Wednesday, January 12, 2011

ဝက်သားတုတ်ထိုး၊ ကြာဆံကြော် ...

မဆွိတီတို့ ရန်ကုန်မှာ ၀က်သားတုတ်ထိုး စားရုံတင် အားမရလို့ အိမ်မှာလဲ လုပ်စားပါတယ်။ (ရောက်ရောက်ချင်း နောက်တစ်ပတ်ပါပဲ ... တိန် ...း)

ဝက်သားပြုတ်ခြင်း
Wet market က လတ်လတ်ဆတ်ဆတ် အူချို ၇၀၀ ဂရမ်၊ အသဲ ၃၀၀ ဂရမ်၊ အသား ၅၀၀ ဂရမ် ၀ယ်ပါတယ်။ စလုံးက wet market တွေမှာ ကလီစာအစုံမရဘူးခင်ည။ နှလုံးတို့ ကျောက်ကပ်တို့တော့ မစားတတ်လို့ မ၀ယ်ခဲ့ဘူး။ (၀က်ကလီစာဝယ်ရင် NTUC တို့ ရှန်စောင်းတို့က မ၀ယ်ပါနဲ့။ သူတို့က wet market ကလောက် မလတ်ဆတ်လို့ပါ။ )

အိမ်ရောက်တော့ အူချိုတွေကို မလှီးဖြတ်ပဲ မန်ကျည်းသီးမှည့်ရယ်၊ ဆားရယ် မျာများထည့်ပြီး ၃ကြိမ်လောက် သေချာနယ်ပြီး ဆေးလိုက်ပါတယ်။ (အူချိုက အထဲက အစာတွေမှို့ ရေနဲ့ အထဲကို ဆေးစရာမလိုပါဘူး)။ အသားနဲ့ အသဲကိုတော့ လှီးလို့ကောင်းအောင် အတုံးကြီးကြီးတုံးထားပါတယ်။

အထက်ပါ ကလီစာ ၁.၅ ကေဂျီခန့်ကို ဆားလဖ္ဘက်ရည် တစ်ဇွန်း၊ သကြားလဖ္ဘက်ရည် ၂ဇွန်း၊ ပဲငံပြာရည်အချိုရည် ၇ဇွန်း၊ အနောက်ရည် ၃ဇွန်းခန့်၊ ခရုဆီ ၇ဇွန်းခန့်၊ ငရုပ်ကောင်းမှုန့် ဇွန်းတစ်ဝက်ခန့်၊ တရုတ်မဆလာ နှစ်ဇွန်း၊ ဟင်းခတ်မှုန့်တို့နဲ့ နယ်ပြီး နာရီဝက်ခန့်နှပ်ထားပါတယ်။ အသဲကိုတော့ ဟင်းအိုးချခါနီးမှ ထည့်မှာမှို့ နယ်ပြီး သတ်သတ်ခွဲထားပါတယ်။

ပြီးရင် ကလီစာတွေကို အိုးထဲထည့် ဆီစားပွဲဇွန်း ၂ဇွန်း၊ နာနတ်ပွင့် ၅ပွင့်ခန့်၊ ထန်းလျှက်၂လုံး၊ ဂျင်းတစ်လက်မလောက်ကို ပါးပါးလှီးထည့်ပြီး မီးအနေတော်နဲ့ (medium) တယ်ပါတယ်။ ရေခန်းသွားရင် ကလီစာတွေ မြုပ်အောင်ရေထပ်ထည့်ပြီး မီးအေးအေးနဲ့ အဖုံးပိတ်ပြီး တည်ပါတယ်။ ကြက်ဥ ၃-၄လုံးလောက်ကိုလဲ ပြုတ်၊ အခွံနွှာပြီး အိုးထဲထည့်ပြုတ်ပါတယ်။

ဝက်အူချို ကျက်ချိန်နဲ့ ၀က်အသားနူးချိန်က အတူတူလောက်ပါပဲ။ ၄၅မိနစ်-၁နာရီလောက်ဆို ကျက်ပါပြီ။ ၀က်အူက အရမ်းပျော့သွားရင်လဲ မကောင်းပါဘူး။ ကိုယ့်စိတ်ကြိုက် အနေမှာ မြည်းပြီး ချနိုင်ပါတယ်။ ဟင်းအိုးချခါနီးမှ အသဲတွေကို ၅မိနစ်ခန့် ထည့်ပြုတ်ပါ။ အသဲက ကြာကြာပြုတ်ရင် မာတတ်လို့ပါ။ ဟင်းအိုးချရင် အရည်တစ်ဝက်လောက်နဲ့ ချပါ။ နောက်မှို့ဆို ၀က်သားတုတ်ထိုးက ခြောက်ခြောက်ကြီးနဲ့ စားမကောင်းလို့ပါ။ အဲဒီအရည်ကလဲ ကြာဆံကြော်နဲ့ ဆမ်းစားရင်ကောင်းမှကောင်းကိုး။



ကြာဆံကြော်ခြင်း
ကြာဆံကြော်လေးကလဲ ပူပူနွေးနွေး စားချင့်စဖွယ်လေးဖြစ်မှ ၀က်သားတုတ်ထိုးနဲ့ လိုက်ဖက်မှာပါ။ ရန်ကုန်မှာ စားခဲ့တုံးက ကြာဆံကြော်ဆို လာချပေးတာ အေးစက်နေတော့ စားရတာ အရသာပျက်လှတယ်။

ကြာဆံ အထုတ်ကြီး တစ်ထုတ်ခွဲလောက်ကို ရေစိမ်ပြီး ခပ်မာမာလေး ပြုတ်ထားပါတယ်။ အိမ်မှာတော့ Chilli brand ကြာဆံကို သုံးပါတယ်။


ကြာဆံအေးသွားရင် ဇလုံခပ်ကြီးကြီးထဲမှာ ကြာဆံကို ကပ်ကြေးနဲ့ အနည်းငယ်ညှပ်၊ ပဲငံပြာရည်အကြည်၊ အနောက်၊ ဆား၊သကြား၊ ဟင်းခတ်မှုန့်၊ ခရုဆီတို့နဲ့ နယ်ပါတယ်။ ကြာဆံတွေကပ်ပြီး လုံးနေရင် ရေအေး အနည်းငယ်ဖြန်းပြီး နယ်ပါ။


ဂေါ်ဖီထုတ် အစိမ်းရောင် အထုတ်ကြီး တစ်ဝက်လောက်ကို လေးထောင့်ပုံ ခပ်ကြီးကြီးတွေလှီးထားပါ။ မုန်ညင်းစိမ်း (အခါး) တစ်ပင်၊ တရုတ်နံနံ ၄-၅ပင်ကိုလည်း တစ်လက်မလောက်စီ လှီးဖြတ်ထားပါ။


ဝက်အူချောင်း၅ချောင်းလောက်ကို ခပ်ပါးပါး၊ အစောင်းလေးတွေ လှီးထားပါ။ ပထမဆုံး non sticker ဒယ်အိုးခပ်ကြီးကြီးထဲ ၀က်အူချောင်းကို ရေမြုတ်အောင်ထည့်ပြီး အရင်ပြုတ်ပါတယ်။ ရေခန်းတော့ ဆီ စားပွဲဇွန်း ၁၀ဇွန်းခန့်ထည့်ပြီး ကြော်ပါတယ်။


ဝက်အူချောင်းတွေ မွှေးပြီး ကျက်လာရင် ဂေါ်ဖီနဲ့ မုန်ညင်းလှီးထားတာတွေ ထည့်ကြော်ပါတယ်။ ကြော်နေတုံး ဆားလဖက်ရည်ဇွန်းတစ်ဝက်၊ သကြား၂ဇွန်း၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည် အနောက်ရည် တစ်ဇွန်း၊ အကြည်ရည် ၂ဇွန်းခန့် တို့ကိုလဲ ထည့်ပြီး မွှေပါတယ်။ တရုတ်နံနံကို နောက်ဆုံးမှ ထည့်ကြော်ပါတယ်။ အရွက်တွေအားလုံး ကျက်သွားရင် အဖတ်တွေကို သတ်သတ် ဆယ်ထားပါတယ်။ (ဆီနဲ့ဟင်းအရည်တွေ ဒယ်အိုးထဲမှာ ကျန်ပါမယ်)


စောနက အရွက်ကြော်က စစ်ထားတဲ့ ဆီနဲ့ရေ အရောကို ရေတွေခန်းသွားအောင်တည်လိုက်ပါ။ ဆီနဲရင်ထပ်ထည့်ပြီး ကြက်သွန်ဖြူ chop လုပ်ထားတာလေးတွေ ထည့်ကြော်တယ်။ ကြက်သွန်ဖြူမွှေးလာရင် ကြာဆံနယ်ထားတာ ထည့်ကြော်ပါတယ်။ ကြာဆံမကပ်အောင် ရေများများဖြန်းပြီး ကြော်ပေးရပါတယ်။ ဒါမှ ကြာဆံကြော်က စိုစိုလေးနဲ့ ပိုစားကောင်းပါတယ်။ ကြာဆံကို non-sticker အိုးနဲ့ကြော်ရင် အကပ်သက်သာပါတယ်။ ရိုးရိုးအိုးနဲ့ဆို ကပ်တာနဲ့ ကြော်ရတာ သိပ်ခက်ပါတယ်။ ၄-၅ မိနစ်ကြော်လို့ ကြာဆံကျက်ပြီဆို ခုနက ဆယ်ထားတဲ့ ဟင်းရွက်ကြော် အပေါ်ကလောင်းထည့်ပြီး ချနိုင်ပါပြီ။


အချည်ရည်ဖျော်ခြင်း
ကြက်သွန်ဖြူ၊ ဂျင်းကို ညက်ညက်ပါအောင်ထောင်း၊ မန်ကျည်းရေ၊ ငရုပ်ဆီ၊ ထန်းလျက်၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်တို့ကို ရောကျိုပါတယ်။ ကျိုထားတာ ပွက်ပွက်ဆူလာရင် အပေါ့၊အငံမြည်း၊ လိုတာစိတ်ကြိုက်ထပ်ထည့် ချလို့ရပါပြီ။ အေးသွားရင် ငရုပ်သီးမှုန့် အကျက်မှုန့် အနည်းငယ်ထည့်ဖျော်ပါ။ ကြာဆံကြော်နဲ့စားမဲ့ အချဉ်ရည်ကို ခပ်ကျဲကျဲဖျော်ကြပါတယ်။ ငရုပ်ဆီကတော့ sin sin extra hot ကို သုံးပါတယ်။

ပွဲပြင်ခြင်း
ဝက်အူချောင်းကို တစ်လက်မခန့်စီ လှီးပြီးကြော်ထားပါ။
ဝက်သားတုတ်ထိုးက အသားတွေ၊ အသဲတွေကို ပါးပါးလှီး၊ အူချိုကိုလည်း တစ်လက်မအရွယ်လောက်စီလှီးပြီး ဟင်းရည်ထဲ ပြန်နှစ်ထားပါတယ်။ (ဟင်းရည်ထဲက နာနတ်ပွင့်တွေနဲ့ ဂျင်းတွေကို ဆယ်ပြီး လွှတ်ပစ်ပါ)။
ကြာဆံကြော်ကို ပန်းကန်ထဲထည့်၊ အပေါ်က ၀က်အူချောင်း၊ ၀က်သားတုတ်ထိုးလှီးထားတာထည့်၊ အချဉ်ရည်ရွှဲရွှဲဆမ်း၊ ဟင်းအရည်ဆမ်း၊ အစပ်ကြိုက်ရင် ငရုပ်သီး အကျက်မှုန့်ပါဖြူးပြီး စားနိုင်ပါပြီ။ ( ဂလု ... ကိုယ်တိုင်လည်း ပြန်ဖတ်ပြီး ဂလုပါတယ်ခည) ...



အားပေးကြပါဦး ... ပူပူနွေးနွေး ၀က်သားတုတ်ထိုး ကြာဆံကြော်။

Sunday, January 9, 2011

ဝက်သားတုတ်ထိုး ညနေခင်း ...


Screw driver မကိုင်ခင် အစားအသောက်ဖက်လေး တစ်ချက်လောက် လှည့်ဦးမယ်ဂျာ။ မနေ့ကတင် ၀က်သားတုတ်ထိုး လုပ်စားထားလို့ ဒီပို့စ်လေး တင်ချင်နွန်းနို့ပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာက မဆွိတီတို့ မိသားစု မွေးရပ်မြေ အလည်ပြန်ခဲ့ကြတယ်။ (နောက်မှ အရှည်ရေးပါမည်။ ဟို ကြမ်းကြမ်းရမ်းရမ်း လက်ထပ်ထားသူလိုတော့ ကိုရီးယား အခန်းဆက်မည်မဟုတ်ပါ။ တစ်ပို့စ်၊ ၂ပို့စ်လောက်နဲ့တင် ပြီးမှာပါ)။ ရန်ကုန်မပြန်ဖြစ်တာ ၂နှစ်လောက်ရှိပြီဆိုတော့ မစားရတာကြာတာတွေ၊ စားချင်တာတွေ ထုံးစံအတိုင်း လှည့်ပတ်စားကြတယ်ပေါ့။ အဲဒီမှာ လိုက်ပို့သူကတော့ ဦးခြိမ့်ရဲ့ သူငယ်ချင်းတစ်ယောက်ပါ။ အဲဒီနေ့က ညနေပိုင်း အေးအေးဆေးဆေး မိသားစု ရွှေတိဂုံဘုရားပေါ်တက်ကြပြီး အပြန်မှာလာခေါ်တာ။ ပြီးတော့ ဒီနေ့ သူ ၀က်သားတုတ်ထိုးဆိုင် လိုက်ပို့မယ်ပြောတယ်။ ဦးခြိမ့်သူငယ်ချင်းက အစားအသောက်လုပ်ငန်းလုပ်နေတဲ့ အင်မတန်ချမ်းသာတဲ့ ကုန်သည်တစ်ယောက်ပါ။ သူမောင်းတဲ့ကားကြီးကလဲ လင်ခရူဆာအသစ်ကြီး။ အကြီးကြီးပဲဗျာ။ သူ့ကားကြီးနဲ့ ရန်ကုန်မြို့က ကားတွေပြည့်နေအောင်ရပ်ထားတဲ့ လမ်းကျဉ်းတွေထဲတိုးပြီး မောင်းနေတော့ ကိုယ်က ရင်တမမနဲ့ စိတ်ပူမိတယ်။ ကိုယ့်လိုက်ပို့ရင်း သူ့ကားအသစ်ကြီး ထိသွားရင်တော့ ဒုက္ခပဲလို့။ ဒါပေမဲ့ဗျာ သူတို့ကတော့ မောင်းနေကျဆိုတော့ ဒီလောက် ကျပ်တည်းကျပ်တောက်ထဲ အေးဆေးပဲ မောင်းသွားတာ။ ဘယ်လိုမှကို မထူးဆန်းသလိုပဲ။

အဲဒီနေ့ကလဲ သူလိုက်ပို့တဲ့ ၀က်သားတုတ်ထိုးဆိုင်က ဆိုင်ကြီးမဟုတ်ဘူး။ သူတို့စားနေကျ ဖောက်သည် ၁၇လမ်းထိပ်က လမ်းဘေးဆိုင်လေးပါ။ အရင် ၂၀၀၈ ပြန်တုံးကလဲ အဲဒီဆိုင်ပဲ သူလိုက်ပို့တာ။ အရင်တစ်ခေါက်က ရောင်းတာ အစ်မတဲ့။ ခုတော့ ညီမလုပ်သူက ရောင်းနေတာတဲ့။ ကောင်မလေးပုံစံက ရုပ်ကလေးကတော့ ရွက်ကြမ်းရေကျိုပါပဲ။ အသက်က ၂၀ အစိတ် ခပ်ငယ်ငယ် ပဲရှိသေးတယ်။ ဦးခြိမ့်သူငယ်ချင်းက စားနေကျဖောက်သည်ဆိုတော့ ခလေးမလေးနဲ့ အတော်ခင်မင် ရင်းနှီးနေဟန်ရှိတယ်။ ပြောမနာ၊ ဆိုမနာ နောက်ဟယ်၊ ပြောင်ဟယ်နဲ့ပဲ။ ဟဲ့ နင်တို့ သူဌေး မဖြစ်သေးဘူးလားတဲ့။ မဆွိတီတို့ဖက်လှည့်ပြီးလဲ ပြောသေးတယ်။ အမှန်က သူတို့က ဆင်းရဲချင်ယောင်ဆောင်နေတာဟ တဲ့။ ၀က်သားတုတ်ထိုးရောင်းတာနဲ့ သူဌေးဖြစ်နေပြီတဲ့။ သူတို့က ကားနဲ့လာတာ။ ကားကို တစ်နေရာ ရပ်ထားခဲ့ပြီး ဆင်းရဲယောင်ဆောင် ဒီနားလာရောင်းတာတဲ့။ စုံလို့ပဲ နောက်နေတာ။

ဒါနဲ့ စားကြတော့ တုတ်ချိုးထားတာ ၁၅၀၊ မချိုးထားတာ ၂၀၀ တဲ့။ အူပိတ်တို့၊ နို့အုံသား၊ လျှာ အစရှိသည်တွေက ၂၀၀ပေါ့။ မဆွိတီကတော့ အူပိတ်ဆိုလား အဲဒါလေးကြိုက်လို့ များများစားတယ်။ နို့အုံသားဆိုတာတော့ နူးညံ့ပေမဲ့ နဲနဲ အီလည်လည်မှို့ တစ်ခုပဲ စားမိတယ်။ ၀က်သဖုံးသားဆိုလား ကြံကြံဖန်ဖန်လဲပါတယ်။ မျက်လုံးကတော့ ဈေးအကြီးဆုံး။ တစ်လုံး၃၀၀ တဲ့။ မျက်လုံးလေးတွေကျ စီပြီး နှီးကြိုးလေးနဲ့ တောင် ရက်ရက်စက်စက်သီထားသေးတယ်။ မဆွိတီတော့ အူယားလို့မစားပါဘူး။ အချဉ်ရေကိုလည်း ငရုပ်သီးစိမ်း၊ နံနံပင်လေးဖြူးပြီး သတ်သတ်စပ်ပေးသေးတယ်။ သူ့အချဉ်ရည်ကိုကလည်း ကောင်းလှသဗျာ။ ဘယ်လိုစပ်လဲမသိဘူး။ ကိုယ်တွေ စားနေတုံး ကောင်လေးတစ်ယောက်လဲ ရောက်လာတယ်။ ကောင်လေးက ငယ်ငယ်ချောချော၊သန့်သန့် ၀တ်စားဆင်ယင်ပုံကလဲ ခေတ်လူငယ်ပုံစံ ဂျင်းပင်န်နဲ့ တီရှပ်နဲ့။ မဆွိတီတို့ အဖွဲ့က ဆိုင်ရှေ့မှာ ပိတ်ထိုင်နေကြတော့ သူကကောင်မလေးရဲ့ ဘေး၊ ဘယ်ဖက်နားလောက်မှာ ထိုင်တယ်။ ပြီးတော့ သူစားချင်တာ တစ်ခုပြီးတစ်ခု အေးအေးဆေးဆေး မှာစားတော့တာပဲ။ သူကျတော့ ပန်းကန်လေးထဲကို လှီးပြီး ထည့်ပေးတာ။ သူကလဲ စားနေကျ ဖောက်သည်ဖြစ်ပုံရတယ်။

အဲဒီနေရာမှာ သူမှာစားပုံနဲ့ ကောင်မလေးကလဲ သူမှာတာတွေကို စိတ်ရှည်လက်ရှည် တစ်ခုချင်းရွေးချယ်ပြီး ပန်ကန်ထဲထည့်ပေးနေပုံက ကဗျာဆန်လှတယ်။ မဆွိတီတို့အတွက်တော့ မြင်နေကျ မြင်ကွင်းမဟုတ် အထူးအဆန်းမှို့ ဘေးကနေ မသိမသာ အကဲခတ် နေမိတယ်။ ကောင်လေး ၀က်သားတုတ်ထိုး မှာပုံက သမီးရီးစား တိုးတိုးညှင်းညှင်း ချစ်တင်းနှောနေသလို၊ ရည်စားစကားပြောနေသလို လေသံနဲ့ဗျာ။ ကောင်မလေးကလဲ သူတောင်းဆိုသမျှကို ၀က်သားတုတ်ထိုးအိုးကြီးထဲကနေ ရွေးချယ်ပြီး အသာလှီးပေး၊ ပန်းကန်ထဲ တစ်ခုချင်းထည့်နေဟန်တွေကလဲ ငြင်သာလှတယ်။ ကဗျာတစ်ပုဒ်လို အနုပညာဆန်နေသလိုပဲ။ ကိုယ်တွေကသာ ခုမှလာစားသူမှို့ ဘာရလဲ၊ ဒါလေးက ဘာသားတွေလဲ၊ ဘယ်ဟာက ပိုကောင်းလဲ ဟိုဟာမေး၊ ဒါမေးနဲ့ပေမဲ့ သူတို့၂ယောက်ကတော့ အချင်းချင်း နားလည်မှုရှိပြီးသားချစ်သူတွေလို ဈေးဝယ်သူနဲ့ရောင်းသူ အချိုးညီလှတယ်။

ပြီးတော့ ကောင်လေးက အရင်စားပြီးသွားပြီး၊ ဆိုင်နားမှာ ရပ်ထားတဲ့ ကားလေးပေါ် တက်မောင်းပြီး ထွက်သွားတာပဲ။ အဲဒီတော့မှ ကောင်မလေးက ရှက်ကိုးရှက်ကန်းနဲ့ အကိုကြီးတို့ သူများရှေ့မှာ အရှက်ခွဲတယ် ဘာတယ်နဲ့ ဆက်နောက်နေကြပြန်ရော။ အမယ် နင်ကလဲ ဖောက်သည်ချင်းတူတူ ငတို့ကျ ဂရုမစိုက်၊ ကောင်လေးကျ သေချာလုပ်ပေးတယ်လို့ အကိုကြီးက စကားနာထိုးပြီး ထပ်စနေလို့ ရယ်နေရသေးတယ်။

မဆွိတီလဲ ရသမျှအချိန်လေးမှာ သိချင်တာလေးတွေ အင်တာဗျူးလိုက်သေးတယ်။ အဓိကသိချင်တာက မဆွိတီက ဟင်းချက်နည်းတွေ ရေးနေကျဆိုတော့ သူတို့ဘယ်လိုလုပ်လဲ နည်းသိချင်လို့ မေးတာပါ။ ဒါပေမဲ့ အဲဒါပြောချင်ပုံမရဘူး။

မဆွိတီ။ ။ ငါ့ညီမ၊ ၀က်သားတုတ်ထိုး အရမ်စားးကောင်းတာပဲ။ သန့်ရှင်းပြီး ဘာအညှီနံ့မှကို မထွက်ဘူး။ ဘယ်လိုများ လုပ်ထားလဲ။

ဈေးသည်ညီမ။ ။ ၀က်သားကို အနံ့ပျောက်အောင် ကျောက်ချဉ်နဲ့ ဆေးတာအစ်မ။

မဆွိတီ။ ။ အော်ဟုတ်လား။ ဒါနဲ့ အဲဒီဝက်ကလီစာအစုံတွေ ဘယ်ကများ သွားဝယ်ရလဲ။ အများကြီးပဲနော် ၀ယ်ရတာ။ ဘယ်လောက်ဖိုးလောက်များရှိလဲ။

ဈေးသည်ညီမ။ ။ (လမ်းမဖက်ကို လက်ညှိုးထိုးပြလျက် ...)အဲဒီဘက်က XX ဈေးမှာသွားဝယ်ရတာပဲ အစ်မ။ (သံဈေးဆိုလား ... မသေချာ ... မမှတ်မိတော့ပါ... ခွင့်လွှတ်ကြပါ။)။ မနက်ခင်း အစောကြီး သွားဝယ်ရတာ။ ၂သောင်းခွဲ ၃သောင်းဖိုးလောက်ရှိတယ်အစ်မ။

မဆွိတီ။ ။ ၀ယ်ပြီတော့ ပြုတ်တော့ရော။ ဘယ်လောက်ကြာကြာပြုတ်ရလဲ။ ဘာမီးနဲ့ ပြုတ်လဲ။

ဈေးသည်ညီမ။ ။ မီးသွေးနဲ့အစ်မ။ မီးသွေးမီးဖိုအကြီးကြီးနဲ့ ပြုတ်ရတာ။ မီးသွေးတော့ တော်တော်ကုန်တယ်။ အိုးအကြီးကြီးနဲ့ တစ်ခါထဲပြုတ်ရတာ။ မာတဲ့ ကလီစာတွေ အရင်ပြုတ်ပြီးမှ နောက်နူးလွယ်ပျော့လွယ်တာတွေ ထပ်ထည့်ရတာ။ မီးသွေးက ခဏခဏ ထပ်ဖြည့်ထိုးပေးနေရတယ်။ မနက် ၉နာရီလောက်က ပြုတ်ရင် နေ့ခင်း ၃နာရီလောက်မှ အကုန်ကျက်တယ်။

မဆွိတီ။ ။ပြုတ်တော့ရော အချိုမှုန့်တို့ သကြားတို့ ထည့်ရတာပေါ့။ တခြားဘာတွေများ ထည့်ပြုတ်ရသေးလဲ။

ဈေးသည်ညီမ။ ။ သကြားထည့်တယ်အစ်မ။ အချိုမှုန့်တော့ သိပ်မသုံးပါဘူး။ (လုပ်နည်းတော့ ပြောလိုဟန်မရှိလို့ ဆက်မမေးတော့ပါ)

မဆွိတီ။ ။ ဆိုင်ကရော ဘယ်အချိန် စဖွင့်လဲ။ နေ့ခင်းကတည်းကလား။ ဘယ်အချိန်လောက်မှ ဆိုင်သိမ်းလဲ။

ဈေးသည်ညီမ။ ။ ည ၇နာရီ၊ ၈နာရီလောက်မှ စဖွင့်တာအစ်မ။ နေ့ခင်းတော့ မရောင်းဘူး။ ည ၁နာရီ၊ ၂နာရီလောက် ကုန်တဲ့ အချိန်ပေါ်တည်ပြီး ဆိုင်သိမ်းပါတယ်အစ်မ။

မဆွိတီ။ ။ အော် ... ညဉ့်နက်တဲ့အထိ လာစားတဲ့ ဖောက်သယ်တွေရှိတယ်လား။

ဈေးသည်ညီမ။ ။ ဟုတ်တယ်အစ်မ။ ဖောက်သည်တွေ အများကြီးရှိတယ်။ ညီမတို့က အဓိက စားနေကျ ဖောက်သည်တွေရှိတယ်။

မဆွိတီ။ ။ အော်ဒါတွေ ဘာတွေ မှာရင်ရော ရသလား။

ဈေးသည်ညီမ။ ။ ဖောက်သည်တွေထဲက တစ်ချို့မှာတာတွေရှိပါတယ်။ လုပ်ပေးပါတယ်အစ်မ။
အဲဒီမှာ ဦးခြိမ့်သူငယ်ချင်းက ၀င်ပြောတယ်။ ၀န်ကြီးတွေ၊ စစ်ဖက်က ကြီးကြီးမိသားစုတွေထဲကလဲ ဖောက်သည်အချို့ရှိပါသတဲ့။ နေပြည်တော်ကိုတောင် လေပျံနဲ့ ပို့ရတယ်လို့လဲဆိုပါတယ်။ ဟုတ်မဟုတ်တော့ မသိပါ။

မဆွိတီ။ ။ စိတ်တော့မရှိနဲ့နော်။ သိချင်တာ သတ်သတ်ပါ။ အမြတ်ရော ဘယ်လောက်ရလဲညီမ။

ဈေးသည်ညီမ။ ။ အမှန်အတိုင်း ပြောမယ်နော်အစ်မ။ တစ်နေ့ ၃သောင်း၊ ၄သောင်းလာက်တော့ အမြတ်ကျန်ပါတယ်။

မဆွိတီတို့ စားပြီးငွေရှင်းကြတော့ ၀က်သားတုတ်ထိုး နဲ့ ဘေးဆိုင်က ကြာဆံ၊ ခေါက်ဆွဲကြော်၊ ဆာတေးအပါအ၀င် အားလုံး ၂သောင်းကျပါတယ်။ မဆွိတီတို့စားပြီးတော့လဲ ဟိုးအပေါ်မှာပြထားတဲ့ တုတ်ထိုးဗန်းက သိသိသာသာလျော့မသွားပါဘူး။ ဒီတော့ သူ့ဗန်းထဲက ကျန်နေတဲ့ ၀က်သားတုတ်ထိုးတွေနဲ့ ကိုယ်စားခဲ့တဲ့ငွေ တွက်ကြည့်လိုက်တော့ ဟိုးအပေါ်က သူပြောတဲ့ ကလီစာဖိုးအရင်းနှုတ်လိုက်ရင် သူတစ်နေ့အမြတ်ငွေက ဒီ့ထက်တောင်ပိုမလားလို့ တွက်ကြည့်မိနေပါတယ်။ တခြား hidden cost တွေမှ ကိုယ်ကမသိတော့ သူပြောတာပဲ ယုံလိုက်ပါတယ်လေ။

စလုံးက money minded တို့ ထုံးစံ သူပြောတဲ့အတိုင်း တစ်လ၀င်ငွေတွက်ကြည့်တော့ ၁၂သိန်း၊ ခုခေတ် ပေါက်ဈေးနဲ့စလုံး ၁၇၀၀-၁၈၀၀လောက်ရှိပါကလားလို့ အကြမ်းဖျင်း တွက်ကြည့်ရင်း ဈေးသည်ညီမကို နှုတ်ဆက်ပြန်ခဲ့ကြပါတော့တယ်။

ရေးရင်းနဲ့ ပို့စ်ရှည်သွားလို့ မနေ့က အိမ်မှာ လုပ်စားတဲ့ ၀က်သားတုတ်ထိုးကိုတော့ နောက်မှ ပို့စ်တင်တော့မယ်ဂျာ။

(အင်တာဗျုးတာ သူပြောတဲ့ အတိုင်းသာရေးတာပါ။ အချက်အလက်မှားယွင်းတာတွေ၊ မသေချာတာတွေ ရှိနိုင်ပါတယ်။ မဆွိတီကိုယ်တိုင်လည်း သူပြောတာတွေ မှန်မမှန် မသိပါ။)

Tuesday, January 4, 2011

Screw Driver ကိုင်ခဲ့ရ ကျွန်မဘ၀ပါရှင် (၂)...

မဆွိတီ၏ ထမင်းစား လက်မှတ်များ ...





မဆွိတီတို့ ကြောင်ဖမ်းခြင်း ...
3D နဲ့ ဒီဇိုင်းဆွဲရမယ်ဆိုလို့ အဲဒီအချိန်က တတ်တာဆိုလို့ Auto CAD က 3D ပဲရှိတာ။ Auto CAD အကြောင်း နောက်ကြောင်းပြန်ရရင် မဆွိတီဆရာမလုပ်တော့ ကျောင်းထဲက ဆရာမများဆောင်မှာနေတယ်။ အဲဒီအချိန်က Auto CAD ဆိုတာ အတော်ပေါ်ပြူလာဖြစ်နေပြီ။ ဆရာဦးသိန်းထွဋ်တို့ဖွင့်တဲ့ Geocomp မှာ တက်ကြတာများတယ်။ အဲဒီအချိန် သူငယ်ချင်း အချင်းချင်း တွေ့လို့ မေးရင် ဟေ့ နင်ဘာလုပ်နေလဲဆို ကြောင်ဖမ်းနေတယ်ဖြေကြတယ်။ အစတော့ ဘာပြောနေမှန်းမသိဘူး။ နောက်မှ ကြောင်ဖမ်းတယ်ဆိုတာ Auto CAD သင်တန်းတက်နေတယ်လို့ သဘောပေါက်တယ်ဗျား။

ဒီတော့ မဆွိတီလဲ နီးနီးနားနား ကျောင်းနားက ခ၀ဲခြံမှာ ညနေတိုင်း ကြောင်သွားသွားဖမ်းပါတယ်။ ကြောင်ဖမ်းဆရာကတော့ အခုဖေ့စ်ဘွတ်ခ်မှာ နာမည်ကြီးနေတဲ့ ဓာတ်ပုံဆရာ ကိုဋ္ဌေးဝင်းပါပဲဗျာ။ ဆရာကတော့ စေတနာလဲပါ၊ သေချာလဲ သင်ပေးပါတယ်။ အဲဒီမှာ ၃လလောက် သင်နေရင်းတန်းလန်းနဲ့ 3D တောင်မရောက်သေးဘူး၊ ဦးသောင်းကောင်းမှုနဲ့ MIT ပြောင်းရလို့ သင်တန်းကို ရပ်လိုက်ရတယ်။ နောက် ၂နှစ်လောက်အကြာ ဒီလာခါနီးကျမှ မပြီးသေးသော ပန်းချီကား အဲလေ မပြီးသေးသော Auto CAD ကို ဆရာမ ဒေါ်စန္ဒာအေးနဲ့ ဖုတ်ပူမီးတိုက် တစ်ပတ်နဲ့ အပြီးသင်ခဲ့ရတာပါ။ ဆရာမနဲ့တော့ 3D ကို အဓိကထားသင်ခဲ့ပါတယ်။ ဆရာမကလဲ ရတဲ့ အချိန်လေးမှာ စေတနာနဲ့ သေချာကို သင်ပေးခဲ့တာ မှတ်မှတ်ရရပါပဲ။ (အဲဒီအချိန် ဆရာကိုဋ္ဌေးဝင်းသင်တန်းက ခ၀ဲခြံမှာ မရှိတော့ပြီကိုး။)


ထူးဆန်းတဲ့ အလုပ်ရှင် ...
အလုပ်အကြောင်း ပြန်ဆက်ရရင် အဲဒီအလုပ်ရတာလဲ အံ့သြစရာ။ ကြားရက် သတင်းစာထဲက မထင်မရှား တစ်လက်မ ပတ်လည်လောက်သာရှိတဲ့ ကြော်ငြာလေးကို လျှောက်လိုက်တာ အင်တာဗျူးခေါ်တာဗျာ။ ခေါ်တဲ့ ပို့စ်က Mechanical Designer ပါ။ အင်တာဗျူးခေါ်တော့ ဘယ်အလုပ်က ခေါ်တာလဲ မနဲပြန်ရှာရတယ်။ စနေသတင်းစာထဲက ကြော်ငြာအကြီးကြီးတွေ လိုက်ကြည့်နေတာကိုး။ ဗျူးတဲ့နေရာက တန်ဂျုံဘာဂါး ၃၇ ထပ်မှာ။ အလုပ်ရှင်ဂျပန်ကိုယ်တိုင် ဗျူးတာပါ။ မေးတဲ့ ဂျပန်က အသက်၃၀လောက်။ ခပ်ငယ်ငယ်ပဲ။ သိပ်ယဉ်ကျေးတယ်။ တံခါးကို လာဖွင့်ပေးပြီး ကုန်းပြီး နှုတ်ဆက်တယ်။ ပြန်တော့လဲ တံခါးဝနားထိလိုက်ပို့ တံခါးကို ကိုယ်တိုင်ဖွင့်ပေးပြီးမှ ကုန်းပြီး နှုတ်ဆက်ပြန်တယ်။ ငါအလုပ်ရှင်ဆိုတဲ့ သဘောမျိုးမရှိပဲ လေးလေးစားစား ဆက်ဆံတယ်။ စကားပြောတာလဲ သိပ်ယဉ်ကျေးတယ်။ ကုမ္ပဏီတစ်ခုလုံးလဲ သူ့တစ်ယောက်ပဲတွေ့တယ်။ တခြားသူတွေက out sourcing သွားနေကြတယ်ဆိုပဲ။ အင်တာဗျူးတော့လဲ Technical ပိုင်းဆိုင်ရာ သိပ်မမေးဘူး။ မာစတာဘွဲ့ရတာ သေချာလားမေးတယ်။ ဆာတီဖီကိတ်တွေ ကြည့်တယ်။ ပါစင်နယ် ဟိုဟာမေး၊ ဒါမေးပဲ။ ၁၅မိနစ် - မိနစ်၂၀ လောက်ပဲကြာမယ် ဗျူးတာ။ သူတို့ကုမ္ပဏီက out sourcing ကုမ္ပဏီပါတဲ့။ တခြားကုမ္ပဏီတွေက လိုအပ်တဲ့ အင်ဂျင်နီယာတွေကို လိုက်ပြီး ဖြည့်ပေးရတယ်ပေါ့။ မဆွိတီက Tuas ဖက်က weight machine ထုတ်တဲ့ ကုမ္ပဏီတစ်ခုကို out sourcing engineer အနေနဲ့ သွားရမယ်ပေါ့။ ဗျူးပြီး နောက်တစ်ရက် ချက်ချင်းပဲ confirm လုပ်ပြီး စာချုပ်မှာ လက်မှတ်ထိုးရတယ်။ Benefit တွေ ဘာတွေ အကုန်ကတော့ ကုမ္ပဏီကြီးတွေ အတိုင်းပါပဲတဲ့။ ဒါကနောက်မှ ဦးခြိမ့်ကပြောတာ။


3D လေ့ကျင့်ခန်း ...
အလုပ်က နောက် တစ်ပတ်ကျော်လောက်နေမှ စ ဆင်းရမှာဆိုတော့ ဒီကြားထဲ မဆွိတီတို့ အိမ်မှာ 3D အဆွဲကျင့်ရပါတော့တယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲက တစ်ပတ်တည်း ဖုတ်ပူမီးတိုက်သင်ပြီးကထဲက လုံးဝမကိုင်ဖြစ်တာ။ 3D modeling တတ်တယ်ဆိုပြောပြီး၊ တကယ်မလုပ်နိုင်ရင် အလုပ်ထဲမှာ အရှက်ကွဲမှာ ကြောက်တာနဲ့ တစ်ပတ်လုံး နေ့နေ့ညည တစ်ချိန်လုံး အဆွဲကျင့်ပါတော့တယ်ခင်ညာ။ နောက်ဆုံး အလုပ်ဝင်မဲ့နေ့ ရောက်ခါနီးတော့ အိမ်က တယ်လီဖုံးနဲ့ ပုံစံတူ 3D မော်ဒယ်လေးဖြစ်သည်အထိ ဆွဲတတ်သွားပါတယ်။

မှတ်သားဖွယ် ၀တ်စားဆင်ယင်ပုံ ...
အဲသမှာ ပထမဆုံး အလုပ်သွားမယ့်နေ့ Tuas ကုမ္ပဏီကို ဂျပန်သူဋ္ဌေးက လိုက်ပို့မှာပါ။ ဂျူရောင်းပွှိုင့် MRT ကို မနက် ၈နာရီ အရောက် ချိန်းထားပါတယ်။ အဲဒီမှာ မဆွိတီတို့ ၀တ်စားဆင်ယင်ပုံကို ဖောက်သည်ချပါရစေဦး။ အလုပ်ထဲမှာဆိုတော့ နိုင်ဂံဂျားကားတွေကြည့်ထားတော့ ဖော်မယ်လီး ကုတ်အင်္ကျံနဲ့ စတိုင်ဘောင်းဘီနဲ့ အဟုတ်ပဲ။ ကိုယ့်ဟာကိုယ် ကုတ်အင်္ကျံကို မ၀ယ်စဖူး ကလင်မန်းတီးက ဆိုင်တစ်ဆိုင်မှာ ပိုက်ပိုက် ၅၀ ပေးပြီး ၀ယ်ထားတာ။ အဲဒီအချိန်က ပုံမှန်အင်္ကျံတစ်ထည် ၁၅ကျပ် ၂၀ဆို တော်တော် ကောင်းနေပြီကို။ ဦးခြိမ့်က အဲလောက်ဈေးကြီးတာ ၀ယ်ရမလားဆိုတောင် ပြောသေးတယ်။ အဲလို စတိုင်ကြီးနဲ့ ဟုတ်လှပြီပေါ့။ ဟိုဖက်ကုမ္ပဏီလဲရောက်ရော ဘယ်အမျိုးသမီးဝန်ထမ်းမှ ကိုယ့်လို ကုတ်အင်္ကျံကြီး တကားကားနဲ့ စတိုင်ဘောင်းဘီကြီးနဲ့ မ၀တ်ကြဘူးဆိုတာ တွေ့လိုက်ရတော့ တောသူမ မဆွိတီ နဲနဲတောင် ရှက်သွားတယ်။ ပုံမှန် ရှော့ပင်းထွက်သလို အရောင်လေးတွေနဲ့ ပေါ့ပေါ့ပါးပါးပဲ ၀တ်ကြတာပါကလားလို့ ပထမဆုံး သဘောပေါက်လိုက်တယ်။

out sourcing ကုမ္ပဏီ ဆိုသည်ကား ...
အဲဒီမှာ ပထမဆုံး ဘော့စ်နဲ့ ၊ HR မန်နေဂျာနဲ့ စကားပြောကြရင်းနဲ့မှ နဲနဲ သဘောပေါက်လာတာတစ်ခုက out sourcing ကုမ္ပဏီဆိုတာ လက်စသတ်တော့ အေးဂျင့် ကုမ္ပဏီသဘောမျိုးပါပဲကလား။ သူက အလုပ်သမားကို ဒီကုမ္ပဏီကို လာပို့မယ်။ ဒီကုမ္ပဏီက ကိုယ့်ကို ပေးတဲ့ လစာထဲကနေ သူက ဘယ်လောက် % ဖြတ်ယူသလဲတော့ မသိရဘူး။ ကိုယ်က ဒီကုမ္ပဏီမှာ တစ်နှစ် ကန်ထရိုက်အနေနဲ့ စလုပ်ရမယ်။ တစ်နှစ်ကြာလို့ ကန်ထရိုက် ထပ်မတိုးရင် နောက်ကုမ္ပဏီသွားရမယ်ဆိုတဲ့ သဘော။ ဘာပဲပြောပြော သူပေးတဲ့ လစာက ကိုယ်တောင်းတာထက်များနေတော့ ကျေနပ်ပါတယ်လေ။ သူ့ကိုလဲ ကျေးဇူးတင်ပါတယ်။ ကိုယ်လို အတွေ့အကြုံမရှိတဲ့သူကို လွယ်လွယ်နဲ့ ခန့်လိုက်တာ။ အမှန်က သူက ဒီကုမ္ပဏီက ဘော့စ်အကြီးဆုံးနဲ့ ဂျပန်အချင်းချင်း သူငယ်ချင်းတွေမှို့ သူ့ကို ကူညီပြီး စားပေါက်ဖွင့်ပေးလိုက်တဲ့ သဘောတွေလဲပါတယ်။ ကြုံလဲ ကြုံရပါ့။ အေးဂျင့်တောင်မှ ရှားရှားပါးပါး ဂျပန်ကနေ အေးဂျင့်လာဖွင့်တဲ့ သူနဲ့ တိုးရတယ်လို့ပဲ။

မဆွိတီ အဲလို ပထမဆုံး အလုပ်စဆင်းရတဲ့ နေ့က တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ၊ လွတ်လပ်ရေးနေ့ ဇန်န၀ါရီလ ၄ရက်ပါပဲ။ ဒီနေ့ဟာ မဆွိတီ စလုံးမှာ အလုပ်လုပ်တာ ၁၁နှစ် တိတိပြည့်တဲ့ နေ့ပါ။ လွတ်လပ်ရေးနေ့မှို့ မှတ်မှတ်ရရ ပိုဖြစ်သွားတာပါ။


စင်္ကာပူမှ ပထမဆုံး အလုပ် offer letter


ဆက်ပါဦးမည် ...