Showing posts with label (၂- ၇) မုန့်လုံးရေပေါ်. Show all posts
Showing posts with label (၂- ၇) မုန့်လုံးရေပေါ်. Show all posts

Monday, April 19, 2010

မုန့်လုံးရေပေါ် အလှူ

မနေ့က နှစ်သစ်ကူး စတုဒီသာ ကုသိုလ် အနေနဲ့ အိမ်နီးနား ပတ်ဝန်းကျင် မြန်မာအိမ် ၁၅ အိမ်ခန့်ကို မုန့်လုံးရေပေါ် လိုက်ဝေပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ လှူချင်ပေမဲ့ ပစ္စည်းပစ္စယက မဝယ်ရသေးလို့ နောက်တစ်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှ လုပ်ဖြစ်ခဲ့ပါတယ်။

NTUC က ကောက်ညှင်းမှုန့် ၆၀၀ ဂရမ်-၆ထုတ်၊ ဆန်မှုန့် ၆၀၀ ဂရမ်၂ထုတ်ဝယ်ပါတယ်။ ထန်းလျက် ၅ကျပ်ဖိုး ဗမာဆိုင်က သွားဝယ်ထားပါတယ်။ နောက်မုန့်လုံးရေပေါ်ထည့်ဝေရအောင် တစ်ခါသုံး ပုလပ်စတစ်ဘူးလေးတွေနဲ့ အောက်မှာ မကပ်အောင်ခင်းဖို့ ငှက်ပျောဖတ်လဲ ဝယ်ရပါသေးတယ်။ အုန်းသီးခြစ်ပြီးသားကတော့ သိုးလွယ် ချဉ်လွယ်လို့ အဲဒီနေ့ကျမှ မုန့်လုံးနေတုန်း အိမ်နားက wet market မှာ အပြေးကလေး သွားဝယ်ခိုင်းပါတယ်။

မုန့်လုံးရေပေါ်လုပ်နည်းကတော့ မနှစ်က တင်ပေးဘူးပါတယ်။
ဒီလင့်ကို နှိပ်ပါ။

မုန့်ကိုတော့ ညကတည်းက နယ်နှပ်ထားပြီး အဝတ်လေးရေစွပ် အုပ်ထားပါတယ်။ မနက်ကျ အဆင်သင့်ဖြစ်အောင် ထန်းလျက်တွေလဲ ညကတည်းက ကတ်ကျေးနဲ့ ညှပ်ထားပါတယ်။


မနက် ၆နာရီကတည်းက စလုပ်မယ်စိတ်ကူးပေမဲ့ ရုံးပိတ်ရက်မှို့ လုပ်အားပေး မုန့်ကူလုံးမဲ့ အိမ်က လူပျိုကြီး၂ယောက်ရယ်၊ ဦးခြိမ့်ရယ်က အိပ်ရာမနိုးသေးလို့ ၇နာရီလောက်မှ စလုံးဖြစ်ပါတယ်။ မုန့်တွေလုံးပြီး ရေပွက်ပွက်ဆူထဲထည့်၊ ငှက်ပျောရွက်လေးတွေ ခင်းထားတဲ့ တစ်ခါသုံး ပလပ်စတစ်ဘူးလေးတွေထဲ တစ်ထပ်ချင်းထည့်၊ မုန့်လုံးတွေ တစ်ခုနဲ့ တစ်ခု မကပ်အောင် အုန်းသီးခြစ်ထားတာလေးတွေဖြူး တစ်ထပ်ပြီး တစ်ထပ်ထည့်ပြီး ပူပူနွေးနွေး လိုက်ဝေပါတယ်။ လုံးတဲ့သူက အိမ်က ယောက်ျားသား ၃ယောက်၊ မုန့်ပြုတ်တဲ့သူက မဆွိတီတစ်ယောက်တည်းဆိုတော့ မနဲနိူင်အောင် လုပ်နေရပါတယ်။ တစ်အိမ်တက်ဆင်း လိုက်ပို့တဲ့သူကတော့ မဂျူဂျူနဲ့ သူ့ကြီးတော်ရယ်ပါ။


အင်တိုက်အားတိုက် လုံးနေကြတာပါခင်ည။





လိုက်ဝေဖို့ရာ အဆင်သင့်





ဒီမှာ ရယ်စရာတစ်ခုက လိုက်ပို့တဲ့ ကြီးတော်က ပြောပါတယ်။ တို့တွေ စောစောထ လိုက်ဝေလဲ အလကားပဲ။ တစ်အိမ်မှ အိပ်ရာနိူးတဲ့ အိမ်မရှိလို့ နှိုးပြီး ပေးခဲ့ရတာ ချည်းပါပဲတဲ့။ အိပ်ချင်မူးတူးနဲ့ မျက်လုံးတွေ ပွတ်၊ တံခါးထဖွင့်ပြီး ယူတဲ့သူတွေချည်းပဲတဲ့။ လှူတဲ့လူက စေတနာထက်သန်လွန်းတော့ စောစောစီးစီး ပူပူနွေးနွးစားစေချင်တဲ့ စေတနာ၊ ရုံးပိတ်ရက်ကို မေ့နေကြတာ။ စလုံးမှာ တော်တော်များများ ရုံးပိတ်ရက်တွေဆို အိပ်ရာထဲမှာပဲ နားနားနေနေ နှပ်ချင်ကြတာကို မေ့နေကြတာကိုး ။ အင်း ... အိမ်ရှင်တွေ အားနာဖို့ကောင်းနေပြီ။ နောက်နှစ်တွေဆိုရင်တော့ ဝီရိယ နဲနဲ လျော့ဦးမှလို့ တွေးမိပါရဲ့။

ဒါကတော့ ဘလော့လာလည်သူများအတွက် ဒေါင်းလန်းကြီးထဲမှာ ဖက်ခင်းပြီး ထည့်ပေးထားပါတယ်။ စားကြပါဦးနော်။ အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။

Saturday, April 18, 2009

မုန့်လုံးရေပေါ် ...


ဒီနေ့မုန့်လုံးရေပေါ်လုပ်စားရင်းနဲ့ ဓာတ်ပုံလေးတွေရိုက်ထားလို့ လုပ်နည်းလေးလဲ ရှယ်ပေးလိုက်ပါတယ်။


ကောက်ညှင်းမှုန့် (Glutinous Rice Flour) နဲ့ ဆန်မှုန့် (Rice Flour) ကို ၃း၁ အတိုင်းရောပါ။ ဒီနေ့လုပ်တာ ကောက်ညှင်းမှုန့် ဆန်ချင်ခွက် ၆ခွက်၊ ဆန်မှုန့်၂ခွက် ကို ရေချက်အေး ၃ခွက်ထည့်ပြီး ရောသမမွှေ နယ်ပါတယ်။ ၁၀မိနစ်၊၁၅ မိနစ်လောက် နှံ့နေအောင် ခပ်နာနာလေးနယ်ပြီးရင် မုန့်လုံးလို့ရပါပြီ။ မုန့်ပိုနပ်ချင်ရင် ၁နာရီ ၂နာရီလောက် အဝတ်ကလေးရေစွတ် အပေါ်ကတင်ပြီး နှပ်ထားပါ။ ကိုယ်ကတော့ စိတ်မြန်သူဆိုတော့ မနှပ်တော့့ပါဘူး။

ထန်းလျက်ကို ကတ်ကြေးနဲ့ အစိတ်ကလေးတွေ ရအောင်ညှပ်ပြီး မုန့်လုံးတာတွေကတော့ သိပြီးသားမှို့့မပြောတော့ပါဘူး။ ပုံမှာသာကြည့်ကြပါတော့။

ရေနွေးပွက်ပွက်ဆူထဲ မုန့်လုံးထားတာတွေ အသာပစ်ထည့်ပါ။
မုန့်လုံးရေပေါ်ဆိုတော့ ရေပေါ်ပေါ်လာမှ ဇကာလေးနဲ့့စစ်ယူရတာပါ။ မုန့်ကို နှပ်မထားရင် နယ်ပြီးပြီးချင်း လုံးတယ်ဆို မုန့်ပေါ်လာလာချင်း မဆယ်ပါနဲ့။ မုန့်ပိုကျက်သွားအောင် ခဏတဖြုတ်စောင့်ပြီးမှ ဆယ်ပါနော့။.
မုန့်ကလုံးတုံးက သေးသေးလေး။ မုန်ကျက်လာရင် ပွလာလို့ မုန့်လုံးက ပိုကြီးလာပါတယ်။ ဒါကြောင့် သိပ်အလုံးကြီးတွေ မလုံးပါနဲ့။ အလုံးကြီးတော့ ထန်းလျက်နည်းပြီး အရသာမရှိဖြစ်တတ်ပါတယ်။


အုန်းသီးကတော့ wet market တွေမှာ ခြစ်ပြီးသား ဖွေးဖွေးလေးတွေ ရောင်းပါတယ်။ တစ်ကျပ်ဘိုးဆို အတော်ရပါတယ်။ ငှက်ပျောဖတ်ကိုလည်း wet market မှာပဲ ဝယ်လို့ရပါတယ်။ ၅မူးဘိုးဆို ရပါပြီ။ ငှက်ပျောဖတ်လေးနဲ့ဆိုတော့ အမြင်လည်းလှ မွှေးလည်း ပိုမွှေးသလိုပဲလေ။

ဟိုနေ့က ဈေးနောက်ကျလို့ အုန်းသီးခြစ်ပြီးသားမရ ရတာသာဝယ်လာရပါတယ်။ ဒါခွဲဘို့ ခြစ်ဘို့ဆို တစ်ယောက်ယောက် အကူအညီလိုတယ်။ ဘယ်သူလာကူလုပ်ပေးမလဲ စောင့်လိုက်ဦးမယ်။
ဆင်ပြောင်ကြီး အမြီးကျမှ တစ်ရလေခြင်း။

ဟိုဘက်က မုန့်လုံးရေပေါ်ကတော့ အုန်းသီး မပါပဲနဲ့ ဘယ်သူစမြိုင်းလိုက်လဲမသိဘူး။ ၄လုံးလျော့နေပြီ ... း )