Showing posts with label (၂- ၅) ငှက်ပျောသီးပေါင်း. Show all posts
Showing posts with label (၂- ၅) ငှက်ပျောသီးပေါင်း. Show all posts

Wednesday, August 4, 2010

ငှက်ပျောသီးပေါင်း ...

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့တော့ ဘလော့ဂ်မှာ အစားအသောက်လေးတစ်ခုခု တင်ဦးမှပါဆို ဓာတ်ပုံတွေ ပြန်ကြည့်တော့ ငှက်ပျောသီးပေါင်းရယ် ခရမ်းသီးမီးဖုတ်သုတ်ရယ်တွေ့တယ်။ ၂ခုထဲက ဘာတင်ရရင်ကောင်းမလဲ စဉ်းစားရင်း ဘလော့ဂ်ကိုအဖွင့် မြတ်နိူး တောင်းဆိုထားတာလေးတွေ့လိုက်လို့ ငှက်ပျောသီးပေါင်းကိုပဲ တင်ပေးလိုက်ပါတယ်။ ဆနွင်းမကင်းကတော့ တစ်ခါမှ မလုပ်ဖူးလို့ တစ်ခြားလင့်ခ်တွေမှာပဲ သွားကြည့်လိုက်ပါ မြတ်နိူးရေ။

ငှက်ပျောပေါင်းက လုပ်ရတာလဲလွယ်ပါတယ်။ လိုတာတွေကလည်း စလုံးမှာ အလွယ်တကူရတဲ့ ပစ္စည်းတွေပါ။

ရခိုင်ငှက်ပျော တစ်ဖီး၊ (သီးမွှေးငှက်ပျောဆိုလဲရပါတယ် ... ပြုတ်ရင်ပျော့သွားတတ်လို့ ခပ်မာမာလေးကို ရွေးဝယ်ပါ။)
အုန်းနို့ စက္ကူထုတ် အသေးတစ်ထုတ်၊
အုန်းသီးဆံခြစ်ထားတာ (စလုံး wet market က အုန်းသီးဆံခြစ်ရောင်းတဲ့ ဆိုင်တွေမှာ ရပါတယ်။ ပြား၅၀ဖိုးဆိုရင်ကို အများကြီးရပါတယ်)
သကြား ၃-၄ဇွန်းခန့်၊(အချိုကြိုက်တတ်ရင် ပိုထည့်ပါ)
ဆားသင့်ရုံ၊

ရခိုင်ငှက်ပျောသီးကို အခွံနွှာ၊ ထပ်ခြမ်းခြမ်းပြီး ပြုတ်ပါတယ်။ ရေကိုအရင်တည်၊ ဆူမှ ငှက်ပျောသီးထည့်၊ ငှက်ပျောသီးတွေ အရမ်းပျော့အိသွားမှာစိုးလို့ ခဏလေးပြုတ်ပြီး ရေစစ်ထားပါ။ ပြုတ်ရတဲ့ ရည်ရွယ်ချက်က ရခိုင်ငှက်ပျောသီးက ခါးတတ်လို့ အခါးရည်တွေ ထွက်သွားအောင်ပါ။

အိုးပြန့်ပြန့်ထဲ အုန်းနိူ့ထည့်(ငှက်ပျောသီးမြုတ်ရုံ ရေနဲနဲရောပါတယ်)၊ သကြားထည့်၊ ဆားသင့်ရုံထည့်၊ အပေါ်က ရေစစ်ထားတဲ့ ငှက်ပျောသီးတွေ စီထည့်ပြီး မီးနဲနဲနဲ့ ထပ်တည်ပါတယ်။ ၂မိနစ်၃မိနစ်လောက်တည်လို့ အုန်းနို့လဲပွက်ပြီဆို ချပြီးအအေးခံထားပါ။

နောက်အပေါ်ကနေ အုန်သီးခြစ်ထားတာလေးတွေ ဖြူးစားပါတယ်။ အေးသွားရင် အုန်းနို့က ငှက်ပျောသီးထဲ စိမ့်ဝင်သွားပြီး ငှက်ပျောပေါင်း ချိုချိုစိမ့်စိမ့် မွှေးမွှေး ရပါပြီရှင်။ မြန်မာမုန့်တွေထဲမှာ လုပ်ရတာ အင်မတန်လွယ်ကူ မြန်ဆန်ပြီး စားကောင်းတဲ့ သွားရေစာတစ်ခုပါ။ ဘလော့လာသူများလည်း စားကြပါဦးရှင်။















ငှက်ပျောကြော်ပါ အဆစ်တင်ပေးလိုက်တယ်နော့။ လူရွှင်တော် ငှက်ပျောကြော်ပါ သတိရသွားတယ်။ း)))