Showing posts with label (၁ ၀၀) *** မြန်မာ အစားအသောက်များ ***. Show all posts
Showing posts with label (၁ ၀၀) *** မြန်မာ အစားအသောက်များ ***. Show all posts

Wednesday, December 24, 2025

လခွိုင်စီ ခေါက်ဆွဲ

 



ကချင်ပြည်နယ် ဗန်းမော်ဖက်မှာ ကျော််ကြားတဲ့ အစား အသောက် တမျိုး ဖြစ်ပါတယ်။

အသားတွေ အရမ်းများပြီး ရှမ်းရေဖျော် နဲ့ ခပ်ဆင်ဆင် အရမ်းကို စားကောင်းပါတယ်၊

လူ ၇ယောက် စာခန့် ပါဝင်တဲ့ ပစ္စည်းတွေက

ဝက်ခြေထောက်ရိုး (သို့) လက် ၂‌ေချာင်း - ရေးဆေးထားပါ

ဝက်သား အဆီအသား - ၅၀၀ ဂရမ် 

ဝက်သား အကြေ - ၅၀၀ ဂရမ်

ကြက်ဥ ၅လုံး

ပဲငပိ ၃ ဇွန်း

ရှမ်းခေါက်ဆွဲဖတ် သင့်သလို (ရေ ၃နာရီခန့် အနည်းဆုံး စိမ်ပြီး ရေစစ်ထားပါ)

နံနံ တစ်စည်း

ကြက်သွန်မြိတ် တစ်စည်း

ပဲရွက် သင့်သလို

ကြက်သွန်နီ အလုံးကြီး တစ်လုံး - chop လုပ်ထားပါ။

ကြက်သွန်ဖြူ ၅မွှာခန့် ညက်ညက်ထောင်းထားပါ။

ဂျင်း အနည်းငယ်

Black cardamon - ပါးကော မှုန့် အနည်းငယ်

Star anise - စောကောမှုန့် အနည်းငယ်

သစ်ဂျပိုးခေါက် အနည်းငယ်

ငရုပ်ကောင်းမှုန့် အနည်းငယ်

သကြား သ့င်သလို

ဆား အနည်းငယ်

ပဲငံပြာရည် အကြည် သင့်သလို

မုန်ညင်းချဉ် 

သံပုရာသီး

-----------

ပထမဆုံး ဝက်ရိုးပြုတ်ရည် အတွက် ဝက်ခြေထောက်ရိုးကို ဂျင်း၊ ကြက်သွန်ဖြူ ငရုပ်ကောင်း ဆား၊ နာနတ်ပွင့်၊ ကြက်သွန်မြိတ် အမြစ်၊ နံနံ အမြစ်၊ သစ်ဂျပိုးခေါက် တစ်ချောင်း ထည့့် ပြီး  အချိုရည်ရအောင် pressure cooker နဲ့ မိနစ် ၂၅ မိနစ်ခန့် တည်ထားပါ။ အလွန် အနံ့ မွှေးတဲ့ soup ရပါပြီ။

ဝက်လက်တွေက အသားတွေ အခေါက်တွေကို နွှင်ပြီး အတုံးလေးတွေ လှီးထားပါ၊

ကြက်ဥ ၅လုံးကို ငရုပ်ကောင်း ဆား တို့နဲ့ နာနာ ခေါက်ပြီး ဒယ်အိုးထဲ အချပ်လိုက် လေး တွေ ကြောပြီး လှီးဖြတ်ထားပါ။

ဝက်သားကို ဝက်သားပြုတ်ရည်အိုးထဲကို နောက်ထပ် မိနစ် ၂၀ ခန့် ထည့်ပြုတ်ပြီး ကျက်ရင် အတုံးလေးတွေ လှီးထားပါ။

ဝက်စအုကြော် အတွက် ဝက်သား အကြေကို အကြော် မှုန့် ၊ ကြက်ဥ ၂လုံး၊ ဆား ၊ငရုပ်ကောင်း၊ဟင်းခတ်မှုန့် ဟင်းချက်ဝိုင်၊ တရုတ် မဆလာ။ ဆီ ထည့်ပြီး နာနာ နယ်ထားပါ။ အရသာ စိတ်ကြိုက်ရအောင် အစမ်းကြော် မြည်းကြည့်ပါ၊

ပြီးမှ ဆီထဲမှာ ဝက်စအုကို ငုံးဥ အရွယ်ခန့်လေးတွေ ကြော်ထားပါ။


လခွိုင်စီ စချက်ပါတော့ မယ်။

ဒန်အိုး ဇောက် နက်နက်ထဲကို ဆီ အနည်းငယ်ထည့် ကြက်သွန်နီ ကို ဆီသတ်ပါ။ ကြက်သွန်ရွှေဝါရောင်သန်းလာရင် ကြက်သွန်ဖြူထောင်းထားတာပါထည့်ပြီးဆီသတ်ပါ။ ပြီးရင် ငရုပ်သီး အရောင်တင်မှုန့်ထည့် ဆီသတ်ပြီး ဝက်သားအတုံးလေးတွေ ထည့် ဆီသတ်ပါ။ 

ပြီးရင် ဝက်ရိုးပြုတ်ရည်ကို ဆီသတ်ထားတဲ့ အထဲ အရိုးတွေ စစ်ပြီး အရည်ကို ထည့်ပါမယ်၊

ဝက်စဥကြော်နဲ့ ကြက်ဥကြော် တွေ ကိုလဲ ဟင်းအိုးထဲ ထည့်ပါမယ်၊ ပဲငပိ၊ သကြား၊ ဆား၊ ဟင်းခတ်မှုန့် ပဲငံပြာရည်တို့ကိုလည်း ထည့်ပြီး ဟင်းချိုအရသာ စိတ်ကြိုက်ရသည် အထိ ပြင်ပေးပါ၊ မီးဖိုပေါ် ၁၅ မိနစ် ခန့် ဟင်းအိုးကျသည် အထိ တည်ပြီး ပွဲ ပြင်ဖို့ရာ အဆင်သင့် ဖြစ်ပါပြီ၊


ဟင်းပွဲပြင်ရန်အတွက် ရေနွေး ပွက်ပွက်ဆူထဲကို ရှမ်းခေါက်ဆွဲ ရေစိမ်ပြီး စစ်ထားတာ ၂၀၀ ဂရမ်ခန့်ကို တစ်မိနစ်ခန့် စကာနဲ့ ထည့်နှစ်ပါ၊ ပဲရွက်ကိုလည်း ထည့် နှစ်ပါ၊

ပြီးရင် ရှမ်းခေါက်ဆွဲနဲ့ ပဲရွက် ကို စားမည့်ပန်းကန်ထဲထည့် အပေါ်််ကနေ လခွိုင်စီ စွတ် ပြုတ်ရည် ချိုချို လေး ကို ပူပူလေးလောင်းထည့် ၊ ဝက်လက်ခေါက်ပြုတ်လေးတွေ ထည့်၊ နံနံ၊  ကြက်သွန်မြိတ် အစရှိသည်တို့နှင့် တွဲဖက်ကာ စားနိူင်ပါပြီ။ အင်မတန် အရသာရှိပြီး အဟာရဓာတ် အပြည့်ပါတဲ့ အရည်ဖျော် ခေါက်ဆွဲ ဖြစ်ပါတယ်၊

အသားတွေ များလို့ အီမှာကြောက်ရင် မုန်ညင်းချဉ်၊ သံပုရာသီး အစရှိသည်တို့နှင့် တွဲဖက် စားနိူင်ပါတယ်။

(ဝက်သွေးခဲ သို့ ဘဲသွေးခဲ ကြိုက်ရင်လဲ ထည့်ချက်စားနိူင်ပါတယ်)



Thursday, November 20, 2025

ရှမ်း ရေစိမ်ခေါက်ဆွဲ

စားကောင်းလွန်းလို့ မနက်တိုင်း တစ်ပတ်လုံးနီပါး စားဖြစ်နေတဲ့ ရှမ်းခေါက်ဆွဲလေးပါ၊ လုပ်နည်းလေးက ပစ္စည်းတွေ သေချာ ပြင်ဆင် ထားရင် အရမ်းလွယ်ပါတယ်။
..
 လူ ၈ ယောက် စာလောက် ပြင်ဆင်ထားရမှာတွေက
 ၁) ရှမ်းခေါက်ဆွဲဖတ် တစ်ထုတ်ခွဲ (၅ နာရီခန့် ရေစိမ်ထားပါ)။ 
၂) ဝက်သား အကြေ ကြိတ်သား (၇၀၀ ဂရမ်ခန့်) (ပဲငံပြာရည် အကြည်၊ ဆား၊ သကြား၊ ငရုပ်ကောင်းနဲ့ သင့်အောင် နယ် နှပ်ထားပါ) (ခရမ်းချဉ်သီး ၇၀၀ ဂရမ်ကို ရေနဲ့ နူးပျော့ သည် အထိ ပြုတ်ပြီး အခွံခွာ blender နဲ့ ကြိတ်ထားပါ) 
၃) ဝက်ရိုး တစ်ကေဂျီ (ရေ မြုတ် အောင်ထည့်၊ ဂျင်း ကြက်သွန်ူ ဆား သကြား ဟင်းခတ်မှုန့် ငရုပ်ကောင်း စေ့ အစရှိသည်နဲ့ ၃၀ မိနစ်ခန့် pressure cooker နဲ့ တည်ထားပါ။ (မုန်လာဥ တစ်ဝက်ခန့်ကို အခွံခွာ အပိုင်းလေးတွေ ဖြတ်ထားပါ)
 ၄) ကြက်သွန်ဖြူ (ကြိတ်ပြီး ဆီနဲ့ ဆီချက် ချက်ထားပါ) ( အနည်းငယ်ကို ဟင်းချက်ရန် ချန်ထားပါ)
၅) ငရုပ်သီး ခွဲခြမ်း (ဆီများများနဲ့ (ဆီနဲ့ ဆတူလောက်) ကြော်ထားပေးပါ) 
၆) ဖာလာ၊ နာနတ်ပွင့် (ပါးကော)၊ သစ်ဂျပိုးခေါက် အနည်းငယ် ( ဆီမွှေး အတွက် ဆီကိုကျက်အောင်တည်ပြီး ဆီသတ်ပေးထားပါ) 
၇) ပဲငပိ (ပဲငံပြာရည် အကြည်ရေနဲ့ ဆတူ ဖျော်ထားပါ) 
 ၈) ထန်းလျှက်ရည် (ခပ်ပျစ်ပျစ် ကြိုထားပါ) 
၉) မြေပဲဆံလှေ် (မညက် တညက် ကြိတ်ထားပါ) 
၁၀) နှမ်း လှော် 
၁၁) ဟင်းရွက် (သို့) ပဲရွက် ‌( ရေနွေးပူပူ ဖျောထားပါ) 
၁၂) ကြက်သွန်မြိတ် ( ပါးပါး ရိတ်ရိတ် လှီးထားပါ) 
၁၃) တို့ဟူးပြားခြောက် (ဆီနဲ့ ကြွပ်အောင် ကြော်ထားပါ) 
.. 

ဝက်သားအကြေဟင်းချက်ရန် 
ပထမဆုံး ဝက်သား အကြေကို ဟင်းချက်ပါမယ်။ 
သူက ငရုပ်သီး ဆီအနီရောင် မပါပဲချက်မှာပါ။ 
ဒယ်အိုးထဲကို ဆီ ၁၅၀ မီလီ (ml) လောက်ထည့် ကြက်သွန်ဖြူ ကြိတ်ထားတာထည့်ဆီသတ်ပါ။ 
ပြီးရင် ရှောက်ကော ပါးကော အမှုန့် အနည်းငယ် ထည့် ဆီသတ်ပါ။ 
မွှေးလာရင် ဝက်သားကြိတ်ထားတာ ထည့်ပြီး ဝက်သား အရည် ကုန်သည်အထိ ဆီသတ်ပေးပါ။ 
ပြီးရင် ခရမ်းချဉ်သီး ကြိတ်ထားတာထည့် ခရမ်းချဉ်သီးရော ဝက်သားရော အနံ့ ပျောက်ပြီး မွှေးလာသည် အထိ ရေ အနည်းငယ်ထည့်ပြီ တည်ပေးထားပါ၊ 
ကျက်ပြီဆို ကိုယ့် စိတ်ကြိုက် အရသာရအောင် သကြား၊ ဆား၊ ဟင်းခပ်မှုန့် ၊ပဲငံပြာရည် အကြည်််ရည် အစရှိသဖြင့် ထည့်ပြီး ပြင်ထားပါ။ 
..

 ဟင်းချို ချက်ရန် 

ဝက်ရိုး ကို pressure cooker နဲ့ ဟင်းချိုချက်ထားတာရရင် မုံလာဥ ပိုင်းထားတာတွေထည့် ပြီး နောက်ထပ် ၂၀ မိနစ်ခန့် ဝက်ရိုးရော မုံလာဥရော အိလာတဲ့ အထိ ထပ်တည်ပေးပါ။ အရသာကို စိတ်ကြိုက် ပြင်ပါ။ ပြီးရင် အရည်တွေကို စစ်ယူပြီး အိုးတလုံးနဲ့ ထည့်ထားပါ။
.. 

 ဒါဆို ပွဲပြင်ရန် အဆင်သင့်ဖြစ်ပါပြီ၊ 
စောက်နက်တဲ့ အိုးတစ်လုံးထဲ ရေပွက်ပွက်ဆူအောင် တည်ပါ၊ 
ရှမ်းခေါက်ဆွဲ ရေစိမ်ပြီး စစ်ထားတာ ၁၀၀ ဂရမ်ခန့် အရွက် အနည်းငယ် ရေဆူဆူထဲ တစ်မိနစ်ခန့် နှစ်ပြီး ဆယ်၊ ရေစစ်၊ ပွဲပြင်မဲ့ ပန်းကန်ထဲထည့်ပါ။ 
ပြီးရင် ခေါက်ဆွဲပေါ်ကနေ ဝက်သားအကြေချက်ထားတာ ၄၀ ဂရမ်ခန့်၊ ဝက်ရိုးပြုတ်ရည် ၄၀ ဂရမ်ခန့် ၊ ကြက်သွန်ဖြူ ဆီချက် - 2 tsp, ငရုပ်သီး ဆီနီချက် - 2 tsp, ဆီမွှေး - 1 tsp, မြေပဲထောင်း 1 tbs မောက်မောက်၊ နှမ်း 1/2 tsp ၊ ပဲငပိ 1tsp ထန်းလျှက်ရည် 1 tsp အားလုံးကို စီရရီ ထည့်ပြီး နောက်ဆုံး အပေါ်ကနေ ကြက်သွန်မြိတ် ဖြူးပါ။ 
ရေစပ်စပ်လေးနဲ့ ရေစိမ်ခေါက်ဆွဲ ရပါပြီရှင်။ တို့ဟူးခြောက် ကြော််လေးနဲ့ စား ကောင်းမှကောင်းပဲ။
ဝက်ခေါက်ကြေ်နဲ့စားရင်လဲရပါတယ်။ ကျန်းမာရေး မညီညွတ်လို့ အိမ်မှာတော့ ရှောင်ပါတယ်။



Friday, July 25, 2025

အာလူး ကတ်တလိတ် ကြော်



အာလူးကိုနွှာ၊ အတုံးသေးလေးတွေပြုတ် (မိနစ် ၂၀ ခန့်)၊ ထောင်း (သို့) ကြိတ်ခြေပြီး cheese နဲနဲ ခြစ်ထည့်၊ ဆားနဲ့ ပြောင်းဖူးမှုန့်ထည့်နယ်ပြီး၊ လုံးကြော် လုံးဝ ပေါက် မထွက်ပဲ ကြွပ်ကြွပ်လေးနဲ့ အရမ်းစားကောင်းပါတယ်။


ingredient တွေက
အာလူး ၄လုံး
grated cheese - 35 gm
ပြောင်းဖူးမှုန့် - ၄ဇွန်း (table spoon)
ဆား - သင့်သလို
flavor အတွက် နံနံပင် အနည်းငယ်လှီးထည့်





Sunday, July 6, 2025

ရှမ်းတို့ဟူး ကျိုနည်း -သုပ်နည်း

 




Basen မှုန့်ခေါ် ကုလားပဲမှုန့်ကို ဆန်ချဉ်ခွက် ၄ခွက်ခန့် ရေ များများ ( တစ်လီတာခန့်) ထည့်ပြီး အားလုံး ရေပျော်သွားအောင် အတုံးအခဲတွေမကျန်အောင် စကာနဲ့ စစ်ချဖျော်ပြီး ၅နာရီခန့် အနည်ထိုင်ထားပါ၊

အနည် ကျသွားပြီဆို အပေါ်ကအရည်တွေကို ကဲ့ယူပြီး အနည်တွေကိုတော့ ရေဆန်ချင်ခွက် ၂ခွက်လောက်နဲ့ ပျစ်ပျစ်လေး ဖြစ်အောင် ရောသမမွှေလိုက်ပါ။



..

ပြီးရင် ကျိုမဲ့ အိုးထဲကို ရေ ၃၀၀ မီလီလောက်ထည့်ပြီး ပွက်ပွက်ဆူအောင်ကျိုပါ။ ပြီးရင် စောနက ပဲစိမ်ထားတဲ့ အပေါ်ရေကို ဆန်ချင်ခွက် တစ်ခွက်ခန့် လောင်းထည့်ပြီး ဆက်ကျိုပါ။ ကျန်တဲ့ အပေါ်ရေတွေ သွန်သာပစ်ပါ။

ပြီးရင် ပဲနှစ်နဲ့ ရေပြန်ရောထားတာကို သမအောင် မွှေပြီး အောက်က ဆူနေတဲ့ အိုးထဲ ဖြေးဖြေးချင်းလောင်းထည့် အောက်ကလဲ အိုးကို ယောင်းမနဲ့ အဆက်မပျက်မွှေပေးပါ။

မီးအနေတော်နဲ့ ဆက်ကျိုပါ။ ကျိုတာ အရမ်းပျစ်လာတယ်ဆို ရေနွေးပွက်ပွက်ဆူ အနည်းငယ်ထည့်ပါ။ ဆီ ထမင်းစားဇွန်း တစ်ဇွန်းထည့်ပါ၊ ဆား အနည်းငယ်၊ ဟင်းခပ်မှုန့် အနည်းငယ်၊ သင့်တော်သလို ကိုယ့် စိတ်ကြိုက် အရသာ ရသည်အထိ ထည့်ပါ၊

၁၀မိနစ်ခန့် ကျိုလိုက်ရင် နို့ဆီလို ခပ်ပျစ်ပျစ်လေး အခြေအနေမှာ ချပြီး ဆီသုပ်ထားတဲ့ ဗန်းထဲထည့် အအေးခံပါ။

၃-၄ နာရီဆို ရှမ်းတို့ဟူး တုံတုံလေးရပါပြီ။

 


..

ရှမ်းတို့ဟူးသုပ်နည်း

ကြက်သွန်ဖြူ  ၈မွှာခန့် ၊ ငရုပ်သီးစိမ်း ၄တောင့်ခန့်၊ နံနံပင် ၅ပင် လောက်ကို နုတ်နုတ်စင်း (သို့) blender နဲ့ ကြိတ်ပါ။

ပြီးရင် သံပုရာသီး တစ်ခြမ်း (သို့) ရှာလကာရည် တစ်ဇွန်း ၊ သကြား ၂ဇွန်း၊ ဆား အနည်းငယ်၊ ပဲငံပြာရည် ၃ဇွန်းခန့်၊ ဟင်းခပ်မှုန့် အနည်းငယ်ကို ရေ ဆန်ချင်ခွက် တစ်ဝက်ခန့်ထည့်ပြီး အပေါ်က ကြိတ်ထားတာနဲ့ ရောသမမွှေပါ။ အရသာ စိတ်ကြိုက်ရအောင် လိုတိုး ပိုလျှော့ လုပ်ပေးပါ။ ရှမ်းတို့ဟူးသုပ်အတွက် sauce ရပါပြီ။

မြေပဲဆံ ကြိတ်ထားပါ။

ဆီပူပူမှာ နှမ်းထည့်ပြီး နှမ်းဆီမွှေး လုပ်ထားပါ။

ကြက်သွန်ဖြူကို နုတ်နုတ်စင်းပြီး ကြက်သွန်ဖြူ ဆီချက် ချက်ထားပါ။

ငရုပ်သီးခွဲခြမ်းကို ဆီပူပူမှာထည့်ပြီး ငရုပ်သီးဆီ (ဆီနီ) လုပ်ထားပါ၊

ငရုပ်သီး ခွဲကြမ်း ကြော်ထားတာကို စစ်ယူထားပါ၊

အားလုံး ရပြီဆို ပွဲပြင်လို့ရပါပြီ။

..

တို့ဟူးကို အပြားလေးတွေ လှီးထားပြီး သုပ်မည့် ပန်းကန်ထဲ ထည့်ပါ၊



Sauce ကို တို့ဟူးတွေ အကုန်နစ်သွားအောင် များများ ထည့်ရပါတယ်။

ပြီးရင် အပေါ်က ingredient တွေကို တစ်ခုချင်း တို့ဟူးပေါ်မှာ တစ်နေရာစီ ပုံလိုက်ပြီး ရေသမေမွှေလိုက်ရင် အလွန် အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ရှမ်းတို့ဟူးသုပ်ရပါပြီ၊


တို့ဟူးကို ကြော်၊ ကတ်ကျေးနဲ့ ညှပ်ပြီးလဲ တို့ဟူးသုပ်ထဲ ထည့်စားကြပါတယ်။

ဇွန်း=> ထမင်းစားဇွန်း = > table spoon

 


Thursday, May 8, 2025

မုန့်ပြားသလက် အပေါက်ဖောက်နည်း

မုန့်ပြားသလက်ကို အပေါက်လေးတွေနဲ့ ရအောင် ဘယ်လို လုပ်သလဲ မေးနေကြလို့။ တီဆွိပြောတဲ့ အတိုင်း လိုက်လုပ်ကြည့်ပြီး ပုံလေးတွေ တင်ပေးကြရင် ပြောပြရကျိုး နပ်မယ်နော်။ တင်ပေးကြပါ လုပ်ကြည့်ပြီးရင်။
 ...
သြဇီရောက်ကတည်းက မုန့်ပြားသလက်လုပ်တိုင်း တစ်ခါမှ အဲလို မဖြစ်ဖူးလို့ ပျော်လိုက်တာ။ မုန့်လုပ်တော့လဲ ငယ်ငယ်က မုန့်လုပ်တိုင်း ဆော့နေရသလို ပျော်နေတာ။ အဲလို အပေါက်လေးတွေနဲ့က ငယ်ငယ်က အညာမှာ စားဖူးတဲ့ မနက်စာ မုန့်ပြားသလက် အတိုင်း တူမှတူ၊ ပြီးတော့ အလယ်မှာ ဖောင်းဖောင်း အိအိလေး၊ ပြီးတော့ နှမ်းထောင်းမွှေးမွှေးလေးနဲ့။ 
 .. 
စာရှည်မှာ စိုးလို့ လုပ်နည်းကို အသေးစိတ် မပြောတော့ပဲ အကျဉ်းချုပ်ပြောပြပါမယ်၊ အကျဉ်းချုပ်ပေမှို့ပဲ .. ဒီ လုပ်နည်းကို ယူကျူ့ကနေ ရပါတယ်။ credit ပေးပါတယ်။ သူ့ recipe ထက် အနည်းငယ် လိုတိုးပိုလျှော့ လေးတွေ တော့ ရှိပါတယ်၊
-ယိုးဒယား ဆန်မှုန့် (တံဆိပ်အနီ) ဆန်ချဉ်ခွက် ၂ခွက်၊
 -ထမင်းကြမ်း ဆန်ချဉ်ခွက် တစ်ခွက်၊ 
-ရေ (ကြက်သီးနွေး - 30 deg C ခန့်) ၃၅၀ - ၄၀၀ မီလီ (ml) ခန့်၊
 - ဆား လက်ဖက်ရည် ဇွန်း လေးပုံ တစ်ပုံ (1/4 tea spoon) 
- dry yeast လက်ဖက်ရည် ဇွန်း တစ်ဝက်၊
- သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
(တကယ့် measuring tea spoon နဲ့ အတိအကျ ထည့်ပေးပါ။) 
အားလုံးကို သစ်သီးဖျော်စက်လို blender ထဲ ထည့်၊ အတော် ညက်နေအောင် ၂မိနစ်လောက် မွှေလိုက်ပါ။ 
(ရေကို ၃၅၀ မီလီလောက်ပဲ အရင်ထည့် ကြိတ်ပါ၊ နောက်မှ  blender ဆေးရေကို မုန့် အပျော့ အမာပေါ် တည်ပြီး ထပ်ထည့်ပါ)
 ...
 လာပါပြီ၊ လာပါပြီ၊ အပေါက် ပညာက ဒီမှာပါ။ ဒါကို ချက်ချင်း မုန့် အိုးထဲ ထည့်လုပ်ရင် မုန့်က မဖြစ်ပါဘူး။ yeast တွေ active ဖြစ်အောင် (fermentation ဖြစ်အာင်) စောင့်ရပါတယ်။ မြန်မာလိုဆို မုန့်ပွ အောင်၊ အချဉ် ပေါက်‌အောင် စောင့်ရတာပါ၊ 
စောင့်တာလဲ ဒီဆစ်ဒနီမှာလို ဆောင်းဦးအပူချိန် ၁၅ -၂၀ လောက်ဆို yeast က active ဖြစ်ဖို့ အတော် နှေးပြီး၊ ခက်လဲ ခက်ပါတယ်။ 
ညနေအထိစောင့်တောင် ဒီအပူချိန်နဲ့ မုန့်က ပွ မလာပါဘူး။ 
ဒီ‌တော့ ဘာလုပ်ရလဲဆိုတော့ အခန်းထဲမှာ aircon က heater ကို 30 deg C မှာ ၂ နာရီလောက်ထားပြီး မုန့် ပွ ခံထားရပါတယ်၊ အဲနေ့က work from home ဆိုတော့ အလုပ်လုပ်တဲ့ အခန်းထဲ တံခါးပိတ် ပြီး heater ဖွင့် ၊ fan ကိုလဲ ၄ တုံးလုံး အပြည့်ထားလိုက်တာ၊ ၂ နာရီကြာတော့ မုန့်က အမြှုတ်တွေ ထပြီး သိသိသာသာပွလာပါတယ်။ ပူလွန်းလို့ အခန်းထဲက Milo က ထွက်ပြေးသွားပါတယ်။
 yeast တွေ ကတော့ အပြည့် active ဖြစ်သွားပြီပေါ့၊ 
 ဟဲဟဲ အလုပ်တွေ အရမ်း ကြိုးစားတာနော် အဲ့လို။ 

.. 
ဘက်တီးရီးယား ပွားဖို့ အကောင်းဆုံး အပူချိန်က 27 deg C to 32 deg C ၊ အဲဒါကို သိထားရင် မုန့်ပြားသလက် အပေါက်လေးတွေ ပေါက်ဖို့ လွယ်သွားပါပြီ။ ဟိုး အပေါ်မှာ ရေ ကြက်သီးနွေးဆိုတာ ငယ်ငယ်က လူကြီးတွေ ပြောတာ ကြားဖူးတာ ဘာကြောင့် ပါလိမ့်ပေါ့ ၊ ခုတော့ သိပြီမဟုတ်လား။ နောက် သကြားကလဲ yeast တွေ ကို ပိုပြီး fermentation ဖြစ်စေတယ်၊ ဒါကြောင့်လဲ ပါမယ် မုန့် ပိုပွလာတာ။ 

.. 
ဆစ်ဒနီမှာ ဟိုး အရင် ဘုန်းကြီးကျောင်း ရံပုံငွေ‌စျေး ရောင်းပွဲတွေမှာ လုပ်ချင်လွန်းလို့ ကျောက်ဒယ်အိုး အသေးလေးတွေ ၅လုံးလောက် ရှိတယ်၊ ဝယ်ပြီး အဖွဲ့လိုက် မုန့်ပြားသလက် ရောင်းဖူးတာ ၊ အဲ့တုံးကလဲ ‌ဆောင်းတွင်းပဲ လုပ်တာ အဲလို အပေါက်လေးတွေ မရခဲ့ဘူး။ အရသာတော့ ရှိတယ် စားလို့တော့ ကောင်းတယ်။ ဒါပေမဲ့ တကယ့် မုန့်ပြားသလက် အစစ်အတိုင်း မရခဲ့ဘူး။ အဲဒီတုံးက တော် တော် တုံးတာ၊ ဘာလို့ မရခဲ့လဲဆိုတာ စဉ်းစားမရခဲ့ဘူး။ 
..


 မုန့်ကို မနက်စ ဖျော််ထားရင်ညနေ‌လောက်လုပ်ရင် ပိုကောင်းပါတယ်၊ ဒယ်အိုး အောက်ခြေ အလုံးထဲကို ဆီ အနည်းငယ်သုပ်၊ မီး အနေတော် ကို ဒယ်အိုး အတော် ပူအောင် စောင့်ပြီး မုန့်နှစ် ယောက်ချို တစ်ဇွန်းထည့်၊ နံနံ ကြက်သွန်မြိတ် ပဲပြုတ်လေးတွေ ထည့် အဖုံး အုပ် ၃မိနစ်လောက်ထားရင် မုန့်ပြား သလက် အပေါက်လေးတွေနဲ့ ရပါပြီ။ 

.. 

ရရင် ပုံလေးတွေ လာပြကြဦးနော်။

Monday, May 17, 2021

ရှမ်းမုန်ညင်းချဉ် (အလွယ်နည်း)

ပထမဆုံး ဆိုင်က မုံညင်းချဉ်နှစ်ထုပ်ကို တစ်လက်မကျော်ကျော် အရှည်လေးတွေ ဖြတ်ပြီး အချောင်းလေးတွေ ပြန်လှီးပါ။ ပြီးရင် မံညင်းချဉ်တွေကို ရေခဲသေတ္တာထဲ ခဏပြောင်းထည့်ထားပါ။
မုံညင်းချဉ် အရည်တွေကို လွှင့်မပစ်ပဲ မုံလာပန်းပွင့် တစိတ်၊ မုံလာဥနီ ၂ဥခန့် ပါးပါး အစိတ်လေးတွေလှီးပြီး ချဉ်အောင် ပြန်စိမ်ပါမယ်၊ . အချဉ်ရည်မလောက်တတ်လို့ မုံလာဖတ်တွေ မြုတ်အောင် ရှာလကာရည် အနည်းငယ်၊ ရေ အနဲငယ် ရောထည့်နိူင်ပါတယ်။ သကြား စားပွဲဇွန်း တစ်ဇွန်း၊ ဆားအနည်းငယ်ထည့်ပြီး ၂ရက် ၃ရက်ခန့် ချဉ်လာသည်အထိ စိမ်ထားပါ။
မုံလာချဉ် စ နယ်ပါတော့မယ်။ ဇလုံ ခပ်ကြီးကြီး တစ်လုံးထဲကို ရေခဲသေတ္တာထဲ ထည့်ထားတဲ့ မုံညင်းချဉ်၊ မုံလာပန်းပွင့်၊ ဥနီအချဉ် စိမ်ထားတာတွေကို အရည်တွေစစ်ပြီး အားလုံး‌ရောလိုက်ပါ။ အချဉ်ရေ အနည်းငယ် ပါအောင် ထည့်ပါ။ ပြီးရင် ကြံသကာအခဲ ချေပြီးသား စားပွဲဇွန်း တစ်ဇွန်းခွဲခန့် ၊ ငရုပ်သီး အကြမ်းမှုန့် စားပွဲဇွန်း တစ်ဇွန်း မောက်မောက်၊ ငရုပ်သီး အရောင်တင် (sweet paprika) စားပွဲဇွန်း တစ်ဇွန်း၊ နံနံမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းမောက်မောက်၊ ဇီယာ မှုန့် လက်ဖက်စားဇွန်း ၄ပုံတစ်ပုံ ခန့်တို့ကို သမအောင် ရောမွှေပေးပါ။
ပြီးရင် ပုလင်း ဇောက်နက်နက်ထဲကို ကြပ်နေအောင် ဖိသိပ်ထည့်ပြီးစိမ်ထားပါ။ ၃ရက်လောက်ရရင် အလွန် အနံ့အရသာနဲ့ ပြည့်စုံတဲ့ ရှမ်းချဉ်ရပါပြီ။
ဒီနည်းက လုပ်ရတာလဲလွယ်၊ ကြာရှည်လဲ အထားခံပါတယ်။ ရေခဲသေတ္တာထဲ ထည့်ထားရင် နှစ်ပေါက်စားလို့ရပါတယ်။
ပုံအချို့ကို google မှ ယူပါတယ်။ credit to original uploader.

Tuesday, April 21, 2020

မြန်မာ အကြိုက် မဆလာ ကြိတ်နည်း

မြန်မာ အကြိုက် မဆလာကြိတ်နည်း
မဆလာဆိုတော့ ဟိုးအရင် စင်္ကာပူမှာနေတုံးက ကုလားလေး မဆလာသုံးတယ်။ နောက် အဲဒါ သုံးရင်း ဟင်းချက်တိုင်း ဒီအနံ့ဆိုတော့ အနံ့က ငြီးငွေ့လာရော။ အဲဒီတော့ wet market တွေက မလေးဆိုင်တွေမှာ ရောင်းနေတဲ့ မဆလာ အစိုတွေ အရမ်းမွှေးတာ အဲဒါလေးတွေ ဝယ်သုံးတာ အဆင်ပြေလို့ပေါ့။ မျိုးစုံပဲ ဝယ်လို့ရတယ် လတ်လတ်ဆတ်ဆတ်တွေ။
...
ဒီဖက်ရောက်တော့ မဆလာလိုရင် ကုလားဆိုင်က လေးထောင့် စက္ကူဗူးလေးတွေနဲ့ ရောင်းတဲ့ နာမည်ကြီး Shan မဆလာဆိုတာဝယ်တယ်။ သူက ကံစမ်းမဲနှိုက်ရသလိုပဲ။ အစုံပဲ အမျိုးပေါင်း ၃၀ လောက်ကနေ ရွေးရတာ။ ကိုယ်နဲ့ကိုက်မယ်ထင်လို့ ကြက်သားမဆလာတို့၊ ပဲဟင်းမဆလာတို့၊ ဒန်ပေါက်မဆလာ အစရှိသဖြင့် ဝယ်လာ၊ ကြိုက်ပြီဆို မှတ်ထား၊ နောက်တစ်ခေါက်ကျ တွေ့ချင်မှတွေ့တာကိုး။ မတွေ့တော့ ဆင်တူမယ်ထင်လို့ ဝယ်ထားတာတွေက စပ်တဲ့ဟာက အရမ်းစပ်၊ အနံ့တွေကလဲ မကြိုက်နဲ့ အတော်ကို အဆင်မပြေလှဘူး။
...
မနှစ်က ဘုန်းကြီးကျောင်း ဈေးရောင်းပွဲအတွက် မုန့်ရေပါး လုပ်တော့ ဗမာမဆလာလိုတာနဲ့ အသိညီမတစ်ယောက်ဆီက သူမြန်မာပြည်က ယူလာတာဆို ခွဲပေးလာတာ၊ တော်တော်များတယ်။ နောက်အသိ ဆရာဆီကလဲ သူကြိတ်ထားတာဆို ပေးတာရော ၊ နောက် မလေးဆိုင်ကလဲ ဗမာမဆလာနဲ့ အတော်တူတဲ့ curry chicken မဆလာ ဝယ်သေးတယ်။ ဒါနဲ့ ဗမာ မဆလာနဲ့ မပြတ်ဘူး။
...
ဟိုနေ့က ဗယာကြော်လေးတွေ တော်တော်များများ ကြော်လိုက်တာနဲ့ ရှိတဲ့ ဗမာ မဆလာ လက်ကျန်လေးလဲကုန်၊ ကုလားမဆလာ တွေလည်း အရောင်တွေက အနီအဝါတွေ၊ စပ်ကလဲ စပ်လိုက်တာ၊ ဟင်းထဲ ဘယ်လိုမှ ထည့်ချက်လို့ မဖြစ်နိူင်တာနဲ့ ဒီနေ့ ပန်းသေးခေါက်ဆွဲလေး ချက်ဖို့ရာ ကိုယ့်တိုင် စမ်းကြိတ်ကြည့်ဦးမယ်ဆို ကြိတ်ဖြစ်သွားတာ။
....
အိမ်မှာ ဒန်ပေါက်က မကြာခဏ ချက်နေတော့ ဝယ်ထားတဲ့ spice တွေကလဲ အသုံးဝင်လာတယ်။ ရှမ်းခေါက်ဆွဲအတွက် ရှောက်ကော ၊ ပါးကောတွေကြိတ်ဖို့ ဝယ်ထားတဲ့ coffee grinder လေးကလဲ မထင်မှတ်ပဲ မဆလာကြိတ်ဖို့အတွက် အဆင်သင့်ဖြစ်နေတော့တယ်။
...
ကိုယ်တိုင်ကြိတ်တာဆိုတော့ မဆလာက လတ်ဆတ်လို့လား၊ တခြားအမှုန့်တွေ ဘာမှ ထပ်မရောလို့လား မသိ၊ ဆိုင်က မဆလာတွေထက် ပိုမွှေးတာကတော့ အမှန်ပဲ။
အဲဒီမဆလာနဲ့ ချက်တဲ့ ကြက်သားဟင်းကလဲ ငယ်ငယ်က အိမ်မှာ အမေချက်တဲ့ ကြက်သားဟင်းနံ့လေး ထွက်လာတော့ ငယ်ဘဝကိုတောင် သတိရသွားတယ်။
...
ကဲ ...အချီးလေးပြီးတော့ ကြိတ်နည်းလေးလာပါပြီ။
လိုတဲ့ ပစ္စည်းများ
- Coffee grinder
- Cumin seeds (ဇီယာ) - 2 table spoon
- Coriander seeds (နံနံစေ့) - 2 table spoon
- Green cardamons (ဖာလာ) - 1 tea spoon
- Pepper corn ( ငရုပ်ကောင်း) - ၅ စေ့ခန့်
- Cinnamon ( သစ်ဂျပိုးခေါက်) - အသေး ၂ချောင်း
- Cloves ( လေးညှင်း) - 1 tea spoon
- Star Anise ( နာနတ်ပွင့်) - ၂ပွင့်
- Black cardamons ( စောကော) - တစ်လုံး (အကြီး)
- Bay leaf ( ကရဝေးရွက်) - ၂ရွက်
- Mustard Seeds ( မုံညင်းစေ့) - 1 tea spoon
...
- မကြိတ်ခင် အထက်ပါ ပစ္စည်းတွေကို ဒယ်အိုးထဲထည့်ပြီး မီးအနေတော်လောက်နဲ အရင် မွှေးအောင် လှော်လိုက်ပါ။ (မုံညင်းစေ့က အရင်တူးတတ်လို့ ချခါနီး နောက်ဆုံးမှ ထည့်ပါ)
(တချို့လဲ မလှော်ပဲ အစိမ်း ကြိတ်ကြတယ် ၊ မလှော်ရင်လဲ ရပါတယ်။ လှော်လိုက်ရင်တော့ ပိုမွှေးပါတယ်)
...
- လှော်ပြီးအအေးခံပါ။
...
- ပြီးရင် ပထမဆုံး သစ်ဂျပိုးခေါက်နဲ့ စောကောစေ့တို့က မာတော့ သူတို့ကို အရင် ကြိတ်လိုက်ပါ။
အကုန်မညက်ရင် အမှုန်တွေပဲ ယူပြီး ကျန်တဲ့ မညက်တာတွေ မထည့်ပါနှင့်။
...
-နောက်တော့ ကျန်တဲ့ ပစ္စည်းတွေ အကုန်ရောထည့်ပြီး အမှုန့်တွေ ရတဲ့ အထိ ကြိတ်ပါ။
...
အလွန်မွှေးကြိုင်တဲ့ မဆလာ ရပါပြီ။Image may contain: food, possible text that says 'နံနံစေ့ ကရဝေးရွက် ဇီယာ ရှောက်ကောစေ့ ငရုပ်ကောင်း ဖာလာစေ့ လေးညှင်း သစ်ဂျပိုးခေါက် နာနတ်ပွင့်'Image may contain: text
Image may contain: indoor

Thursday, February 6, 2020

ကြက်ကချင်ချက်


Image may contain: food























ကြက်ကချင်ချက် ချက်နည်း ကို ရေးပြီးသားမှတ်လို့ facebook မှာ memory ပေါ်လာတော့ ဒီဘလော့ဂ်ထဲ လိုက်ရှာမိတယ်၊ ရှာမတွေ့မှ မရေးရသေးဖူးပဲဆို ဒီထဲမှာ လာမှတ်သားပါတယ်၊

ကြက်ကချင်ချက် ချက်ဖို့ရာ အိမ်မှာ ပင်စိမ်းတွေကလဲ တော်တော်ရင့်နေတော့ အတော်ပဲ၊ မျှစ်ကလဲ တစ်ဗူး အိမ်မှာ အဆင်သင့်၊ ကြက်ပေါင်တွေကလဲ တစ်ကေဂျီ ဝယ်ထားတော့ ချက်ရုံပဲ။

လူ ၃-၄ ယောက်စာခန့် ကြက်ကချင်ချက် အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့

ကြက်တစ်ခြမ်း (သို့) ကြက်ပေါင် တစ်ကေဂျီ
မျှစ် တစ်ဗူး (၄၀၀  ဂရမ်ခန့်)
ပင်စိမ်းရွက် လက်တွင်း တစ်ဆုတ်
နံနံ ပင် တစ်စီး
ငရုပ်သီးစိမ်း ၅ တောင့်ခန့်
ငရုပ်သီးခြောက်အပွ ၈ တောင့်ခန့်
ကြက်သွန်ဖြူ ၈ မွှာ
ဂျင်း လက်တစ်ဆစ်ခန့်
ဆီ စားပွဲဇွန်း ၆ ဇွန်းခန့်
ချဉ်စော်ခါးသီးခြောက် အနည်းငယ်
(မရှိတော့ မုန်ညင်းချဉ်ထဲက အချဉ်ရေထည့်ပါတယ်၊ ရှာလကာရည်၊ သံပုရာရည် ချဉ်တာ ထည့်နိူင်ပါတယ်)

ပထမဆုံး အနှစ်အတွက် ငရုပ်သီး ကြက်သွန်ဖြူ ၊ ဂျင်းတွေကို ထောင်းထားပါ။ ငရုပ်သီးက ခွဲခြမ်း မညက်တညက်ဆို ပိုကောင်းပါတယ်၊
ကြက်သားကို ပုံမှန်ထက် အတုံးအနည်းငယ် သေးတုံးပြီး ဆနွင်းမှုန့်အနည်းငယ် ၊ ဆားသင့်ရုံ၊ ငရုပ်သီးထောင်းထားတဲ့ အနှစ်နဲ့နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ။
ပင်စိမ်းရွက်၊ နံနံ၊ မျှစ် ၊ ငရုပ်သီးစိမ်း တို့ကို ပါးပါးလှီးထားပါ၊

ဆီကို အိုးဇောက်နက်နက်ထဲ ထည့်တည်၊ ဆီပူလာရင် ကြက်သားနယ်ထားတာကို ဆီသတ်ပါတယ်၊ ကြက်သားရေကုန်ရင် ရေမြုတ် အောင်ထည့်ပြီး မျှစ်ပါထည့်တည်လိုက်ပါတယ်၊
ကြက်သားကျက်ပြီဆိုတာနဲ့ အချဉ်ရည်ထည့်၊ ပင်စိမ်း၊ နံနံ ငရုပ်သီးစိမ်း ပါးပါးလှီးထားတာထည့်ပါ၊
 ဆား ၊အချဉ်၊အချို ညှိ ဟင်းကို ပြင် ၊ ရေလိုရင်ထပ်ထည့်ပြီး ရေဆူတဲ့ အထိ ထပ်တည်လိုက်ရင် ချက်ရလဲလွယ်၊ စားလို့လဲ အင်မတန် ခံတွင်းတွေ့တဲ့ ကြက်ကချင်ချက် ချဉ်ချဉ်စပ်စပ် မွှေးမွှေးလေး ရပါပြီ။

Image may contain: food


Wednesday, February 13, 2019

ရန်ကုန်စတိုင် ခေါက်ဆွဲကြော်

 Image may contain: food


ဒီ‌ေခါက်ဆွဲကြော်ကို အားပေးတဲ့သူများလို့ ကြော်နည်းလေး တင်ပေးလိုက်ပါတယ်။
အမှန်ကတော့ ရန်ကုန်က တရုတ်ဆိုငေ်တွမှာလို မျိုး ခေါက်ဆွဲကြော်ဖြစ်ဖို့ဆို လျှို့ဝှက်ချက်တွေ နည်းနိသရတွေ တော်တော်များများလိုပါတယ်။
-တရုတ်ဆိုင်တွေကလို gas မီးဖိုပြင်းပြင်းရယ်၊ တရုတ်တွေကြော်တဲ့ ဆီ၀ နေတဲ့ ဒယ်အိုး  (wok) ကလဲ တကယ်ကိုလိုပါတယ်။ အိမ်မှာတော့ ဟင်းချက်ဝါသနာပါလို့ အဲလို လိုတာတွေဝယ်ထားတော့ အဆင်ပြေတယ်။ ဒါပေမဲ့ အဲဒါတွေမရှိလဲ အိမ်က မီးဖိုကို မီးအပြင်းဆုံးမှာထားပြီး ၂ယောက်စာလောက် အနဲငယ်ခွဲကြော်ရင်လဲ ရမယ်ထင်ပါတယ်။

-နောက်တစ်ခုက ခေါက်ဆွဲကြော်ကို စိုစိုအိအိလေးဖြစ်အောင် ဝက်ရိုးပြုတ်ရည်ပျစ်ပျစ်၊ ချိုချိုလေးနဲ့ ရောကြော်ရပါတယ်။

-ကြက်ဥကိုလဲ ခေါက်ဆွဲထည့်ပြီးမှ မထည့်ပဲ ပထဆုံး ဆီများများနဲ့ ကြော်ပြီး ခဏ ကော်ထား၊ ပြီးမှ ပြန်ရောကြော်ရင် ကြက်ဥညှီနံ့လုံးဝမရပဲ ဆီကိုကမွှေးနေပါတော့တယ်။ နောက်မှထည့်ရင် ကြက်ဥညှီနံ့ရတတ်ပါတယ်။

-ကြော်တဲ့ဆီကိုလဲ ဝက်ဆီဖတ်လေးတွေထည့်ပြီး အရင်ကြော်ထားရင် တကယ့်ကို တရုတ်ဆိုင်က အနံ့အတိုင်းရပါတယ်။

-နောက်တစ်ခုက တရုတ်နံနံပါ။ မရှိမဖြစ်ထည့်ရပါမယ်။ ဒါကလဲ ခေါက်ဆွဲကြော်ကို အနံ့မွှေးမွှေးလေးနဲ့ စားချင်စဖွယ်ဖြစ်စေတဲ့ လျှို့ဝှက်ချက်တစ်ခုပါ။ ဒီမှာတော့  တရုတ်နံနံ မရှိလို့ သူနဲ့ အမျိုးတူ celery အလယ်သားနုနုလေးတွေကို ပါးပါးလေးတွေလှီးပြီး ထည့်ကြော််ပါတယ်။

- ဂေါ်ဖီက မဖြစ်မနေ ထည့်ရပါတယ်။ သူက ချိုပြီး ခေါက်ဆွဲကြော်ကို အချိုအရသာ ပိုလေးစေပါတယ်။

- ခေါက်ဆွဲ ကလည်း အလုံးအရမ်းမတုတ်ပဲ အနေတော် အရွယ်လောက်ဆို ပိုကောင်းပါတယ်။

- ဟင်းခပ်မှုန့် - ရန်ကုန်ခေါက်ဆွဲကြော်အတိုင်း တူချင်ရင်တော့ ဟင်းခပ်မှုန့်က ကူမှကို ရပါမယ်
------------------------------------------------------------------------------------------------------
လျှို့ဝှက်ချက်တွေ ပြောပြီးတော့ ချက်နည်းလေး ရေးလိုက်ပါဦးမယ်။ အချိုးအဆတွေက ချက်ပြီးမှ မှန်းရေးထားတာဖြစ်လို့ ထုံးစံအတိုင်း အနည်းငယ် လိုတိုးပိုလျှော့လေး လုပ်ပေးပါ။ အဓိက က ဘယ်လို ကြော်လဲ လျှို့ဝှက်ချက်တွေက ဘာလဲဆိုတာသာ ရေးချင်တာပါ။


လူ ၅ ယောက်စာလောက်အတွက်လိုတဲ့ ပစ္စည်းတွေက

 ခေါက်ဆွဲ  1 kg
ဝက်သား ၃ထပ်သား အဆီများများ 100 gm - စင်တီမီတာ တစ်ဝက်သာသာလောက် သေးသေး          ရှည်ရှည်လေးတွေ လှီးထားပါ။

ဝက်သား အသားချည်း 300 gm - စင်တီမီတာ တစ်ဝက်သာသာလောက် သေးသေးရှည်ရှည်လေးတွေ လှီးပြီး ငရုပ်ကောင်း၊ ပဲငံပြာရည် အကြည်၊ အနောက်၊ ဆား၊ သကြား ဟင်းခတ်မှုန့်တို့နဲ့ သင့်သလိုနယ်ထားပါ။

ဝက်ရိုး 500 gm - ရေမြုတ်ရုံထည့်ပြီး ဆား၊ ငရုပ်ကောင်းထည့်ပြီး တစ်နာရီလောက် အချိုရည်ရအောင် (ခပ်ပျစ်ပျစ်) ပြုတ်ထားပါ။
 ( ဟင်းချိုရည် ပေါင်အိုး ဆန်ချင်ခွက် နဲ့ ၂ ခွက်စာလောက်)

ဂေါ်ဖီ ထုတ် တစ်စိတ် -  တစ်စင်တီမီတာလောက်အထူကို ရှည်ရှည်လေးတွေ လှီးထားပါ။

ဘိုစား ပဲသီး 150 gm - အစောင်းလေးတွေ လှီးထားပါ။

မုံလာဥနီ ၂တောင့် - အခွံသင်ပြီး ပါးပါးလှီးထားပါ။

တရုတ်နံနံ - လှီးပြီးသား  1 cup (ဆန်ချင်ခွက် တစ်ခွက်ခွဲခန့်)

ကြက်ဥ - ၄လုံးခန့်ကို  ဆား ငရုပ်ကောင်းအနည်းငယ်ထည့်ပြီး နာနာခေါက်ထားပါ။

ကြက်သွန်ဖြူဥ - ၄မွှာခန့် ညက်ညက်ထောင်းထားပါ

ပဲငံပြာရည် အနောက် (ကြာညို့)

ပဲငံပြာရည် အကြည်  

 ခရုဆီ

ဆီ
ဆား
သကြား
ဟင်းခတ်မှုန့်
ငရုပ်ကောင်း (white pepper)

  ပထမဆုံး သံဒယ်အိုးကို ဆီများများထည့် ပြီး ဝက်သား၃ထပ်သားလေးတွေ ထည့်ကြော်ပါ။ ဝက်ဆီဖတ်လိုဖြစ်သွားရင် ကော်ထားလိုက်ပါ။(ဆီများတယ်ထင်ရင် ဝက်ဆီဖတ်နဲ့ အတူ ဆီပါ ကော်ထားလိုက်ပါ)

ပြီးရင် ကြက်ဥခေါက်ထားတာကို ထည့်ကြော်ပါ။ မွှေကြော်ပြီး ကျက်ရင် ကော်ထားလိုက်ပါ။

အဲဒီဆီထဲကိုပဲ ဝက်သားလှီးထားတာလေးတွေကို ထည့်ကြော်ပါ။ မီးပြင်းရပါမယ်။

ခဏနေရင် ကြက်သွန်ဖြူ ထောင်းထားတာရယ် တရုတ်နံနံ အနည်းငယ်ရယ် ရောထည့်ကြော်လိုက်ပါ။

ဝက်သားလေးတွေ မွှေးပြီးကျက်လာပြီဆို အသီးအရွက်တွေဖြစ်တဲ့ ပဲသီးနဲ့ မုံလာဥနီလှီးထားတာထည့်ကြော်ပါ။ ခဏနေမှ ဂေါ်ဖီထည့်ပါ။

ကြက်ဥ ကြော်ပြီးသားရယ် ဝက်ဆီဖတ်ကြော်ပြီး ကော်ထားတာကို ထည့်ကြော်ပါ။

ပဲငံပြာရည် အကြည်၊ အနောက်၊ သကြား၊ ဟင်းခတ်မှုန့် အစရှိတာတွေကို ဟင်းရွက်တွေအရောင်လေးလှပြီး လေးလေးပင်ပင်ရှိအောင် သင့်သလို ထည့်ကြော်ပေးပါ။

နောက်ဆုံးမှ ခေါက်ဆွဲကို ထည့်ကြော်ပြီး မွှေပေးရပါမယ်။

ဝက်ရိုးပြုတ်ရည်ကိုလည်း ထည့်ကြော်ပြီး မွှေပေးပါ။ ဆီနဲတယ်ထင်ရင် စောနက ကော်ထားတာထည့်နိူင်ပါတယ်။

စောနက ပဲငံပြာရည် အကြည်အနောက် သကြား၊ ဟင်းခတ်မှုန့်၊ ခရုဆီ အစရှိတာတွေကိုလည်း လိုရင် ထပ်ထည့်ကြော်ပေးပါ။


( ခေါက်ဆွဲက ပြုတ်လဲ မပြုတ်ထားတဲ့အတွက် ပထမတော့ အတော်မာနေပါမယ်။ အဲဒါကို အရွက်ကြော်တွေက ထွက်တဲ့ အချိုရည်တွေရယ်၊ ဝက်ရိုးပြုတ်ရည်က အချိုရေတွေနဲ့ စိုအိနေအောင် ကြော်ရမှာ ဖြစ်ပါတယ်။ ခေါက်ဆွဲထဲ စိမ့်ဝင်သွားအောင် ကြော်လိုက်တော့ ခေါက်ဆွဲက အိပြီး အချိုတွေ အကုန်ကို အထဲ ကို ရောက်ပါတယ် - အဲဒါက ရန်ကုန်ခေါက်ဆွဲကြော် စိုစိုအိအိလေး ဖြစ်နေရခြင်းရဲ့ လျှို့ဝှက်ချက်ပါ)

နောက်ဆုံး အရည်တွေအကုန် ကုန်ပြီ ဆိုရင်တော့ တရုတ်နံနံလေးထည့်ပြီး ကိုယ့်စိတ်ကြိုက် အပေါ့ အလေး အချို ထပ်ပြင်နိူင်ပါတယ်။
 ပုံမှာ ပြထားတဲ့အတိုင် ရန်ကုန်ခေါက်ဆွဲ စိုစိုအိအိ ချိုချိုလေးရပါပြီ‌။








Saturday, January 19, 2019

ဝက်စတူး ( Braised pork belly)

Image may contain: food
ဝက်စတူးကို မြန်မာပြည်ပြန်ရင် ရွှေဘဲတို့လို စားသောက်ဆိုင်တွေမှာပဲ စားဖူးတာပါ။
ဒီမှာတော့ ဆိုင်တွေမှာ ရှာမရတော့ အိမ်မှာပဲ စမ်းချက်ရတယ်။
ဝက်စတူးကို နည်း၂မျိုးနဲ့ လုပ်နိူင်ပါတယ်။
steam လုပ်ပြီး ပေါင်းတဲ့နည်းနဲ့ slower cooker နဲ့ ပေါင်းတဲ့နည်းပါ။
steam လုပ်တဲ့နည်းက မုန်ညင်းချဉ် အခြောက်နဲ့ ပေါင်းတာဖြစ်ပြီး အဆင့်တွေများတယ်။
ခုလုပ်တဲ့နည်းကတော့ ထမင်းပေါင်းအိုးက slow cooker နဲ့ပဲ အလွယ်ပေါင်းလိုက်တာပါ။

ဝက်စတူးလုပ်ဖို့ လူ ၃ယောက်စာအတွက် လိုအပ်တဲ့ပစ္စည်းတွေက

 - ဝက်သား သုံးထပ်သား (pork belly) ၅၀၀ ဂရမ်
-  rock sugar (သို့) ရိုးရိုးသကြား စားပွဲဇွန်း ၃ ဇွန်းခန့်
- တရုတ်ဟင်းချက်ဝိုင်  စားပွဲဇွန်း ၃ဇွန်းခန့်
- ပဲငံပြာရည် အကြည်ရည် စားပွဲဇွန်း ၃ဇွန်းခန့်
- ပဲငံပြာရည် အနောက်ရည် စားပွဲဇွန်း ၁ဇွန်းခန့်
- နာနတ်ပွင့်  (star anise) ၃ ပွင့်ခန့်
- ဂျင်း ပါးပါး ၂လွှာခန့်
- Sichuan pepper  ၂၀ ခုခန့် (optional, မပါလဲရပါတယ်)
- ဆီ စားပွဲဇွန်း ၂ဇွန်းခန့်
- ဟင်းခတ်မှုန့် သုံးတတ်ရင် အနည်းငယ်

ပထမဆုံး ဝက်သုံးထပ်သား က အခေါက်တွေကို ဒါးနဲ့ခြစ် ရေးဆေးပြီး လက်မဝက်လောက် strip လေးတွေ လှီးထားပါ။
အိုးထဲကို မီးအနေတော်နဲ့တည် ပူလာရင် ဆီ ၂ဇွန်းထည့်၊ ဆီကျက်ရင် သကြား နှစ်ဇွန်းလောက်ထည့်ပြီး သကြားလေးတွေ နီညိုရောင်သန်းလာသည်အထိ ပျော်အောင်မွှေပေးပါ။
ပြီးရင် ဝက်သားတွေထည့် ရဲနေအောင် ကြော််လိုက်ပါ။
ဝက်သားအရည်ကုန်တဲ့ အထိ မွှေပေးနေပြီး၊ အရည်ကုန်တာနဲ့ သကြား၊ ပဲငံပြာရည် အကြည်၊ အနောက်၊ နာနတ်ပွင့်၊ ဂျင်း၊ Sichuan pepper အစရှိသည်တိို့ကို ထည့်မွှေပေးပါ။
(ဒီနေရာမှာ ကြက်ဥ ကြိုက်တတ်ရင် ကြက်ဥတွေပြုတ်အခွံနွှာပြီး ထည့်နိူင်ပါတယ်)
ဝက်သားအထက် ရေ မြုတ်အောင်ထည့်င်္ပြီး slower cooker နဲ့ ၆ နာရီလောက်ပေါင်းလိုက်တဲ့အခါ ...
လျှာပေါ် ပျော်ဝင်သွားမလောက် နူးညံ့ပြီး ၊ အနံ့ အရသာနဲ့ပြည့်စုံတဲ့ ဝက်စတူးရပါပြီ။
ဝက်စတူးက ဆီပြန်မဟုတ်ပဲ အရည် စပ်စပ်လေးနဲ့ပါ။
အပေါ်က ingredient amount တွေက ချက်တုံးကသေချာ မမှတ်ထားလို့ ခန့်မှန်းချေသာ ဖြစ်ပါတယ်။
လိုတိုးပိုလျှော့လေးတော့ လုပ်ပေးကြပါလို့။
အရွက်တွေကတော့ မုန်ညင်းရွက်၊ ကန်ဇွန်းရွက် အစရှိတာတွေကို  စောနက ဝက်စတူးက အရည်ထဲကို ထည့်ပြုတ်၊ ပန်းကန် အောက်ကခံပြီး ပွဲလှအောင် ပြင်ထားတာပါ။

(edited on 21/01/2019)

Thursday, May 12, 2016

ရှမ်းခေါက်ဆွဲ ချက်နည်း နောက်တစ်မျိုး


ရှမ်းခေါက်ဆွဲ ချက်နည်းတွေ အမျိုးမျိုးရှိတာ ဒီနည်းလေးကတော့ ဒီရောက်မှ ရှမ်းမ ညီမလေး တစ်ယောက်အိမ်မှာ သွားစားရင်း ကြိုက်လို့ ချက်စားတဲ့ နည်းလေးပါ။ ကျောင်းမှာပါ အလှူလုပ်ဖြစ်လို့ လူ ၄၀ စာလောက် ချက်ဖြစ်ပါတယ်။
လူ ၃၀ စာလောက် လိုတဲ့ ပစ္စည်းတွေကတော့

ဟင်းချက်ရန်
ဝက်သားအကြေ - ၃ ကေဂျီ
ကြက်သွန်နီ - တစ်ကေဂျီခွဲ- chop လုပ် ထားပါ။
ကြက်သွန်ဖြူ - နွှာပြီးသား ၂၀၀ ဂရမ် ခန့် - ညက်နေအောင် ထောင်း/ ကြိတ် ထားပါ။
ခရမ်းချဉ်သီး - တစ်ကေဂျီခွဲ - chop လုပ် ထားပါ။
ဆီ - ၁.၅ လီတာ
ငရုပ်သီး အရောင်တင်မှုန့် - စားပွဲဇွန်း ၃ဇွန်းခန့်
စောကော ပါးကော - နာနတ်ပွင့် ၁၀ပွင့်ခန့် + စောကော ရလုံးခန့် - စောကော အလုံးလေးတွေကို ဘလန်ဒါနဲ့ မုန့်နေအောင် ကြိတ်ထားပါ။
ဟင်းခတ်မှုန့် - ဆား - ပဲငံပြာရည် သင့်သလို
သကြား- စားပွဲဇွန်း ၂ဇွန်းခန့်
စောကော (ပုံကို ထမင်းအိုး ဘလော့ဂ်မှ ယူထားပါသည်)

ပထမဆုံး ဝက်သားအကြေတွေကို ဟင်းခတ်မှုန့် - ဆား - ပဲငံပြာရည် သကြားတွေနဲ့ နယ်ထားပါ။
မီးအနေတော်မှာ ကြက်သွန်နီတွေကို အိုးထဲဆီထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်နွမ်းလာရင် စောကောပါးကောတွေ၊ ကြက်သွန်ဖြူတွေထည့် ဆီသတ်ပါ။ မွှေးလာရင် ငရုပ်သီးမှုန့် ၊ ခရမ်းချဉ်သီးတွေထည့်ပြီး ဆီပြန်လာရင် ဝက်သားကို ရေကုန်တဲ့ အထိ ဆီသတ်ပါ။ ဆီပြန်ပြီး ဝက်သားမွှေးလာရင် ရေ အနည်းငယ်ထည့်ပြီး အိုးပေါ်ကချလို့ရပါပြီ။ မချခင် ဆား၊ အချို လိုတာ ပြင်ပါ။

ဝက်ရိုး ဟင်းချိုအတွက်
ဝက်ရိုး ၃ကေဂျီခန့်ကို ဟင်းချို ၂၀ လီတာလောက်ရအောင် စွတ်ပြုတ်လုပ်ထားပါ။ ငရုပ်ကောင်း၊ ဂျင်း၊ ဟင်းခတ်မှုန့် အစရှိသည်တို့ကို သင့်တော်သလို ထည့်ပါ.။ ဂျင်း သတိထားထည့်ပါ။ များသွားရင် ဂျင်းနံ့ကြီးနဲ့ ရှမ်းခေါက်ဆွဲ အရသာ ပျက်တတ်ပါတယ်။

ရှမ်းခေါက်ဆွဲဖတ်အတွက်
ရှမ်းခေါက်ဆွဲ အခြောက် အထုတ်ကြီး ၇ ထုတ်ခန့် ကို ရေပွက်ပွက်ဆူမှာ ပြုတ်ပြီး အိလာရင် ရေစစ်၊ ရေအေးနဲ့ လောင်းချပြီး အအေးခံထားပါ။ အေးလာရင် မကပ်အောင် ဆီလေး အနည်းငယ်လောင်းပြီး ဖွထားပါ။

ရှမ်းချဉ် လုပ်ရန်အတွက်
ရှမ်းချဉ်ရှိရင် ရှမ်းချဉ် ၂ကေဂျီခန့်
(မရှိရင်) မုံညင်းချဉ် အထုတ်လေး ၆ ထုတ်.. ၁.၅ ကေဂျီခန့်နဲ့ မုံလာဥနီ ၃ဥခန့် အားလုံး chop  လုပ်ထားတာနဲ့ တွဲနှပ်ထားဖို့ပါ။ သကြား၊ ငရုပ်သီးမှုန့်အရောင် သင့်သလိုထည့်ပြီး မွှေပေးပါ။ ရေခဲသေတ္တာထဲ ၃ရက်လာက် ထားရင် မုံလာဥနီလေးတွေပါ ချဉ်ပါပြီ။

ထန်းလျက်ရည် အတွက်
ထန်းလျက်  ၂၅၀ ၈ရမ်ခန့်ကို ပျစ်ပျစ်လေး ကြိုထားပါ။

ငရုပ်သီးလှော်အတွက်
ငရုပ်သီးခွဲခြမ်းကို တူးတဲ့အထိမရောက်အောင် ဆီလေးနဲ့ ကျော်ထားပါ။








ဝက်ခေါက်ကြော် ၃ ထုတ်ခန့်

 ပဲရွက် ကြိုက်တတ်ရင် သင့်တော်သလို ထည့်ပါ။

ကော်ရည်လေးကိုလဲ မပျစ်မကြဲ ကျိုထားပါ။

ပွဲပြင်ရန်အတွက် 
အိမ်မှာ ဆိုရင်တော့ ရှမ်းခေါက်ဆွဲဖတ် ရေအေးနဲ့ စိမ်ထားတာကို ဝက်ရိုးပြုတ်အိုးထဲ တစ်ခါစားစီ ဇကာနဲ့ထည့်ပြုတ်ပါတယ်။ ခုဟာက ဘုန်းကြီးကျောင်းမှာ အလှူဆိုတော့ စောနက ပြုတ်ထားတဲ့ ရှမ်းခေါက်ဆွဲဖတ်တွေကို တစ်ခါစားစာ ပန်းကန် လုံးထဲထည့်၊ အပေါ်ကနေ ဝက်သားချက်ထားတာကို ၃ဇွန်းလောက်ထည့်၊ ပဲငပိ (အရည်ရော အဖတ်ပါ) လဖက်စားဇွန်း တစ်ဇွန်း၊ ထန်းလျှက်ရည် လဖက်စားဇွန်းတစ်ဝက်၊ ရှမ်းချဉ် စားပွဲဇွန်း တစ်ဇွန်းမောက်မာက်၊ နှမ်း လဖက်စားဇွန်း တစ်ဇွန်း၊ ကော်ရည် တစ်ဇွန်း၊ ကြက်သွန်မြိတ်၊ နံနံပင်များထည့်ပြီး ပွဲပြင်ပါလေ။ (ပြောထားတဲ့ အချိုး မသင့်တော်ရင် ကိုယ့်ဟာကိုယ် လိုတိုးပိုလျှော့ ပါ)
 စောကောပါးကောနံ့လေး သင်းတဲ့ ရှမ်းခေါက်ဆွဲ အသုပ်လေး ရပါပြီ။ ဟင်းချိုပူပူလေးလဲ ကြက်သွန်မြိတ်လေး ခပ်ပြီး ချပါဦး။

အရည်သောက်ကြိုက်ရင်တော့ အဲဒီဟင်းချိုကို အသုပ်ထဲ ရောထည့်လိုက်
ပါ။ ရှမ်းခေါက်ဆွဲ အရည်သောက်က ပိုချိိုပြီး သိပ်လဲ မအီပဲနဲ့ တော်တော် စားကာင်းပါတယ်။



ဈေးရောင်းပွဲမှာ ရှမ်းခေါက်ဆွဲ ပွဲ၁၀၀ ချက်တုံးက အတိုင်းအဆလေးတွေပါ။
ရှမ်းခေါက်ဆွဲ ၁၆ ထုတ်
ဟင်းအတွက် 
ဝက်သားအကြေ ၅ ကေဂျီ
ခရမ်းချဉ်သီး ၄ ကေဂျီ
ကြက်သွန်နီ ၄ ကေဂျီ
ကြက်သွန်ဖြူ အခွံနွှာပြီး ၃၀၀ gm ခန့်
ဆီ ၂ လီတာ

ရှမ်းချဉ်အတွက်
Pickle marstad  ၈ထုတ်
မုံလာဥနီ ၈ ဥခန့်
နံနံစေ့ အနည်းငယ် ကြိတ်ထားပါ
cumin အနည်းငယ်ကြိတ်ထားပါ
ငရုပ်သီးမှုန့် အရောင်တင်
ငရုပ်ခွဲကြမ်း သင့်သလို
သကြား သင့်သလို

ပဲငပိဗူးသေး တစ်ဗူးခွဲ
ပဲငံပြာရည် တစ်ပုလင်း


နှမ်း အထုတ်သေး ၄ထုတ်

ဆီချက် တစ်ဗူး

water cress ၃စီး

နံနံ အစည်းခပ်ကြီးကြီး ၃စီး
ကြက်သွန်မြိတ် တစ်စီး

ကြက်အရိုး ၄ကေဂျီခန့်

ငရုပ်သီးကြော်တစ်ဗူး


တစ်ဗူး - ကြက်ဥပုံ Ikea box with blue lid

---------------------------------------------------------------------------------------------------
ယနေ့ 4th August 2019 ဈေးရောင်းပွဲ
လူ ၇၀ စာခန့် အတွက် အတ်ိုင်းအဆများ


ရှမ်းခေါက်ဆွဲ ၁၅ ထုတ်

ဟင်းအတွက်
ဝက်သား lean meat - 1 kg တစ်စင်တီမီတာ ပတ်လည်လေးတွေ တုံးထားပါ
               neck meat - 2 kg
           ဝက်သားအကြေ - 1kg
          ကြက်သား ၅၀၀ gram

ဝက်သား (သို့) ကြက်သားတွေကို ပဲငံပြာရည် အကြည်ရည် ဆား သကြားနဲ့ သင့်သလို နယ်ထားပါ။ ဆားမငံပါစေနှင့်။
ခရမ်းချဉ်သီး အချိုး အဆ (၁း၁)- ဝက်သား တစ်ကေဂျီ - ခရမ်းချဉ်သီး တစ်ကေဂျီ
ဆီ 9 cup = 2.1liter
ကြက်သွန်နီ ၃ ကေဂျီ - ကြိတ်ထားပါ
ကြက်သွန်ဖြူ  ၃၀၀ ဂရမ် - ထောင်းထားပါ
ဆနွင်းမှုန့်
ဆား
သကြား
ပါးကော တထုတ်ကို ဘလန်ဒါနဲ့ ကြိတ်ထားပါ။
နာနတ်ပွင့် ၁၅ ပွင့်ခန့်
အမှုနျ့ကွိတျရငျလဲ ပိုကောငျးပါတယျ။ ပဲငံပြာရည် အကြည်ရည်
ငရုပ်သီး အရောင်တင် Sweet Paparica
chilli bean sauce ၅ဇွန်း မောက်မောက်ခန့်
ကွကျသှနျနီ ဆီသတျ၊ စောကော ပါးကောပါ ထညျ့သတျပါ။ ကွကျသှနျဖွူထညျ့ ငရုပျသီးမှုနျ့ထညျ့ ခရမျးခဉြျသီးထညျ့ပွီး ကွရေငျ အသားတှထေညျ့ အသားတှကေကြျပွီး ဆီပြံလာလြှငျ ခလြို့ရပါပွီ. (မှတ်ချက် - ခရမ်းချဉ်သီးက ရေတွေ အများကြီးထွက်လို့ ခရမ်းချဉ်သီး ရေခမ်းမှ ဝက်သားထည့်ချက်ပါရန် - နောက်မှို့ဆို ဝက်သားက အကျက်လွန်)
----------------------------------
နှမ်း ၃၀၀ ဂရမ် ( Ikea ဗူးဝက်)
မြေပဲ ၄ထုတ်ခန့်ကြိတ် ( Ikea ဗူး တစ်ဗူးအပြည့် အမောက်)
ထန်းလျှက်ရည် ၂ကျပ်တန် တစ်ထုတ် ကျို (Ikea ဗူးဝက်)
ရှမ်းချဉ် ၈ထုတ် ( Ikea ဗူး တစ်ဗူးခွဲခန့်)
ငရုပ်သီးခွဲခြမ်းကြော် ( Ikea ဗူးဝက်)
ပဲငပိ ဗူးဝက်
ပဲငံပြာရည် အကြည်ရေ
ရေမုန်ညင်း ၄ စီး
နံနံ ၃စီး (တစ်စီး ၂ကျပ်တန် အစီးကြီး)
ကြက်သွန်မြိတ် ၂စီး
ဝက်ခေါက်ကြော် ၅ကျပ်တန် ၂ထုတ်
ကြက်ရိုး ၃ ကေဂျီ
----------------------------------------
ပွဲပြင်ရန်
ခေါက်ဆွဲ ပြုတ်ပြီးသား + မုန်ညင်းရွက်ပြုတ် -  ၂၀၀ ဂရမ်ခန့်  (မုန်ညင်းရွက် လက်တွင်း တစ်ဆုပ်ခန့်)
အသားဟင်း - ဟင်းခပ် ဇွန်းကြီးတစ်ဇွန်းအပြည့်
မြေပဲ ထောင်း - စားပွဲဇွန်းတစ်ဇွန်း အပြည့်
နှမ်း စားပွဲဇွန်းဝက်
ထန်းလျှက်ရည် လဖက်ရည် တစ်ဇွန်း
ပဲငံပြာရည် + ပဲငပိ အရော - လဖက်ရည် တစ်ဇွန်း
ရှမ်းချဉ် စားပွဲဇွန်း တစ်ဇွန်းမောက်မောက်
ငရုပ်သီးကြော် - လဖက်ရည်ဇွန်း တစ်ဝက်
ဝက်ခေါက်ကြော် ခြေထားတာ စားပွဲဇွန်း ၂ဇွန်းခန့်
နံနံ + ကြက်သွန်မြိတ် - စားပွဲဇွန်း တစ်ဇွန်း မောက်မောက်



Sunday, February 15, 2015

မြီးရှည် လုပ်စားကြရအောင် ....


 

မြီးရှည်ကို ဘယ်တုံးကစ ကြားဖူးတာလဲဆို အန်တီဆွိတီတို့ ဟိုးငယ်ငယ်လေးထဲက စစ်ကိုင်းက  အဘွား ရန်ကုန်လာလည်ရင် အဘွားက အမြဲ လုပ်ကျွေးတတ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က အရမ်းငယ်သေးတော့မြီးရှည်လိုဟာမျိူး စားရကောင်းမှန်း၊ ကြိုက်ရကောင်းမှန်းလဲ မသိသေးပါဘူး။ အဲဒီအချိန်ိကတည်းက မြီးရှည်ဆိုတာ ကြားဖူးနေခဲ့ပေမဲ့ အိမ်မှာတော့ တစ်ခါမှ လုပ်မစားဖြစ်ပါဘူး။ စင်္ကာပူမှာနေတော့လဲ မြီးရှည်ဆိုတာ ဘယ်လိုဟာမျိုးမှန်း အစပင် ဖော်မရပါ။ စိတ်ထဲမှာ မြီးရှည်ဆိုတာ ရှမ်းခေါက်ဆွဲလိုလား၊ ရှမ်းခေါက်ဆွဲ ချက်ရတာနဲ့ တူတူပဲလား မသဲကွဲခဲ့ပါဘူး။

ဒီဖက်ပြောင်းလာတော့ ဘုန်းကြီးကျောင်းဈေးရောင်းပွဲမှာ အသိ အန်တီတစ်ယောက်ရောင်းတာ စားဖူးမှ မြီးရှည်ဆိုတာကို သဲသဲကွဲကွဲ သိရပါတော့တယ်။ အဲဒီတုံးက မြီးရှည်ကောင်းလွန်းလို့ အမြဲအမှတ်ရနေပြီး အိမ်မှာ လုပ်စားဦးမယ်ဆို တေးထားခဲ့တာပါ။

မြီးရှည်လုပ်ရတာ ingredient တွေက အရမ်းများပါတယ်။ 
ဟိုးအရင် ပထမတစ်ခါ လုပ်ကထဲက နောက်လုပ်ရင်မှတ်မိအောင် လုပ်နည်းလေးရေးချင်တာ။ မရေးဖြစ်ခဲ့ဘူး။ ခုတစ်ခါတော့ မနေ့ကပဲ ဘုန်းကြီးကျောင်းမှာ လုပ်အားပေးတွေအတွက် လူ ၃၀ စာလောက် ချက်ပြီးလှူခဲ့လို့ ပူပူနွေး မှတ်မိတာလေးတွေ ချရေးပေးပါ့မယ်။ သတိမေ့တတ်တဲ့ အန်တီဆွိအတွက်တော့ နောက်တစ်ခါ လုပ်ရင်တော့ အလွယ်တကူ လာကြည့်ရုံပဲ။


မြီးရှည်အတွက် လိုတဲ့ ပစ္စည်းတွေကတော့  ...

.................................

နန်းလတ်အဖတ် အစို (သို့့) အခြောက်ကို ပြုတ်ပြီး ရေစစ်ထားပါ။

ဝက်သား သို့ ကြက်သား ကို ပဲငံပြာရည်၊ ဆား၊ တရုတ်မဆလာ၊တို့နဲ့နယ်၊ ဂျင်းထည့် ပြုတ်ပြီး ပါးပါးလှီးထားပါ။

ကြက်သွန်ဖြူုကို ကြိတ်ပြီး ဆီချက်ချက်ထားပါ။  ( ရှမ်းစာမှို့ ဆနွင်းမှုန့် လုံးဝမထည့်ပါနှင့်)

မြေပဲဆံကို ကြော်ပြီး ခွဲကြမ်း ကြိတ်ထားပါ။

နှမ်းလှော်ကိုလည်း ပြင်ထားပါ။

ငရုပ်သီးခွဲခြမ်းကို ဆီများများနှင့်ထည့်ကြော်ထားပါ။

ပဲငပိ အချိုဗူးကို ပြင်ထားပါ။ (တစ်ချို့ကလဲ ဆီတို့ဟူးကို ရေဖျော်ထည့်ပါတယ်။)

ရှမ်းချဉ် (သို့) မုန်ညင်းချဉ်ကို ပါးပါးလှီးထားပါ။

ပလောပီနံမှုန့် (Tapioca starch)  ကို ခပ်ကျဲကျဲဖျော်ပြီး ကော်ကျိူထားပါ။ ကျိူနေစဉ် ပဲငံပြာရည်၊ဆား၊  ကြက်သားမှုန့်ထည့်ပြီး မွှေပေးပါ။

ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းပြီး ရှာလကာရည်၊ ရေနွေးတို့နဲ့ ပျစ်ပျစ်လေး ဖျော်ထားပါ။

ပဲပင်ပေါက်နဲ့ မုံညင်းရွက်တွေကို ရေနွေးဖျောထားပါ။

ကြက်သွန်မြိတ်နဲ့ နံနံပင်ကို ပါးပါးလှီးထားပါ။

ဝက်ရိုး (သို့) ကြက်ရိုးဟင်းချိုကို ပြင်ထားပါ။

ကြိုက်တတ်ရင် ဝက်ခေါက်ကြော်ကို လဲ အဆင်သင့်ပြင်ထားပါ။




ပွဲ ပြင်ရန်အတွက် မုန့်ဖတ်တွေကို ဝက်ရိုးပြုတ်ရည်ထဲ စကာနဲ့စစ်ပြီး ပွဲပြင်မည့် ပန်းကန်ထဲ ထည့်ပါ။

ပြီးရင် အပေါ်က ingredient တွေကို ထည့်ပြီး စားရင် အရသာရှိလှတဲ့ မြီးရှည်ရပါပြီ။ ဝက်ရိုး ဟင်းချို ပူပူလေးနဲ့ အင်မတန်မှ လိုက်ဖက်လှပါတယ်။




ဓာတ်ပုံရိုက်ဖို့ မေ့နေလို့ ဦးခြိမ့် နောက်တစ်ပွဲစားတာကို အတင်းလုပြီး ဓာတ်ပုံရိုက်ထားရတာပါ။

ဝက်သားပြုတ်ရာမှာ ထည့်တဲ့ five spice power တရုတ်မဆလာပါ။ သုံးဖူးသမျှထဲမှာတော့ fresh အဖြစ်ဆုံးနဲ့ အကောင်းဆုံးပါပဲ။
အန်တီဆွိ သုံးတဲ့ တရုတ်ပဲငပ်ိပါ။ salted soya bean တွေထက် အငံပေါ့ပြီး အချိုလေးပါတယ်။
ဦးခြိမ့် အလုပ်အတွက်ပါ ထုပ်ပေးရပါတယ်။

Friday, June 20, 2014

ရန်ကုန်စတိုင် ဒန်ပေါက်ချက်နည်း ...


င်္ဒီ ဒန်ပေါက်ချက်နည်းကတော့ အကြွေးပို့စ်လေးပါ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က တင်ခဲ့ပြီး ခုတစ်ဖန် ပြန်ချက်စားတော့ အကြွေးတင်နေတာလေး သတိရတာနဲ့ ရေးလိုက်တာပါ။ အဲဒီတုံးက ချက်နည်းရေးပေးဖို့ တောင်းဆိုထားသူတွေတော့ မေ့လောက်ပြီ။

 စာမရေးတာကြာတော့ ဒန်ပေါက်ချက်နည်း ရေးတာတောင် ဘယ်လိုရေးရမှန်း မသိတော့ပါဘူးဗျာ။ ဒန်ပေါက် ဆို မြန်မာနိူင်ငံကလွဲလို့ ဘယ်နိူင်ငံမှာစားစား မြန်မာပြည်က ကြက်လျှာစွန်းတို့၊ ရွှေညောင်ပင်တို့လို အရသာမျိုး ရှာမရလို့ ကိုယ့်ဟာကိုယ် တူအောင် ချက်စားပါသည်။ ဦးခြိမ့်ကတော့ တူတယ်လို့ ပြောပါသည်။ အားပေးကြပါဦး။

http://auntysweet.blogspot.com.au/2012/10/blog-post_17.html

ပထမဆုံး ဒန်ပေါက်ချက်ဖို့ လိုတဲ့ ပစ္စည်းတွေ စုဆောင်းပါမယ်။ အန်တီဆွိကတော့ ဟင်းခတ် အမွှေးအကြိုင်တွေ တော်တော်များများ ဝယ်ထားပြီး ပုလင်းလေးတွေထဲ ထည့်ထားပါတယ်။ အဲဒါတွေ ထပ်ဝယ်စရာမလိုတော့ တော်တော် သက်သာပါတယ်။

ဒန်ပေါက် ၄ ယောက်စာ အတွက်

သစ်ဂျပိုးခေါက် (cinnamon)
ကရဝေးရွက် (bay leaves)
လေးညှင်း (cloves)

ဖာလာစေ့ (cardamon)
ငရုပ်ကောင်းစေ့ (black pepper) ( ပုံမှာ ပြထားတာ များပါတယ်။ ငရုပ်ကောင်းက ပူလို့ ပုံမှာထက် တစ်ဝက်လောက်လျှော့ထည့်ပါ)
ကြက်သွန်နီ ၅ဥခန့်
ကြက်သွန်ဖြူ  (ပုံမှာပြထားတာ များပါတယ်။ တစ်ဝက်လောက်ပဲ ထည့်ပါ)

ဂျင်း



ငရုပ်သီး အရောင်တင်မှုန့် - 1 table spoon
ကြက်သားမှုန့် အနည်းငယ် ( chicken powder)
မဆလာ ( Shan chicken masala ) - 2 table spoon
ပျဉ်းတော်သိမ် ( curry leaf)
ဒိန်ချဉ်  (yogurt - 170 gram)
ထောပတ် (ghee) 12 table spoon
ဆီ (cooking oil)   10 table Spoon
ဆား half table spoon
သကြား 6 table spoon
နနွင်းမှုန့်1/2 table spoon
သီဟိုစေ့
စပ်စ်သီးခြောက်  (Raisin )
နြားနို့ 10 table spoon ခန့်
အ‌ရောင်ဆိုးဆေး အနီရောင် (အနည်းငယ်ကို ရေနှင့် ဖျော်ထားပါ) အင်္ဂလိပ်လို Saffron  လို့ခေါ်ပါတယ်။
 



ဘာစမာတီ ဆန် ၄လုံးကို မချက်မီ နာရီဝက်ခန့် ရေကြို စိမ်ထားပါ။ ပြီးရင် ရေစစ်ထားပါ။
(basmati rice, Indian Gate Classic ကို သုံးပါတယ်။ သူက အနံ့ မထွက်ပါ)

ကြက်ပေါင်သား၂ခု ( Chicken maryland) ၊ ရင်ပုံသား ၂ခု (Chicken breast meat)

ကြွေရည်သုတ် မြေလင်ပန်း တစ်ချပ် (ဒန်ပေါက် ထည့်ဖောက်ရန်- oven ထဲ အပေါ်မီး အောက်မီးပေးရန်)
Aluminum foil ( အပေါ်က အုပ်ရန်)

အချဉ်အတွက်
ဂေါျဖီ
သခှါး သီး
ပူတီနာ

တစ်ချို့တွေကတော့ အချဉ်အတွက် ဒိန်ချဉ်နဲ့ နယ်ကြပါတယ်။
အန်တီဆွိကတော့ ဒိန်ချဉ်မကြိုက်လို့ သံပရာသီးနဲ့ ပဲနယ်ပါတယ်။ အပေါ်က အသီးအနှ့တွေကို ပါးပါးလှီးပြီး သံပုရာရည်ညှစ်၊ ကြက်သားမှုန့်လေး နဲနဲ ဖြူးပါတယ်။

ပစ္စည်းတွေ စုဆောင်းပြီးရင် စချက်ပါတော့မယ်။

ကြက်သားချက်ရန်အတွက်

ပထမဆုံး ကြက်သားကို စချက်ပါမယ်။ ကြက်သားက ဒန်ပေါက်ထဲ အစိမ်းထည့်ရင် ထမင်းက အရင်ကျက်သွားလို့ ကြက်သားကို ကျက်အောင်အရင် ချက်ပါမယ်။ ကြက်သားတွေကို ဒိန်ချဉ်၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ သကြား၊ ကြက်သားမဆလာ အစရှိသည်တို့နှင့် နယ်ပြီး တစ်နာရီခန့်နှပ်ထားပါ။
 

ကြက်သားနယ်ထားတုံး ကြက်သွန်နီတွေထဲက ၄လုံးကို ပါးပါးလှီးပြီး ဆီနဲ့ ကြွပ်နေအောင် ကြော်၊ ဆီစစ်ထားပါ။




အေးသွားရင် လက်ကို လက်အိပ်လေးစွတ်ပြီး ကြေနေအာင် ချေပေးထားပါ။  ကြက်သားမှုန့် 1 table spoon သကြား 6 table spoon လောက်ထည့်ပြီး နယ်ထားပါ။




ကျန်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတွေကို ငရုပ်ဆုံနဲ့ ထောင်းချင်ထောင်း၊ ဘလန်ဒါနဲ့ ကြိတ်ချင် ကြိတ်ထားပါ။

ကြက်သားချက်ရန်အတွက် ဒယ်အိုးထဲကို စောနက ကြက်သွန်ကြော်ထားတဲ့ဆီ ၁၀ဇွန်းနဲ့ ထောပတ် ၁၂ဇွန်း ထည့်ပြီး ပထမဆုံး သစ်ဂျပိုးခေါက်၊ ကရဝေးရွက် အနည်းငယ်၊ ဖာလာစေ့အနည်းငယ်ကို ထည့်ကြော်ပါ။ အနံ့မွှေးလာရင် ပျဉ်းတော်သိမ်၊ ကြက်သွန်ဖြူနီ၊ ဂျင်း ထောင်းထားတာတွေရောပြီး ဆီသတ်ပါ။ မွှေးလာရင် ကြက်သားနယ်ထားတာ ထည့် (ဒိန်ချဉ်အနှစ်တွေရော အကုန်ထည့်ရပါမယ်)၊ အရောင်တင်မှုန့်၊ မဆလာထည့်ပြီး အတန်ကြာအောင် မွှေပေးပါ။ ဆီတွေ ကပ်လာပြီဆိုမှ ရေ အနည်းထည့်ပြီး အဖုံးအုပ် ဆီပြန်ပြီး ကြက်သားကျက်သည်အထိချက်ပါ။

ဒန်ပေါက်စချက်တော့မည်။

ဒန်အိုးခပ်ကြီးကြီး ဇောက်နက်နက်ထဲမှာ ရေတစ်ဝက်ခန့်ထည့် ဆူပွက်သည်အထိတည်ပါ။ ဆူပွက်လာပါက အပေါ်က ဟင်းခတ် အမွှေးအကြိုင် ၆မျိုးကို ထည့်ပြုတ်ပါ။

 
၂မိနစ်ခန့်ထည့်ပြုတ်ပြီးလျှင် ရေစစ်ထားတဲ့ ဆန်ကိုထည့်ပြီး ပြုတ်ပါ။ အဲဒီအချိန်မှာ ဒန်ပေါက်နံ့ အတော်ထွက်လာပါပြီ။ ဆန်တွေ မကပ်အောင်၊ မဝေအောင်  ယောင်းမလေးနဲ့ မကြာခဏ မွှေပေးပါ။
 



ဒန်ပေါက်ဆန်လေးတွေ ဆန့်ထွက်လာပြီ ရှည်ထွက်လာပြီဆို ထမင်းဖြစ်လက်စ ဆန်တွေကို စစ်ပြီး ဒန်ပေါက်ဖောက်မဲ့ မြေလင်ပန်းထဲ ပြောင်းထည့်ပြီး အပေါ်မီးအောက်မီး ပေးဖို့ အတွက် ပြင်ပါတော့မယ်.။ အိမ်မှာတော့ ထမင်းတွေကို သံဇကာ ခပ်ကြီးကြီးနဲ့ တစ်ခါထဲ စစ်ပြီး တစ်ခါထဲ ထည့်ခင်းလိုက်ပါတယ်။


ပထမဆုံး အောက်က ထမင်းတစ်ထပ် ခံပါမယ်။ 

ပြီးရင် အပေါ်ကနေ ကြက်ပေါင်၂ခု ခင်းထည့်ပြီး ဟင်းက ဆီတွေ အနှစ်တွေပါ  4 Table spoon လောက် ထည့်ပါ။ နွားနို့ 3 table spoon လောက် အပေါ်က ဖြန်းပါ။ ကြက်သွန်နီအနှစ်ချေထားတာလဲ 3 table spoon ခန့် ဖြူးပါ။ သီဟိုစေ့၊ စပျစ်သီးခြောက်၊ အရောင်ဆိုးဆေး တို့ကိုလဲ ၃-၄ထပ်စာ သင့်သော်သလိုခွဲပြီး ဖြူးပေးပါ။ ဆား၊ ကြက်သားမှုန့် တို့ကိုလည်း လိုအပ်သလိုဖြူးပါ။ အချိူကြိုက်ရင်၊ အချိုပိုလေးစေချင်ရင်တော့ သကြားကို 1 table spoon လောက်စီ အထပ်တိုင်းမှာ ဖြူးပေးပါ။

ပြီးတော့ နောက်ထမင်းတစ်ထပ်ခင်းပြီး အပေါ်ကနေ အစာတွေ၊ ကြက်သားတွေ ကို ခုနက ပြောတဲ့ အတိုင်း ထပ်ခင်းပါ။


အဲဒါမျိူး ၃ထပ်လောက်ခင်းပြီးရင် အပေါ်ကနေ Aluminum foil နဲ့ လုံနေအောင်အုပ်ပြီး Oven ထဲမှာ 250 ဒီဂရီ စင်တီဂရိတ်နဲ့ နာရီဝက်ခန့် အပေါ်မီးအောက်မီးနဲ့ ထည့်ဖုတ်ရပါတယ်။


 နာရီဝက်၊ ၄၅ မိနစ်ခန့်ကြာလို့ oven ထဲက ထုတ်ပြီး foil ကို ဖွင့်ကြည့်လိုက်သော အခါ ..

စားချင်စဖွယ် ကြက်သား ဒန်ပေါက်ကို ရပါတယ်။ ရန်ကုန်က ကြက်လျှာစွန်းတို့ ရွှေညောင်ပင်တို့နဲ့ အနံ့အရသာရော texture ပါ တော်တော်လေးကို တူပါတယ်။  ကြက်သားကလဲ ချက်ထားတာကို မှ ထပ်ပေါင်းထားတော့ နူးအိနေပါတယ်။ နယ်ပြီး ဆီသတ်ချက်ပြီးသား ဆိုတော့ ဆားပြားလဲ အထဲဝင်ပါတယ်။
ဂေါ်ဖီကြက်သွန်ချဉ်ရယ်၊ ပုဇွန်ခြောက် ငရုပ်သီးကြော်ရယ် နဲ့ စားပါတယ်။ ချဉ်ပေါင်ရွက် မရတော့လို့ မန်ကျည်းရွက်ချဉ်ဘူးထဲက မကျည်းရွက်နဲ့ အရည်သောက်ဟင်းချက်တာ ပုံထဲတော့ မပါတော့ပါဘူး
some important tips
- ကြက်သားကို ဒိန်ချဉ်နဲ့ နယ်ရပါမယ်။ ဒါမှ ကြက်သားက မီးဖိုထဲ ကင်တဲ့အခါ နူးအိပြီး အရသာ ပိုရှိပါတယ်။ ဒိန်ချဉ်က ချက်လိုက်ရင် အနှစ်လဲရတော့ ထမင်းထဲလဲ စိမ့်ဝင်သွားပြီး အရသာ ပိုရှိစေပါတယ်။

- အပေါ်မီး အောက်မီးပေးမဲ့ မြေအိုးက ခပ်ပြားပြားဆို ကောင်းပါတယ်။ ဆန်ကိုလည်း ၃-၄ ထပ်ထက် ပိုခင်းရင် မကောင်းပါဘူး။ အရမ်းမြင့်တဲ့ အိုးဆို အပေါ်က အလေးဖိအားတွေကြောင့် ဒန်ပေါက်ထမင်းလုံးတွေက ပိပြားပြီး မလှတော့ပါဘူး။ အပေါ်က ဖိထားတာ မခံရပဲ ဒန်ပေါက်ဆန် ရှည်ရှည်လေးတွေ တစ်လုံးချင်းဆိုမှ အမြင်လှပါတယ်။

- အရောင်တွေ အရမ်းမများအောင် အရောင်ဆိုးဆေးကို တစ်လွှာမှာ ၂စက် ၃စက်လောက်ပဲ ချရင် လုံလောက်ပါတယ်။ ဝါလွန်းနေရင် မလှပါဘူး။ ဒန်ပေါက်က ထမင်းအဖြူရယ်၊ ကြက်သွန်နီကြော်နဲ့ ရောတဲ့ အညိုရယ်၊ အရောင်ဆိုးထားတဲ့ လိမ္မော်ရောင် ၃ ရောင်ပေါင်းနေမှ လှပါတယ်။ ထမင်းပွဲပြင်ရင် တစ်နေရာထဲက မဟုတ်ပဲ ၃မျိုုးပေါင်းပြီး ခူးရပါတယ်။

-  အလွှာတိုင်းအမှာ နွားနို့ထည့်ဖြန်းရပါတယ်။ ထမင်းက ရေကို စစ်ထားတော့ ထပ်ပေါင်းတဲ့  အခါ  ရေမရှိတော့ပါဘူး။ ရေထည့်ရင်ရပေမဲ့ နွားနို့ကတော့ ပိုစိမ့်ပါတယ်။

- စားတဲ့အခါမှ spice တွေတော့ နဲနဲဖယ်စားရပါတယ်။ ပွဲပြင်ကထဲက တွေ့တာလေးတွေ ဖယ်ထားလိုက်ပါတယ်။ spice တွေကို မရောအောင် ပိုက်ကွန်လို အဝတ်နဲ့ချည်ပြီး ချက်ရင်တော့ ရပါမယ်။ ဒါပေမဲ့ အနံ့က အပြင်ရောက်ဖို့ ခက်တော့ spice တွေ ၂ဆလောက် ထည့်ရမယ်နဲ့တူပါတယ်။