Showing posts with label (၃ ၀၀) *** မြန်မာ ဟင်းများ ***. Show all posts
Showing posts with label (၃ ၀၀) *** မြန်မာ ဟင်းများ ***. Show all posts

Tuesday, September 20, 2011

ကြက်ဟင်းခါးသီးနှပ်ခြင်း

မဆွိတီတို့အိမ်ကို ကြီးတော်ရောက်စက ကြက်ဟင်းခါးသီးလေး ချက်ပေးပါဆို ပေးလိုက်တာ ကြက်ဟင်းခါးသီးက ဘို့တွေ အကုန်လှီးပစ်သဗျ။ ဟင် ဘာလို့ဘို့တွေ လှီးပစ်တာတုံးဆိုတော့ သူတို့ ပျဉ်းမနားက အိမ်မှာ အဲလိုပဲချက်သတဲ့။ ပြီးတော့ အစေ့တွေကျတော့လဲ ထုတ်မပစ်ဘူး။ ဒီတိုင်းချက်တာ။ ကိုယ်တွေ ရန်ကုန်မှာ ချက်တာနဲ့တော့ ဆန့်ကျင်ဖက်ပေါ့။ ကိုယ်တွေက အစေ့တွေက မာလို့ဆို အကုန်ထုတ်ပစ်တာ။ နောက်ပိုင်းတော့ ကြီးတော်ကို ရန်ကုန်ကနည်းပဲ ချက်ပါပြောရတယ်။ ဘယ်နဲ့။ ကြက်ဟင်းခါးသီးက အသားကပါးရတဲ့ ကြားထဲ ဘို့တွေလှီးထုတ်တော့ ဘာကျန်မှာလဲ နော့လေ။

တရုတ်တွေကတော့ ကြက်ဟင်းခါးသီးကို ဝက်နံရိုးနဲ့ ကြော်စားတယ်။ ကိုယ်တွေကတော့ ကြက်ဟင်းခါးသီးဆို ပုဇွန်ခြောက် (သို့) ပုဇွန်စိုလေးနဲ့ပဲ နှပ်စားတတ်တာဆိုတော့ သူတို့ဟင်း
ကြားတော့ အံ့သြနေတာ။ ဝက်နံရိုးနဲ့ ကြက်ဟင်းခါး လားလားမှ မဆိုင်လို့ ထင်ထားတာ။ တစ်ခါသား ရုံးနားက ဟော်ကာစင်တာတစ်ခုမှာ စားဖူးတာ ကောင်းသဗျား။ ဒါပေသိ သူတို့ ချက်တဲ့ ကြက်ဟင်းခါးက ဘို့မပါတဲ့ ကြက်ဟင်းခါးဗျ။ အဲဒါမျိုး အညာဖက်တွေမှာလဲ တွေ့ဖူးတယ်။ ပြောင်ပြောင် ချောချောကြီး။ မသိရင် သခွါးသီးလိုလို ဘာလိုလို။ ခါးတာကတော့ အတူတူပါပဲ။ အဲဒီ ဝက်နံရိုး ကြက်ဟင်းခါးက တရုတ်မှာ နာမည်ကြီးဟင်းဆိုပဲနော်။

ကဲ ကြက်ဟင်းခါးသီးလေး ရှားရှားပါးပါး ဝယ်လာတုံး ကိုယ်ချက်တတ်သလို ပုဇွန်ခြောက်လေးနဲ့ပဲ နှပ်စားကြတာပေါ့။ စင်္ကာပူမှာတုံးကတော့ ကြက်ဟင်းခါးသီး သိပ်ပေါတာ။ ၁၂ လရာသီ ဝယ်လို့ရတယ်။ အိမ်က ကြီးတော်ရော ကိုယ်ရော ကြိုက်လို့ ခဏခဏ ချက်စားကြတာ။ ဦးမောင်ခြိမ့်ကတော့ သွေးတက်လို့ အများကြီး မစားရဲပါဘူးတဲ့ဗျာ။ အခုဝယ်လာတဲ့ အသီးက အကြီးမျိုးတဲ့၊ သွေးမတက်ဘူးလို့ သူကပြောတယ်။ ဟုတ်လဲဟုတ်တယ်ဗျ။ မနေ့က စားတာ ဘယ်လိုမှ မနေဘူး။ အိပ်ငိုက်တာမျိုး၊ သွေးလေးတာမျိုး မရှိဘူးပြောတာပါ။

ကြက်ဟင်းခါးသီးကို ပါးပါးလှီးလိုက်ပြီး ဆားနဲ့နယ်ဆေးလိုက်တယ်။ ပြီးတော့ အခါးနဲနဲသက်သာသွားအောင် ၂ခါ ၃ခါလောက် အရည်တွေ ညှစ်ချလိုက်တယ်။



ကြက်သွန်နီတစ်ဥ၊ ကြက်သွန်ဖြူ ၅မွှာ၊ ငပိ အနည်းငယ်(ထန်းလျှက်ခဲ တစ်လုံးစာခန့်)၊ ပုဇွန်ခြောက်မှုန့် ၂ဇွန်း၊ ငရုပ်သီးမှုန့့် တစ်ဇွန်း၊ ဆနွင်းမှုန့် အနည်းငယ်တို့ကို ရောထောင်းလိုက်ပါတယ်။ (ဇွန်း= စားပွဲဇွန်း)

 အနှစ်ထောင်းထားတာကို ကြက်ဟင်းခါးသီးနဲ့ နယ်ပါတယ်ခင်ညာ။ ငါးငံပြာရည် ဇွန်းဝက်လောက်နဲ့ ဆီ ၃ဇွန်းပါထည့်ပြီး နယ်ပါတယ်။ ပြီးတော့ မီးဖိုပေါ်တင် တည်လိုက်ပါတယ်။ ရေခန်း လို့ ဖျစ်ဖျစ်မြည်လာရင် မွှေးသွားအောင် မွှေပေးလိုက်ပါသေးတယ်။ နောက်ငရုပ်ဆုံ လက်ဆေးရေလေးထည့် အဖုံးပိတ် ကြက်ဟင်းခါးသီး အိလာသည်အထိ နှပ်ထားပါတယ်။

ကြက်ဟင်းခါးသီးက နုတော့ ခဏပါပဲ။ အကြာကြီးနှပ်ပြီး အရမ်းပျော့သွားရင်လဲ မကောင်းဘူးဂျ။ စိမ်းနေတုံးချပါဗျ။



စားကြပါဦး။ ဒါမျိုးဆို တခြားအသားဟင်းမပါလဲ ထမင်းဖြူလေးနဲ့ ဒီတိုင်းလဲ တို့ကတော့ ... တို့ကတော့  ကြိုက်တာပါပဲကွယ်။   း)


Thursday, February 3, 2011

ငါးခြောက် အုန်းနို့နှပ်

ငါးခြောက် အုန်းနိူ့နှပ်ကို ရန်ကုန်မှာ တစ်ခါမှ မစားဖူးပါဘူး။ စစ်ကိုင်းမှာနေတဲ့ အဖေ့ဘက်က အဖွားတို့ဆီမှာ အလှူလုပ်တုံးက စားဖူးတာပါ။ အဲသည်တုံးက အဘွားက လောဘကြီးပြီး ဟင်းတွေစုံနေအောင် ချက်တော့ ဟင်းတွေ အလှူမှာ မကုန်နိူင်ဘူး။ အလှူပြီးသည့်တိုင် အိမ်မှာ စားနေရသေးတာ မှတ်မိတယ်။ အဲဒီ ငါးခြောက်ချက်ကို အလှူမှာတုံးက မစားရပဲ အိမ်ကျမှ စားရတာ။ အဲဒီကတည်းက တော်တော်ကြိုက်လို့ စိတ်ထဲမှာ မှတ်မိနေတာ။

အညာအလှူဆိုလို့ မဆွိတီ ဆရာမဘဝက အမေဘက်က အဘွားလှူတဲ့ အညာအလှူလဲ ရောက်ခဲ့ဖူးတယ်။ ရွာအလှူပေါ့။ အမေတို့ရွာက မလှိုင်မြို့ကနေ တစ်မိုင်ကျော်လောက်ဝေးတဲ့ အင်မတန်ခေါင်တဲ့ ရွာလေးပါ။ လျှပ်စစ်မီးမရှိ၊ ဘာမရှိနဲ့ ခုချိန်ထိ မတိုးတက်သေးပါဘူး။ အညာအလှူဆိုတာ ရန်ကုန်အလှူလို ရပ်ကွက်ထဲ ရှိတဲ့ ၄-၅ ၁၀အိမ်လောက်နဲ့ မပြီးပါဘူး။ ကိုယ့်ရွာက လူကုန်အပြင် ရွာနီးချုပ်စပ် ရွာတွေအကုန်က ရွာလုံးကျွတ်လာကြတာဆိုတော့ ထမင်းတွေ၊ ဟင်းတွေအများကြီး ချက်ရတယ်။ ဆန် ဘယ်နှစ်တင်း၊ ဝက် ဘယ်နှစ်ကောင်ဆို အဲလိုပြောကြတာ။

အဘွားလှူတုံးကတော့ ဝက်သား၊ ကြက်သား မတတ်နိူင်လို့ ငါးခြောက်ကြော်၊ ပဲတီချဉ်သုတ်၊ ဗူးသီးဟင်းချို နဲ့လှူတာ။ အဲဒါ ရွာနီးချုပ်စပ်က လာစားကြတာများ၊ လူကမပြတ်ဘူး။ အဖွဲ့လိုက် တန်းစီပြီး တိုးတိုးကြိတ်ကြိတ် စားကြတာ။ တစ်ချို့ ရွာသူတွေ ဖိနပ်တောင်မပါဘူး။ အဲဒီငါးခြောက်ကြော်နဲ့ ထမင်းကို ၃-၄မိုင်လောက်ကနေ လမ်းလျှောက်ပြီး လာစားကြတာဗျာ။ ဘယ်ရွာ အလှည့်ရောက်ပါပြီဆို လော်ကြီးနဲ့ အော်ရသေးတာ။ ငါးခြောက်ကြော်တို့ ဘာတို့ဆိုတာ အလှူမတိုင်မီ ၂ပတ် -၃ပတ်လောက် အလိုကတည်းက ကြော်ပြီး မြေကြီးထဲ စဉ့်အိုးတွေနဲ့ တွင်းတူးမြှုတ်ထားရတာ။ အဲဒီတော့ ငါးခြောက်ကြော်တို့၊ ငါးခြောက်နှပ်တို့ဆိုတာ ကြက်သား၊ ဝက်သား မတတ်နိူင်သူတွေ အတွက်ပေါ့ဗျာ။ ဒါကကြုံလို့ ပြောပြတာပါ။

မဆွိတီတို့လဲ ရန်ကုန်ပြန်ထားတာ မကြာသေးတော့ အိမ်မှာ အမေတို့ ပေးလိုက်တဲ့ ငါးခြောက်တွေ ပေါနေတာနဲ့ အညာအလှူချက် ငါးခြောက်နဲ့ အုန်းနိူ့ နှပ်မယ် စိတ်ကူးရတယ်။ အိမ်ကကြီးတော်က သူတို့အလှူမှာချက်ဖူးတယ်ဆိုပြီး ချက်နည်းလေးပြောပြပါတယ်။ ချက်ရတာလဲ ဘာမှ ထွေထွေထူးထူးမရှိ အင်မတန်လွယ်ကူပါတယ်။

ငါးခြောက် အုန်းနိူ့နှပ်ကို အများအားဖြင့်တော့ ဆီငါးရောင်ခြောက်နဲ့ ချက်ပါတယ်တဲ့။ ဆီငါးရောင်ခြောက်တွေကို အငန်ပျောက်အောင် ၂ရက်လောက် ဖွဲပက်ထားရပါတယ်။ ဖွဲတွေကနေ ဆားရည်တွေ၊ အငန်ရည်တွေ စုတ်အောင်ပေါ့။ အိမ်မှာတော့ ငါးရံ့ခြောက်ပဲရှိလို့ ငါးရံ့ခြောက်နဲ့ပဲ ချက်လိုက်ပါတယ်။

ငါးရံ့ခြောက် ၂ပြားလောက်ကို အသားမြောင်းတွေချည်းရွေး လက်မလောက် အတုံးလေးတွေ တုံးထားပါတယ်။ အလှူဆိုရင်တော့ ဒီ့ထက်ကြီးကြီး တုံးပါတယ်တဲ့။ ငါးခြောက်ကို ဆနွင်းလေးနဲ့နယ်၊ ရေများများနဲ့ အငံရေတွေပျောက်အောင် ၅မိနစ်လောက်ပြုတ်ပြီး အရည်တွေကို စစ်ချပါတယ်။ အငံပိုလျော့ချင်ရင် ၂ခါလောက်ပြုတ်ပြီး ရေစစ်ပါ။ (အဲဒီအရည်တွေကို အလဟသ မဖြစ်အောင် သီးစုံချဉ်ရည်တို့ ဘာတို့ထဲ ထည့်ချက်ပေါ့နော်)



ကြက်သွန်နီ အလုံးကြီး ၃-၄လုံးလောက်ကို ပါးပါးလှီး၊ ကြက်သွန်ဖြူ ဥကြီးကြီးတစ်ဥကို ထောင်းပြီး ဆီ စားပွဲဇွန်း ၈ဇွန်းလောက်နဲ့ ဆီသတ်ပါတယ်။ ကြက်သွန်နီကို ကြွပ်တဲ့ အထိကြော်င်္ပြီး ဆီသတ်ရပါမယ်။ ငါးခြောက်ထည့်ခါနီး ဟင်းအရောင်လှအောင် အရောင်တင်မှုန့် စားပွဲဇွန်း တစ်ဝက်လောက်ထည့်ပါတယ်။


ငါးခြောက်ထည့်ပြီးမွှေးနေအောင် မွှေပေးပါတယ်။


ပြီးတော့ရေထည့်၊ အုန်းနိူ့တစ်ထုတ်ထည့်ပြီး နှပ်ထားလို့ရပါပြီ။ မီးအေးအေးနဲ့ အဖုံးပိတ်ပြီး နှပ်လို့ကောင်းအောင် အိုးစောက်နက်နက်ထဲ ပြောင်းထည့်ပြီးမှ နှပ်ပါတယ်။ ဟင်းအနှစ်ကို အရသာရှိအောင်၊ သကြားတစ်ဇွန်းခန့်နဲ့ ဟင်းခတ်မှုန့် သင့်ရုံထည့်ပါတယ်။





အုန်းနိူ့ cream တစ်ထုတ်လုံးထည့်ပါတယ်။


ငါးခြောက်တွေ နူးပြီး အိလာအောင် ရေကုန်တဲ့အထိ အဖုံးပိတ်ပြီး တစ်နာရီလောက် နှပ်ရပါတယ်။



အုန်းနို့တွေ ငါးခြောက်ထဲ စိမ့်ဝင်ပြီး အင်မတန်မှ စားကောင်းသော အုန်းနိူ့ငါးခြောက်နှပ်ရပါပြီ။ ဆီပြန်ရင် ချလို့ရပါပြီ။ ဆီပြန်ခါနီး မတူးအောင် မွှေပေးရပါတယ်။


အဆီနဲ့ အနှစ်ကိုက ထမင်းနဲ့ နယ်စားရင် မွှေးပြီး အရသာရှိလှပါတယ်။


မဆွိတီကတော့ သွေးတိုးမရှိတော့ ငါးခြောက်အုန်းနိူ့စားလို့ ဘာမှမဖြစ်ပေမဲ့ သွေးတိုးတတ်သူများနဲ့ မသင့်တော်ပါကြောင်း သတိပေးလိုက်ပါတယ်။

Wednesday, September 22, 2010

မှိုကန်ဇွန်း အစပ်ကြော် ...

မှိုဆိုလို့ ရန်ကုန်မှာနေတုံးကတော့ ကောက်ရိုးမှိုတွေ သိပ်ပေါတာ။ မဆွိတီတို့နေတာက မြို့အစွန်ဆိုတော့ စားပင်၊ သီးပင်စိုက်တဲ့ ခြံတွေပေါတယ်။ မှိုစိုက်တဲ့နေရာတွေက လာရောင်းကြတယ်ထင်တာပဲ။ မပွင့်သေးတဲ့ မှိုအလုံးလိုက်လေးတွေလဲရတယ်။ ကန်ဇွန်းရွက်နဲ့ ကြော်စား သိပ်ချိုတာ။ ကန်ဇွန်းကတော့ မှိုအဆိတ်အတောက်ပြယ်အောင် ထည့်ကြော်ရတယ်လို့ အဖွားပြောတာ ကြားဘူးတာပဲ။

အလွမ်းပြေ ကောက်ရိုးမှို (အင်္ဂလိပ်လိုလဲ straw mushroom ပဲခေါ်ပါတယ် ) ...



original picture link

စလုံးရောက်တော့ စားသောက်ဆိုင်တွေမှာ မှိုကန်ဇွန်းဆို မှာလိုက်ရင် မှိုက စည်သွပ်ဘူးထဲက ဖောက်တဲ့မှိုတွေ ဖြစ်နေတတ်တယ်။ အရသာကလဲ လတ်လတ်ဆတ်ဆတ် ကောက်ရိုးမှိုနဲ့ တခြားစီပါပဲ။ ဒါနဲ့ အိမ်မှာကြော်စားမယ်ဆို NTUC မှာ လိုက်ရှာတော့ မှိုက ဈေးကြီးတယ်။ တစ်ထုတ်ကို၂ကျပ်ခွဲ ၃ခွဲကျပ်လောက်ရှိတယ်။ (မှိုက ဟင်းရံအနေနဲ့ပဲ ချက်တာဆိုတော့ ၃ကျပ်လောက်ဆို အသားဖိုးဖြစ်နေပြီကိုး ...)

အရင်ကတော့ အောက်က မှိုအချောင်းသေးသေးလေးတွေကို ကန်ဇွန်းရွက်နဲ့ ငရုပ်သီးစိမ်းလေးခပ် ဆီကျန်ရေကျန်လေးချက်စားတယ်။ ကြာတော့ အဲလို မှိုမျိုးလဲမစားချင်တော့ဘူး။

Egg mushroom (သို့) Enoki mushroom လို့ ခေါ်ပါသတဲ့။




မှိုနာမည်တွေကို အင်္ဂလိပ်လို သိချင်ရင် ဒီလင့်လေးကို နှိပ်လိုက်ပါ။

ဒီလိုမှိုမျိုးလဲ တစ်ခါကြော်စားဖူးတယ်။ သိပ်မကြိုက်လှဘူး။ အနံ့တစ်မျိုးရှိတယ်လို့ထင်တယ်။

original picture link





ပြီးခဲ့တဲ့အပတ်က ဂျူရောင်းပှိုင့်က Big NTUC ကိုရောက်တော့ မှိုတွေကို တစ်နေရာမှာ စုထားထားတာ တွေ့တယ်။ မှိုမှမျိုးစုံပဲ။ အဲဒီထဲကမှ စားလို့ကောင်းမယ်ထင်တဲ့ king oyster mushroom ကို ဝယ်ခဲ့တယ်။ သူက အရိုးကအရမ်းကြီးပြီး အပွင့်ကသေးသေးလေးရယ်။ ဈေးလဲသိပ်မကြီးလို့ စမ်းစားကြည့်ရအောင် ၂ကျပ်တန်တစ်ထုတ်ဝယ်ခဲ့တယ်။ မှိုပုံကို ဓာတ်ပုံမရိုက်ထားမိလို့ အင်တာနက်ကပဲရှာပေးလိုက်ပါတယ်။

မှိုကို ပါးပါးလှီး၊ ကန်ဇွန်းရွက်ကိုချွေ၊ ငရုပ်သီးစိမ်း ၃-၄တောင့်ပါးပါးလှီး၊ ကြက်သွန်ဖြူ၊နီ ကိုလည်းသေးသေးလေးတွေ chop လုပ်ထားပါတယ်။ ကြက်သွန်ဖြူကိုတော့ chop လုပ်ပြီးသား ရယ်ဒီမိတ် ထည့်ပါတယ်။



ဒယ်အိုးမီးအနေတော်ထား(medium)၊ ဆီ စားပွဲဇွန်း ၅ဇွန်းလောက်ထည့်၊ ကြက်သွန်နီ၊ဖြူ၊ ငရုပ်သီးတို့ကို ဆီသတ်ပါတယ်။ (ဆီပြားလေးနဲ့စားချင်လို့ ဆီကို ပုံမှန်ထက် ပိုထည့်ထားပါတယ်။)
ဆီသတ်တာကျက်ပြီး မွှေးလာရင် မှိုအရင်ထည့်၊မှိုနွမ်းပြီးကျက်ပြီဆို ကန်ဇွန်းရွက်ကို ထည့်ပါတယ်။ ဆား၊ ပဲငံပြာရည်အချိုရည် ထည့်ပါတယ်။ ပုဇွန်ခြောက်မှုန့် ညက်နေအောင်ကြိတ်ထားတာကို အချိုမှုန့်အစားထည့်ပါတယ်။

ကန်ဇွန်းရွက်ကျက်ပြီဆို စားလို့ရပါပြီ။
မှိုကထင်ထားတာထက် ပိုနူးညံ့ပြီး အင်မတန်ချိုပါတယ်။
မှိုကန်ဇွန်း အစပ်ကြော် အိအိ၊ချိုချိုစပ်စပ်လေး
စားကြပါဦးရှင်။

Monday, July 5, 2010

ငါးဥဟင်း ...

မြန်မာပြည်မှာတုံးက ငါးသလောက်ဥကို အလွန်ကြိုက်ပါတယ်။ ဒါပေမဲ့ သူက ရာသီစာဆိုတော့ အမြဲလဲ မစားရဘူး။ မိုးတွင်းကျမှ ရှားရှားပါးပါး စားရတာ။ ငါးသလောက်ဥကို ကြော်စားစား၊ ချက်စားစား အကုန်ကြိုက်ပါတယ်။ စလုံးမှာလဲ NTUC မှာ ငါးဥတွေ ရတတ်ပါတယ်။ ပထမတော့ ငါးသလောက်ဥမဟုတ်လို့ မစားတတ်ဘူးဆို ဝယ်မစားဖြစ်ဘူး။ နောက်တော့ ငါးသလောက်ဥ ချင်ခြင်းတက်လွန်းလို့ တစ်ခါချက်စားကြည့်ရာကနေ အရသာလဲ မဆ်ိုးလို့ အိမ်မှာ မကြာခဏ ချက်စားဖြစ်ပါတယ်။ (သူလဲရာသီစာမှို့လားမသိ ခုတစ်လော NTUC တွေမှာ ရှာမတွေ့ပြန်ပါဘူး။)

ငါးဥကို ထုံးစံအတိုင်း နနွင်းမှုန့်၊ ငံပြာရည်တို့နဲ့ အသာနယ် စပါးလင်လေးထည့် အဖုံးပိတ်ပြီး ပြုတ်ရပါတယ်။



ငါးဥ ကျက်ပြီး ခဲသွားပြီဆို ဓားနဲ့ အနေတော် အတုံးလေးတွေ လှီးပြီး ငါးဟင်းချက်သလိုချက်ရတာပါ။ အိမ်မှာတော့ ငါးဟင်းတွေ ဘာတွေချက်ရင် အနှစ်ကို ငရုပ်ဆုံနဲ့ထောင်းပြီးချက်လေ့ရှိပါတယ်။ ကြက်သွန်၊ ဖြူနီ၊ ငရုပ်သီးမှုန့် ၃မျိုးလုံး ငရုပ်ဆုံထဲထည့်ထောင်းပြီး ချက်တဲ့ဟင်းက ပိုကောင်းတယ်လို့ စိတ်ကထင်နေတယ်။ ငရုပ်သီးမှုန့်ပါ ရောထောင်းလိုက်တော့ ငရုပ်သီးမှုန့် ဆီပူပူထဲထည့်မိလို့ တူးခြစ်သွားတတ်တဲ့ ပြသနာကတော့ ဝေးသွားပါတယ်။
(ငါးဥပြုတ်တော့ မီးနဲနဲပျင်းသွားလို့ ငါးဥနဲနဲ ပုံပျက်သွားပါတယ်။ ငါးဥပြုတ်ရင် မီးအေးအေးနဲ့သာ ပြုတ်ပါလေ။)



ဒယ်အိုးထဲ ဆီထည့် အနှစ်ထောင်းထားတာထည့်ပြီး မွှေးလာတဲ့အထိ ဆီသတ်ပါတယ်။ ကျက်ရင် ခရမ်းချဉ်သီးထည့်၊ ခရမ်းချဉ်သီးကျေရင် ငါးဥထည့်၊ ရေထည့်၊ အဖုံးအုပ်ပြီး မီးအေးအေးနဲ့ ခဏတည်ထားပါတယ်။ ဆီနဲနဲပြန်လာရင် ငရုပ်သီးစိမ်း၊ နံနံလေး အုပ်ပြီး စားလို့ရပါပြီ။







အဲဒီနေ့က ခူးခပ်ပြီး ဓာတ်ပုံမရိုက်လိုက်ရလို့ အိုးလိုက်ပဲ တင်လိုက်ပါတယ်။ ငါးဥဟင်းက အရေသောက်ဟင်းချိုတစ်မျိုးမျိူးနဲ့ လိုက်ဖက်ပါတယ်။ ကြက်ခြေထောက်ရိုးနဲ့ ချက်တဲ့ ပဲကြာဆံဟင်းချိုရည်လေး တင်ပေးလိုက်ပါတယ်။

Tuesday, June 1, 2010

နွားနိူ့ခဲပြုလုပ်နည်းနှင့် နွားနိူ့ခဲချက်

မနေ့က သူငယ်ချင်း အကြည် (ချစ်ကြည်အေး) ရဲ့ဘလော့မှာ နွားနိူ့ခဲချက်လေးတွေ့လိုက်မှ ဒီနွားနိူ့ခဲအကြောင်း ပို့စ်တင်ဖို့ သတိရပါတယ်။ ငယ်ငယ်က အဘွားအညာက ပြန်လာမှ စားရတဲ့ နွားနို့ခဲပါ။ နွားနိူ့ခဲကို မြန်မာပြည်မှာတော့ နွားမွေးတဲ့ အညာဒေသတွေမှာ ပိုပေါပါတယ်။ မုရိုးပင်ကထွက်တဲ့ မုရိုးအစေးနဲ့ လုပ်ရတဲ့အကြောင်း အဖွားပြောဘူးလို့ ရန်ကုန်အိမ်နားမှာလဲ မုရိုးပင်ရှိတာနဲ့ ရန်ကုန်မှာလဲ လုပ်စားဘူးပါတယ်။

စလုံးရောက်တော့ နွားနိူ့ခဲချက်စားချင်လို့ ချင်ချင်းတက်ပါတယ်။ မုရိုးပင်ကလည်း ဘယ်မှရှာမတွေ့တာနဲ့ သံပုရာသီးအချဉ်နဲ့ ညှစ်ပြီး နွားနိူ့ခဲအောင်လုပ်ပါတယ်။ ဟိုတစ်လောကတော့ တိုက်တိုက်ဆိုင်ဆိုင် အိမ်ဘေးက အန်းမားကြီး စိုက်ခင်းထဲမှာ မုရိုးပင်တစ်ပင်တွေ့တာနဲ့ အဆင်ပြေသွားပါတယ်။

မုရိုးပင်ကို ရုက္ခဗေဒနာမည်ကတော့ Calotropis procera gigantean လို့ခေါ်ပါတယ်။ ခရမ်းရောင်အပွင့်လေးတွေ ပွင့်ပါတယ်။ အစေးကအဖြူရောင်နဲ့ အစေးထွက်သန်တဲ့ အပင်မျိုးပါ။ အောက်ကပုံလေးကတော့ အန်းမားရဲ့ စိုက်ခင်းက အပင်လေးပါ။


မုရိုးစေးနဲ့ လုပ်တဲ့ နွားနိူ့ခဲက ပိုပျော့ပျောင်းပြီး ပိုကောင်းပါတယ်။ သံပုရာသီးနဲ့ကျတော့ နဲနဲပိုမာပါတယ်။ မုရိုးစေးမရနိူင်သူတွေအတွက်
သံပုရာသီး တစ်လုံးလောက်နဲ့ နွားနို့ခဲချက် လတ်လတ်ဆပ်ဆပ် လုပ်စားလို့ရပြီဖြစ်တဲ့အကြောင်း သက်သက်လွတ်စားသူများအတွက် ရော သတင်းကောင်းပါးအပ်ပါတယ်။ သံပုရာသီးနဲ့ ခဲပေမဲ့ အချဉ်အရသာလုံးဝမရှိပါဘူး။ အောက်ကပုံတွေကတော့ သံပုရာသီးနဲ့ လုပ်တဲ့ နွားနိူ့ခဲ ပုံတွေပါ။

နွားနို့ ၂လီတာဘူးကြီးတစ်ဘူးဝယ်ပါတယ်။



သံပုရာသီး အရွယ်လတ် တစ်လုံးခွဲလောက်ကို အစေ့များဖယ်၍ အရည်ချည်း သတ်သတ်ရအောင် ညှစ်ထားပါတယ်။
အိုးဇောက်နက်နက်ထဲနွားနို့ထည့်ပါတယ်။ သံပုရာရည်ကိုလည်းထည့်ပြီး တစ်မိနစ်လောက် နှံ့အောင်မွှေပါ။ (ဒီနေရာမှာ မုရိုးစေးဆိုရင်တော့ အပင်မှ လတ်လတ်ဆပ်ဆပ်ခူးထားတဲ့ မရိုးကိုင်းလေးတွေက အစေး ၃-၄စက်လောက် နွားနိူ့အိုးထဲချပြီး နှံ့အောင်မွှေပေးရပါတယ်။)

မီးအနေတော် (Medium) လောက်မှာ နွားနို့အိုးတည်ပြီး ဇွန်းနဲ့ အဆက်မပျက်မွှေပေးပါတယ်။



နွားနို့ပွက်ပွက်ဆူလာရင် ဝေကျမှာစိုးလို့ မီးနည်းနည်းလျော့ပြီး ဆက်မွှေပါ။ (ပထမ အနယ်မကျလို့ စိတ်မပူပါနဲ့။ ပွက်ပွက်ဆူမှ အနယ်က စကျမှာပါ၊) နွားနို့ဖတ် အဖတ်အဖတ်ကလေးများ အနည်ကျကာ အရည်သတ်သတ်၊ အဖတ်သတ်သတ်ဖြစ်လာရင် အိုးမီးဖိုပေါ်မှချပါ။ ဆား လက်ဖက်ရည်ဇွန်းမောက်မောက်လောက် ထည့်ပြီး မွှေပေးပါ။

လက်သုတ်ပုဝါလို ပိတ်ကြမ်းစကို အောက်မှာခံပြီး အဖတ်တွေကိုစစ်ယူပါ ...


အရည်တွေကိုလည်း လွှင့်မပစ်ပါနှင့် ... အရည်ကလဲချိုပါတယ် ... သောက်လို့ရပါတယ် ... နောက် ဟင်းချက်ရင် ဒီအရည်လေးတွေ ထည့်ချက်တော့ ပိုကောင်းပါတယ်။

နွားနို့ဖတ်တွေ စစ်ယူထားတဲ့ အဝတ်ကို အပေါ်ကကြိုးနဲ့စည်း အောက်ကအမာတစ်ခုခံ အပေါ်က ငရုပ်ဆုံလို လေးတာနဲ့ ဖိပြီး ရေစစ်ပြီးခဲတဲ့အထိစောင့်ပါ ... ညကဖိထားရင် မနက်ခင်းကျရင် တော်တော်မာပြီးခဲနေပါပြီ ... နေ့ခင်းလုပ်တယ်ဆိုရင်တော့ ၃-၄နာရီလောက်ဖိရင်ကို ရပါတယ်။

နွားနို့၂လီတာလောက်လုပ်မှ ပဲပင်ပေါက်နဲ့ကြော်တဲ့ပဲပြားတစ်ခုစာလောက်ပဲရပါတယ် .


ကြာရှည်ခံပြီး ပိုမွှေးသွားအောင် ဒယ်အိုးထဲ ဆီပါလေကာထည့်ပြီး လှိမ့်ပါတယ်။


ပြီးရင် ဟင်းချက်ဖို့ အဆင်သင့်ဖြစ်အောင် အတုံးလေးတွေတုံးထားပါ။


နွားနို့ခဲချက်နည်း

လိုတဲ့ပစ္စည်းတွေက ...
ခုနက ခဲထားတဲ့ နွားနို့ခဲလေးတွေကို လက်မဝက် ပတ် လည်လောက်
အတုံးလေးတွေလှီးပြီးဆား၊ ပဲငံပြာရည်အကြည်ရည်နဲ့ အသာနယ်ထားပါ ...
ကြက်သွန်နီ အလုံးကြီးတစ်လုံးလောက်ကို ပါးပါးလှီးထားပါ ...
ကြက်သွန်ဖြူ၅မွှာလောက် ညက်ညက်ထောင်းထားပါ ...
ခရမ်းချဉ်သီး အလုံးကြီး ၅လုံးလောက် လှီးထားပါ ...
ငရုပ်သီးအစိမ်း ၃တောင့်လောက်ထက်ခြမ်း ခြမ်းထားပါ ...
နံနံပင် ၃-၄ပင် ထက်ပိုင်းချိုးထားပါ ...
ငရုပ်သီးအရောင်တင်မှုန့် ဟင်းချိုသောက်ဇွန်းနဲ့တစ်ဇွန်း ...

ဆီ ဇွန်းကြီး ၁ဇွန်းခွဲလောက်ကို ဒယ်အိုးထဲထည့်ပြီး မီးဖိုပေါ်တင်ပါ ...
ဆီကျက်ရင် ဆနွင်းမှုန့်လေးနဲနဲထည့်ပြီး လှီးထားတဲ့ကြက်သွန်နီတွေထည့်ပါ ...
ကြက်သွန်နီနွမ်းရင် ကြက်သွန်ဖြူထောင်းထားတာလေးတွေပါရောပြီး ဆီသတ်ပါ ...
ရွှေဝါရောင်သန်းပြီး မွှေးလာရင် မီးနည်းနည်းလျှော့ပြီး ငရုပ်သီးအရောင်တင်မှုန့်ထည့်ပါ ...
ငရုပ်သီးမတူးခင် ခရမ်းချဉ်သီးလှီးထားတာလေးတွေထည့်ပြီး ခရမ်းချဉ်သီးနွမ်းလာရင် နွားနို့ခဲလေးတွေထည့်၊ ပဲငံပြာရည်၊ ဆား၊ အချိုမှုန့် သင့်သလိုထည့်ပြီးးခရမ်းချဉ်သီး အနှစ်ထဲမှာ နွားနို့ခဲလေးတွေ မြုတ်အောင်အသာလေးမွှေပေးပါ ...
ရေခမ်းပြီးဆီသံဖျစ်ဖျစ်ကြားရင် ခုနကစစ်ထားတဲ့နွားနို့အရည်နဲနဲထပ်ထည့်ပြီး နွားနို့ခဲလေးတွေထဲ ဆားအချိုမှုန့်ဝင်သွားအောင် ၅မိနစ်လောက် ထပ်ထည်ပါ ... ရေခမ်းခါနီးရင် ငရုပ်သီးစိမ်း ...နံနံပင်လေး အပေါ်ကအုပ် ပြီးချလို့ရပါပြီ ...

ဟင်းချက်တဲ့ပုံလေးတွေ တင်ပေးလိုက်ပါတယ်။
ဗူးညွန့်၊ပြည်ပန်းညို၊ ဒန့်သလွန်ညွန့် အစရှိသဖြင့် ဟင်းရွက်မျိုးစုံနဲ့ချက်ထားတဲ့ ဟင်းရွက်စိမ်းဟင်းချိုနဲ့ လိုက်ဖက်ပါတယ်။




နွားနို့ခဲကို ကြက်သွန်ဖြူနီလေးနဲ့ ကြော်ချက်လေးလုပ်စားလဲ ဆိမ့်ဆိမ့်လေး စားကောင်းပါတယ်။

Sunday, March 21, 2010

ကြက်ကာလသမီးချက်

ဒီဟင်းကို လွန်ခဲ့တဲ့ ၇နှစ်၊ ၈နှစ်လောက် မြန်မာပြည်ပြန်တုံးက နာမည်ကြီး မြန်မာထမင်းဆိုင်တစ်ဆိုင်မှာ စားဘူးတာပါ။ သူချက်ထားတဲ့ ကြက်သား ကာလသမီးချက်လေးက စပါးလင်နံ့လေးမွှေးပြီး စားကောင်းလွန်းလို့ အမှတ်တရပါပဲ။ ကြက်သား ကာလသားချက်ကိုပဲ နာမည်လေးထူးအောင်ပေးပြီး ဟင်းချက်နည်းလေး နဲနဲဆန်းထားတာပါ။ စားပြီးတော့ ဟင်းချက်နည်း စာအုပ်လေးပါ လာရောင်းလို့ ဝယ်ထားလိုက်ပါတယ်။ နန်းစန်းစန်းအေးရဲ့ အဓိပတိ ဟင်းချက်နည်း နှင့် ဟင်းအတွဲအစပ်များ စာအုပ်လေးပါပဲ။

စင်္ကာပူပြန်ရောက်တော့ စာအုပ်ထဲမှာပါတဲ့ ကြက်သားကာလသမီးချက်ကို သူပြောတဲ့ အတိုင်းချက်ကြည့်ပြီး အလွန်ကြိုက်လို့ အိမ်မှာ မကြာခဏချက်စားတဲ့ ဟင်းတစ်ခွက် ဖြစ်ခဲ့ပါတယ်။ ခုတော့ အိမ် ၇အိမ်လောက် ပြောင်းအပြီးမှာ စာအုပ်လဲပျောက်၊ ဟင်းချက်နည်းကလဲ နဲနဲတော့ ကွဲလွဲနေမလား မသိနိူင်တော့ဘူး။ ပြီးခဲ့တဲ့ အပတ်က ချက်ထားတဲ့ ဟင်းလေးကတော့ စားလို့ကောင်းဆဲပါ။ ဓာတ်ပုံလေးတွေ ရိုက်ထားလို့ ရှယ်ပေးလိုက်ပါတယ်။ ဆန်းဆန်းပြားပြားဟင်းတစ်ခွက် မဟုတ်ပေမဲ့ ချက်ရလွယ် စားလို့လဲ ကောင်းပါတယ်။ အရင်က ကိုယ်ချက်ဘူးတဲ့ ကာလသားချက်ထက် အများကြီး အရသာရှိပါတယ်။ အဲဒီတုံးက စပါးလင်နဲ့ ငါးငံပြာရည်မထည့်ပါ။

ကြက်သားကို ခုတ်ထစ်ပြီး ငါး(သို့) ပုဇွန်ငံပြာရည်၊နနွင်းအနည်းငယ်၊သကြားအနည်းငယ်၊ ငရုပ်ကောင်းမှုန့်၊ ငရုပ်သီးအရောင်တင်မှုန့်၊ ခရမ်းချဉ်သီး ၂လုံးခန့် လှီးထားတာရယ်၊စပါးလင်၊ ကြက်သွန်ဖြူ၊-နီ၊ထောင်းထားတာနဲ့ နယ်ပြီး ၁၅မိနစ်ခန့် နှပ်ထားပါ။ နယ်တဲ့အခါ အသားထဲ ဆားပျားရောက်အောင် လက်နဲ့ နာနာဖိ၊ ဆုတ်နယ်ပေးဖို့တော့ လိုပါတယ်။
ကြက်သားအပြင် ကြက်ခြေထောက်ရိုးလို တောင်ပံမျိုးလို လည်ပင်ရိုးလို အရိုးများများနဲ့ ချက်ရင်တော့ ဟင်းက ပိုချိုမှာ အသေအချာပါပဲ။




ငရုပ်သီးခြောက် အတောင့်လိုက် ၃-၄တောင့်လောက်ထည့်ပြီး မီးအနေတော်နဲ့ တည်ပါ။



တည်နေရင်း ဆီသံဖျစ်ဖျစ် မြည်ရင် အသာမွှေပေးပါ။ ကပ်ခါနီးပြီဆို ငရုပ်ဆုံဆေးရေလေးထည့်
ကြက်သားကျက်လောက်အောင် မီးအေးအေးနဲ့ အဖုံးပိတ်ပြီးတည်ထားပါ။ စလုံးက ကြက်သားကတော့နုတော့ ၁၅မိနစ်လောက်ဆို ရပါပြီ။ ကြက်သားနူးပြီဆို ဗူးသီး အတုံးကြီးကြီး တုံးထားတာကိုထည့်၊ ရေမြုတ်အောင်ထည့်ပြီး မီးအေးအေးနဲ့ ထပ်တည်ပါ။ ဗူးသီးလဲနူး ကြက်သားထဲက အချိုရည်လဲ ဗူးသီးထဲ စိမ့်ဝင်ပြီဆို ရေစပ်စပ်လေးနဲ့ စပါးလင်နံ့သင်းတဲ့ ဗူးသီးကာလသမီးချက်ရပါပြီ။ ပိုမွှေးအောင်ချခါနီး ငရုပ်ကောင်းလေးထပ်ထည့်ပါ။ဆားပေါ့ရင်တော့ ငါးငံပြာရည်လေးခပ်ပါ။ အိမ်မှာတော့ အဲဒီဟင်းချက်ရင် ဟင်းအစပ်အနေနဲ့ သခွါးသီးကိုခြစ်၊ သံပုရာသီး၊ မြေပဲဆံထောင်းနိူင်နိူင်နဲ့ သုတ်တာမျိုး၊ ခရမ်းချဉ်သီးသုတ် လိုဟာမျိုးနဲ့ စားလေ့ရှိပါတယ်။





ခူးခပ်ပြီး စားဖို့ရာ အဆင်သင့်။ ပဲတီချဉ်သုတ်လေးနဲ့။




ပဲတီချဉ် ပြုလုပ်နည်း
ဆန်ဆေးရေ မိုင်လို ပုလင်းလောက်အရွယ် ပုလင်းထဲထည့် ၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့် ၊ ထမင်း စားပွဲဇွန်းတစ်ဇွန်း ချေထည့် (မခဲနေရဘူးလို့ ဆိုလ်ိုတာပါ) ပြီးရင် ပဲတီချဉ်ကို လုံးဝ၊ လုံး၀ ရေမဆေးပဲ ဈေးကဝယ်လာတဲ့ အတိုင်းထည့်၊ ပုလင်းအဖုံးလုံအောင်ပိတ်၊ ၃ရက်တိတိ အဖုံးမဖွင့်ပဲ ထားပါတဲ့။ အပေါ်မှာ ပုလင်းအရွယ်လေး မှန်းရလွယ်အောင် ပုံလေး တင်ပေးထားပါတယ်။ ချဉ်ရင်လဲ ပြောကြပါဦးနော်။