သမီးနဲ့ ရယ်စရာအဖြစ်လေးတွေ မရေးရတာကြာလို့ သတိရတာလေး ပြောပြဦးမယ်။
မဆွိတီတို့ ပြီးခဲတဲ့ အခေါက် မြန်မာပြည်ပြန်တော့ အိမ်ကလူကြီးရဲ့ဇာတိမြို့နဲ့ ပုဂံ ဒေသကို အလည်ရောက်ခဲ့တယ်။ အိမ်ကလူကြီးရဲ့ ငယ်သူငယ်ချင်းတစ်ယောက်က (သမီးက ဦးဦးဇော်လို့ခေါ်ပါတယ်) ကားနဲ့ အသွားအပြန်လိုက်ပို့ပေးလို့ အလွန်အဆင်ပြေတဲ့ခရီးတစ်ခု ဖြစ်ခဲ့ပါတယ်။ သွားတဲ့လမ်းကလဲ နေပြည်တော် အမြန်လမ်း ဆိုတော့ လမ်းကဖြူးနေတာပဲ။ မောင်းတာကလည်း တစ်နာရီ ကီလို၁၄၀နှုန်းလောက်ဆိုတော့ အသွားမှာတင် ငါတို့အပြန် အသက်မှပြန်ပါပါ့မလားဆို ကြောက်ကြောက်နဲ့ စီးလိုက်လာခဲ့ရတာပါ။
ဒီလိုနဲ့ကားလေးပေါ် ဦးခြိမ့်ကရှေ့မှာထိုင် မဆွိတီတို့ သားအမိက နောက်မှာထိုင်ပြီး သွားခဲ့ကြတယ်။ သမီးဂျူဂျူလေးကတော့ တစ်ခါတစ်လေလဲ အမေပေါ်လှဲအိပ်လိုက် တစ်ခါတစ်ခါ ရွာသေးသေးလေးတွေဖြတ်သွားရင် ထကြည့်လိုက်နဲ့။ ဂျီတော့ မကျရှာပါဘူး။ လမ်းက ပဲခူးရိုးမကို ဖြတ်ဖောက်ထားတာဆိုတော့ တောင်တွေပဲတွေ့နေရတယ်။ လမ်းကဖေါက်နေဆဲဆိုတော့ လမ်းလုပ်သားတွေလဲ တွေ့ရတယ်ပေါ့။ ရှားရှားပါးပါး ရွာလေးတွေဖြတ်မိရင် မဆွိတီက သမီးအပြင်မှာသိပ်မမြင်ဘူးတဲ့ တိရိစ္ဆာန်တို့ ဘာတို့ ပြရတာပေါ့။ နွားတွေတွေ့ရင် သမီးရေ cow တွေ၊ ၀က်တွေတွေ့ရင် pig တွေ အစရှိသဖြင့် ပြရတာပေါ့။သမီးကလဲ အကောင်တွေ တွေ့တိုင်း လိုက်အော် ပျော်စရာကြီးပေါ့။ ကြံကြံဖန်ဖန် စာခြောက်ရုပ်တွေ့လို့တောင် သမီးက Scare Crow ဆိုအော်နေသေးတယ်။
ဒီလိုနဲ့ခြုံကောင်းကောင်းနေရာ တစ်ခုရောက်တော့ ဦးဦးဇော်က ကျန်းမာရေးဟေ့ဆို ... အော်ပြီး ... ကဲ မဆွိလဲဆင်းချင်ဆင်းလေဆို ပြောတော့ ကိုယ်ကလဲ ကျန်းမာရေးက ကောင်းနေဆဲဆိုတော့ မဆင်းတော့ဘူး။ ဘေးကမဂျူဂျူကတော့ မှိန်းနေရာကနေ ငေါက်ကနဲ ထလိုက်ပြီး ဘေးဘီကြည့်ပြီး မေမေ ဘာလဲဟင်။ ဆိုမေးတော့ ဒေါ်လျှာရှည် မဆွိတီက ရှင်းပြတာပေါ့။
သမီးရယ် ကျန်းမာရေးဆိုတာ ဒီလို ... လူတွေကို ခရီးသွားတုံး ရှူးရှူးပေါက်ချင်ရင် ပေါက်လို့ရအောင် ကားရပ်ပေးတာကိုပြောတာ။ ရှူးရှူးမပေါက်ပဲ အောင့်ထားတာကြာရင် မကောင်းဘူးမဟုတ်လား။ ကျန်းမာရေးထိခိုက်နိုင်တယ် သမီးရဲ့ ... ရှူရှူးတွေကို ဗိုက်ထဲမှာ အကြာကြီး မထားရဘူးနော် ... သိလား ... သမီးလဲ ရှူးရှူးပေါက်ချင်ရင် မေမေ့ကိုပြောနော် ... ဆိုပြီး ရှင်းပြလိုက်ရတာ။ ပြီးတော့မှ မရွှေဂျူဂျူက မကျေမနပ်မျက်နှာနဲ့ လှပ်ထားတဲ့စောင်ပြန်ခြုံပြီး ပြန်လှဲအိပ်ရင်း နောက်ဆုံးဘာပြောသွားတယ်ထင်တုံး ...
"I thought ကြက်မကြီး " တဲ့ ...
ရယ်လိုက်ရတာ။
သူက ကျန်းမာရေးလို့ ဦးဦးဇော်က အော်လိုက်တာကို ကြက်မကြီး လမ်းမှာတွေ့လို့ အော်တယ်ထင်လို့ ကြည့်ဘို့ ငေါက်ကနဲ ထထိုင်တာကိုး ...
Wednesday, June 24, 2009
Friday, June 19, 2009
စင်္ကာပူစတိုင် ငါးခေါင်းဟင်း

လာပြီလာပြီ ဒေါ်ဆွိတီ။
မသက်ဝေရေ ... မအားတဲ့့ကြားက ပရိတ်သတ်က တောင်းဆိုလို့ ... တင်ပေးလိုက်ပြီနော်။
ဟိုနေ့က ငါးခေါင်းတွေ တွေ့လို့ ဝယ်လာခဲ့တယ်။ စင်ကာပူစတိုင် ငါးခေါင်းဟင်းချက်စားချင်လို့ပါ။ ငါးခေါင်းတစ်ခြမ်းကို စလုံး၇ကျပ်ပေးရပါတယ်။
လိုတဲ့ပစ္စည်းတွေက လူ ၃-၄ ယောက်စာလောက်
၁။ ငါးခေါင်း တစ်ခြမ်း (၈၀၀ ဂရမ်လောက်)။ဆား၊နနွင်း၊ အချိုမှုန့် နယ်ထားပါ။ငါးခေါင်း ဘယ်လောက်ကြီးကြီး မခုတ်ပစ်ပါနဲ့.။ အခြမ်းလိုက်ချက်တာကောင်းပါတယ်။ ခုတ်လိုက်ရင် အရိုးတွေနဲ့ ကြေကုန်မစိုးလို့ပါ။ အမြင်လည်းမလှပါဘူး။ အဲနေ့က ချက်တော့ ကြီးလွန်းလို့ဆို ခုတ်လိုက်မိလို့ပါ။
၂။ ကြက်သွန်နီ အလုံးကြီးတစ်လုံး၊ အဖြူ ၁၀မွှာလောက်၊ ဂျင်း လက်၂ဆစ်လောက်၊ စပါးလင် ၁ချောင်းပါးပါးလှီးထားတာ၊ အားလုံးကို တစ်ခုစီကြိတ်ထားပါ။
၃။ ငါးမဆလာ ၃ဇွန်းခန့် (NTUC, Super market တွေမှာ ဒါမှမဟုတ် wet market တွေမှာ ရပါတယ်။ နနွင်းရောင်လေးနဲ့ မဆလာပါ။)
၄။ ခရမ်းသီး အရွယ်တော် ၁လုံး၊ရှစ်စိတ်စိတ်ထားပါ။
၅။ ခရမ်းချဉ်သီး ၂ လုံးလောက်ကို ၄စိတ်စီ စိတ်ထားပါ။
၆။ ရုံးပတီသီး ၃-၄တောင့်၊ခပ်ရွှေရွှေ အပိုင်းလေးတွေ လှီးဖြတ်ထားပါ။
၇။ပျဉ်းတော်သိမ်ရွက် (Curry leaf) ၂ခက် ၃ခက်လောက်ကို အရွက်ချွေထားပါ။
၈။ငရုပ်သီးစိမ်း ၄-၅တောင့်ကို ထပ်ခြမ်းခြမ်းထားပါ။
၉။ ငရုပ်သီး အရောင်တင်မှုန့် တစ်ဇွန်း၊
၁၀။ မန်ကျည်းရေ လက်တစ်ဆုတ်ဖျော်စာလောက်။ရေများများနဲ့ဖျော်ထားပါ။
၁၁။ နိူ့စိမ်း (Unsweetened condensed milk or evaporated milk) ၆ ဇွန်းခန့်။
၁၂။ အုန်းနို့ ခပ်ပျစ်ပျစ်၂ဇွန်း၊
၁၃။ သကြား ၂ဇွန်း၊
၁၄။ဆီ ၅ဇွန်း၊
၁၅။ သံပုရာသီး တစ်လုံး၊ ညှစ်ရလွယ်အောင် လှီးပြီး အစေ့ထုတ်ထားပါ။
၁။ပထမ ငါးခေါင်းကို အိုးတစ်ခုထဲထည့်ပြီး ၅ မိနစ်လောက် Steam လုပ်ထားပါ။ ရေနဲနဲနဲ့ ပြုတ်ရင်လဲ ရပါတယ်။
၂။ဒယ်အိုးဇောက်နက်နက်ကို မီးအနေတော်ထား၊ ဆီထည့် ၊ ဆီကျက်ရင် ဂျင်း၊ကြက်သွန်ဖြူ၊နီ၊ စပါးလင်ထောင်းထားတာကို ထည့်မွှေပါ။
၃။ ကြက်သွန်တွေနွမ်းလာရင်ပျဉ်းတော်သိမ်ထည့်၊ မဆလာထည့်ပြီး ဆက်မွှေပါ။ အရောင် နဲနဲညိုလာလိမ့်မယ်။ ငရုပ်သီးအရောင်တင်မှုန့်ပါ ထပ်ထည့်ပြီး မွှေပေးပါ။မတူးပါစေနှင့်။
၄။ ဆီသတ်လို့ အတော်မွှေးလာပြီဆို နို့စိမ်းထည့်၊အုန်းနို့ထည့်ပြီး မွှေပေးပါ။
၅။ ရေ အနည်းငယ်ထည့်ပြီး ခရမ်းသီးထည့်ပါ။ ပွက်လာရင် မန်ကျည်းရေလောင်းထည့်ပါ။ အဖုံးပိတ်ထားပါ။
၆။ ခရမ်းသီး နပ်ခါနီးလောက်တဲ့အချိန်ကျရင် ရုံးပတီသီးရယ် ၊ငါးခေါင်း steam လုပ်ထားတာရယ်၊ ခရမ်းချဉ်သီးရယ်၊ ငရုပ်သီးစိမ်းရယ် ထည့်။ အပေါ့အငံမြည်း၊ သကြားထည့်၊ဆားထည့် ပြီး အဖုံးဆက်အုပ်ထားပါ။မွှေးအောင် သံပုရာရည်လေး ညှစ်ထည့်ပါဦး။ ငါးခေါင်းမကြေအောင် ဂရုစိုက်ထည့်ပါ။
၇။ ၃-၄မိနစ်လောက်ကြာရင် ချပြီး စားလို့ရပါပြီ။ မချခင် မြည်းကြည့်ပြီး အငံ၊အချို လိုတာထပ်ထည့်ပါ။အနံ့၊ အရသာနဲ့ပြည့်စုံတဲ့ Curry Fish Head ဟင်းရပါပြီ။ သူက အနှစ်ကိုက မွှေးပြီး အလွန်အရသာရှိပါတယ်။ ကန်ဇွန်းရွက်ကြော်၊ဒါမှမဟုတ် ကိုက်လံရွက်ကြော်စိမ်းစိမ်းလေးနဲ့ ထမင်းနဲ့ အလွန်လိုက်ဖက်ပါတယ်ရှင်။
မြန်မာကျူးပစ်တွင်ဖော်ပြပြီး ...
Thursday, June 4, 2009
Thai Basil Chicken-ယိုးဒယားစတိုင် ဘေဆယ်ကြက်သားကြော်

ယိုးဒယားဟင်းတစ်ခွက် ဖြစ်တဲ့ဘေဆယ်ရွက်နဲ့ ကြက်သား ဘယ်လိုချက်ရလဲဆိုတာပြောပြပါမယ် ... ချက်ရတာ မြန်ပြီး လွယ်လဲလွယ်ပါတယ် ... စလုံးကြက်သားတွေက အညှီနံ့တစ်မျိုးရှိလို့ အဲ့လိုချက်စားရင် ဘေဆယ်ရွက်နံ့သင်းသင်းလေးနဲ့ အရသာလဲရှိပါတယ်။
လိုတဲ့ပစ္စည်းတွေက
၁။ ကြက်သားအသားချည်း ၃၀၀ဂရမ် အတုံးသေးလေးတွေတုံးထားပါ။ ပြီးရင် ဆား၊ သကြား၊ ဟင်းချိုမှုန့်၊ ပဲငံပြာရည်၊ ငံပြာရည်တို့နဲ့ နယ်ထားပါ။ ကြက်သားအကြေကြိတ်ထားတာဆိုလည်းရပါတယ်။
၂။ ကြက်သွန်ဖြူ ဥကြီး ၄-၅မွှာ ကြိတ်ထားပါ။ သိပ်မညက်ပါစေနဲ့ ။သေးသေးလေးတွေ chop လုပ်ထားတာဆို ပိုကောင်းပါတယ်။
၃။ ဂျင်း လက်တစ်ဆစ်လောက် အချောင်းသေးသေးလေးတွေလှီး(သို့) ပါးပါးလှီးထားပါ။
၄။ ကြက်သွန်နီ အနေတော် ၁လုံးကို ရှစ်စိတ်စိတ်ပြီး အလွှာလေးတွေ ခွါထားပါ။
၅။ ငရုပ်သီးစိမ်း ၃-၄တောင့်လောက်ကို ပါးပါးလှီးထားပါ။
၆။ ဘေဆယ်ရွက် (sweet basil/common basil/Thai basil) ၃ခက် လောက်ကို အရွက်ချွေထားပါ။
၇။ ငံပြာရည် သင့်သလို
၈။ ပဲငံပြာရည် အနောက် သင့်သလို (အရောင်လှရန်အတွက်)
၉။ သကြားတစ်ဇွန်း
၁၀။ ငရုပ်ကောင်းမှုန့့် အနည်းငယ်
၁၁။ ဆီ ၅ဇွန်း
(မဆွိတီပြောတဲ့ ဇွန်းဆိုတာ ထမင်းစားတဲ့အခါသုံးတဲ့ ခရင်းနဲ့တွဲစားတဲ့ ဇွန်းပါ- Table spoon ခေါ်ပါတယ်။)
ချက်နည်းအဆင့်ဆင့်က
၁။ မီးပျင်းပျင်းနဲ့ ဒယ်အိုးပိုင်းတည်၊ ဆီထည့်ပါ။
၂။ ဆီကျက်ရင် ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းကြိတ်ထားတာတွေထည့် မွှေပါ။
၃။ ကြက်သွန်ဖြူ ရွှေဝါရောင်လေးသန်းလာပြီဆို ကြက်သားထည့် အဆက်မပျက်မွှေပေးပါ။
ကြက်သားကထွက်လာတဲ့ရေခန်းပြီး ခြောက်လာတဲ့အထိ ၂မိနစ်လောက်ဆက်မွှေပေးပါ။
၅။ ကြက်သွန်နီလှီးထားတာထည့်မွှေ ၊သကြား၊ ပဲငံပြာရည် အနည်းငယ်ထည့်ပြီးဆက်မွှေပါ။
၆။ ကြက်သွန်နီ နဲနဲနွမ်းလာရင် ဘေဆယ်ရွက်၊ ငရုပ်ကောင်းနဲ့ ငရုပ်သီးလှီးထားတာလေးတွေခပ်ပြီး မွှေးလာရင် အပေါ့ အငံ အချိုမြည်း လိုရင်ထပ်ထည့် ချလို့ရပါပြီ။
ဘေဆယ်ရွက်မွှေးမွှေးလေးနဲ့ ကြက်သားဟင်းတစ်ခွက်ရပါပြီ။
ထမင်းဖြူ (သို့) ထမင်းကြော်ရယ် ကြက်ဥ half fried ကြော်ရယ်၊ ငရုပ်သီးငံပြာရည်ရောထားတဲ့ ဆော့စ်ရယ်တွဲစားကြပါတယ်တဲ့။
ငရုပ်သီးငံပြာရည်ဆော့စ် (Chili Fish Sauce)
၁။ ငရုပ်သီး ၂-၃ တောင့် ပါးပါးလှီးထားပါ။
၂။ ကြက်သွန်နီအလုံးသေးလေး၁လုံး ပါးပါးလှီးထားပါ။
၃။ ငံပြာရည် ၂ဇွန်း
၄။ သံပရာရည် (သံပုရာသီးသေးသေး တစ်စိတ်)
အထက်ပါ၄မျိုးကို ပန်းကန်ဲလုဲးထဲရောထည့်ရင် ငရုပ်သီးငံပြာရည်ဆော့စ် ရပါပြီ။

(Chilli fish sauce စပ်တဲ့ပုံကို အင်တာနက်မှ ယူပါသည်)

Monday, June 1, 2009
ငယ္ငယ္တံုးက ၁
ခုချိန် သမီးလေးကိုကြည့်လိုက်ရင် ရှေ့သွားမှာ အပေါက်ဟောင်းလောင်းနဲ့ ပြတင်းပေါက်လိုလေးဖြစ်နေတယ်။ သမီးသွားကိုတွေ့လိုက်တိုင်း မဆွိတီရဲ့ စိတ်ထဲမှာ ငယ်ငယ်က အဖြစ်တစ်ခုကို သတိရမိပြန်တယ်။
သူငယ်တန်းတက်တုံးကအဖြစ်လေးပါ။ အကိုလတ်ကတော့ ၂တန်းပေါ့။ မဆွိတီတို့အတန်းနဲ့ အကိုလတ်တို့ အတန်းက နဲနဲနီးတယ်။ အဲဒီအချိန်ကိုယ်လဲ အပေါ်ရှေ့သွား ၂ချောင်းက ကျိုးနေတော့ သွားဟောင်းလောင်းနဲ့ ရယ်ချင်စရာဖြစ်နေမှာပေါ့။ အဲဒီတော့ အကိုအလတ်နဲ့ သူ့သူငယ်ချင်းတွေက ချစ်စနိုးနဲ့ စကြတာပေါ့။ သွားမှာ ပြတင်းပေါက်ကြီးနဲ့ ဘာညာဆို ... အောင်မာ ... အဲဒီအချိန်ကတည်းက သဘောကောင်းတဲ့ မဆွိတီသေးသေးလေးက အဲဒါကို စိတ်မဆိုးဘူးဗျ။ စိတ်မဆိုးတဲ့အပြင် အကိုတွေအတန်းရှေ့ ငုတ်တုတ်သွားထိုင်ပြီး ညိုမြသွားလုပ်နေသေးတယ်။ ခလေးဆိုတော့ ကျောင်းနေကာစ နားမလည်ပါးမလည်တာလဲပါမှာပေါ့။
အဲလိုသွားထိုင်နေတုံး ... ဒုတ် ... ဆိုတဲ့အသံနဲ့အတူ ခေါင်းက အတော်နာကျင်သွားပြီး ရုတ်တရက် သတိမေ့သလိုတောင်ဖြစ်သွားတယ်။ ဘာဖြစ်လိုက်မှန်းမသိလိုက်ဘူး။ နောက်မှ အကိုလတ်က အတန်းထဲကနေထွက်လာပြီး ဘုတ်အီးမရေ နင့်ခေါင်းမှာ သွေးတွေဟ ... ဆိုထအော်မှ ကျောင်းသားတွေရော ဆရာမတွေရော ပြေးလာကြတယ်။ နောက်တော့ သွေးတွေထွက်လိုက်တာ ... ကိုယ်ဝတ်ထားတဲ့ အင်္ကျီအပြာနုလေး တစ်ခုလုံး သွေးတွေချင်းချင်းနီလို့။ ကျောင်းကရပ်ကွက်နဲ့နီးတော့ ခလေးတစ်ယောက် နောက်ကနေ လေးခွနဲ့ ပစ်တာ ဖြစ်မယ်လို့ပြောကြတယ်။
ဆရာမတွေ ကထိတ်ထိတ်ပြာပြာနဲ့ သွေးတိတ်အောင် မျိုးစုံလုပ်ပေမဲ့ သွေးတွေအရမ်းထွက်နေတုံး။ ဆိုင်မဆိုင်တော့ မသိ၊ နေပူလို့ သွေးတွေအရမ်းထွက်တယ်လို့ ပြောနေကြတယ်။ ကိုယ့်မှာတော့ သွေးမြင်တာလဲ လန့်ရကောင်းမှန်းမသိ လူကအူကြောင်ကြောင်ကို ဖြစ်နေတယ်။ နောက်ဆုံးသွေးတိတ်သွားတော့မှ ဆရာမတွေက သွေးတွေပေနေတဲ့ ကိုယ့်အင်္ကျီလေး ချွတ်ပြီး လျော်ပြီး နေလှန်းထားတယ်။ ကိုယ်ကတော့ တုံးလုံးလေးနေရတာပေါ့။ ဆင်းရဲတဲ့ကျောင်းဆိုတော့ အင်္ကျီတောင်အပို ရှိပုံမပေါ်ဘူး။ အဖြူနဲ့ အစိမ်းလဲမ၀တ်ရဘူးလေ။
ကိုယ်အဲဒီနေ့က ဖော့ခရစ်အပြာရောင်နုအင်္ကျီလေး ၀တ်လာတာ။ဖော့ခရစ်ကို အကွက်လေးတွေ ဖော်ထားပြီး အကွက်လေးတစ်ခုချင်းစီက အဖောင်းလေးတွေနဲ့။ ခုခေတ် ဘာခေါ်မယ်မသိ။ လက်ပြတ်လေးနဲ့ ခါးကတော်တော်တိုတယ်။ ခုထိမှတ်မိနေတယ်။ အောက်ကတော့ ဘောင်းဘီတိုလေး ဖြစ်ဖို့များမယ်။အင်္ကျီခါးအတိုနဲ့ ဘောင်းဘီတိုခပ်ပွပွနဲ့ စတိုင်ကတော့ အတော်လန်းမယ် ... အဖေရော အမေရောရုံးသွားနေချိန် အဖွားလုပ်သူက ဒီခလေး ၅ယောက်ကို ဘယ်အ၀တ်အစားသေချာ ၀တ်ပေးနိုင်မှာတုံး။ ကိုယ့်ကြုံရာကောက်ဝတ်လာတာဖြစ်မယ်။ အင်္ကျီလေးကသေးလဲသေး၊ ဖော့ခရစ်လဲဖြစ်ပြန်ဆိုတော့ နေပူထဲ ခဏနဲ့ခြောက်ပြီး ပြန်ဝတ်ရတာပေါ့။
အိမ်ပြန်ရောက်တော့လဲ အမေတို့သိပြီး ဘာတွေဖြစ်လဲ မမှတ်မိတော့ပါဘူး။ ခေါင်းကအနာကလဲ သွေးတိတ်ပြီးကထဲက ဘာမှမဖြစ်လိုက်ပါဘူး။ သူ့ဟာသူလေးပျောက်သွားတာပါပဲ။
အချိန်တွေများ ကုန်မြန်လိုက်တာ။ ခုတော့ ကိုယ်မွေးတဲ့ ခလေးတောင် သွားပြတင်းပေါက်ဖြစ်လို့။ ကိုယ်စိတ်ထဲတော့ အပြာရောင်ဖော့ခရစ်အင်္ကျီလေးနဲ့ ဘောင်းဘီပွပွ အူတူတူကောင်မလေးကို မြင်ယောင်နေတုံး။

Wednesday, May 27, 2009
ဂျူဂျူနဲ့ အလွဲများ ၁
ဟိုတစ်နေ့က တန်ခူးရဲ့ သားသားလေးအကြောင်း ရေးထားတာလေးတွေ့လို့ အိမ်ကသမီးအကြောင်းဖောက်သည်ချရဦးမယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာက မဆွိတီတို့ မိသားစု မွေးရပ်မြေကို အလည်ပြန်ခဲ့ကြတယ်။ နယ်မှာရှိတဲ့ သမီးရဲ့ အဖေအိမ်ကိုရောက်တော့ သမီးက သိပ်ပျော်တာ။ သူတို့အိမ်နားမှာ ၀က်မွေးတဲ့လူတွေရှိတယ်။ ၀က်မွေးပုံကိုလည်းမေးဦး။ ခြံမရှိဘာမရှိနဲ့ ဒီတိုင်း လမ်းမှာ လွှတ်ထားတာဗျား။ ၀က်တွေက ဗွက်လူးတော့ လမ်းမှာလဲ ဗွက်အိုင်တစ်ချို့နဲ့ပေါ့။ ဒါကိုမြင်တော့ မဆွိတီက မကျေနပ်ဘူး။ လူတွေက စည်းကမ်းမရှိဘူး။ ၀က်မွေးတာတောင် လမ်းမှာမွေးတယ်။ လူတွေသွားရတာ ဒုက္ခရောက်တယ်။ နံလဲနံတာကိုး။ ဆယ်အိမ်ခေါင်းတို့ ဘာတို့ကို မတိုင်ဘူးလား။ ဆိုတော့ သူကဘာပြောတယ်ထင်တုန်း။ မွေးတဲ့သူကိုယ်တိုင်က ၁၀အိမ်ခေါင်းတဲ့လေ။ ကြက်တွေလဲလမ်းမမှာ အများကြီးပဲ(စားတဲ့ ကြက်အစစ်ကို ပြောတာနော် ... ဟွန့် ...)။ တကယ့်ကို တောရွာလေး ရောက်သွားသလိုပဲ။
အဲဒီဝက်တွေထဲက ၀က်မတစ်ကောင်က ၀က်သားလေးတွေပေါက်ပြီး နို့တိုက်နေတာကို သမီးက အထူးအဆန်းနဲ့ အနားကိုသွားသွားကြည့်နေတာ။ တံခါးဝမှာ တုတ်တစ်ချောင်းချထားလို့ ဘာလုပ်တာလဲမေးတော့ ၀က်အိမ်ထဲဝင်လာရင် မောင်းဖို့ဆိုပဲ။ မရွှေဂျူဂျူလက်တောင့်လောက်က ခြံတံခါးဖွင့်ထားတုံး အဲတုတ်ကိုကိုင်ပြီး ၀က်လာရင်ရိုက်ဖို့ဆိုပြီး ငုတ်တုတ်ထိုင်စောင့်နေလေရဲ့။
သင်္မီးအကိုဝမ်းကွဲတစ်ယောက်ရယ်၊ မဆွိတီရယ် ခြံတံခါးဖွင့်ပြီး သမီးအပြင်ဘက်မှာ ပတ်ဝန်းကျင် လေ့လာစူးစမ်းနေတာကို စောင့်ပေးနေရတယ်။ အဲဒီမှာ ကြက်မလေးတစ်ကောင်က အိမ်ခြံဝင်းနားလာပြီး ဟိုယက် ... ဒီယက် အစာရှာနေတာ။နောက်တော့ ကြက်ဖလေးတစ်ကောင်ရောက်လာပြီး ကြက်မလေးကို ရစ်တယ်ခေါ်မလား နောက်က တကောက်ကောက်လိုက် ပြီတော့ဘေးက ရစ်ရစ်ပြီး ပိုးနေတာ။ ကြက်တစ်စုံ အတူုတူ သွားလာနေကြတော့။ မဆွိတီကလည်း သမီးကို ထုံးစံအတိုင်း ကြုံတုံးလေးဆို သမီးရေ ကြက်မနဲ့ကြက်ဖ စုံတွဲ တွေ့လား။ Hen နဲ့ Rooster မတူဘူးနော်။ ကြက်ဖက အမြီးပိုရှည်တယ်၊ အကောင်ပိုကြီးတယ်။ အရောင်က ပိုရဲတယ်၊ ပိုစုံတယ်။ ကြက်မကတော့ ဟိုဘက်က ခပ်သေးသေး၊ အရောင်ခပ်ဖျော့ဖျော့ ။ တွေ့လား ၂ကောင် စုံတွဲလေး ဆိုတော့။ သမီးကဘာပြောတယ် မှတ်လဲ ...
" သူတို့က မင်္ဂလာဆောင်ပြီးပြီ မှို့လို့လား" တဲ့ ....
ကိုယ့်မှာ ရယ်လိုက်ရတာ။ မဂျူဂျုနဲ့တွေ့မှပဲ ကြက်တွေတောင် မင်္ဂလာဆောင်ရမလိုပဲနော်။
သမီးငယ်ငယ်ကတည်းက စလုံးက အိမ်အောက်ထပ်တွေမှာ မလေးတွေ မင်္ဂလာဆောင်တိုင်း ချက်ပြုတ်ကြ သီချင်းဆိုကြတာတွေကို တွေ့ဘူးနေတယ်။ အဲဒီတော့ မင်္ဂလာဆောင်တာဆိုတာ ကိုယ်ချစ်တဲ့သူနဲ့ အတူနေတာ ဘာညာ ရှင်းပြထားဘူးလို့ သူကသိနေတာ။ ဒါတောင် ၃နှစ်သမီးလောက်က သမီးကြီင်္းလာရင် မေမေနဲ့ မင်္ဂလာဆောင်မှာချည်း လုပ်နေလို့ မနဲရှင်းပြလိုက်ရသေးတယ်။

Sunday, May 24, 2009
Pineapple fried rice (နာနတ်သီး ထမင်းကြော်)

ဆာကူရာမှာသွားစားတိုင်း စားနေကျ ယိုးဒယားစတိုင် ထမင်းကြော်ပါ ... ချင်ခြင်းခဏခဏတက်လို့ ရက်စတောရန့်ချည်း သွားစားနေရင် မွဲမှာကြောက်လို့ အိမ်မှာကြော်တတ်အောင် လုပ်ထားပါတယ်။ ဆနွမ်းရွှေဝါရောင်လေးနဲ့ ... တစ်ခါတရံ စားကောင်းပါတယ် ... ဆနွင်းအနံ့မကြိုက်တဲ့သူတွေအတွက်တော့့ မပါလဲ ကောင်းပါတယ်။ ဆိုင်တွေမှာလဲ ဆနွင်းမပါတဲ့ version လဲရှိပါတယ်။ ဆနွင်းပါတာကို Yellow rice လို့တောင် ခေါ်သလားပဲ။ ကြံကြံဖန်ဖန် သမီးလဲကြိုက်ပါတယ်။ နာနတ်သီးကချိုလို့တဲ့။
၃ယောက်စာအတွက် လိုအပ်တဲ့ပစ္စည်းတွေက
၁။ ထမင်းရေလျော့ထည့်ပြီး ခပ်မာမာလေး ၃ခွက်(Non Sticker) မှာပါသည့် ကော်ခွက်)လောက်တည်ပြီး အအေးခံထားပါ ။ အေးလျင်ခဲနေတာကို ခြေထားပါ။
၂။ ကြက်သား အကြေ (သို့) သေးသေးလှီးထားတာ ၁၀၀ ဂရမ်လောက် ကို ငံပြာရည်နဲနဲထည့်ပြီး နယ်ထားပါ။
၃။ ပုဇွန်ကြီးကြီး ၆ကောင် ရကောင်လောက်ကို အခွံခွာပြီး ထပ်ခြမ်းခြမ်း ဆား၊ ငံပြာရည်၊နနွင်းအနဲငယ်ထည့် နယ်ပြီး ၁၅ မိနစ်လောက်ထားပါ။
၄။ ပန်းငရုပ်ချို အစိမ်းရောင် အပွတောင့်ခပ်လတ်လတ် တစ်တောင့်ကို လက်သဲခွံလောက် သေးသေးလေးတွေ လှီးဖြတ်ထားပါ။
၅။ ကြက်သွန်နီ အဝါရောင် အရွယ်လတ် တစ်လုံးခန့်ကို လည်း လက်မဝက်ပတ်လည်လောက် လှီးဖြတ်ထားပါ။
၆။ မုံလာဥနီကိုလဲ သေးသေးလေးတွေ လှီးထားပါ။
ရ။ ကြက်သွန်မြိတ် ကိုလည်း ရိတ်ရိတ်လေးတွေ လှီးထားပါ။
၈။ နာနတ်သီးကို တော့ အချိုစိမ်ပြီးသား Tin ဘူးဖောက်ပြီး လက်မဝက်လောက်အတုံးလေးတွေ လှီးထားပါ။
၉။ ကြက်ဥ ၂လုံးခန့် ဆနွင်း၊ ဆား ထည့်၍ ခေါက်ထားပါ။
၁၀။ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်စိတ်ခန့် ။
၁၁။ ငံပြာရည်၊ အချိုမှုန့်၊ ဆား သင့်သလို။
၁၂။သကြား စားပွဲဇွန်း ၂ဇွန်းခန့်။
၁၃။ ကုလားမဆလာ အနံ့မွှေးရုံ နည်းနည်း။ငရုပ်ကောင်း အဖြူ အနည်းငယ်။
၁၄။ ဆီ စားပွဲဇွန်း ၈ဇွန်းခန့် ။
၁၅။ Pork floss (ဝက်သားအမျှင်အခြောက်) သင့်သလို။
၁၆။ သီဟိုစေ့ကြော် အနည်းငယ်။
ကြော်ပုံကြော်နည်းက
၁။ မီးပြင်းပြင်းပေါ်တွင် Non- sticker ဒယ်အိုးဝိုင်း ကြီးထဲ ဆီထည့်၍ ဆီကျက်ရင် နနွင်းမှုန့်လေးပစ်ထည့် ကြက်သွန်ဖြူ ထည့်ပြီး မွှေပေးပါ။
၂။ ကြက်သွန်ဖြူ ရွေဝါရောင်သန်းလာလျင် ကြက်သား၊ ပုဇွန်ထည့်၊ ရေခြောက်ပြီး တင်းလာတဲ့အထိ မွှေကြော်ပေးပါ။
၃။ ကြက်သွန်နီ ၊ ငရုပ်ချိုသီးနှင့် မုံလာဥနီကိုထည့်၍ ထပ်မွှေပါ။ မွှေနေစဉ် ငံပြာရည်၊သကြားတစ်ဇွန်း ထည့်ပါ။
(တချို့တွေကလဲ ပဲစိမ်းလေးတွေ၊ ပြောင်းဖူးပြုတ်ချွေထားတာလေးတွေ ထည့်ကြော်ပါတယ်။ ရောင်စုံလေးဆိုတော့ လှတာပေါ့)
၄။ ကြော်ထားတာတွေကို ဘေးတစ်ဝိုက်ပို့၍ အလယ်ဆီစုနေသောနေရာကို ကြက်ဥခေါက်ပြီးသားထည့်ကြော်ပြီး ကြေအောင်မွှေပေးပါ။
၅။ ကြက်ဥကျက်လျင် ထမင်းခြေထားတာထည့်၊ သကြား၊ ငံပြာရည်၊ အချိုမှုန့် ၊ ငရုပ်ကောင်း၊ မဆလာထည့် ၊ နာနတ်သီးထည့် ၍ ၄-၅မိနစ်လောက် အသာမွှေကြော်ပေးပါ။ ထမင်းများသိပ်မကြေအောင် ဂရုစိုက်မွှေပါ။ အပေါ့၊ အငံ၊ အချိုမြည်း၍ စိတ်ကြိုက်ပြင်ပါ။
၆။ ထမင်းများ ဆီရောင်ထွက်၍မွှေးလာလျင် ကြက်သွန်မြိတ် ထည့်၍အသာမွှေပြီး ချနိူင်ပါပြီ။
အပေါ်က Pork Floss (ဝက်သားအမျှင်ခြောက် အချိုလေးတွေ) ၊ သီဟိုစေ့ကြော်ထားတာလေးတွေ ဖြူးပြီးစားပါ။
အထူးသတိပြုရန် ... Non-sticker ဒယ်အိုး (သို့) ဆီဝ၍ မကပ်သော ဒယ်အိုးကိုသာ သုံးပါ။ ထမင်းက အလွန်ကပ်တတ်သော အမျိုးဖြစ်၍ ကပ်တတ်သောဒယ်အိုးနှင့်ကြော်က ရွာလည်ပါမည်။ ထမင်းကလဲမာရပါမည်။ (ထည့်နေကျထက် ရေတစ်ခွက်လျော့ထည့်ပါ) ဆီနည်းရင်လဲ ထမင်းကြော်လို့ မကောင်းပါ။
Basil Chicken၊ ငံပြာရည် Sauce၊ ကြက်ဥ half fried ကြော် ၊ ရေနွေးကြမ်းတို့နှင့် လိုက်ဖက်ပါသည်။
အရင်ကြော်စားတုံးက ဓာတ်ပုံမရိုက်ထားမိလို့ အင်တာနက်ထဲက Pieapple rice version အမျိုးမျိုးရဲ့ ပုံတွေတင်ပေးလိုက်ပါတယ်။ ... ဆိုင်တွေမှာတော့ တစ်ချို့ပုံတွေထဲကလို နာနတ်သီးအခွံလေးထဲ ထည့်ပြီးပြင်ပေးတာပါ။
(မြန်မာကျူးပစ်တွင်ဖော်ပြပြီး)
Friday, May 22, 2009
ပေါ့ပေါ့ပါးပါး
ခရီးထွက်ရာကပြန်ရောက်တော့ ဟိုဒီ သတင်းတွေဖတ်ရင်း စိတ်က အတော်ဘ၀င် မကျချင်ဖြစ်မိတယ်။ စိတ်တွေရှုတ်ထွေးနေတာနဲ့ ဖိုရမ်ထဲလဲ ၀င်မရေး၊ ဘလော့လေးလဲပစ်ထားသလိုဖြစ်နေတယ်။ မေးရိုးတွေတင်း၊ စိတ်တွေတင်းနေတဲ့ကြားက ပေါ့ပေါ့ ပါးပါးလေး ဖတ်ရအောင် အရင်ဖိုရမ်မှာတင်ဘူးတာလေးတွေ ပြန်တင်ပေးလိုက်ပါတယ်။
ချင်ခြင်း
မနေ့က အဖြစ်လေးပြောပြအုံးမယ်။ ကိုယ့်မှာမကောင်းတဲ့အကျင့်တစ်ခုရှိတယ်။ အဲဒါဘာလဲဆိုတော့ စားစရာတစ်ခုခု မြင်ရင် သွေးတောင်းတတ်တာ။ ချင်ခြင်းတက်တာ။ Craving ပေါ့။ အဲသာ အားတဲ့နေ့ဆိုရင်တော့ဈေးဝယ်ပြီး ချက်ချင်း ချက်စားတော့တာပဲ။ ကျူးပစ်ထဲ၊ ဘလော့တွေထဲလဲ ဟိုလူ၊ ဒီလူချက်တဲ့ ဟင်းတွေမြင်လို့ သွေးတောင်းရင် ချက်စားတာပဲ။ ၀ိတ်လျော့တာက ၀ိတ်လျော့တာတစ်ပိုင်းပဲ။ စနေ၊တနင်္ဂနွေလိုဆို ကိုယ်သွေးတောင်းတဲ့ အစာတွေ ချက်စားရင်စား၊ ၀ယ်စားလို့ရတဲ့ဟာဆို ၀ယ်စားလေ့ရှိတယ်။
မနေ့ကတော့ အရမ်းကို ချင်ချင်းတက်လို့ မနက်ကတည်းက ၀က်သားတုတ်ထိုးနဲ့ ကြာဆံကြော်ကို အချဉ်ရေ စပ်စပ်ရွှဲနေအောင် ဆမ်းစားတဲ့ဟာမျိုး လုပ်စားလိုက်တယ်။ နေ့ခင်းကျတော့ သားအမိ၊သားအဖ၃ယောက် အပြင်ထွက်ရင်းနဲ့ ကိုယ့်မျက်စေ့က လူတစ်ယောက် ကြံချောင်း ၂ချောင်း အပင်လိုက်ကြီး ထမ်းသွားတာကို လှမ်းမြင်လိုက်တယ်။ စလုံးလိုနေရာမျိုးမှာ ဒါမျိုးမြင်ကွင်းက အဆန်းဆိုတော့ လိုက်ကြည့်နေရင်းနဲ့ ပါးစပ်က ကြံရည်သောက်ချင်တဲ့ ချင်ခြင်း တက်ပါလေရော။ အဲဒီအချိန်မှာ ရေကလဲဆာနေတာကိုး။
အဲဒါနဲ့ ယောက်ျားရေ ... ဆွိ ကြံရည်သောက်ချင်လိုက်တာတော် ... ဒီနားလေး ဘယ်နားမှာများ ကြံရည်ရောင်းမလဲ မသိဘူးနော်။
ဆိုတော့ ... အစပ်အဆက်မရှိ ညီးကဘာလို့ ရုတ်တရက်ကြီး သောက်ချင်ရတာတုံး တဲ့ ပြန်မေးတယ်။ ကဗျာမဆန်လိုက်ပုံများ။ ပြောချင်ဘူး။
ဒီတော့ကိုယ်ကလဲ ဟိုနားမှာလူတစ်ယောက် ကြံချောင်းလေး ၂ချောင်း ထမ်းသွားတာမြင်လိုက်လို့ ... စိတ်က သောက်ချင်သွားတာဆိုတော့ ....
၁၀နှစ်ကျော်ကြာပေါင်းလာတဲ့ ယောက်ျားက ဘယ်ကတည်းက အမြင်ကပ်နေမှန်းမသိဘူး။ ညက်စောင်းကြီးထိုးပြီး ပြောထည့်လိုက်တာ ...
" ညီးကတော့ ပြောမနေနဲ့တော့... ရှေ့မှာလူတစ်ယောက် ၀က်တစ်ကောင်ထမ်းသွားတာ မြင်ရင်တောင် ... အမ်မလေး ... ၀က်အူဟင်းလေးစားချင်လိုက်တာတော် ဆို ပြောဦးမှာပဲမလား " တဲ့ ... သူပြောမှပဲ ကိုယ့်အဖြစ်ကိုယ်တွေးရင်း ရယ်လိုက်ရတာ။ နောက်တစ်ခါ သူ့ရှေ့မှာ ချင်ခြင်းတက်ရင် ကြည့်တက်မှပဲ ...
အင်္ကျီအနက်ဇာတ်လမ်း
မဆွိတီ စလုံးမရောက်မီက ကိုမောင်ခြိမ့်တို့ သူငယ်ချင်းတွေ ၇ယောက်လောက် စုနေကြတာပါ ... ကျောင်းမှာထဲကသူငယ်ချင်းတွေဆိုတော့ ပြောမနာဆိုမနာ တော်တော် ချစ်ကြပါတယ် ... မဆွိတီရောက်မှသာ အိမ်တစ်လုံးရှာပြီး သူငယ်ချင်း၃ယောက်က ခွဲနေကြတာပါ ...
အိမ်ချင်းကလဲ သိပ်မဝေးတော့ သူရို့တွေ တစ်လုံးလုံးနဲ့ပါပဲ ... တစ်နေ့တော့ အိမ်မှာအတူနေတဲ့
သူငယ်ချင်းနဲ့ ကိုမောင်ခြိမ့်တို့ ‘ရုံးကအပြန် ဒစ်ကောင့်ချလို့ဆိုပြီး အင်္ကျီတွေ ၀ယ်လာကြပါတယ် ...
သူငယ်ချင်း၂ယောက်ဆင်တူ အနက်ကွက်လေးတွေ ...
ဝယ်ပြီးတစ်ပတ်လောက်နေတော့ မဆွိတီ ကိုခြိမ့်အင်္ကျီအနက်ကလေး မနက်ကလှမ်းထားတာ ရုတ်မယ်လုပ်တော့ မတွေ့တော့ပါ ... အဲဒါနဲ့ ကိုခြိမ့်သူငယ်ချင်း ရုံးကပြန်လာတော့ သူကလဲအဲဒီအင်္ကျီဝတ်ထားတာတွေ့တာနဲ့ မေးမိပါတယ် ... သူမနက်က ကြိုးတန်းကယူဝတ်တာ ဟုတ်ပါတယ်တဲ့ ... သူ့အင်္ကျီရှာမတွေ့တာနဲ့ အလွယ်ယူဝတ်လိုက်တယ်တဲ့ ... သူ့အင်္ကျီ့လို့လဲ နဲနဲတော့ထင်နေတာပေါ့ ... အဲဒါနဲ့ မဆွိတီိတို့လဲ ကိုယ်များမှားတာလားဆိုပြီး ကိုယ့်အခန်းထဲကိုယ် ရှာပေမဲ့မတွေ့ပါ ... အကို့ဟာဆိုလည်း ယူပါဆိုတဲ့ကြားက ကိုခြိမ့်ကို အတင်းပြန်ပေးလို့ ယူထားလိုက်ရပါတယ် ... ကိုခြိမ့်မှာ အဲဒီအင်္ကျီဝတ်တိုင်း မလုံမလဲကြီးနဲ့ပေါ့ ...
တစ်နေ့တော့ ကိုခြိမ့်တို့သူငယ်ချင်းတွေစုပြီး ဆန်တိုဇာဆိုတဲ့ ကမ်းခြေကိုသွားကြဘို့
သူငယ်ချင်းတစ်ယောက်ရဲ့ ဒိုင်နာကားကြီးနဲ့ တစ်အိမ်ပြီးတစ်အိမ် လိုက်ခေါ်ကြပါတယ် ... မဆွိတီတို့အိမ်ကြိုပြီး အရင်သူရို့နေတဲ့အိမ်ရောက်တော့ ... လာပါပြီ ကိုခြိမ့်အချစ်ဆုံးသူငယ်ချင်းကြီး ကို ငပု ... အိမ်မှာပျောက်နေတဲ့ အင်္ကျီကြီးဝတ်ပြီး ရှိုးအပြည့်နဲ... မသိတဲ့လူတွေကတော့ အင်္ကျီအသစ်နဲ့ သားနားလှချည်လားပေါ့ ... ၀ိုင်းပြီးချီးကျူးမြှောက်ပင့်နေကြတာ ... သူကလဲ လူကြားထဲ ဟန်တစ်ခွဲသားနဲ့ ... သူ့ဟာလိုလို .... မဆွိတီကတော့ သူ့ကိုကြည့်ပြီး ရီချင်လွန်းလို့ ... ၀ိုင်းချီးကျူးလို့မှ မဆုံးသေး ... အိမ်မှာနေတဲ့ ကိုခြိမ့်သူငယ်ချင်းက နောက်ကနေ မနာအောင်ဂုတ်ပိုးလှမ်းအုပ်ပြီး ဆဲပါတော့တယ် (သူရို့က ပြောမနာ ဆိုမနာ ဆဲမနာတွေပါ) ... သူ့မှာတစ်ခါလားဝတ်ရသေး ... ပြီးတော့အိမ်မှာလဲ ဘာမဟုတ်တာနဲ့ ယုံထင်ကြောင်ထင်ဖြစ်နေတဲ့ကိစ္စ ကိုး ...
အဲတော့မှ ကိုငပုက သူ့အိမ်မှာတွေ့လို့ မောင်ခိုင်ဟာအောက်မေ့လို့ ၀တ်လာတာတဲ့ ...
မောင်ခိုင်ဆိုတာလည်း သူရို့သူငယ်ချင်းပဲလေ ... သူနဲ့ဒီလိုပဲ တစ်ခန်းထဲနေပြီး အင်္ကျီတွေ အတူတူရောဝတ်နေတာပဲ ... မောင်ခိုင်ကိုမေးပြန်တော့လဲ သူလဲ ငပုဟာအောက်မေ့လို့ ရုံးကိုဝတ်နေတာ ၂ခါတောင်ရှိပြီတဲ့ ... ကဲကောင်းကြသေးလား ...
တော်သေးတာပေါ့ နောက်တစ်ယောက်ထပ်မမေးမိလို့ ... မေးမိရင်သူလည်း ဘယ်သူ့ဟာထင်လို့ ဘယ်နှစ်ခါဝတ်ပြီးပြီဆို ... လာအုံးမယ်နဲ့တူတယ် ...
ဖြစ်ပုံက အိမ်မှာနေတဲ့ ကိုခြိမ့်သူငယ်ချင်းက အဲဒီအိမ်သွားလည်ပြီးသောက်ကြတော့ အိုက်လို့ဆို အင်္ကျီချွတ်ပြီး စွတ်ကျယ်နဲ့နေတာ ... အိမ်ပြန်တော့လဲ မူးမူးနဲ့ပြန်တော့ အင်္ကျီလည်းမေ့ ... အကုန်မေ့ ... အဲဒီအိမ်ကလူတွေလဲ မေ့ပြီးရှုတ်ကုန်ကြတာ ...
ကဲ ကိုမောင်ခြိမ့်တို့သူငယ်ချင်းတွေ အဲလိုချစ်ကြတာ ... အိမ်ထောင်တွေ
အသီးသီးကျကြပေမဲ့ ခုချိန်ထိလဲ ဒီတိုင်းပါပဲ ... သူငယ်ချင်းတွေနဲ့တွေ့ရင် အကုန်မေ့ပါတယ် ... အခုတောင်အဲဒီသူငယ်ချင်းတွေနဲ့ ချိန်းထားလို့ အိမ်မှာမရှိဘူးလေ ... ဒါကြောင့်ဘေးမှာနားပူမဲ့သူမရှိလို့ အခုလို အေးအေးဆေးဆေးရေးနိုင်နေတာ ... ပြန်မပြောကြနဲ့နော့ ...
(မြန်မာကျူးပစ်ဖိုရမ်တွင် ဖော်ပြပြီး )

Subscribe to:
Posts (Atom)