Showing posts with label (၂- ၃ ) ကောက်ညှင်းပေါင်း နဲ့ ပဲပြုတ် .... Show all posts
Showing posts with label (၂- ၃ ) ကောက်ညှင်းပေါင်း နဲ့ ပဲပြုတ် .... Show all posts

Saturday, October 9, 2010

မနက်စာ ကောက်ညှင်းပေါင်း နဲ့ ပဲပြုတ် ...

စီဘောက်စ်မှာ ပဲပြုတ်အကြောင်းမေးထားတာနဲ့ ဒီပို့စ်လေးတင်ဖို့ သတိရသွားတယ်။
ပြီးခဲ့တဲ့ အပတ်က မနက်စာ အိမ်မှာ ကောက်ညှင်းပေါင်း စားကြတယ်။

စားတော်ပဲကို တစ်ညရေစိမ်ပါတယ်။ မနက်ကျတော့ ရေစစ်ပြီး အညှောက်ကလေးတွေ ထွက်လာတဲ့ အထိ ၃-၄ ရက်လောက် ရေစိုဝတ်လေး အပေါ်ကနေ အုပ်ထားလိုက်တယ်။ ရေလဲ နဲနဲ စွတ်စွတ် ပေးရပါတယ်။


အပ်ချလောင်း ... အညှောင့်လေးတွေ ထွက်လာပါပြီ ခင်ညာ။

ပဲကို မပြုတ်မီရေဆေးရပါတယ်။ အိမ်မှာတော့ အရင်က Slow cooker နဲ့ ပြုတ်ပါတယ်။ ရေကို ပဲနဲ့ ရေပြင်ညီထည့်၊ ဆိုဒါ၊ဆား နဲနဲထည့်၊ ထန်းလျက်ခဲလေး ၂ခဲထည့်ပြီး ပြုတ်တယ်လို့ ကြီးတော်က ပြောပါတယ်။ နာရီဝက်တစ်နာရီလောက် ပြုတ်ရပါသတဲ့။

ပြီးခဲ့တဲ့ အပတ်ကတော့ ထမင်းပေါင်းအိုးအပေါ်က ပေါင်းချောင်နဲ့ ပေါင်းပါတယ်။ သကြား၊ဆား၊ ဆိုဒါထည့်ပေါင်းပါတယ်။ ထမင်းပေါင်းအိုးက အငွေ့လုံလို့ နာရီဝက်လောက်ပဲပေါင်းရပါတယ်။

ပဲပြုတ်ကို ပထမတစ်ရက် ကြိုပေါင်းပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါတယ်။

ကောက်ညှင်းကိုလဲ တစ်ညရေစိမ်ပါတယ်။
မနက်ရောက်တော့ ဖက်ကလေးခင်းပြီး ထမင်းပေါင်းအိုးက ပေါင်းချောင်နဲ့ပဲ ပေါင်းပါတယ်။ အပေါက်တွေက ကောက်ညှင်းဆန်တွေ ထွက်ကျမှာကြောက်လို့ ခင်းရတာပါ။ ကောက်ညှင်းလဲ ဖက်နံ့လေး မွှေးသွားတာပေါ့။


ကောက်ညှင်းနဲနဲကျက်သွားပြီဆို အငွေ့ဝင်အောင် အပေါက်လေးတွေကို တူလေးနဲ့ ထိုးပေးရသေးတယ်။


အငွေ့တထောင်းထောင်း ကောက်ညှင်းပေါင်း ပူပူနွေးနွေးရပါပြီ ခင်ညာ။ နာရီဝက်လောက်ပဲ ပေါင်းလိုက်ရပါတယ်။


အိမ်မှာရှိတဲ့ ငါးခြောက် အာဗြဲခြောက်ကို မီးကင်၊ နှမ်ထောင်းကိုဆားနဲ့ရော၊ ပဲပြုတ်ပူပူနဲ့ ဆီရွှဲရွှဲ ကောက်ညှင်းပေါင်း မနက်စာကတော့ နတ်သုဓါနဲ့တောင် မလဲနိူင်ပါဘူးဗျာ။


မနက်စာကောက်ညှင်းပေါင်း ပူပူနွေးနွေး စားကြပါဦးရှင်။


ငယ်ငယ်က ဒီဇင်ဘာ အားကစားလတွေမှာ ပြေးလွှားလို့ မောနေတဲ့အချိန် လာဝေတဲ့ ကောင်ညှင်းပေါင်းနဲ့ ငါးခြောက်ကြော်ကို သတိရသွားတယ်။ ငှက်ပျောဖတ်နဲ့ ထုတ်ပြီး လိုက်ဝေတာဗျာ။ အဲဒီတုံးက ကောက်ညှင်းပေါင်းကလဲ ဆာဆာနဲ့ စားလို့ကောင်းလိုက်တာ ... တစ်သက်မမေ့ဘူး။
---------------------------------------------------------------------------------------------------------------------------------------------------
ကိုအနောနိမတ်စ်မှ မေးလာလို့ ကောက်ညှင်းထဲ ထည့်ပြုတ်တဲ့ ပဲ ပုံလေးတွေ တင်ပေးလိုက်ပါတယ်။ ကောက်ညှင်းပေါင်းထဲ တစ်ခါထဲ ထည့်ပေါင်းတဲ့ ပဲက ပဲလွမ်းပါ။ ပဲလွမ်းက နီညိုရောင်ရယ် အဖြူညစ်ညစ်လေးရယ် ၂မျိုးရှိပါတယ်။ အင်္ဂလိပ်လို cow peas လို့ ခြုံငုံပြီးခေါ်ပါတယ်။ အနီလေးကို red cow peas, အဖြူလေးကို black eye peas လို့လဲ ခေါ်ပါတယ်။

အဲလိုတော့ တစ်ခါမှ ပေါင်းမပြုတ်ဖူးသေးဘူး။ နောက်မှ စမ်းကြည့်ဦးမယ် အနောနိမတ်စ်ရေ။