခန်းက အိမ်သာနံဘေး နံရံမယ် စာရွက်လေးတစ်ခု ကပ်ထားတာ တွေ့လိုက်မိတယ်။ ဘာများပါလိမ့်ဆို ဖတ်လိုက်တော့ မဂျူဂျူရဲ့ လက်ရာ လမ်းညွှန်ဆိုင်းဘုတ်ကြီးပါတကား။ ခပ်တည်တည်နဲ့ရေးပြီး အိမ်သာနားကပ်ထားတာ။ ဖတ်ပြီး ကြီးတော်ရော၊ အမေရော ရယ်လိုက်ရတာ။

Monday, December 28, 2009

စင်္ကာပူမှ ခလေးများအတွက် ကူမွန် သင်တန်းကျောင်း


စင်္ကာပူမှလို့ခေါင်းစဉ်တပ်ထားပေမဲ့ ကူမွန်(Kumon) သင်တန်းက တကယ်တော့ world wide educational franchise company တစ်ခုပါ။ ဂျပန်၊ အော်ဇီ၊ အင်္ဂလန်၊ US အစရှိသဖြင့် နိုင်ငံပေါင်း ၄၄နိုင်ငံမှာ ရှိနေပါပြီ။ သူငယ်တန်းကစပြီး ကောလိပ်ရောက်တဲ့ အထိ တက်လို့ရပါတယ်။ အဓိကက သင်္ချာနဲ့ အင်္ဂလိပ်စာ reading သင်တန်းတွေပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က ဂျပန်ကစခဲ့တဲ့ သင်နည်းစနစ်တစ်ခုဖြစ်ပါတယ်။ ကျောင်းဆရာ ဖခင်တစ်ယောက်က သူ့သားလေး ကျောင်းမှာ သင်္ချာမလိုက်နိုင်လို့ အိမ်မှာ လေ့ကျင့်ပေးတဲ့ နည်းတစ်ခု တီထွင်ခဲ့ရာက အစပြုခဲ့ပါတယ်။

သမီးကို အင်္ဂလိပ်နဲ့ တရုတ်ကို အိမ်မှာကျူရှင်ရှိပြီးသားပါ။ သင်္ချာကိုတော့ ကိုယ်တိုင်သင်ပေးပါတယ်။ ဒီကြားထဲ ဟိုဟိုဒီဒီ ကူမွန် ... ကူမွန်ဆိုတာ ကြားလာတော့ သမီးအတွက် ဘာတွေ သင်ပေးနိုင်မလဲဆိုတာ သွားလေ့လာခဲ့တယ်။ ပထမတော့ အင်္ဂလိပ်စာထားဖို့ သွားတာပါ။ နောက်မှ ကူမွန်က သင်္ချာအဓိကဦးစားပေးကျောင်းဆိုတာ သိရပါတယ်။ ၂ဘာသာမှာမှ သင်္ချာကိုပဲ အရင် ယူကြည့်ဖို့ အဲဒီက ကျောင်းအုပ်ဆရာမက တိုက်တွန်းပါတယ်။

ပထမတော့ ကူမွန်ဆိုတာ ကိုယ်တွေ ၉တန်း ၁၀တန်းက တက်ခဲ့တဲ့ ကျူရှင်တွေလို ထင်လိုက်တာ။ တကယ်တော့ စာသင်တဲ့ ကျူရှင်တော့လဲ မဟုတ်ပေဘူး။ Study Guide လိုမျိုးဆို ပိုမှန်မယ်ထင်ပါတယ်။ သူ့ရဲ့ သင်ပုံသင်နည်းက ဆန်းကျယ်လွန်းလို့ ဒီမှာ အကျယ်တ၀င့် လာပြောရတာပါ။

သမီးကိုသွားအပ်တော့ ပထမဆုံး သူ့ရဲ့ သင်္ချာအဆင့်ကို စစ်ပေးပါတယ်။ ပြီးတော့ သူနဲ့ကိုက်ညီမဲ့ သင်ရိုးကနေ စပြီး သင်ကြားရမယ်လို့ ပြောပါတယ်။ ကူမွန်ရဲ့ ကိုယ်ပိုင် syallabus အတိုင်း ခလေးရဲ့ စာလိုက်နိုင်တဲ့ အခြေအနေပေါ်မူတည်ပြီး သင်ခန်းစာတွေ တစ်ခုပြီးတစ်ခု တက်သွားမှာပါ။ ကိုယ်ပိုင် သင်ရိုးပေမဲ့ International သင်ရိုးနဲ့ အညီဆွဲထားတာပါ။ ဒါကြောင့် ကူမွန်မှာတက်နေတဲ့ ခလေးတစ်ယောက်ဟာ သူ့ဥာဏ်ရည်နဲ့ ကျိုးစားအားထုတ်မှုပေါ်မူတည်ပြီး သူငယ်တန်းပေမဲ့လည်း Primary 2 သင်ခန်းစာတွေ တတ်ပြီးသူလဲ ဖြစ်နေနိုင်ပါတယ်။ Primary 3 ကျောင်းသူတစ်ယောက်ဟာ ကောလိပ်က သင်္ချာသင်ခန်းစာတွေ ကောင်းကောင်းလုပ်နေတဲ့ ဗီဒီယိုကို ကြည့်ခဲ့ရပါတယ်။ အဲဒီဗီဒီယိုကိုကြည့်ပြီး သမီးကို သင်္ချာ သင်တန်းအပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကြော်ငြာကောင်းတယ်ပဲ ပြောရမလား။

တစ်ပတ်မှာ တစ်နာရီသင်တန်း ၂ချိန် ကူမွန်သင်တန်းကျောင်းကို သွားရပါတယ်။ သင်တန်းက Individual basic ဆိုတော့ သမီးတက်မဲ့ အတန်းမှာ သူငယ်တန်းလဲပါနိုင်တယ်။ Primary 4 လဲ ပါနိုင်တယ်။ အားလုံးရောပြီး တက်ရပါတယ်။ ကောလိပ်ကျောင်းသားတောင်ပါနိုင်ပါတယ်။ White board ကြီးမှာ စာတွေရေးပြီး ရှင်းပြသင်ပြနေမှာ မဟုတ်ပါဘူး။ တစ်ယောက်ချင်းစီအတွက် သီးသန့် work sheet တွေ ထုတ်ပေးပြီး အဲဒီ work sheet တွေကို သတ်မှတ်ထားတဲ့ အချိန်အတွင်းပြီးအောင် လုပ်ရမှာပါ။ မေးခွန်းတွေက multiple choice လို သဘောမျိုးတွေ၊ ကွက်လပ်ဖြည့်သလိုတွေဖြစ်ပြီး work sheet တစ်ခုကို မိနစ်၂၀လောက် ဖြေရတယ်လို့ပြောပါတယ်။ ကျောင်းက stop watch လေးပေးထားပြီး work sheet ကို အချိန်မီ မပြီးရင်၊ ဒါမှမဟုတ် အမှားတွေ များနေရင် အဲဒီ work sheet ကိုပဲ အစအဆုံး repeat ပြန်လုပ်ရပါတယ်။ မသိရင်မေးဖို့လဲ ဆရာမတွေ အနားမှာရှိပါတယ်။

စာမသင်ပဲ စာရှင်းမပြပဲ ခလေးနားလည်နိုင်ပါ့မလားဆိုတာတော့ ကိုယ်လဲ ပထမတော့ သံတယဖြစ်မိပါတယ်။ work sheet ပေးတဲ့ အခါ ပထမဆုံး နမူနာ ပုစ္စာကို ဥပမာလေးနဲ့ ရှင်းပြထားတယ်လို့ပြောပါတယ်။ ပြီးတော့ ပုစ္စာတွေက တစ်ပုဒ်ချင်းစီတက်သွားတိုင်း နဲနဲခက်လာပါတယ်။ ဒီနည်းနဲ့ သင်ခန်းစာတွေကို ခလေးတစ်ဦးချင်းစီမှာ မြန်မြန်တွက်တတ်လာအောင်၊ မိမိကိုယ်ကိုယ် ယုံကြည်မှု self confident ရှိလာအောင်လေ့ကျင့်ပေးသလို ဖြစ်လာပါတယ်။

ကျောင်းမတက်ရတဲ့ ရက်တွေအတွက်လဲ နေ့စဉ်လုပ်ဖို့ home work (work sheet ) တွေ ပေးလိုက်ပါတယ်။ အိမ်မှာ မိဘ အုပ်ထိမ်းသူ guide လုပ်ပြီး မိနစ်၂၀ လောက် အချိန်ပေး ဘေးမှာထိုင် တစ်ချို့နားမလည်တာလေးတွေရှိရင် ရှင်းပြပေးရပါတယ်။ ကျောင်းသွားအပ်တဲ့နေ့ကထဲက အိမ်မှာ သုံးဖို့အတွက် stop watch ကို ပေးလိုက်ပါတယ်။ Stop watch ကြီးဘေးမှာချပြီး လုပ်ရတော့ ခလေးအတွက် stress များမှာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒီနည်းနဲ့ တိုးတက်လာတဲ့ ခလေးတွေ အများကြီးပဲဆိုတာ ခလေးမိဘတွေက recommend လုပ်ထားတော့ ဒီနည်းကို လျော့တွက်လို့မရပါဘူး။ သမီးအတွက်တော့ တိုးတက်မှုကို စောင့်ကြည့်ရဦးမှာပါ။

တစ်ချို့ကလည်း work sheet တွေပဲ ထိုင်လုပ်နေရတော့ very boring ပျင်းစရာကောင်းတယ်ဆို မကြိုက်ကြပါဘူး။ work sheet တစ်ခု မှားတိုင်း အပြန်ပြန် အလှန်လှန် repeat လုပ်ရတယ်ဆို ပိုဆိုးပါတယ်။ သူက repeat လုပ်ရင်းနဲ့ memorize လုပ်သလို သဘောဖြစ်သွားတော့ တစ်ချို့က thinking ပိုင်းမှာ အားနည်းသွားတယ်လို့ဆိုပါတယ်။ ကူုမွန်မှာ သူ့သား၂ယောက်လုံးကို ထားခဲ့တဲ့ ကိုယ့်အထက်အရာရှိကတော့ အားပေးပါတယ်။ ဒါပေမဲ့ သူ့သားတွေ ကျောင်းမှာ သင်္ချာချိန်ကျ ဆရာတွေက complaint တက်ခံရပါတယ်။ စာတွေက သိပြီးသားတွေ သူတို့ သိထားတာထက် ၂တန်းလောက်အောက်ရောက်နေတော့ ခလေးက စာသင်တဲ့ အချန်မှာ စိတ်မ၀င်စားပဲ ဆော့နေပါတယ်တဲ့။ နောက်တစ်ခုက ကူမွန်က သင်ခန်းစာတွေ လွယ်ကူတုံး အတန်းငယ်တွေ အတွက် ကောင်းပေမဲ့ အတန်းကြီးလာတဲ့အခါ၊ သင်ခန်းစာတွေ ခက်လာတဲ့အခါတော့ သိပ်မကိုက်တော့ဘူးလို့ ပြောပါတယ်။ ဒါတွေကတော့ ကူမွန်ရဲ့ အားနည်းချက်တွေပါ။
ကျောင်းလခက တစ်လကို ၈နာရီစာ စင်္ကာပူဒေါ်လာ ၁၂၀၊ နဲ့ ကျောင်းဝင်ကြေး ၃၀ပေးရပါတယ်။

အကျယ်သိချင်လျင် အောက်က web page လေးမှာ သွားလေ့လာနိုင်ပါတယ်။
http://www.kumon.com/default.asp?language=USA

Saturday, December 26, 2009

ဂျူဂျူတို့ ရက်တွက်ပုံ ...

တစ်နေ့သောညက မအေလုပ်သူ ရုံးကပြန်တော့ အမေနား သမီးက ကပ်နေတယ်။ ပြီးမှ ဘာသတိရတယ်မသိ .. ရုတ်တရက်ကြီး ...

မေမေ ... မေမေ ... ဒီနေ့က ၉ရက်နေ့ မဟုတ်လား ...

အေးဟုတ်တယ်လေ .... ဘာဖြစ်လို့လဲ သမီးရဲ့ ... ။

အဲဒါဆို မနက်ဖြန် အင်္ဂါ ... ၁၀ရက်နေ့ ... မနက်ဖြန်ရဲ့ မနက်ဖြန် က သဘက်ခါ ... ၁၁ ရက်နေ့ ...

သဘက်ခါရဲ့ မနက်ဖြန်က ... ၁၂ရက်နေ့ ...

ဒါဆို... မေမေ ဂျူဂျူတို့ ကျောင်းက concert က သဘက်ခါရဲ့ မနက်ဖြန်ရဲ့ မနက်ဖြန်နော် တဲ့...
သူပြောမှ ကိုယ်တောင် နဲနဲခေါင်းမူးသွားတယ်။

ကိုယ်တောင်ယောင်ပြီး ဟဲ့ အဲဒါ သဘက်ခါရဲ့ သဘက်ခါပေါ့ဆို ပြောမိသေးတယ် ...


တော်တော်လဲ ရွှေဥာဏ်တော်စူးရောက်တဲ့ မဂျူဂျူ။

လာမဲ့ သောကြာနေ့ ကျောင်းဆင်းပွဲ concert ရက်ကို တွက်ပုံလေးပါ။
ရက်တွက်နည်းသိသွားသူများ ... မဂျူဂျူကို ကျေးဇူးတင်ကြောင်း မန့်ခဲ့ကြပါရှင်။

အော် ဒီနေ့ ခရစ်စမတ်နေ့နော် ... ဖိန်းနွှဲခါရဲ့ ဖိန်းနွှဲခါရဲ့ မနက်ဖြန်ဆို နှစ်သစ်ရောက်ပြီလေ ...

Friday, December 25, 2009

ယောက်ျား ရှိခိုး သွားမကျိုး ...

မဆွိတီတို့ သူငယ်ချင်းထဲက တစ်ယောက်ပေါ့လေ။ သူက တစ်ချို့ကိစ္စတွေမှာ နဲနဲ ကွန်ဆာဗေးတစ်ဆန်တယ်။ ရှေးရိုးစွဲတယ်ပြောရမှာပေါ့။ သူတို့မိသားစု မျိုးရိုးဓလေ့စရိုက်ကိုကပဲ အဲလို ရှေးရိုးစွဲတာဖြစ်ဟန်တူပါရဲ့ ။

ဟိုတစ်နေ့ကမှ သိလိုက်ရတာ ... သူကသူ့ယောက်ျားကို ညတိုင်းရှိခိုးပြီးအိပ်သတဲ့လေ။ ဒီခေတ်ကြီးထဲများ ယောက်ျားရှိခိုးအိပ်တယ်ဆိုတော့ အံ့လဲအံ့သြ၊ ရယ်လဲရယ်ချင်သွားတယ်။ ဘာလို့လဲဆိုတော့ သူ့အမျိုးသားကလဲ သူနဲ့ ရွယ်တူ၊ အတန်းတူ သူငယ်ချင်းကနေ ကြိုက်ပြီး အိမ်ထောင်ပြုကြတာကိုး။ ကိုယ်ကလဲ ၂ယောက်စလုံးကို ကျောင်းကထဲက သိနေ၊ ခင်နေတော့ ရယ်ချင်သွားတာ။

အဲဒါ လင်မယား ဘာသာ၊ဘာဝ အမြဲတမ်းတော့ ဘယ်တည့်မလဲနော့။ တစ်ခါတစ်လေ ရန်ဖြစ်တဲ့နေ့တွေ၊ စိတ်ကောက်ကြတဲ့နေ့တွေ လည်းရှိမှာပေါ့။ အဲဒီလို ရာသီဥတု မသာမယာဖြစ်တဲ့နေ့တွေကျရင်ကော ဘယ်လိုလဲ။ အဲလိုနေ့တွေတော့ မရှိခိုးတော့ဘူးပေါ့ဆိုတော့။ ဘာပြောတယ်ထင်တုံး။

အဲလို စိတ်ဆိုးတဲ့အခါဆိုရင်တော့ ထိုင်ကန်တော့မနေတော့ပဲ ကုတင်ပေါ်ကတင်ပဲ ယောက်ျားဘက်လှည့်ပြီး "တော့ကို ကျုပ်ရှိခိုးတယ်တော် " ဆိုပြောသတဲ့။ စိတ်ဆိုးပါတယ်ဆိုမှတော့ လေသံက ဘယ်သို့ ဘယ်ပုံဖြစ်မလဲဆိုတာတော့ ပိတ်သတ်ကြီး ကိုယ့်ဟာကိုယ်သာ စဉ်းစားကြပါကုန်။
ယောက်ျားလုပ်တဲ့သူက တစ်ဖက်ကနေ ခေါင်းငြိမ့်ပြီး ... အင်း ... အင်း ... အင်း .. ဆိုပြောမှပဲ ... သူလဲ ဟိုဘက်ကို ဆောင့်အောင့်ပြီး ယောက်ျားနဲ့ဝေးရာဘက် လှည့်အိပ်ပါလေရောတဲ့။


သူပြောတဲ့ပုံကွင်းကွင်းကွက်ကွက်မြင်ပြီး ရယ်လိုက်ရတာ။ ဖတ်ဖတ်ကိုမောရော။ စိတ်ကောက်တယ်ဆိုလဲ မရှိခိုးပါနဲ့တော့လား။ ခုတော့ ...

(သူငယ်ချင်းမရှိတုံးလေး သူ့အကြောင်းလေး ဖွထားတာပါ ... စိတ်မဆိုးလောက်ဘူးထင်ပါရဲ့ ..)

Saturday, December 19, 2009

Chicken ဆာတေး

လွန်ခဲ့တဲ့ ၂ပတ်လောက်က ဟော်ကာစင်တာတစ်ခုမှာ ထမင်းသွားစားတော့ ဂျူဂျူ ဆာတေးစားချင်တယ်ဆိုလို့ ဝယ်ကျွေးလိုက်တာ ၅ကျပ်ဘိုး ၁၀ချောင်း တစ်ထိုင်တည်းနဲ့ ကုန်ပါရောလား။ ဆာတေးက ချိုတော့ သမီးကကြိုက်တယ်နဲ့တူရဲ့။ ဒါနဲ့ အိမ်မှာ လက်တည့်စမ်းပြီး လက်ဖြစ် ဆာတေးလေး လုပ်စားဖြစ်ပါတယ်။

လိုအပ်သောပစည်းများ
ကြက်ရင်ပုံတစ်ခြမ်း - အသားလေးတွေချည်း လက်မအရွယ်လောက်လေးတွေ ရှည်ရှည်လေးတွေ လှီးထားပါ။
အုန်းနိူု့ အပျစ် -စားပွဲဇွန်း တစ်ဇွန်းခန့်
စပါးလင် - တစ်ချောင်းရဲ့ တစ်ဝက်ခန့် -ပါးပါးလေးတွေ လှီးထားပါ။
ဇီယာမှုန့် - လက်ဖက်စားဇွန်း တစ်ဇွန်းမောက်မောက်
ဂျင်း - ပါးပါး တစ်ခု
ကြက်သွန်ဖြူ - ၂ မွှာခန့်
ကြက်သွန်နီ -ဥခပ်သေးသေး တစ်လုံးခန့်
သံပုရာရည် လက်ဖက်ရည် ဇွန်းတစ်ဝက်ခန့်
သကြား- စားပွဲဇွန်း တစ်ဇွန်းမောက်မောက်
ပဲငံပြာရည် အကြည်ရည် - လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ပုံမှာပြထားတာနဲလို့ အရောင်မလှလို့ ထပ်ထည့်ရပါတယ်)
ဆား - သင့်ရုံ

စပါးလင်၊ ကြက်သွန်ဖြူ၊နီ၊ ဂျင်း၊ စပါးလင် တို့ကို ငရုပ်ဆုံတွင် ညက်ညက်ထောင်းပြီး လှီးထားတဲ့ ကြက်သားထဲကို အပေါ်မှ Intgredient တွေအားလုံး ထည့်နယ်ပါ။

ပြီးရင် ရေခဲသေတာထဲ တစ်နာရီခန့်ထည့် ပြီး နှပ်ထားပါ။ ညသိပ်နှပ်ရင် ပိုကောင်းပါသည်။

ဆာတေးတုတ်ကို ရေစိမ်ထားပါ။ မီးကင်နေတုံး မီးလောင်မလွယ်အောင် ရေစိမ်ရတာပါ။

တစ်နာရီခန့်ကြာလျင် ကြက်သားကို ရေခဲသေတာမှထုတ်ပြီး တုတ်တွင်ထိုးပြီးကင်ပါ။ မီးသွေးဖိုကခက်လို့ အိမ်မှာရှိတဲ့ grill သေးသေးလေးနဲ့ပဲ ကင်ပါတယ်။

ကင်နေတုံး ထောပတ် သို့ မာဂျရင်း သုတ်လိမ်းပေးပါ။

၁၀မိနစ်-၁၅မိနစ်ခန့် ကင်လျင် Chicken ဆာတေး မွှေးမွှေးလေး ရပါပြီ။























Saturday, December 5, 2009

ၿပား၂၀ မဆြိတီ

ဦးစပ်လူ၊ ဦးစပ်ဖခေါ်တဲ့ တရုပ်ကြီး ညီအစ်ကိုဟာ တရုတ်ပြည်မှာ စီးပွားမကောင်းလို့ မြန်မာပြည်မှာ စီးပွားလာရှာကြတယ်။ အဲ့မှာပဲ အညာက ဗမာမတွေနဲ့ အိမ်ထောင်ရက်သားတွေကျပြီး ဗမာပြည်မှာပဲ အခြေချနေ၊ သားသမီးတွေ ပွားစီးပါတယ်။ သားသမီးတွေထဲမှာ ဒေါ် စက်ဝေ၊ ဒေါ် စက်ရွှေခေါ်တဲ့ ညီအစ်မနှစ်ယောက်ကတော့ အတော် အသက်ရှည်တယ်။ ဒေါ် စက်ရွှေကတော့ အပျိုကြီး။ ဒေါ် စက်ဝေကတော့ ဗမာအစစ်နဲ့ အိမ်ထောင်ကျပြီး သားသမီး၎ယောက် ထွန်းကားပါတယ်။ ဒေါ် စက်ဝေရဲ့ သားသမီးတွေထဲက ဦးသိန်းစိန်လို့ ခေါ်တဲ့ သားတစ်ယောက်က တရုတ်သွေး တမတ်ဘိုးလောက်ပါတဲ့ ဒေါ်ရွှေခင်နဲ့ အိမ်ထောင်ကျပြီး သမီးမသန်းစိန် နဲ့ သားမောင်လှစိန် မွေးပါတယ်။

ဒီတော့ မသန်းစိန်မှာ တရုတ်သွေး အဖေဖက်က ဆယ့်ငါးပြားဘိုးလောက် (တကယ်က ၁၂ပြားခွဲဘိုးပါ) အမေဖက်က တမတ်ဘိုး ပေါင်းတော့ ပြားလေးဆယ်ဘိုး။ ဒါပေသိ ပြားလေးဆယ် မသန်းစိန်ဟာ အသားကအတော်ညိုတဲ့ အပြင် မျက်နှာမှာလဲ ကျောက်ပေါက်မာတွေနဲ့ တရုတ်နဲ့ တစ်ပြားသားမှ မတူပဲနဲ့ အညာသူမကြီးနဲ့သာ တူပါတယ်။ မသန်းစိန်လေး အိမ်ထောင်ကျတော့ ဗမာစစ်သားနဲ့ပါ။ သားသမီး ငါးယောက်ပွားစီးတာမှာ သမီးလေးတစ်ယောက်သာပါပါတယ်။

သားတွေချည်း၃ယောက်မွေးခဲ့ပြီး ၄ယောက်မြောက်မှ သမီးလေးမွေးတာပါ။ သမီးလေးမွေးတော့ ရန်ကုန်မှာ ရောက်နေပါပြီ။ အညာမှာနေတဲ့ မသန်းစိန်ရဲ့အဖွား ဒေါ် စက်ဝေ၊ ဒေါ် စက်ရွှေ ညီအစ်မဟာ မြစ်မလေးမှို့ လာကြည့်ချင်ပေမဲ့ အသက်က ၈၀ကျော်ဆိုတော့ ခရီးမသွားနိုင်တော့ပါဘူး။ မကြာခင်မှာပဲ ဒေါ် စပ်ဝေဆုံးပါတယ်။ စိတ်က ရန်ကုန်လာချင်စိတ်နဲ့ဆိုတော့ ဒေါ် သန်းစိန်က အဲဒါကိုစွဲပြီး အိမ်မက်မက်တယ်။ အဖွားဒေါ် စပ်ဝေဟာ အညာဖျင်တဘတ်လေး ခေါင်းပေါ်တင်လို့ အိမ်ကိုရောက်လာသတဲ့။ မကြာခင်ပဲ အဖွားမမြင်ဘူးလိုက်တဲ့ သမီးလေးအတွက် မောင်လေးတစ်ယောက်ဖြစ်လာမဲ့ ကိုယ်ဝန်ထပ်ရှိလာပြန်ပါတယ်။ အဲဒီသားလေးဟာ သူ့အဖွား ဒေါ် စပ်ဝေ ၀င်စားတယ်လို့ ချည်း ဒေါ် သန်းစိန် စိတ်ထဲ စွဲနေတော့တာပါပဲ။

တရုတ်စပ်အဖွားတွေ မမြင်ဘူးလိုက်တဲ့ သမီးလေးကို ဒေါ် သန်းစိန်တို့က ငယ်ငယ်က ၀၀ကစ်ကစ်လေးမှို့ ဘုတ်အီးမ ခေါ်ပါတယ်။ ကျောင်းထားတော့ ဆွိဆွိတီလို့ နာမည်ပေးပါတယ်။ ဘုတ်အီးမလေးကြီးလာတော့ စလုံးရွှေမြို့တော်ကြီးမှာ အလုပ်လုပ်ပြီး နေထိုင်ပါတယ်။ ဗမာနဲ့ပဲ အိမ်ထောင်ရက်သားကျပါတယ်။ ခုနက တရုတ်သွေးကိုပြန်တွက်ရရင် ဘုတ်အီးမမှာ တရုတ်သွေးက ပြား၂၀ဘိုးလောက်ပါနေပါတယ်။ မျက်နှာကျ အဆစ်အပေါက်က တရုတ်နဲ့တော်တော်ဆင်တယ်လို့ ဘုတ်အီးမက သူ့ကိုယ်သူထင်နေပါတယ်။

ဆွိဆွိတီခေါ် ဘုတ်အီးမငယ်ငယ်က နေပူထဲမှာ နှင်းဆီပန်းတွေခူးရလွန်းလို့ နေလောင်ပြီး အသားအင်မတန် ညိုပါတယ်။ အပျိုအရွယ်လေး ရောက်လာတော့ ပရိုမီနာတွေ အလိမ်းများလို့ မျက်နှာက အတော်ဖြူလာပါတယ်။ ပရိုမီနာ မရောက်တဲ့ လက်တွေ၊ ခြေထောက်တွေကတော့ ညိုမြဲပါ။ စလုံးမြို့ကြီးရောက်လာတော့ ပြား၂၀မဆွိတီဟာ ပရိုမီနာ တန်ခိုးနဲ့ တရုတ်သွေး ပြား၂၀ပေါင်းပြီး မကြာခဏ လူမှားခံရပါတယ်။ မဆွိတီကို စလုံးတွေက တရုတ်လို့ပဲ ထင်ကြတယ်။ အမေတို့ပေးတဲ့ နာမည်ကလဲ တရုတ်ဆန်ဆန် ဆွိတီဆိုတော့ ရုံးမှာဆိုလဲ တရုတ်လို့ပဲ ထင်နေကြတယ်။ မလေးရှားကတရုတ်လား၊ စလုံးတရုတ်လား၊ တရုတ်မျိုးနွယ်တစ်ခုခုကပေါ့။

ရှော့ပင်စင်တာသွားရင်၊ အပြင်သွားရင် တရုတ်လိုချည်းသာ လာလာပြောနေကြတော့တာပဲ။ Sorry ဆို နားမလည်တဲ့ပုံနဲ့ ပြောလိုက်ရင်တော့ Channel 8 ကနေ Channel 5 ကို လိုင်းပြောင်းပြောကြပါတယ်။ ဒီကြားထဲ မဆွိတီဟာ ဆံပင် အညိုရောင်လေးဆိုးပါတယ်။ လှချင်လွန်းလို့မဟုတ်။ အသက်ကြီးလွန်းလို့ မဟုတ်။ မျိုးရိုးအရ ဆံပင်ဖြူတွေ များလာတာ မနိုင်တော့လို့ ကာကွယ်ရအောင်ပါ။ အနက်ကြီးကျတော့လဲ တောကျတယ်ထင်လို့ အညိုရောင်ပြေပြေလေးပါတဲ့ ဆံပင်အရောင်ဆိုးရပါတယ်။ ဒီတော့ သူ့ကိုယ်သူ ဆံပင်အညိုရောင်နဲ့ စလုံးမတွေနဲ့ ခွဲမရအောင်တူနေပြီရယ်လို့တောင် ထင်နေသေးလား မသိနိုင်ဘူး။

ဟိုတနေ့က မဆွိတီ တစ်ယောက် သွားနေကျ ရှော့ပင်စင်တာကို ဈေးပတ်တယ်။ တီရှပ်ကလေးတွေ လှလို့ဆို ၀ယ်မယ်ဆိုပြီး fitting room ထဲမှာ try ပါတယ်။ အပြင်မှာ ဗမာလိုလေးတွေ ပြောသံ ခပ်သဲ့သဲ့ကြားနေရတယ်။ ထွက်လာတော့ ဗမာ အတွဲလေး နှစ်ယောက်။ ကောင်မလေး try မှာကို ကောင်လေးကပါ တန်းစီပြီးစောင့်နေတာ။ သူတို့တွေ ဗမာလို ပြောဆိုနေတာကို အသာအကဲခတ်နေတာပေါ့။ မသိရင် ဗမာပဲ မဟုတ်သလိုလို။ တစ်ခါတစ်လေလဲ မင်သေသေနဲ့ မသိချင်ယောင်ဆောင်ပြီး နေတတ်ပါတယ်။ အမြဲတမ်းကြီးတော့လဲ မဟုတ်ပါဘူး။

သူ try တဲ့ ဆိုဒ်က မတော်လို့ နောက်တစ်ထည်ယူပြီး တန်းစီတော့ စောနက အတွဲလေးနောက်မှာ။ သူတို့ အလှည့်ဝင်ပြီး ပြန်ထွက်လာတော့ ဟိုဘက်ငေးနေတဲ့ မဆွိတီကို လက်တို့ပြီး " အစ်မရေ ပြီးပြီ၊ ၀င်လို့ရပြီ " တဲ့ .... ဗမာလို ပီပီသသကြီး။ " ဟဲ့ ... နင်တို့က အစ်မကို ဗမာမှန်း ဘယ်လိုသိတာလဲ .." မေးတော့ ... " အစ်မကလဲ မြန်မာ ရုပ်ကြီးဟာကို ... အသိသာကြီး ... " တဲ့ ...

အော်မျိုးရိုးဆိုတာ မတိမ်ကောဘူး လို့။ ငါ့မှာ ပြား၈၀ ဗမာ ပါသေးသကိုးဟ ... လို့သာ သူ့ဟာသူတွေးမိပြီး ပြုံးနေတော့တယ်။

Sunday, November 15, 2009

ဂျူဂျူ နဲ့ ကျောင်း Orientation

မနေ့က မဂျူဂျူ နောက်နှစ်မှာ စတက်မဲ့ မူလတန်းကျောင်းမှာ orientation ရှိလို့ သွားကြတယ်။ အချိန်က သူ့ရေကူးသင်တန်းနဲ့ တိုက်နေလို့ ရေကူးသင်တန်းတော့ ဖျက်လိုက်ရတာပေါ့။ ဒါတောင် ဂျူဂျူ ရေကူးသင်တန်းကိုပဲ သွားချင်တယ်ချည်း လုပ်နေလို့ သမီးရေ ကျောင်းက ပိုအရေးကြီးတယ်လို့ ပြောရတယ်။ သူကရေကူးသင်တန်းမှာ ပျော်မှာပေါ့။ သင်တန်းပြီးတာနဲ့ ရေလွှာလျှောစီးတို့၊ လှိုင်းစီးတာတို့က တစ်နာရီလောက် ဆော့သေးသကိုး။

မနက်၈နာရီလောက် မဂျူဂျူကိုနှိုး၊ ရေမိုးချိုး၊ ညကတည်းက ပြင်ထားတဲ့ ကျောပိုးအိပ် ပင့်ကာလာ ၀မ်းဆက်နဲ့ ကျောင်းကို ချီတက်ကြပါရော။ လမ်းမှာလဲ ကျောပိုးအိပ်ကိုယ်စီနဲ့ ခလေးတွေ၊ ကလေးမိဘတွေ သုတ်သုတ် ၊ သုတ်သုတ်နဲ့ သွားနေကြတာ မြင်နေရတယ်။ အင်မတန် စိတ်စောတတ် စိတ်လောတတ်တဲ့ ဒေါ်ဆွိတီကိုတောင် သူတို့က ကျော်တက်လို့။ မြန်လည်းမြန်တဲ့ စလုံးလူမျိုးတွေပဲလို့ တွေးမိတော့တယ်။

ကျောင်းရောက်တော့ ကျောင်းပေါက်ဝတင် တန်းကြီးက အရှည်ကြီး။ မိဘတွေရော ခလေးတွေရော ကိုယ်အပူချိန်တိုင်းပြီးမှ အထဲဝင်ရတယ်။ အထဲရောက်တော့ ဗော်လံတီယာ ဆရာ၊ဆရာမတွေက ခလေးက ဘယ် group ကလဲ မေးပြီး ခလေးက သက်ဆိုင်ရာ group မှာ တန်းစီပြီးထိုင်ခိုင်းတယ်။ primary စတက်မဲ့ခလေး ၂၀၀-၂၅၀လောက်တော့ ရှိမယ် ခန့်မှန်းရတယ်။

နောက်တော့ မိဘတွေ အပေါ်က hall ခန်းထဲသွား ဆိုတော့ ခလေးတွေ ထားခဲ့ပြီး အပေါ်ရောက်သွားတယ်။ မိဘတွေလဲ သက်ဆိုင်ရာ group မှာထိုင်ကြရတယ်။ ကျောင်းအုပ်ကြီးနဲ့ ဆရာ၊ ဆရာမတွေ၊ မော်ကွန်းထိမ်းတွေက ကျောင်းအကြောင်း၊ ဆရာ ဆရာမတွေအကြောင်း၊ Kindergarten ကနေ primary 1 အပြောင်းအလဲမှာ ခလေးတွေကို ဂရုစိုက်ဖို့ အလွန်အရေးကြီးကြောင်း အစရှိသဖြင့် တစ်နာရီစာလောက် ဟောပြောသွားပါတယ်။ စလိုက်ရှိုးနဲ့ တကယ့်မှ ပေါ့ပေါ့ပါးပါးလေးပါပဲ။ ဆရာမတွေကလဲ ပုဝါ၂စ အသာချစရာ၊ ဆံထုံးတွေထုံးစရာမလို၊ မိတ်ကပ်တွေလဲမပါပဲ ဆံပင်အတွန့်တွေသာ ဖားယားချပြီး ရိုးရိုးလမ်းမှာတွေ့နေကျ ပုံစံဝတ်ဆင်မှုမျိုးနဲ့ ဆိုတော့လေ ... စိတ်ထဲ ထူးဆန်းတောင်နေသေး။

ပြီးတော့ မိဘတွေကို group လိုက်ခေါ်ပြီး ခလေး ကျောင်းအပ်တာနဲ့ ပတ်သတ်တဲ့ ဖောင်တွေကို စာသင်ခန်းလို အခန်းထဲမှာ ဖြည့်ရပါတယ်။ ကျောင်းလခက PR တွေအတွက် ၃ကျပ်ခွဲပဲ ကျပါတယ်။ မျက်စိစစ်တာ၊ သွားစစ်တာတွေကိုလည်း ကျောင်းကနေ တာဝန်ယူပြီး စစ်ပေးတာ လက်ခံပါမယ်ဆိုတဲ့ အကြောင်း ဖောင်တွေ ဖြည့်ရပါတယ်။ ကျောင်းလခပေးဘို Gio ဖောင်လဲ တစ်ခါထဲ ဖြည့်ခဲ့ရပါတယ်။ Primary 1 အတွက် ၀ယ်ရမဲ့ စာအုပ်စာရင်းကိုလည်း ခုနကဖောင်တွေနဲ့တွဲပြီး တစ်ခါတည်း ပေးလိုက်ပါတယ်။

ဖောင်ကိစတွေပြီးတော့ ခလေးကို hall ခန်းထဲ သွားပြန်ခေါ်ရပါတယ်။ သူတို့ကိုလဲ ကျောင်းပတ်ဝန်းကျင်၊ ကျောင်းနဲ့ ပတ်သတ်လို့ သိသင့်တာတွေကို ဆရာမတွေက ရှင်းပြပြီးပါပြီ။ ခဏနေတော့ အောက်ဆင်း book shop မှာ စာအုပ်ဝယ်မယ်လုပ်တော့ တန်းကြီးက ထုံးစံအတိုင်း အရှည်ကြီး။ ဟာ ဟိုဘက်မှာလဲ တတန်းစီထားတာ ဒီဘက်ထက်တောင် ရှည်သေးတယ်ဆိုပြီး ကြည့်လိုက်တော့ ကျောင်း Uniform အတွက်တဲ့။ ဒါနဲ့ သမီးကြီးတော်ကို Uniform ဘက်မှာစီ။ ကိုယ်က စာအုပ်ဘက်မှာစီ စာအုပ်တွေ အရင်ဝယ်ပေါ့။ စာအုပ်က စာရင်းထဲက ကိုယ်မယူမဲ့ မလေးဘာသာနဲ့ တမီးလ်ဘာသာကို ကြက်ခြေခတ်လေး ခတ်လိုက်ပြီး စာရွက်ကို စာအုပ်ရောင်းသူထံ ပေးလိုက်ရုံပါပဲ။ သူက ကယ်ကူလိတ်တာလေးနှိပ်ပြီး ၁၆၀နဲ့ ၃၅ပြား ကျတယ်ဆို အဲဒီစာရွက်လေးပေါ်ရေးပေးပြီး ငွေရှင်းရပါတယ်။ မြန်အောင် net တို့ credit card တို့ လက်မခံပဲ ငွေသား (cash) ပဲ လက်ခံပါတယ်။ တန်းစီတော့သာ ကြာတာ ၀ယ်တော့ မြန်မှမြန်၊ စကန့်၃၀လောက်ပဲကြာပါတယ်။ သူတို့ လုပ်ကိုင်တာ အလွန်ကို မြန်လှပါတယ်။

စာအုပ်ဆို ကြည့်လိုက်တော့ စာအုပ်က ပုံးလိုက်ကို လာတာပါဗျား။ အားလုံးအစုံလိုက် ၀မ်းဆက်ဆိုတော့ ပုံးက အတော်ကို လေးပါတယ်။ ပရိုင်မာရီ ၀မ်း ကျောင်းသူတော့ ဘယ်လိုနေမယ်မသိ။ ကျောင်းသူရဲ့ အမေနဲ့ ကြီးတော်ကတော့ အဲ့ပုံးကြီးကို မ ရတာ မသက်သာလှပါတကား။


နောက် ကျောင်းယူနီဖောင်းတန်းစီတဲ့ဘက်ရောက်၊ ဗော်လံတီယာတွေက တန်းစီနေတုံး ကိုယ်တိုင်းတိုင်း၊ ဘယ်နှစ်စုံစီယူမှာလဲမှတ်ပြီး စာရွက်လေးတစ်ရွက် ပေးထားတယ်။ ကိုယ့်အလှည့်ရောက်တော့ စာ၇ွက်ကလေးပေးလိုက်ရုံပဲ။ နောက်တော့ ယူနီဖောင်းထုတ်ပေးပြီး အားကစားအတွက် ၂စုံနဲ့၊ ကျောင်းဝတ်စုံ ၂စုံစီအတွက် ကုန်ကျငွေ စလုံး ၆၃ကျပ်ပေးရပါတယ်။ သမီးနဲ့တော်မတော် ၀တ်ကြည့်ပြီး အားကစားဘောင်းဘီက သေးနေလို့ ပြန်လဲရသေးတယ်။ ဆိုဒ်တစ်ဆိုဒ်ကြီးတာကို ငွေ၂ကျပ်ထပ်ပေးရပါတယ်။

ဒါနဲ့သားအမိတွေ ပြန်လာ စာအုပ်ပုံးကြီး မနိုင်လို့ လမ်းတ၀က်တင် သူတို့တူဝရီးကို လမ်းမှာစောင့်ခိုင်းပြီး စီးတော်ကားကို ပြေးခေါ်လိုက်ရသေးတယ်။ ကျောင်းနဲ့က ၁၅မိနစ်လောက်လျောက်ရတာကိုး။ အိမ်ရောက်တော့ အေးဆေးနား၊ မဂျူဂျူကို မေးရပါသေးတယ်။ သမီးတို့ကိုရော ဆရာမတွေက ဘယ်နေရာတွေ လိုက်ပြသလဲ၊ ဘာတွေ သင်လိုက်လဲ ဆိုတော့ ဂျူဂျူတို့ တက်ရမဲ့ class ကိုပြတယ်။ မုန့်စားတန်းပြတယ်။ book shop ပြတယ်။ အတန်းထဲမှာ ဘာတွေ ရေးရလဲဆိုတော့ ဆရာမက assignment စာအုပ်လေးပေးတယ်တဲ့။ ကဲ အမေ့ကို ပြပါဦးဆိုတော့ ထုတ်ပြလိုက်တာ အမေညက်လုံးပြူးသွားတယ်။ မဂျူဂျူတို့ အပေါ်ဆုံးက စာမျက်နှာမှာ သူ့အကြောင်းရေးထားတာ ဖတ်ပြီးတော့။

သူ့မှာ အကို ၁၀ယောက် နဲ့ ညီအစ်မ ၃ယောက်ရှိပါသတဲ့။ ပထမတော့ စဉ်းစားလို့မရဘူး။ ဒီဂဏန်းတွေ သူဘယ်ကရသလဲပေါ့။ ငါလဲ ဒါတွေ မမွေးရပါလားပေါ့။ မဂျူဂျူတို့ ရုပ်တည်ကြီးနဲ့ ရေးချလာတာ။ နောက်မှ မအေလုပ်သူက သဘောပေါက်တော်မူတယ်။ အကို ၁၀ယောက်ဆိုတာက ဟိုက အကိုဝမ်းကွဲ ၉ယောက်ရယ်၊ အိမ်မှာအိမ်ငှါးနေတဲ့ တစ်ယောက်ရယ် (အသက်ကတော့ သိပ်မကြီးသေးပါဘူး ... ၃၅လောက်) သူမွေးကထဲက အိမ်မှာနေလို့ အကိုလို ခင်နေတာ၊ ဟိုတစ်လောကရေးဘူးတဲ့ ဘူးညွန့် ကြော်ချက်ဇာတ်လမ်းထဲက ဇာတ်လိုက်လေ။ သူ့ပါထည့်တွက်ပြီး ၁၀ယောက်ဖြစ်သွားတာ။ ညီအစ်မ၃ယောက်ဆိုတာကလဲ မဆွိတီရဲ့ အကိုတွေက မွေးတဲ့ ၀မ်းကွဲ ညီအစ်မ ၃ယောက်ပါဗျား။ သူရေးတာဖတ်ပြီးပြီးချင်း ကိုယ်က ကြားထဲက ၀မ်းရေတွေ စပ်ချက်တော့။

Wednesday, November 11, 2009

သင်းမက်


" ဒီအိမ်က သင်းမက် နံ့ ရတယ်ဟေ့ "

" ဒီနားကဖြတ်သွားတိုင်း သင်းမက် နံ့ ကို သင်းနေတာပဲ ... "

မဆွိတီတို့ ငယ်ငယ်က အိမ်နားက ဖြတ်သွားဖြတ်လာကြတဲ့ အိမ်နီးနားချင်းတွေက စ သလိုလို နောက်သလိုလိုနဲ့ ပြောသွားလေ့ရှိတဲ့ စကားသံလေးပါ။

သင်းမက် ဆိုတာဘာလဲ ...

သင်းမက်ဆိုတာ အင်္ဂလိပ် အမည်တစ်ခု။ အနံ့အင်မတန်ပျင်းတဲ့ အင်ဒရင်းလို ပိုးသတ်ဆေးတစ်မျိုးဆိုရင် စာဖတ်ပရိတ်သတ်တွေ အတွက်ထူးဆန်းနေတော့မှာ။

ဟုတ်ပါတယ်။ မဆွိတီတို့ငယ်ငယ်က အဖေရော အမေရော ၀န်ထမ်းဆိုတော့ သားသမီး ၅ယောက်ကို ကျောင်းထားနိုင်ဘို့ ဆိုတာ လစာတစ်ခုတည်းကို အားကိုးနေလို့ မရပါဘူး။ ဘေးပေါက်ဝင်ငွေရအောင် ကိုယ့်တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး မွေးမြူရေးလေးတွေ လုပ်ပြီး မိသားစုခါးလှဘို့ စီးပွားရှာရသေးတယ်။ စနေနဲ့ ဗုဒ္ဓဟူး ရူးတောင်ထမင်းမငတ် ဆိုတာ မှန်တယ်လို့ အဖွားပြောတတ်တာ သတိရတယ်။ ဗုဒ္ဓဟူးသားအဖေနဲ့ စနေသမီးအမေတို့ ဘာစီးပွားရေးလုပ်လုပ် အတူတူလုပ်တာချင်း သူများထက် အမြဲတစ်ပန်းသာနေခဲ့တယ်။ မိသားစုတွေ မခိုမကပ်ပဲ ကျိုးကျိုးစားစား တက်ညီလက်ညီလုပ်ကြတာလဲပါမယ် ထင်ရဲ့။ စံပြမိသားစုလို့ ခေါ်တာတောင် ကြားခဲ့ ရဘူးတယ်။

ဝက်တွေမွေးတုံးကလဲ အရမ်းဖြစ်တာ။ ဘယ်လောက်တောင်အကျိုးပေးသလဲဆို တစ်ခါ သား ၀က်သားလေးတွေပေါက်တော့ ၀က်မကြီး မှာရှိတဲ့ နို့တိုင်ထက် ၀က်ကလေးတစ်ကောင်ပိုနေလို့ နို့တိုက်ချိန်တိုင်း တစ်ကောင်ကို လက်ထဲမှာထိမ်းထားပြီး အလှည့်နဲ့ တိုက်ရတယ်။ နောက်မို့ ဆို တစ်ကောင်နဲ့တစ်ကောင်နို့လုရင်း ကိုက်ရင် အနာတွေဖြစ်တတ်လို့။ အဖေဆို ၀က်တွေမွေးရင်းနဲ့ ၀က်မလေးတစ်ကောင်ကို အတော်သံယျောဇဉ်ရှိတာကလား။ သူမြို့ထဲမှာ တစ်လသင်တန်းသွားတက်တော့ အဲဒီဝက်မလေးကို သင်တန်းခေါ် သွားတာ။ သူ့ဝက်မက ရင်ကျပ်လို့တဲ့ ။ ကြားဘူးကြလားတော့ မသိဘူး ။ အခုပြန်တွေးရင်တော့ ရယ်ချင်စရာကြီး ။ တစ်ခါကြည့်ရဘူးတဲ့ အင်္ဂလိပ်ကားထဲက ၀က်ကလေးပွေ့ထားတဲ့ ခရီးသည်ကိုမြင်ပြီး ရယ်ချင်နေတယ်။

ဝက်တွေမွေးရာကနေ နောက်ပိုင်း နှင်းဆီပန်းတွေစိုက်တာ ခေတ်စားလာပြန်တယ်။ အိမ်နားက တောတောင်အရိုင်းတွေကို ရှင်းလင်းခုတ်ထွင်ပြီး စိုက်ကြရတာ။ တစ်ခါသား ရှင်းရင်းနဲ့ အရင်လူဟောင်းတွေ စိုက်ခဲ့တဲ့ အာတာလွတ်ဥခင်းက ရလာတဲ့အာတာလွတ်ဥ ဖြူဖြူနုနုထွားထွားကြီး တွေကို ပြုတ်ပြီး ဆီဆားလေးနဲ့ တို့စားကြတာ သိပ်အရသာရှိတာပဲ။ ခုထိမမေ့ဘူးရယ်။

နှင်းဆီပန်းစိုက်တယ်ဆိုတာ ပြောတော့သာလွယ်တာ။ အတော်ပင်ပန်းတဲ့ အလုပ်ပါ။ အဖေတွေ အကိုတွေက ရေထမ်းပြီး ရေလောင်းရတယ်။ တစ်ပတ်တစ်ခါ ပိုးသတ်ဆေးဖြန်းပေးရတယ်။ ဓာတ်မြေသြဇာ၊ ကြက်ချေး၊ နွားချေး၊ အစရှိုသည် ထည့်ပေးရတယ်။ နှင်းဆီပင်တွေက အပွင့်ကလေးတွေကသာ လှတာ။ သူတို့က ကြက်ခြံတွေကရတဲ့ ကြက်ချေးဖွဲလို့ ခေါ်တဲ့ စပါးခွံတစ်ဝက် ကြက်ချေးတစ်ဝက်ရောထားတဲ့ မြေသြဇာကို သိပ်ကြိုက်တာ။ အဲဒါများထည့်ပြီးရင် အပွင့် တွေက အရောင်ကလေးတွေ တောက်ပြီး အပင်ကလည်းသန်လာတာ မြေစို့ ကြီးတွေက မျှစ်စို့ပေါက်ကြီးတွေကျလို့။

အဲဒီ ကြက်ချေးမြေသြဇာကြောင့်လားတော့ မသိဘူး။ နှင်းဆီပင်ကို အမြဲဖျက်ဆီးတဲ့ ပိုးတစ်မျိုးရှိတယ်။ ပင့်ကူနီလို့ ခေါ်တယ်။ သူက အရွက်အောက်ကို လှန်ကြည့်လိုက်ရင် အနီရောင် ကြက်သန်းလောက်အရွယ် မွှားမွှားလေးတွေ ။ မွစာကျဲလို့ ။ အဲလို နှင်းဆီပင် ပင့်ကူနီကျပြီဆို ခြံတိုင်းလိုလို အားလုံးအတူ ကျကြတာပဲ။ သူကအရွက်ကနေတဆင့် သစ်ပင်က အဟာရတွေ အကုန်စုတ်တာဆိုတော့ သစ်ပင်ကအားပြတ်ပြီး ပန်းတွေကလဲ သိပ်မပွင့်တော့ဘူး။ အရင်ကတော့ အင်ဒရင်းနဲ့ဆို တော်ရုံဟာနိုင်ပေမဲ့ အဲဒီတစ်ခါတော့ ပန်းစိုက်သမားတွေ အားလုံးငိုရတယ်။ ကမ္ဘာ့စီးပွားပျက်ကပ် စိုက်သလိုပဲ။ အဖေတို့ ပန်းစိုက်သူတွေ အတွက် စီးပွားပျက်ကပ်ပဲပေါ့။

အဲဒီမှာ အဲဒီပိုးကို နိုင်တဲ့ ဆေးတစ်မျိုးကို တစ်ယောက်ယောက်က ရှာဖွေတွေ့ရှိသွားတယ်။ အင်္ဂလိပ်စာ မတောက်တစ်ခေါက်တတ်တဲ့ မဆွိတီတို့ အမေဟာ နိုင်ငံခြားက သူ့သူငယ်ချင်းပို့တဲ့ နှင်းဆီပန်း စိုက်ပျိုးရေး စာအုပ်လေး ဖတ်ရင်း တွေ့သွားတာပါ။ အဲဒီဆေးများ ဖြန်းလိုက်ရင် ပိုးတွေသေတဲ့ အပြင် အပင်ကိုပါအားကောင်းစေပါသတဲ့။ သူက အထက်ကပြောခဲ့သလို အင်ဒရင်းထက် ပျင်းပြီး အနံ့ အတော်ဆိုးဝါးတယ်။ အဲဒီဆေး ရှိတယ်ဆို ညာလို့မရဘူး။ ခပ်လှမ်းလှမ်းကနေ အနံ့ ကရနေပြီ။ ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒီဆေးက အဲလိုအနံ့ ပျင်းလွန်းလို့ ဆက်မထုတ်တော့ဘူး။ ရပ်လိုက်ပြီတဲ့။

ဒီမှာ စနေ၊ဗုဒ္ဓဟူးအတွဲက ဘာလုပ်လဲဆိုတော့ ရထားကြီးစီးပြီး ၀ါခင်းတွေစိုက်ရာ အမေတို့ ရွာဆီ ချီတက် ဆေးရှာပုံတော် ဖွင့်ပါတော့တယ်။
အမေတို့ ပြောပြချက်အရ ရွာမှာလဲ ဆေးကအလွယ်တကူ ရှာမရတော့ဘူးတဲ့လေ။ သူတို့တွေက အဲဒီဆေးကို နံလွန်းလို့ ဆေးပုတ်ကြီးလို့ ခေါ်ကြပါသတဲ့ ။ ဘယ်သူမှလဲ မသုံးတော့ပါတဲ့။ ဒါပေမဲ့ ကံကောင်းချင်တော့ ပြန်ခါနီး တစ်ညနေ ရွာကလှည်းကြုံစီးပြီး ဟိုဒီလျှောက်ကြရင်းနဲ့ လှည်းပေါ်မှာ ပိုးသတ်ဆေးနံ့ ခပ်ပျင်းပျင်း အနံ့ရတော့ အဖေက၀င်စပ်စုတော့ လားလား တွေ့ပါပြီ။ လှည်းရှေ့နားမှာ ပင်ပင်ပန်းပန်း လိုက်ရှာနေတဲ့ ပိုးသတ်ဆေးပုံး။ လှည်းသမားက အိမ်မှာထားတာ နံလွန်းလို့ သွားလွှင့်ပစ်တော့မလို့ဆိုပဲ။

နောက်ဆုံးတော့ အဖေတို့လဲ လှည်းဆရာကို ၀မ်းသာလွန်းလို့ မုန်ဘိုးပေးပြီး ပစ္စည်းယူပြီး ပြန်ခဲ့ပါတော့တယ်။ အဲသည်ပိုးသတ်ဆေး ကောင်းမှုနဲ့ပဲ မဆွိတီတို့ မောင်နှမတွေ အဖေအလုပ်ကထွက်ပြီး လူငှါးတွေငှါးပြီး စိုက်ပျိုးရေးကို အကြီးအကျယ်ဇောက်ချလုပ်ရင်းနဲ့ ကျောင်းပညာတွေသင်၊ အကိုတွေလဲ နိုင်ငံခြားပို့နိုင်ခဲ့တယ်။

အော် ... အခုတော့ အဖေလဲ ဘုရားတရားစလုပ်တဲ့အချိန် အသက်၄၀ ကျော်လောက်ကစလို့ ပိုးကောင်လေးတွေ သတ်ရတဲ့ စိုက်ပျိုးရေးကို စွန့်လွှတ်လိုက်တယ်။ အဖေအမြဲပြောတယ်။ သူ့ဘ၀မှာ သူအကုသိုလ်တွေ လုပ်ခဲ့တယ်။ ကြည့်စမ်း ပိုးတွေသတ်ဖို့ ဘယ်လောက်တောင် အကုသိုလ်များလိုက်လဲတဲ့။ သူအဲအချိန်က ဘုရားမှန်း၊ တရားမှန်း မသိတတ်ခဲ့လို့ နားမလည်ခဲ့ လို့ ဆို နောင်တရကြောင်း တဖွဖွပြောလေ့ ရှိတော့ မဆွိတီအဖေ့ အတွက် အတော် စိတ်မကောင်းဖြစ်ရတယ်လေ။

Sunday, November 8, 2009

စင်္ကာပူတွင် ကားတိုက်မိခြင်း

ခေါင်းစဉ်တွေ့တော့ လာဖတ်သူတွေ ပြုံးမိမလားပဲ။ ဟိုတစ်လောကပဲ စင်္ကာပူတွင် ကားမောင်းသင်လိုရင် ဘာညာနဲ့ ပို့စ်တင်ထားခဲ့တာ မကြာသေးဘူးမလား။ ခုကားတိုက်မိပြီ ဆိုတော့လေ။

လွန်ခဲ့တဲ့ ၄-၅လလောက်က ဖြစ်ခဲ့တာပါ။ လိုင်စင်ကျပြီး တစ်လလောက်ကပေါ့။ ဖြစ်ပုံက ကိုယ်အစားငမ်းလို့။ အဲနေ့က အိမ်မှာ ငါးထမင်းချဉ် လုပ်စားတယ်။ ကိုယ့်အိမ်က လူကြီး ဈေးသွားတော့ ငါးထမင်းချဉ်ထဲထည့်ဖို့ မြန်မာဆိုင်ကနေ ပဲပုပ်ဝယ်ခဲ့ပါ ပြောတာ သူက နားကြားလွဲပြီး ပဲမှုန့်တွေ ၀ယ်ချလာတယ်လေ။ ငါးထမင်းချဉ်က ပဲပုပ်ထောင်းမပါပဲနဲ့ ဘယ်ကောင်းမလဲနော့။ အဲသာနဲ့ သမီးခေါ်ပြီး သားအမိ၂ယောက်တည်း ( အဲ့အချိန်က တစ်ခါမှ သမီးနဲ့ နှစ်ယောက်တည်း မမောင်းဘူးပါ။ မောင်းတတ်ကာစမှို့ ဦးခြိမ့်က စိတ်မချလို့ပါ။ ) အဲဒီရှော့ပင်းစင်တာကို မောင်းသွားတယ်ပေါ့။ ဟိုရောက်တော့လဲ ကား parking မပတ်တတ်တာနဲ့ လမ်းဘေးတွင် ခဏထိုးရပ်ထားခဲ့ပြီး အမြန် အပေါ်တက်ဝယ်တာ။ အပြန်ကျတော့ fine ချတဲ့ slip လေးက စောင့်ကြိုနေပါရော။ ဒါနဲ့ စိတ်ညစ်ညစ်နဲ့ ပြန်အလာ အိမ်နားရောက်ခါနီးမှ မီးပွိုင့်ဘေးက slip road ကို ကွေ့လိုက်တာမှာ ဘေးကလမ်းမကြီးက ကားတစ်စီး အမြန်မောင်းတာမမြင်မိဘူး။ အနားရောက်မှ တိုက်မှာစိုးလို့ ဘရိတ်အုပ်လိုက်တာ နောက်က Taxi က၀င်ဆောင့်ပါလေရော။ အသာလေးပါပဲ ။ ဘာမှတောင် မဖြစ်လောက်ဘူး ထင်တာ။ အဲဒီနေ့က တွတ်ပီတို့ ကံမကောင်းဘူး။

ဲဒါနဲ့ ကားကို ရှေ့က ဘတ်စ်ကားမှတ်တိုင်နား အသာထိုးရပ်တော့ နောက်က Taxi ဒရိုင်ဘာက ဆင်းချလာပြီး သူမှားတာပါ ... ဆိုပြီး မျက်နှာငယ်လေးနဲ့ ပြောရှာတယ်။ ကိုယ့်အဖေ ကိုယ့်ဦးလေး အရွယ်လောက် တရုတ်ကြီးပါ။ နောက်သူကလဲ မှားပါတယ်ပြောလာတော့ အရမ်းကို အားနာသွားတယ်။ ကိုယ်က ဘရိတ်ဆောင့်အုပ်လိုက်တော့ ကိုယ့်အမှားလဲ ပါတာကိုး။ အနောက်က တအားကပ်မောင်းပြီး ဘရိတ် အချိန်မီ မအုပ်လိုက်နိုင်တာက သူ့အမှား။ (တရားဥပဒေကြောင်းအရ ကားတိုက်မှုတစ်ခုဖြစ်ရင် နောက်ကနေ၀င်တိုက်တဲ့ ကားဘက်က အမှားဖြစ်ပါတယ်။ အမှားဖြစ်ဖို့ chance လဲ ပိုများပါတယ်။) ဒါနဲ့ဆင်းပြီး ကားကိုကြည့်လိုက်တော့ ကားနောက်က ဘန်ပါတစ်ခုလုံးပါမလာတော့ဘူး။ တိုက်တဲ့နားမှာ ပြုတ်ကျရစ်ခဲ့ပြီ။ ကြိုးတန်းလန်းတွေနဲ့ အထဲက ဘောဒီပါ ပိန်နေတာမြင်ရတော့ အတော်ပြာသွားတယ်။ တက္ကစီလဲ ရှေ့က နဲနဲ ပိန်သွားတယ်။ ဦးခြိမ့်မောင်းတာ ၅နှစ်ကျော်ရှိပြီ ။ ဒီလို တစ်ခါမှ မဖြစ်ဘူးပဲကိုး။ ဒါနဲ့ သူ့ကိုဖုန်းခေါ်ပြီး ဓာတ်ပုံတွေရိုက် IC တွေတောင်းပြီး တက္ကစီ ဒရိုင်ဘာနဲ့ ညှိကြတာပေါ့။

နောက်တော့ ဘန်ပါကြီး ကားထဲထိုးသိပ်ထည့်ပြီး ၀ပ်ရှော့ကိုသွားကြတယ်။ Sunday ဆိုတော့ ၀ပ်ရှော့ တော်တော်များများက ပိတ်တယ်။ ၀ပ်ရှော့တစ်ခုတွေ့ပြန်တော့ ပြင်ရင် ၁၅၀၀-၂၀၀၀ လောက်ကုန်မယ်။ ဒါပေမဲ့ အထဲက ဘော်ဒီပါ ထိသွားတော့ သူတို့မလုပ်ချင်ဘူး။ Insurance ကနေ တဆင့် လုပ်ပါပေါ့။ အဲဒါမှ သေချာလုပ်ပေးမှာဆို ပြောပါတယ်။ အဲဒါနဲ့ အင်ရှူးရန့်စ် ထိမှာကြောက်ရင် အခုငွေကိုပဲ ဦးလေးဘယ်လောက် စိုက်နိုင်လဲ မေးတော့ ၅၀၀လောက်ပဲ စိုက်နိုင်ပါသတဲ့။ အဲဒီတော့ ကိုယ်က ၁၀၀၀ကျော်လောက် ထပ်စိုက်ရမှာဆို မကိုက်သေးဘူးဆို အင်ရှုးရန့်စ်ကပဲ သွားကြဘို့ သဘောတူပါတယ်။ နောက်တော့ ဒရိုင်ဘာကြီးနဲ့ လမ်းခွဲခဲ့ကြပါတယ်။

ဒါနဲ့ Insurance ကို ဖုန်းခေါ်မေးတော့ IDAC ကိုသွားဆိုတော့ ဘုမသိဘမသိနဲ့ အဲဒီကို ရောက်သွားကြတယ်။ Independent Damage Assessment Centres လို့ခေါ်ပါတယ်။ ကားတိုက်လို့ ကိုယ့်ဟာကိုယ်ညှိလို့ မပြေလည်ရင်၊ အဲဒီမှာသွား report လုပ်ရပါတယ်။ အဲဒီမှာမှ တိုက်ထားတဲ့ကားတွေမှ ပုံစံမျိုးစုံနဲ့ ပိန်လိမ်နေတာပဲ။ ကိုယ့်ထက် အခြေအနေဆိုး ရုပ်ပျက်ဆင်းပျက်တွေ ရပ်ထားတာ တွေ့မှ ကိုယ်ကမှ တော်သေးဆို တွေးမိပါသေးတယ်။

ပထမဆုံး ဖောင်လေးတစ်စောင်ဖြည့်ရပါတယ်။ မောင်းသူဘယ်သူ၊ ကားအမျိုးအစား၊ အင်ရှူးရန့်စ်ရှိသလား၊ ဘယ်အင်ရှူးရန့်ကလဲ၊ နောက်က၀င်တိုက်တဲ့ ကားနံပတ်၊ မောင်းသူ၊ ဘယ်လိုဘယ်ပုံတိုက်မိသလဲ၊ ဆိုတာ ပုံကြမ်းလေးဆွဲပြပြီး ရှင်းပြရပါတယ်။ အဲမှာရယ်စရာတစ်ခုက ဘယ်လိုဆွဲရမလဲဆိုတာ နမူနာပြထားတဲ့ ပုံလေးနဲ့ ရေးပုံကလဲ ကိုယ်တိုက်တဲ့ ပုံနဲ့တစ်ပုံစံထဲ။ Slip road က အထွက်မှာ နောက်ကား ၀င်ဆောင့်တဲ့ ပုံလေးနဲ့ဆိုတော့ ကူးရေးလိုက်ရုံပါပဲ။ နောက်မှသိရတာက စလုံးမှာ အဲလိုပုံစံမျိုး ယာဉ်တိုက်မှုက အများဆုံးပါတဲ့။

ပြီးတော့ ကားပြင်ရအောင် ကိုယ့်မှာ ကိုယ့်စိတ်ကြိုက် work shop ရှိသလား။ သူတို့ပြောတဲ့ work shop နဲ့ပြင်ချင်သလားမေးပါတယ်။ ကိုယ်မှာမရှိတော့ သူတို့ပြောတာနဲ့ပဲ ပြင်ပါ့မယ်ပေါ့။ နောက်တော့ ကိုယ့်ကားက အနာအဆာတွေ စစ်ဆေး၊ ဓာတ်ပုံတွေလဲ အများကြီးရိုက်၊ ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်မလဲ ခန့်မှန်းတွက်ချက်ပေးပါတယ်။ ကားကို စစ်ဆေးနေတုံး ကားတစ်စီးမောင်းဝင်လာတယ်။ ကိုယ်တို့ကားလို မော်ဒယ်တူ အရောင်ကွဲ နီညိုရောင်လေးနဲ့ ။ ဆင်းလာတဲ့သူကတော့ သူတို့ပြောတဲ့ work shop က ကားပြင်ဆရာပါ။ တိုက်မိတဲ့ကားထဲက ပစ္စည်းတွေ ဟိုဘက်ကကား နီညိုရောင်ထဲ ပြောင်းထည့်ပေးပါပြောတော့ ကိုယ်မှာ နားမလည်ဘူး။ နောက်မှ ကား work shop ပို့ထားတုံး သုံးရအောင် အစားထိုးကားပါ တစ်ခါထဲ ယူလာတာဆိုတာ နားလည်ရပါတယ်။
IDAC က လုပ်ဆောင်တာတွေကို အသေးစိတ်ကြည့်ချင်ရင် အောက်က web page လေးကို ကလစ်ကြည့်ပါနော်။
http://www.gia.org.sg/IDAC/index.html
အဲဒီမှာ Non-injury ကားတိုက်မှုဖြစ်ရင် လုပ်ဆောင်ဖို့ အဆင့်ဆင့်ကို ရှင်းပြထားပါတယ်။




အတိုချုံးရရင် အဲဒီကပဲ ကိစ္စ၀ိစ္စတွေ အကုန်လုံးကို ကြားခံလုပ်ပေးခဲ့ပါတယ်။ ကိုယ်နားမလည်တဲ့ ကိစ္စတွေကို ကြားခံ ဆောင်ရွက်ပေးလို့ အစစ ချောချောမွေ့မွေ့နဲ့ ပြီးခဲ့ပါတယ်။ ကုန်ကျစံရိတ်အားလုံးကို တက္ကစီ ဘက်က အင်ရှုးရန့်စ်က ကျခံရမှာဖြစ်လို့ ကိုယ့်ဘက်ကတော့ ငွေရေးကြေးရေး တစ်ပြားမှ မစိုက်ရပေမယ့် ကိုယ့်ပရောဂကြောင့် ဒုက္ခရောက်သွားရတဲ့ တက္ကစီ ဒရိုင်ဘာကြီးအတွက် စိတ်မကောင်းဖြစ်ရတာ ပိုပါတယ်။

နောက်တစ်ပတ်နေတော့ ကားပြန်ရပြီး အဲဒီနေ့ရုံးက ဘောနပ်စ်ကလေးကလဲ ရလာတော့ ဟိုတက္ကစီ အဖိုးကြီးကို ပိုက်ပိုက် ၅၀၀ လောက်သွားပေးရအောင်လေဆိုတော့ ကိုယ့်အိမ်ကလူက ပြီးတာပြီးပါစေတော့၊ သူလဲမစိုက်ရပါဘူး။ Insurance ကပဲယူတာ ဆိုတော့ လက်လျှော့လိုက်ရတယ်။ ခုထိတော့ ကားတိုက်တုံးက အဲဒီ တရုတ်အဖိုးကြီး မျက်နှာကို မြင်ယောင်တုံး။ သနားတုံးရှိသေး။

Thursday, November 5, 2009

Ginger Chicken

ဒီနေ့တော့ မဆွိတီ ဂျင်းကြက်သားကြော် (Ginger Chicken ) ဘယ်လိုကြော်ရလဲ ပြောပြမယ်နော် ... ကုန်းဘောင်ကြီးကြော်နဲ့ နဲနဲတော့ဆင်ပါတယ် ... သူကဂျင်းလေးတွေ ပိုများပြီး ပိုမွှေးပါတယ် ... ဝက်သားနဲ့ ကြော်ရင်လည်း ရပါတယ် ...

ပြင်ထားရမဲ့ပစ္စည်းတွေက

၁။ ကြက်သားရင်ပုံ တစ်ခုကို လက်မတစ်ဆစ်လောက် အတုံးလေးတွေ တုံးပြီး ပဲငံပြာရည် အကြည်ရည် ဆား သကြား အချိုမှုန့် သင့်သလိုနယ် ပြီးရင်နာရီဝက်လောက်နှပ်ထား၊
၂။ ငရုပ်သီးခြောက် ၁၀တောင့်လောက်ကို အညှာချွှေထား၊
၃။ ဂျင်းလက်မအရွယ်၅ခုလောက်ကို ပါးပါးရိတ်ရိတ်လေးတွေလှီးထား
၄။ Sweet Bean လို့ခေါ်တဲ့ ပဲသီး ၁၀တောင့် ၁၅တောင့်လောက်ကို ဟိုဘက်ဒီဘက် အညှာချွေထား၊ (ရွှေပဲသီးအပြားလေးတွေဆိုလဲရပါတယ်)
၅။ မုံလာဥနီ တစ်ပိုင်းလောက်ကို ပါးပါးလေးတွေလှီးထား (လှချင်ရင်တော့ ပန်းပွင့်ပုံလေးတွေလှီးပေါ့)
၆။ ကြက်သွန်နီ ဥကြီးကြီး၂လုံးလောက်ကို ရှစ်စိတ်စီစိတ်ပြီး အဖတ်ကလေးတွေခွါထား၊
၇။ Spicy black bean sauce တစ်ဇွန်း မောက်မောက် (စလုံးမှာတော့ ဘယ် NTUC ဆိုင်မှာမဆို ဝယ်လို.ရပါတယ် KUM KEE တံဆိတ်ပါ ပုံမှာကြည့်ပါ)
၈။ သကြား စားပွဲဇွန်း တစ်ဇွန်း၊
၉။ ပဲငံပြာရည် အကြည်ရည်တစ်ဇွန်းလျော့လျော့ (Tiger တံဆိတ် အနီရောင်ကိုသုံးပါတယ်၊ အစိမ်းရောင်က အနီလောက်မကောင်းပါ)
၁၀။ ပဲငံပြာရည် အနောက်ရည် (အရောင်လေး လှအောင် နဲနဲထည့်ပါ)
၁၁။ ကြက်သွန်မြိတ်၃-၄ပင်လောက်ကို ခပ်ရှည်ရှည်လေး လှီးထား၊
၁၂။ ဆီ စားပွဲဇွန်း ၄ဇွန်း






အပေါ်ကပစ္စည်းတွေ အားလုံး ပြင်ပြီးပြီဆို ပထမ ဒယ်အိုးကြီးကြီးထဲမှာ ဆီထည့်ပြီး မီးပြင်းပြင်းနဲ့ထားပါ ... ဆီကျက်ရင် ငရုပ်သီးခြောက်လေးတွေကို ညိုပြီး ကျွတ်လာတဲအထိ ကြော်ပြီး ဆယ်ထားပါ ...

ပြီးရင် အဲဒီဆီထဲမှာပဲ ဂျင်းပါးပါး လှီးထားတာထဲက တစ်ဝက်လောက်ထည့်ပြီး မွှေပေးပါ ... ဂျင်းညှိုးပြီး မွှေးနံ.ထွက်လာရင် ကြက်သားတုံးလေးတွေထည့်ပြီး ဆက်မွှေပါ ... ဂျင်းနံ့လေးတွေကြက်သားထဲကူးသွားအောင်ပါ ...

၂မိနစ်လောက်ကြာလို. ကြက်သားတုံးလေးတွေ အပေါ်ရံတင်းပြီးမာလာရင် နံပတ်၃ကနေ နံပတ် ၁၀ထိ အစဉ်အတိုင်း တစ်ခုစီ ရောထည့်ပြီး ဖွဖွလေးမွှေပေးပါ ... ပဲသီးလေးတွေကျက်ပြီဆို အားလုံးလဲကျက်လောက်ပါပြီ ... ကြက်သွန်မြိတ်လေးထည့် အပေါ့အငံ မြည်း လိုရင်ထပ်ထည့်ပြီး ချလို့ရပါပြီ ...
(ပဲသီးလေးတွေ စိမ်းနေတုံးချပါ ... ပဲသီးအရောင် ဝါသွားရင် စားလို့လဲမကောင်း ကြည့်လို့လည်း မလှပါ) ... အော် ...မေ့လို့ စားခါနီး ငရုပ်သီးတောင့်ကြော်လေးလဲ ရောထည့်လိုက်ပါအုံး ...





အနှစ်နဲ. ကြိုက်တတ်ရင် ကျက်ခါနီး ကော်ရည်လေးသင့်သလိုထည့်ပြီး မှ ပျစ်ပျစ်လေး ချပါ ... သကြားနဲ့ ပဲငံပြာရည်လေး ပိုထည့်ပေါ့ ... မဆွိတီကတော့ ကော်ရည်မပါတာ ပိုကြိုက်ပါတယ် ...အခုချက်တာလည်း ကော်ရည်မထည့်ပါ ...


ကဲ ... စားလို.ရပါပြီရှင် ဂျင်းနံ့သင်းသင်းလေးနဲ.ပါ ... ထမင်းဖြူလေးနဲ. လိုက်ပါတယ် ...ပြီးတော့ထုံးစံအတိုင်း ရေနွေးကြမ်းလေးနဲ လွှေးပေါ့ကွယ် ...

Monday, November 2, 2009

ကမ္ဘာပျက်ရန် တစ်လအလို ...

သူငယ်ချင်း မသက်ဝေနဲ့ ဖိုရမ်မှာကတည်းက ခင်ခဲ့တဲ့ မောင်လေး တင်မင်းထက် (ကိုကိုထက်) မှ တက်ဂ် လာလို့ ရေးပါတယ်ရှင်။

ကမ္ဘာပျက်တော့မတဲ့။ ဒါကို စ ကြားခဲ့တာ လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းက ... ဖိုရမ်ထဲမှာ။ ဒီအကြောင်း တစ်ယောက်ပြီး တစ်ယောက် ပို့စ်တွေ တင်လာခဲ့တယ်။ တချို့ကလဲ သွေးရူးသွေးတန်းနဲ့။ တကယ်ပျက်မှာလား။ ဒါဆိုကမ္ဘာက သိပ္ပံပညာရှင်တွေ၊ ကမ္ဘာခေါင်းဆောင်တွေ ဘာလို့ ငြိမ်နေကြသလဲ။ ဘာမှ မလုပ်ကြတော့ဘူးလား ... ဆို ... ရေးလာတော့ ကိုယ်လဲ လန့်ဖြတ်ပြီး အင်တာနက်ထဲ လျောက်မွှေ။ လျောက်ဖတ်ပေါ့။ အင်တာနက်ထဲမှာ၂၀၁၂, end of the world လို့ ရိုက်ရှာလိုက်ရင် အဲဒီသတင်းနဲ့ ပတ်သတ်လို့ မဖတ်ချင်မှအဆုံး။

မဖတ်ချင်မှ အဆုံးဆိုပေမဲ့လည်း ပုထုစင်ပီပီ ကြောက်စိတ်ကလေးက ရှိလေတော့ တကယ်လား။ ဘယ်လိုပုံနဲ့ ပျက်မှာလဲဆို မဖတ်တတ်ဖတ်တတ် ယင်းဂလိပ်စာလေးနဲ့ ကြိုးစားပြီင်္း ဖတ်လိုက်တော့ အကျိုးအကြောင်း အတန်အသင့်တော့ သိလိုက်ရသပေါ့။ ဖိုရမ်ထဲမလဲ တော့ပစ်ကြီးတစ်ခုဖွင့်ပြီး ကိုယ့်ထက်နားလည်သူတွေ စိတ်ဝင်စားသူတွေက ဗမာလို သေချာ ရှင်းပြထားတာလဲ ဖတ်ခဲ့ဘူးပါတယ်။

နောက်တော့လဲ ကမ္ဘာပျက်တာ၊ ကိုယ်တစ်ယောက်တည်းလဲမဟုတ် ... လူတိုင်း သေကြေ ပျက်စီးကြမဲ့ ကိစ္စ ပျက်ကာမှ ပျက်ရောဆို (မယုံတာလဲ ပါပါတယ်) မေ့မေ့ပျောက်ပျောက်နေလာလိုက်တာ ခုတော့ ဘလော့ဂ်တွေမှာပါ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူ့အမြင် ကိုယ့်အမြင်လေးတွေ ရေးထားတာ ဖတ်ရတော့ အတော်လဲ ဗဟုသုတရ အတွေးအမြင်လေးတွေလဲ ဖလှယ်ခွင့် ရခဲ့ပါတယ်။ တကယ် ကမ္ဘာမပျက်ခဲ့ရင်တောင်မှ လူသားအချင်းချင်း အပြုသဘောဆောင် အတွေးအမြင်လေးတွေ ဖတ်ရတာ အကျိုးရှိလှပါတယ်။

(၁) ဘယ်သူတွေနဲ့ ရှိနေချင်လဲ...

ပထမတော့ စဉ်းစားမိတာ ... ကိုယ်ချစ်ခင်တဲ့ သူတွေနဲ့အတူ ရှိချင်တယ်။ သေချာပြန်တွေးတော့ ကိုယ်ချစ်ခင်သူတွေ ကိုယ့်ရှေ့တင် ဝေနာတွေ ခံစားနေရတာမျိုးဆိုရင်တော့ မမြင်ချင်ဘူးကွယ်။ အထူးသဖြင့် သမီးလေး။ မိုးခြိမ်းရင်တောင် မေမေဆို အော်ဟစ်ပြီးရင်ခွင်ထဲ ပြေးဝင်လာတတ်တဲ့ သမီးလေး။ ဝေဒနာတွေ ခံစားရမယ်ဆိုရင်တော့ အမေကြည့်ရက်မယ်မထင်ဘူး။

(၂) ဘာတွေ ခံစားနေရမလဲ...

ကြောက်ရွံ့ပြီး သွေးရူးသွေးတန်းများ ဖြစ်နေမလားပဲ။ တိုက်တန်းနစ် ရုပ်ရှင်ထဲက သင်္ဘောမြုတ်ခါနီး အသက်ကယ်ဘုတ်ပေါ်
တိုးဝှေ့နေတဲ့ လူအုပ်ကြီးကို မြင်ယောင်မိတယ်။ သွေးပူတတ်တယ် ပြာလောင်ခတ်တတ်တဲ့ ကိုယ်ဟာ တစ်ခါတရံလဲ အရေးတကြီး အချိန်တွေမှာ သွေးအေးနေတတ်ပြန်တော့ ဒီတစ်ခါရော သွေးအေးအေးနိုင်ပါ့မလားလို့ သံတယရှိမိရဲ့။ (မထင် ... ဟင် ... ဟင် ...)

(၃) ဘာတွေ ပြင်ဆင်ထားမလဲ…

သေတတ်၊ နေတတ်အောင် ဘ၀ကူးကောင်းအောင် ၀ိပတ်ဿနာ ကမ္မဋ္ဌာန်း၊ ဘာဝနာတရားကို စတင်လေ့ကျင့် ပွါးများသင့်ပြီ။ ဒါပေမဲ့ တစ်လတည်းရှိတော့တာဆိုတော့ အချိန်မှ မီပါဦးမလား။

(၄) ၀မ်းနည်းမိမှာက…

မိမိနဲ့အတူ မိသားစုဆွေမျိုး ချစ်ခင်သူတွေ အပါအ၀င် ကမ္ဘာ့လူသားမျိုးနွယ်တစ်ရပ်လုံး ပျောက်သုံးတော့မှာ။ ချစ်ခင်သူတွေအားလုံးနဲ့ သေကွဲကွဲရတော့မှာ။

(၅) ကြောက်လန့်မိတာက...

ဘယ်လိုပုံစံ ဘယ်လိုနာကျင်မှုတွေ ၊ ဘယ်လိုပူလောင်မှုတွေ၊ ဆင်းရဲဒုက္ခတွေနဲ့သေရမလဲ။ အဲလိုတော့ မသေချင်တာ အမှန်။


(၆) ဆောင်ထားချင်တာ...

ကမ္ဘာပျက်ပြီဆိုတဲ့ နောက်တော့ ဆောင်ထားလဲ အသုံးကျမယ်မထင်။ (ဒါပေမဲ့ စလုံးမှာနေတာကြာတော့ လူက kiasu အကျင့်က ပါနေပြီဆိုတော့ ကမ္ဘာကြီးတကယ်မပျက်ပဲ ထိခိုက်မိရုံလေးဆို လိုရမယ်ရ သုံးရအောင် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းတွေ၊ ရိက္ခာ အခြောက်တွေများ ဆောင်မိလေမလားပဲ။ ဒေါ်သက်ဝေတို့ အဲဒီကျမှ သူများဆီက လာမချေးကြနဲ့နော် ... ဒါပဲး)

(၇) ဘာတွေ ရေးမိမလဲ…

စိတ်ထဲမှာ ကြောက်ရွံ့မှုနဲ့ ပြာလောင်ခတ်နေလောက်ပြီ ဆိုတော့ စာရေးဘို့ဆိုတာ သတိရမယ်မထင်။ (အဲဒီအချိန်ဘလော့ဝင်ရေးရင်းနဲ့ သေမယ်ဆိုတဲ့ လူတွေလဲ ရှိချင်ရှိမှာပါ။ မီးမီးကတော့ ကြောက်ကြောက်း))

(ဂ) တွေးမိတွေးရာ အတွေး…

ကမာကြီး မကြာခင် ပျက်စီးခြင်း အလုံးစုံရောက်တော့မယ်။ ခုချိန်မှာ မကောင်းမှုတွေ အတတ်နိုင်ဆုံးရှောင်၊ ကောင်းမှုတွေလုပ်၊ စိတ်ကိုဖြူအောင်ထား။ ခွင့်လွှတ်ခြင်းကို လက်ကိုင်ထား။ မိဘဆွေမျိုး သူငယ်ချင်းတွေကို ဆုတောင်းမေတ္တာပို့။


(၉) ဂုဏ်ယူချင်တာက…

အဟင့် ... သေရတော့မှာကို .... ဂုဏ်ယူစရာ ရှာမရသေးဘူး။ မရှိတာဖြစ်မယ်။


(၁၀) ရှာကြံဖြေသိမ့်မိတာက…
မသေခင် မိဘများကို တတ်နိုင်သလောက် ကျေးဇူးဆပ်နိုင်ခဲ့တယ်။ သမီးလေးနဲ့ အိမ်ထောင်ဖက်ကို အကြွင်းမဲ့ ချစ်မြတ်နိုးမှုတွေနဲ့ ချစ်ခဲ့တယ်။


(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း…
အို အသင်လောက ... လူရယ်လို့ဖြစ်လာရင် တစ်နေ့သေရမှာ မုချ။ မသေခင် အနေတတ်၊ အသေတတ်အောင် ကြိုးစားရဦးမည်ပ။ယနေ့မှ စ၍ ငါအတတ်နိုင်ဆုံး ကြိုးစားမည်။

Tuesday, October 27, 2009

အကျား တွေချည်းပဲတော့ ....


မဆွိတီတို့အမျိုး အစ်မ တစ်ယောက် ပြောပြတာလေး ဖောက်သည်ချရဦးမယ် ...
အဲဒီအစ်မ အိမ်ထောင်ကျတော့ သျှောင်နောက်ဆံထုံးပါ ယောက္ခမများအိမ်မှာ လိုက်နေပါတယ် ...သူတို့အိမ်က သားသမီးတွေထဲမှာ ပထမဆုံးအိမ်ထောင်ပါ ... ... ယောက်ခမ အမကြီးက စကားပြောရင် အားရပါးရ တုတ်ထိုးအိုးပေါက် ပြောတတ်ပေမဲ့ စိတ်ရင်းအလွန်ကောင်းသူပါတဲ့ ... အစ်မကလဲ သဘောကောင်းတော့ ယောက်ခမတွေက သမီးအရင်းနဲ့မခြား ချစ်ကြပါတယ် ...

အိမ်ထောင်သက် တစ်နှစ်ခွဲလောက်နေတော့ သားယောက်ျားလေး တစ်ယောက်ဖွားပါတယ် ... မြေးဦးဆိုတော့ အဖိုးအဖွားတွေရော အတူနေ ဦးလေး၊ အဒေါ်တွေရော ချစ်လိုက်ကြတာ ... တုန်လို့ ...
ခလေးတစ်နှစ်လောက်မှာ မမျှော်လင့်ပဲ နောက်ထပ်ကိုယ်ဝန် ရှိလာပြန်ပါတယ် ...
သားလေးရပြီးသားဆိုတော့ သမီးလေးလိုချင်တာပေါ့လေ ... အဖိုး၊ အဖွားတွေကလဲ
ဒီတစ်ခါတော့ မြေးမလေးချီချင်တယ်လို့ ချည်းပြောနေတော့တာပဲ ... အဖွားလုပ်သူကအဆိုးဆုံး ... ဒီလိုနဲ့ ၉လလွယ် ၁၀လဖွား ... မွေးလာပြန်တော့ ယောက်ျားလေး ... အော် ... ရှင်၂လောင်းရတာပေါ့ ဆိုပြီး အဖွားလုပ်သူ ဖြေရှာပါတယ် ...

အစ်မခင်မျာလဲ တော်တော်နဲ့ ခလေးမယူရဲတော့ဘူး ... အဲလိုနဲ့ နောက်ခလေး အငယ်ကောင် ၃-၄နှစ်လောက်ရလာတော့ အစ်မကစိတ်ကူးယဉ်ပါတယ် ... သမီးမိန်းကလေးမွေးရင် ... ဘယ်လို အ၀တ်အစားလေးတွေ ဆင်မယ်ပေါ့ ... မိန်းကလေးဆိုတော့ တီတီတာတာ ပိုပြောတတ်မယ် ... ပိုချစ်စရာလေးနေမယ်ဆိုပြီး စိတ်ကူးနဲ့ရူးရတာ ... ယောက္ခမတွေကလဲ မြေးမလေးတစ်ယောက်တော့ ချီချင်ပြီဟေ့ ဆိုတာနဲ့ ခလေးထပ်ယူပါတယ် ...

အဲဒါနဲ့ပဲ ခလေးမီးဖွားမဲ့နေ့ရောက်လာပါပြီ ... တောဓလေ့ထုံးစံအတိုင်း အိမ်မှာပဲ သူနာပြုဆရာမနဲ့ ခေါ်မွေးပါတယ် ... မီးဖွားဖို့ ပစည်းတွေ ပြင်ဆင်ပြီး မွေးနေရင်းကနေ ဆရာမပုံကြည့်ရတာ ဇောချွေးတွေ ပြန်နေပါတယ်။ နောက်မှ မျက်စိပျက်မျက်နှာပျက်နဲ့ ဘေးကစောင့်နေတဲ့ ယောက်ခမကြီးကို
အမ်မာလေး ... ၂ယောက်ပူးကြီးတောင်တော့ ... ကျမတစ်ယောက်တည်းမနိုင်ဘူး ဆိုပြီး ပြောပါတယ် ။ ယောက်ခမကြီးက "အမွှာတဲ့ဟေ့ ဆရာမတစ်ယောက်ထပ်ခေါ်ချေကြစမ်း " ဆိုတော့မှ မျက်မှောင်ကျုတ်ကြီးနဲ့ မီးနေခန်းနားမှာ ငုတ်တုတ်ထိုင်စောင့်နေတဲ့ မောင်အငယ်ဆုံး၊ ရုပ်အဆိုးဆုံးလေးက စက်ဘီးနဲ့ပြေးပြီး ဆရာမနောက်တစ်ယောက်ကို သွားခေါ်ရပါတော့တယ် ...

အဲလိုနဲ့ ဆရာမနှစ်ယောက်တက်ညီလက်ညီနဲ့ မွေးလိုက်ကြတာ ပထမတစ်ယောက်ထွက်လာပါတယ် ... ယောက်ကျားလေးပါရှင် ... အဖွားလုပ်သူခမျာ အဲဒီခလေးလေးကြည့်ပြီးတော့ မူးလဲမတတ်ပါပဲ ... နောက်တစ်ယောက် ထပ်ထွက်လာတော့ မိန်းကလေးများဖြစ်မလားလို့ မျှော်လင့်ချက်တွေနဲ့ ကြည့်နေတဲ့ အဖွားက ထွက်လာလာချင်း စိတ်ပျက်ပျက်နဲ့ အော်ပြောလိုက်တာက “ အောင်မလေးတော့ ... ထွက်လာလိုက်ကြတာ ... သောက်ကျားတွေချည်းပဲ ...” တဲ့ ... အဲလိုအော်ပြောသံကြားလိုက်ရတဲ့ ခလေးအမေခမျာလဲ မှန်းချက်နဲ့နှမ်းထွက်မကိုက်လို့ မီးတွင်းထဲမှာတင် သတိလစ်သွားလို့ သူနာပြုဆရာမတွေ သတိရလာအောင် မနဲလုပ်လိုက်ရပါသတဲ့ ...

ဇာတ်လမ်းကမပြီးသေးပါဘူး ... အဲဒီယောက္ခမတွေရဲ့ ဒုတိယသားအငယ်ကလဲ မရှေးမနှောင်းအိမ်ထောင်ပြုတာ ကလေး ၅ ယောက်သာ မွေးလားပါတယ် ... အားလုံးက ယောက်ကျားလေးတွေချည်းပါပဲ ... ယောက်ခမတွေခမျာမလဲ မြေးမိန်းခလေးပါနိုးပေါ့ ... စောင့်လိုက်ရတာ ...တစ်ယောက်မွေးတိုင်း မျှော်လင့်ချက်တွေအပြည့်နဲ့ စိတ်ကူးနဲ့ရူးရတာ ... အကျားတွေချည်းပဲ ၉ယောက်တောင် ...

နောက်ဆုံး မျက်မှောင်ကြီး အမြဲကျုတ်နေတတ်တဲ့ သား အငယ်ဆုံး ရုပ်အဆိုးဆုံးလေး အိမ်ထောင်ကျမှသာ သမီးလေးတစ်ယောက် မွေးပါတော့တယ် ... အဲဒီသမီးလေးက အကိုဝမ်းကွဲ ၉ယောက်တောင်ရှိပါသတဲ့ရှင် ... သူ့အကိုတွေကလဲ နှမလေးတစ်ယောက်တည်းဆိုတော့ နှမထိဓါးကြည့် အလွန်ချစ်ကြပါတယ် ...

ဇာတ်ပေါင်းသော် ...
အဲဒီသမီးလေးဟာ စလုံးမှာနေတဲ့ ဂျူနီယာခြိမ့် (ခေါ်) ဂျူဂျူလို့ ချစ်စနိုးခေါ်တဲ့ ကောင်မလေး ဖြစ်လာပါတယ် ...
သူနာပြုဆရာမသွားခေါ်ပေးတဲ့ မောင်အငယ်ဆုံး မျက်မှောင်ကျုတ်လေးက ကြီးလာတော့ " စင်္ကာပူမှာ ... ဘာလုပ်လိုပါလျင် ... ညာလုပ်လိုပါရင် " ဆိုပြီး စာတွေရေးရေးနေတဲ့ ၀ူးမောင်ခြိမ့် ဆိုတာဖြစ်လာပါသတဲ့ ...

ဇာတ်လိုက်အစ်မကြီးကတော့ အခု ဂျူဂျူလေးကို ထိမ်းနေတဲ့ သူ့ဂျီးတော်ကြီးပါ ....
သူ့ခမျာလဲ အခုမှသမီးမိန်းကလေး ထိမ်းရတာဆိုတော့ သမီးလေးကို သိပ်ချစ်ရှာပါသတဲ့ရှင်။

Saturday, October 24, 2009

စုံစီနဖာ အညွှန်း (၂)

အညွှန်းဆိုတော့ ကိုယ်ကြိုက်တာလေးတွေ၊ ကောင်းမယ်ထင်တာလေးတွေ ကို သူများတွေကို မျှဝေရတာပါ။ အကြိုက်ချင်းများ မတူခဲ့ရင် ခွင့်လွှတ်ကြပါကုန်။

The God Father
မနေ့ညက အိမ်မှရှိနေတဲ့ အခွေတွေထဲက God father (ပထမပိုင်း) အခွေ ကို ပြန်ကြည့်မိပါတယ်။ ငယ်ငယ်က အဖေတို့ပြောတာ ကြားဖူးနေပေမဲ့ ငယ်သေးတော့ စိတ်မ၀င်စားမိဘူး။ ကိုယ့်အိမ်ကလူနဲ့ အိမ်ထောင်ကျတော့ သူက အဲဒီကားကြိုက်တယ်ဆို DVD ၃ခွေလုံး အိမ်မှာဝယ်ထားတာ။ ကိုယ်လဲသူနဲ့ကြည့်ရင်းနဲ့ အဲဒီကားကို တော်တော်ကြိုက်သွားတယ်။ ပထမတော့ ဇာတ်ကြမ်းကားထင်တာ။ သူက ဒွန်မိုက်ကယ်ရဲ့ မိသားစုဘ၀၊ အချစ်ဇာတ်လမ်း နဲ့ အတူ မာဖီးယား ဒုစရိုက်ဂိုဏ်းတွေရဲ့ လက်ရဲဇတ်ရဲတာတွေကို ရောမွှေပြသွားတာပါ။

မာလွန်ဘရန်ဒို အသံပြာပြာကြီးနဲ့ ရုပ်တည်ကြီးလုပ်ပြီး စကားပြောတဲ့ အခန်းတွေ၊ မိသားစု ပြသနာတွေကို ညီအစ်ကိုတွေ စုပြီးဖြေရှင်းတာတွေ၊ ညီအကို အချင်းချင်းတောင်မှ တစ်ယောက်နဲ့တစ်ယောက် စရိုက်မတူတာတွေ ပြသွားတာ အပြင်မှာ တကယ်ဖြစ်နေတဲ့အလား သရုပ်တွေ အတော်ပီပါတယ်။ Don Michel အဖြစ် သရုပ်ဆောင်တဲ့ အယ်ပါစီနိုကို ချောလွန်းလို့လားမသိ ၊သရုပ်ဆောင်တာကိုလဲ တော်တော်သဘောကျမိပါတယ်။

" ကောင်မလေး ငါ့ကို ကြိုက်တယ်ခိုက်တယ် ... ဆိုပြီးတော့ " ဆိုတဲ့ ကြိုးကြာတို့ အခုဆိုနေတဲ့ သီချင်းဟာ အဲဒီ God father ဇာတ်ကားရဲ့ နာမည်ကြီး ဇာတ်ဝင်သီချင်းရဲ့အလိုက်ပါ။ The God Father ပထမပိုင်းရော၊ ဒုတိယပိုင်းရော အကောင်းဆုံး ရုပ်ရှင်ကား အော်စကာဆုတွေ ရခဲ့ပါတယ်။ ၁၉၇၂ နဲ့ ၁၉၇၄ နှစ်တွေအတွက် ရခဲ့တာပါ။ တတိယပိုင်းကတော့ ၁၉၉၀မှ ထပ်ရိုက်ခဲ့ပြီး ပထမ၂ကားလောက် အောင်မြင်မှုမရခဲ့ပါဘူး။

အမေရိကန် မြေအောက် မာဖီးယားဂိုဏ်းတွေနဲ့ သူတို့ရဲ့ ဘ၀ မိသားစုအကြောင်းတွေကို သဘာဝကျကျရိုက်ပြနိုင်တဲ့ ကမ္ဘာ့ရုပ်ရှင်လောကက နာမည်ကြီး The God Father ကို ကြည့်ဖြစ်အောင်ကြည့်ကြဖို့ ညွှန်းလိုပါတယ်။ ဆိုင်တွေမှာတော့ အခွေတွေရှိပါတယ်။ Classic ထဲမှာရှာပါ။



Rapid Share Account နဲ့ ရုပ်ရှင်များ
နိုင်ငံခြား ရုပ်ရှင် ကြိုက်တတ်သူတွေအတွက် အွန်လိုင်းကနေ ရုပ်ရှင်တွေ ဒေါင်းကြည့်ချင်ရင် အကောင်းဆုံး web site လေးပါ။ ရက်ပစ်ရှဲ အကောင့်ကို ၀ယ်ထားရင် ရုပ်ရှင်ပေါင်းများစွာကို ဒေါင်းလုပ်လုပ်ပြီး ကြည့်နိုင်ပါတယ်။ TV series တွေ၊ Game တွေများစွာလဲ ဒေါင်းလို့ရပါတယ်။ ၆လစာကိုမှ စလုံး ၆၈ကျပ်လောက်ပဲ ပေးရပြီး သူငယ်ချင်း၂ယောက် ၃ယောက်လောက် ရှယ်သုံးရင် အလွန်သက်သာပါတယ်။ တစ်ရက်ကို ၅ဂစ်ဒေါင်းလို့ ရပါတယ်။ အဲဒါမပြည့်ရင် နောင်လစ်မစ်ကို ထပ်ပေါင်းထည့်ပေးတယ်။ ငွေကိုတော့ bank transfer နဲ့ သွားရင်သွား ဒါမှမဟုတ် ခရက်ဒစ်ကတ် ရှိရင် paypal နဲ့ လွှဲရင်လဲရပါတယ်။
http://www.rslinks.org
*****အထူးသတိ ။ ဒီ web site က တရားဝင် မဟုတ်တဲ့အတွက် စလုံးလို နိုင်ငံမှာတော့ အလွန်အဆင်ပြေပါတယ်။ ဒါပေမဲ့ အော်ဇီိလို၊ US လို၊ အင်ဂလန်လိုနိုင်ငံတွေမှာတော့ တရားဝင်သုံးလို့မရပါ။ သွားဝင်လိုက်ရင် အင်တာနက်ကို ဖြတ်ချတာမျိုး ကြုံဘူးပါတယ်တဲ့။




mysoju
ကိုရီးယားကားကြိုက်တဲ့ ပရိတ်သတ်များ သိပြီးသားဖြစ်နေမလား။
ကိုးရီးယားကားများ၊ ဇာတ်လမ်းတွဲများကို ကြည့်လိုတယ်ဆိုရင်တော့ အောက်က မိုင်ဆိုဂျူး ဆိုတဲ့ ရုပ်ရှင် web site လေးကို
ဝင်ကြည့်ကြပါ။ ကိုယ်လဲ ဟိုးတစ်ခေါက် မြန်မာပြည်က အလည်ပြန်လာတော့ လူပြောများတာနဲ့ ဒါရိုက်တာရင်တို့၊ အွန်စောတို့၊ ဘွန်စောတို့ကြည့်ချင်တာ ခုမှပဲ တွေ့တော့တာ။ ဂျပန်ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေနဲ့ ဟောင်ကောင် တရုတ်ကားတွေလဲ အများကြီးရှိပါတယ်။ ကိုးရီးယားဇာတ်လမ်းတွဲတွေကြည့်ဖို့ အစုံဆုံးနဲ့ အကြိုက်ဆုံး web site လေးပါ။
http://www.mysoju.com/



စွယ်တော်ရိပ် သကြန် ၂၀၀၉
ဟိုးအရင် သကြန်အချိန်က " EX-RITသင်္ကြန် ဖြေဖျော်ပွဲ " ဆိုပြီး ညွှန်းခဲ့တာလေး သတိရကြမှာပါ။ အခွေထွက်နေတာကြာပါပြီ။ အိမ်မှာတော့ ၀ယ်ထားပါတယ်။ ခု myanmarpioneer ဆိုတဲ့ web site မှာ တင်ထားပါတယ်။ သွားကြည့်ကြပါဦးနော်။ "ခွေးတို့ရွာ " ဆိုတဲ့ ရယ်ရတဲ့ ဇာတ်ထုတ်လေးကတော့ ဆင်ဆာထိလို့ ပါမလာခဲ့ဘူး။ ဒါပေမဲ့ အငြိမ့်က အရမ်းရယ်ရပါတယ်။ ခါးအောက်ပိုင်း ပျက်လုံးအချို့ပါပေမဲ့ အားလုံးခြုံပြောရင် ကြည့်သင့်တဲ့ အခွေလေးပါ။
http://myanmarpioneer.com/watch.php?v=286


မာလာဟင်း
online မှာ ခင်ခဲ့တဲ့ သူငယ်ချင်း မလေဒီမှ ready made အထုတ်လေး ပေးလာလို့ ချက်စားဖြစ်ပါတယ်။ မာလာဟင်းဆိုကြားသာကြားဖူးတာ တစ်ခါမှမစားဘူးလို့ ခုတော့ ကိုယ့်အကြိုက် အစားအသောက်တစ်ခုတိုးရတာပေါ့။
သူက တရုတ်ပြည် ဇီချွမ်က မာလာမျင့်ဆိုတဲ့ ခေါက်ဆွဲ အစပ်ကနေ မြန်မာပြည်ထဲ ရောက်လာပြီး မာလာဟင်းဆို နာမည်ကြီးလာတာထင်ပါရဲ့။
အသီးအရွက်တွေ အများကြီးနဲ့ ခေါက်ဆွဲ အမျိုးပေါင်းစုံပါပြီး မြန်မာပါးစပ်နဲ့အကိုက်ခပ်စပ်စပ်ဆိုတော့ လေးဆိုတော့ ကြိုက်ကြတာ မဆန်းပါဘူး။ (ချက်နည်း ကိုနောက်မှ အရှည်ရေးပါတော့မယ် )


Wedding Dance
youtube မှာ ဟိုတလောက hit ဖြစ်သွားတဲ့ ဗွီဒီယို လင့်လေးပါ။ ခုထိ လူပေါင်း သန်း၃၀နီးပါး လာကြည့်သွားကြပါပြီ။ မင်္ဂလာဆောင်မှာ သတို့သားနဲ့ သတို့သမီးအပါအ၀င် တက်ရောက်တဲ့ သူငယ်ချင်း၊ မိသားစုများပါ ပါဝင်ကပြဖြေဖျော်သွားတဲ့ ပျော်စရာ မင်္ဂလာပွဲလေးပါ။ သူတို့တွေကြည့်ပြီး အပျော်တွေ ပါ ကိုယ့်ဆီကူးစက်လို့။

Friday, October 23, 2009

ကွကျသားပလာတာ

ဟိုတလောက မဆွိတီတို့အိမ်မှာ ကြက်သားပလာတာ ချက်စားကြတယ်။ ကြက်သားပလာတာချက်ရတာ လွယ်လို့ တော်တော်များများ သိကြပါတယ်။ ဒါပေမဲ့ တစ်ချိုနိူင်ငံရပ်ခြားမှာ နေသူ တကိုယ်တည်း လူလွတ်တွေ မချက်တတ်ဘူးပြောလာလို့ မဆွိတီရဲ့ ချက်နည်းလေးကို ရှယ်လိုက်ပါတယ်။ ဗမာလို အလွယ်ပဲချက်တာမှို့ ဒိန်ချဉ်တွေ ဘာတွေတော့ မထည့်ပါဘူး။ မဆလာအစား ဇီယာမှုန့်ကို သုံးပါတယ်။ ဇီယာမှုန့်ချည်း သတ်သတ်အနံ့ကို ပိုကြိုက်လို့ပါ။ ဇီယာကို Cumin လို့ ခေါ်ပါတယ်။ အိန္ဒိယ ဆိုင်လေးတွေမှာဖြစ်ဖြစ်၊ NTUC မှာဖြစ်ဖြစ် Cumin powder ဆို ရှာဝယ်ရင်ရပါတယ်။

သုံးတဲ့ spices လေးတွေ
ဇီယာ (Cumin)

သစ်ဂျပိုးခေါက် (cinnamon)

ကရဝေးရွက် (Indian bay leaves, Cinnamomum)


လူ ၈ယောက်စာခန့် ပြင်ဆင်ရန်
ကုလားပဲနို့ဆီတစ်ဗူးခွဲလောက်ကို ညကတည်းက ရေစိမ်ထားပါတယ်။
မနက်မိုးလင်းတော့ ကုလားပဲကို နူးအိနေအောင်ပြုတ်ပါတယ်။

ကြက်တစ်ကောင် ဝယ်ပြီး အတုံးခပ်ကြီးကြီး ဆိုင်မှာ တုံးခိုင်းပါတယ်။ ကုလားပဲအိုးထဲချိုအောင် ကြက်ခြေထောက်ရိုးတွေလဲ ဝယ်ခဲ့သေးတယ်။ အိမ်ရောက်တော့ ကြက်သားကို အရိုးတွေရောအသားတွေရော ရောရက် ဆား၊ဆနွင်း၊ သကြား၊ ပဲငံပြာရည် အကြည်ရည်၊ ဇီယာမှုန့်တို့နဲ့နယ်ပြီး ဆားပြားဝင်အောင် နာရီဝက်လောက် နှပ်ထားပါတယ်။

ကြက်သွန်ဖြူ ၁၀မွှာလောက်၊ ဂျင်း တစ်လက်မလောက်၊ ကြက်သွန်နီဥကြီး ၂ဥလောက်ကို ပါးပါးလှီး အားလုံးထောင်းပါတယ်။ blender နဲ့ကြိတ်လဲရပါတယ်။

သစ်ဂျပိုးခေါက်(cinnamon) ကရဝေးရွက်၊ ဇီယာမှုန့်၊ အရောင်တင်မှုန့်တို့ကို လဲ ဆီသတ်ဖို့ အဆင်သင့်ပြင်ထားပါတယ်။

ထောပတ် (Ghee) နဲ့ ဆီ ဇွန်းကြီး ၂ဇွန်းလောက်စီကိုလည်း အဆင်သင့်ပြင်ထားပါတယ်။ ထောပတ်မရှိလဲ ဆီနဲ့ချည်းလည်းချက်လို့ရပါတယ်။ စလုံးမှာတော့ NTUC မှာ ထောပတ်ဝယ်လို့ရပါတယ်။

အာလူးအလုံးကြီး ၃-၄လုံးလောက်ကိုလည်း အခွံနွှာ၊ အတုံးကြီးကြီး တုံးပြီး ဆား၊ဆနွင်းတို့နဲ့နယ်ထားပါတယ်။

ကြက်သားချက်ခြင်း
မီးအနေတော်ပေါ် ဒယ်အိုး (သို့) ဒန်အိုးတယ် ဆီထည့် ဆီကျက်ရင် အာလူးတုံးထားတာတွေ အရင်ကျက်အောင်ထည့်ကြော်လိုက်ပါ။ အာလူးက ချက်ရင် ကြာလို့ အဲလိုဆီထဲ ထည့်ကြော်လိုက်ရင် အကျက် အလွန်မြန်ပါတယ်။ အာလူးအပေါ်အရေခွံတင်းပြီး ကျက်သွားရင် အသာ ပြန်ကော်ထားပါတယ်။

ခုနက ဆီအကျန်ထဲကို ထောပတ်ထပ်ထည့် ဆီကျက်ရင် ခုနက ဂျင်း၊ကြက်သွန်ဖြူ၊ အနီထောင်းထားတာ အရင်ထည့် ၊ ကျက်ခါနီးရင် သစ်ကြမ်းပိုးခေါက်၊ ကုလားဝေးရွက်၊ ဇီယာမှုန့် တို့ကိုထည့်မွှေးလာပြီး ရွှေဝါရောင်သန်းလာရင် ငရုပ်သီး အရောင်တင်မှုန့် တစ်ဇွန်လောက်ခပ်မွှေပေး၊ ကြက်သားထည့်ပြီး မကပ်အောင်ထပ်မွှေပေးပြီး ကြက်သားကို ဆီသတ်ပါ။ ကြက်သားအတော်မွှေးပြီဆို ရေနဲနဲခပ်ပြီး အဖုံးလုံအောင်အုပ်၊ ကြက်သားနပ်ခါနီးရင် အာလူးထည့်ပြီး ကြက်သားရော အာလူးရောနပ်သည်အထိတည်ပါ။





ကုလားပဲဟင်းချက်ခြင်း
ခုနကကုလားပဲကို ကြက်သားနဲ့ရောရင် ဆီတွေ စုတ်ပြီး ဆီပျောက်လို့ ဟင်းက ကြည့်မကောင်းလို့ ရောမချက်ပါ။ ကုလားပဲကိုလည်း ခုနက ကြက်သားဆီသတ်နည်းအတိုင်း မွှေးနေအာင်ဆီသတ်၊ ဟင်းချိုအောင် ကြက်သားဟင်းထဲက ကြက်ခြေထောက်ရိုးနဲ့ အရိုးအချို့ကို ကုလားပဲအိုးထဲပြောင်းထည့်ပြီး အချိုရည်ထွက်တဲ့ အထိတည်ပါတယ်။ အရည်အပျစ်အကျဲကတော့ ကိုယ့်စိတ်ကြိုက် ချက်ပါ။

အချဉ်
အချဉ်အတွက်တော့ သခွါးသီး၊ ကြက်သွန်နီ၊ ပူတီနာရွက်၊ငရုပ်သီးစိမ်းတို့ကို ပါးပါးလှီး၊ သံပုရာရည်၊ ဆားတို့နဲ့ နယ်ပါတယ်။



ပလာတာ
ပလာတာကတော့ NTUC ကနေ Ready made အထုတ်ကြီးတစ်ထုတ်ဝယ်ပြီး Non-sticker ဒယ်အိုးနဲ့ ဆီပါလေကာထည့် မီးအေးအေးနဲ့ တစ်ချပ်ချင်းကြော်ပါတယ်။ တစ်ထုတ်ကို အခု၃၀ ပါပါတယ်။



အဲလိုစားဖို့ အဆင်သင့်ဖြစ်ပြီ ... အနီးကပ်ကြည့်ချင်ရင် ... ရဲရဲကြီးသာနှိပ်လိုက်ပါ ... ပုံတွေကို။


Thursday, October 22, 2009

Ju Ju Dancing

ဂျူဂျူ ၄ နှစ်တုံးက ရိုက်ထားတဲ့ ဗွီဒီယို ကလစ်လေးပါရှင်။
ကင်မရာမန်း ဒေါ်ဆွိတီ
သရုပ်ဆောင် ဂျူဂျူ
နောက်ခံစကားပြော ဂျူဂျူ့ ကြီးတော်



Monday, October 19, 2009

ဂျူဂျူနဲ့ ရုပ်ရှင်ကြည့်ခြင်း



ဟိုတစ်လောကပေါ့။ ဟိုတစ်လောကဆိုပေမဲ့ ကြာတောင်ကြာနေပါပြီ ။ Ice age (III)(Dawn of the Dinosaurs) ရုံတင်တုံးက သားအမိသားအဖတွေ ရုပ်ရှင်သွားကြည့်ကြတယ်။ ရုံရောက်တော့ ဖအေလုပ်သူက Transformers ကြည့်ချင်တယ်ဆိုပြီး တခြားရုံကူးသွားတယ်။ မဆွိတီတို့သားအမိ၂ယောက်က တစ်ရုံပေါ့ ။ မဂျူဂျူကတော့ ပထမဆုံးသူ့ကို သေချာလိုက်ပြတာဆိုတော့ သူ့ကိုယ်သူ လူကြီးဖြစ်ပြီ လူရာဝင်ပြီလို့ ထင်နေတယ်။ ရုံထဲမ၀င်မီ တစ်တောင်နီးပါးလောက်ရှိတဲ့ ပေါက်ပေါက်ပုံးကြီးကိုင်ပြီး ပြုံးပြုံး ... ပြုံးပြုံးနဲ့ ကျေနပ်နေပုံများ မြင်စေ့ချင်တယ်။

အထဲရောက်တော့လဲ သူမမြင်ဘူးတာတွေကို တတွတ်တွတ် အမေကို မေးတော့တာပဲ။ နောက်ရုပ်ရှင်စပြ၊ ကြော်ငြာကားတွေထိုးတော့ သူအဲဒီကားတွေလာလဲ ကြည့်ဦးမှာနော်တဲ့။ ခုထဲက စရံက သတ်နေပြီ။ အဲဒါဆိုလဲ သမီး ရုပ်ရှင်နာမည်တွေ သေချာမှတ်ထားနော်။ နောက်ရုံတင်ရင်ကြည့်ရအောင် ဆို ပြောရတယ်။ ကြော်ငြာကားတွေထဲမှာ မျက်လုံးကြယ်သီးနဲ့ အရုပ်မကားလေးပြတယ်။ အမေလုပ်သူရဲ့ မျက်လုံးက ကြယ်သီးနဲ့လုပ်ထားတာ။ သမီးက ရိုးရိုးမျက်လုံးပဲဆိုတော့ အရုပ်မလေးကို သူ့သမီးမဟုတ်ဘူးလို့ ပြောနေတဲ့ အခန်း။ ဇာတ်လမ်းလေးက စိတ်ဝင်စားစရာလေး။ သနားစရာလေး။ ကားနာမည်က Coroline တဲ့လေ။ သမီးကို သေချာမှတ်ခိုင်းထားရတယ်။

ဒါနဲ့ကားကြီး စပြတော့လဲ သူအတော်ကိုသဘောတွေ့ပါတယ်။ ရုပ်ရှင်ကလဲ တော်တော်ကောင်းကိုး။ သူ Ice age (I) ကို ကြည့်တုံးက ၃-၄နှစ်လောက်ပဲ ရှိသေးတာ။ အဲဒီကတည်းက အထဲက ဇာတ်ကောင်တွေနဲ့ ရင်းနှီးနေတာ။ အဲဒီတုံးက ကျားကြီး ဒီရေဂိုးက ခလေးကို စားဖို့လှမ်းခုန်အုပ်လိုက်တဲ့ အခန်းဆို သူ့မှာငိုလိုက်တာ။ sid နဲ့ တခြားတိရိစ္ဆာန်တွေ ရေခဲပြင်ပေါ် လျှောစီးတော့လဲ သဘောတွေကျလို့။

ဒီ Ice age (III) မှာတော့ ခလေးအရမ်းချစ်တဲ့ ခပ်ပျော်ပျော် လူပျိုကြီး sid က ဒိုင်နိုဆောလေး ၃ကောင်ကို မွေးစားထားတာ။ ခလေးအမေ ဒိုင်နိုဆောမကြီး သူ့ခလေးတွေကို ပြန်ခေါ်ရင်းနဲ့ sid က ရောပါသွားတယ်။ sid ကို ဆင်ကြီးတို့ ဇနီးမောင်နှံနဲ့တကွ ဒီရေးဂိုးတို့က လိုက်ကယ်တဲ့ တောတွင်းဇာတ်လမ်းပေါ့။ ဆင်မလေးကလဲ ကိုယ်ဝန်နဲ့ နေ့စေ့ လစေ့ကြီး။ ခလေးမွေးတော့ ကျားကြီး ဒီရေဂိုးက မီးနေစောင့်ရတဲ့ အခန်းဆို ရယ်နေရတယ်။ မိဘမေတ္တာ၊ မိသားစုဆိုတဲ့ အဓိပ္ပါယ်၊ ချစ်ခြင်းမေတ္တာ၊ သူငယ်ချင်း မိတ်ဆွေဆိုတာ၊ သူရဲကောင်းဆိုတာ အစရှိသဖြင့် သူ့နေရာနဲ့သူ သရုပ်ဖော်သွားတာ ခလေးတွေ ကြည့်သင့်တဲ့ ကားလေးပါ။

သမီးဂျူဂျူကတော့ ရုပ်ရှင်ကြည့်နေရင်းနဲ့ ကြောက်စရာ အခန်းဆို မျက်နှာကို လက်ဝါးလေးနဲ့အုပ်။ ရယ်ရတဲ့ အခန်းဆို ပါးစပ်လေးကို လက်နဲ့ အသာကာပြီး ခိုးခိုးခစ်ခစ်ရယ်လို့။ အမယ် ... သူ့ရယ်သံက အိမ်မှာ TV ကြည့်ရင် ရယ်တဲ့ အသံနဲ့တောင် မတူဘူးရယ်။ သူလဲဇာတ်လမ်း နားလည်တယ်။ အများနည်းတူ သူလဲ လူရာဝင်ပြီဆိုတဲ့ သဘောမျိုး။ တစ်ခါတလေ လုပ်ရယ်လေး၊ ဘေးကကြားရအောင် ခပ်ကျယ်ကျယ်လေးပါဗျား။ တစ်ခါတစ်လေ သူ့ရယ်သံတစ်ခုတည်း အကျယ်ကြီး ထွက်လာသေးတယ်။

ရုပ်ရှင်သာပြီးသွားတယ် သူ့ခမျာ ပြန်ချင်ပုံမရဘူး။ သမီးဟာ ဒီလို ပေါက်ပေါက်လေး စားလိုက်၊ အအေးလေး သောက်လိုက်နဲ့ ဆေးရောင်စုံ မြင်ကွင်းကျယ်ကြီးနဲ့၊ အသံ effect တွေနဲ့ ၊ အဲကွန်းခန်းထဲ ကြည့်ရတာကို သူအရမ်းကိုကျေနပ်နေတာ။ နောက်တစ်ခေါက်ထပ်ကြည့်ဖို့ကလဲ တစ်လမ်းလုံး တတွတ်တွတ်နဲ့ ပြောလို့။ သမီးပျော်တော့ အမေလဲပျော်ပေါ့။

နောက်တစ်ပတ်ကျတော့ အဲဒီ ရုပ်ရှင်ကြည့်တဲ့ shopping centre မှာပဲ သားအမိနှစ်ယောက် KFC သွားစားကြတယ်။ KFC ဆိုင်မှာလဲ ရုပ်ရှင် ပရိုမိုးရှင်းဆိုပြီး ခလေးပရိတ်သတ်ကို ဆွယ်တဲ့အနေနဲ့ Ice age (III) ထဲက ဇာတ်ကောင် အရုပ်ကလေးတွေကို kids meal ၀ယ်ရင် လက်ဆောင်ပေးတယ်။ ခလေးပရိတ်သတ်ကလဲ လာသူတိုင်း အရုပ်ကိုပဲ လက်ညှိုးထိုးကြတာချည်း။ မဂျူဂျူတို့လဲ ဘယ်နေမလဲ။ ခါတိုင်းစားနေကျဟာ မစားပဲ အရုပ်လိုချင်တာနဲ့ပဲ ခြေကိုဆောင့်ပြီး မအေကိုပူဆာတော့တာပဲ။ အရုပ်ကတော့ ဒိုင်နိုဆော အဖြူရောင်လေးရတယ်။

စားသောက်နေရင်းနဲ့ သားအမိနှစ်ယောက် ဒိုင်နိုဆောရုပ်လေးကြည့်၊ ပြီးခဲ့တဲ့ကားကို စမြုံ့ပြန်ကြပါရော။ "မေမေ ရှဉ့်က ရယ်ရတယ်နော် ... သူ့သစ်ကြားသီးကို သူ့ girl friend ဆီက လုစားတာ " " ဒိုင်နိုဆောလေးတွေက sid ကို သူတို့ မေမေလို့ ထင်နေတာ ... " အစရှိသဖြင့် ပြောနေကြရင်းနဲ့ မဂျူဂျူက " မေမေ ဟိုကားလာရင်လဲ ကြည့်ဦးမယ်နော် ..." တဲ့ ။ ဘာကားတုံးဆိုတော့ " မျက်လုံးမှာ ကြယ်သီးနဲ့ အရုပ်မကားလေ ... " တဲ့။ အဲဒီကား သမီးကို သေချာ မှတ်ခိုင်းထားတယ်လေ။ ကားနာမည် ဘာလဲဆိုတော့။ ဂျူဂျူ မမှတ်မိတော့ဘူးတဲ့။ ဖြစ်ချင်တော့ မအေလုပ်သူကလဲ မမှတ်မိဘူး။ လူနာမည် ဆိုတာတော့ သိတယ်။ Catherene လား ... ဘာလားဆို ... လူနာမည်တွေ ၃-၄မျိုး တစ်ခုပြီးတစ်ခု ရွတ်ကြည့်တော့လဲ ... ဟုတ်ဘူး ... ဟုတ်ဘူးနဲ့ ခေါင်းတရမ်းရမ်းနဲ့။ စဉ်းစားရတာ ဦးနှောက်ခြောက်နေကြပြီ။

နောက်ဆုံးတော့ မဂျူဂျူ မျက်လုံးလေးတောက်သွားတယ်။ သူအကြံရပြီဆိုပဲ။ ဒီကြော်ငြာတဲ့ကား နာမည်သိရအောင်များ သူဘာအကြံများ ရသတုံးဆို ကိုယ်တောင် အံ့သြနေတာ။ ဥာဏ်ကြီးရှင် မဂျူဂျူ ပြောလိုက်တာက

" အဲဒါဆိုလဲ ဂျူဂျူတို့ ခုအပေါ်တက်ပြီး အဲဒီကားပြန်ကြည့်ရအောင်လေ " တဲ့။

ကိုယ့်မှာ ရယ်လိုက်ရတာ။ ဘယ်အချိန်ထဲကများ ရုပ်ရှင်ပြန်ကြည့်ဖို့ ကြံနေတယ်မသိ။

Sunday, October 18, 2009

စင်္ကာပူ မြန်မာသံရုံးလုပ်ငန်းဆောင်တာများနှင့် ပါတ်သက်ပြီး မေးချင်နေသူများအတွက် (၃)

မှီခိုလျှောက်ခြင်း။

တစ်ချို့တွေက စင်္ကာပူမှာ တစ်ယောက်တည်း မဟုတ်ဘူး စုံတွဲလေးတွေ ရှိကြတာပေါ့။ အရင်တုန်းက တော့ စုံတွဲ က ရည်းစားဘ၀၊ သူလည်း အလုပ်လုပ် ကိုယ်က လည်း အလုပ်လုပ်ပေါ့။ နှစ်ယောက်သား ပိုက်ဆံတွေ စုကြ ပြီးတော့ လက်ထပ်လိုက်ကြပြီ ဆိုပါတော့။
နောက်တမျိုးက ကမြန်မာပြည်မှာကတည်းက တစ်ယောက်နဲ့ တစ်ယောက် ချစ်လွန်းလို့ သက်သေ လက်မှတ်ထိုးထားပြီးသား နောက်မှ မိန်းမ ကလိုက်လာပြီး သူလဲအလုပ်လုပ် ကိုယ်ကလည်း အလုပ်လုပ် နှစ်ယောက်သား စီးပွားရှာကြတာပေါ့။

ဘယ်လိုပဲ ဖြစ်ဖြစ် ယောကျာ်းအလုပ်လုပ်တယ်ဆိုရင် မိန်းမ က မှီခို လျှောက်လို့ ရတယ်လေ။ မိန်းမ မှ မဟုတ်ပါဘူး အသက် ၁၈ နှစ်ထက် ငယ်တယ်ဆိုရင် ကိုယ့်သားသမီးလည်း မှီခိုပဲပေါ့။ လွန်ခဲတဲ့ ၃-၄ နှစ် ကအထိ မှီခို လျှောက်ရတာ စွန့်စားခန်းပေါ့။ မှီခို မလျှောက်ခင်ကဆိုရင် ကျွန်တော် တို့မှာ လင်မယား ၂ ယောက်ပေါင်း တစ်လ ၃၀၀ နဲ့ တိုင်းပြည်ကို လှုဒါန်းနေတာလေ။ မှီခို လျှောက်တော့လဲ တကယ်စွန့်စားခန်းပါပဲ။ ဒါပေမဲ့ အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။ (၁) ကိုယ်နဲ့သူနဲ့ ပါတ်စပို့ မိတ္တူ (၂) လက်ထပ်စာချုပ် (စလုံးမှာ လက်ထပ်ရင် စလုံးက ပေးတာ၊ မြန်မာပြည်မှာလက်ထပ်ရင်တော့ နိုတြီပါ တွဲပြရတယ်လို့ ကြားဖူးပါတယ် (၃) ယောက်ျားလုပ်သူ နောက်ဆုံး လအထိ အခွန်ဆောင်ပြီးကြောင်း ထောက်ခံချက် တွဲပြပြီး မှီခိုလုပ်ပေးပါဆိုရင် လွယ်လွယ်ကူကူပဲ လုပ်ပေးပါတယ်။ ကဲ မလုပ်ရသေးသူတွေ လုပ်ကြနော်...

ဟာသ တစ်ခု ပြောပြအုန်းမယ်။.....

တကယ်တော့ ဟာသ ဆိုတာထက် ယူကြုံးမရ ဖြစ်ရတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အဖြစ်အပျက်လေးကို ကျွန်တော် ဒီမှာ ရေးပြပါမယ်။ ညီငယ်၊ ညီမငယ်များ နမူနာ အဖြစ် သိအောင်လို့ပါ။

လွန်ခဲတဲ့ တနှစ် အတွင်းက ကျွန်တော် သံရုံး ကို အခွန်သွားဆောင်စဉ်ကပေါ့။ ကျွန်တော်ရှေ့မှာ အသက် ၂၈ နှစ်အရွယ် လူငယ်တစ်ယောက် သံဝန်ထမ်းကို စကားပြောနေပါတယ်။ သူက သံဝန်ထမ်းကို ပြောနေတာကတော့ သူကိုယ်တိုင် အခွန်ဆောင်မယ်၊ သူ့ကောင်မလေးက ပထမအကြိမ် အခွန်ဆောင်ပါမယ်တဲ့။ သူကနေ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြနေတာ အကုန်ပါပါတယ်။ သူ့ကောင်မလေးရဲ့ အလုပ်ခန့်စာ မူရင်း အပါအ၀င် အကုန်ပြနိုင်ပါတယ်။ ခက်တာက သူ့ကောင်မလေး က လူကိုယ်တိုင်မပါဘူးပေါ့။ အဲဒီမှာ သံဝန်ထမ်းက မင်းက ဒီကောင်မလေးအစား အခွန်လာဆောင်ပေးတယ်ဆိုတော့ မင်းနဲ့ ဘယ်လိုတော်စပ်သလဲလို့ မေးတဲ့အခါမှာ လူငယ်က ကျွန်တော် မိန်းမ ပါတဲ့။ အဲဒီမှာ သံဝန်ထမ်းက သဘောကောင်းစွာပဲ မင်းတို့ က လင်မယားဆိုရင် လက်ထပ်စာချူပ်ပြပါ။ လက်ထပ်စာချုပ်ပြရင် မင်းအမျိုးသမီးရဲ့ ပါတ်စ်ပို့ မှာ မင်းရဲ့ မှီခို ဖြစ်ကြောင်း ရေးပေးမယ် ငွေ ၁၅၀ ပဲ ပေး၊ နောက်ပိုင်း လတွေ မင်းအမျိုးသမီးအနေနဲ့ အခွန်ဆောင်စရာ မလိုတော့ဘူးလို့ သေချာစွာ ရှင်းပြပါတယ်။ ထိုလူငယ်က ချက်ခြင်းနားမလည်သေးလို့ ကျွန်တော်က ပါ ကြားဝင်ပြီး ရှင်းပြပါတယ်။

ဒါပေမဲ့ ထိုလူငယ်က ပြန်ပြောတာကတော့ " ဟင့်အင်း... မှီခို မပြောင်းဖူး.. သူဘာသာ ပဲ အခွန် ဆက်ဆောင် ကျွန်တော်လည်း ကိုယ်ဘာသာကိုယ် ဆောင်မယ်" လို့ ပြန်ပြောပါတယ်။ ကျွန်တော် ကြားထဲက ယူကြုံးမရ ဖြစ်ရတယ်ဗျာ။ စဉ်းစားကြည့် လင်ရယ် မယားရယ် ဖြစ်လာရင် တတ်နိုင်သမျှ သက်သာအောင် ပိုက်ဆံကို လည်း ချွေတာ စုဆောင်းရတယ် မဟုတ်လား။ အခုတော့ဗျာ။
နောက်ဆုံးမှာတော့ သံဝန်ထမ်းကိုယ်တိုင် လက်လျော့သွားပြီး... " ဒါဆို မင်းတို့ တရားမ၀င်လက်ထပ်တာနေမှာ အကောင်းပြောလို့ အကောင်းမှန်းမသိတာ ငါတော့ မင်းတို့ လက်ထပ်တယ်ပြောတာ လာညာနေတာပေါ့ " လို့ ပြောလိုက်တယ်ဗျာ။ ကိုယ်တော်လေးက အဲဒီစကားကိုလည်း နာ ရမှန်းမသိဘူးဗျာ။ လင်မယား ၂ ယောက်လုံး အက်စ်ပါတ် ကိုင်ထားကြတာနော်။


ပါတ်စ်ပို့ စာအုပ် အသစ်လုပ်ခြင်း

ခရီးထွက်တာ များတဲ့ သူတွေ အဖို့က ပါတ်စ်ပို့ မှာပါတဲ့ စာမျက်နှာတွေ ကုန်ဖို့ တော်တော်မြန်ပါတယ်။ ဒါကြောင့် ပါစ်ပို့ စာအုပ် အသစ်ကို ဘယ်လို လုပ်ရသလဲဆိုတာ ပြောကြရအောင်ပေါ့။

ပါတ်စ်ပို့ စာအုပ် အသစ်ဆိုတာ ဒီနိုင်ငံရောက်မှ လျှောက်တာ မဟုတ်ဘူးနော်။ လက်ရှိရှိပြီးသား စာအုပ်က စာရွက်တွေ ပြည့်သွားလို့ နောက်ထပ် အသစ် လုပ်တာပါ။ ဒါကြောင့် စာအုပ်တစ်အုပ်လုံးမှာ ၂ မျက်နှာ လောက်သာ ကျန်မှ လုပ်ပါလို့ အကြံပေးပါရစေ။
စာအုပ်ကြီးအတိုင်းပြောရရင်တော့ (၁) ကိုယ်ရေးရာဇ၀င် ၂ စုံ၊ (၂) ဓါတ်ပုံ ၂ ပုံ (၃) ပါတ်စ်ပို့ စာအုပ်အသစ် ထုတ်ပေးရန် လျှောက်လွှာ (၄) အခွန်ဆောင်ပြီးကြောင်း မိတ္တူ (၅) လက်ရှိစာအုပ်ရဲ့ စာမျက်နှာများ မိတ္တူ (၆) ငွေ စင်္ကာပူ ၆၀၀ (ယခင်တုန်းကပါ။ အပြောင်းအလဲ ရှိမယ်လို့တော့ မထင်ပါဘူး ပြောင်းသွားရင် ထောက်ပြပါဗျာ) အသိတစ်ယောက်က လာပြောပြတယ်။ စာအုပ်အသစ်က ၃၀၀၊ သက်တမ်းတိုးတာက ၃၀၀ပေါ့။

အဲဒီလို စာအုပ် အသစ် လုပ်မယ်ဆိုရင် ကြိုတင်ပြီးတော့ သွားစေချင်ပါတယ်။ ကျွန်တော်တို့ လုပ်တုန်းက အချိန်နည်းနည်း ကြာပါတယ်။ အပေါ်က ပြောတဲ့အတိုင်း စာရွက် စာတမ်းတွေ (၁) မှ (၅) အထိ ကို ပေးလိုက်ရင် သံရုံးက လက်ခံထားပါတယ်။ နောက်တပါတ် သောကြာနေ့မှာ ဖုန်းဆက်ပြီး စာနံပါတ် လှမ်းတောင်းရပါတယ်။ အဲဒီစာနံပါတ်ကို မှတ်ထားပါ။ ရက်စွဲကိုလည်း မှတ်ထားရပါတယ်။
နောက်ထပ် ၂ လခန့်ကြာမှ သံရုံးကို ဖုန်းလှမ်းဆက်ပြီး စာအမှတ်နဲ့ စာအုပ်အသစ်လုပ်ထားတာ ရပြီလားလို့ မေးရပါတယ်။
သံဝန်ထမ်းကနေ ရပြီ ဆိုမှ ပိုက်ဆံ နဲ့ သွားထုတ်ရတာပါ။ အခုတော့ ဘယ်လို စနစ်နဲ့ ကျင့်သုံးနေပြီလဲဆိုတာ တော့ ကျွန်တော်လည်း မသိတော့ပါဘူး။ ကျွန်တော်သိတဲ့ စနစ်က အထက်က ပြောတဲ့အတိုင်းပါပဲ။

စာအုပ်အသစ်လေး ရလာပြီ ဆိုရင်တော့ သိပ်ပြီး ၀မ်းသာစွာ ချက်ခြင်းပြန်မလာပါနဲ့ဦး။ မိမိ နာမည် စာလုံးပေါင်းက ယခင် အဟောင်းအတိုင်း စာလုံးပေါင်းတာလား၊ အချက်အလက် တွေ မှန်ကန်လားဆိုတာ သေချာစွာ စစ်ဆေးပါ။ အရေးကြီးဆုံးက " ဤပါတ်စ်ပို့ နံ့ပါတ် အသစ် ၉၉၉၉၉၉ သည် ယခင် ပါတ်စပို့ နံ့ပါတ် ၀၀၀၀၀၇ ၏အဆက်ဖြစ်ပါသည်" လို့ ရေးထားတဲ့ Observation stamp ပါမပါ သေချာစွာစစ်ဆေးပါ။ မပါရင်တော့ ပြန်ရေးခိုင်းဗျ။ အရင်ပါစ်ပို့ နံပါတ်နဲ့ အသစ်နဲ့က နံပါတ်ခြင်းမှမတူတာ။ နိုင်ငံတကာနဲ့ ဆက်ဆံရင် အဲဒီစာတန်းက အရေးကြီးတယ်လေ။


မြန်မာလူမျိုးကလေး မွေးခြင်း နှင့် Certificate of Identity

စင်္ကာပူမှာ နေထိုင်တာ ကြာလာရင် ဒီနိုင်ငံမှာပဲ ကလေး မွေးဖွားခြင်းဆိုတာ မလွဲမသွေ တွေ့ရမှာပါပဲ။ အဲဒီလို ကလေး မွေးလာရင် CI (Certificate of Identity ) မလျှောက်ခင် အရင်ဆုံး လုပ်ရမှာက မောင်ဘယ်သူ (ပါတ်စပို့ အမှတ် ၉၉၉၉၉၉) နှင့် မဘယ်သူ (ပါတ်စပို့ အမှတ် ၈၈၈၈၈၈ ) တို့သည် စကာင်္ပူနိုင်ငံတွင် နေထိုင်စဉ်အတွင်း သား/သမီး ဖြစ်သူ မောင်ဘယ်သူ/မဘယ်သူ ကို မွေးဖွားသည်မှာ မှန်ကန်ကြောင်း ထောက်ခံစာ အရင်ယူရပါတယ်။ အဲဒီထောက်ခံစာ က မြန်မာလို ရေးထားတာပါ။ မြန်မာနိုင်ငံနဲ့ ပါတ်သက်တဲ့ ကိစ္စတွေမှာ အဲဒီစာကိုပဲ အသုံးပြုရတာပါ။

စာရွက်စာတမ်းက တော့ (၁) ဆေးရုံက မွေးစာရင်းနဲ့ (၂) ဖခင်၊ မိခင် ပါတ်စ်ပို့ မိတ္တူ တို့ ကို ယူသွားရင် အဲဒီစာရွက်ကလေး ကို စင်္ကာပူ ၈ ဒေါ်လာ ပေးရင်ရပါတယ်။


Certificate of Identity (CI)

ကျွန်တော် လျှောက်ခဲ့စဉ်တုန်းက ဆိုရင်တော့ (၁) စီအိုင် အသစ်ထုတ်ပေးပါရန် လျှောက်လွှာ (၂) ဖခင် ဖြစ်သူ၏ ရောက်ရှိဆဲလအထိ အခွန်ဆောင်ပြီးကြောင်း ထောက်ခံစာ (၃) ဓါတ်ပုံ ၂ ပုံ (၄) ကလေး ၏ ကိုယ်ရေးရာဇ၀င် (၅) အပေါ်မှာ ပြောထားတဲ့ မွေးဖွားကြောင်းထောက်ခံစာ မိတ္တူ တို့ ကို ပေးရပါတယ်။ အဲဒီလို တင်ထားပြီး နောက်ထပ် ၂လ လောက်ကြာမှ (လူကြီးပါစ်ပို့ အသစ် လျှောက်သကဲ့သို့) သံရုံးကို လာရောက် ကာ စင်္ကာပူငွေ ၁၅၀ နှင့် သွားရောက်ယူရပါတယ်။ (ဘလော့ဂါမှ ဖြည့်စွက်ချက် ။ မနံ့သာ (Juneone) ရဲ့ ကွန့်မန့်အရ CI လုပ်၇င် ယခု စင်္ကာပူငွေ ၃၀၀ ဖြစ်သွားပါပြီတဲ့။)

ကလေး စီအိုင်က စာရွက်အလွန်အင်မတန် နည်းပါးပါတယ်။ ဗီဇာ ရိုက်ဖို စာမျက်နှာ (၇) မျက်နှာပဲ ပါတဲ့အတွက် အကျိုးရှိစွာ အသုံးပြုဖို့တော့ လိုပါတယ်နော်။ စီအိုင်သက်တမ်းတိုးချင်ရင်တော့ ၃ နှစ်အတွက် ကို ၁၅၀ ပေးရပါတယ်။ လွန်ခဲ့တဲလက ကျွန်တော်ရဲ့ ကလေးအတွက် သက်တမ်းသွားတိုးတာ စီအိုင်စာမျက်နှာလဲ ကုန်နေတော့ အသစ်ထုတ်ပေးဖို့ပါ တပါတည်း လျှောက်လိုက်ပါတယ်။ စီအိုင် အသစ်အတွက် ၁၅၀ ဒေါ်လာနဲ့ သက်တမ်းတိုးတာ ၁၅၀ ဒေါ်လာ စုစုပေါင်း ဒေါ်လာ ၃၀၀ ပေးလိုက်ရပါတယ်။ (ယခု၄၅၀ပေါ့)


နိုင်ငံပြောင်းလဲ၍ အခွန်ထမ်းဆောင်ခြင်း

လွန်ခဲ့တဲ့ ၁၀နှစ်ခန့် က ကျွန်တော် ထိုင်းနိုင်ငံတွင် အလုပ်လုပ်၊ ကျောင်းတက်စဉ်ကာလက ထိုင်းနိုင်ငံ မြန်မာသံရုံးတွင် သတ်မှတ်ထားသော အခွန်နှုန်းထားအတိုင်း အခွန်ပေးလာခဲ့ပါသည်။ ထိုစဉ်တွင် စင်္ကာပူနိုင်ငံတွင် ဆက်လက်လုပ်ကိုင်မည်ဟု စဉ်းစားပြီးသောအခါ ထိုင်းနိုင်ငံတွင် ကြိုတင်အခွန်အဖြစ် ရောက်ရှိနေသောနှစ်ထက် တနှစ်ပိုကာ အခွန်ဆောင်ခဲ့ပါသည်။
စင်္ကာပူသို့ ရောက်သောအခါ ကျွန်တော် အလုပ်ဆက်လုပ်နေပါသည်။ သို့သော်လည်း ကျွန်တော်၏ ပါတ်စ်ပို့ ကို သက်တမ်းတိုးရန် လိုလာသောအခါ စင်္ကာပူသံရုံးသို သွားခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် ဆောင်ရသော ငွေမှာ စင်္ကာပူနိုင်ငံတွင်ဆောင်ရမည့်ငွေထက် နည်းသောကြောင့် လိုအပ်သော ငွေကို ထပ်ပေးခဲ့ရပါသည်။ နားမရှုပ်အောင် ကျွန်တော် ပြောပြပါမယ်။

ထိုင်းနိုင်ငံတွင် ၁၉၉၅ဇန်န၀ါရီလ မှ ၁၉၉၆ နှစ်ဒီဇင်ဘာလ အထိ အခွန် တနှစ်စာဆောင်ခဲ့သည် ဆိုပါစို့။
ထိုင်းနိုင်ငံ တွင် ဆောင်ရမည် အခွန်ငွေ = ထိုင်းဘတ် ၄၀၀ =စင်္ကာပူငွေ ဒေါ်လာ ၂၀ ခန့် (ထိုစဉ်က ငွေလွဲနှုန်း )
စင်္ကာပူနိုင်ငံတွင် WP ဖြင့် အလုပ်စတင်လုပ်ချိန် ၁၉၉၅ မတ်လ
စင်္ကာပူတွင် WP အနည်းဆုံး ဆောင်ရမည့် အခွန်ငွေ = စင်္ကာပူငွေ ဒေါ်လာ ၄၀
ထိုကြောင့် မတ်လ မှ ဒီဇင်ဘာလ အထိ ကွာခြားသော ငွေ ဒေါ်လာ ၂၀ _ ၉ လ = ၁၈၀ ဒေါ်လာ ကို ထပ်ပေးလိုက်ရပါသည်။
အပေါ်က ပြောထားတာ က နည်းတဲ့ နေရာ ကနေ များတဲ့နေရာ ကို ကြိုဆောင်မိရင် ထပ်ပြီး ဖြည့်ခိုင်းတတ်တဲ့ သဘောရှိတယ်ပေါ့။

ကဲနောက်တမျိုးတကယ်လို့ စင်္ကာပူမှာ ပုံမှန်ဆောင်ဘူးပြီးသွားပြီ။ တခြားနိုင်ငံကို အလုပ်ကိစ္စကြောင့် ၃ လ မှ ၆ လ လောက်အထိ သွားရတယ်။ သံရုံးက လည်း ကိုယ်သွားတဲ့နေရာမှာ နီးနီး နားနားမှာရှိတယ်ဆိုရင် တော့ ဆောင်ချင်ဆောင်လိုက်ပါ။ သိပ်ပြီး ဝေးနေမယ် ကိုယ်နေရတာ ကလည်း လပိုင်းဆိုရင်တော့ ကျွန်တော် အကြံပေးလိုတာ က အဲဒီအတွက် အချိန်ကုန်ခံမနေစေချင်ဘူး။ စင်္ကာပူဆိုတာက ကျွန်းနိုင်ငံလေး။ သံရုံးဆိုတာ အလွန်ဆုံး နာရီဝက်အတွင်းရောက်တာလေ။ တခြားနိုင်ငံတွေ က သံရုံးက လည်း နိုင်ငံတိုင်းမှာ ရှိတာမဟုတ်တဲ့အတွက် စင်္ကာပူ ပြန်လာမှ ဆောင်တာ ပိုကောင်းမယ်လို့ ထင်ပါတယ်။

တကယ်လိုများ ၁နှစ်နဲ့ အထက် ကြာမယ်။ အဲဒီနိုင်ငံက အခွန်ဆောင်နှုန်းထားက စင်္ကာပူ မြန်မာသံရုံးမှာ ပေးရတာထက် သက်သာရင်တော့ ပေးခဲ့လိုက်ပါ။


မြန်မာနိုင်ငံကို ၄-၅လ လောက်ပြန်သွားသူများ အခွန်ဆောင်ခြင်း

နောက်ထပ် ထပ်မေးတဲ့ မေးခွန်းကတော့ ပီအာ မြန်မာနိုင်ငံသားက အကြောင်းကြောင်းကြောင့် မြန်မာပြည်ကို ၄-၅ လ ပြန်သွားရတယ်ဆိုရင်၊ စင်္ကာပူ ပြန်လာတဲ့အချိန်မှာ မြန်မာပြည်ပြန်တဲ့ ကာလ ကို အခွန်မဆောင်ဖို့ ပြောဆိုမယ်ဆိုရင် တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ပြောချင်တဲ့ အကြောင်းအရာ ကို သံဝန်ထမ်းကို နားလည် လက်ခံလာအောင် ပြောဖို့တော့ လိုအပ်ပါတယ်။ တချို့ကလည်း အဲဒီလို ပြောရမှာ ၀န်လေးတဲ့အတွက် ပြောမနေတော့ပဲ အခွန်ဆောင်လိုက်ကြပါတယ်။

တကယ်လို့ ပြောမယ်ဆိုရင်
(က) လွန်ခဲ့တဲ့ ၆ လခန့်က မြန်မာပြည်ကို ပြန်သွားရကြောင်း၊ အဲဒီလိုပြန်သွားရကြောင်းကို မြန်မာပြည်ကို ပြန်သည့်နေ့စွဲပါ ပါစ်ပို့ ထဲမှာ မြန်မာပြည်အ၀င်တုန်း အထွက်တုန်း များကို သေချာစွာ ပြပြီး ပြောဆိုရနိုင်ပါသည်။

(ခ) ထိုကဲ့သို့ မြန်မာပြည်ကို ပြန်သွားပြီး ယခုအခါ စင်္ကာပူကို ပြန်လာကာ အလုပ်လုပ်ကိုင်နေပြီ ဖြစ်ကြောင်းနဲ့ စင်္ကာပူမှာ လုပ်သော အလုပ်ခန့်စာ များကို အသစ် (ပထမ အကြိမ် ) ဆောင်သကဲသို့ အစအဆုံး ပြန်ပြ နိုင်လျင် လက်ရှိ ပြန်လည်ရောက်လာသော နေ့မှ စ၍ အခွန်ပြန်လည် ပေးဆောင်နိုင်ပါသည် ခင်ဗျာ။

အခုဆိုရင် မြန်မာသံရုံးမှာ အခွန်နှင့်သော်လည်းကောင်း မြန်မာနိုင်ငံသားများအတွက် လိုအပ်တဲ့ ကောင်စစ်ဝန်ဆိုင်ရာ ထောက်ခံမှု များအတွက် အချက်အလက် တချို့ ကို ကျွန်တော် မှတ်မိ ဉာဏ်မီသလောက် ရေးပြခဲပြီးပါပြီ။ အကယ်၍များ ဒီထက် ပိုသိလိုသည်များ ရှိသေးလျင်သော်လည်းကောင်း ကျွန်တော် ကျန်ရှိနေသေးသော အချက်အလက်များရှိနေသေးရင် ထောက်ပြ ဆွေးနွေး နိုင်ပါတယ်ခင်ဗျာ။ မြန်မာသံရုံးမှာ အခွန်ဆောင်ခြင်းနှင့် ပါတ်သက်လို့ ကျွန်တော် ဒီမှာပဲ ရပ်နားလိုက်ပါတယ်။

မောင်ခြိမ့်

Saturday, October 17, 2009

စင်္ကာပူ မြန်မာသံရုံးလုပ်ငန်းဆောင်တာများနှင့် ပါတ်သက်ပြီး မေးချင်နေသူများအတွက် (၂)

မြန်မာအခွန် ပထမအကြိမ် ဆောင်ခြင်း

မြန်မာသံရုံးမှာ အခွန်ဆောင်တော့မယ်ဆိုရင် ဘယ်လောက်ဆောင်ကြရမလဲဆိုတာ အရင်ဆုံး နားလည်အောင် လုပ်ရတာပေါ့။ တကယ်တော့ ကျွန်တော်တို့ အားလုံးက လူ့သဘာဝအတိုင်း ကိုယ်အိပ်ထဲက ပိုက်ဆံကို ဘာမှအကျိုးအမြတ်မရှိပဲ မည်သူကမှ ထုတ်မပေးချင်ကြပါဘူး။ စင်္ကာပူနိုင်ငံ နဲ့ မြန်မာနိုင်ငံက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အခွန်နှစ်ထပ်မပေးဆောင်ခြင်းဆိုတဲ့ နိုင်ငံ ၂ ခု သဘောတူ စာချုပ် ချုပ်ဆိုထားကြတာပါ။ အင်္ဂလန် နဲ့ မြန်မာနိုင်ငံလဲ အဲဒီလို လက်မှတ်ထိုးထား ကြတာပါပဲ။ သို့ပါသော်လည်း ကျွန်တော်တို့ စင်္ကာပူနိုင်ငံ၏ အခွန်ကို ပေးဆောင်နေသလို မြန်မာသံရုံးတွင်လည်း အခွန်ပေးနေရပါသည်ပေါ့။ စင်္ကာပူနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံသဘောတူ လက်မှတ်ထိုးတာတဲ့ စာချုပ်က မြန်မာနိုင်ငံမှာ Legalize မလုပ်ရသေးလို့ မြန်မာနိုင်ငံဖက်အနေနဲ့
တရားမ၀င် သေးဘူးလို့လဲ ပြောကြတယ်။ ‘ဒါပေမဲ့လည်း ကျွန်တော် ပြောထားတဲ့အတိုင်း နိုင်ငံရေးဆွေးနွေးမှာ မဟုတ်လို့ ဒီအကြောင်းကို မေ့ထားလိုက်ရအောင်ပါ။

ကျွန်တော်တို့ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကအထိ မြန်မာသံရုံးမှာ အခွန်ပေးတော့မယ်ဆိုရင် ပီအာ အီးပီ ဖြစ်ပါက ဒေါ်လာ ၁၅၀၊ အက်စ်ပါတ် ဖြစ်ပါက ဒေါ်လာ ၈၀ ဒဗလျူပီ (WP) ဆိုပါက ဒေါ်လာ ၄၀ နှင့် အိမ်ဖော်ဖြစ်ပါက ဒေါ်လာ ၃၀ ဆိုပြီး ပေးဆောင်ရပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ မြန်မာတော်တော်များများက မိမိ တို့ လုပ်ဆောင်နိုင်တဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ပီအာ အီးပီများသည် ဒေါ်လာ ၈၀ မှ ၁၂၀ ခန့် အတွင်းပေးဆောင်ကြ၍ အက်စ်ပါတ် များမှ ဒေါ်လာ ၆၀ မှ ၉၀ အတွင်း ဒဗလျူပီ (WP)ကတော့ ဒေါ်လာ ၄၀ ဆောင်နေကြပါသည်။

ပထမဆုံး အကြိမ် အခွန်ဆောင် ပါက (၁) မိမိ ပါစ်ပို့ မိတ္တူ၊ (၂) ဓါတ်ပုံ ၂ ပုံ (၃) မိမိအလုပ်မှ အလုပ်ခန့်ကြောင်း အလုပ်ခန့်စာ (မိမိ တို့ လည်ပါတ်သလို မူရင်းလစာ အား တစ်လ ဒေါ်လာ ၈၀၀ မှ ၁၂၀၀ ခန့် ရကြောင်း စာပါလျင်ဖြစ်ပါသည်။) (၄) မိမိ၏ နေထိုင်ခွင့် ပါမစ် မိတ္တူ ( အက်စ်ပါတ်၊ အီးပီ။ ပီအာ) ၊ (၅) ကိုယ်ရေးရာဇ၀င် (မိတ္တူ ရှိပါက ကြိုတင်ဖြည့်သွားပါ။ ပါစ်ပို့ လျှောက်ရာတွင် ဖြည့်စွက် ရသည့်အတိုင်းဖြစ်ပါသည်။ ) မိတ္တူမရှိပါလျင် ရောက်ရောက်ခြင်း ကောင်တာ တွင် ကိုယ်ရေးရာဇ၀င်ဖောင် ၂ စုံကို တောင်းကာ ဖြည်စွက်ပါ။ တစ်စုံတည်းသာ ပေးလျင် ဖြည့်စွက်ပြီး မိတ္တူသွားကူးထားပါ။ (၆) အခွန်ဆောင်ခွင့်ပြုပါရန် လျှောက်လွှာ
( ထိုလျှောက်လွာကို သံရုံးအခန်းထဲတွင် လွပ်လပ်စွာ ယူဆောင်နိုင်ပါသည်။ သံရုံးခန်းထဲ ၀င်သည်နှင့် မျက်စိဖွင့် နားဖွင့်ကာ လိုက်လံ လေ့လာပါ။ ကြောက်ရွံ့ရွံ့ မလုပ်ကြပါနှင့်)။

အထက်ပါ အချက် ၅ ချက်စလုံး အပြည့်အစုံ ပါသွားလျင် ကောင်တာ မှ ခေါ်ပါက မိမိ ယူဆောင်လာသော စာရွက်စာတမ်းများ ကို ပြကာ အခွန်ဆောင်လိုကြောင်း၊ မိမိ ရောက်နေသော သို့မဟုတ် မိမိ စတင် အလုပ်လုပ်ကိုင်သောလမှ မိမိဆောင်လိုသော လအထိ ဘယ်နှစ်လ ဆောင်ချင်ပါကြောင်း ပြောပါ။ အကယ်၍ မိမိရသော လခ မှာ မှန်ကန် ပါရဲ့လား မေးပါက မျက်တောင်တချက် မခတ်ပဲ မှန်ကန် ပါကြောင်း တွန့်ဆုတ်ခြင်းမရှိပဲ ရဲတင်းစွာပြောဆိုပါလေ။ ထိုအခါ သံဝန်ထမ်း (ယခုလက်ရှိ ၀၀ တုတ်တုတ် အန်တီကြီးမှ ) မည်မျှ ပေးဆောင်ရမည်ဖြစ်ကြောင်း မည်သည်စာရွက် လိုအပ်သေးကြောင်းပြောပါလိမ်မည် (မလိုအပ်ပါက မပြောပါ)။ ပြီးလျင် ဆက်လက်ပြီး ဒုတိယအကြိမ် ပြန်ခေါ်မည် အလှည့် ထပ်စောင့်ပါလေ။

နောက်ထပ် ၁နာရီခွဲမှ ၂ နာရီအတွင်း သံဝန်ထမ်း (ယခုလက်ရှိ အသားညိုညို မျက်မှန် ဆံပင်ဘေးခွဲ အမျိုးသား ) မှ မိမိနာမည် ခေါ်ပါလျင် ပထမ သံဝန်ထမ်းပြောထားသော ငွေပမာဏ ကို ကိုင်၍ ဒုတိယ သံဝန်ထမ်း ( ပထမအတွင်းဝန်) ကို ပိုက်ဆံပေးကာ သူပေးအပ်သော စာရွက် ကို ပြန်ယူလိုက်ပါ။

ထိုသို့ ဆိုလျင် အခွန်ဆောင်ပြီးသွားပြီ ဖြစ်ပါသည်။ မိမိ နာမည်၊ ပါတစ်ပို့စ် နံပါတ် တို့ ကို သေချာစွာ စစ်ပါ။ တခါတရံ မှားယွင်းစွာ ရေးတတ်ပါသည်။


မိတ္တူကူးခြင်း

မြန်မာသံရုံးနားတွင် မိတ္တူကူးခြင်း လုပ်ရန် အလွန်အင်မတန် ခက်ခဲပါသည်။ သံရုံးထဲတွင် မိတ္တူကူးစက် ရှိပါသည်။ စာမျက်နှာ တရွက် ကို ပြား ၂၀ ပေးရပါသည်။ သို့သော် ထိုမိတ္တူကူးစက်မှာ အချိန်နှင့် အမျှ ပျက်နေတတ်ပါသည်။ (ကျွန်တော် ကိုယ်တိုင် ထိုမိတ္တူကူးစက်တွင် တစ်ဒေါ်လာ မက ဆုံးသွားဘူးပါသည်။မိတ္တူကူးလိုလျင် အနီးဆုံးမှာ Tanglin Mall တွင် ၂ ထပ်၌ ပါတီ လုပ်ရန် ပစ္စည်းများရောင်းသောဆိုင် တစ်ခု တွင်သာ မိတ္တူကူးစက်ရှိပါသည်။ တခါတရံ မိတ္တူကူးဆိုင်မှာ လည်း ပိတ်ထားတတ်ပါသည်။ ထိုအခါ အနီးဆုံးမှာ Orchard MRT Station အထိ သွားရောက်ရမည် ဖြစ်ပါသည်။


မြန်မာအခွန် ဒုတိယအကြိမ်ဆောင်ခြင်း နှင့် အထက်

သိတဲ့အတိုင်း ဘယ်အရာမဆို ပထမအကြိမ် လုပ်ခြင်းကို အဆင်ပြေချောမွေ့ အမှားကင်းအောင် လုပ်ဖို့သာ ခက်တာ၊ ဒုတိယအကြိမ် တတိယအကြိမ်ဆိုရင် လွယ်သွားတာပေါ့။ ပထမအကြိမ်လောက် မခက်တော့ပါဘူး။ အလွန်အင်မတန် လွယ်တယ်လို့ပြောရမှာပါ။ တစ်ခုပဲ ကိုယ်အလှည့်ရောက်ဖို့ စောင့်ဆိုင်းရတာ အလွန်အင်မတန်ကြာတာ တစ်ခုပါပဲ။ အာလူးပေးတာ ခဏရပ်ပြီး ဘယ်လိုလုပ်ရသလဲဆိုတာလေး ဆက်ကြရအောင်။

ဒုတိယအကြိမ် သွားဆောင်တဲ့ သူတွေ က ပထမအကြိမ်တုန်းကလို စာရွက်စာတမ်းတွေ အများကြီး ပြင်ဆင်စရာမလိုပါဘူး။ (၁) ပါတ်စပို့ စာရွက် (မိမိ ဓါတ်ပုံ ပါသော စာမျက်နှာ၊ ပါတ်စပို့စ် သက်တမ်းပါသော စာမျက်နှာ ၂ မျက်နှာ ကိုသာ ကူးရန်) (၂) ပထမအကြိမ် တုန်းက အခွန်ဆောင်ပြီးကြောင်း သံရုံးမှ ထုတ်ပေးသော ထောက်ခံစာ မိတ္တူ (၃) အခွန်ဆောင်ခွင့် ပြုပါရန် လျှောက်လွှာ အဲဒီ ၃ ခုသာ ပြနိုင်ရင် ကိုယ်တိုင် ကိုယ်ကြ သွားဖို့တောင်မလိုပဲ သူငယ်ချင်း မိတ်ဆွေ နဲ့လမ်းကြုံရင် တောင် ထည့်ပေးလိုက်လို့ ရပါတယ်။


ပါတ်စပို့သက်တမ်းတိုးခြင်း၊

ကျွန်တော် တို့ လွန်ခဲတဲ့ ၁၂ နှစ်ခန့်က မြန်မာသံရုံးမှာအခွန်ဆောင်ဖို့ တော်တော်ခက်ခဲကြောင်း သူငယ်ချင်းတွေ ပြောပြတယ်။ တရက်မှ လူ အယောက် ၂၀ ပဲ အခွန်ဆောင်တာ ခွင့်ပြုခဲ့တာတဲ့လေ။ အခွန်ဆောင်မဲ့နေ ဆိုရင် မနက် ၄ နာရီလောက် သံရုံးရှေ့မှာ မိုးရွာရွာ နေပူပူ တန်းစီရတာလို့ ပြောကြတယ်။ နောက်မှ စလုံးတွေက ကွန်ပလိမ်းတက်လို့ အဲဒီလိုတန်းစီတာ ကို ခွင့်မပြုတော့တာတဲ့။ သူငယ်ချင်းတွေ ပြန်ပြောတာ ကြားဖူးတာပါ။

သိတဲ့အတိုင်း မြန်မာပြည်က ထွက်လာရင် အလုပ်ဆိုပြီး ထွက်လာရင်တော့ ပါတ်စပို့သက်တမ်းက ၃နှစ် ရပြီး၊ အလည်ဆိုပြီးထွက်လာရင် တနှစ်ထဲ ရတယ်လေ။ ဒါကြောင့် ပါတ်စ်ပို့သက်တမ်းတိုးတာ ကလည်း မှတ်သားထားရမှာပေါ့။ ကျွန်တော်တို့တစ်တွေကလည်း ရတဲ့ ခွင့်တရက်အတွင်းမှာ လုပ်စရာ အကုန်ပြီးအောင်လုပ်ကြတော့ အခွန်ဆောင်တာရယ် သက်တမ်းတိုးတာရယ် ကို တွဲပြီး လုပ်ကြပါတယ်။

အခွန်ဆောင်တော့မယ်ဆိုရင်တော့ စာအုပ်ကြိးအတိုင်းပြောရရင် (၁) ကိုယ်ရေးရာဇ၀င်၊ (၂) ပါတ်စပို့မိတ္တူ၊ (၃) လက်ရှိ ကာလ အထိ အခွန်ဆောင်ပြီးကြောင်း ထောက်ခံချက် (၄) ပါတ်စ်ပို့ သက်တမ်းတိုးခွင့် လျှောက်လွှာ။ တွေကို ပြပြီး ရင် သက်တမ်းတိုးတာ လျှောက်ထားလို့ရပါမယ်။ အထက်မှာ ပြောတဲအတိုင်း ဘယ်သူမှ သီးသန့်မလုပ်ကြတော့ပဲ အခွန်ဆောင်ရင်းနဲ့ ကျွန်တော်၊ ကျွန်မ ပါတ်စပို့ ကိုပါ သက်တမ်းတိုးခွင့် ပါ ပြုလုပ်ပေးပါလို့ သံဝန်ထမ်းကို ပြောလိုက်တာ နဲ့ သက်တမ်းတိုးလို့ ရပါတယ်။ သက်တမ်းတိုးတာ က တော့ ပါတ်စပို့ တစ်ခု စင်္ကာပူ ဒေါ်လာ ၃၀၀ ပါ။

အရင်တုန်းကတော့ သက်တမ်းတိုးရင် ကိုယ့်စာအုပ်ကုန်မဲ့ နေ့ကနေ စပြီး နောက်ထပ် ၃ နှစ် တိုးပေးပါတယ်။ ဥပမာ မောင်အေ ရဲ့ စာအုပ်က ဇန်န၀ါရီ ၂၀၀၉ မှာ ကုန်မယ်ဆိုပါဆို့။ သူက ပါတ်စပို့ သက်တမ်းသွားတိုးတာ နိုဝင်ဘာ ၂ရက် ၂၀၀၈ ဆိုပေမဲ့လဲ သူရဲ စာအုပ် သက်တမ်းက ၃ နှစ်တိုးရင် ဇန်န၀ါရီလ ၂၀၁၂ မှ ကုန်ပါတယ်။

လူတစ်ယောက်ပြောင်း မူတစ်ခု ပြောင်းဆိုသလို အခုတော့ အဲဒီလိုမဟုတ်တော့ပါဘူး။ အခု သွားတိုးရင် သွားတိုးတဲ့နေရက်က စပြီး နောက်ထပ် ၃ နှစ် တိုးပေးပါတယ်။ ဒါကြောင့်မိုလို့ အရေးတကြီး ခရီးထွက်စရာ မရှိရင် မိမိတို့ပါတ်စပို့ ကုန်ခါနိးမှ သွားတိုးကြပါနော်။ ဟိုတလောက အသိတစ်ယောက်သွားတိုးတာ အခုသက်တမ်းတိုးတဲ့အခါ အခွန်ကို အကြေဆောင်ရင် ကုန်မဲ့နေကနေ စပြီး တိုးပေးပြန်သတဲ့။ ပြောင်းသွားပြန်ပြီလေ။

မောင်ခြိမ့်

ဆက်ပါမည်။

စင်္ကာပူ မြန်မာသံရုံးလုပ်ငန်းဆောင်တာများနှင့် ပါတ်သက်ပြီး မေးချင်နေသူများအတွက် (၁)

မြန်မာသံရုံးမှာ နဲ့ ပါတ်သက်ပြီးမေးချင်နေသူများအတွက် အခွန်ဆောင် ကြမယ်။ ပါတ်စပို့ သက်တမ်းတိုးကြမယ်။ ပါတ်စ်ပို့ စာအုပ် အသစ်လုပ်ကြမယ် အစရှိသဖြင့် ....

နိဒါန်း

မြန်မာကျူးပစ်ဖိုရမ်ထဲတွင် မြန်မာသံရုံး အခွန်ဆောင်ခြင်းနှင့် ပါတ်သက်လို့ မေးခွန်းတွေ မေးကြတယ်လေ။ အခုအချိန်ထိလည်း မေးခွန်းတွေကတော့ ဆက်တိုက်ကိုပဲ မေးလာကြတုံးပါပဲ။ သံရုံးမှာ ဘယ်လိုအခွန်ဆောင်ရသလဲဆိုတာကတော့ သိပ်ပြီး အပြောင်းအလဲမရှိလှပေမဲ့ တချို့သောကိစ္စလေးတွေမှာ သိပ်အရေးမကြီးဘူးလို့ ထင်ရပေမဲ့လဲ အဲဒီအချက်အလက်တွေက သံရုံးမှာမလိုအပ်ပဲ အချိန်တွေကုန် ခွင့်တွေကုန်ဆိုတဲ့ အခြေအနေတွေ ကြုံရကြောင်း ပြောလာရတဲ့သူတွေများလာလို့ စာတတန်ပေတဖွဲ့ ပြန်လည် ဆန်းသစ်လိုက်ရတာပါလို့ ပြောရမှာပါပဲ။

အခုဆက်လက်ရေးသားသော အကြောင်းအရာ သတင်းအချက်အလက်များသည် ကျွန်တော်တို့ တွေ့ကြုံခဲ့ရသော အခြေအနေများကို ပြန်လည်တင်ပြခြင်းဖြစ်သောကြောင့် ထိုအတိုင်း တသတ်မှတ်တည်း ဖြစ်မည်ဟု တရားသေ မပြောလိုပါ။ တခါတလေ အခြေအနေအရ ပြောင်းလဲ နိုင်ပါသည်။ ထိုအပြင် သံရုံးတွင် ပထမအတွင်းဝန် ပြောင်းလဲပါကလည်း ထိုသူ၏ သီးသန့် မူပြောင်းလဲ မှုများကြောင့် အနည်းငယ် မတူညီနိုင်သည်ကို တွေ့ရှိနိုင်ပါသည်။ ယခုတင်ပြ ပြောဆိုမည်မှာ ၂၀၀၈-၉ ခုနှစ်အတွင်း ယာယီမှန်ကန်ပါသည်။ ဤဆောင်းပါးတွင် ရေးသားထားသည်များမှာ နိုင်ငံရေး ဆွေးနွေးရန် အလိုငှာရေးသားခြင်းမျိုးမဟုတ်ပဲ ဗဟုသုတ အနေဖြင့်သာ ရေးသားပါမည်။ ထိုအပြင် ကျောင်းသားများအတွက်ကောင်စစ်ဝန် လုပ်ငန်းများကို အတွေ့အကြုံ နည်းပါသောကြောင့် ထည့်သွင်းမရေးသားနိုင်သည်ကို ခွင့်လွတ်စေလိုပါသည်။


သံရုံးသို့သွားရန် ပြင်ဆင်ခြင်း

စင်္ကာပူနိုင်ငံတွင် လွန်ခဲ့သော ၂၀၀၀ ခုနှစ်ခန့်က အခွန်ထမ်း၊ ကျောင်းသား၊ မှီခို၊ မိဘ အဖြစ်လာရောက်နေထိုင်သော မြန်မာနိုင်ငံသား အရေအတွက် မှာ ၃သောင်း ခန့်သာ ရှိသည်ဟု ခန့်မှန်းနေရာမှ စင်္ကာပူ၏ လူဦးရေးတိုးတက်ရေး စီမံကိန်း၊ စီးပွားရေးတိုးတက်မှု တို့ကြောင့် မြန်မာနိုင်ငံသား ဦးရေ တိုးတက်လာသည်မှာ ယခုနှစ် ၂၀၀၈ တွင် မြန်မာနိုင်ငံသား ဦးရေ ၇သောင်းမှ တစ်သိန်း အထိ သိသိသာသာ တိုးလာသည်ဟု ခန့်မှန်းပြောဆိုလာကြသည်။ (စာကြွင်း- ဖြစ်နိုင်ပါသည်။ လူစည်စည် ပေ ၁၀၀ ခန့် လမ်းလျှောက်လိုက်လျင်ပင် မြန်မာလူမျိုး ၅ ဦးခန့် ကို အလွယ်တကူတွေ့နိုင်ပါသည်။)

ထိုသို့ တိုးတက်လာသော မြန်မာလူဦးရေ ကို ပါတ်စ်ပို့ လုပ်ငန်းနှင့် ပါတ်သက်သော လုပ်ငန်း ဆောင်ရွက်ရန် မြန်မာသံရုံးတွင်ရှိသော
ဝန်ထမ်းလူဦးရေ မှာ ပိုပြီးတိုးလာခြင်း မရှိသောကြောင့် ယခင်က ထိုသို့ ကောင်စစ်ဝန်လုပ်ငန်းများကို နေ့တ၀က် ခန့်ကြာသော
ဝန်ဆောင်မှူများမှာ တစ်နေကုန် မပြီးစီးနိုင်ကာ နေ့စဉ် ၁၀၀ နှင့် အထက် မြန်မာလူမျိုးများအတွက် လုပ်ဆောင်နေရသည်။

ထိုကြောင့် မိမိ အလုပ်မှ ခွင့်တ၀က်ခန့် သာ ယူပြီး သွားရောက်မည် ဆိုပါက မိမိတို့လုပ်ဆောင်လိုသော ကိစ္စများပြီးစီးနိုင်မည် မဟုတ်ပါသဖြင့် တစ်နေကုန် ခွင့်ယူရန်လိုအပ်ပါကြောင်း ပထမဦးစွာ အသိပေးလိုပါသည်။ ထိုအပြင် မိမိသွားလိုသည့် နေ့ မတိုင်ခင် ည ၁၂ နာရီ ခန့်တွင် စာရွက်တရွက်ပေါ်မှာ ကိုယ်ရဲ့ နာမည်နဲ့ လိပ်စာဖြစ်ဖြစ် တယ်လီဖုန်းနံပါတ်ဖြစ်ဖြစ်ရေးထားတာကို သံရုံးမှာ အခွန်ဆောင်သူများက မိမိတို့ကိုယ်တိုင် လုပ်ထားလေ့ ရှိပါတယ်။ (လွန်ခဲ့သော လများ- ၂၀၀၈ စက်တင်ဘာပါတ်ဝန်းကျင် က- ကိုးကား- ည ၁၂နာရီတွင် ထုတ်ပေးလေ့ရှိသော မြန်မာတစ်ယောက်၏ ပြန်လည် တင်ပြချက်။)

ထိုသို့ည ၁၂ နာရီတွင် ထိုစာရွက် မရှိပါက မနက် ၄ နာရီခန့်တွင် သေချာပေါက် ရှိလိမ့်မည် ဟု အကြံပေး ပြောကြားလိုပါသည်။ အဲဒီနောက် မနက် ၈ နာရီမှာ သံရုံးတခါးကို သံရုံးစောင့် (Security) က ဖွင့်လှစ်ပေးတဲ့ အခါမှာ လူအုပ်ထဲမှာ တစ်ယောက်က ည ၁၂နာရီတုန်းကနေ မနက် ၈ နာရီ မထိုးခင်အထိ ရေးထားတဲ့ နာမည်စာရင်းကို ကိုင်ဆောင်ပြီး အခွန်ဆောင်တဲ့ ကောင်တာရှေ့က သံရုံးရဲ့ တရားဝင် စာရွက်ထဲမှာ ပြန်လည်ကူးရေးရတာပေါ့။ အဲဒီမှာ စာရွက်ထဲကနေ သံရုံးစာရွက်ထဲကို ကူးရေးတဲ့နေရာမှာ မှန်မှန်ကန်ကန်ဖြစ်ဖို့လည်း လိုအပ်တာပေါ့လေ။ တခြားသူကို မယုံရင်တော့ ကိုယ်က အဲဒီစာရွက်ကို ယူပြီး အပင်ပန်းခံကာ နာမည်တွေအားလုံးကို ရေးပေးလိုက်ပေါ့။ ထိုကဲသို့ မိမိနာမည် ကို ဖြည့်သွင်းစဉ် အမှတ်စဉ် ကို သေချာစွာ မှတ်ထားပါလေ။ ထိုဂဏန်းမှာ ၂ လုံးထီ ထိုးဖို့မဟုတ်ဘူးနော်။ မိမိကို သံဝန်ထမ်းများမှ ခေါ်ဆိုမည် နံပါတ်ဖြစ်ပါသည်။

ပုံမှန် သံရုံးဖွင့်ချိန် သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီ နှင့် နေ့လည် ၂ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ပါသည်။ အကယ်၍ မိမိ နံပါတ်သည် နံ့ပါတ် ၁ မှ ၅၀ အတွင်း ဖြစ်ပါက နေ့လည် ၁ နာရီ မတိုင်ခင် ပြီးစီးရန် ဖြစ်နိုင်သော်လည်း နံပါတ် ၅၀ မှ ၁၀၀ အတွင်း ဆိုပါက ညနေပိုင်းမှ သာ ခေါ်နိုင်မည် ဖြစ်ပါသည်။

နံနက် ၅ နာရီ လာရောက်သော်လည်း နံပါတ် ၅၀ နောက်ပိုင်းရောက်ပါက အိမ်သို့ ပြန်၍ အိပ်ပါလေ။ နေ့လည် ၂ နာရီ ခန့် အရောက်ပြန်လာနိုင်ပါက နောက်ထပ် ၄ နာရီခန့် ဆက်လက် ဒုက္ခခံနိုင်ရန် ကျင့်ထားပါ။ တခါတရံ လေအေးပေးစက် အလုပ်လုပ်၍ တခါတရံ အလုပ်မလုပ်ပါ။

နေလည် ၂ နာရီ ခန့်လာပါက ကောင်တာသို့ ချက်ခြင်းသွားရောက်ကာ နံပါတ် ဘယ်လောက်ခေါ်နေပြီလဲဆိုတာ ရဲရဲတင်းတင်း သွားရောက်မေးနိုင်ပါသည်။ ကြောက်စရာမလိုပါ။ ရဲတင်းပါ။ မကြောက်ပါနှင့်။ သို့သော် ရိုင်းစိုင်းသော စကားမသုံးမိစေပါနှင့်။ ထိုကဲသို့ မေးမြန်းရာ မိမိ နံပါတ် ကျော်သွားပါကလည်း ကျော်သွားပြီးဖြစ်ကြောင်း မိမိနံပါတ်မှာ ဘယ်ရွေ့ဘယ်မျှ ဖြစ်ကြောင်း အကျိုးအကြောင်းပြောပြပါ။ သံဝန်ထမ်း (အခုလောလောဆယ် ၀၀ တုတ်တုတ် အန်တီကြီး ) က လုပ်ဆောင်ပေးပါလိမ်မည်။

(ဘလောဂါမှ ဖြည့်စွက်ချက်။ ။ လွန်ခဲ့သော တစ်ပတ်မှ အခွန်ဆောင်လာသူတစ်ဦးက ယခုညဘက်သွား တုံကင်ယူစရာမလိုတော့။ မနက်မှတစ်ခါထဲသွားလျင်လည်း နေ့ချင်းပြီး အခွန်ဆောင်လို့ ရနေပါပြီ ဟုပြောပါသည်။)


(မြန်မာကျူးပစ်ဖိုရမ်တွင် ဦးမောင်ခြိမ့်ရေးထားသည်ကို ပြန်လည်ဖြန့်ဝေပါသည်။)

ဆက်ပါမည်။

Friday, October 16, 2009

Chicken Wrap

KFC က လိုလေး လုပ်စားချင်တာပါ။ အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် သမီးတို့ကျောင်းက assignment ပေးလိုက်တာ ခလေးတွေကို အသီးအနှံစားတတ်အောင် vegetable salad လုပ်ကျွေးရမယ်ဆိုတော့ ဂျူဂျူနဲ့ အတူ ဈေးဝယ်။ Salad လုပ်ပြီး သူ့ကို အရင်ကျွေးရပါတယ်။ သမီးကတော့ အရွက်အစိမ်းတွေဆိုတော့ မကြိုက်ပေမဲ့ ကိုယ်တိုင်လုပ်စားတာဆိုတော့ အတော်ပျော်ပါတယ်။ ဂျူဂျူ ကိစပြီးတော့မှ Chicken wrap အလှည့်ရောက်ပါတယ်။ KFC ကနဲ့သိပ်တော့ မတူပေမဲ့ စားလို့တော့ ကောင်းပါတယ်။ smoke နံ့လဲ မပါဘူးပေါ့လေ။

ပထမဆုံး ထည့်လိတ်ရမဲ့ အသီးအနှံတွေကို အတုံးအသေးလေးတွေ လှီးချွတ်ထားပါ။ ပြီးရင် အောက်မှာပြထားတဲ့ ပုံထဲက salad cream နဲ့ နယ်ထားပါ။





ကြက်သားကိုလဲ အတုံးလေးတွေတုံးပြီး ယိုးဒယားမယ်အကြော်မှုန့်၊ ငရုပ်ကောင်း၊ဆား၊ အချိုမှုန့် အစရှိသည်တို့ ထည့်ပြီး chicken ပေါက်ပေါက်လိုဖြစ်အောင် ကြော်ထားပါ။ chicken nuggets ရယ်ဒီမိတ်ကို အတုံးလေးတွေ လှီးထားတာလဲ ရောထည့်ပါ။


Chicken wrap လုပ်မဲ့ အရွက်ကိုစလုံးမှာဆိုရင် NTUC တွေ၊ စူပါမားကတ်တွေမှာ ဝယ်လို့ရနိူင်ပါတယ်။အောက်က ပုံမှာကြည့်ပါ။

အဲလိုလေး ရယ်ဒီဖြစ်ပြီပေါ့။



ပြီးရင် စင်းနီတုံးခပ်ကြီးကြီး သို့ လင်ပန်းပေါ် လိတ်မည့်အရွက်ကိုတင် အပေါ်မှာပြထားတဲ့ပုံထဲက cheese spread မယိုးနိစ် တို့နဲ့ သုတ်လိမ်းပါတယ်။


အပေါ်ကနေ အသီးအရွက်တွေ၊ Chicken ပေါက်ပေါက်တွေ ကို ထည့်ပြီး အသာလိတ်ပါတယ်။ မွှေးအောင် ငရုပ်ကောင်းမှုန့်လေးလဲ အပေါ်ကဖြူးပါတယ်။




အလယ်က ဓားနဲ့ ထက်ပိုင်းဖြတ်ပြီး အဲလိုလေးပွဲပြင်ပြီး စားလို့ရပါပြီရှင်။