Monday, October 10, 2011

အလုပ်ထဲမှ အမှားများ


အန်တီဆွိ အလုပ်နဲ့ ပတ်သတ်လို့ ရေးခဲပါတယ်။ ဒီပို့စ်လေးကတော့ ရုံးမှာ ပြသနာလေးတစ်ခုက သင်္ခန်းစာ ယူစရာလေးရှိလို့ ရေးဖူးတာလေး ပြန်ရှယ်ပေးလိုက်တာပါ။

မဆွိတီတို့ရုံးမှာ ခုလောလောဆည် Industrial PDA တွေ ဒီဇိုင်းလုပ်တယ်။ ကိုယ်က ပရောဂျက်တစ်ခုမှာ Mechanical  ဒီဇိုင်းအတွက် တာဝန်ယူရတယ်။ အခုလောလောဆယ် ပထမစမ်းထုတ်အဆင့် (Alpha Build) အတွက်ပြင်ဆင်နေရတဲ့ အချိန်။ ဒီ့အရင် Prototype (အစမ်းထုတ်) ကတော့ လွန်ခဲ့တဲ့ ၂လလောက်ကပဲ ပြီးသွားပြီးဖြစ်လို့ အမှား ပြင်စရာလေးတွေရှိတာလဲ ပြင်ပြီးသွားပါပြီ။

မြင်ဘူးကြမှာပါ။ PDA ပဲဖြစ်ဖြစ် Hand Phone ပဲဖြစ်ဖြစ် Key လေးတွေရဲ့ ပတ်ပတ်လည်မှာ back light လို့ခေါ်တဲ့ အလင်းရောင်လေးတွေ ဖြစ်အောင် နောက်ကနေ LED တွေ အများကြီးနဲ့ ထွန်းပေးထားရတာ။  အမှောင်ထဲမှာလဲ Key လေးတွေကို ခွဲမြင်နိုင်အောင်လို့။ ဒီဇိုင်းလုပ်ကထဲက တမင်လုပ်ထားလေ့ရှိကြတယ်။ တစ်ချို့ဒီဇိုင်းတွေကလဲ အဲလိုဖြစ်ဖို့ မလိုအပ်ဘူးပေါ့။

လွန်ခဲ့တဲ့ တနင်္လာနေ့ကပေါ့။ ကိုယ့်ကို အ၀ယ်ဋ္ဌာနက ကောင်မလေးက လာပြောတယ်။ မနက်က Keypad လုပ်တဲ့ vendor  လာသွားသတဲ့။ ကိုယ်ကသူ့နဲ့ တွေ့ဖို့ ပြောထားတာဆိုတော့ ကိုယ်နဲ့ မတွေ့ပဲ ဘယ်သူနဲ့များတွေ့ပြီး ပြန်သွားလဲမေးတော့ Quality ဋ္ဌာနက အင်ဂျင်နီယာနဲ့ဆိုပဲ။ အဲဒီ QE (Quality Engineer) က ဒီပရောဂျက်အတွက် အရည်အသွေးဆိုင်ရာ အထူးတာဝန်ယူရသူပေါ့။

ဒါနဲ့ကိုယ်ကလဲ အဲဒီအင်ဂျင်နီယာကို သွားတွေ့ပြီး ဘာကိစ္စအတွက် Vendor ကို တွေ့တာလဲ မေးတော့ သူက keypad rSm light leakage (အလင်းတွေ အပြင်ကို ယိုစိမ့်ထွက်)နေလို့ နောက်ကခံပြီး ကာဖို့အတွက် အနက်ရောင် ဖလင်ပြားတစ်ခု လုပ်ပေးဖို့ ပြောလိုက်တယ်ဆိုပဲ။ အဲသမှာကိုယ် အတော်စိတ်တိုသွားတယ်။ သူပြောတဲ့ အကြောင်းအရာ ပြဿနာထက် ကိုယ်လုပ်ထားတဲ့ ဒီဇိုင်းကို ဘာမသိ၊ ညာမသိ၊ ဘုမသိ ဘမသိနဲ့  ဖလင်ပြားတစ်ခု ထပ်ခံဖို့ဆိုတော့လေ။ ကိုယ်ပြောလိုက်တယ်။ အဲဒီ Keypad  ဒီဇိုင်းမှာ ဘာပစ္စည်းမှ ထပ်ထည့်လို့မရတော့ဘူး။ 0.01mm ရှိတဲ့ ပစ္စည်းတောင် ထပ်ထည့်လို့မရဘူး။ အဲလိုထပ်ထည့်ချင်ရင် အခုလို လက်လွတ်စပယ် လုပ်လို့မရဘူး။ အကုန်လုံးပြန်စစ်ဆေး လိုအပ်တဲ့ ပြင်ဆင်မှုတွေ အများကြီးလုပ်ရမယ်ဆို၊ ကိုယ်စကားဆုံးအောင်တောင် မစောင့်ဘူး။ ဒါက သူစမ်းသပ်ကြည့်ချင်တာလေး သတ်သတ်ပါ။ အခုလောလောဆယ်လည်း လုပ်ဖို့ မဟုတ်ပါဘူးဆိုတော့ ကိုယ်လဲ လေကုန်ခံပြီး ထပ်ပြောမနေတော့ဘူးပေါ့။

ဟိုနေ့က ခွင့်တရက်ယူပြီး ရုံးပြန်တက်တဲ့နေ့ ပြသနာက ဆီးကြိုနေပါပြီ။ ကိုယ့်ကို Project Manager (ပြင်သစ်လူမျိုး ) အဖြူက လာမေးတယ်။  QE စမ်းသပ်ထားတဲ့ light leakage  အလင်းယိုစိမ့်ထွက်တာ ကာကွယ်ပေးတဲ့ ဖလင် ဒီဇိုင်းနဲ့ ပတ်သတ်ပြီး ဘာတွေ လုပ်ထားလဲတဲ့။ ဒီ Alpha Build အတွက် ပြင်ဆင်မှုတွေ အကုန်လုပ်ပြီးပလားတဲ့။  ပြောရရင် ကိုယ်တို့ရုံးမှာလဲ politics တွေက အများကြီး ။ သူတို့ ပရောဂျက်ဋ္ဌာနနဲ့ ကိုယ်တို့ ME ဋ္ဌာနက မန်နေဂျာအချင်းချင်း ချိတ်ကလေးတွေ ငြိထားတာရှိလေတော့  သူတို့က အစကတည်းက ပြဿနာ ရှာချင်နေတာ။

ကိုယ်တောင်ဘာမှမမှားပဲနဲ့ ကိုယ့်ကို လေသံမာမာနဲ့ လာမေးနေတော့ ကိုယ်ကလဲ အမြင်ကပ်ကပ်ရှိလှနဲ့ ဘာမှလုပ်မထားဘူး။ အဲဒီအတွက် ဘာမှ မစဉ်းစားရသေးဘူးလို့ အမှန်အတိုင်း ဘုတောလိုက်တယ်။ ဒီတော့ အဲဒီအဖြူက ကိုယ့်မန်နေဂျာရယ်၊ ကိုယ်ရယ်၊ Optical အင်ဂျင်နီယာရယ်၊ QE နဲ့ သူ့မန်နေဂျာကို ခေါ်ပြီး အစည်းအဝေးခေါ် မေးပါလေရော။ အဲဒီတော့မှ ဖြစ်ကြောင်းရယ်တဲ့ကုန်စင် သိလိုက်ရတာက အဲဒီ QE ဟာ နားမလည် ပါးမလည်၊ ဘယ်သူ့ကိုမှလဲ မတိုင်ပင်၊ အရင်က history တွေကိုလဲမသိဘဲ သူ့ဟာသူအထင်နဲ့ ကျိတ်လုပ်နေတာ။ ဒီဇိုင်းက တမင်ကို Key တွေ ပတ်ပတ်လည်မှာ လင်းနေအောင် လုပ်ထားတာကို Light leakage ဆိုပြီး သူ့ဟာသူ အနက်ရောင်ဖလင်ပြားခံ၊ ပြီးတော့ Marketing က မန်နေဂျာကို သွားပြတယ်။ အဲဒီကတဆင့် အဲဒီစမ်းသပ်ထားတဲ့ PDA ဟာ ဒါရိုက်တာတွေလက်ထဲ ရောက်သွားတယ်။ အထက်ကလူတွေကလဲ သေချာမသိပဲနဲ့ ကောင်းတယ်။ တိုးတက်လာတယ် ဘာညာတွေဖြစ်ပြီး ကိုယ်တို့ သေချာလုပ်ထားတဲ့ ဒီဇိုင်းဟာ တမင် မဟုတ်ပဲနဲ့ တကယ်ကို Light leakage ဖြစ်တဲ့ မှားနေတဲ့ ဒီဇိုင်းကြီးဖြစ်မှန်းမသိ ဖြစ်သွားပါလေရောဗျာ။

ကိုယ်တွေက အဲဒီအဖြူကို သေချာပြောပြ၊ ရှင်းပြပေမဲ့ သူက အစထဲက အညှိုးရှိသူဆိုတော့ သူ့ E ကောင်းကောင်းနဲ့ ငါ့စကားနွားရ တွေပြောပြီး ဘယ်လိုမှကို ရှင်းလို့ မရနိုင်ခဲ့ဘူး။ ကိုယ့်ဘက်ကို မလိုက်ခဲ့ဘူး။ ကိုယ်တို့ကအရင် prototype  မော်ဒယ်ကို customer ဆီ ပို့ခဲ့ပေမဲ့ အဲဒီ ကိစ္စနဲ့ပတ်သတ်ပြီး ဘာမှ မှတ်ချက်မပေးခဲ့ဘူး။  ပရောဂျက်က မပြီးသေးတော့ Product spec ထဲမှာလဲ အဲဒီကိစ္စကို သေချာ မရေးထားဘူး။ ပါးစပ်နဲ့ပဲ  ပြောဖူးတာ။ ပြသနာက Marketing မန်နေဂျာ ကိုယ်တိုင်က light leakage ဖြစ်နေတယ်ပဲပြောနေတယ်။

အဲဒီ ဒီဇိုင်း က Light leakage မဟုတ်ဘူး။ ဒီဇိုင်းကိုက ဒီအတိုင်းပဲဆို အတိုက်အခံ ငြင်းပေမဲ့ သူက Marketing ဆိုတာ internal customer ပဲ။ သူပြောတာ နားထောင်ရမယ် ဆိုပြီး ပြောတယ်။ ကိုယ့်မန်နေဂျာကလဲ အတော်စိတ်ညစ်နေပြီး ဘာမှဝင်မပြောတော့တာနဲ့ နောက်ဆုံး အငြင်းအခုန်ကို ရပ်လိုက်တယ်။ နောက်တော့ ကိုယ့်မန်နေဂျာကိုလဲ R&D က division manager  က ခေါ်ဆူပြီး လိုအပ်တဲ့ပြင်ဆင်မှုတွေကို ၂၄ နာရီ အတွင်းပြီးအောင် လုပ်ဖို့ မှာကြားလိုက်ပါလေရော။

ကိုယ်တို့မန်နေဂျာပြောတဲ့အတိုင်း Alpha Build အတွက် Customer ကို ပြဖို့လောက်ပဲ PDA ၃-၄ ခုစာလောက်အတွက် ဒီဇိုင်းကို စဉ်းစားကြရတော့တယ်။ ကိုယ်တို့ ME  တွေအားလုံးခေါ် brain storm section လေးလုပ်ရင်း ရလာတဲ့ အကြံဥာဏ်လေးအတိုင်း ဒီဇိုင်းလုပ်ပြီး လိုအပ်တာတွေကို Keypad vendor  ကိုမှာပြီး အဲဒီနေ့ပဲ ကမန်းကတန်းပြီးအောင် ဒီဇိုင်းလုပ်လိုက်ရတယ်။ လူလဲ အတော်မောသွားတယ်။ ကျေလဲ မကျေနပ်ဘူးပေါ့။

နောက်တစ်နေ့ စောစောစီးစီး ရုံးရောက် email လေးဖွင့်ဖတ်လိုက်တော့ တွေ့ပါပြီ။ Marketing manager ဆီက email ။ သူတို့ မနေ့ညက customer  နဲ့ tele conference လုပ်တော့ customer ကပြောပါသတဲ့။ prototype  တုံးက သူတို့ မှတ်မိပါသတဲ့။ Key တွေ ပတ်ပတ်လည်က အလင်းရောင်လေးတွေ လင်းနေတာ design  intent သာဖြစ်ပါကြောင်း၊ အဲဒီ ဒီဇိုင်းအတိုင်းလိုချင်တာသာ ဖြစ်ပါကြောင်း။

နောက်ဆုံးတော့ အဖြေက ကိုယ် Project Manager ကို ပြောခဲ့တာနဲ့ ထပ်တူထပ်မျှပါပဲ။ ဒီတော့ အဲဒီ ကိစ္စက totally false alarm ဖြစ်တယ်ဆိုတာ ဒါရိုက်တာတွေပါ သိသွားပြီး ပြသနာကတော့ ပြီးသွားပါတယ်။ ဒါပေမဲ့  ဒီပြဿနာမှာ အများဆုံး suffer ဖြစ်ရတာက ကိုယ်နဲ့ optical အင်ဂျင်နီယာရယ်၊ ကိုယ့်မန်နေဂျာရယ်။

ဒီမှာသင်ခန်းစာယူစရာတွေ အများကြီး။

ပထမအပြစ်က QE အင်ဂျင်နီယာ။ သူ့ကို အခုစလုံးမှာပြောနေသလို ပြောရရင် သူဟာ ကေပို ပါ။ ကေပိုဆိုတာ တရုတ်လို ကိုယ့်အလုပ်ကိုယ် မလုပ်ပဲ သူများအလုပ်ကို ဘုမသိ ဘမသိ ၀င်လျှာရှည်ချင်တာ။ နောက် သူလုပ်ပြတဲ့အရာက ok သွားရင် သူ ဒီပြဿနာကို ဖြေရှင်းပေးလိုက်တယ်ဆိုပြီး နာမည်ကောင်းလိုချင်တာက အဓိကပါ။ သူဟာ အရင်ထဲက ရုံးမှာ ဒီလိုနာမည်ရထားသူပါ။ သူသာ ကေပို မလုပ်ရင် ဒီပြဿနာ ဖြစ်စရာကို အကြောင်းမရှိပါဘူး။ ဒါကြောင့် ကိုယ်နားမလည်ရင် ကိုယ့်အပိုင်းမဟုတ်ရင် ၀င်မလုပ်တာ အကောင်းဆုံး။ ၀င်လုပ်ရင်တောင်  အရင် history တွေကို လေ့လာထားရမယ် ။ နားလည်ထားရမယ်။ တာဝန်ရှိသူနဲ့ တိုင်ပင်ရမယ်။

ဒုတိယက marketing ဋ္ဌာနက မန်နေဂျာနဲ့ project  မန်နေဂျာ။ QE က ပြုပြင်ထားတဲ့ Keypad  နဲ့ PDA လေးပြလိုက်တာနဲ့ သူတို့စိတ်ထဲမှာ ဒီပြင်ထားတာက ပိုကောင်းတယ်။ အရင်ဒီဇိုင်းကြီးက အမှားကြီးလို့ ထင်သွားတယ်။ သူတို့ဆီမှာ customer  ဆီက feedback တွေ ရှိပါရက်နဲ့ အရင် ဒီဇိုင်းကို မှားနေတယ်လို့ သူတို့ဟာသူတို့ ထင်ယောင်ထင်မှားဖြစ်နေရာကနေ တကယ်ကို မှားသလိုလိုလုပ်ပြီး ဒီဇိုင်းအသစ်အတွက် ပြင်ဆင်မှုတွေ လုပ်ခိုင်းခဲ့တယ်။ ဒီလိုကိစ္စမျိုးမှာ မှားတာဟာ သူ့တို့အနေနဲ့တော့ မသိဘူး။ ကိုယ်သာသူ့နေရာမှာဆို အင်မတန်ရှက်မိမှာ။ သူ့အလုပ်ကိုသူ သေချာမကျွမ်းကျင်ဘူး ဆိုတဲ့သဘောပဲ။ ကိုယ်လုပ်တဲ့အလုပ်ကို ၀ိုးတိုးဝါးတား ထင်ယောင်ထင်မှား ဖြစ်မနေသင့်ဘူး။

တတိယက ကိုယ့်အပြစ်။ QE က အခုလို ကိုယ့်ကို ကျော်ပြီး ဒီဇိုင်းလုပ်နေတာကို သေချာမတားနိုင်ခဲ့ဘူး။ ကိုယ်မနိုင်ရင် ကိုယ့်အထက်အရာရှိကို ပြောရမှာကိုလည်း မပြောခဲ့ဘူး။ နောက်တစ်ခုက ကိုယ်တို့ဋ္ဌာနက လူတွေရဲ့ စကားစစ်ထိုးရာမှာ ချက်ကျကျနဲ့ နိုင်အောင် ပြန်မပြောနိုင်တာ။ ထစ်ကနဲရှိ စိတ်ကို မထိမ်းနိုင်ခဲ့ပဲ ကောင်းကောင်းမွန်မွန်မရှင်းပြပဲနဲ့ စိတ်တွေတိုနေခဲ့ကြတဲ့ အပြစ်တွေ။ ကိုယ်သာအစကထဲက ဘုမတောပဲ ကောင်းကောင်းမွန်မွန်ပြောခဲ့ရင် project မန်နေဂျာက ကိုယ့်ဘက်က နည်းနည်းလောက်တော့ ငဲ့ ကြည့်ပေးမယ်၊ စဉ်းစားပေးမယ်လို့ ထင်တယ်လေ။ (မကောင်းတဲ့ အချက်က အန်တီဆွိဟာ အပြင်မှာ သဘောကောင်းသလောက် အလုပ်ထဲမှာ အင်မတန် စွာပါတယ်ခင်ညာ)

(အဲဒီ product လေး launch လုပ်ခဲ့တာ ကြာပါပြီ။ XG100 ဆို Google လိုက်ရင်  ထွက်လာမှာပါ။ အဲဒီ Product နဲ့ အန်တီဆွိလဲ patent တစ်ခု ရခဲ့ပါတယ်။ အရင်က Motorola /Symbol အတွက် Industrial PDA တွေ ဒီဇိုင်းလုပ်ခဲ့ပြီး ခု Janam ဆိုတာကလဲ Motorola ပြုတ်ပြီး အဲဒီက director တစ်ချို့ ပြန်ထောင်ထားတဲ့ ကုမဏီပါ။ US ကုမဏီတွေပါ။ စလုံးက R&D မှာ ဒီဇိုင်းလုပ်ပါတယ်။ )

မဆွိတီတို့ ME group  ခရစ်စမတ် ညစာစားပွဲ တစ်ခုမှာ အမှတ်တရ ရိုက်ထားတာ ဖြစ်ပါတယ်။

21 comments:

  1. ဟင်း . . .အတွေ့အကြုံ . . အတွေ့အကြုံ. . .
    အဖိုးတန်တွေပါပဲ။

    ReplyDelete
  2. good experience. thanks

    ReplyDelete
  3. တီဆွိ အော်ဇီမှလည်း အလုပ်လုပ်ပါအုံး အရည်အချင်းတွေ နှမြောစာကောင်းတယ်

    ReplyDelete
  4. မဆွိစိတ်တိုမယ်ဆိုလဲတိုစရာဘဲ‌လေ..ဘယ့်နှယ်ကိုယ့်‌နေရာကိုယ်မ‌နေ
    ဘဲနာမည်‌ကောင်းလိုချင်တဲ့သူ‌..‌နောက်ဆုံး‌တော့အရှက်ကွဲတာဘဲမှလား..
    အဲဒီလိုလူမျိုး‌တွေ‌နေရာတိုင်းမှာရှိပါ့..။

    ReplyDelete
  5. တို့များတုန်းကလည်း Sales နဲ့ Service ကြား ဓားစာခံကြီး လုံးလုံးဖြစ်ခဲ့တာပါ...။ စိတ်နာလို့ အလုပ်ထွက်ပြီး... Sonata Cantata ဘလော့ဂ် ထောင်ပလိုက်တယ် မှတ်ကရော... :)

    ReplyDelete
  6. အဲ့ဒီလို စိတ်တိုတာမျိုးတော့ တိုထိုက်တယ်..။
    လုပ်ငန်းခွင်မှာ အဲ့လိုလူမျိုးတွေနဲ့ တွေ့ကြုံရတာ အရမ်းအာရုံနောက်တယ်။
    အစ်မဆွိကို အိမ်ရှင်မထင်နေတာ.. အခုလို သိလိုက်ရတော့ အလုပ်တဘက်နဲ့ စာတွေ ရေးနိုင်တာ.. အိမ်ရှင်မပီသတာ သဘောကျမိတယ်..။ :)

    ReplyDelete
  7. မြသွေးရေ အလုပ်က ထွက်လိုက်ပြီလေ။ အရင်က စလုံးမှာတော့ ၁၀နှစ်လောက် လုပ်ခဲ့ပါတယ်။ အိမ်ရှင်မပီသတယ်ဆိုတာတော့ ထင်သလောက် မဟုတ်ပါဘူးဂျာ။ အပြင်ကလူတွေသိရင် ရယ်နေဦးမယ်။

    မသီတာကတော့ ရယ်ရတယ်။ အစ်မလိုပဲ ခုတော့ TTSweet မှာ စာတွေရေးနေတယ်လေ။ ပေါက်ကရ အစုံပဲ။ ဘယ်ရမလဲ ဟဲ .ဟဲး)

    စုစုရေ Retrench လုပ်တော့ သူလဲ ပါသွားတယ်။ အလုပ်ကိစ္စအပြင် အပြင်မှာတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဆိုတော့ သူပြုတ်တော့လဲ စိတ်မကောင်းဖြစ်ရတာပါပဲ။ ဟို "အန်တီဆွိနှင့် Recession phobias " ဆိုတဲ့ ထဲမှာ သူ့အကြောင်းတောင် တစွန်းတစပါသေးတယ်လေ။ "သူ့အလုပ်ကို serious ထားလွန်းရာ၊ တခြားဋ္ဌာနမှ လူများနှင့်မကြာခဏ ပြသနာတက်တတ်ပါသည်။ ယခုသူ့နာမည် စာရင်းထဲပါရာ သူသည် မယုံနိုင်အောင်ဖြစ်နေသည်။" ဆိုတာ သူ့ကို ပြောတာပါ။

    ဗစ်စတာ သမီးတစ်ဖက်နဲ့ အလုပ်ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတယ်။ သမီးကို daycare (after school)ပို့လို့ရရင်တော့ ပတ်တိုင်းလောက်ဖြစ်ဖြစ် လုပ်မလား စဉ်းစားနေတယ်။ အလုပ်ကတော့ အဲလို stress များတဲ့ အလုပ်တွေ မလုပ်ချင်တော့ဘူး။ အတွေ့အကြုံတွေတော့ နှမြောပါတယ်။ စဉ်းစားနေပါတယ်။

    ကိုဇော်၊ အနောနိမတ်စ် ကျေးဇူး။ လုပ်သက် ၁၀နှစ်ကျော်အတွင်း အတွေ့အကြုံတွေ အမျိုးမျိုးပါပဲ။ ဖတ်ချင်တယ်ဆို ဆက်ရှယ်ချင်ပါသေးတယ်။ အန်တီဆွိကတော့ ဇွတ် ပဲနော်...း)

    ReplyDelete
  8. အလုပ်အတွေ့အကြုံဖတ်ရတာ အဖိုးတန်လိုက်တာ။
    ဖိအားများတာတော့ ဟုတ်မယ်နော်။
    စိတ်ဝင်တစား ဖတ်သွားပါတယ်။
    အလုပ်အတွေ့အကြုံတွေ ထပ်မျှပါဦး ဖတ်ချင်တယ်။
    ကျေးဇူးအများကြီး

    ReplyDelete
  9. Ever waiting for sharing your experience post and
    the most morden post of Ma Thida :D....I like her last sentence.I can't say even like that after quitting my job long time ago.Just labeled eain shin ma and tha myar shin:(
    Gyidaw

    ReplyDelete
  10. စွိတီရေ ငွေပေးပြီးဝယ်လို့မရတဲ့ အတွေ့အကြုံရဲ့ တန်ဘိုးကို အလုပ်လုပ်သူတိုင်း နားလည်လာကြတယ်နော်။
    အလုပ်ထဲမှာ အမှားနဲ့ကင်းတဲ့သူဆိုတာ မရှိသလောက်ပါပဲလေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  11. ကိုယ်မှန်တယ်ထင်ရင် မလျှော့ချင်တဲ့စိတ်..နဲ့ မစံပယ်လည်း အလုပ်ထဲမှာ လူတွေနဲ့ အဆင်မှပြေပါ့မလား မသိဘူး ခညာ..။

    ReplyDelete
  12. လုပ်ငန်းခွင်အတွေ့အကြုံကတော့ ပြောမဆုံးပေါင် တောသုံးတောင် ပါဘဲနော်။
    လုပ်ငန်းသက်တမ်းတစ်လျှောက်လုံးမှာ တွဲခေါ်သူလဲရှိရဲ့ ဆီးကန်သူလည်းရှိရဲ့
    သွားနေရင်း ခြေထိုးခံသူလဲရှိရဲ့
    အိုး စုံလို့ပါဘဲ။
    ဒါတွေကို သင်္ခန်းစာယူပြီး ကိုယ့်အလှည့်မှာ သူများကို ခြေထိုးမခံဖို့ လက်တွဲခေါ်နိုင်ဖို့ ကြိုးစားရမှာနော်
    မဆွိတီရဲ့ အတွေ့အကြုံတွေက စိတ်ဝင်စားဖို့ကောင်းတယ်

    ReplyDelete
  13. အလုပ်ထဲမှာတော့ စွာနိုင်မှ တော်ရုံကျတယ်... :D :D
    စွာတာတွေ အိမ်အထိ ပါ ပါလာလို့  ကိုကြီးကတော့ တဖြည်းဖြည်း အပြောဆိုးလာတယ် လို့  ပြောတာပဲ... :D :D

    ReplyDelete
  14. ‘ကိုယ့်အထက်အရာရှိကို ပြောရမှာကိုလည်း မပြောခဲ့ဘူး။’
    ကိုယ်မှန်တယ်ထင်ရင်ဖြစ်စေ မှားတယ်ထင်ရင်ဖြစ်စေ သတင်းပို့ထားတာ အရမ်းအရေးကြီးပါတယ်၊
    Legal ကိစ္စဝင်လာရင် အကာအကွယ်လည်းပေးပါတယ်။

    ReplyDelete
  15. အလုပ်တွေတိုင်းရဲ့ ရိုးမသွားနိင်မယ့် ပြဿနာတွေပေါ့။
    နာမည်လိုချင်လို့ အပေါ်ယံနှမ်းဖြူးတဲ့သူတွေကို သိပ်အမြင်ကပ်သဗျာ။

    ReplyDelete
  16. တီတီဆွိ အလုပ်အကြောင်းတွေ ထပ်ရေးပါဦးဗျို့  ..ဗဟုသုတ တိုးတယ်...

    ReplyDelete
  17. တတိယက ကိုယ့်အပြစ်။ QE က အခုလို ကိုယ့်ကို ကျော်ပြီး ဒီဇိုင်းလုပ်နေတာကို သေချာမတားနိုင်ခဲ့ဘူး။ ကိုယ်မနိုင်ရင် ကိုယ့်အထက်အရာရှိကို ပြောရမှာကိုလည်း မပြောခဲ့ဘူး။ နောက်တစ်ခုက ကိုယ်တို့ဋ္ဌာနက လူတွေရဲ့ စကားစစ်ထိုးရာမှာ ချက်ကျကျနဲ့ နိုင်အောင် ပြန်မပြောနိုင်တာ။ ထစ်ကနဲရှိ စိတ်ကို မထိမ်းနိုင်ခဲ့ပဲ ကောင်းကောင်းမွန်မွန်မရှင်းပြပဲနဲ့ စိတ်တွေတိုနေခဲ့ကြတဲ့ အပြစ်တွေ


    I think most of the Burmese have this issue of solving problems including me

    ReplyDelete
  18. (အဲဒီ product လေး lounge လုပ်ခဲ့တာ ကြာပါပြီ။)

    Is it launched ???

    ReplyDelete
  19. yes, u are right. Thanks for correction.

    ReplyDelete
  20. အတွေ့အကြုံ များ မျော်လင့် နေပါသေး သည် မမဆွိ

    ပုံ
    စွာတေးလန်တစ်ဦး :)

    ReplyDelete
  21. i like your sharing experiences

    ReplyDelete