Saturday, August 11, 2018

ဖက်ထုပ်ဆီချက်

ဒီနေ့ည ဖက်ထုတ်ဆီချက်လေး ရှိတာလေးတွေနဲ့ ဖြစ်သလို လုပ်စားတယ်။
Image may contain: food
နောက်တစ်ခေါက်လုပ်ရင် မေ့သွားမှာစိုးလို့ သတိရတုံးလေး ချရေးလိုက်ဦးမယ်။ ဖက်ထုပ်ကတော့ ပြီးခဲ့တဲ့ အပတ်ကထဲက လုပ်ထားတာလေးတွေ ကျန်နေတာပါ။
ဖက်ထုပ်အတွက် 
ဝက်သား အကြေ - ၄၀၀ ဂရမ် (အဆီပါတဲ့ ဝက်သားအကြေကိုရွေးပါ)
ပုဇွန် - ၃၀၀ ဂရမ် ( အခွံခွာပြီးသားဆို ၁၅၀ ဂရမ်ခန့်- ပုဇွန်ကို အခွံခွာ အညစ်အကြေးတွေ သန့်ရှင်းပြီး ဆား၊ ဆိုဒါလေးနည်းနည်းထည့် ရေအေးအေးနဲ့ ၅ခါလောက်ဆေးချ၊ ရေခြောက်အောင်သုပ်ပြီး၊ အတုံးသေးလေးတွေ တုံးထားပါ။)
တရုတ် မှိုခြောက် (Shiitake mushroom) - ၂ ခုခန့် (ရေ၄နာရီခန့်ကြိုစိမ်ပြီး အစိတ်သေးသေးလေးတွေ လှီးထားပါ)
ဆား - လဖက်ရည်ဇွန်း တစ်ဝက်
သကြား - လဖက်ရည်ဇွန်း ၂ ဇွန်း
ပဲငံပြာရည် အကြည်ရည် -  လဖက်ရည်ဇွန်း တစ်ဇွန်း
ခရုဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
ငရုပ်ကောင်းမှုန့် အဖြူ - လဖက်ရည် ဇွန်းဝက်
နှမ်းဆီ - လဖက်ရည် ဇွန်းဝက်
ရိုးရိုးဆီ - လက်ဖက်ရည် ဇွန်း တစ်ဇွန်း
တရုတ်ဟင်းချက်ဝိုင် - လဖက်ရည် တစ်ဇွန်း
ကြက်ဥအကာ - တစ်လုံးစာ
ပြောင်းဖူးမှုန့် - လဖက်ရည် ၂ဇွန်းမောက်မောက်
တရုတ်မဆလာ - လဖက်ရည်ဇွန်း လေးပုံ တစ်ပုံခန့်
ဟင်းခပ်မှုန့် - သုံးတတ်ရင် လဖက်ရည်ဇွန်း လေးပုံ တစ်ပုံခန့်

အပေါ်က ingredient တွေ အားလုံးကို နှံ့နေအောင် ၅ မိနစ်ခန့် ရောနယ်၊
ပြီးရင် ဖက်ထုပ်ထဲထည့်ပိတ်ပြီး ဖက်ထုပ်ကို အဆင်သင့်ပြင်ထားပါ။

ဆီချက်ခေါက်ဆွဲအတွက်
ခေါက်ဆွဲ တစ်ကေဂျီ (chong mai noodle)
ကြက်သွန်ဖြူ ဥ ၁၅ မွှာခန့်  ( blender နဲ့ ကြိတ်ပြီး ဆီချက်ချက်ထားပါ။ မီးများရင် အပေါ်ရံ တူးပြီး အတွင်းမကျက်ဖြစ်တတ်လို့ မီးအေးအေးနဲ့ချက်ပါ)
ကြက်သွန်မြိတ် ၃ပင်ခန့် (ပါးပါးလှီးထားပါ)
ခေါက်ဆွဲ တစ်ကေဂျီ (chong mai noddle)
ကြက်ရိုးပြုတ်ရည် ၂ လီတာခန့်

ြ့ကက်ရိုးပြုတ်ရည်အတွက် ကြက်ရိုးများများ (တစ်ကေဂျီခန့်) ကို ဂျင်းနဲနဲ ငရုပ်ကောင်း ဆားနဲ့ ကြက်ရိုးပြုတ်ရည် ၃လီတာခန့် ရအောင်ပြုတ်ထားပါ။
ပြီးရင် အရည်ကို အိုးသေးတစ်လုံးထဲ စစ်ထည့်ပြီး ဖက်ထုပ်ကို အရင် ပြုတ်ပါ။ ၅ မိနစ်လောက်ပြုတ်ပြီး ဖက်ထုပ်လေးတွေ ဆယ်ထားပါ။
ခါတိုင်းတော့ ဆီချက်ခေါက်ဆွဲလုပ်ရင် ခေါက်ဆွဲအပြား ( egg noodle ) ကို သုံးပါတယ်။ သူက အပြုတ်မခံလို့ ခေါက်ဆွဲ တစ်မျိုးပြောင်းသုံးတာ တော်တော်ကောင်းတယ်။ chong mai noodle လို့ခေါ်ပါတယ်။
chong mai noodle ၃ပွဲစာပြင်လောက်ကို  စောနက ကြက်ရိုးပြုတ်ရည်ထဲ ထည့်ပြီး ၈ မိနစ်လောက်တော်တော်ကြာပြုတ်ရပါတယ်။ ဒါမှ ခေါက်ဆွဲလဲအိ၊ ကြက်ရိုးပြျုတ်ရည် အချိုက ခေါက်ဆွဲထဲ ဝင်ပြီး အရသာ ပိုရှိပါတယ်။ အဲဒီခေါက်ဆွဲက ဆား၊ ဟင်းချိုမှုန့် ဘာမှ ထပ်ထည့်စရာမလိုတော့ပါဘူး။
ခေါက်ဆွဲအိရင် ဆန်ကာနဲ့ စစ်ပြီး ပွဲပြင်လို့ရပါပြီ။
ပန်ကန်လုံးထဲကို ခေါက်ဆွဲအရင်ထည့်၊ ဖက်ထုပ်လေးတွေထည့်၊ ဆီချက်ထည့်၊ ကြက်သွန်မြိတ်လေးထည့်ပြီးစားရင် အင်မတန်မှ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဆီချက်ခေါက်ဆွဲရပါပြီ။
(ဒီညတော့ အိမ်မှာ ပြီးခဲ့တဲ့ အပတ်က ဆီချက်လုပ်ထားတာ ကျန်တာတွေရယ်၊  ကြက်ရိုးပြုတ်ကလဲ အဆင်သင့်၊ ဖက်ထုပ်ကလဲ ခေါက်ထားတာတွေ အဆင်သင့်ရှိတာနဲံ့ ဖက်ထုတ်လေးပြုတ်၊ ခေါက်ဆွဲလေးပြုတ်လိုက်ရုံနဲ့ ဂျုဂျူုလေးရဲ့ ခေါက်ဆွဲ စားချင်နေတဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရတယ်။ )

Monday, July 30, 2018

အုန်းနိူ့ သာကူပြင်



သူငယ်ချင်းတွေ မေးကြလွန်းလို့ "အုန်းနိူ့ သာကူပြင်" လုပ်နည်းလေး ရှယ်ပေးလိုက်ပါတယ်။
သာကူပြင်အတွက်
သာကူစေ့ ၃၀၀ ဂရမ်
သကြား ၁၅၀ ဂရမ် 
ရေ တစ်လီတာခွဲ
အုန်းနိူ့ cream ၂၀၀ ml (cream ဗူးကိုသုံးပါတယ်)
ဆား လဖက်ရည်ဇွန်း တစ်ဇွန်း
----------------------------------------





အပေါ်က အုန်းနိူ့ပြင်အတွက်
အုန်းနိူ့ cream ၇၀၀ ml (cream ဗူးကိုသုံးပါတယ်)
နွားနိူ့ ၄၀၀ ml
သကြား ၂၄၀ ဂရမ်
ဂျုံမှုန့် ၁၀၀ ဂရမ်
ဆား လဖက်ရည်ဇွန်း တစ်ဇွန်း
---------------------------------------------------
သာကူပြင်အတွက် ...
ပထမဆုံး ရေကို ဆူအောင်တည်လိုက်ပါ။
ရေဆူရင် သကြား၊ ဆားနဲ့ သာကူကို ထည့်ပြီး ကျိုပေးပါ။
မီးကို အရမ်းမပြင်းစေပဲ medium အနေအထားလောက်နဲ့ အဆက်မပျက်မွှေပေးပါ။
မမွှေရင် အိုးကပ်တတ်လို့ပါ။
သာကူလေးတွေ အစေ့ပျောက်ခါနီးလောက်ရင် အုန်းနိူ့ cream လေးထည့်ပြီး ထပ်မွှေပေးပါ။ သာကူတွေ မျက်စေ့ပျောက်ပြီး စေးကပ်လာပြီ (ညောင်စေးကျလာပြီဆို) ဆီသုပ်ထားတဲ့ ဗန်းထဲထည့် အအေးခံထားပါ။
အပေါ်က အုန်းနိူ့ပြင်အတွက် ...
သာကူပြင်ကို အအေးခံထားစဉ်မှာ အုန်းနို့ပြင်အတွက် Ingredient တွေ အကုန်လုံးကို ကြက်ဥခေါက်တဲ့ မွှေတံနဲ့ နာနာခေါက်ပေးထားပါ။
ပြီးရင် မီးကို အရမ်းမပြင်းစေပဲနဲ့ အပူပေးပြီး အဆက်အပြတ် မွှေပေးပါ။ မီးအရမ်းပြင်းရင် ဗြုတ်တွေ အရမ်းထလာပြီး မမွှေနိူင်ပဲ ဖြစ်တတ်လို့ပါ။
ပထမတော့ ဗြုတ်လေးတွေ နဲနဲတော့ ထလာပါမယ်။ စိတ်မပူပါနဲ့ ။
မွှေနေရင်း မုန့်သား တဖြေးဖြေး ချောမွေ့လာမှာပါ။
မွှေနေရင်းနဲ့ မုန့်တွေ ပျစ်လာပြီး ညောင်စေးကျလာပြီဆိုရင် စောနက ခဲထားတဲ့ သာကူပြင်ပေါ် ဇွန်းလေးနဲ့ ခပ်ပြီး အသာလေး လောင်းချပါ။ (သာကူပြင်က လုံး၀ မခဲသေးတဲ့ အနေအထားဆိုတော့ အပေါ်က အားနဲ့ လောင်းချရင် ပုံပျက်သွားမစိုးလို့ပါ)။
အပေါ်က မုန့်သားကို ဆီသုပ်ထားတဲ့ ဇွန်းလေးနဲ့ မျက်နှာပြင်ခောျပေးပြီး oven ထဲမှာ အပူချိန် ၂၀၀ ဒီဂရီ စင်တီဂရိတ် နဲ့ ၁၅ မိနစ်ခန့် အပေါ်မီး ပေးပါ။
အပေါ်ရံလေး ညိုပြီးတင်းလာပါလိမ့်မယ်။ ပြီးရင် oven ထဲက ထုတ်ပြီး ၃-၄ နာရီလောက် ထားပြီး လုံး၀ အေးခဲသွားမှသာ မုန့်ကို လှီးဖြတ် စားသုံးနိူင်ပါပြီ။

..................................................................
တီဆွိလုပ်တဲ့အချိုးက အုန်းနိူ့ပြင်က တော်တော်ထူပါတယ်။ အဲလိုလေးထူမှလဲ စားရတာ အရသာပိုရှိပါတယ်။
အောက်က ဗီဒီယိုကတော့ ကိုယ်ထည့်တဲ့ အချိုးအဆတွေနဲ့ နဲနဲကွဲလွဲပါလိမ့်မယ်။
ဒီဗီဒီယိုကနေ သာကူနဲ့ အပေါ်က အုန်းန်ိူ့့ပြင်ကို ဘယ်လို texture အခြေအနေအထိ ကျိုပြီး ချရမလဲ ဆိုတာ ကြည့်လို့ရတာပေါ့။
Credit to original up loader.
https://www.facebook.com/groups/103279369835301/permalink/1109559232540638/
အုန်းနိူ့ cream 1kg တစ်ဗူးဆို အတော်ပါပဲ။
ဆိုဖီယာရဲ့နည်းကို အခြေခံပြီး အုန်းနို့ပြင်ထူထူလေးရအောင် လိုတိုးပိုလျှော့လေးလုပ်ထားတာပါ။
(သာကူကျိုပြီးတာနဲ့ oven ကို အဆင်သင့်ဖြစ်အောင် preheat 180 ဒီဂရီလောက် ဖွင့်ထားပေးပါ။)

Monday, July 16, 2018

ပလောင် တောင်ယာဟင်း

ဒီနေ့ နေ့လည်စာ ပလောင်တောင်ယာဟင်း ချက်စားတယ်။
တစ်ခါတစ်လေ ချက်နေကျ ဟင်းတွေစားရတာ ပျင်းလာလို့ ချက်ကြည့်တာ တော်တော် စားကောင်းတာပဲ။ 
ဟင်းက ဆီလဲမပါပဲ ဟင်းသီးဟင်းရွက်တွေနဲ့ အရည်သောက်လေးဆိုတော့ ကျန်းမာရေးနဲ့လဲ ညီညွတ်၊ စားရတာလဲ အဆင်ပြေတယ်။ ဦးခြိမ့်ကလဲ ကြိုက်တယ်တဲ့။
ချက်နည်းလေး အကြမ်းပျင်းရေးပြဦးမယ်။
ကြက်သားကို ခပ်လတ်လတ်လေးတွေတုံးပြီး ဆား၊ ဆနွင်းနဲနဲ၊စပါးလင်ပါးပါးလှီးထားတာလေးရယ်၊ နောက် ကြက်သွန်ဖြူ ဂျင်း ငရုပ်သီးခြောက်လေးတွေ ရောထောင်းထားတာနဲ့ နယ်ထားလိုက်ပြီး မီးဖိုပေါ်တင် မွှေပေး၊ ရေခမ်းလာရင် ရေကို တော်တော်များများထည့်ပြီး တည်ထားလိုက်။
ကြက်သားကျက်ရင် ဟင်းရည်ထဲကို မုန်ညင်းရွက်၊ မှို၊ မျှစ်၊ ကြက်သွန်နီ လေးစိပ်ခွဲ၊ ငရုပ်သီးစိမ်း လေးစိတ်ခွဲ၊ နံနံပင်လေးတွေ ခပ်ပြီး စားလို့ရပါပြီ။
ဆစ်ဒနီဆောင်းမှာ ရာသီဥတုအေးလွန်းလို့ ဒီလို ဟင်းရည် ပူပူ စပ်စပ်လေး လးက အလိုက်ဖက်ဆုံးပါပဲ။
(ပိန်းဥလေးတွေကတော့ သူ့မူရင်း ဟင်းထဲမှာမပါပါဘူး။ ကိုယ်က ကြိုက်လို့ဆို ကြက်သား ရေထည့်ကထဲကထည့်ချက်တာ ဟင်းက ပိုကောင်းသွားတယ်။ )
ချက်စားကြည့်ကြနော်.။ 
နေ့ခင်းက ပဟေဠိ တင်လိုက်တာ တာလပေါ၊ ကြက်ကချင်၊ အစုံပါပဲ။ အမှန်ကတော့ တိုင်းရင်းသားဟင်းတွေက ခပ်ဆင်ဆင်တွေပါပဲ။ တောင်ယာထဲ တောထဲက ဆွတ်လို့ ရတဲ့ ဟင်းရွကေ်တွ အကုန်ခပ်ကြတာ။ ဒါကတော့ ပလောင်တောင်ယာဟင်း recipe အတိုင်း ချက်ကြည့်တာပါ
Image may contain: food

Wednesday, January 10, 2018

ဝက်နံရိုး အကြွပ်ကြော်


Image may contain: food
ဝက်နံရိုး ၅၀၀ ဂရမ် ကို တစ်လက်မ ပတ်လည်ခန့် အတုံးသေးလေးတွေ တုံးပါ။
ပြီးလျှင် တရုတ် ဟင်းချက်ဝိုင် ၃ဇွန်း၊ နှမ်းဆီ တစ်ဇွန်း၊ သကြား၃ ဇွန်း၊ ဟင်းခတ်မှုန့် ဇွန်း ၁/၄၊ ကြက်သွန်ဖြူ ညက်ညက်ထောင်း နှစ်ဇွန်း၊ ပဲငံြ့ပာရည် အကြည် ၄ ဇွန်း၊ ငါးငံပြာရည် တစ်ဇွန်း၊ ခရုဆီ တစ်ဇွန်း၊ ငရုပ်ကောင်း ဇွန်း ၁/၄ ၊ five spices power ဇွန်း ၁/၄၊ Corn flour (သို့) နှစ်သက်ရာ အကြော်မှုန့် ၈ဇွန်းခန့် တို့နနယ်ပြီး ၅နာရီခန့် နှပ်ထားပါ။ တစ်ညနှပ်လျှင် ပိုကောင်းပါသည်။
နှပ်ပြီးလျှင် ဒယ်အိုးထဲ ဆီမြုတ်အောင် ထည့်ကြော်ပါ။ (ဆီအရမ်း မပူခင်ထည့်ကြော်ပါ)
သကြားပါသောကြောင့် မီးပြင်းလျှင် တူးပြီး အရောင်မဲတတ်သောကြာင့်ဖြစ်သည်။ မီးအနေတော်ဖြင့်ကြော်ပါ။ မတူးအောင် အပေါ်အောက် မကြာခဏ လှန်ပေးပါ။ နံရိုးများ ကြွတ်လာလျှင် ဆီစစ်ပြီး စားလို့ရပါပြီ။
(ဇွန်း မှာ လဖက်ရည်ဇွန်း Tea spoon ဖြစ်ပါသည်)


Monday, January 8, 2018

ကိုရီးယားစတိုင် ထမင်းကြော်



ဒီထမင်းကြော် စတိုင်လေးကတော့ ဂျူဂျူလေးငယ်ငယ်ကထဲက ကြိုက်လို့ ကြော်ကျွေးလာတာကြာပါပြီ။ ဝက်သားက teriyaki sauce လေးနဲ့ ချိုချိုလေးဆိုတော့ ခလေးတွေ အရမ်းကြိုက်တာ။
ကြော်နည်းလေးက
ပထမဆုံး ဝက်သားကို ပါးပါးလေးတွေ လှီးပြီး teriyaki sauce လေးရယ်၊ ငရုပ်ကောင်းရယ်၊ သကြားများများရယ်နဲ့နယ်ထားပါ။
ကြက်သွန်မြိတ်ပါးပါးလှီးထားပါ။
ကြက်ဥ၂လုံးကို ဆားငရုပ်ကောင်းအနည်းငယ်နဲ့ ခေါက်ထားပါ။
ပြောင်းဖူး နဲ့ ပဲစိမ်းအနည်းငယ်
နှမ်းဆီ
ငရုပ်ကောင်းမှုန့် အဖြူ
ဆလတ်ရွက် အနည်းငယ်

ပထမဆုံး ဒယ်အိုးထဲကိုဆီထည့်ပြီး ကြက်ဥခေါက်ထားတာကို အနည်းငယ်ချန်ပြီး ပါးပါးလေးနဲ့ အချပ်လိုက်လေးရအောင်ကြော်ပါ။
ပြီးရင် ပန်းကန်ပြားပေါ် အပြားလိုက်လေးတင်ထားပါ။
ဒယ်အိုးထဲ နှမ်းဆီထည့်ပါ.။ စောနကချန်ထားတဲ့ ကြက်ဥခေါက်ထားတာ ထည့်ကြော်ပါ။ ကြက်ဥကျက်ရင် ပြောင်းဖူး နဲ့ ပဲစိမ်းအနည်းငယ်ပါထည့်ကြော်ပြီး ထမင်းကိုထည့်ပါ။ teriyaki sauce၊ ပဲငံပြာရည် အကြည်၊ အနောက်၊  သကြား၊ ငရုပ်ကောင်းမှုန့်တို့ကိုထည့်ပြီး ထမင်းကြော်အနံ့လေးမွှေးလာသည်အထိကြော်ပါ။ ချခါနီး ကြက်သွန်မြိတ်လှီးထားတာလေးတွေ ထည့်ကြော်ပါ။ အပေါ့်အငံမြည်း ၊ လိုသလိုပြင်ပြီးရင် စောနက ကြော်ထားတဲ့ ကြက်ဥပေါ် ထမင်းကြော်တွေ တင်လိုက်ပါ။
ဒီဒယ်အိုးထဲမှာပဲ နှမ်းဆီထည့်ပါ။ ဝက်သားနယ်ထားတာကို အိုးကင်းပူတိုက်သလို ထည့်ကြော်ပါ။
မတူးသွားအောင် မကြာခဏ အပေါ်အောက်လှန်ပေးပါ။
ဝက်သားကျက်ပြီဆို ကြက်သွန်မြ်ိတ်လေးတွေပါ မွှေးသွားအောင် ထည့်လိုက်ပါ။
စောနက ထမင်းကြော်နားမှာ ဆလတ်ရွက်ကိုခင်း ဝက်သားကြော်ထားတာကို ထည့်လိုက်ရင် ကိုးရီးယားစတိုင် ထမင်းကြော် စားရန် အဆင်သင့်ဖြစ်ပါင်္ပြီ.။







Monday, November 6, 2017

Steam Fish recipe - စင်္ကာပူစတိုင် ငါးပေါင်း






ဒီအပတ်တော့ ဟင်းတွေစားရတာ ပျင်းလာလို့ steam fish လေး စမ်းသပ်ကြည့်မယ်ဆို ငါး၂ကောင် ဝယ်လာခဲ့တယ်။ စင်္ကာပူမှာတုံးက Sea bass လို့ခေါ်တဲ့ မြန်မာလို ကက္ကတစ် ငါးပါ။ ဒီမှာတော့ barramundi ခေါ်ကြပါတယ်။ နာမည်တွေက အညိုးညိုးပဲနော့။

အဲဒီ Sea bass ၂ကောင်ဝယ်လာတာ တစ်ကေဂျီခွဲကျော်ကျော်ဆိုတော့ တစ်ကောင်ကို ၈၀၀ ဂရမ်လောက်ရှိပါတယ်။ ဒီနေ့ညနေတော့ တစ်ကောင်ပဲ စမ်းလုပ်ကြည့်ပါတယ်။
-------------------------------------------------------------------------------------
Steam fish လုပ်ဖို့အတွက် လိုတဲ့ ပစ္စည်းတွေကတော့
- Barramundi fish တစ်ကောင် (800 gm to 1 kg ခန့်)
- ကြက်သွန်မြိတ် (spring onion)အပင်ကြီးကြီး ၃ပင်ခန့် (နှစ်လက်မစီ အရင်ဖြတ်ပြီး အချောင်း သေးသေး စိတ်စိတ်လှီးထားပါ)
- နံနံ ၃ပင်ခန့် - တစ်လက်မခန့်စီ ဖြတ်ထားပါ။
- ဂျင်း (Ginger) တစ်လက်မခန့်  (အချောင်း သေးသေး စိတ်စိတ်လေးတွေ လှီးထားပါ။)
- ကြက်သွန်ဖြူ ၅မွှာခန့် (အချောင်း သေးသေး စိတ်စိတ်လေးတွေ လှီးထားပါ။)
- ငရုပ်သီး အနီ အတောင့်ရှည် ၂တောင့်ခန့်


Sauce အတွက်
- တရုတ်ဟင်းချက်ဝိုင် (Shaoxing rice wine) - စားပွဲဇွန်း ၃ဇွန်း
- ပဲငံပြာရည် အကြည်ရည် - စားပွဲဇွန်း ၃ဇွန်း ( အိမ်မှာတော့ Lee Kum Kee Premium light soy sauce  ကို သုံးပါတယ်)
- ပဲငံပြာရည် အနောက်ရည် - စားပွဲဇွန်း တစ်ဇွန်း (Lee Kum Kee Dark soy sauce)
- ငါးငံပြာရည် - စားပွဲဇွန်း တစ်ဇွန်း (squid brand premium fish sauce)
- သကြား - စားပွဲဇွန်း ၃ဇွန်း
- ရေ စားပွဲဇွန်း နှစ်ဇွန်းခန့်

ပထမဆုံး ငါးကို အကြေးခွံနွှာ ဗိုက်ဖောက်ပြီး သန့်ရှင်းရေးလုပ်ထားပါ။ (ဒီမှာတော့ ဆိုင်က တစ်ခါထဲ ကိုင်ပေးလိုက်တော့ ရေးတစ်ခေါက်ထပ်ဆေးပြီး ပြင်ရုံပါပဲ) ရေးဆေးသန့်ရှင်းပြီးတဲ့ငါးကို အပေါ်အောက်ကို ဆား (a pinch ) ခန့်နဲ့ အသာပုတ်ပေး၊ နယ်ပေးပါ။
ငါးဗိုက်ထဲကိုလည်း ဆား အနည်းငယ် ( a pinch ခန့်) နဲ့ ပုတ်ပေး၊ နယ်ပေးပါ။ နံနံ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ် အချောင်းလေးတွေ (လှီးထားတာထဲက သုံးပုံ တစ်ပုံခန့်) ကိုလည်း ငါးဗိုက်ထဲ ထည့်လိုက်ပါ။
င်္ပြီးရင် ပန်းကန်အပြားထဲကို စောနက လှီးထားတဲ့ နံနံ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ်၊ (နောက်ထပ် သုံးပုံ တစ်ပုံကို) နဲ့ ငရုပ်သီး အောက်က ခင်းပါ။ အပေါ်ကနေ ငါးကို တင်ပြီး steam လုပ်လို့ရပါပြီ။

ပန်းကန်ပြားဆန့်တဲ့ အိုးကြီးကြီးထဲ (သို့)  ဒယ်အိုးထဲကို ရေနွေးပွက်ပွက်ဆူကိုထည့်၊  ပြီးရင်အပေါ်က grill လုပ်တဲ့ ဇကာလေး တင်၊ အပေါ်ကမှ ငါးပန်းကန်လေးတင် အဖုံးလုံအောင် အုပ်ပြီး မိနစ် ၂၀ ခန့် ပေါင်းရပါတယ်။
အောက်က ပစ္စည်းလေးကတော့ ပန်းကန်ကို ထည့်၊ ပြန်ဆယ်ရင် သုံးရတာပါ။

၁၅မိနစ်ခန့်ပေါင်းလို့ ငါးကျက် သွားပြီဆိုရင် ငါးပန်းကန်ကို အပြင်ကိုထုတ်လိုက်ပါ။ အပေါ်ကနေ စောနက လှီးထားတဲ့  အမွှေးအကြိုင် spices (နောက်ဆုံး သုံးပုံ တစ်ပုံကို) ငါးအပေါ်ကနေ ဖြန့်ခင်းလိုက်ပါ။
ဒီမှာ အရေးကြီးတဲ့ step က ကျန်ခဲ့လို့ မရပါဘူး။ ဆီ စားပွဲဇွန်း ၃ဇွန်းခန့်ကို ကျက်နေအောင် အငွေ့တွေ ထွက်လာတဲ့ အထိ တည်လိုက်ပြီး ငါးပေါ်ကနေ နေရာနှံ့အောင် လောင်းချရပါမယ်။ ဒါမှ စောနက ပြင်ထားတဲ့ spice တွေကနေ အနံ့လေးတွေက မွှေးလာမှာပါ။
နောက်ဆုံးကျမှ စောနက ပြင်ထားတဲ့ sauce ကို အပေါ်ကနေ လောင်းထည့်လိုက်ရင် အနံ့၊ အရသာနဲ့ ပြည့်စုံတဲ့ steam fish လေးရပါပြီ။
ကိုက်လံလေးပါ ကြော်လိုက်တော့ ဒီနေ့ညစာ အတွက် ပြည့်စုံသွားပါပြီ။






Wednesday, August 2, 2017

အာလူး ပူရီ လုပ်စားရအောင် ...






အာလူးပူရီကို မြန်မာပြည်မှာ နေတုံးက ကောင်းကောင်း မစားဖူးပါဘူး။ ဆစ်ဒနီရောက်မှ  ဘုန်းကြီးကျောင်း ဈေးရောင်းပွဲမှာ ရောင်းတဲ့ ပူရီကို ကြိုက်ပြီး အိမ်မှာ လုပ်စားကြည့်တာပါ။
အာလူးပူရီ အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ (လူ ၃ - ၄ယောက် စာလောက်)
အာလူး ဟင်းအတွက်
အာလူး ၅၀၀ ဂရမ်
မုန်ညင်းစေ့ စားပွဲဇွန်း တစ်ဇွန်း
ဇီယာ စားပွဲဇွန်း တစ်ဇွန်း
သစ်ဂျပိုးခေါက်  ၂ ခုခန့်
ကလားဝေးရွက် ၃ရွက်ခန့်
ပျဉ်းတော်သိမ်ရွက် တစ်ခက် ကို ချွေထားပါ။
ဆီ စားပွဲဇွန်း ၅ ဇွန်းခန့်
ခရမ်းချဉ်သီး  ၃လုံးခန့် - နုတ်နုတ်စင်းထားပါ။
ကြက်သွန်နီ ၃လုံးခန့် - အခွံနွှာပြီး နုတ်နုတ်စင်းထားပါ။
ဂျင်း လက် တစ်ဆစ်ခန့် - ညက်အောင် ထောင်းထားပါ။
ကြက်သွန်ဖြူ - ၅မွှာခန့် - ညက်နေအောင် ထောင်းထားပါ။
ဆား
ဆနွင်းမှုန့် လဖက်ရည်ဇွန်း တစ်ဝက်ခန့်
ဟင်းခတ်မှုန့်

ပူရီအတွက်
ဂျုံ ၅၀၀ ဂရမ်ခန့်
ဆား အနည်းငယ်
သကြား စားပွဲဇွန်း ၂ဇွန်း
ဆီ စားပွဲဇွန်း တစ်ဇွန်း (နယ်ရန်)

ပူရီ ကြော်ရန် ဆီ များများ လိုပါတယ်။

အာလူးတွေကို နွှာပြီး တစ်လက်မ ပတ်လည်လောက် အတုံးလေးတွေ တုံး ဆား နယ်ထားပါ။
ဆီသတ်ဖို့ အတွက် အိုးဇောက်နက်နက် ထဲကို ဆီထည့် ဆနွင်းမှုန့်ထည့်၊ သစ်ဂျပိုးခေါက်တွေ ကုလားဝေးရွက်တွေအရင်ထည့် ဆီသတ်ပါ. ။ ပြီးရင် ကြက်သွန်နီ ထည့် ကြက်သွန်နွမ်းရင် မုံညင်းစေ့၊ ဇီယာနှင့် ပျဉ်းတော်သိမ်ရွက်တို့ကိုပါ ဆီသတ်ပါ။ ကြက်သွန် အရောင်နဲနဲ ညိုလာရင် ဂျင်းကြက်သွန်ဖြူတွေပါဆီသတ်ပြီး မွှေးလာရင်  ခရမ်းချဉ်သီး၊ အာလူးတို့ကို ပါ ရောပြီး ဆီသတ်ပါ။ ကပ်လာရင် ရေထည့်ပြီး အာလူးနူးအိသည်အထိ မီးအေးအေးနှင့်တည်ထားပါ။ ရေတော်တော်များများထည့်ရပါတယ်။ ကျက်ခါနီးရင် ဆား ဟင်းခတ်မှုန့်ထည့်ပြီး စိတ်ကြိုက်ပြင်ပါ။ ပူရီနဲ့ စားဖို့ မဆလာနံ့သင်းတဲ့ အာလူးဟင်းရပါပြီ။


ပူရီကြော်ရန်
ပူရီအတွက် ဂျုံနယ်ရန် ဂျုံကို ဆားသကြား ဆီတို့နဲ့ရောပြီး ရေနွေးနွေးကို ဖြေးဖြေးချင်း လောင်းထည့်ပြီး ၅မိနစ်ခန့်နယ်ပေးပါ။ ပြီးရင် ဂျုံလုံးကို အဝတ်ရေစွတ်ပြီး အုပ်ထားလိုက်ပါ။ ၁၀ မိနစ် ၁၅ မိနစ်ခန့်  ကြာရင် နောက်တစ်ခါ ၅ မိနစ်ခန့် ထပ်နယ်ပါ။ ပြီးရင် နောက်ထပ်ရေစိုဝတ်နဲ့ ၁၅ မိနစ်ခန့် ထပ်အုပ်ပြီးရင် ပူရီကြော်လို့ရပါပြီ။
ဂျုံနယ်ထားတာကို အလုံးလေးတွေ လုပ်ထားပြီး၊ ဂျုံလှိမ့်တဲ့ ဒလိမ့်တုံးနဲ့ ပါးနေအောင် လှိမ့်ပါ။ ဆီများများထည့်ထားတဲ့ အိုးထဲ ထည့်ကြော်ပါ။ မုန့် က ပွလာရင် နောက်တစ်ဖက်လှန်ပါ။ ၂ဖက်လုံး ဖောင်းလာရင် ဆီထဲကနေ ကော်ပါ

အချဉ် အတွက်
ကြက်သွန်နီ ပါးပါးလှီး ခရမ်းချဉ်သီးနဲ့ ပူစီနာ ကိုလည်း ပါးပါးလှီး ပြီး ဆား လေး၊ သံပုရာရည်လေး ညှစ်ပြီး နယ်ထားပါ။

အသားမပါရင် မစားတတ်တဲ့ ဦးခြိမ့်အတွက် ကြက်သား မဆလာ ဟိဒြူစတိုင်