Friday, May 22, 2009

ပေါ့ပေါ့ပါးပါး

ခရီးထွက်ရာကပြန်ရောက်တော့ ဟိုဒီ သတင်းတွေဖတ်ရင်း စိတ်က အတော်ဘ၀င် မကျချင်ဖြစ်မိတယ်။ စိတ်တွေရှုတ်ထွေးနေတာနဲ့ ဖိုရမ်ထဲလဲ ၀င်မရေး၊ ဘလော့လေးလဲပစ်ထားသလိုဖြစ်နေတယ်။ မေးရိုးတွေတင်း၊ စိတ်တွေတင်းနေတဲ့ကြားက ပေါ့ပေါ့ ပါးပါးလေး ဖတ်ရအောင် အရင်ဖိုရမ်မှာတင်ဘူးတာလေးတွေ ပြန်တင်ပေးလိုက်ပါတယ်။

ချင်ခြင်း
မနေ့က အဖြစ်လေးပြောပြအုံးမယ်။ ကိုယ့်မှာမကောင်းတဲ့အကျင့်တစ်ခုရှိတယ်။ အဲဒါဘာလဲဆိုတော့ စားစရာတစ်ခုခု မြင်ရင် သွေးတောင်းတတ်တာ။ ချင်ခြင်းတက်တာ။ Craving ပေါ့။ အဲသာ အားတဲ့နေ့ဆိုရင်တော့ဈေးဝယ်ပြီး ချက်ချင်း ချက်စားတော့တာပဲ။ ကျူးပစ်ထဲ၊ ဘလော့တွေထဲလဲ ဟိုလူ၊ ဒီလူချက်တဲ့ ဟင်းတွေမြင်လို့ သွေးတောင်းရင် ချက်စားတာပဲ။ ၀ိတ်လျော့တာက ၀ိတ်လျော့တာတစ်ပိုင်းပဲ။ စနေ၊တနင်္ဂနွေလိုဆို ကိုယ်သွေးတောင်းတဲ့ အစာတွေ ချက်စားရင်စား၊ ၀ယ်စားလို့ရတဲ့ဟာဆို ၀ယ်စားလေ့ရှိတယ်။

မနေ့ကတော့ အရမ်းကို ချင်ချင်းတက်လို့ မနက်ကတည်းက ၀က်သားတုတ်ထိုးနဲ့ ကြာဆံကြော်ကို အချဉ်ရေ စပ်စပ်ရွှဲနေအောင် ဆမ်းစားတဲ့ဟာမျိုး လုပ်စားလိုက်တယ်။ နေ့ခင်းကျတော့ သားအမိ၊သားအဖ၃ယောက် အပြင်ထွက်ရင်းနဲ့ ကိုယ့်မျက်စေ့က လူတစ်ယောက် ကြံချောင်း ၂ချောင်း အပင်လိုက်ကြီး ထမ်းသွားတာကို လှမ်းမြင်လိုက်တယ်။ စလုံးလိုနေရာမျိုးမှာ ဒါမျိုးမြင်ကွင်းက အဆန်းဆိုတော့ လိုက်ကြည့်နေရင်းနဲ့ ပါးစပ်က ကြံရည်သောက်ချင်တဲ့ ချင်ခြင်း တက်ပါလေရော။ အဲဒီအချိန်မှာ ရေကလဲဆာနေတာကိုး။

အဲဒါနဲ့ ယောက်ျားရေ ... ဆွိ ကြံရည်သောက်ချင်လိုက်တာတော် ... ဒီနားလေး ဘယ်နားမှာများ ကြံရည်ရောင်းမလဲ မသိဘူးနော်။

ဆိုတော့ ... အစပ်အဆက်မရှိ ညီးကဘာလို့ ရုတ်တရက်ကြီး သောက်ချင်ရတာတုံး တဲ့ ပြန်မေးတယ်။ ကဗျာမဆန်လိုက်ပုံများ။ ပြောချင်ဘူး။

ဒီတော့ကိုယ်ကလဲ ဟိုနားမှာလူတစ်ယောက် ကြံချောင်းလေး ၂ချောင်း ထမ်းသွားတာမြင်လိုက်လို့ ... စိတ်က သောက်ချင်သွားတာဆိုတော့ ....

၁၀နှစ်ကျော်ကြာပေါင်းလာတဲ့ ယောက်ျားက ဘယ်ကတည်းက အမြင်ကပ်နေမှန်းမသိဘူး။ ညက်စောင်းကြီးထိုးပြီး ပြောထည့်လိုက်တာ ...

" ညီးကတော့ ပြောမနေနဲ့တော့... ရှေ့မှာလူတစ်ယောက် ၀က်တစ်ကောင်ထမ်းသွားတာ မြင်ရင်တောင် ... အမ်မလေး ... ၀က်အူဟင်းလေးစားချင်လိုက်တာတော် ဆို ပြောဦးမှာပဲမလား " တဲ့ ... သူပြောမှပဲ ကိုယ့်အဖြစ်ကိုယ်တွေးရင်း ရယ်လိုက်ရတာ။ နောက်တစ်ခါ သူ့ရှေ့မှာ ချင်ခြင်းတက်ရင် ကြည့်တက်မှပဲ ...


အင်္ကျီအနက်ဇာတ်လမ်း
မဆွိတီ စလုံးမရောက်မီက ကိုမောင်ခြိမ့်တို့ သူငယ်ချင်းတွေ ၇ယောက်လောက် စုနေကြတာပါ ... ကျောင်းမှာထဲကသူငယ်ချင်းတွေဆိုတော့ ပြောမနာဆိုမနာ တော်တော် ချစ်ကြပါတယ် ... မဆွိတီရောက်မှသာ အိမ်တစ်လုံးရှာပြီး သူငယ်ချင်း၃ယောက်က ခွဲနေကြတာပါ ...
အိမ်ချင်းကလဲ သိပ်မဝေးတော့ သူရို့တွေ တစ်လုံးလုံးနဲ့ပါပဲ ... တစ်နေ့တော့ အိမ်မှာအတူနေတဲ့
သူငယ်ချင်းနဲ့ ကိုမောင်ခြိမ့်တို့ ‘ရုံးကအပြန် ဒစ်ကောင့်ချလို့ဆိုပြီး အင်္ကျီတွေ ၀ယ်လာကြပါတယ် ...
သူငယ်ချင်း၂ယောက်ဆင်တူ အနက်ကွက်လေးတွေ ...

ဝယ်ပြီးတစ်ပတ်လောက်နေတော့ မဆွိတီ ကိုခြိမ့်အင်္ကျီအနက်ကလေး မနက်ကလှမ်းထားတာ ရုတ်မယ်လုပ်တော့ မတွေ့တော့ပါ ... အဲဒါနဲ့ ကိုခြိမ့်သူငယ်ချင်း ရုံးကပြန်လာတော့ သူကလဲအဲဒီအင်္ကျီဝတ်ထားတာတွေ့တာနဲ့ မေးမိပါတယ် ... သူမနက်က ကြိုးတန်းကယူဝတ်တာ ဟုတ်ပါတယ်တဲ့ ... သူ့အင်္ကျီရှာမတွေ့တာနဲ့ အလွယ်ယူဝတ်လိုက်တယ်တဲ့ ... သူ့အင်္ကျီ့လို့လဲ နဲနဲတော့ထင်နေတာပေါ့ ... အဲဒါနဲ့ မဆွိတီိတို့လဲ ကိုယ်များမှားတာလားဆိုပြီး ကိုယ့်အခန်းထဲကိုယ် ရှာပေမဲ့မတွေ့ပါ ... အကို့ဟာဆိုလည်း ယူပါဆိုတဲ့ကြားက ကိုခြိမ့်ကို အတင်းပြန်ပေးလို့ ယူထားလိုက်ရပါတယ် ... ကိုခြိမ့်မှာ အဲဒီအင်္ကျီဝတ်တိုင်း မလုံမလဲကြီးနဲ့ပေါ့ ...

တစ်နေ့တော့ ကိုခြိမ့်တို့သူငယ်ချင်းတွေစုပြီး ဆန်တိုဇာဆိုတဲ့ ကမ်းခြေကိုသွားကြဘို့
သူငယ်ချင်းတစ်ယောက်ရဲ့ ဒိုင်နာကားကြီးနဲ့ တစ်အိမ်ပြီးတစ်အိမ် လိုက်ခေါ်ကြပါတယ် ... မဆွိတီတို့အိမ်ကြိုပြီး အရင်သူရို့နေတဲ့အိမ်ရောက်တော့ ... လာပါပြီ ကိုခြိမ့်အချစ်ဆုံးသူငယ်ချင်းကြီး ကို ငပု ... အိမ်မှာပျောက်နေတဲ့ အင်္ကျီကြီးဝတ်ပြီး ရှိုးအပြည့်နဲ... မသိတဲ့လူတွေကတော့ အင်္ကျီအသစ်နဲ့ သားနားလှချည်လားပေါ့ ... ၀ိုင်းပြီးချီးကျူးမြှောက်ပင့်နေကြတာ ... သူကလဲ လူကြားထဲ ဟန်တစ်ခွဲသားနဲ့ ... သူ့ဟာလိုလို .... မဆွိတီကတော့ သူ့ကိုကြည့်ပြီး ရီချင်လွန်းလို့ ... ၀ိုင်းချီးကျူးလို့မှ မဆုံးသေး ... အိမ်မှာနေတဲ့ ကိုခြိမ့်သူငယ်ချင်းက နောက်ကနေ မနာအောင်ဂုတ်ပိုးလှမ်းအုပ်ပြီး ဆဲပါတော့တယ် (သူရို့က ပြောမနာ ဆိုမနာ ဆဲမနာတွေပါ) ... သူ့မှာတစ်ခါလားဝတ်ရသေး ... ပြီးတော့အိမ်မှာလဲ ဘာမဟုတ်တာနဲ့ ယုံထင်ကြောင်ထင်ဖြစ်နေတဲ့ကိစ္စ ကိုး ...
အဲတော့မှ ကိုငပုက သူ့အိမ်မှာတွေ့လို့ မောင်ခိုင်ဟာအောက်မေ့လို့ ၀တ်လာတာတဲ့ ...
မောင်ခိုင်ဆိုတာလည်း သူရို့သူငယ်ချင်းပဲလေ ... သူနဲ့ဒီလိုပဲ တစ်ခန်းထဲနေပြီး အင်္ကျီတွေ အတူတူရောဝတ်နေတာပဲ ... မောင်ခိုင်ကိုမေးပြန်တော့လဲ သူလဲ ငပုဟာအောက်မေ့လို့ ရုံးကိုဝတ်နေတာ ၂ခါတောင်ရှိပြီတဲ့ ... ကဲကောင်းကြသေးလား ...
တော်သေးတာပေါ့ နောက်တစ်ယောက်ထပ်မမေးမိလို့ ... မေးမိရင်သူလည်း ဘယ်သူ့ဟာထင်လို့ ဘယ်နှစ်ခါဝတ်ပြီးပြီဆို ... လာအုံးမယ်နဲ့တူတယ် ...

ဖြစ်ပုံက အိမ်မှာနေတဲ့ ကိုခြိမ့်သူငယ်ချင်းက အဲဒီအိမ်သွားလည်ပြီးသောက်ကြတော့ အိုက်လို့ဆို အင်္ကျီချွတ်ပြီး စွတ်ကျယ်နဲ့နေတာ ... အိမ်ပြန်တော့လဲ မူးမူးနဲ့ပြန်တော့ အင်္ကျီလည်းမေ့ ... အကုန်မေ့ ... အဲဒီအိမ်ကလူတွေလဲ မေ့ပြီးရှုတ်ကုန်ကြတာ ...

ကဲ ကိုမောင်ခြိမ့်တို့သူငယ်ချင်းတွေ အဲလိုချစ်ကြတာ ... အိမ်ထောင်တွေ
အသီးသီးကျကြပေမဲ့ ခုချိန်ထိလဲ ဒီတိုင်းပါပဲ ... သူငယ်ချင်းတွေနဲ့တွေ့ရင် အကုန်မေ့ပါတယ် ... အခုတောင်အဲဒီသူငယ်ချင်းတွေနဲ့ ချိန်းထားလို့ အိမ်မှာမရှိဘူးလေ ... ဒါကြောင့်ဘေးမှာနားပူမဲ့သူမရှိလို့ အခုလို အေးအေးဆေးဆေးရေးနိုင်နေတာ ... ပြန်မပြောကြနဲ့နော့ ...

(မြန်မာကျူးပစ်ဖိုရမ်တွင် ဖော်ပြပြီး )

7 comments:

  1. မရေ......ပျောက်နေတာကြာပေါ့
    ခရီးထွက်နေတာလားးးးးးးးးးးးးးး
    မြူးလဲချင်ခြင်းတနေပြီ
    ကြံရည်လေးတခွက်လောက်
    သောက်ရရင်ကောင်းမှာနော်

    ReplyDelete
  2. မမဆွိ ရဲ့ အပေါ်က တပုဒ်ဖတ်ပြီး ၀က်သားတုတ်ထိုးတောင် စားချင်လာပြီ.. :D ကြံရည်ကတော့ ပြန်တုန်းက ၂ ခါသောက်ဖြစ်ခဲ့တယ်.. :)

    ReplyDelete
  3. ကိုမောင်ခြိမ့်က အန်တီဆွိကိုရော မေ့ပြီး မထားခဲ့ဖူးဘူးလား။ :D

    ReplyDelete
  4. မမရေ.. ဖတ်ပြီး ရယ်သွားတယ်၊

    ဝက်သားတုတ်ထိုး အချဉ်ရည်နဲ့ စားချင်လိုက်တာ

    ReplyDelete
  5. ဒီပိုစ့်လေး ဖတ်ပြီး မေးကြောများ နဲနဲရော့သွားစေတာမို့
    ကျေးဇူးပါလို့ ပြောပါရစေ...
    (အားကျမခံ ကိုယ်တို့သူငယ်ချင်းတွေလဲ တရက်လောက် ချိန်းကြရအောင်လေ...)

    ReplyDelete
  6. တီတီ sweet ရေ ဟုတ်ပါ့ စုံစီနဖာ တင်ပြီးပျောက်သွားလိုက်တာ နေမကောင်းဘူးထင်နေတာ craton ဆီမှာတွေ့လို့ လာဖတ်တာဗျိုးးးးး ချဉ်ခြင်းက ဗိုက်ကြီးသည်တွေမှ တက်တာ ဟုတ်ဘူးလား မီးကတော့ သိပ်မသိဘူးနော် ဒါပေမယ့် တီတီပြောမှပဲ ကြံရည်တောက်ချင်လာပြီဗျိုးးးး အဟိ တီတီလိုတော့ ဝယ်ပေးမယ့် လူအရှိဘူး ရှာလိုက်ဦးမယ်နော်
    တာ့တာ တီတီရေ ဒိုးးပြီ

    ReplyDelete
  7. ဟုတ်ပါ့ ရှရီရေ ... ခရီးကပြန်ရောက်ပြီး တစ်ပတ်ကြာမှ ပို့စ်က တင်ဖြစ်တယ်။


    Mae နဲ့ မနုစံရေ... အဲလိုပြောနဲ့နော် ... အဲဒီပို့စ်က ကြာလှပြီ။ အဲဒီနောက်ပိုင်း သိပ်လုပ်မစားဖြစ်ဘူး။ ချင်ခြင်းတက်လာပြီနော်။:))

    ကိုZT ... ကိုမောင်ခြိမ့်က ဒါတော့ မမေ့ရဲပါဘူးကွယ်။ ကြားဘူးလားတော့မသိဘူး။ တစ်ခါမေ့ တစ်သက်လုံးသတိရသွားစေရမယ်ဆိုတာလေ။းD

    မသက်ဝေရေ ... မေးကြောတွေ လျော့သွားတယ် ဆိုတော့ တို့များရေးရကျိုးနပ်သွားတာပေါ့။ ကျေးဇူးသယ်ရင်း။

    ငှက်ကလေးရေ ... ကိုယ်ဝန်ဆောင်တွေက ပို food craving ဖြစ်တာပေါ့။ ကိုယ်က အလကားနေရင်းနဲ့တောင် craving ဖြစ်နေတာ ... သမီးလေး ကိုယ်ဝန်နဲ့တုံးကတော့ ပြောမနေနဲ့တော့။ နောက်မှ အဲဒီအကြောင်းရေးရဦးမယ်။

    ReplyDelete