Thursday, April 14, 2011

မန္တလေးမုန့်တီ နန်းကြီးသုပ် စားရအောင် ...

မဆွိတီတို့ ငယ်ငယ်က စစ်ကိုင်းက အဘွားဆီသွားလည်ရင် အဘွားက သူ့မြေးမလေး ဘုတ်အီးမကို မန်းလေး ဘုရားကြီး ခေါ်ခေါ်သွားတယ်။ အဲဒီမှာ မြေးအဘွား၂ယောက် ဘုရားဖူးကြ၊ ရွှေသင်္ကန်းကပ်ကြ၊ လိပ်တွေအစာကျွေးကြ၊ ဘုရားကြီး စောင်းတန်းက ဆိုင်တွေပတ် ကြည့်ကြပေါ့။ ပြန်ခါနီးကျ မောပြီဆို အဘွားက လိပ်ကန်နားက မုန့်တီဆိုင်က မုန့်တီသုပ် အမြဲ ၀ယ်ကျွေးတယ်။ အများအားဖြင့်တော့ ငါးဖယ်နဲ့စားလေ့ရှိတယ်။ ငါးဖယ်ကိုကြော်ပြီး ပါးပါးလေးတွေ လှီးချက်ထားတာ။ ပြီးတော့ မုန့်တီလုံးတွေက ရန်ကုန်က နန်းကြီးသုပ်လိုမဟုတ်ပဲ အလုံးပိုတုတ်တယ်။ မန်လေးဘက်ဆိုတော့ ပဲမှုန့်ကလဲ ကောင်းတော့ အဲဒီမုန့်တီက သိပ်အရသာရှိတာ။ ဆီအနီရောင်များများနဲ့ မုန့်တီသုတ်က အိပြီးဆီမ့်နေတာပဲ။ ဟင်းချိုကလဲ ပူပူနွေးနွေးနဲ့ အတော်ချိုတယ်။ အဲဒီမုန့်တီသုတ်ကို ခုချိန်ထိမမေ့ဘူးဗျာ။

မဆွိတီ မန်းလေးတောင်ခြေဖက် ဆရာမလုပ်တော့လဲ ဈေးချိုဖက်ရောက်တိုင်း စားဖြစ်တယ်။ တစ်ခါတစ်လေ ခေါက်ဆွဲနန်းပြားနဲ့လဲ ကောင်းတာပဲ။ ရန်ကုန်အိမ်မှာ အမေတို့သုပ်စားတဲ့ နန်းကြီးသုပ်ဆိုတာနဲ့ နဲနဲတော့ ကွဲတယ်။ ရန်ကုန်ကသုပ်တာတော့ နန်းလတ်ကို ငံပြာရည်တွေ၊ ကြက်သားဟင်း၊ သံပုရာသီး၊ ပဲမှုန့်တွေထည့်ပြီး အသုပ်စုံနယ်သလို နယ်သုပ်တာ။ မန်းလေးကတော့ နန်းကြီး အလုံးကြီးကြီးတွေထဲ ကြက်သားဟင်းကို ဆီများများထည့်၊ ပဲမှုန့်ထည့်ပြီး ဒီတိုင်းချပေးတာ။ မဆွိတီ ခုလုပ်စားတာက မန်းလေးစတိုင် မုန့်တီပါ။

မုန့်တီဖက်ကြီးကြီးတွေကတော့ ဂျပန်တွေစားတဲ့ ခေါက်ဆွဲတစ်မျိုးကို သုံးပါတယ်။ တစ်ထုပ်ကို ၄ကျပ်လောက်ပေးရတယ်။ စလုံးက NTUC မှာ ၀ယ်လို့ရပါတယ်။ သူက နန်းကြီးထက်နဲနဲတော့ ပိုအိတယ်။ အလွမ်းပြေလောက်တော့ စားလို့ရပါတယ်။

ဟင်းချိုအတွက်
ကြက်ရိုး ၃-၄ကျပ်ဖိုးလောက်ဝယ် အပိုင်းကြီးကြီး ခုတ်ထစ်ပြီး ဆား၊ ငံပြာရည်နဲ့နယ်၊ စပါးလင်၊ ဂျင်း၊ ကြက်သွန်နီဥကြီး ၃လုံး လောက်ပစ်ထည့်ပြီး မီးအေးအေးနဲ့တည်ထားပါ။ နာရီဝက် ၄၅မိနစ်လောက်ကြာရင် ရေခမ်းရင် ရေထပ်ထည့် ပြန်ဆူအောင်တည် အပေါ့အငံမြည်း၊ ကြက်သားမှုန့်လေး ပိုချိုအောင်ထည့်၊ ငရုပ်ကောင်းလေး နဲနဲ မွှေးအောင်ထည့်ပြီး ချလို့ရပါပြီ။ (ကြက်ရိုးကဆီတွေထွက်လာရင် အဲဒါတွေကို ကြက်သားဟင်းအိုးထဲသာ ခပ်ထည့်လိုက်ပါ။)


ကြက်သားဟင်းအတွက်
ကြက်သား ရင်ပုံသား ၂ခုလောက်ကို အတုံးလေးတွေလှီးပြီး ဆနွင်းမှုန့်နိုင်နိုင်နဲ့ ငံပြာရည်၊ ဆားထည့်ပြီး နယ်ထားပါတယ်။ ဆနွင်းများမှ ဟင်းအနှစ်က ၀ါဝါရဲရဲလေးနဲ့ ပိုကောင်းပါတယ်။ ကြက်သားအညှီနံ့လဲ ပျောက်တာပေါ့။


ကြက်သားဟင်းအနှစ်အတွက် ပြင်ဆင်ထားရမှာတွေပါ။ ကြက်သွန်နီ ဥကြီး ၃ လုံးလောက်ကို chopper နဲ့ chop လုပ်ထား၊ ခရမ်းချဉ်သီး ၃လုံးလောက်ကိုလည်း အနှစ်ရအောင် လှီးထား၊ ကြက်သွန်ဖြူ ဥကြီး တစ်ဥခန့် ထောင်းထား၊ ဂျင်းနဲ့ စပါးလင် ၃ချောင်းလောက်ကိုလဲ ပါးပါးလှီးပြီး ရောကြိတ်ထားပါ။ ခရမ်းချဉ်သီးကတော့ တစ်ချို့ကလဲ မထည့်ကြပါဘူး။ မထည့်လဲ စားလို့ ကောင်းပါတယ်။ ငရုပ်သီးအရောင်တင်မှုန့်ကိုလည်း ဆီပူထဲ ရုပ်တရက်ထည့်လိုက်ရင် တူးကုန်မှာစိုးလို့ ရေလေးနဲ့ ဖျော်ပြီးမှ ဆီသတ်တဲ့ထဲထည့်ပါတယ်။ စားပဲဇွန်း ၂ဇွန့်ခန့်ပါ။


ပြီးရင် ဆီသတ်လို့ကောင်းအောင် Non-sticker ဒယ်အိုးခပ်ကြီးကြီထဲ ဆီများများထည့်ပါတယ်။ ဟင်းကော်တဲ့ဇွန်းကြီးနဲ့ လူတစ်ယောက် တစ်ဇွန်းနှုံးနဲ့ ၁၀ဇွန်းလောက်ကို ထည့်ရပါတယ်။ ဆီကတော့ အများကြီးကုန်ပါတယ်ခင်ဗျ။

ဆီနဲနဲပူလာရင် ဆနွင်းမှုန့်လေး ဆီဝါတဲ့အထိ ပစ်ထည့်၊ ခရမ်းချဉ်သီးကလွဲလို့ အနှစ်ထောင်းထားတွေထည့်ပြီး မွှေပါတယ်။


မိနစ်ဝက် လောက်ကြာတော့ ကြက်သားလှီးထားတာတွေထည့်ပါတယ်။ အစာတွေ နဲနဲညှိုးတာနဲ့ကြက်သားကို ထည့်ပါတယ်။ ဒါမှ ကြက်သားလဲ အရည်ခွံတင်းတဲ့ အချိန်နဲ့ ဆီသတ်တာ မွှေးတဲ့အချိန် ကွက်တိပါပဲ။


ဆီသတ်တာ မွှေးပြီးကပ်လာရင် ငရုပ်သီးရည်ဖျော်ထားတာ ထည့်ပြီး ခြောက်သွားတဲ့ထိ မွှေပေးပါတယ်။ နောက်ဆုံးမှ ခရမ်းချဉ်သီးထည့် ပြီး ခရမ်းချဉ်သီး ပျောက်ပြီး အနှစ်ဖြစ်သည်အထိ ဆက်မွှေပေးပါ။ နောက်ဆုံး ကြက်ရိုးပြုတ်ရည်ထဲက အချိုရေကို မြုတ်အောင်ထည့်ပြီး မီးအေးအေးနဲ့ နာရီဝက်လောက်နှပ်ထားရပါမယ်။ ဆီခြောက်ပြီး ကပ်တဲ့အထိမထားပဲ ရေနည်းနည်းလေးကျန်တာနဲ့ ချပါတယ်။



ပြင်ဆင်ထားရမည့် အဆာပလာများ

ငရုပ်သီးအကျက်မှုန့်ကို ဆီနဲနဲသတ်ပြီး ပြန်ကြော်ပါတယ်။ ဟင်းအိုးထဲက ဆီမလောက်မှာကြောက်လို့ တစ်ခါတရံ ဆီဝါ၊ ဆီနီချက်ထားပါတယ်။ ကျန်တာတွေတော့ အားလုံးသိပြီးသားတွေ ဆိုတော့ ပုံမှာသာ ကြည့်ကြပါတော့။ ပုံထဲမှာ ပဲမှုန့်တောင် ကျန်သွားတယ်။ ပဲမှုန့်ကတော့ မွှေးတံဆိတ် အကျက်မှုန့်ကို သုံးပါတယ်။

ပွဲပြင်ဖို့ရာ
မန်းလေးစတိုင်ဆိုတော့ မုန့်တီဖတ်အလုံးကြီးတွေ အရင်ထည့်၊ အပေါ်က ကြက်သားဟင်းအနှစ်ကိုထည့် (ဆီများများထည့်ရပါတယ် ခင်ဗျာ) ပဲမှုန့်ကိုတော့ စားပွဲဇွန်း တစ်ဇွန်းလောက်ပဲ ထည့်ပါတယ်။ အပေါ်က ကြက်သွန်နီကြိုက်တတ်ရင်ထည့်၊ ကြက်ဥပြုတ်၂စိတ်လောက်ထည့်၊ နံနံထည့်၊ ပြီး မွှေစားလို့ရပါပြီခင်ဗျာ။



ကြက်ရိုးဗလာဟင်းချိုလေးကလည်း မွှေးပြီး ချိုနေတာပဲဆိုတော့ဗျာ။ ရှလွတ်။ သင်္ကြန်တွင်း စတုဒီသာပါဗျာ။ အန်တီသက်ဝေလို ဒုက္ခမရောက်ချင်ရင်တော့ အောက်ကပုံကို ၂ခါ မကလစ်ကြနဲ့ဂျာ။




Tag:  မန္တလေးမုန့်တီ  နန်းကြီးသုပ်  မုန့်တီသုပ်   မုန့်တီ နန်းကြီးသုတ်

28 comments:

  1. မကလစ်ပါနဲ့ဆိုတာကို တည့်တည့်ကလစ်ပြီး ပျော်ပျော်ကြီးဒုက္ခခံသွားပါကြောင်း..း)

    ReplyDelete
  2. ကြ်ုက်တယ်..ကြိုက်တယ်..။
    မုန့်တီသုတ်ကြိုက်တယ်..။
    အသားမပါတဲ့ ခိုတောင်သုတ်လဲ ကြိုက်တာပဲ....။


    ပေါက်

    ReplyDelete
  3. အန်တီဆွိပြောပုံအရ ဆိုရင် မန်းလေး မုန့်တီဆိုတာထက် စဥ့်ကိုင်မုန့်တီဖြစ်ဖို့များမယ် မန်းလေးမှာစဥ့်ကိုင်မုန့်တီနဲ့ ခိုတောင်မုန့်တီက အတော်အစားများတယ် မန်းလေး မုန့်တီ နန်းကြီးသုပ်အများစုမှာတော့ ငါးဖယ်အစိုလုံးလေးတွေနဲ့သုပ် တာများတယ် :P ငါးဖယ်အစိုလုံးလေးတွေက ဟင်းချိုအိုးထဲမှာထည့်ပြုတ်တော့ စားရတာ သဘာဝအချိုနဲ့ အလွန်ကောင်းပါတယ်

    ReplyDelete
  4. တကယ့်ကို စားလို့ ကောင်းပါကြောင်း အားရပါးရ ထောက်ခံအပ်ပါသည်ရှင့်.. :D

    အလင်း

    ReplyDelete
  5. အဟင့်... ပြောထားရဲ့သားနဲ့... နှစ်ခါတိတိ ကလစ်မိပါတယ်...
    အချိန်ကလည်း ထမင်းစားချိန်ဆိုတော့ ဒုက္ခတော့ နည်းနည်းရောက်သွားတယ်...း)))

    ReplyDelete
  6. ကြည့်ရင်းနဲ့ သားရေတောင်ကျတယ် တီဆွိရေ

    ReplyDelete
  7. အမယ်လေး ကောင်းမှကောင်း

    ရွှေစင်ဦး

    ReplyDelete
  8. မုန့်တီကြိုက်တယ်။ သက်သတ်လွတ် ခိုတောင်လည်း ကြိုက်တယ်။
    ဒီတခေါက် မန္တလေးမှာမေ့ပြီး နန်းကြီးသုပ် လို့မှာမိတာ နန်းအကြီးကြီးတွေနဲ့ပေးလာတယ်။
    (အမှန်က မုန့်တီသုပ်ဆို နန်းလတ်နဲ့ပဲကြိုက်တာ သူက ဆားပြားပိုဝင်လို့ဆိုပြီး။) အဲဒါနဲ့ နောက်တပွဲ မုန့်တီဆိုပြီး ပြန်မှာလိုက်ရတယ်။ နန်းအတုတ်ပွဲတော့ အိမ်ကလူကို ပေးစားလိုက်တယ်။

    ReplyDelete
  9. စားချင်စရာဘဲ..။ရွှဲအိနေတာဘဲ..
    အဲဒီလိုမုန့်ဖတ်ကိုးရီးယားဆိုင်မှာတွေ့ဖူးတယ်..
    သွားရှာဝယ်အုံးမယ်....

    ReplyDelete
  10. မနှစ်က မန်းလေးရောက်တော့ ဈေးချိုမှာ တစ်ခါမှ မစားဘူးတဲ့ ခိုတောင်မုန့်တီကို လိုက်ရှာတယ်။ ဈေးတောင်းလေးနဲ့ ရောင်းတဲ့ အဒေါ်ကြီးဆီမှာ စားဖြစ်တယ်။ ခိုတောင်ရွာက လှေနဲ့ကူးပြီး လာရောင်းတာတဲ့။ တစ်ရှလွတ်..

    ဒီနှစ်ပြန်တော့လည်း မနက်အစောကြီး ကားပေါ်က ဆင်းကတည်းက မန်းမြို့တော်မှာ ထိုင်ရင်း မုန့်တီအလုံးကြီးနဲ့ စဖွင့်ပါတယ်။ ရှလွတ်.

    အဲဒီနေ့လည်မှာပဲ စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်ဘုရားက တမာရိပ်မှာ ဒုတိယမြောက် နန်းကြီးမုန့်တီကို ထပ်စားသေးတယ်။ နှစ်ရှလွတ်..

    ပြင်ဦးလွင်က ပြန်ဆင်းလာတော့ မန်းလေးမှာ နာမည်ကြီးတဲ့ မုန့်တီတစ်မျိုးတည်း သီးသန့်ရောင်းတဲ့ဆိုင် (လမ်းကြားလေးထဲ ဝင်သွားရတယ်) မှာ ထပ်စားဖြစ်ပြန်တော့ စုစုပေါင်း သုံးကြိမ် အဝတီးခဲ့ရတယ်။ အဲဒီဆိုင်လေးက မုန့်တီဆိုင်ကနေ တိုက်ကြီးဆောက်ထားတာတဲ့။ နာမည်တော့ မေ့ပြီ။ လာစားကြတဲ့ ကားတွေ မနည်းဘူး။ ဈေးကလဲ တခြားဆိုင်ထက် ပိုကြီးတယ်။ တကယ်လဲ တော်တော်ကောင်းတယ်။ သုံးရှလွတ်...

    ခု တီတီဆွိက အစဖော်လာတော့လည်း ထပ်စားချင်လာပြန်ရော။ လုပ်စားဦးမှ။ နန်းအတုတ်ကြီး ဝယ်လို့ရတာ ခုမှသိတယ်။ မန်းလေးနန်းကြီးလောက်တော့ မဖွေးသလိုပဲ။ နန်းအတုတ်ကြီးကို ဒီတစ်ခေါက်မှ စားဖူးတာပေမဲ့ ကြိုက်တာပဲ။ လေးရှလွတ်....

    (တီတီဆွိနဲ့ ဂျူဂျူကို စွယ်တော်ရိပ်က အပြန် ဘူတာအဝင်နားမှာ လှမ်းတွေ့လိုက်လို့ သူငယ်ချင်းတွေကိုတောင် ပြလိုက်သေးတယ်။ တီတီဆွိတို့ သားအမိလို့။ နှုတ်ဆက်မလို့ပေမဲ့ အချိန်လင့်နေတာရယ် အတော်ဝေးနေတာရယ်ကြောင့် မနှုတ်ဆက်ဖြစ်လိုက်ဘူး။)

    အမည်ဖော်ပြသူ
    တောင်ငူသား

    ReplyDelete
  11. Look delicious.I didn't follow your advice and double click:( I keep sabath.
    Ju Juu,Sweet n U Change"BWAN,BWAN,BWAN"
    "HAPPY THINGYAN"
    Gyidaw

    ReplyDelete
  12. စားချင်စရာကြီး ...

    ဆီများတာကတော့ကြောက်စရာပဲဗျို. .....

    အန်တီဆွိက မဆွိတီတဲ့ ငယ်သွားပြန်ပြီ ... ခွိခွိ..

    ပထမတော့မဆွိကို ကြိတ်ပြီးလေးစားနေတာ အော် .. အိမ်ရှင်အိမ်ဌားပို.စ်မှာ သူကိုယ်သူ အန်တီဆိုပြီးတော့ အလံဖြူထောင်ပြီး ရဲရဲဝံ့ဝံ့ကြီး ကြေငြာရဲတယ်ပေါ့ ၊ ခုတော့ ပြန်ငယ်ချင်တယ်ပေါ့

    ReplyDelete
  13. အရာသာရှိလိုက်တာ......

    ReplyDelete
  14. It's very delicious & nice. I don't no when i can eat it again like that today. He He He

    ReplyDelete
  15. လာလည်သွားပါတယ်ဗျာ....မုန့်တီလည်းစားရင်းပေါ့... ဒါနဲ့ မုန့်ဖက်ထုပ်ပုံလေးပါ ယူသွားသေးတယ်နော်။။။။။ ခွင့်ပြုမယ်ထင်ပါတယ်...အညာကိုလာလည်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။။။။ နှစ်သစ်မှာပျော်ရွှင်ပါစေ။။။။

    ReplyDelete
  16. တီဆွိရေမန္တလေးမုန့်တီကြိုက်တယ်။ကြည့်ရင်းနဲ့ သားရေတောင်ကျတယ်
    စားချင်သွားပြီ။

    ReplyDelete
  17. အဟိ...
    မုန့်တီသုတ်ထပ်လာစားတာ..
    ဟိုတောင်ငူသားပြောတဲ့ လမ်းကြားထဲကဆိုင်က
    စိုးစိုးမုန့်တီသုတ်ကိုပြောတာထင်တယ်..။
    ကောင်းတယ်..ဈေးကြီးတယ်..။

    ပေါက်

    ReplyDelete
  18. ရန်ကုန်သူတွေ နန်းကြီးဘဲသုပ်စားပါတယ် ရပ်ကွက်အလိုက် ကွဲတာတော့မပြောတတ် ပါဘူး။နန်းလတ်နဲ့ သုပ်တာ မကြားဖူးဘူး။ မဆွီရေးမှ ကြားဖူးပါတယ်။ နန်းကြီးသုပ်ကို နန်းကြီးနဲ့  သုပ်စားမှ အရသာ ရှိမယ် ထင်တာဘဲ။
    ဒါနဲ့ သုတ်က လက်ကို သုတ်သင်ရှင်းလင်း တဲ့သုတ် ထင်တာဘဲ အသုပ်စုံအတွက် သုပ်နဲ့ ပေါင်းတယ် ထင်တယ်

    ReplyDelete
  19. ဒါဆို အပေါ်က အနောနိမတ်စ်က မန်းလေးက မုန့်တီမစားဘူးတာ သေချာတယ်။ ရန်ကုန်က နန်းကြီးခေါ်တာ အမှန်က နန်းလတ်ဗျ။ မန်းလေးမှာ နန်းကြီးဆိုတာက ရန်ကုန်ကထက် ပိုတုတ်တယ်။ အစ်မ ပုံထဲမှာလဲပါတယ်လေ။ ဇကာ အနီရောင်လေးထဲမှာ။ ၂ခုခွဲပြထားတယ်။
    စကားမစပ် မဆွိတီလဲ ရန်ကုန်သူစစ်စစ်ပါတော် ...

    အသုပ်စုံ ပြင်လိုက်ပါပြီ။ ကျေးဇူး။

    ReplyDelete
  20. မပေါက်ပြောတာ ဟုတ်တယ်ဗျို့။ စိုးစိုး မုန့်တီဆိုင်။ အဲဒီနာမည်ပဲ။ အစက မေ့နေတာဗျ။

    တောင်ငူသား

    ReplyDelete
  21. ရောက်လာတောင် နောက်ကျသွားပြီ
    သင်္ကြန်မှာ မုန့် ကျွေးနေတယ်ဆိုးလို လာစားသွားပါတယ်။

    ReplyDelete
  22. ရောက်တာတောင် နောက်ကျသွားပြီ
    သင်္ကြန်မှာ စတုဒီသာ ကျွေးနေတယ်ဆိုလို့ 
    လာစားသွားပါတယ်။
    ရှလွတ် ရွတ် ကဲပြီးပြီ။

    ReplyDelete
  23. စားချင်တယ် စားချင်တယ်။ အော်ဇီလာပြီး စားချင်တယ် ကျွေးမှာလားဟင်
    ဆောင်း

    ReplyDelete
  24. ချစ်သူငယ်ချင်း... နှုတ်ဆက်စကားမကြားချင်ဘူး... ငိုချင်တယ်... မုန့် တီလေးမြည်းရင်း... ရှိုက်ရင်းပေါ့... ခုတို့ မှာဘလော့တခုရှိနေတာ နင့်မှာ ဘလော့တခုရှိနေတာကို အရမ်းကျေးဇူးတင်မိတယ်...အလွမ်းတွေနဲနဲတော့ သက်သာမယ်ထင်ပါ့... ချမ်းမြေ့သာယာသော နှစ်သစ်ဖြစ်ပါစေ...

    ReplyDelete
  25. တန်ခူးကတော့လေ လွမ်းပါတယ်ဆိုမှ ပိုလွမ်းအောင် ဖန်နေပြီ။ ဟုတ်တယ် ... ဘလော့ဂ်လေး ကျေးဇူးကြောင့် အလွမ်းပြေကြမှာပါ။

    စော ..မုန့်လာ စားတာ ကျေးဇူး။

    အနောနိမတ်စ် အော်ဇီရောက်သေးဘူးဂျ။

    ရွှေညာသားလေး မုန့်ဖတ်ထုတ်တွေတင်မက တခြားပုံတွေလဲ ယူလို့ရပါတယ်။

    ပေါက်နဲ့ တောင်ငူသားလေးက စိုးစိုးမုန့်တီက ကြော်ငြာကိုယ်စားလှယ်တွေလားဟင်။း) တူတို့ပြောတာနဲ့ မန်းလေးရောက်ရင် သွားစားဦးမယ်။


    ငွေစန္ဒာ၊ အနောနိမတ်စ် ၊ မရှင်လေး လာလည်တာ ကျေးဇူးနော်။

    ကိုဇက် ဘလော့ဂ် နာမည်ကိုက auntysweet.blogspot.com ပါဂျာ။ ဘလော့ဂ်လေးစဖွင့်တော့ ကိုယ့်ကိုကိုယ် အရမ်းအသက်ကြီးပြီထင်နေတာ။ ဖိုရမ်ထဲမှာ ခလေးတွေများတော့ တီဆွိ၊ တီဆွိ ဆိုတော့ ဘလော့ဂ်ဖွင့်တော့လဲ သူတို့ ခေါ်တဲ့အတိုင်းပေးလိုက်တာ။ ခုတော့ ဘလော့ဂ်မှာ ရွယ်တူတွေအညားကြီးပဲ။ တူညားတစ်ယောက်ထဲ အန်တီဖြစ်နေတာ။း))

    ကိုတောင်ငူသား
    အဲဒီနေ့က ပုလုကွေးတော့ တွေ့သဗျ။ အစ်မတို့ အစောကြီးရောက်နေတာ။ သူက ရွားသားလေးတော့ လာဘူးတဲ့။ တောင်ငူသားလာမယ်တဲ့ ပြောသား။ မတွေ့လိုက်ရဘူး။ နောက်ပိုင်း ပုလုကွေးကနေ ၀ါးညှပ်တဲ့ ကရင်ကြီးဖြစ်သွားတာတော့ လူစုံမှပဲ ပြောတော့မယ်း)

    ကိုရင် စစ်ကိုင်း၊ မန်းလေးမှာ အပြတ်ကျဲခဲ့တာပဲ။ အားကျတယ်ဗျို့။

    ကူးကူး၊ စူးစူး၊ မြူးမြူး၊ ဦးဦးး) မအယ်၊ ပေါက်၊ မုန့်တီသုတ်ဆိုတော့ ပြေးလာကြတယ်ထင်တယ်း)

    အန်တီသက်ဝေကတော့ ဖြစ်ရမယ်နော် ...း)

    အလင်းက ကိုယ်တွေ့နဲ့ တူတယ်း)

    ReplyDelete
  26. မဆွိပြောမှပဲ ဘလော့မှာ အန်တီဆွိ ဆိုတာသတိထားမိပါတယ် ၊ ကိုယ်ဖတ်နေကြဘလော့ဆိုတော့ Bookmarks ထဲမှာ TTSWEET နဲ.ထဲ့ထားတာပါ ၊ စကူဒရိုင်ဘာ ကိုင်တဲ့ ကျွန်မဘ၀ အပိုင်း-၁ က ဓါတ်ပုံမှာ ချောပြီး တော်တော်ငယ်ပါတယ် ၊ ချောတယ် နုတယ်ပြောလို. မုန်.ကျွေးရင်သြဇီတော့ လိုက်မစား ပါရစေနဲ. လေယာဉ်ဖိုး မတတ်နိုင်လို.ပါ ၊

ံအစစအရာအရာ အဆင်ပြေပါစေ ..

    ခင်တဲ့

    z

    ReplyDelete
  27. တီဆွိရေ ချက်နည်းလေး လာကြည့်သွားပါတယ်။ မနက်ဖြန် လုပ်စားချင်လို့ပါ။ ဟင်းချိုက ဆီထည့်ရသေးလား ဆီကသူ့ဘာသာသူ ထွက်လာတာလားဟင်။
    ပုံတွေကြည့်ရင်း သရေယိုသွားပါကြောင်းးး :)

    ReplyDelete
  28. ဟိုဘက်အိမ်မှာ ကြာဇံချက်နဲ. သံပုရိုသီးသုပ်စားပြီးပြန်လာတာ.. ခု နန်းကြီးသုပ်တွေ.တော့လည်းသရေကျတာနဲ.စားသွားပါသေးတယ်..ကြက်ရိုးဟင်းချိုလေးကလည်းမွှေးမှမွှေး...

    ReplyDelete