Saturday, April 16, 2011

ထွက်တော်မူ နန်းကခွါတယ် ...

ယနေ့သည်ကား မဆွိတီတို့ သားအမိ ခြင်္သေ့ကျွန်းမှ ထွက်ခွါရတော့မည့်နေ့ဖြစ်သည်။ ဒီအိမ်ကို စွန့်ရတော့မည်၊ ဒီမြေကိုစွန့်ရတော့မည်၊ ဒီသူငယ်ချင်း အပေါင်းအသင်းများ ခွဲခွါရတော့မည်ဆိုတော့ စိတ်ထဲမှာ အတော်မကောင်းလှ။ ၁၃နှစ်အတွင်း အဖြစ်အပျက်များစွာ၊ အမှတ်တရများစွာ ရှိခဲ့ဖူးသည် မဟုတ်လား။ မှတ်မှတ်ရရ တစ်ခုသော မြန်မာ နှစ်ဆန်းတစ်ရက်နေ့မှာ ဒီအိမ်ပြောင်းခဲ့သည်။ ခုလဲ နှစ်ဆန်းတစ်ရက်နေ့မတိုင်မီ ပြောင်းရပြန်သည်။ ၈နှစ်တိတိ ဤအိမ်တွင် ကြာခဲ့သည်။

ဂျူဂျူလေးအတွက်လဲ စိတ်မကောင်းဖြစ်မိသည်။ ကိုယ်ကတော့ လူကြီးမှို့ လောကဓမ္မတာ ချစ်ခင်ပေါင်းသင်း ခွဲခွါခြင်းများကို နားလည်ထားခဲ့ပြီ။ ကြုံလဲကြုံဖူးခဲ့သည်မှို့ ခံနိူင်ရည်ရှိမည်ဟု ထင်သည်။ ဂျူဂျူလေးကတော့ ငယ်သေးသည်။ မွေးစကထဲက ထိန်းကျောင်းပြီး အတူတကွ နေခဲ့သော၊ ညစဉ် အတူအိပ်ခဲ့ရသော ကြီးတော်ဖြစ်သူနှင့် ခွဲရတော့မည်။ သူငယ်ချင်း အပေါင်းအသင်းများနှင့် ခွဲရတော့မည်။

တစ်နေ့ကတော့ ဂျူဂျူ့သူငယ်ချင်းလေးများအတွက် လက်ဆောင်များ ထုတ်ပိုးတော့ သူကတက်ကြွစွာဖြင့် ကူညီနေသည်။ ပြီးတော့ တစ်အိမ်တက်ဆင်း လက်ဆောင်လေးတွေပေး၊ ကပ်ပြားလေးတွေမှာ အမှတ်တရ စာလေးများရေးနေရတာကိုပင် သူကပျော်နေသေးသည်။ ခလေးဆိုတော့ ခွဲခွါရမည်ဆိုတာထက် သူတစ်ခါမှ မလုပ်ဖူးတာလေးတွေ လုပ်နေရတာကို ပျော်နေခြင်းဖြစ်သည်။


တကယ်တော့ ဂျူဂျူသည် သူ့အဖေနှင့်တူလှသည်။ အလွန်အပေါင်းအသင်း ခင်သူ၊ အပေါင်းအသင်းမက်သူဖြစ်သည်။ အမေထက်ပင် ဆိုရှယ်ကျသည် ပြောရမည်။ ဘယ်နေရာသွားသွား ခလေးချင်း အပေါင်းအသင်းဖြစ်တာ သိပ်မြန်သည်။ မှတ်မိသည်က တစ်ခါသား Perth ဖက်ကို သွားလည်စဉ် သူငယ်ချင်း တစ်ယောက်၏ သမီးလေးက ၄တန်းလောက်၊ နာမည်လေးက အေးမြဖြူတဲ့။ ဂျူဂျူက K2၊ တွေ့ပြီး ၅မိနစ် ၁၀မိနစ်လောက်သာကြာသည်။ မမအေးမြဖြူ မမအေးမြဖြူဆိုကာ နှုတ်က မချ။ အတူကစားကြသည်။ လမ်းတွင်လည်း နှစ်ရှည်လများခင်ခဲ့သည့် သူငယ်ချင်းတွေအလား လက်အတူတွဲကာ သီချင်းဆိုကြ ဆော့ကြ ချက်ချင်းဖြစ်သွားတော့သည်။ အဲဒီကတည်းက မဆွိတီမှာ ဂျူဂျူလေး၏ ဆိုရှယ်စွမ်းရည်ကို သတိထားမိခဲ့သည်။

အိမ်ကိုဧည့်သည်လာမည်ဆိုလျှင်လည်း သူအလွန်ပျော်သည်။ ဘာရယ်ညာရယ်မဟုတ် ဘယ်သူပဲလာလာ သူပျော်သည်။ ဒီနေ့တော့ အိမ်ကို ဘယ်သူလာမယ်ဟေ့ဆို ပြောမိလျှင် အဲဒီတစ်နေ့လုံး ဂျူဂျူတို့ ဧည့်သည်စောင့်တော့သည်။ မလာမချင်း တဂျီဂျီနှင့် မေမေ ဧည့်သည်က ဘယ်တော့ လာမှာလဲ၊ မလာသေးဘူးလား၊ ၃နာရီတောင် ထိုးပြီ၊ သူတို့က ဘာလို့မလာသေးတာတုံး။ အဲလိုတွေ တောက်လျှောက်မေးတော့သည်။ နောက်ပိုင်းတော့ ဧည့်သည်လာမည်ဆို ဂျူဂျူကို မပြောရဲတော့၊ လာကာမှလာရော့ပဲ။

မဆွိတီတို့ အိမ်နားတွင်လည်း ဦးခြိမ့်သူငယ်ချင်းများစုနေကြရာ သူငယ်ချင်းများမှလဲ သမီးတွေချည်း မွေးထားသည်ဖြစ်ရကား သူတို့အချင်းချင်းလည်း အလွန်ချစ်ကြသည်။ အားလုံးကလဲ တစ်နှစ်ကြီး တစ်နှစ်ငယ် -၂နှစ်ကြီး ၂နှစ်ငယ်တွေ၊ ဗုံတွေစီထားသလို အသက် ၁၁နှစ်မှသည် ၅နှစ်အထိ ရှိကြသည်။ ဂျုဂျူသည်ကား ထိုသူငယ်ချင်းများနှင့် အကြီး အငယ်မရွေး အားလုံးချစ်ခင်သည်ချည်းဖြစ်သည်။ အကြီးတွေဆိုလည်း အကြီးမှို့ သူတည့်အောင်ပေါင်းသည်။ ခင်သည်။ ခလေးမလေးတွေကလဲ အစ်မကြီးတွေလို ဂျူဂျူ့ကို ချစ်ကြသည်။ အငယ်တွေကလည်း မမဂျူဂျူ ... မမဂျူဂျူ ဆိုကာ ချစ်ကြပါသည်။ အိမ်အောက်ထပ်က မောင်နှမ၂ယောက်နှင့်လဲ အားတိုင်း သူ့အိမ်သွားလိုက်၊ ကိုယ့်အိမ်သွားလိုက် ကစားနေကျဆိုတော့ အကြီးမလေးက စိတ်မကောင်း။ ဂျူဂျူသွားရင်တော့ ပျင်းနေတော့မှာပဲ ဆို ခဏခဏပြောနေတော့သည်။ တစ်ယောက်ကလဲ ပထမတော့ သွားတော့မည်ဆို ခဏအလည်သွားမည်ထင်နေသည်။ နောက်အိမ်ရောက်မှ အပြီသွားမည်ဆိုတာသိရတော့ ငိုတော့သည်တဲ့၊ သူ့အမေက ပြောပြသည်။

မနေ့က ဂျူ့ဂျူ့သူငယ်ချင်းလေးတွေကလဲ လက်ဆောင်လေးတွေ၊ ကပ်ပြားလေးတွေမှာ စာလေးတွေရေးပြီး လာပို့ကြသည်။ တစ်ချို့ကလည်း ဂျူဂျူ့ ဂျီမေးမှာ စာပို့ကြသည်။ ဂျူဂျူတော့မသိ။ ခလေးလေးတွေစာကို ဖတ်ကာ မဆွိတီမှာ ပိုစိတ်မကောင်းဖြစ်ရသေးသည်။ စိတ်မကောင်း မဖြစ် ရှိရိုးလား။ အန်တီသက်ဝေတို့၊ အန်တီ တန်ခူးတို့၊ အန်တီ စုချစ်တို့လို နာမည်ကျော် ဘလော့ဂ်ဂါတွေပင် မဆွိတီထံ ဤသို့စာမရေးဖူးကြတာကိုး။ (JK).

ခလေးများ၏ အလွမ်းစာများသည် ချစ်ဖွယ်ကောင်းလှပါတကား။








24 comments:

  1. ကလေးတွေ စာဖတ်ရတာ စိတ်တောင် မကောင်းဘူး ..

    အစစ အဆင်ပြေ ပျော်ရွှင်ပါစေ ဆုတောင်းပေးပါတယ်အစ်မရေ ..

    ReplyDelete
  2. အမရေ ကောင်းသော ခရီးဖြစ်ပါစေ။
    လူကြီးတွေက စာမရေးကြတော့ဘူး ဒီမှာက ဖုန်းလေးတစ်ချက် ဆက်လိုက်ရုံပဲလေ။
    မင်္ဂလာ နှစ်သစ်နှင့် အတူ အစစ အရာရာ အဆင်ပြေပါစေ။

    ReplyDelete
  3. ကလေးတွေရေးတာဖတ်ပီး စိတ်မကောင်းပိုတောင်ဖြစ်သွားတယ်
    တီဆွိဟိုရောက်ရင်လည်း ရေးပါအုံးနော် .. မျှော်နေမယ်။

    ReplyDelete
  4. Dear rachel

    I ll b missing u & ur mom

    ReplyDelete
  5. အမရေ.. Jurong Pointမှာ Barbie ပွဲတော်မှာ ဂျူဂျူကို တွေ့ လို့ အမကိုနှုတ်ဆက်ဖို့ ကြိုးစားတာ..မတွေ့ လိုက်ရပါ. အားလုံးအဆင်ပြေပါစေ။ ခင်မင်စွာဖြင့်.... မာလာ (ပန်းမာလာ)

    ReplyDelete
  6. ဒီမှာက သိတဲ့အတိုင်းပဲ ၊ ကလေးတွေက ကျောင်း ၊ ကျူရှင် အိမ်စာတွေနဲ.ပိနေတော့ အိမ်မှာပဲ ဂိမ်းကစား တီဗွိကြည့်နဲ. သူတို.ဘ၀ကိုဒီလိုပဲဖြတ်သန်းလာရတာ ၊ တစ်ခါတလေ မိဘတွေဆုံမှ ကလေးအချင်းချင်း ကစားဖြစ်ကြတာ ၊ မိသားစုတွေလည်း ဆုံဖို.နေနေသာသာ အလုပ်များလို. ဖုံးတောင်မဆက်ဖြစ်ဖူး ၊

    ဂျုဂျူတစ်ယောက် သူငယ်ချင်းတွေနဲ.ခွဲရမယ်ဆိုတော့ စိတ် မကောင်းပါ၊ အပြုသဘောဘက်က တွေးမယ်ဆိုရင်တော့ ဂျူဂျူရဲ့ သြဇီက ပညာရေးက စလုံးလောက် stressful ဖြစ်မယ်မထင်ဖူး၊

    သြဇီမှာ ဘေးရန်ကင်းသိမ်းကင်းဝေးပြီး အစစအရာအရာ အဆင်ပြေပါစေ ..

    Have a safe flight !

    ခင်တဲ့

    Z

    ReplyDelete
  7. အင်း.. ကလေးတွေရေးတဲ့စာတွေ ဖတ်ရတာ ချစ်စရာ ဝမ်းနည်းစရာလေးတွေ...။
    နေရာသစ်မှာ အမြန်ဆုံး အခြေကျ ပျော်မွေ့နိုင်ပါစေ သူငယ်ချင်းရေ... လူချင်းဝေးသွားသော်လည်း အွန်လိုင်းမှာ ဖဘမှာ ဘလော့ဂ်မှာ အမြဲဆုံကြမယ်လေ... ထွေထွေထူးထူးတော့ မှာစရာမရှိ... ဘလော့ဂ်မှာ စာမှန်မှန်ရေးပါလို့ပဲ မှာလိုက်ပါရစေ...း))

    P.S. ဂျူးဂျူး သူငယ်ချင်းလေးတွေလို စာမရေးဖြစ်ပေမယ့် မနေ့ညက sms မှာ အသည်းအကြီးကြီးတွေ ပို့ထားတယ်လေ... ခွိခွိ...း))

    ReplyDelete
  8. Have a nice move!!
    I usually visit your blog and hope you will be sharing more from there.
    Thanks,
    Iora

    ReplyDelete
  9. နေရာသစ်မှာ အမြန်ဆုံး အသားကျပြီး ပျော်ရွှင်ပါစေ.. တီဆွိနဲ့ ဂျူးဂျူးလေး..

    အလင်း

    ReplyDelete
  10. အစစ အဆင်ပြေပါစေနော် တီဆွိ

    ReplyDelete
  11. ဆွိရေ....ဒီနေ့ တို့ အလုပ်များနေတာနဲ့ ဖုန်းတောင် မဆက်ဖြစ်ဘူး၊ အစစ အရာရာအားလုံး အဆင်ပြေပါစေ သူငယ်ချင်းရေ.... ဂျူဂျူလေးလည်း ဟိုကျရင် သူငယ်ချင်းအသစ်တွေ တွေ့ပြီး ပျော်သွားမှာပါ....။ အွန်လိုင်းမှာ အဆက်အသွယ် မပြတ်နဲ့ပေါ့ သူငယ်ချင်း...All the best...နော်:))

    ReplyDelete
  12. Have a safe trip and simply wish all the best things for everyone in your family, Ma Ma Sweet!

    ReplyDelete
  13. အစစ အရာရာအဆင်ပြေပါစေ
    ကလေးတွေ စာဖတ်ပြီး ၀မ်းနည်းလိုက်တာ
    ခုလာဖတ်တာ ဒုတိယအကြိမ် အတွေ့ အကြုံလေးတွေ
    မျှော်နေပါ့မယ်

    ReplyDelete
  14. မင်္ဂလာနှစ်သစ်ကို နေရာသစ်မှာ ပျော်ရွှင်အဆင်ပြေစွာ ဖြတ်သန်းနိုင်ပါစေဗျာ

    ဂျူဂျူလေးလဲ ပျော်ရွှင်ပါစေ

    တောင်ငူသား

    ReplyDelete
  15. ကိုဇော်April 16, 2011 at 11:29 PM

    အစ်မရေးပြတာက ပိုလွမ်းစရာ ကောင်းနေတာဗျာ။
    ကျနော်လည်း အခင်ဆုံး သူငယ်ချင်း ဆိုတာတွေနဲ့ ခဏခဏ ခွဲရတာပါပဲဗျာ။ ကြာလာတော့လည်း လူက ထုံလာသလိုပါပဲ။

    ReplyDelete
  16. တီဆွိဆီက ပန်းတွေယူသွားပြီး ပန်းကဗျာဆိုတဲ့ slide show လုပ်ပြီးဘလော့ဂ်မှာတင်ကတည်းက တီဆွိတို့ကို နှုတ်ဆက်တာပါ...။
    နှုတ်ဆက်တဲ့ စကားတွေ နှုတ်မထွက်ရဲသူ...ဒီက..တီဆွိထက် အသက်သာကြီးတယ်၊ အသည်းက ဂျူဂျူ သူငယ်ချင်းတွေထက် ငယ်တယ်။

    အစစအရာရာ ချောမွေ့ အဆင်ပြေပါစေ

    ReplyDelete
  17. All the best for you and your family. hope you can still write and post in your blog.

    with kind metta.

    ReplyDelete
  18. ချစ်သူငယ်ချင်း... မုန့် တီပို့ စ်မှာကတည်းက ကြိုနှုတ်ဆက်ထားတာ... ရင်ထဲမှာအတော်မကောင်းဘူး... ခဏခဏလာလည်ပါဟာ... ဂျူးသူငယ်ချင်းလေးတွေလို ရေးမထွက်တာ ငိုချင်လို့ ပါ... နင်ကတော့ လေဆိပ်ရောက်လို့  ကိုကိုခြိမ့်ကြီးမျက်နှာတွေ့ လိုက်တာနဲ့  မေ့တတ်သွားမှာပါ... သာယာလှပသောလမ်းချိုးလေးတခုပေါ့... အသက်ရှူကျပ်တဲ့ ကျွန်းပိစိက လွတ်မြောက်သွားတာ တမျိုးပျော်စရာပါ သူငယ်ချင်းရေ... လွမ်းတိုင်း ပို့ စ် တပုဒ်ရေးနော်...

    ReplyDelete
  19. တီဆွိရေနေရာအသစ်မှာအစစအဆင်ပြေပါစေနော်။
    ဂျူဂျူလေးလဲပျော်ရွှင်ပါစေ။

    ReplyDelete
  20. သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ ငါ့နှမရေ..
    အကိုကြီး နဲနဲ ခရီးပန်းနေလို့ စာရှည်ရှည်မရေးနိုင်သေးဘူးဟေ့

    ReplyDelete
  21. အစစအရာရာအဆင်ပြေအောင်မြင်ပါစေ....

    ReplyDelete
  22. မဆွိတီတို့ သားအမိတော့ မနေ့က မနက်ကပဲ ဆစ်ဒ်နီကို ရောက်ပါတယ်။ အားလုံးအစစ အရာရာ အဆင်ပြေပါကြောင်း၊ ဆစ်ဒ်နီမှ ဘ၀အသစ်အကြောင်းအရာလေးများလဲ ထူးထူးခြားခြားရေးစရာများရှိရင် ရှယ်ပေးပါဦးမယ်။

    မဆွိတီက သူငယ်ချင်းတွေကို နောက်လိုက်တာပါ။ ခုတစ်ခေါက်ထပ်နှုတ်ဆက်ကြတဲ့ ချစ်သူငယ်ချင်းများအားလုံး၊ နဲ့ ဆုတောင်းပေးကြသူများ အားလုံး ကျေးဇူးတင်ပါတယ်။

    ကိုကြီးကျောက် ခရီးပမ်းတဲ့ကြားကတောင် လာနှုတ်ဆက်တာ။ အထူးဆုတောင်းပေးလိုက်မယ်။ ကိုကြီးကျောက်ကျန်းမာ၊ ချမ်းသာလန်းဖြာ၊ ဖလန်းဖလန်းထကာ အလန်းကလေးများနဲ့ ဖူးစာဆုံပါစေဗျာ။း))

    ReplyDelete
  23. အားတဲ့အချိန် ဂျီတော့မှာ တက်ချောင်းနေတာ မတွေ့လို့... အဆင်ပြေလား...လွမ်းနေပြီလား... သတိရနေလား မေးမလို့...

    ဟွန်း... ဒီက စာသာ အချိန်မရလို့ မရေးနိုင်တာ...သူတို့ နန်းကခွာတဲ့နေ့က နောက်တစ်နေ့ ဘုန်းကြီးကျောင်းမှာ လှူဖို့ ချက်ပြုတ်နေတာ တန်းလန်းကြီး ပြစ်ထားခဲ့ပြီး ရေတောင် မချိုးအားဘူး... ကြက်သွန်နံ့ ဆီနံ့တွေ တလှိုင်လှိုင် နံနံစော်စော်နဲ့ လေဆိပ် အပြေးအလွှား လိုက်ပို့တာကျတော့ ရေးဘူး... အနံ့တွေ တသက်စာ အမှတ်တရပေးလိုက်တာ... ခုထိ သတိရနေသေးတယ် မလား... ဟိ...
း)

    ReplyDelete
  24. ဟားဟား ... အမှတ်ရပါတယ် ... အမှတ်ရပါတယ် ... မအားတဲ့ကြားက လိုက်ပို့တဲ့ ချစ်သယ်ရင်းကြီးကိုရော အားလုံးကို ... ဒီမှာ ပို့လိုက်တဲ့ ပစ္စည်းတွေ မရောက်သေးလို့ ၀ါယာလက်စ်မရှိတော့ အွန်လိုင်းက ကြိုးတစ်ချောင်းထဲ ၃ယောက်လုသုံးနေရလို့ အွန်လိုင်းမှာ သိပ်မတွှေတာဖြစ်မယ်။ ဂျူဂျူးကိုပဲ ဦးစားပေးနေရတယ်။

    ReplyDelete