အန်တီဆွိတစ်ယောက် အော်ဇီပြန်ရောက်ကတည်းက ရောဂါထတာက မန်းလေးမှာ စားခဲ့ရတဲ့ မန်းလေးမုန့်တီအတိုင်း ပြန်ချက်စားချင်နေတာ။ အန်တီဆွိ ဝါသနာကိုက တစ်ခုခုစားပြီးလို့ ကြိုက်တယ်ဆို အဲသလိုမျိုး တူအောင် အိမ်မှာ ပြန်ချက်စားလေ့ရှိတာကိုး။
အိမ်မှာလဲ ရန်ကုန်မပြန်မီကတည်းက ဝယ်ထားတဲ့ ဂျပန် အူဒုံခေါက်ဆွဲကလဲ ရေခဲသေတ္တာထဲ ရှိနေတော့ အတော်ပဲ။ နောက်ပြီး မနေ့ကပဲ မုန့်ဟင်းခါးလေး ဘာလေး ချက်စားရအောင်ဆို ဆယ်လ်မွန်ငါးရိုးတွေ တစ်ကေဂျီခွဲတောင် ဝယ်ထားတာတွေလဲ ရှိနေတာ။
မန်းလေးမုန့်တီကလဲ စားထားတာ မကြာသေးဘူးဆ်ိုတော့ အားလုံးက အမှတ်တရ ဖြစ်နေသေးတယ်။ မှတ်မှတ်ရရကတော့ သူတို့ချက်တဲ့ ဟင်းချိုက ငါးဖယ်ဆုတ်သေးသေးလေးတွေနဲ့ ချက်ထားတာဂျ။ ဟင်းချိုက ပူပူနွေးနွေး မွှေးပြီး ချိုနေတာ။ ကြက်သားကိုလဲ အနှစ်နဲ့ ရောမချက်ပဲ အသားလေးတွေ ပြုတ်ပြီး မွထားတာ။ မုန့်တီထဲလဲ ငါးဆုတ်လုံးသေးသေးလေးတွေ ထည့်ပေးတာ သတိရတယ်။ ရန်ကုန်မှာရောင်းတဲ့ စတိုင်လို ကြက်ဥပြုတ်တွေ ဘာတွေ မပါဘူး။ သူထည့်တဲ့ အကြွပ်ကြော်ကလဲ ရန်ကုန်နဲ့မတူ၊ ခေါက်ဆွဲလုံးလေးတွေကို အကြွပ်ကြော်ထားတာ။ ခရမ်းချဉ်သီးကိုလဲ အနှစ်သပ်သပ်ချက်ပြီး ဆီရွှဲရွှဲ၊ ပဲမှုန့်များများနဲ့ သုတ်ပေးတာ။ ပြီးတော့ ကြက်သွန်နီလှီးထားတာကို ရော မသုတ်ပဲ သတ်သတ် တည်ပေးတာ။
မနက်မိုးလင်းတော့ ချက်ချင်စိတ်က တားမရတာနဲ့ ဦးခြိမ့် အိပ်နေတာကို နှိုးပြီး ဆွိလေး မန်းလေးမုန့်တီ ချက်စားချင်လို့ပါ ကိုကိုခြိမ့်ရယ် ... လိုတာလေးတွေ သွားဝယ်ပေးပါဦးဆို ပြောရတယ်။ ကြက်ရင်ပုံသား တစ်ခုရယ်၊ ငါးဖယ်ဆုတ်အတွက်တော့ ရရာငါး အသားချည်းပဲ ၅၀၀ ဂရမ်လောက် ဝယ်ခဲ့လို့ မှာလိုက်ရတယ်။
သူထွက်သွားတော့ ညက ရေခဲသေတ္တာထဲ ခဲနေတဲ့ ငါးရိုးတွေကို မိုက်ခရိုဝေ့ထဲထည့် de froze လုပ်ပြီး တစ်ဝက်လောက်ခွဲ (၆၀၀ ဂရမ်ခန့်)၊ အတုံးတွေတုံး၊ အိုးဇောက်နက်နက်ထဲ ရေလုံအောင်ထည့်ပြီး ပြုတ်လိုက်တယ်။ ပြီးတော့ ကြက်သွန်နီ ဥအကြီးကြီး တစ်လုံး၊ ဂျင်း တစ်လမလောက်ကိုထုရိုက်ပြီး ထည့်ပြုတ်လိုက်တယ်။ ငံပြာရည်နဲ့ ကြက်သွန်ဖြူ ၄-၅ ဥလောက်လဲ ထည့်လိုက်သေးတယ်။
ငါးကိုကို ဒီအတိုင်း ပွက်ပွက်ဆူအောင်တည်ထားတုံး အူဒုံခေါက်ဆွဲတွေ ကောင်းသေးရဲ့လား ကြည့်ရသေးတယ်။ အထုတ်ကြီးထဲမှာ တစ်ယောက်စာလောက် အထုတ်သေးလေးတွေ ခွဲထုတ်ထားတာဆိုတော့ အတော့်ကို ကောင်းပါသေးတယ်။ expire date ကလဲ အဝေးကြီး လိုသေးတာ။ ဒါနဲ့ အထုတ်တွေဖောက်ပြီး ရေနွေးငွေ့နဲ့ ပေါင်း၊ ရေအေးနိူင်နိူင်ဆေးပြီး ရေစစ်ထားလိုက်တယ်။
ဦးခြိမ့်ဈေးက ပြန်လာရင် အဆင်သင့်ချက်ရအောင် ဂျင်း၊ ကြက်သွန်ဖြူ-နီသင်၊ ခရမ်းချဉ်သီး အလုံးကြီး ၃လုံးလောက်ကိုလဲ သေးသေးလေးတွေ လှီးထားရတယ်။ အနှစ် ချက်ရအောင်လေ။ ပြီးတော့ ဂျင်း တစ်လက်မလောက်၊ ကြက်သွန်ဖြူ ၁၀မွှာလောက်၊ ကြက်သွန်နီ ဥကြီး တစ်ဥလောက်ကို ပါးပါးလှီးပြီး ငရုပ်ဆုံနဲ့ အနှစ်ရအောင် ထောင်းတော့တယ်။ ဒီနေရာမှာ အနှစ်ကို ဘလန်ဒါနဲ့ ကြိတ်ရင် လွယ်ကူသက်သာတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ အန်တီဆွိရဲ့ အတွေ့ အကြုံအရ၊ ထောင်းချက်တဲ့ အနှစ်က ဘလန်ဒါနဲ့ ကြိတ်တာထက် ပိုမွှေးပြီး ပိုညက်တော့ ပိုအရသာရှိတယ်လို့ စိတ်ထဲ ထင်နေတယ်။ ဒါကြောင့် အနှစ်တွေ ဆီသတ်ရင် အများအားဖြင့် ငရုပ်ဆုံနဲ့သာ ထောင်းပါတယ်။ ညက်ခါနီးကျ ဂျူဂျူလေးလဲ စားလို့ရအောင်ဆို မစပ်တဲ့ ငရုပ်သီးမှုန့် အရောင်တင်မှုန့် (sweet paprika) လဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်ကို ထည့်ထောင်းလိုက်တယ်။
ထောင်းနေရင်းပဲ ဦးခြ်ိမ့်တစ်ယောက်ဈေးက ပြန်ရောက်လာတာနဲ့ ကြက်သားလေး ထုတ်ပြီး ၃၀၀ ဂရမ်လောက်ခွဲ ငံပြာရည်၊ ကြက်သားမှုန့်နဲ့ နယ်ထားလိုက်တယ်။ မီးဖိုတစ်ဖက် အားနေတုံး ဆီသတ်ဖို့ပြင်တော့တယ်။ ဒယ်အိုး တစ်လုံးထဲ ဆီ ၂၅၀ ml လောက်ထည့်ပြီး ဆီကျက်တော့ ဆနွင်းမှုန့်လေးထည့် အနှစ်ထောင်းထားတာ ထည့်ပြီး ဦးခြိမ့်ကို အဆက်မပြတ် မွှေခိုင်းထားလိုက်တယ်။ မွှေးလာတော့ ငါးပြုတ်အိုးထဲက ငါးပြုတ်ရေ လက်ဖက်ရည် ပန်ကန်တစ်လုံးစာလောက်ထည့်၊ ငံပြာရည်နဲနဲထည့်၊ သကြားနဲနဲထည့်ပြီး မီးအေးအေးနဲ့ အနှစ်တွေ နူးအိတဲ့ အထိ တည်ထားလိုက်တယ်။ ပြီးတော့ ရေခဲ သေတ္တာထဲ အဆင်သင့် ထည့်သိမ်းလို့ရအောင် ပလပ်စတစ်ဗူးထဲ ထည့်ကော်ထားလိုက်တယ်။
ငါးဆုတ်လုံးအတွက်တော့ ငါးအသားလေးတွေကို (၃၀၀ ဂရမ်ခန့်) သေးသေးလေးတွေလှီး ဂျင်းပါးပါး ၃ခု၊ ကြက်သွန်ဖြူ ၁၀ဥ၊ ငံပြာရည် လဖက်ရည်ဇွန်း ၂ဇွန်းလောက်၊ ကြက်သားမှုန့်တို့နဲ ရောပြီး ဘလန်ဒါနဲ့ ကြိတ်လိုက်တယ်။ ငါးဖယ်ခြစ်လို ညက်ပြီးစီးလာပြီဆို ငါးပြုတ်အိုးထဲ ရှမ်းခေါက်ဆွဲနှစ်တဲ့ စကာလေးနဲ့ သေးသေးလေးတွေ လုံးပြီး ထည့်ပြုတ်လိုက်တယ်။ ၃မိနစ်လောက် ပြုတ်ပြီးတော့ ပန်းကန်ထဲ ဆယ်ထည့်ထားလိုက်တယ်။
ငါးဟင်းချိုချခါနီးတော့ နဲနဲပိုမွှေးအောင်ဆို ဦးခြိမ့်စိုက်ထားတဲ့ စပါးလင်အုံထဲက စပါးလင် တစ်ပင်နှုတ်ပြီး ထောင်းထုထည့်လိုက်သေးတယ်။ ဟိုက်ရှားပါး။ ဟင်းချိုကတော့ ဒေါ်စိုး ဆိုင်မှာ စားခဲ့ရတဲ့ ဟင်းချိုနဲ့ တစ်ပုံစံတည်း။ ကောင်းမှကောင်း။
ကြက်သားကို လဲ ငါးဟင်းချိုလေး နဲနဲထည့် စပါးလင်လေး နဲနဲထည့်ပြီး ရေခန်းတဲ့ အထိ ပြုတ်လိုက်တယ်။ ကြက်သားနွှင်ဖို့ တာဝန်ကတော့ ဦးခြိမ့်တာဝန်။
ကြက်သွန်နီ ကိုလဲ ပါးပါးလေးတွေ လှီးပြီး ရေနဲ့ဆေး ရေစစ်ထားတယ်။
နံနံပါပါးလှီး ၊ သံပုရာသီးစိတ်။
ငရုပ်သီးလှော်ပြီးသားကို ဆီပူလေးနဲ့ ပြန်ကြော်လိုက်သေးတယ်။
ပစ္စည်းတွေလဲ စုံပြီ။ သုတ်ဖို့ရာ အဆင်သင့် ဖြစ်ပါပြီ။
ဦးခြိမ့်အတွက် တစ်ပွဲ ပြင်ပေးပါတယ်။













