ညက ဖိုရမ်ထဲ လမ်းသလားနေစဉ် သူတို့တွေ ကောက်ညှင်း ဆီထမင်း အကြောင်း မစားရ ဝခမန်း ပြောနေကြသည်။ စိတ်ကြီးသော အန်တီဆွိမှာကား မနေနိူင်။ ချက်ချင်း ထကာ ကောက်ညှင်း တစ်ခွက်ခွဲ ရေစိမ်ထားလိုက်သည်။
------------------------------------------------------------------------------------------------------------
မနက် အိမ်ရာနိူးတော့ ဒီနေ့ သမီး ပီယာနိူသင်တန်း ပို့ရမှာမှို့ စောစောထရန်သတိရသည်။
ကွန်ပြူတာက နာရီကြည့်လိုက်တော့ 8:14 ဟုပြနေရာ ဝုန်းကနဲ ထမိမလိုဖြစ်သွားသည်။ မျက်လုံးကို သေချာ ပွတ်ကြည့်မှ 6:14 ဖြစ်နေ၍ တော်ပေသေးသည်။
မျက်နှာသစ် ညက်ခုံးမွှေးဆွဲ၊ မီးဖိုထဲရောက်မှ ကောက်ညှင်းရေစိမ်တွေ့ရာ ဆီထမင်းထိုးရန် သတိရသွားသည်။
ကြက်သွန်နီလှီးသည်။ ဆီအိုးတည်သည်။ ဆနွမ်းထည့်သည်။ ကြက်သွန်နီထည့်သည်။ ကြက်သွန်ကြော်နေတုံး ကြက်သွန်ဖြူလေးတွေ ထောင်းထားသည်။
မန်းလေးပဲကြော်အတွက် ပဲတွေ ရေခဲသေတ္တာထဲကထုတ်၊ ပြန်နွှေးနေတုံး ကြက်သွန်နီတွေ နဲနဲကျက်ကုန်တာနဲ့ ကြက်သွန်ဖြူဆီချက်လေးကိုပဲ ကမန်းကတန်း ထည့်ရတော့သည်။ ပုဇွန်ခြောက်မှုန့် တစ်ဇွန်းထည့်သည်။ မွှေသည်။
ကောက်ညှင်းရေစိမ်ကို ရေတွေစစ်ကာထည့်သည်။ မွှေသည်။ ဖြူဖတ်ဖြူရော်ဖြစ်နေသည်နှင့် ဆနွင်းထပ်ထည့်သည်။ ဆား၊ ဟင်းခတ်မှုန့် ထည့်မွှေသည်။ စောနက မထည့်လိုက်ရသည့် ကြက်သွန်ဖြူထောင်းလေးတွေပါ ရောထည့်လိုက်သည်။
မွှေနေရာကနေ ကောက်ညှင်းအနည်းငယ်စေးလာတော့ ရေ ခွက်တစ်ဝက်ခန့် ဖြန်းကာ အဖုံးအုပ်ထားလိုက်သည်။
ကောက်ညှင်းနပ်ပြီလား စမ်းကြည့် မနပ်မချင်း ရေအနည်းငယ်တောက်ကာ မွှေပြီး၊ မီးအေးအေးနှင့် အဖုံးအုပ်ထားသည်။
ကောက်ညှင်းနပ်ပြီဆိုမှ အောက်က ဂျိုးတူးအောင် မီးအေးအေးနှင့် လှည့်ပေးရသည်။
ဟိုညက်ခုံးမွှေးလူကြီးသောက်ဖို့ ကော်ဖီဖျော်၊ မန်းလေးပဲကြော်လေး၄-၅ခုကြော်ပြီး ယနေ့နံနက်စာ အဆင်သင့်ဖြစ်ပါပြီ။
မန်းလေးပဲကြော်ကတော့ မနက် ကမန်းကတန်းနဲ့ ဓာတ်ပုံရိုက်ဖို့ အချိန်မရလို့ မရိုက်လိုက်ရပါ။ အရင် လုပ်ဖူးတာလေး တွေ့လို့ တင်ပေးလိုက်ပါသည်။ Red bean ကို တစ်ညရေစိမ်ပြီး rice cooker နှင့်ပေါင်းပါ။ (rice cooker အပေါ်မှ ပေါင်းအိုးနှင့် ကောက်ညှင်းပေါင်းသလို ပေါင်းပါ)။ ပြီးရင်လိုချင်သောအချိန် ထုတ်သုံးလို့ရအောင် ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါသည်။
ပဲ၊ ကောက်ညှင်းမှုန့် ကို ၂း၁ ရောပါသည်။ ပဲကို ချေပါသည်။ ဆား အနည်းငယ်၊ ဂျင်း များများ မီးအေးအေးနှင့်ကြော်ပါသည်။
ဂျင်းနံ့သင်းသင်းနှင့် မန္တလေးပဲကြော်၊ ကြီးတော်အခေါ် ကောက်ညှင်းပဲကြော်ရပါပြီ။
ဒါကတော့ ဒီနေ့မနက်ကြော်သော မန်းလေးပဲကြော်။










