Wednesday, October 12, 2011

ဂျူဂျူးနှင့် အလိုလိုက်ခြင်း



" သမီးရေ ... ဒီကြက်ဥပြုတ်လေး စားလိုက်နော် ... ရော့ ... ရော့ ... အမေ ခွံ့ကျွေးမယ် ... "

"ဟင့်အင်း ..."

" အဲဒါမကြိုက်ရင် ... ဒီမှာကြက်သားကြော်လေး ... ထမင်းပူပူလေးနဲ့ စားလိုက်ပါလား ... သမီးရယ် ... အမေဇွန်းလေးနဲ ခွံ့ကျွေးမယ်လေ .... စားမလား ... "

" မစားချင်ပါဘူးဆို ... "

" ဒါဆို ... မုန့်ဟင်းခါးပူပူလေး စားမလား ... အမေမနက်ကမှ ဦးကျားတို့ ဆိုင်က သွားဝယ်ထားတာ ... စားလိုက်နော် သမီး ... စာမေးပွဲတွင်းကြီး အားမရှိပဲနေလိမ့်မယ် ... "

" တကယ်မစားချင်လို့ပါဆိုနေမှပဲ ... အမေကလဲဗျာ ... အမေလုပ်တာနဲ့ စာကြည့်လို့ မရတော့ဘူး ... "

အထက်ပါ စကားသံများမှာကား မဆွိတီငယ်ငယ်က စာမေးပွဲဖြေတိုင်း ကြားနေကျ အမေနှင့်သမီးကြား စကားသံများဖြစ်ပါသည်။ မဆွိတီတို့ အမေဖက်မှ အမျိုးများသည် သားသမီးအလွန်အလိုလိုက်ကြသည်။ အထူးသဖြင့်  ကျောင်းစာ ပညာရေးနှင့် ပတ်သတ်လျှင်။ ကျောင်းမှာအဆင့်ကောင်းကောင်းရဖို့။ ၁၀တန်းမှာ လိုင်းကောင်းကောင်းရဖို့။ စာလုပ်နေရင်ပြီးရော။ ကျန်တာတွေ အကုန်လုပ်ပေးသည်။ တတ်နိုင်သမျှ အလိုလိုက်ကြသည်။ ခလေးများကလည်း ဒါကိုအခွင့်ကောင်းယူကာ မိဘကို မညှာကြ။ မဆွိတီကိုယ်တိုင်ပင် အဆောင်နေမှ တော်တော်သိတတ်လာခြင်းဖြစ်လေသည်။

အမေ့တွင် မွေးချင်းညီမ မရှိ။ ညီမ၀မ်းကွဲများကို အရင်းတွေလို သဘောထားသည်။ ထိုညီမ၀မ်းကွဲတွေမှာလဲ အမေ့ညီမတွေလို့ မပြောရ၊ သားသမီးအလိုလိုက်လွန်းသည်ဟု စိတ်တွင်ထင်နေသည်။ ထင်စရာသာဓကများလည်း ရှိခဲ့သည်ကိုး။

တစ်ခါက မဆွိတီတို့အိမ်သို့ ဆေးကုရန် အမေ့ ၀မ်းကွဲညီမအကြီး၊ ၁၀တန်းအောင်ပြီးစသမီးနှင့်အတူ အိမ်မှာလာတည်းသည်။ ခလေးမလေးကရုပ်ကလေးက ချောချောလေး၊ စာလေးလဲ တော်ပါသည်။ သူတို့အိမ် အရင်က အလည်ရောက်ဖူးသည်မို့ ဒီကလေးမ အလိုလိုက်ခံရမှန်း သိပြီးသားပါ။ သို့ပေမဲ့ဒီတစ်ခေါက်တော့ အတော်ဆိုးသည်။ သူများအိမ်တွင် ဧည့်သည်လုပ်သူက မနက် ၁၀နာရီကျော်မှ အိပ်ရာထသည်။ အမေနှလုံးရောဂါသည်က သမီး ဝေယာဝစ္စအကုန် လုပ်ပေးနေရသည်။ သမီးစားဖို့ မုန့်ဟင်းခါးကို လမ်းထိပ်မှာ သွားဝယ်ပေးသည်။ စားပြီးသားပန်းကန်ကို ဆေးပေးသည်။ သင်္ကြန်တွင်းမှို့ ရန်ကုန်သင်္ကြန် လည်ချင်သည်ဆိုကာ အဖော်မရှိ၍ အမေကို အတင်းခေါ် သည်။ အမေရောဂါသည်ကလည်း သမီးစိတ်ချမ်းသာရင်ပြီးရော ... သမီးနှင့် သင်္ကြန်လိုက်လည်ပေးလေသည်။ သားအမိ၂ယောက် ရန်ကုန် သင်္ကြန်ကို ဘတ်စ်ကားနှင့် လည်ကြသည်။ အပြန်တွင် ဆေးလာကုသည့်အမေမှာ ရွှဲရွှဲစိုကာ ပြန်လာရသည်။

တစ်ခါကလည်း မဆွိတီ အမေတို့ရွာ အလည်သွားစဉ်ကဖြစ်သည်။ ဒါကတော့ နောက်ဝမ်းကွဲတစ်ယောက်ရဲ့သမီး၊ ၈တန်းကျောင်းသူ။ မဆွိတီတို့ အမေတို့ရွာမှ သူတို့နေသည့်မြို့သို့ အတူပြန်ကြခြင်းဖြစ်သည်။ ရွာမှ မြို့ကို တစ်မိုင်လောက်လမ်းလျောက်ရသည်။ မဆွိတီကလည်း ကိုယ့်အထုတ်အပိုးနှင့်ကိုယ် မနိုင်မနင်းပါ။ သူကလဲ ကျောပိုးအိပ်နှင့်။ လမ်းကျတော့ သူ့ကျောပိုးအိပ်ကို ကိုယ့်ကို လာပေးသည်။ ကိုယ်ကအကြီးဆိုတော့ မနိုင်မနင်းကြားမှပင် ခဏတော့ သယ်ပေးလိုက်ပါသည်။ သူကတော့လက်လွတ်။ ဒီလိုပဲ မိဘတွေနှင့်သွားရင် သူ့ပစ္စည်းကို မိဘတွေကအကုန်သယ်ပေး သူကတော့ ပေါ့ပေါ့ပါးပါး သွားနေကျထင်ပါသည်။ ကိုယ်ကလဲ သူတို့လိုပဲ အိမ်မှာ တစ်ဦးတည်းသောသမီး။ အလိုလိုက်ခံထားရတာပဲ။ သူတိုနှင့်ကျမှ သူတို့ဟာတောင် ကိုယ်ကသယ်ပေးရမှာလား။ သူကဘာမှို့လည်း။ မဆွိတီလည်း အဲဒီအချိန်က အတော်ငယ်သေးတော့ သဘောထားမကြီးနိုင်ခဲ့ပေ။ ငယ်တော့ Mature လဲ မဖြစ်သေးပါ။ သူ့ကိုပြတ်ပြတ်သာပြောလိုက်သည်။ ကိုယ့်ပစ္စည်းကိုယ်သယ်။ ကိုယ့်ဝန်ကိုယ်ထမ်း။ ( နောက်ပိုင်း ဒီကိစ္စကို သူ့အမေနှင့်ရော အမျိုးတွေရော တိုင်ပြောသည်ဟု သိရပါသည်။)
မိဘတွေက ချစ်လွန်းလို့ အလိုလိုက်ထားသောကြောင့် ခလေးတွေမှာ မသိတတ်တာတွေ၊ အပိုးမကျိုးတာတွေ၊ တစ်ကိုယ်ကောင်းဆန်တာတွေ ဖြစ်ပါသည်။

ထိုကဲ့သို့ သာဓကများနှင့် မဆွိတီဟာ ကိုယ့်သားသမီးအလှည့်ရောက်ရင်တော့ဖြင့်. စည်းနဲ့ကမ်းနဲ့ ဖြစ်ရမယ်။ အမေတို့ အမျိုးတွေလို သားသမီး စုံလုံးကန်း အလိုလိုက်တာမျိုးတွေမဖြစ်စေရဘူး ဆိုကာ ကိုယ့်ကိုယ်ကို မောင်းတင်လာခဲ့ပါသည်။ စလုံးရောက်လာတော့ ပိုဆိုးပါသည်။ တရုတ်လူမျိုးများသည် သားသမီး မီးသေသည်ဟုထင်သည်။ သူတို့မှာ စည်းနဲ့ကမ်းနဲ့ ဘတ်စကားပေါ်၊ MRT ပေါ်၊ ရှော့ပင်းစင်တာတို့တွင် ခလေးများမှာ မိဘပြောစကားနားထောင်ကာ အပိုးကျိုးကြသည်ဟုမြင်ပါသည်။ အလိုလိုက်တတ်သည့် မြန်မာ မိဘတွေနှင့် နှိုင်းယှဉ်လျင် အလွန်သိသာပါသည်။ တစ်ခါသား မြန်မာ ခလေးတစ်ယောက် ရှော့ပင်းစင်တာတွင် လိုတာမရ၍ လူးလိမ့်ကာ ငိုနေသည်ကို မြင်ဖူးပါသည်။


သမီးလေးရလာတော့ အလွန်ပျော်ပါသည်။ အလွန်လည်းချစ်ပါသည်။ သမီးနဲနဲသိတတ်လာတော့ ဆုံးဖြတ်ထားသည့်အတိုင်း စည်းကမ်းကိုင်သည်။ တစ်ခါတစ်ရံ တုတ်သုံးတန်သုံးကာ ခြောက်ရသည်။ တစ်ခါက သမီးကိုရိုက်မိပြီး စိတ်မကောင်းဖြစ်ကာ တစ်ညလုံး အိပ်မပျော်ဖြစ်ခဲ့ဘူးသည်။ ထိုနောက်ပိုင်း တုတ်မကိုင်မိအောင်ကြိုးစားသည်။ သမီးလေးကို မရိုက်ရက်တော့။

အခုတစ်လော သမီးမျက်ရည်အလွန်လွယ်နေသည်။ တစ်ခုခုမရလျင်၊ အလိုမကျရင် မျက်ရည်က အရင်ကျနှင့်ပြီ။ ဒီက မဆွိတီကလည်း အမေ့သမီးပေပဲ။ ဘာသားနှင့်ထုထားသည်မှို့လဲ။ သမီးမျက်ရည်ကျမှာကြောက်လို့ အလိုလိုက်ခဲ့ရသည်သာ များပါသည်။ အလျင်က သားသမီးရလျှင်တော့ စည်းကမ်းကိုင်မဟဲ့ဆို မောင်းတင်ထားတာတွေ တဖြေးဖြေးပျောက်ကုန်လေပြီ။ မဆွိတီ၏ သံဓိဋ္ဌာန်များ သမီး၏ မျက်ရည်များနဲ့ အရည်ပျော်ခဲ့လေပြီလား။

------------------------------------------------------------------------------------------------------
" သမီး ... ဒီဆော့ဆေ့လေးနဲ့ ... ဒီဥဥ ဟပ်ဖရိုက်လေးနဲ့ နွေးနွေးလေး ... စားလိုက်နော် ... သမီး ..."

" ဂျူဂျူ စားချင်ဝူး ..."

" စားလိုက်ပါသမီးရယ် ... သမီး အစာစားမှအားရှိမှာ ... ဒါမှ ၀၀ကစ်ကစ်လေးဖြစ်မှာ ... ဟိုအောက်ထပ်က မမဒိုရာကိုကြည့်စမ်း ၀ကစ်နေတာပဲ ... သူက အများကြီး စားတာ သမီးရဲ့... စားနော်"

"စားချင်ပါဝူးဆို ... မေမေကလဲ ... "

" အဲဒါဆို ... မေမေ ... chicken wing လေး ကြော်လိုက်မယ်လေ ... "

"ဟင့်အင်း ..."

" ဒါဆို KFC က အာလူးအကြေမျိုးလေး မေမေလုပ်ပေးမယ်လေ ... စားမလား ..."

" No ... I don't want it ..."

" ဒါဆို ပေါင်မုန့်မှာ စတော်ဘယ်ရီးယိုလေး တစ်ဖက် ... ထောပတ်လေးတစ်ဖက်သုတ်ပေးမယ်လေ ... သမီး ... စားလိုက်နော် ..."


"ဒါဆို ... ... ... ... ... ... ... ... ... ... ... .... ... ... ... ... ... .. .... ... .."


" ဒါဆို ... ... ... ... ... ... ... ... ... ... ... .... ... ... ... ... ... .. .... ... .."




(ဂျူဂျူ ၅နှစ်သမီးလောက်က ရေးထားတဲ့ ပို့စ်လေးပါ။ ခုတော့ ဂျူဂျူ အရမ်းတော့ မဆိုးတော့ဘူး။ ဆုံးမရင် နားလည်နေပါပြီ။ အစားအသောက်တော့ ချေးများတုံးပါ)

24 comments:

  1. I miss my mum after reading ur post...

    ReplyDelete
  2. ကလေးယူရင် သမီးကလေးဘဲ လိုချင်တယ်။ အမေ အဖော်ရတယ်။ အ၀တ်အစားလဲ အများကြီး ဆင်လို့ရတယ်။

    သားအမိနှစ်ယောက် ချစ်စရာကောင်းလိုက်တာ။

    ReplyDelete
  3. ရှေ့ကစီနီယာတွေကိုကြည့်ထား လေ့လာထားမှပါပဲ မဖြစ်ပါဘူး တီဆွိရယ်း)

    ခင်တဲ့

    မဒိုးကန်

    ReplyDelete
  4. ကလေးတော့ အလိုလိုက်ဖြစ်မယ်မထင်ဘူး ကြောင်တွေခွေးတွေတော့ အလိုလိုက်တယ် ။ အရမ်းတော့မဟုတ်ဘူးပေါ့လေ။
    စည်းကမ်းတော့ ပေးမှ ထင်ပါတယ် ။ ကလေးဆုံးမတာမတတ်ပါဘူး ဟီး။
    ကြောင်တွေပဲ ဆုံးမတတ်တယ်ခွိ။

    ReplyDelete
  5. ဂျူဂျူက တစ်ဦးတည်းသမီးမို.ဆိုးနေတာ၊ ခလေး နောက်တစ်ယောက်ထပ်ယူလိုက်၊ ကိုယ်တော့ နောက်ထပ် ခလေး မလိုချင်ပေမဲ့ သူများကိုတော့ မြှောက်ပေးတတ်တယ်၊ ခွိခွိ

    ReplyDelete
  6. ချစ်တော့လဲ အလိုလိုက်ရတာပေါ့နော်။
    ဂျူဂျူလေးနဲ့ တီတီဆွိပုံလေးက ချစ်စရာ။ ဂျူဂျူက ပြောင်စပ်စပ်နဲ့ :)

    ReplyDelete
  7. ပိုစ့်ထဲမှာ မိခင်တစ်ယောက်ရဲ့ မေတ္တာရနံ့က သင်းပျံ့နေတာဘဲ
    သားသမီးတွေဘယ်လောက်ဆိုးဆိုး မိခင်နေရာရောက်လာရင်တော့ မိဘရဲ့ မေတ္တာကို ပိုပြီး နားလည်လာရတာပါဘဲနော်
    အခု ဂျူးဂျူးလေး မဆိုးတော့ဘူးဆိုလို့ ဝမ်းသာမိပါတယ်။
    သမီးအလိမ္မာ ပညာတတ်ကလေးဖြစ်ပါစေ..

    ReplyDelete
  8. ရွှေဧည့်သည်လေးဆိုတော့ ဂလိုပေါ့နော
    zzz ပြောသလို ငွေဧည့်သည် ကြေးဧည့်သည်လေးတွေ ထပ်ခေါ်လိုက်လေ.......

    ReplyDelete
  9. အပေါ်ဆုံးက စကပ် အဖြူလေးနဲ့ ဂျုဂျုးပုံလေး ချစ်စရာကောင်းလိုက်တာ။ သမီးတွေကို အလိုလိုက်တာ ရို့စ် မိဘတွေရောပဲ တီဆွိရေ...။ စာကျက်နေရင် ထမင်းစားပြီး ကိုယ့်ပန်းကန်တောင် ဆေးစရာ မလိုဘူး။ အားလုံး မိဘတွေပဲ အကုန်လုပ်တယ်။ အဲ့ဒီတော့ ကိုယ့်ဘာကိုယ် တစ်ယောက်တည်းနေတော့ ဟင်းမချက်တတ်၊ ဘာမှ မလုပ်တတ်နဲ့ အခက်ကြုံရတာပေါ့။

    ReplyDelete
  10. ဂျူဂျူ‌လေးက‌မေ‌မေဆွိ‌ကျွေးတာ "စားချင်ဝူး..စားချင်ဝူး" လြို့ငင်း‌ပေမဲ့
    တီတီစုတို့က‌တော့ တီဆွိချက်‌ကျွေးထားတဲ့ဘ‌လော့ဂ်‌ပေါ်ကလက်ရာ
    ‌တွေကြည်ြ့ပီး.."ချားချင်တယ်..ချားချင်တယ်.."းP

    ReplyDelete
  11. ဟင်းးးး...
    ကွာပါ့...

    ကွကို စိတ်ဓါတ်ကျပြီး ပြန်သွားသည်..။

    ပေါက်

    ReplyDelete
  12. So cute Ju Ju lay in red and white.She looks slimmer now cos she is taller than b4.Both mom and her sweet heart are beautiful.
    Gyidaw

    ReplyDelete
  13. ဟို အပေါ်က ကွကို ပေါက်လိုပဲ...
    တို့များလည်း ငယ်ငယ်က အလိုလိုက်မခံရတော့
    ကိုယ့်ကလေးတွေကိုလည်း အလိုလိုက်ရကောင်းမှန်းမသိ။
    ကြီးကြီးငယ်ငယ် ဘယ်သူကို မဆို၊ စိတ်ချမ်းသာအောင်ထားတာကတော့
    စိတ်ဆိုး ဒေါသထွက်နေတာထက်စာရင် ပိုအကျိုးရှိတယ်လို့
    အတွေ့အကြုံများအရ သိလာရပါကြောင်း

    ReplyDelete
  14. အိမ်က သားပြည့်လည်း ဂျီးများတုံးကြီးပဲ အစ်မဆွိရေ..။
    ဒီအရွယ်ကြီး ရောက်နေပြီ အဖေက စိတ်ရှည်လက်ရှည် အသားများ နွှာ၊ မျှင်ပေးတယ်။ မြသွေးက အမြင်ကပ်လို့ ၀ါးဖတ်လေး ခွံ့ကျွေးပါလားရှင်ရယ်လို့ပြောလိုက်မိတယ်.. ဟိ။ မိဘတွေအတွက်ကတော့ သားသမီးတွေအတွက် ဖြည့်ဆည်းလို့ မကုန်နိုင်အောင်ပါဘဲနော်..။

    ReplyDelete
  15. မစံပယ်တော့ အရမ်းအလိုလိုက်လွန်းတာ မကြိုက်ဘူး..။ မစံပယ်တွေ့ဘူးသလောက် တစ်ဦးတည်းသော သားသမီးတွေက ပတ်ဝန်းကျင်ကလူတွေနဲ့ အဆင်ပြေတာ နည်းသလားလို့..။ ပေါင်းကြည့်လိုက်ရင် တစ်ကိုယ်ကောင်းဆန်ကြတာ များတယ်..။ ခုလတ်တလောမှတ်မိတာဆိုရင် ပြီးခဲ့တဲ့အတန်းတုံးက ပရောဂျက်အတူလုပ်ခဲ့ရတဲ့ အစ်မကြီး..။ ဘာနေနေသူပြောသလိုပဲ လုပ်စေချင်တယ်..။ သူပြောတာကမှ အမှန်..။ နောက် သူ့အိမ်ကိုပဲ လူတိုင်းလာစေချင်တယ်..။ အကျိုးနဲ့အကြောင်းနဲ့ရှင်းပြလည်း လက်မခံချင်ဘူး..။ သူ့အိမ်ကအဝေးကြီးဟာကို အားနာလို့ တစ်ခေါက်နှစ်ခေါက်တော့ သွားတာပေါ့..။ နောက် စာမေးပွဲနီးလာတော့ ဘယ်သွားနိုင်တော့မလဲ..။ အဲဒါမလာလို့တဲ့..။ တော်တော်ကို တစ်ကိုယ်ကောင်းဆန်ပါတယ်..။

    မစံပယ်လည်း တူတွေ တူမတွေကို စည်းကမ်းကလနားနဲ့ ကိုယ်ဘာသာကိုယ်ရပ်တည်နိုင်အောင် ပျိုးထောင်ချင်တာလည်း အမှန်ပဲ..။ ဒါပေမယ့် သူတို့တွေမျက်ရည်ကျဖို့ မပြောနဲ့..။ နာမှာ တစ်ခုခုဖြစ်မှာကို စိတ်ထဲမှာ ခံစားလို့မရဘူး..။

    တစ်ခါက ဘေးအိမ်ကခင်နေတဲ့အစ်ကိုတစ်ယောက်က မစံပယ်တူကို မစံပယ်ရှေ့မှာတင် ထိပ်ခေါက်တာ၊ သူတို့အဖေ (မစံပယ်အစ်ကို) ရှေ့မှာဆို ကဲလို့တဲ့..။ မစံပယ်ကြောင်အပြီး ဘာမှမပြောလိုက်နိုင်ဘူး..။ ကလေးဆိုမျက်နှာလေးကိုငယ်လို့၊ မျက်ရည်ကိုလည်သွားတာ..။ အဲဒီကတည်းက အဲဒီအိမ်နီးချင်းအစ်ကိုကြီးကို မစံပယ်မခေါ်တော့ဘူး..။ စိတ်နာသွားတာ..။ ကိုယ့်တူကို မညှာမတာလုပ်လို့..။

    ReplyDelete
  16. သိပ်ကို ချစ်စရာကောင်းတဲ့ သားအမိလေးပါပဲ။ မိဘဆိုတာကတော့ တတ်နိုင်သလောက် အလိုလိုက်ကြမှာပါပဲလေ။ ချစ်တာကိုးးး။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  17. အမေနဲ့ သမီးလေး ချစ်စရာကောင်းလိုက်တာ။
    မိဘမေတ္တာဆိုတာ အဲလိုပဲနေမှာပါ။ အလိုလိုက်မိမှာပဲ။
    ဂျူဂျူးလေးလိမ္မာတယ် ဆိုတော့ မေမေဆွိက ပျော်မှာပေါ့။
    သီတင်းကျွတ်မှာ ဂျူဂျူးလေးကန်တော့တော့ မေမေ နဲ့ ဖေဖေ မုန့်ဘိုးဘယ်လောက်ထွက်သွားလဲ။ :D

    ReplyDelete
  18. TT Sweet ရေ
    ကျနော်တူလေးကတော့ ဘာကျွေးကျွေး မကြိုက်ဘူး မစားဘူး လုပ်နေကျဗျ။ တခါသား ဒီလောက်တောင် မစားချင်တဲ့ကလေး၊ ဆာတယ်လို့ ပြောမှ ကျွေးမယ်ဆိုပြီး လွှတ်ထားတာ တနေကုန် ဆော့တယ်ဗျာ။ ဆာတယ် တစ်ခွန်းမပြောဘူး။ ကလေးတွေ အစားအသောက် ချေးများတာကတော့ တော်တော်တွေ့ဖူးပါတယ်။
    ငယ်ငယ်တုံးက သိပ်မသိတက်လို့ဆိုးပေမယ့် ကလေးတော်တော်များများက သိတက်လာကြတာများပါတယ်။ ဂျူဂျူးလေးက လိမ္မာမှာပါ။
    (လီယို)

    ReplyDelete
  19. တဦးတည်းသောသားသမီးတွေ တကိုယ်ကောင်းဆန်တာများတယ်ဆိုတာမဟုတ်နိုင်ဘူး။
    ကိုယ်.ကိုတွေ.အရတော. တဦးတည်းသောသားသမီးတွေက အဖော်မင်တော. အဖော်ဆိုသူတို.က အနာခံပေါင်းတာများတယ်။
    တခြား ဘ၀တူအမေတွေကိုမေးကြည်.တော.လဲ အဲ.ဒီအတိုင်းချည်းဘဲကြားရတယ်။
    သမီးလေးဆို တဦးတည်းသောသမီးလေးဖြစ်ပေမယ်. လူတိုင်းနဲ. (ကြီးကြီးငယ်ငယ်) တည်.အောင်ပေါင်းတယ်။ အမေ.အပေါ်မှာတော.ဆိုးချင်ဆိုးမယ်။ တခြားလူတွေကိုသူသည်းခံပြီးတော.ကိုပေါင်းတယ်။
    အမေလုပ်တဲ.သူကလဲ တယောက်ထဲရှိတဲ.သမီးလေးကို ချစ်လွန်းတော.လဲ ဘယ်လောက်ဘဲလုပ်ပေးရ လုပ်ပေးရ မောတယ်ကိုမရှိဘူး၊ သူ.ကိုအ၀တ်လေးကိုဆင်ပေးရတာ၊သူစားချင်တာလေးတွေ အမျိုးစုံလုပ်ပေးရတာ၊ချက်ပေးရတာ၊ အဲ.ဒါတွေနဲ.ဘဲပျော်နေရတာပါဘဲ။
    အခုရေးတာတွေအကုန်လုံးကို တီဆွိတော. ကောင်းကောင်းခံစားနိုင်မှာပါ။
    ဘာလို.လဲဆိုတော. တီဆွိနဲ. ဂျုဂျုလေးအကြောင်းကို တီဆွိရေးထားတာတွေအကုန်လုံး ဟိုးဂျုဂျုငယ်ငယ်လေးထဲက အကြောင်းတွေကို အကုန်ဖတ်ထားတော. ၊တီဆွိတို.နဲ.အရမ်းတူတော.၊ တီဆွိကို တဦးတည်းသောသမီးတို.ရဲ.အမေ အချင်းချင်း အရမ်းနားလည်ပေးနိုင်လို.ပါ။

    ReplyDelete
  20. သူများသားသမီးတွေကို ကြည့်ပြီးပြောထားကြတာ ကိုယ့်သားသမီးကျတော့ ၀ိုင်းစုခိုင်သိန်းသီချင်းထဲကလို အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲသိတယ် ဖြစ်သွား ရောပေါ့။ ဟား ဟား ဟား...........
    လောက နိယာမ တောင်ဖြစ်နေပြီ။

    ReplyDelete
  21. တူတယ် တီတီဆွိရေ...အိမ်က စာကျက်နေရင် ဘာစားချင်လဲ အကုန်လုပ်ပေးတာ။ ဘာမှ ကူလုပ်ပေးစရာ မလိုဘူး။ ဒီလိုနဲ့  စာပဲ ကျက်ချင်ယောင် ဆောင်နေခဲ့တာ...

    ReplyDelete
  22. တီတီဆွိက ချောတယ်..ဂျူးဂျူး ညက်ခုံးမွှေးက ဦးခြိမ့်နဲ့  တူသလားလို့ ...း)

    ReplyDelete
  23. ဖတ်ပြီးတော့ အမေနဲ့ သမီးတို့ မေတ္တာကို ခံစားမိတယ်။

    ReplyDelete
  24.ိစာလုပ်နေရင်ပြီးရော သမီး နဲ့ သားကို အရမ်းအ လို လိုက်တဲ့မေ ကြီး ကို သိပ်လွမ်း သွားပါ သည် :'( :'( ( BTW မေမေရော မီးမီး ပါချစ်ဖို့ ကောင်းပါသည် )

    ReplyDelete