Monday, April 20, 2009

စင်္ကာပူမှာ အိမ်ဝယ်မယ်ဆိုရင် ...(၆)


(မြန်မာကျူးပစ်ဖိုရမ်မှ ကိုမောင်ခြိမ့်ရေးထားသည်များကို ပြန်လည်ကူးယူဖေါ်ပြပါသည်။
စုစုပေါင်း အပိုင်း ၇ပိုင်းရှိပါတယ်။ တစ်ပိုင်းစီအေးအေးဆေးဆေးဖတ်နိုင်အောင် တင်ပေးသွားပါမယ်။)


(၁၇) စင်္ကာပူမှာ အိမ်ဝယ်ခြင်းရဲ့ နောက်ဆုံးအပိုင်းကို ရောက်လာပါပြီ။ အိမ်လည်းဝယ်ပြီးပြီ၊ စရန်လည်း သတ်ပြီးပြီ၊ လိုအပ်တဲ့ ငွေကို ဘဏ်က ချေးပြီးပြီ၊ ဆိုရင် နောက်ဆုံးအဆင့် HDB မှာ အိမ်ဝယ်ခွင့် လျှောက်ဖို့ပဲ လိုအပ်တော့ပါတယ်။ အဲဒီလို လိုအပ်တဲ့ ကိစ္စတွေကိုတော့ ပွဲစားကိုပဲ စီစဉ်ခိုင်းလိုက်ပါတော့။ ပွဲစားကိုလည်း ဒီအတွက် ကိုယ်က ပိုက်ဆံပေးထားရတာပဲလေ။ အဲဒီလို အိမ်ဝယ်ဖို့ လျှောက်လွှာတင်ထားချိန်နဲ့တပြိုင်တည်းပဲ ဘဏ်နဲ့ စာချုပ်ချုပ်ဆိုဖို့ အတွက် ရှေ့နေကိုဆက်သွယ်ဖို့လည်း ဘဏ်နဲ့ ပွဲစားက ဆက်လုပ်သွားပါလိမ့်မယ်။

ဒီနေရာမှာ ရှေ့နေဆိုတာက တကယ်တမ်း ရပ်တည်တာက ဘဏ်ဘက်ကပါပဲ။ ပိုက်ဆံပေးရတော့ ကိုယ်က သူ့ကိုယ်ပေးရတယ်လေ။ ဒါပေမဲ့ ရှေ့နေခ ရဲ့ ၄ ရာခိုင်နှုန်းကိုတော့ ဘဏ်က လျှော့ပေးပါတယ်။ ရှေ့နေဆီကို အိမ်ဝယ်သူ စုံတွဲ က ကိုယ်တိုင်သွားရောက်ပြီး သူတို့ပြင်ဆင်ထားတဲ့ စာရွက်စာတမ်းမှာ လက်မှတ်ထိုးပေးရပါတယ်။ အသေးစိတ်ကတော့ ဘဏ်ကနေ ကျွန်တော်တို့က ငွေချေးတယ်။ ဘဏ်ကို လစဉ် စီပီအက်ဖ်ထဲက ပေးစရာရှိတာကို ပေးမယ်။ စီပီအက်ဖ်ထဲက မလောက်ငှရင် မိမိစုငွေဘဏ်ထဲကနေ စိုက်ပေးပါမယ်။ လစဉ်ပေးရမဲ့ငွေ ပေးဖို့ မတတ်နိုင်ရင် ဘဏ်နဲ့ ဦးစွာ လာရောက်ညှိနှိုင်းဖို့။ အကယ်၍ ၃ လက်ဆက်တိုက် မပေးနိုင်ရင် အိမ်ကို ဘဏ်က သိမ်းယူပြီး လေလံတင်ရောင်းချမယ်။ ရောင်းလို့ရရှိငွေကို စရိတ်များနှုတ်ပြီး ဘဏ်က သူရရန် ကျန်ငွေများကို ယူမယ်။ ပယ်နယ်တီငွေကိုလည်းယူမယ်။ ကျန်တဲ့ငွေကို စီပီအက်ဖ်ထဲပြန်ထည့်ပေးမယ်ဆိုတဲ့ စာသားတွေပါတာ ကို ကျွန်တော်တို့တစ်တွေ လက်မှတ်ရေးထိုးပေးရတာပါပဲ။

တော်တော်ကြာသွားတာဖြစ်ပြီး ရှေ့နေတို့ရဲ့ ထုံးစံအတိုင်း ခက်ခက်ခဲခဲ အင်္ဂလိပ်စာတွေ ရေးထားတာဖြစ်လို့ အကြမ်းဖျဉ်းလောက်သာ ပြောနိုင်တာကို ခွင့်လွတ်ပါ။

(၁၈ ) ဒီနေရာမှာ ကျွန်တော် ကြားဖူးတဲ့ အတွေ့အကြုံလေးကို ပြောပြလိုတာကတော့ တချို့သော လူတော်တော်များများမှာ သူများတစ်တွေ အိမ်ဝယ်တာ ငါလည်း လိုက်ဝယ်မယ်ဆိုတဲ့ အတွေးမျိုးလောက်သာ ရှိတတ်ကြပြီး၊ မိမိ စုငွေ၊ စီပီအက်ဖ်ငွေ၊ တွေနဲ့ လစဉ်ဘယ်လောက်ပေးရမယ်ဆိုတာ ကို သေသေချာချာ နားမလည် မသိပဲနဲ့ ၀ယ်တတ်ကြတာကို တွေ့ဖူးပါတယ်။ တကယ်တမ်းဝယ်တဲ့အချိန်မှာ စီပီအက်ဖ် နဲ့ မိမိစုငွေ က အိမ်ရဲ့ ၁၀ ရာခိုင်နှုန်းတောင် ပေးစရာငွေ မရှိတဲ့ အခြေအနေတွေ ကို တွေ့ရပါတယ်။ အဲဒီမှာ လိုအပ်တဲ့ ငွေကို ဘဏ်ကနေ ပြန်ချေးကြရပါတယ် (Home Loan + Personal Loan)။ အဲဒီလိုချေးတဲ့ အတိုးနှုန်းက က ၁၂ ရာခိုင်နှုန်း ရှိပါတယ်။ တော်တော်လေး များတဲ့ အတိုးနှုန်းပါ။ အဲဒီလိုချေးငှားလိုက်တော့ ဘဏ်ကို အဲဒီငွေ ကို ပြန်ဆပ်တာ ၂ နှစ်လောက် ချိုးခြံချွေတာ သုံးပြီး ဆပ်ရတဲ့ ဘ၀ကို ရောက်သွားပါတယ်။ ငွေရေးကြေးရေးလဲ အဆင်မပြေ၊ ရသမျှ လခ ဘဏ်ကို ဆပ်ဘ၀မျိုးတွေရောက်တာ တွေ့ဖူးလို့ အဲဒီလိုမျိုးချေးငှားမယ်ဆိုရင် အထပ်ထပ် အခါခါ စဉ်းစားပြီးမှာ လုပ်ကြပါလို့ သတိပေးပါရစေ။

(၁၉)HDB ကို အိမ်ဝယ်ခွင် လျှောက်လွှာတင်လိုက်ရင် ၃ ပါတ် -ကနေ ၆ ပါတ် အတွင်း HDB က ရောင်းသူ ၀ယ်သူ ခေါ်ယူတွေ့ဆုံပါတယ်။ အဲဒါကို First Appointment လို့ခေါ်ပါတယ်။ ကျွန်တော်တို့ ၀ယ်တုံးကတော့ အဲဒီနေ့မှာပဲ အိမ်ရဲ့ ၂၀ ရာနှုန်း (သို့) ၁၀ ရာနှုန်းကို စီပီအက်ဖ် က ဖြတ်ယူခြင်း သော်လည်းကောင်း၊ စီပီအက်ဖ် မလောက်ငှပါက လိုအပ်ငွေကို Money Order ဖြင့် ပေးခြင်းတို့ ကို အရာရှိ နဲ့အတူ လုပ်ကိုင်ဆောက်ရွက်ရပါတယ်။ တပါတည်း ဘယ်ဘဏ်က ချေးငှားသလဲ၊ ရှေ့နေ နဲ့ ဘဏ်ကိုယ်စားလှယ်က ငွေချေးငှားထားကြောင်းနဲ့ HDB ကို ဘဏ် က ငွေအကြေချေပေးပါတယ်။

အဲဒီကိစ္စတွေပြီးပြတ်သွားရင်တော့ အရာရှိက ဆက်လက်ဆောင်ရွက်မှာပါ။ တဆက်တည်း Second Appointment ကို ရောင်းသူ ၀ယ်သူ နှစ်ဦးသဘောတူ အရာရှိပြောပြတဲ့ ရက်အပိုင်းအခြားအတွင်းရွေးချယ်ကာ Second Appointment ကိုစောင့်ရုံပါပဲ။

(၂၀) တကယ်တမ်းဆိုရင်တော့ Second Appointment မှာ အရာရှိက ကိုယ်ကို အိမ်သော့ပေးတာပါ။ ဒီနေရာမှာ သိထားရမှာက (က)ှSecond Appointment မတိုင်ခင် တရက်မှာ အိမ်ရှင်က အိမ်ကနေ ရှင်းလင်းဆင်းပြီးသွားရင်တော့ ပွဲစားနဲ့ အတူတူ အိမ်ကို သွားရောက် စစ်ဆေးစေလိုပါတယ်။ မူလ အိမ်ဝယ်ချိန်မှာ ၂ ဦးသဘောတူ ထားတဲ့ ပစ္စည်းတွေကို ထားခဲ့သလား၊ အဲဒီအခြေအနေထက် အိမ်က ပိုပြီး ချို့ယွင်းချက် ရှိသလား ကို စစ်ဆေးပါ။ အကယ်၍ ကွဲပြားမှု ရှိနေပါက အားမနာတမ်း တောင်းဆိုပါ။ ပွဲစားက ညှိနှိုင်ဆောက်ရွက်ပေးရပါမယ်။ (ခ)Second Appointment ပြီးမှ သော့ရမှ စစ်ဆေးရတာမျိုးလည်း ရှိတတ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် အားမနာတတ်ပါနဲ့။ ဒီအိမ်ဟာ ကိုယ်ရဲ့ အိမ်ဖြစ်သွားပါပြီ။

(၂၁) တချိုသော အိမ်ရှင်တွေက သူတို့တစ်တွေ နောက်ထပ် အိမ်ဝယ်တာ နောက်ကျလို့ Second Appointment ပြီးသည့်တိုင်အောင် အိမ်က နေ မဆင်းပေးနိုင်သေးဘူးဆိုရင် ဘယ်နေ့မှာ ဆင်းပေးမလဲ ဆိုတာ သေသေချာချာ ပွဲစားနဲ့ လုပ်ကိုင်ပါ။ တစ်လ လောက်ကြာမယ်ဆိုရင် တစ်လစာ အိမ်ငှားခ တောင်းပါ။ ကိုယ်က ၃+၁ အခန်းကို ၀ယ်တယ်ဆိုရင် ပေါက်ဈေး ၁၈၀၀-၂၂၀၀ ကို အရတောင်းပါ။ ရောင်းသူက တခါတလေ အချောင်နှိုက်တတ်ပါတယ်။ သတိထားပါ။

=======================
ပထမတော့ ဘဏ်တိုးတွေ အကြောင်းပြောပြမလို။ အခုတော့ တော်တော်ရှည်သွားလို့ နောက်မှပဲ ထပ်ရှင်းပြပါမယ်။ နောက်တပို့စ်ဆိုရင် ကျွန်တော်တို့ အိမ်ဝယ်ခြင်းကို နိဂုံးချုပ်ပါတော့မယ်။

နောက်ဆုံးအပိုင်း (၇) ကိုဆက်ပါမည်။

Sunday, April 19, 2009

သမီးရဲ့ ကစားစရာ ...





သမီး ခုနက ကစားနေတဲ့ Dough Play လေးတွေရယ်၊ Polly Pocket အရုပ်မလေးရယ်ကို ဓာတ်ပုံရိုက်ထားတာပါ။ Dough Play ရောင်စုံကို ပလပ်စတစ်ခွက် မိုလေးတွေထဲထည့် ပုံဖော်ပြီး အသီး၊ အရွက်၊ စားစရာအဖြစ် ကစားကြတာပေါ့။ သမီးလေးတို့ ကံကောင်းပါတယ်။ ခုခေတ်မှာ သူတို့ကစားစရာတွေကအစုံ စွဲမက်စရာ။

ကိုယ်တွေငယ်ငယ်ကတော့ အဖွားဝယ်လာတဲ့ မြေနဲ့လုပ်တဲ့ အိုးပုတ်ကလေးတွေနဲ့ ကစားခဲ့ရတာ။ ကိုယ်တွေလောက်မတတ်နိုင်တဲ့သူတွေဆို အုံးမုတ်ခွက်နဲ့ ကြွေပန်းကန်အကွဲ တွေနဲ့တောင် ဆော့ကြရရှာတာ။ ဆော့ရတဲ့ပစည်းတွေကလဲ ခုလိုလှတပတတွေ ဘယ်ဟုတ်မလည်း။ အိမ်ဘေးက သစ်ပင်ပေါင်းစုံက သစ်ရွက်မျိုးစုံ၊ အပွင့်မျိုးစုံကို ပါးပါးလှီး၊ မြေကြီးကို ရေဖျော်၊ ချွဲတဲတဲရှိတဲ့ ခေါင်ရမ်းပန်းကိုရေဖျော်ပြီး ဆီလုပ်၊ အသုတ်စုံရောင်းတိုင်း ကစားခဲ့ကြဘူးတယ်။

အရုပ်မတွေဆိုလည်း သမီးတို့ Barbie girl တို့ Polly Pocket ကစားချိန်မှာ ကိုယ်တို့ ခေတ်ကဆို အ၀တ်အဖြူလေးကို လိပ်၊ အပ်ချည်ကြိုးအမဲရောင်တွေ စုချည်ပြီး ဆံပင်လုပ်ရတာကလား။ အရုပ်မဆံပင်ရအောင် အမေ့အထက်ဆင်အဟောင်းကနေ အမဲရောင်ချည်လေးတွေ စိတ်ရှည်လက်ရှည်စုရသေးတယ်။ ဒီလို အရုပ်မတွေကိုပဲ အင်းကျီမျိုးစုံ ကပ်ကြေးလေးနဲ့ ညှပ်ပြီး မက်မက်မောမော ဆော့ခဲ့ကြတာပဲ။ ပျော်ခဲ့ကြတာပဲလေ။ အရုပ်မအင်းကျီချုပ်ချင်လို့ စက်ချုပ်ဆိုင်တွေကနေ အ၀တ်အတိုအစတွေ တောင်းလားတောင်းရဲ့။ သမီးတို့ခေတ်ကျတော့ ဘာဘီဂဲလ်တွေအတွက် ချုပ်ပြီးသားအင်းကျီလေးတွေ ရောင်းတာ ဈေးကလဲမသေးဘူးရယ်။ တစ်ခါသား ၀ယ်ပေးဖို့ရာ သမီးအင်းကျီတစ်ထည်ဘိုးလောက်ရှိနေလို့ လက်လျော့လိုက်ရတယ်။

ကစားနည်းကလဲကွာသွားပြီ။ မေမေက ဂျူဂျူးရဲ့ ကပ်စတန်မာတဲ့။ ဘာစားချင်တာလဲ မင်နူးမှာရှာဖတ်ပြီး မှာပါတဲ့။ စားပြီးတော့ ဘီလ်စာရွက်လေး လာပေးသွားတယ်။ သူတတ်သလောက်မှတ်သလောက်ရေးထားတဲ့ ဘီလ်စာရွက်ကိုကြည့်ပြီး အမေမျက်လုံးတော်တော်ပြူးသွားတယ်။ ဒီပုံအတိုင်းဆိုရင်တော့ သမီးဆိုင်မှာ အမေဆက်စားရင် မွဲတော့မှာပဲလို့။

စင်္ကာပူမှာ အိမ်ဝယ်မယ်ဆိုရင် ...(၅)


(မြန်မာကျူးပစ်ဖိုရမ်မှ ကိုမောင်ခြိမ့်ရေးထားသည်များကို ပြန်လည်ကူးယူဖေါ်ပြပါသည်။
စုစုပေါင်း အပိုင်း ၇ပိုင်းရှိပါတယ်။ တစ်ပိုင်းစီအေးအေးဆေးဆေးဖတ်နိုင်အောင် တင်ပေးသွားပါမယ်။)


ဈေးဆစ်ပြီးဈေးတည်တဲ့အခါမှ ဘာတွေလုပ်ရမယ်ဆိုတာ မပြောခင် ကျွန်တော်ပြောဖို့မေ့ကျန်ခဲ့တာလေးတွေကို ထပ်ပြောပြပါမယ်။

(၁၂) ကျွန်တော် ပြီးခဲ့တဲ့ပို့စ်တွေမှာ ပြောခဲ့သလို HDB Flat တွေမှာ Valuation Price ဆိုတာ ရှိပါတယ်။ အများအားဖြင့် Valuation Price + Additional Price (အိပ်ရှင်က စီပီအက်ဖ် ကမဟုတ်ပဲ သီးသန် Cash တောင်းဆိုခြင်း ) သို့မဟုတ် အနည်းဆုံး Valuation Price တော့ ပေးရတတ်ပါတယ်။

ဒါပေမဲ့ အခုလို စီးပွားကျတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် အိမ်ဈေးတွေ ကျနေချိန်မှာပဲ ဖြစ်ဖြစ် တချို့သော အိမ်က ဗိုက်နာပြီး Valuation Price ထက် လျောပြီး ရောင်းတဲ့ အခါမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလိုမျိုး Valuation Price ထက် လျော့ပြီး ရောင်းတဲ့ အိမ်ကို ၀ယ်မိရင်တော့ ရောင်းသူ နဲ့ ၀ယ်သူ က ဆွေမျိုးတွေမဟုတ်ပါဘူးဆိုတာ လက်မှတ်ထိုးရတတ်ပါတယ်။ ဒါကလည်း ဘာလို့လဲ ဆိုတော့ ဈေးကွက် ကို ဖျက်တာမျိုး၊ ဆွေးမျိုးအချင်းချင်း လက်သိပ်ထိုး ရောင်းစားတာမျိုးမဖြစ်အောင် ကာကွယ်ထားခြင်းပါ။

(၁၃) အိမ်တည့်ပြီဆိုရင် ပွဲစားခ နဲ့ပါတ်သက်လို့ အနည်းငယ်ပြောပြလိုပါတယ်။ တခါတလေမှာ ကိုယ်ဝယ်လိုက်တဲ့ အိမ်မှာ ပွဲစားက ရောင်းသူကော အိမ်ဝယ်သူရဲ့ ပွဲစားဖြစ်နေတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ပွဲစားကို မိမိတို့တတ်ကျွမ်းတဲ့ ဈေးဆစ်နည်းနဲ့ တတ်နိုင်သမျှ ဈေးဆစ်လို့ရနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူက နှစ်ဖက်စလုံးဆီက ပွဲစားခ ရမှာမိုလို့ပါ။ အဲဒီလိုအခါမျိုးမှာ ပွဲစားခကို လျော့ယူတတ်ပါတယ်။

ဒါပေမဲ့ ကိုယ်ဝယ်လိုက်တဲ့ အိမ်က ပွဲစား ၂ ယောက်ဆိုရင်တော့ ပွဲစားခ လျော့ခိုင်းလို့မရတတ်ပါဘူး။ အဲဒီလိုအခါမျိုးမှာ ကိုယ်က ပွဲစားကို ကိုယ်ဖက်က အပြည့်ရပ်တည်ပြီး ကူညီပေးတဲ့ အခြေအနေမျိုးဖြစ်အောင် စည်းရုံးနိုင်ဖို့လိုပါတယ်နော်။

(၁၄) အိမ်ဈေးတည့်ပြီဆိုတာနဲ့ အရင်ဆုံး စရန်ပေးတဲ့ အဆင့်ကို ပြောပြပါရစေ။ တရားဝင်အရတော့ စရန်ကို မည်ရွေ့မည်မျှ ပေးရမယ်ဆိုတာမျိုးတော့ သတ်မှတ်ထားမှုမရှိပါဘူး။ ကျွန်တော်သိသမျှတော့စရန်(Deposit) အနေနဲ့ ၅၀၀၀ လောက်တော့ ပေးကြပါတယ်။ အဲဒီလို စရန်ပေးတဲ့အခါမှာ လက်လွတ်တော့ မပေးပါနဲ့။ ပွဲစားတိုင်းမှာ စရန်ပေးရင် အရပ်စာချုပ်လိုဆန်ဆန် စာရွက်တရွက် တော့ရှိတတ်ပါတယ်။ မစ္စတာ ဘယ်သူသည် မစ္စတာ ဘယ်သူထံမှ ဘယ်အရပ်မှာ ရှိတဲ့ အိမ်အမျိုးအစားကို ဘယ်ရွေ့ဘယ်မျှ နဲ့ ဘယ်နေ့မှာ ၀ယ်ယူပါတယ်။ စရန်အနေနဲ့ ၅၀၀၀ ကို ပေးထားပါတယ်။ ဒီလို နှစ်ဦးသဘောတူညီမှုကို ပွဲစား ဘယ်သူတွေရှေ့မှာ လက်မှတ်ရေးထိုးပါတယ်ဆိုတာမျိုး ရေးထားတဲ့ စာရွက်လေးတွေ ပွဲစားမှာ ရှိပါတယ်။ အဲဒီမှာ အားလုံးလက်မှတ်ထိုးပြီး အသီးသီး မိတ္တူလေးတွေ ယူထားကြပါ။

(၁၅) အဲဒီလို အိမ်ဈေးတည့်ပြီ။ စရန်လဲ ပေးတော့မယ်ဆိုရင် ပိုက်ဆံအရင်မထုတ်ပေးပါနဲ့အုံး။ (က)ပထမဆုံး လုပ်ရမှာက ကိုယ်ရဲ့ ပွဲစားရယ်၊ အိမ်ရှင်ပွဲစားရယ်၊ အိမ်ရှင်ရယ် ၄ ဦး အတူတူ အိမ်ကိုစစ်ဆေးပါ။ ဓါတ်ပုံရိုက်ခွင့်ရှိရင်လည်း အခန်းတိုင်းကို ဓါတ်ပုံရိုက်ယူလိုက်ပါ။
(ခ) အိမ်မှာ မည်သည့်အခန်းက မီးပွင့် ဘယ်နှစ်ခု ဘယ်အခန်းက မီးပွင့် ဘယ်နှစ်ခု စသည်ဖြင့် အိမ်ကိုလက်ခံရရှိတဲ့အချိန်မှာ ကိုယ်အတွက် ကိုယ်ရမဲ့ ပစ္စည်းတွေ ကိုစာရင်းပြုစုပါ။ အကြမ်းအားဖြင့် အိမ်တွင် အသေတည်ရှိသော ပစ္စည်းများသည် မိမိ ပစ္စည်းများဖြစ်သည်ဆိုတဲ့ သီအိုရီရှိပါတယ်။ Screw သို့မဟုတ် တပ်ဆင်ထားတာ ဆိုရင် ကိုယ်ပိုင်တယ်ပေါ့ဗျာ။ Build in Wardrobe/ မီးဖိုချောင် ဘီဒိုတွေ တွေကို ဖြုတ်ယူသွားပိုင်ခွင့် မရှိပါဘူး။ မီးပန်ဆိုင်တွေဘာတွေ ပါမယ်ဆိုရင် ကိုယ်ဆီမှာကျန်ခဲ့မှာလား သူယူသွားမှာလားဆိုတာ သေသေချာချာ ပြောဆိုပါ။

တခါတလေမှာ မူလ ရောင်းသူ အိမ်ရှင်တွေက လက်ရှိပစ္စည်းတွေကို သံယောဇဉ် မတွယ်တတ်သူတွေဆိုရင်တော့ အကုန်ထားသွားတတ်လေ့ရှိပြီး။ ကပ်သီးကပ်သတ် ရောင်းသူတွေက ရှိသမျှ အကုန်ယူ။ ဖြုတ်လိုရသမျှ အကုန်ယူတတ်သူတွေရှိတတ်ပါတယ်။ ဒါကြောင့် မိုလို့ ၄ ဦး ၄ ဖက် စုံချိန်မှာ သေသေချာချာ ပြောဆိုခြင်းကြောင့် ပြသာနာ မတက်အောင်လုပ်ရပါတယ်။

(ဂ ) အဲဒီလို ပစ္စည်းတွေကို စစ်ဆေးဖို့ ပွဲစားတွေ ဆီမှာ ဖောင်လေးတွေ ရှိတတ်ပါတယ်။ မရှိရင်တော့ ကိုယ်ဘာသာကိုယ်ပဲ စာရွက်တရွက်မှာ ရေးသားပြီး အိမ်ရှင်နဲ့ ကိုယ် လက်မှတ်ထိုးထားဖို့လိုအပ်ပါတယ်ဆိုတာ သတိပေးပြောကြားလိုပါတယ်နော်။

(၁၆) အိမ်ဝယ်ပြီးသွားပြီဆိုရင် ဘဏ်တွေမှာ ပိုက်ဆံချေးဖို့ ဆက်သွယ်ဆောင်ရွက်ရပြီပေါ့။ ဘဏ်တွေကို ပိုက်ဆံချေးဖို့ လျှောက်လွှာတင်တဲ့အခါမှာ ကိုယ်နဲ့ ကိုယ်ရဲ့အိမ်ထောင်ဖက်ရဲ့ နောက်ဆုံးလစာ၊ အလုပ်အကိုင်အမျိုးအစား၊ စီပီအက်ဖ် statement စသည်တို့နဲ့ လျှောက်လွှာတင်ကြရပါတယ်။ ပွဲစားများက ကူညီပြီး ဘဏ်အရာရှိနဲ့ ဆက်သွယ်ပေးသလို ကိုယ်တိုင်လဲ မိမိစိတ်ကြိုက်ဘဏ်တွေနဲ့ ဆက်သွယ်နိုင်ပါတယ်။ အပေါ်မှာ ကျွန်တော် အသေးစိတ်ပြောပြခဲ့သလို ကိုယ်ကလည်း ဘယ်လောက်ရာနှုန်း ဘဏ်က ချေးငှားမယ်ဆိုတာ ဆုံးဖြတ်ပြီးပြီ ဖြစ်လို့ ပြောတတ်ဆိုတတ်ပြီလို့ ထင်ပါတယ်။

=======

နောက်နေ့မှာ ဘယ်လောက် လစဉ်ပေးရမယ်ဆိုတာ ဥပမာလေးတွေနဲ့ ရှင်းပြပါမယ်။ ပြီးရင် Capital repayment လုပ်ရင် ငွေ ဘယ်လောက်ပေးဖို့ သက်သာသွားတယ်ဆိုတာ ကို ပြောပြပါမယ်။

ဆက်ပါမည်။

Saturday, April 18, 2009

မုန့်လုံးရေပေါ် ...


ဒီနေ့မုန့်လုံးရေပေါ်လုပ်စားရင်းနဲ့ ဓာတ်ပုံလေးတွေရိုက်ထားလို့ လုပ်နည်းလေးလဲ ရှယ်ပေးလိုက်ပါတယ်။


ကောက်ညှင်းမှုန့် (Glutinous Rice Flour) နဲ့ ဆန်မှုန့် (Rice Flour) ကို ၃း၁ အတိုင်းရောပါ။ ဒီနေ့လုပ်တာ ကောက်ညှင်းမှုန့် ဆန်ချင်ခွက် ၆ခွက်၊ ဆန်မှုန့်၂ခွက် ကို ရေချက်အေး ၃ခွက်ထည့်ပြီး ရောသမမွှေ နယ်ပါတယ်။ ၁၀မိနစ်၊၁၅ မိနစ်လောက် နှံ့နေအောင် ခပ်နာနာလေးနယ်ပြီးရင် မုန့်လုံးလို့ရပါပြီ။ မုန့်ပိုနပ်ချင်ရင် ၁နာရီ ၂နာရီလောက် အဝတ်ကလေးရေစွတ် အပေါ်ကတင်ပြီး နှပ်ထားပါ။ ကိုယ်ကတော့ စိတ်မြန်သူဆိုတော့ မနှပ်တော့့ပါဘူး။

ထန်းလျက်ကို ကတ်ကြေးနဲ့ အစိတ်ကလေးတွေ ရအောင်ညှပ်ပြီး မုန့်လုံးတာတွေကတော့ သိပြီးသားမှို့့မပြောတော့ပါဘူး။ ပုံမှာသာကြည့်ကြပါတော့။

ရေနွေးပွက်ပွက်ဆူထဲ မုန့်လုံးထားတာတွေ အသာပစ်ထည့်ပါ။
မုန့်လုံးရေပေါ်ဆိုတော့ ရေပေါ်ပေါ်လာမှ ဇကာလေးနဲ့့စစ်ယူရတာပါ။ မုန့်ကို နှပ်မထားရင် နယ်ပြီးပြီးချင်း လုံးတယ်ဆို မုန့်ပေါ်လာလာချင်း မဆယ်ပါနဲ့။ မုန့်ပိုကျက်သွားအောင် ခဏတဖြုတ်စောင့်ပြီးမှ ဆယ်ပါနော့။.
မုန့်ကလုံးတုံးက သေးသေးလေး။ မုန်ကျက်လာရင် ပွလာလို့ မုန့်လုံးက ပိုကြီးလာပါတယ်။ ဒါကြောင့် သိပ်အလုံးကြီးတွေ မလုံးပါနဲ့။ အလုံးကြီးတော့ ထန်းလျက်နည်းပြီး အရသာမရှိဖြစ်တတ်ပါတယ်။


အုန်းသီးကတော့ wet market တွေမှာ ခြစ်ပြီးသား ဖွေးဖွေးလေးတွေ ရောင်းပါတယ်။ တစ်ကျပ်ဘိုးဆို အတော်ရပါတယ်။ ငှက်ပျောဖတ်ကိုလည်း wet market မှာပဲ ဝယ်လို့ရပါတယ်။ ၅မူးဘိုးဆို ရပါပြီ။ ငှက်ပျောဖတ်လေးနဲ့ဆိုတော့ အမြင်လည်းလှ မွှေးလည်း ပိုမွှေးသလိုပဲလေ။

ဟိုနေ့က ဈေးနောက်ကျလို့ အုန်းသီးခြစ်ပြီးသားမရ ရတာသာဝယ်လာရပါတယ်။ ဒါခွဲဘို့ ခြစ်ဘို့ဆို တစ်ယောက်ယောက် အကူအညီလိုတယ်။ ဘယ်သူလာကူလုပ်ပေးမလဲ စောင့်လိုက်ဦးမယ်။
ဆင်ပြောင်ကြီး အမြီးကျမှ တစ်ရလေခြင်း။

ဟိုဘက်က မုန့်လုံးရေပေါ်ကတော့ အုန်းသီး မပါပဲနဲ့ ဘယ်သူစမြိုင်းလိုက်လဲမသိဘူး။ ၄လုံးလျော့နေပြီ ... း )


နှစ်ဆန်းတစ်ရက်နေ့ အလှူ ...

အိမ်ရောင်းနေသူတွေကြား မုန့်ရောင်း : ) ... အဲ မုန့်ကျွေးလိုက်ဦးမယ်။ ဒီနေ့နှစ်ဆန်း ၁ရက်နေ့ဆိုတော့။အလှူပေါ့နော်။

ကြေးအိုးဆီချက် အရင်စားနှင့်နော်။



ရှမ်းထမင်းချဉ်ပါ။

ဒီကတော့ အသုတ်စုံပါ။ လှည်းတန်းဈေးထဲက အသုတ်စုံ စားချင်လို့ ချင်ချင်းတတ်တိုင်း ဒီလိုသုတ်စားနေကျ။ လာမဲ့ sunday သူငယ်ချင်းတွေ အိမ်လာမယ်ဆိုလို့ စုပြီးအဲလိုသုတ်စားကြမလို့။ ၇ှူးရှဲ ... ချဉ်ငန်စပ်လေး။ ဟင်းချိုကတော့ ပုဇွန်ခြောက်နဲ့ ပဲပင်ပေါက် ... ငရုပ်ကောင်းမွှေးမွှေးလေး ခပ်ပြီး ... သောက်လိုက်မယ်။


အိမ်မှာတော့ မနက်ဖြန် မုန့်လုံးရေပေါ်လုပ်ပြီး ဘေးအိမ်တွေကို လိုက်ဝေမယ် စိတ်ကူးထားပါတယ်။
မနှစ်က လုပ်စားတဲ့ မုန့်လုံးရေပေါ်ပါရှင့်။


စမူစာကြော်လေးလဲ လက်ဖက်ရည်နဲ့မြည်းရင် အရမ်းကောင်း။

စင်္ကာပူမှာ အိမ်ဝယ်မယ်ဆိုရင် ...(၄)










(မြန်မာကျူးပစ်ဖိုရမ်မှ ကိုမောင်ခြိမ့်ရေးထားသည်များကို ပြန်လည်ကူးယူဖေါ်ပြပါသည်။
စုစုပေါင်း အပိုင်း ၇ပိုင်းရှိပါတယ်။ တစ်ပိုင်းစီအေးအေးဆေးဆေးဖတ်နိုင်အောင် တင်ပေးသွားပါမယ်။)

(၁၀ ) ကျွန်တော်တို့တစ်တွေ အိမ်ဝယ်တဲ့ အခါမှာ ငွေဘယ်လောက်လက်ထဲမှာ နဲ့ စီပီအက်ဖ် စုစုပေါင်းငွေ ဘယ်လောက်ရှိသင့်သလဲဆိုတာ အကြမ်းဖျဉ်း သိပြီးတဲ့နောက် ပွဲစားကိုဆက်သွယ်ကြတာပေါ့။ တချို့တစ်တွေက ပွဲစားမပါပဲနဲ့ အိမ်ဝယ်တဲ့ သူတစ်ယောက် ၂ယောက်ကို တွေ့ဖူးပါတယ်။ ကျွန်တော်အနေနဲ့တော့ အားမပေးပါဘူး။ လိုအပ်တဲ့ စာရွက်စာတမ်း၊ ဘဏ်ဆက်သွယ်မှု့၊ ရှေ့နေ နဲ့ JDB ရဲ့ ရုံးလုပ်ငန်းတွေလုပ်ကိုင်ဖို့ အတွက် ကိုယ့်မှာမရှိတဲ့ အချိန်တွေကို ပွဲစားက ကိုယ်စားလုပ်ပေးတာပါ။

ပွဲစားကို ဆက်သွယ်ချင်ရင် ဘယ်လိုဆက်သွယ်ရသလဲဆိုရင် ကိုယ်လိုချင်တဲ့ နယ်မြေမှာ ရှိတဲ့ ပွဲစားကို သတင်းစာထဲက Classified Section မှာသော်လည်းကောင်း၊ စာတိုက်ပုံးထဲမှာ စိတ်ပျက်လောက်အောင် လာထည့်တဲ့ ကြော်ငြာစာရွက်တွေထဲက လည်ကောင်း ဖတ်ကြည့်ပြီး တယ်လီဖုန်းနဲ့ ဆက်သွယ်ဆောင်ရွက်ပေါ့။ ပြီတော့ ပွဲစားပြတဲ့ အိမ်တွေကို လိုက်ကြည့်ပါ။ ပွဲစားတိုင်း မကောင်းပါဘူး။ တချို့က အရမ်းအေးရင်လည်း ဈေးဆစ်တာ တွေ လုပ်ငန်းဆောင်ရွက်တာတွေမှာ ကိုယ်က သူ့ကို ပြန်ပြီး လမ်းညွန်နေရတဲ့ ပွဲစားတွေလဲ ရှိပါတယ်။ တချို့ပွဲစားတွေက သိပ်လည်လွန်းအားကြီးပြီး ရောင်းသူ ၀ယ်သူ နှစ်ဖက်လုံးကို လက်ဝါးကြီအုပ်ချင်တဲ့ ပွဲစားတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် သတိထားတာ ကောင်းပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့မြန်မာလူမျိုးက အားနာတတ်ပါတယ်။ ပွဲစားလိုက်ပြတဲ့ အိမ် ၄-၅ အိမ်လောက်ဆိုရင် အားနာနေတတ်တာပါ။ ဒါကြောင့် ကိုယ်သိပ်ကြိုက်တဲ့ အိမ် မဟုတ်ပေမဲ့လည်း ပွဲစားအားနာလို့ ၀ယ်ရတဲ့ အဖြစ်မျိုးကို မဖြစ်ပါစေနဲ့။ ပွဲစားဆိုတာ အိမ်တွေကို လိုက်ပြရမဲ့တာဝန်၊ နဲ့ ပြတဲ့ အိမ်တိုင်းကိုလည်း သူတို့ရဲ့ အတတ်ပညာနဲ့ မယူ ယူဖြစ်သွားအောင် တိုက်တွန်းတာ သူတို့အလုပ်ပါ။ ကျွန်တော်တို့အနေနဲ့လည်း ကိုယ်ပိုင် အိမ်အဖြစ်ဝယ်တယ်ဆိုတာ ပေါ့ပေါ့လေးရွေးချယ်လို့မရပါဘူး။ ကိုယ်ကြိုက်နှစ်သက်မှ ၀ယ်ပါ။ အားမနာပါနဲ့။ မကြိုက်ရင်လည်း မကြိုက်ဘူး နောက်တအိမ် ထပ်ပြဖို့ ပြောပါ။
ကြုံလို့ ပြောရရင် ပွဲစားကို အိမ်ခန်းပေါင်း ၅၀ ကျော် လိုက်ပြပြီး အဲဒီ ပွဲစားနဲ့ မ၀ယ်မိလိုက်ပဲ နောက်တစ်ယောက်နဲ့ အဆင်ပြေသွားတဲ့ မြန်မာတွေလည်း တွေ့ဖူးပါတယ်။ အယ် အဲဒီလောက်ကြီးတော့ ဂျီးလည်း မများနဲ့ပေါ့ဗျာ။ ၀ယ်တော့မယ် ဆိုကတည်းက ကိုယ်ဘယ်လိုမျိုး အိမ်မျိုးကို ကြိုက်နှစ်သက်တတ်သလဲဆိုတာကိုတော့ ပွဲစားနားလည်အောင်ပြောပြထားလိုက်ပါ။

(၉) အိမ်တွေကို လိုက်ကြည့်ပြီဆိုတာနဲ့ အိမ်ထဲကို ရောက်ပြီ သော်လည်းကောင်း၊ မရောက်ခင် သော်လည်းကောင်း Valuation Report ( ရာဖြတ်မှတ်တမ်း ) ကို တောင်းကြည့်လို့ရပါတယ်။ အဲဒီ မှတ်တမ်းထဲမှာ အိမ်ရဲ့ အကျယ်အ၀န်း၊ အိမ်ကို အကြမ်းဖျဉ်း ဘယ်လို ပြင်ဆင်ထားသလဲ၊ အိမ်ပတ်ဝန်းကျင်မှာ Amenity လို့ခေါ်တဲ့ ဈေး၊ ကျောင်း၊ Shopping Centre, MRT Station, Community Park စတဲ့ နေရာတွေနဲ့ အကွာအဝေး ဘယ်လောက်မှာ ရှိသလဲဆိုတာ ကို အကြမ်းဖျဉ်း ရေးထားပါတယ်။ အိပ်ခန်း ဘယ်နှစ်ခန်းပါသလဲ။ မာစတာ အခန်းက ဘယ်လောက်ကျယ်သလဲ၊ Build-in Wardrobe ပါတယ် မပါဘူး စသည်တို့ကိုလည်း ရေးထားတတ်ပါတယ်။ နောက်ဆုံးအရေးကြီးဆုံးက ရာဖြတ်က ဒီအိမ်ကို ဘယ်လောက်တန်ပါတယ်ဆိုတဲ့ စကားလုံးပါပဲ။ အဲဒါကို Valuation Price လို့ခေါ်ပါတယ်။

(၁၀) ကျွန်တော်တို့ မိသားစု က ဈေးသည် မိသားစုပါ။ ၀ယ်မယ်လို့ ဆုံးဖြတ်ပြီးမှ ဈေးဆစ်တာကို သဘောကျပါတယ်။ ဈေးဆစ်လို့ ရောင်းတဲ့သူက ပေးမယ်လို့ ပြောတဲ့အခါကျမှ ၀ယ်သူက သူပြောတဲ့ ဈေးကိုပေးလို့ ဒွိဟဖြစ်ပြီး မယူဘူးဆိုရင် ရောင်းတဲ့သူက တော်တော်လေးကို စိတ်ဆိုးပါတယ်။ ဒါကြောင့် အိမ်တွေကို လိုက်ကြည့်ပါ။ မကြိုက်ရင် နောက်တစ်အိမ်ပြောင်းကြည့်ပါ။ မကြိုက်သေးရင် ဈေးမဆစ်ပါနဲ့။ ကြိုက်မှ ဈေးဆစ်ပါလို့ ပြောပါရစေ။

(၁၁) စင်္ကာပူမှာ အိမ်တော်တော်များများက Valuation Price+ အပိုငွေ ဆိုပြီး ဈေးခေါ်တတ်ပါတယ်။ အိမ်ရဲ့အခြေအနေ တော်တော် မကောင်းတာ သို့မဟုတ် အိမ်ရောင်းမဲ့သူက အမြန်ရောင်းချင်တဲ့အခါမျိုးဆိုရင်တော့ Valuation Price သို့မဟုတ် အဲဒီထက် လျော့တောင်းတာမျိုး ရှိပါတယ်။ အများအားဖြင့်တော ၉၀ ရာနှုန်းတော်တော်များများဟာ Valuation Price ထက် ဘယ်သူမှ လျော့မရောင်းတတ်ပါဘူး။ ကျွန်တော်တို့တစ်တွေ ဈေးဆစ်ရင် အပိုငွေ ကို ပဲ ဈေးဆစ်ကြတာများပါတယ်။ အပိုငွေကို ဒေါ်လာ ၃၀၀၀ လောက်ကနေ ၃၀ ၀၀၀ လောက်အပိုတောင်းတတ်ပါတယ်။ အိမ်ကို ငွေကုန်ကြေးကျ အကုန်ခံပြီး ပြင်ဆင်ထားတတ်တဲ့ အိမ်ရှင်တွေ ဆိုရင် ၃သောင်းလောက်က တောင်းတတ်ပါတယ်။ ကျွန်တော် ၀ယ်တုံးက အပိုငွေ ၃၇၀၀၀ အပိုပေးရပါတယ်။

=======
ဈေးဆစ်ပြီး ဈေးတည့်ပြီးတဲ့နောက် ဘာတွေ အဓိကထားလုပ်ရမယ်ဆိုတာ ဆက်ပါမယ်။

ဆက်ပါမည်။

Thursday, April 16, 2009

စင်္ကာပူမှာ အိမ်ဝယ်မယ်ဆိုရင် ...(၃)


(မြန်မာကျူးပစ်ဖိုရမ်မှ ကိုမောင်ခြိမ့်ရေးထားသည်များကို ပြန်လည်ကူးယူဖေါ်ပြပါသည်။
စုစုပေါင်း အပိုင်း ၇ပိုင်းရှိပါတယ်။ တစ်ပိုင်းစီအေးအေးဆေးဆေးဖတ်နိုင်အောင် တင်ပေးသွားပါမယ်။)


(၇) စင်္ကာပူပီအာတွေအနေနဲ့ အိမ်ဝယ်ပြီဆိုမှတော့ ဘဏ်နဲ့ မဖြစ်မနေ ဆက်သွယ်ဆောင်ရွက်ရတာပါပဲ။ ပွဲစားကို မေးပြီးဆိုရင် ပွဲစားကတော့ သူနဲ့ သိတဲ့ဘဏ်နဲ့ အရင်မိတ်ဆက်ပေးတတ်ပါတယ်။ ဒါပေမဲ့လည်း ကိုယ်ကလေ့လာထားတယ် ဘယ်ဘဏ်ကိုဆက်သွယ်မယ်ဆိုရင်တော့ သူတို့လဲ ကူညီပေးကြပါတယ်။ ဒါကြောင့် စင်္ကာပူမှာ အိမ်(HDB Flat) ၀ယ်မဲ့ သူတွေအနေနဲ့ ကိုယ်တိုင် တတ်နိုင်သလောက်လေးကို နားလည်ထားမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

ပြောမဲ့သာ ပြောရတာပါ။ စင်္ကာပူက ဘဏ်တွေ က သူတို့ ဖန်တီးထားတဲ့ ဈေးနှုန်းတွေကို မငြီးမငွေ့ရှင်းပြပါလိမ့်မယ်။ နောက်ဆုံးတော့ ဘယ်ဘဏ်ပဲသွားသွား ကိုယ်ပေးရမဲ့ငွေကတော့ မပြောင်းလဲသွားပါဘူး။ တချို့က ပိုက်ဆံစတင်ယူတဲ့အချိန်မှာ လျော့ယူပြီး၊ နောက်မှ ယူတယ်ပေါ့။ တချို့ကျတော့လည်း အစကတည်းက ပုံမှန်၊ နောက်ပိုင်းမှာလဲ ပုံမှန်ပေါ။ ဒီတော့ဟာ ၀န်ဆောင်မှုကောင်းတဲ့ဘဏ်၊ ဆက်ဆံရေးကောင်းတဲ့ ဘဏ်မှာ ငွေချေးကြပါ။ တခါတလေကျရင် ကိုယ်က အနည်းငယ်လေ့လာထားတော့ သိနေပေမဲ့ သူတို့တစ်တွေက ကိုယ်လောက်တောင် နားမလည် မသိတဲ့ ဘဏ်ဝန်ထမ်းကောင်မလေးတွေ အများကြီးပါပဲ။

ကဲ အာလူးဖုတ်တာတွေ ခဏဘေးဖယ်ထား။ စင်္ကာပူမှာ ငွေချေးမယ်ဆိုရင်တော့ POSB Home Loan, OCBC Home Loan နဲ့ HSBC Home Loan တွေက နာမည်ကြီးပါတယ်။ အတိုးနှုန်းတွေ မှာ ဘယ်လိုရှိသလဲဆိုရင်

ကျွန်တော် ဥပမာအနေနဲ့ POSB Home Loan ကိုအခြေခံပြီး ပြောပြပါမယ်။

အိမ်ရဲ့မူလတန်ဖိုး ၉၀ ရာနှုန်းချေးတဲ့သူ နဲ့ ၈၀ ရာနှုန်းချေးတဲ့သူ အတိုးနှုန်းတွေမတူပါဘူး။ ၉၀ရာခိုင်နှုန်း ဘဏ်က ချေးငွေယူသူတွေ က အတိုးနှုန်းပိုများပါတယ်။

ဘဏ်တွေမှာ ပထမအဆင့်အနေနဲ့ ၁နှစ်၊ ၂ နှစ် ၊ ၃ နှစ် အတိုးနှုန်းကို ပုံသေထားသူ၊ တွေကို Lock in Period သမားတွေ လို့ ခေါ် ဆိုပါတယ်။ Lock in Period အတွင်းမှာ အိမ်ကို ပြန်ရောင်းခြင်း၊ Capital (အရင်း ) ပြန်ဆပ်ခြင်း၊ နောက်ဘဏ်တခု ကိုပြောင်းခြင်း မလုပ်ရပါဘူး။ No Lock in Period သမားတွေအတွက် အတိုးနှုန်းက တမျိုးပါ။ စာနဲ့ချရေးပြီး ရှင်းပြရတာထက် ကျွန်တော် အောက်မှာပြထားတဲ့ ပုံကို ကြည့်လိုက်ပါ။



အတိုးနှုန်းကို အကြမ်းဖျဉ်းပြောပြီးသွားတော့Installment ကိုပြောပြပါမယ်။ Installment က ကိုယ်ချေးတဲ့ ငွေပမာဏ၊ ကိုယ်ချေးတဲ့ နှစ်၊ အတိုးနှုန်းတို့အပေါ်မှာ မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ ဒီနေရာမှာ အကြံပေးချင်တာက လစဉ် ကိုယ် နဲ့ အိမ်ထောင်ဖက် ရဲ့ စီပီအက်ဖ် Ordinary accountထဲကို ဘယ်လောက်ဝင်မလဲ ပေါ်မှာ ကိုယ်ရေရှည် ပေးနိုင်မဲ့ ငွေပမာဏကို ဆုံးဖြတ်ဖို့လည်း လိုပါတယ်။ တခုသတိပေးလိုတာက ကိုယ်လစဉ်ပေးရမဲ့ငွေ ကို ချင့်ချိန်နိုင်ဖို့ပါ။ ခဏတာ ကာလလေးကို မကြည့်ပဲ၊ နှစ်ပေါင်း ၁၅ နှစ် ၃၀ နှစ် ပေးရမှာဖြစ်လို့ သေသေချာချာ စဉ်းစားဆုံးဖြတ်စေလိုပါတယ်။

ကျူးပစ်တွေကို မျှဝေချင်တာကာ ကျွန်တော် ယခုအချိန်ထိ အသုံးပြုနေတဲ့ အတိုးနှုန်း၊ ချေးငွေ၊ နှစ်ကာလ တို့ကို ထည့်လိုက်ရင် တစ်လကို ဘယ်လောက်ပေးရမလဲ ဆိုတာ တွက်ပေးတဲ့ Excel file တစ်ခု ကိုတင်ပေးပါမယ်။ အရမ်းအသုံးဝင်ပါတယ်။ စမ်းကြည့်လိုက်ပါ။ နားမလည်ရင်လည်းမေးလို့ရပါတယ်။

http://www.mediafire.com/?w4lk1cetyhm

အဲဒီဖိုင်ထဲကို ထည့်ပြီး တွက်လိုက်ရင် ဘာကိုသွားတွေ့ရမလဲဆိုရင် တနှစ်အတွင်းမှာ ကိုယ်က ပေးရတဲ့ငွေမှာ အရင်းဆပ်လိုက်ရတာငွေပမာဏ၊ အတိုးပေးလိုက်ရတဲ့ ငွေပမာဏကို တွေ့ရမှာပါ။ အဲဒီမှာ ဘဏ်တွေ ဘာလို့ ချမ်းသာတာလဲဆိုတာ သွားတွေ့ရပါလိမ့်မယ်။

ပိုပြီးလွယ်ကူအောင်လို့ ဖိုင်ထဲမှာ ဘဏ်က ၂၅၀ ၀၀၀ ချေးတဲ့ လူတစ်ယောက် တနှစ်ကို အတိုးနှုန်း ၄ရာခိုင်နှုန်း နဲ့ နှစ် ၃၀ ချေးမယ်ဆိုရင် တလကို ၁၁၉၃.၅၄ ဒေါ်လာ ပေးရပါလိမ့်မယ်။ အဲဒီငွေပမာဏကို မိမိရယ်၊ အိမ်ထောင်ဖက်ရယ် နှစ်ယောက်ပေါင်း စီပီအက်ဖ်ထဲကနေ လစဉ် ဖြတ်ယူနေပါမယ်။ အိမ်ထောင်ဖက်က အလုပ် လုပ်ကိုင်သူ မဟုတ်ဘူးဆိုရင် မိမိ စီပီအက်ဖ်ထဲက ဖြတ်ယူပါလိမ့်မယ်။

ဒီနေရာမှာ မိမိတို့၂ယောက် အလုပ်လုပ်ရာမှာ လစဉ်ဝင်ငွေပေါ်မှာ မူတည်ပြီး စဉ်းစားစေချင်ပါတယ်။ ဥပမာ လင်ယောကျားက လစဉ် ငွေပိုမိုဝင်တယ်ဆိုရင်တော့ ယောက်ျားဆီက ၇၅ ရာနှုန်းနဲ့ မိန်းမဆီက ၂၅ ရာနှုန်း စီပီအက်ဖ်က ဖြတ်ခိုင်းပေါ့။ ဒီလိုမှ မဟုတ် လင်မယား ၂ ယောက်လုံးအတူတူပဲ ဆိုရင်တော့ ၅၀-၅၀ အချိုးအတိုင်းပေါ့။

အကယ်၍များ လင်မယား ၂ယောက်ပေါင်း စီပီအက်ဖ် က လစဉ် အိမ်ဖိုးအတွက်ပေးရမဲ့ငွေ ပမာဏ (ဥပမာ ၁၁၉၃.၅၄) ကို မပေးနိုင်ဘူးဆိုရင် မိမိ စုငွေ သို့မဟုတ် အပြင်ကနေ ထပ်ဆောင်းပေးရပါတယ်။

ကဲ ဘဏ်ကငွေချေးတာ ကို ဒီမှာခဏ ရပ်လိုက်ပြီး ရှေ့ဆက် အိမ်လိုက်ရှာကြရအောင်၊ ပွဲစားနဲ့ဆက်သွယ်ကြရအောင်...

ဆက်ပါမည်။