ဝက်နံရိုး (သို့) ဝက်အရိုးအသားတွဲရက် တစ်ကေဂျီလောက်ကို လက်သီးဆုတ်ဝက်လောက် အတုံးလေးတွေတုံးပြီး ပဲငံပြာရည် အကြည်ရေ၊ အနောက်ရည်၊သကြား၊ ပဲငပိ၂ဇွန်းခန့် (ပုံမှာကြည့်ပါ-salted soya bean)၊ ဟင်းချိုမှုန့်၊ ငရုပ်ကောင်း အစရှိသည့်တို့နဲ့၁၅မိနစ်လောက် နယ်ပြီးနှပ်ထားပါ။
(ပဲငပိက ငံလို့ ဆားလုံး၀ မထည့်ပါ။ သကြားထည့်ဖို့ မမေ့ပါနှင့်)
ကြမ်မဆိုင် (သို့) မုန်ညင်းချဉ်ပတ် ကို တစ်လက်မအရွယ်လောက်ကလေးတွေ လှီးဖြတ်ထားပါ။ ကြေးအိုးထဲထည့်တဲ့ မုန်ညင်းစိမ်း အခါးတွေကို ကိုယ့်ဟာကိုယ် အချဉ်တည်ပြီး လုပ်ရင် ပိုတောင်ကောင်းသေးတယ်။
ဂျင်းလက်မအရွယ်၃-၄ခုလောက်ကို ပါးပါးလွှာလွှာလေးတွေလှီးထားပါ။
ကြက်သွန်ဖြူ ဥကြီးကြီး ၁၀မွှာ ၁၅မွှာလောက်ကို ငရုပ်ဆုံမှာ ညက်နေအောင် ထောင်းထားပါ။
ကြက်သွန်နီဥကြီးကြီး ၂လုံးကို ၈စိတ်စိတ်ထားပါ။
အိုးဇောက်နက်နက်ထဲ ဆီ၂ဇွန်းလောက်ထည့်ပြီး ဆီကျက်ရင်ကြက်သွန်ဖြူကိုထည့်ဆီသတ်ပါ။ ပြီးရင် ဂျင်းရယ် ဝက်ရိုးနယ်ထားတာရယ်ထည့်ပြီး လုံးပေးပါ။ ဝက်သားကရေတွေထွက်လာတာကုန်သည်အထိ စိတ်ရှည်လက်ရှည် မွှေပေးပါ။
ရေကုန်လို့ ဖျစ်ဖျစ်မြည်ပြီး မွှေးလာပြီဆို ကြက်သွန်နီထည့် ရေအရိုးမြုတ်အောင်ထည့်ပြီး မီးအေးအေးနဲ့ တည်ထားပါ။ ဝက်သားမနူးတနူးမှာ ကြမ်မဆိုင် လှီးထားတာလေးတွေ ထည့်၊ ရေလိုသလောက်ထပ်ထည့်ပြီး ၁နာရီလောက် မီးအေးအေးနဲ့ အဖုံးလုံအောင်ပိတ်ပြီး နှပ်ပေရော့ပဲ။
ဝက်သားလဲနူးအိလာပြီ၊ ကြမ်မဆိုင်ဖတ်လေးတွေလဲ ပျော့ပြီး အိလာပြီဆို ရေစပ်စပ်ကလေးနဲ့ ဆား၊ အချိုမှုန့်၊သကြားမြည်း၊ လိုတာ ထပ်ထည့်ပြီး စားလို့ရပါပြီ။ ဘဲကြမ်မဆိုင်ဆိုလဲ ချက်နည်း အတူတူပါပဲ။ ဘဲက ဆီထွက်လွန်းအားကြီးလို့ ဆီတတ်နိူင်သလောက် လျော့ထည့်ပါလေ။
ဝက်ရိုးကထွက်တဲ့ ဟင်းရည်ချိုချိုနဲ့ မဆွိတီကတော့ အလွန်ကြိုက်လို့ ခဏခဏ ချက်စားပါတယ်။
ပြောင်းဖူးလေး ထောင်းပြီး ဂျင်း၊ကြက်သွန်ဖြူနံ့ မွှေးမွှေးလေးနဲ့ ကြော်တာလေးနဲ့
လိုက်ဖက်ပါတယ်။
ဇွန်းဆိုတာ ဟင်းချိုသောက်တဲ့ စတီးဇွန်းကို ဆိုလိုပါသည်။
(မြန်မာကျူးပစ်ဖိုရမ်တွင် ဖော်ပြပြီး)