
အန်တီဆွိတို့ ဘလော့ဂါမှို့လားမသိ။ ဘာလုပ်လုပ် ဇာတ်လမ်းလေးတွေနဲ့။ ခုအိမ်ငှါးဖို့ လုပ်ပြန်တော့လဲ ဇာတ်လမ်းနဲ့။ ဟိုဘက်မှာနေဖို့ ဦးခြိမ့်အိမ်ငှါးတော့လဲ ဇာတ်လမ်းလေးတွေရှိတယ်။ အိမ်ကကားရောင်းတော့လဲ ဇာတ်လမ်းနဲ့။ မျိုးကြီးသီချင်းလို ဖြေးဖြေး ဖြေးဖြေး ...ရေး၊ နားနားပြီး ရေးပါမယ် ပေါ့း))
မဆွိတီတို့ ဟိုဖက်ကို ပြောင်းကြတော့မယ်ဆိုတော့ အိမ်ကိုမရောင်းသေးပဲ ပွဲစားလက်အပ်ပြီ ငှါးထားခဲ့မယ်ဆို လင်မယား၂ယောက် တိုင်ပင်ထားကြတာ။ ဟိုဖက်ကအခြေအနေကို စောင့်ကြည့်ရဦးမှာဆိုတော့ ဖောင်မဖျက်ရဲသေးဘူးကိုး။
ဒီလိုနဲ့ တကယ့်ငှါးမဲ့ အချိန်လဲရောက်ရော ဦးခြိမ့်က ဆစ်ဒနီရောက်နေပြီလေ။ ဒီတော့အိမ်ငှါးဖို့တာဝန်က မဆွိတီ ပုခုံးပေါ် လုံးလုံးရောက်လာပါရော။ အိမ်ငှါးဖို့ရာအတွက် ပထမဆုံး ပွဲစားကို အရင်ရွေးရတယ်ခင်ည။ အသိပွဲစားတွေနဲ့ စကားပြောကြည့်ပြီး နောက်ဆုံး ဗမာလို စကားပြောလို့ အဆင်ပြေတဲ့ ဗမာပွဲစား ကောင်လေးတစ်ယောက်ကိုပဲ အပ်လိုက်တယ်။ အလုပ်အပ် စာချုပ်တွေ၊ ဘာတွေ လက်မှတ်ထိုးတော့ ပွဲစား အစ်မတစ်ယောက်ပါခေါ်လာပြီး မိတ်ဆက်ပေးတယ်။ သူတို့က ဗမာအေးဂျင့်အဖွဲ့၊ အတူတွဲလုပ်ကြတာပေါ့။ အဲဒီအေးဂျင့်အစ်မအိမ်က မဆွိတီတို့ အိမ်နဲ့ နီးတော့ အိမ်ပြတာတွေဘာတွေ သူကပဲ ဦးဆောင်လုပ်မဲ့ သဘောနဲ့တူပါရဲ့။
တကယ်တော့ မဆွိတီတို့ အိမ်ကိုအပ်လိုက်တာ တော်တော်စောပါတယ်။ ကိုယ် အလုပ်ကထွက်လို့ရတဲ့ အချိန်နဲ့ကိုက်တဲ့နေ့ကို ရွေးလိုက်တော့ အိမ်ငှါး စ တက်ရမဲ့နေ့က ဧပြီလ ၂၀ရက်နေ့ဖြစ်သွားတယ်။ အေးဂျင့်ကို အိမ်ခေါ်ပြတော့ အိမ်က စလုံး ၂၄၀၀-၂၅၀၀ လောက်ရနိူင်တယ်။ date ကလည်း အဲဒီနေ့ကို fix လုပ်ထားလို့ရတယ်ပေါ့။ လကုန်ရက်မဟုတ်လဲ ကိစ္စမရှိဘူးဆိုတာနဲ့ အဲနေ့ကိုပဲ သတ်မှတ် လိုက်တယ်။ သူတို့အပြောအရ အိမ်ကစောပြီး ကြော်ငြာရင်လဲ ဝေးနေသေးတော့ ဘယ်သူမှ စိတ်မဝင်စားဘူးတဲ့။ ငှါးဖို့ တစ်လခွဲ လောက်အလိုမှ စ ကြော်ငြာမယ်ပြောပါတယ်။ (အဲဒီအချိန်က ၂လခွဲလောက် လိုသေးတာကိုး)
မဆွိတီတို့ အိမ်အကြောင်း စပြောရရင် ဒီအိမ်ကို ဝယ်ကတည်းက ကြိုက်လွန်းလို့ အပို cash down တွေ အများကြီးပေးပြီး ဝယ်ခဲ့တာပါ။ ပထမဆုံးကြည့်တဲ့အိမ် ပထမဆုံး ဝယ်ခဲ့တာပါ။ Country style home ခေါ်ပါသတဲ့။ ပထမအိမ်ပိုင်ရှင်ကိုယ်တိုင်က interior designer မှို့ သူ့အိမ်ကို သစ်သားတွေ အများကြီးသုံးပြီး လှအောင် ဒီဇိုင်းလုပ်ထားတာပါ။ သုတ်တဲ့ ဆေးကအစ pattern လေးတွေနဲ့။ down light တွေကလဲ တစ်အိမ်လုံး တပ်ထားပါတယ်။ ညကျ မီးတွေ ဖွင့်လိုက်ရင် အိမ်က အခန်းအရောင်နဲ့ မီးရောင်နဲ့ အလွန်လိုက်ဖက်ပြီး လှပါတယ်။ မဆွိတီတို့ကလဲ တစ်သက်လုံး နေရမဲ့အိမ်ဆိုတော့ ပရိဘောဂတွေကို ကုတင်ကအစ solid wood တွေချည်းဝယ်ပြီး ကောင်းတာတွေ ထည့်ထားတာပါ။ တကယ်တော့ မဆွိတီ ဒီအိမ်လေးကို တော်တော်သံယျောဇဉ်ရှိပါတယ်။ အခုထားခဲ့ရတော့မယ်ဆိုတော့ အင်မတန် စိတ်မကောင်းပါဘူး။ အိမ်ငှါးတော့လဲ အိမ်ငှါးကို ကိုယ်တောင်းတဲ့ rental fees ပေးနိူင်သူအပြင် သပ်သပ်ရပ်ရပ်နေမဲ့သူကို အဓိက ရွေးချင်တာပါ။
( ကိုယ့်အ်ိမ်အကြောင်း ပြောရတာလဲ ကိုယ့်ငါးချဉ်လေး ကိုယ်ချဉ်ပါတယ်ဆို ကြွားသလိုဖြစ်နေပြီနော် ... သည်းညည်းခံကြပါ ပိတ်သတ်တို့ ...း)

ဒီလိုနဲ့ တစ်လလောက်စောင့်ပြီး အိမ်စပြဖို့ အချိန်ရောက်လာပါတယ်။ ပွဲစားအစ်မက ညနေ ၇နာရီလောက် ဖိလစ်ပင်းကောင်မလေးတွေ လာကြည့်မယ်တဲ့။ သူတို့က ၇ ယောက်နေမယ်။ ၂၄၀၀ ပေးမယ်ပေါ့။ ဒါနဲ့ ညနေလာကြည့်တော့ ကောင်မလေးတွေက တကယ့်ကို ယဉ်ယဉ်ကျေးကျေးလေးတွေ။ စကားပြောတာက သိပ် polite ဖြစ်တယ်။ ပညာတတ်ဆန်တယ်။ သူတို့က အိမ်ကိုကြိုက်တယ်။ သူတို့အိမ်လိုသဘောထား သန့်သန့်ရှင်းရှင်းနေမယ်ပေါ့။ ဒါပေမဲ့ ထုံးစံအတိုင်း ဈေးဆစ်တယ်ဗျား။၂၃၀၀ ရမလားဘာညာ ဆိုတော့ မဆွိတီကလဲ ခုမှ ပထမဆုံး စပြတာ ခပ်တင်းတင်းပေါ့။ ၂၄၀၀ ကနေ မလျော့န်ိူင်။ နောက်ပြီး မဆွိတီတို့အိမ်က Mio home group plan က တစ်နှစ် လက်ကျန်ရှိသေးတော့ သူတို့က အဲဒါကိုလည်း ဆက်ယူပေးမယ်ဆိုတော့ စဉ်းစားဦးမယ်လို့ပဲ ပြောလိုက်တယ်။ (အဲဒီ plan ကို မသုံးပဲပြန်အပ်ရင် Singtel ကို early termination fees စလုံး ၄၀၀ -၅၀၀ လောက် လျော်ရမှာမှို့ပါ။)
နောက်နေ့ကျတော့ ပွဲစားအစ်မက ဖုန်းဆက်ပြီး ဖိလစ်ပင်းကောင်မလေးတွေဆို မဆိုးကြောင်း၊ ဖိလစ်ပင်းတွေ ဘယ်လိုသန့်ရှင်း သပ်ရပ်ကြောင်း ဆွယ်ပါလေရောဗျာ။ ကိုယ်ကလဲ Mio home plan အပါအဝင် ၂၄၆၀ တစ်ပြားမှ မလျှော့။ အဓိကကတော့ လူအရမ်းများလို့ ဂျီးများနေတာလဲပါတယ်။ နောက်ပြီး မဆွိတီကလဲ စိတ်တစ်မျိုး။ သူများ အဲ့လို ဘလိုင်းကြီး အတင်းတွန်းတာမျိုးကို မကြိုက်ဘူး။ နောက်ကွယ်မှာ အကြောင်းပြချက်ရှိရမယ်လို့ စိတ်က သရိုးသရီဖြစ်နေတာနဲ့ပဲ ဖိလစ်ပင်း ပထမ အသုတ်နဲ့ အဲ့ဒီအတိုင်း တန်းလန်းကြီးဖြစ်နေတယ်။ (နောက်ပိုင်းတော်တော်ကြာတဲ့အထိ ပွဲစားက မျိုးစုံ ဆက်တိုက်တွန်းပေမဲ့ လူများလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လုံးဝကို ငြင်းလိုက်ပါတော့တယ်။)
နောက်၂ရက်လောက်ကြာတော့ ပွဲစားအစ်မက သူတို့ သတင်းစာမှာ ကြော်ငြာလိုက်ပြီ။ အိန္ဒိယလူမျိုး တွေ(နောက်ပိုင်း ကုလားလို့ပဲရေးပါမယ်၊ အိန္ဒိယဆို ပြောရတာ ထောက်နေလို့ ) ခေါ်လိုက်ကြတာ ... ခေါ်လိုက်ကြတာ အများကြီးပဲ မဆွိရယ်တဲ့။ အမှန်က အိမ်ကို စငှါးကထဲက ပြောထားတာ၊ မြန်မာ၊ ဖိလစ်ပင်း၊ မလေးတရုတ် ပထမဦးစားပေးပေါ့။ ကုလားနဲ့ ပြည်ကြီးတရုတ်တွေကိုတော့ ဒုတိယဦးစားပေးပဲထားတာ။ (racist လုပ်တာတော့မဟုတ်ပါ။ ဈေးကွက်မှာ ဖြစ်နေတဲ့ သဘောအရ ပြောရတာပါ။) အဲဒီအစ်မက ဖုံးခေါ်ကထဲက လူတွေကို စစ်ထုတ်ပြီးမှ အိမ်ကိုပြတာပါ။ ဒါပေမဲ့ သူက ကုလားတွေ ခေါ်တာ အရမ်းများတယ်ပြောတော့ ကုလားဖြစ်လဲ မိသားစုနဲနဲဆိုရင်တော့ စဉ်းစားမယ်လို့ ပြောလိုက်ပါတယ်။
ညကျတော့ ကုလားမိသားစု ၃ယောက်နေမဲ့သူရယ်၊ ဗမာ ကောင်လေး တစ်ဖွဲ့ရယ် လာကြည့်ကြတယ်။ ကုလားအမျိုးသားက လစာတော်တော်ကောင်းတဲ့သူမျိုး ဖြစ်ပုံရပါတယ်။ မဆွိတီတို့နားက Jurong Island မှာ လုပ်တဲ့သူပါ။ လင်မယား၂ယောက်ရယ်၊ ၁၆ နှစ်အရွယ် သားတစ်ယောက်ရယ် နေမယ်၊ အိမ်ကိုတော့ ကြည့်ပြီး အတော်သဘောကျပုံ ရပါတယ်။ ကြည့်ပြီး ခေါင်းတစ်ခါခါနဲ့ ပွဲစားနဲ့ပြောနေတာ။ ဒါပေမဲ့ ၂၂၀၀ ပဲ offer လုပ်ပါတယ်။ ဗမာကောင်လေးတွေကလဲ ၆ယောက်နေမယ် ၂၃၀၀ ပေးမယ်၊ ဒါပေမဲ့ ဧပြီ (၁)ရက်နေ့က စ ဝင်ချင်တာဆိုတော့ အဲဒီကောင်လေးတွေနဲ့ ဒီမှာတင် ကိစ္စပြတ်ပါရော။ နောက်နေ့ ပွဲစားအစ်မက ပြောတယ်။ သူ့ဆီကို အဲဒီကုလားရဲ့အေးဂျင့်က တောက်လျှောက်ဖုံးဆက်ပြီး ၂၂၀၀ နဲ့ ငှါးဖို့ချည်း ဇွတ်ပြောတော့တာပဲတဲ့။ သူ့ Client က အိမ်ကို တော်တော်သဘောကျလို့ ဒီလောက်ပေးတာတဲ့။ ပုံမှန်ဆို ၁၈၀၀ ပဲ ပေးတာတဲ့ဗျား။ ဒါပေမဲ့ ပွဲစားအစ်မက ၃ယောက်ထဲ လူနဲနဲလေးမှို့ ၂၃၀၀ နဲ့ ညှိပေးမယ်ဆိုတာတောင် သူတို့ကမပေးနိူင်လို့ အဲဒီမှာတင် ကိစ္စပြတ်ပါတယ်။

နောက် မဆွိတီ ရေးဖူးတဲ့ ပြည်ကြီးတရုတ်မ မိသားစုတစ်ဖွဲ့နဲ့ ဖိလစ်ပင်းမလေးတွေ တစ်ဖွဲ့။ သူတို့က သူတိုအေးဂျင့်နဲ့သူတို့ လာတာ။ ၂ဖက်အေးဂျင့်နဲ့ အိမ်ကိုကြည့်ကြတာပေါ့။ သူတို့ဆီကနေ ဘာ offer မရပါဘူးလို့ အေးဂျင့်အစ်မက ပြောပါတယ်။
ဒီလိုနဲ့ နောက်တစ်ပတ်နေတော့ ကုလားမိသားစု ၃ယောက်နေမယ်ဆိုပြီး ကုလားမ ဖြူဖြူလေးတစ်ယောက်၊ သမီးလေးလက်ဆွဲပြီး ရောက်လာပြန်တယ်။ နာမည်က " ပန် " လို့ ပဲထားလိုက်ပါတော့။ သမီလေးက ၃နှစ်လောက်၊ ချောလိုက်တာဗျာ။ ကုလားဆိုပေမဲ့ အသားက ဖြူဖွေးနေတာ၊ ဘိုမရုပ်လေးလိုပဲ။ ပန်ကလဲ အိမ်ကိုကြည့်ပြီးပြီးချင်း သိပ်ကြိုက်တယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ကိုယ်တောင်းတဲ့ ဈေးတော့ မပေးနိူင်ဘူး။ ၂၂၀၀ ပေးမယ်တဲ့။ ဒါတောင် သူက ကြိုက်လွန်းလို့ဆိုပဲ။ သူတို့ ဘက်ဂျက်က ၂၀၀၀ ပဲရှိတာတဲ့။ ခုကွန်ဒိုမှာနေတာ ၃နှစ်ရှိပြီ၊ ၂၀၀၀ပဲ ပေးရသတဲ့။ ဟုတ်မဟုတ်တော့ မသိ။ သူ့သမီးလေးနေမဲ့ကျောင်းက ဒီနားမှာမှို့ပြောင်းရမှာတဲ့။ ကိုယ်ကြိုက်တဲ့ ဈေးမှ မပေးနိူင်တော့ ကိစ္စကမပြတ်ပဲ ပြန်သွားတယ်။
နောက်နေ့ ကျတော့ အေးဂျင့်က NTU မှာ ဒေါက်ထရိတ် (Doctorate) တက်နေတဲ့ တရုတ်ကျောင်းသား ၄ယောက် လာကြည့်မတဲ့။ ညနေ ၇နာရီ ချိန်းထားတဲ့ အချိန်လည်းရောက်ရော အေးဂျင့်က သူတို့ အောက်မှာရောက်နေပြီဆို ဖုံးဆက်လာတယ်။ အဲဒီအချိန်မှာဗျာ၊ အိမ်ရှေ့က ခေါင်းလောင်းသံကြားလို့ ထွက်ကြည့်လိုက်တာ၊ ဘယ်သူထင်ပါလဲ ပိတ်သတ်ကြီး။ ချိန်းလဲမထားပဲနဲ့ ရောက်လာတာ။ မနေ့က အိမ်လာကြည့်တဲ့ ကုလားမလေး ပန်တို့ သားအမိပါပဲဗျာ။ ထုံးစံအတိုင်း သမီးလေးလက်ဆွဲလို့။ အိမ်ပေါက်ဝမှာ။ ကိုယ်လဲ အံ့သြသွားတာပေါ့။ အိမ်တံခါးကို ဖွင့်ပေး၊ ဧည့်ခန်း ဆိုဖာပေါ်ထိုင်ပြီး သူ စကားပြောလို့ရမလားဆို မဆွိတီကို ပြောပါရော။ သူ့ပုံစံက တကယ့်ကို serious ကိစ္စတစ်ခု လုပ်နေသလိုမျိုး။ ပြူးတူး၊ ပြာတာနဲ့။ ကိုယ်လဲ သိပ်နားမလည်တာနဲ့ အေးဂျင့်နဲ့ပဲ ပြောဖို့ ပြောလိုက်တယ်။ ဒါပေမဲ့ သူဒီအိမ်ကို သိပ်ကြိုက်တဲ့ အကြောင်း၊ သူ ၂၂၅၀ ပေးပါမယ်၊ ၅၀ တိုးပေးပါမဲ့အကြောင်း၊ သူ့ကို ငှါးဖို့အကြောင်း ပြောပါလေရော။ မဆွိတီကလဲ ၂၃၀၀ မရရင်တော့ မငှါးဘူး။ ဒါတောင် နင်တို့က လူနည်းလို့ ငါလျှော့ထားတာပေါ့။
အဲလိုနဲ့ ပြောနေကြတုံး အောက်က အေးဂျင့် ၂ယောက် အပေါ်တက်လာပါရော။ ရုတ်တရက်ကြီး ပန်တို့ သားအမိလဲတွေ့ရော အံ့သြသွားကြတယ်။ အဲဒီမှာအေးဂျင့်ကောင်လေးက လေသံမာမာနဲ့ နင် အိမ်ငှါးခလဲ ခုချိန်ထိ အိမ်ရှင်ကြိုက်တဲ့ဈေး မပေးပဲနဲ့ အိမ်ကိုခဏခဏ မလာပါနဲ့ ဆို ပြောပါလေရော။ ကြိုက်ရင် deposit ပေးဖို့၊ လက်မှတ်ထိုးဖို့ အေးဂျင့်ကောင်လေးနဲ့ စကားတွေ ဆက်ပြောကြပြန်တယ်။ နောက်ပိုင်း ပန်က ဆစ်ဒနီက သူ့ယောက်ျားက မဆွိတီဆီ ဖုံးဆက်ချင်လို့ ဖုံးနံပတ်တောင်းတာနဲ့ ပေးမလို့ ဒီက ဖုံးတောင် ကိုင်နေပြီ။ အေးဂျင့်ကောင်လေးက အစ်မ သူ့ဘက်က ဘာမှမသေချာပဲနဲ့ မပေးပါနဲ့ဆို အတင်းတားလို့ ကိုင်ထားတဲ့ဖုံးလေး အသာပြန်ချလိုက်ရတယ်။ ဘာတွေမှန်းလဲ မသိတော့ဘူး။ ပန်တို့ သားအမိလဲ မျက်စိပျက်၊ မျက်နှာပျက်နဲ့ ပြန်သွားကြတယ်ဗျာ။ ချိန်းထားတဲ့ ကုလား ဒေါက်တာ ၄ ယောက်ကတော့ မျှော်သာ မျှော်သည် ပေါ်မလာ ဇာတ်ခင်းသွားတယ်။ ညနေ၉နာရီမှဆို တစ်ခါ ထပ်ချိန်းပြီး နောက်ဆုံး appointment ပျက်သွားပါတော့တယ်။ (ပထမ တရုတ်ကနေ ဘယ်လိုကုလား ဖစ်တွားလဲ မဆွိတီ ခုထိ မသိပါဘူး ... အားနာလို့ မမေးပါဘူး ...)
နောက် အဲဒီ ပန်တို့ သားအမိပြန်သွားတော့ အေးဂျင့် ၂ ယောက်လုံးက မဆွိတီကို နားချပါရော။ ၂၂၅၀ နဲ့ မိသားစုက နဲနဲလေး။ ငှါးလိုက်ပါလားပေါ့။ မဆွိတီကလည်း စကြော်ငြာတော့ ၂၅၀၀ နဲ့ ၊ ခု၂၃၀၀ ဆိုတာ အများကြီးလျှော့ပြီးသွားပြီ။ တော်လောက်ပြီ၊ ထပ်တော့ မလျှော့တော့ဘူး။ အချိန်တွေ ရှိပါသေးတယ်။ ထပ်ရှာကြတာပေါ့ဆို ပြောလိုက်တယ်။ နေ့ခင်းကျတော့ ရုတ်တရက်ကြီး၊ မနေ့က ပျက်သွားတဲ့ ဒေါက်ထရိတ် ကျောင်းသား ၄ယောက်လာမယ်ဆိုဖုံးဆက်ပြီး လာကြည့်ကြပြန်ပါတယ်။ သူတို့ကတော့ အေးဂျင့်နဲ့လာတာ။ အေးဂျင့်ကလည်း ကမန်းကတန်းနဲ့ဗျ။ မြန်မြန် ထက်ထက် ကြည့်ကြပြီး ညနေ ၅ နာရီ အကြောင်းပြန်မယ်ဆို ပြန်သွားတယ်။ ကိုယ်ကတော့ ၂၄၀၀ပေးမယ်ဆို ကိစ္စက ပြတ်ချင်နေပြီ။ ညနေ ၆နာရီ ပွဲစားအစ်မဆီကနေ SMS ဝင်လာတယ်။ အိပ်ရာ (ကုတင်) ၄ခုရှိလား။ ၂၄၀၀ နဲ့ ငှါးဖို့သေချာပြီလား၊ confirm လုပ်ပါတဲ့။ ကိုယ်က အိပ်ရာ ၄ခုလဲရှိတယ်။ ၂၄၀၀ သေချာတယ်ပေါ့။ အိမ်တည့်တော့မယ်ထင်နေတာ။

ဒါပေမဲ့ နောက်နေ့မနက်အထိ သူတို့ဆီက ဘာသတင်းမှ ထပ်မရဘူး။ ဒါနဲ့ အတိုချုံးရရင် ကိုယ့်ဖက်က သူတို့လိုတဲ့ မေးတဲ့ အတိုင်း အားလုံးပြည့်စုံနေပါရက်နဲ့ ဘာလို့ offer မရလဲဆိုပြီး ပွဲစားအစ်မကို မဆွိတီက ရန်ထောင်ပါရော။ ဆိုးတယ်နော်။ လူကလဲ နဲနဲ စိတ်တိုနေပြီကိုး။ ဒီကိစ္စပြတ်ချင်နေပြီ။ လူက ဦးနှောက်ခြောက်နေပြီ။ ညနေ ၅နာရီ Black & White ပြောမယ် ဆိုပြီး နောက်နေ့ မနက်ထိ အကြောင်းမပြန်ပါလားပေါ့။ အေးဂျင့်တွေက ပွဲစားခ ၂ဖက်စလုံးရမှ သေချာငြိအောင် လုပ်ပေးတာလား။ ဟိုဖက်က အေးဂျင့်ပါရင် (cobroke ဖြစ်နေရင်) ပွဲခမရတော့ အလုပ်မဖြစ်အောင် ဖျက်ကြသလားပေါ့။ အဲလိုစိတ်ထဲ ဖြစ်သွားတာ။
အိမ်ကြည့်သူ စ လက်ခံကတည်းက ၃ပတ်ရှိပြီ။ အိမ်ကလဲ ကောင်းတယ်။ အဲကွန်းကအစ အသစ်လဲထားတာ ၆လပဲ ရှိသေးတယ်။ အိမ်ဆေးသုတ်ထားတာလဲ မကြာသေးဘူး။ ဈေးခေါ်လို့ ကောင်းမဲ့အိမ်မျိုး။ ဈေးကလဲ ၂၅၀၀ ကနေ ၂၃၀၀ ထိ လျှော့ပေးပြီးပြီ ။ ပြီးတော့ ပြောထားတဲ့ ဧပြီ ၂၀ရက်နေ့မှ မဟုတ်။ မေလ ၁ရက်နေ့ဝင်လည်း လက်ခံတယ် ။ ၁၀ရက်စာ လဲ အနာခံထားတယ်။ ဒီလောက် လျှော့ပေးတာမှ မတည့်သေးတော့ စိတ်က နဲနဲမရှည်ချင်တော့ဘူး။ အေးဂျင့်တွေ ဘာတွေလုပ်နေကြလဲ။ သူတို့ကို သိပ်မယုံချင်တော့ဘူး ဖြစ်သွားတာဗျာ။
ဒါနဲ့ဦးခြိမ့်ကိုလဲ ဖုံးဆက်ပြီး အေးဂျင့်ကို ဖိအားပေးဖို့၊ အိမ်ကိုလာကြည့်တဲ့သူကလဲ တစ်ယောက်စ၊ ၂ယောက်စပဲ လာတဲ့အကြောင်း၊ လာတဲ့သူတွေကလဲ သူတို့ဖက်က ပွဲစားပါရင် offer မလုပ်ဘူးလို့ ပြောကြောင်း၊ သေချာကြော်ငြာပြီး open house ဆို လုပ်လိုက်ရင် လူများများလာကြည့်၊ ဒါမှ အပြိုင်အဆိုင် ဈေးဖြတ်ကြ အဲလိုဖြစ်စေချင်ကြောင်းပြောလိုက်ပါတယ်။ အချိန်ကလဲ သိပ်မကျန်တော့ဘူးကိုး။ ဦးခြိမ့်ကလဲ အေးဂျင့်ကို အိမ်အမြန်တည့်အောင်လုပ်ပေးပါရန် ဖိအားပေးဖုံးဆက်လိုက်တယ် ဆိုပါတယ်။
အဲဒီနေ့ပဲ အေးဂျင့်ကောင်လေးက မဆွိတီကို ၂၂၅၀ပေးတဲ့ ကုလားမလေး ပန်ရဲ့ဖုံးနံပတ်ပေးပြီး ကိုယ်တိုင်ဆက်ခိုင်း၊ ဈေးညှိခိုင်းပါတော့တယ်။ ပုံမှန်အားဖြင့် ဒီလိုကိစ္စတွေမှာ အေးဂျင့်ကတဆင့် ပြောရတာပါ။ အိမ်ရှင်၊ အိမ်ငှါးတိုက်ရိုက်ပြောလေ့မရှိပါဘူး။ အဲဒီတော့မှ အေးဂျင့်ကောင်လေးက သူတို့ ပန် မိသားစုဆီက agent fees မယူကြောင်း ပန်က ၂၂၅၀ ပေးနိူင်ဖို့အရေး သူတို့ အေးဂျင့်ခ မယူပဲနဲ့ လျှော့ပေးခဲ့ကြောင်းပြောပါတယ်။ ဒါနဲ့ မဆွိတီလဲ အတော်အားနာသွားတယ်။ ကိုယ်က သူတို့ အေးဂျင့်ခ ၂ဖက်စလုံးရတဲ့သူမှ အဆင်ပြေအောင် ညှိပေးတယ်လို့ အထင်လွဲနေတာကိုး။ (အေးဂျင့်ခက တစ်နှစ်စာချုပ်အတွက် အိမ်ငှါးဆီက တစ်လငှါးခရဲ့ တစ်ဝက်၊ အိမ်ရှင်ဆီက တစ်ဝက် ယူရတာ ထုံးစံပါ၊ ၂နှစ်ဆိုရင် တစ်လစီ အပြည့်ယူပါတယ် ... စလုံးထုံးစံပါ)
ဒါနဲ့ ပန်ကို ဖုံးခေါ်ပြီး ညှိကြတော့ ၂၃၀၀ ပေးမယ် ဖြစ်သွားတယ်။ ပန်က စကားပြောတာလဲ အေးအေးလေး။ ဝတ်တာ၊ စားတာလဲ ကုလားရိုးရာ ဆာရီတော့ မဟုတ်ဘူးဗျ။ မဂိုကုလားမတွေ ဝတ်တဲ့ ဘောင်းဘီပွပွရှည်ရှည်နဲ့။ တပတ်ကလေး လည်ပင်းပတ်လို့ နေပုံထိုင်ပုံ အင်မတန် ရိုးအေးပါတယ်။ တကယ့် အိမ်ရှင်မစတိုင်၊ အိမ်ကို ကောင်းမွန်စွာ ထားမယ်ဆိုတာ သိနေတော့ မဆွိတီ သူတို့ မိသားစု ၃ယောက်ကိုတော့ တကယ် သဘောကျပါတယ်။ ဒါနဲ့ ဈေးညှိတဲ့ကိစ္စ၂ဦး၂ဖက်ပြေလည်ပြန်တော့ ပန်က deposit ကို ခုမပေးနိူင်သေးဘူးတဲ့ဗျား။ ထုံးစံက သဘောကျပြီဆို deposit တစ်လစာပေး စာချုပ်ချုပ်ကြပေါ့။ သူ့ယောက်ျားက အော်ဇီကို ခရီးထွက်နေလို့ ပြန်လာမှပဲ deposit ပေးမယ်တဲ့ဗျာ။ နောက်တစ်ပတ်စောင့်ရမှာပေါ့။
အေးဂျင့်ကောင်လေးကတော့ အစ်မ မယုံနဲ့တဲ့ ။ သူတို့လဲ အဲလိုကြုံဘူးတယ်။ နောက်ပ်ိုင်း ယောက်ျား ပြန်လာတော့ ယောက်ျားက မကြိုက်ရင် အစ်မတို့ ပဲနင့်နာမှာတဲ့။ ရအောင် လက်မှတ်ထိုးခိုင်းဆို ဟိုကလဲ ဘယ်လိုမှ ပြောလို့မရဘူး။ ၂၃၀၀ ပေးစရာမလိုဘူး၊ သေချာချင်လို့ ၊ စတိ ၅၀၀ လောက်နဲ့ပဲ လက်မှတ်ထိုးပါဆိုတာကို ပြောမရတာဗျာ။ ကိုယ်ကလဲ သူ့ကို သဘောကျနေတော့ ကြံရာမရ၊ နင်အိမ်ကို တကယ်ယူမယ်၊ ၂၃၀၀ ပေးမယ်ဆို ငါ အိမ်ကို view လုပ်တာ ရပ်လိုက်တော့မယ်၊ SMS နဲ့ ကတိပေး၊ ၂၃၀၀ နဲ့ ယူပါမယ်၊ ယောက်ျားလာလဲ စိတ်မပြောင်းပါဘူးဆိုတာ ဆိုတော့ တကယ်ကို SMS ပို့တယ်ဗျာ။
နေ့ခင်းကျတော့ ပန်ကလဲ သူအပိုင်ပေါ့၊ ဒီအိမ်ကို သူရပြီးနေပြီဆိုပြီး ညနေအိမ်ထပ်လာခဲ့မယ် လုပ်ပါလေရော။ ထားခဲ့မဲ့ ပရိဘောဂတွေ လာကြည့်မယ်ဆိုတော့ မဆွိတီကလဲ ဘာရယ်မဟုတ် လာကြည့်ပေါ့။ အိမ်ပဲ့ပါသွားတာမှ မဟုတ်တာကို။ ဒီကြားထဲ အေးဂျင့်တွေကလဲ ကိုယ်တွေက ဖိအားပေးထားတော့ ပန် မိသားစုကို ယုံပြီး မစောင့်နိူင်ဘူး။ deposit မပေးပဲနဲ့ စောင့်တာ ထုံးစံမရှိဘူး။ လုပ်စရာရှိတာ ဆက်လုပ်မယ်ဆိုပြီး ညကျ open house လုပ်မယ်။ အိမ်ငှါး အဖွဲ့၈ဖွဲ့ လာကြည့်မယ်ဆို ချိန်းပါလေရော။
အေးဂျင့်တွေကလဲ ကတိဖျက်ရင် သူတို့ တာဝန်မယူနိူင်ဘူးဆို အိမ်ကို လူ ၈ဖွဲ့တောင် ညကျရင် လာကြည့်တော့မယ်။ အဲဒီထဲကမှ ကြိုက်တာတွေ့ရင် ဈေးကောင်းရရင် ထပ်ရွေးပါတဲ့ဗျား။ ကိုယ်ကလဲ ပန်ကို လာခဲ့လို့ ပြောပြီးနေပြီ။ အိမ်ကိုလဲ view တာ ရပ်လိုက်ပြီလို့ ကတိကပေးပြီးသွားပြီ။ ညနေကျ ပန်နဲ့ အိမ်ကြည့်တဲ့သူတွေ ဘာဖြစ်ကြဦးမလဲ ငွေရောင် ပိတ်ကား ... အဲလေ ငွေရောင်ဘလော့ဂ် စာမျက်နှာပေါ်မှာ ဆက်ကြည့်ကြပါကုန်။
(ရေးရတာလဲ အတော်ညောင်းသွားပြီ။ ညနေ ဂျူဂျူးနဲ့ မဆွိတီတို့ မိသားစု စွယ်တော်ရိပ် သင်္ကြံန်ပွဲ သွားကြည့်ကြပါမယ် ဆိုတဲ့ အကြောင်း ကြော်ငြာဝင်ပါတယ်)