ဒီနေ့မနက် သမီးကို ကျူရှင်လိုက်ပို့ရင်းနဲ့ wet market ကနေ အုန်းသီးဆံခြစ်ထားတာလေးတွေ ဝယ်လာခဲ့တယ်။ ပထမတော့ ဘာလုပ်စားရင်ကောင်းမလဲ စဉ်းစားကြရင်းနဲ့ ဟိုတစ်လောက အစ်မကွန်းရဲ့ ရန်ကုန်ဆိုတဲ့ ပို့စ်တစ်ခုမှာ မုန့်ကြာစေ့ပုံလေးတင်ထားတာ တွေ့တာ စားချင်နေတာကြာပြီ။ အဲဒါကို သတိရသွားတာနဲ့ မုန့်ကြာစေ့ပဲ လုပ်စားတော့မယ်ဆို အကြံရသွားတယ်။ တစ်ချို့အရပ်တွေမှာ မုန့်ကြာစေ့ကို မုန့်ပိန္နဲစေ့လို့လဲ ခေါ်ကြတယ်နော်။
မဆွိတီတို့ငယ်ငယ်ကတော့ အမေက မုန့်ကြာစေ့လုပ်မယ်ဟေ့ဆို မောင်နှမတွေအကုန် ဝိုင်းလုံးကြရတာ။ သူက မုန့်လုံးသေးသေးလေးတွေ အများကြီး လုံးရတာဆိုတော့ လူများများကူလုံးမှ သက်သာတာကိုး။ အဲဒါဆို ကိုယ်တို့တွေ သိပ်ပျော်ကြတယ်။ အကိုတွေက လက်ဆော့ပြီး မုန့်အလုံးလေးတွေ တင်မက တီကောင်လို အရှည်တွေ၊ အပြားတွေ မျိုးံစုံပဲ လက်စွမ်းတွေပြကြတာ။ တစ်ခါတစ်လေ အကောင်လေးတွေ၊ လူရုပ်ကလေးတွေ ပါ ထည့်လုပ်ကြတော့ အယူသီးတဲ့အမေက လူရုပ်တော့ မလုပ်ပါနဲ့လို့ သားတွေကို ပြောရတယ်။ အမေ့စိတ်ထဲမှာ လူလေးတွေကို ပွက်ပွက်ဆူတဲ့ အပူအိုးထဲပစ်ထည့်နေတာကို မကြိုက်ဘူးနဲ့တူပါရဲ့။ မုန့်ကြာစေ့နဲ့ ပတ်သတ်ပြီး အမေတို့ အယူသီးပုံလေးကို သတိရသွားလို့ပါ။
မုန့်နယ်တာ၊ မုန့်နှပ်တာက အရင်တင်ဖူးတဲ့ မုန့်လုံးရေပေါ်လုပ်နည်း နဲ့ အတူတူမှို့ အဲဒီလင့်ခ်လေးမှာ သွားဖတ်ပေးကြပါ။
ကောက်ညှင်းမှုန့် နဲ့ဆန်မှုန့် ကို ၃း၁ နဲ့ ရေသင့်ရုံထည့် ရောနယ်ထားတာပါ။ (မုန့်နယ်ရင် ရေအစား အုန့်နိူ့လေးနဲ့ နယ်ပြီးလုံးရင် မုန့်လုံးက ပိုမွှေးတယ်နော်။ အဲဒါလေးလဲ စမ်းကြည့်ကြပါဦး။)
ပထမ ၂ဗန်းက အလုံးနဲနဲကြီးသွားတယ်။ ကူလုံးသူများကတော့ ဖြတ်လျှောက် မဂျူဂျူနဲ့ ကြီးတော်တို့ပါပဲ။ ဂျူဂျူးကလဲ ကိုယ်တို့ငယ်ငယ်ကလိုပဲ အဲလို ကူလုံးရတာကို သိပ်ပျော်တာ။ သူ့ခင်မြာ စာမကြည့်ပဲ မုန့်ကြာစေ့လုံးရဖို့အရေး မျက်နှာချိုသွေးနေရတာ
ဂျူဂျူတို့အဖေ အပြင်ကပြန်လာတော့ ညည်းမုန့်ကြာစေ့ကြီးတွေက ကြီးလိုက်တာတဲ့။ သေးသေးလေးတွေ လုံးရတာဆို ဒုတိယ ဗန်းတွေကျ သူပါ ဝင်ကူလုံးပေးသွားတာ။
ထန်းလျှက် ၂ကျပ်ဖိုးတစ်ထုတ်ကို ဆားလေးနဲနဲထည့် ရေနဲ့ကြို။ အနယ်တွေမပါအောင် စကာနဲ့ ပြန်စစ်ရတယ်။ ပြီးတော့ ထန်းလျှက်က နဲနေလို့ သကြားနဲနဲ ထပ်ထည့်ရသေးတယ်။ ထန်းလျှက်ရည် ကို ပွက်အောင်ပြန်တည်ပြီး မုန့်လုံးလေးတွေ ပစ်ထည့်ရတယ်။ ၅မိနစ်လောက် မီးအေးအေးနဲ့ တည်ထားရင် မုန့်လုံးတွေကျက်ပြီး စားလို့ရပါပြီ။
ပုံ၂ပုံက တစ်ခုက flesh မပါဘူး။ တစ်ခုက flesh နဲ့ ရိုက်ထားတာပါ။


အပေါ်က အုန်းနို့လေးဆမ်း၊ အုန်းသီးဆံလေးဖြူးပြီး စားပါတယ်။ မုန့်ကြာစေ့လေးတွေက နုအိပြီး စေးစေးလေးဆိုတော့ ထန်းလျှက်ရည်ချိုချို၊ အုန်းသီးဆံဆိမ့်ဆိမ့်နဲ့ အင်မတန်မှ စားကောင်းပါတယ်။ အားအပေးဆုံးကတော့ အစားဂျီးများတဲ့ မဂျူဂျူပါပဲ။ ခလေးဆိုတော့ အချိုကြိုက်တယ်နဲ့ တူပါတယ်။ ပထမ ၅လုံးလောက် စားကြည့်၊ ပြီးတော့ ခဏခဏလာတောင်းထည့်ပြီး မောင်ကျန်တစ်တို့ဖြစ်နေပါတယ်။
ဘလော့ဂ်လာလည်သူများလည်း စားကြပါဦး။

အန်တီသက်ဝေကို ညက်နှာချိုသွေးထားတယ်နော် ... ဒီမှာ ... း)))))))))))))