Saturday, August 7, 2010

တိမ်တွေထဲက မြို့လေးသို့ အလည်တစ်ခေါက် (၁) ...

စင်ကာပူမှာနေတဲ့သူ တော်တော်များများကတော့ Genting Highland ကို ရောက်ဖူးကြမှာပါ။ သူက Casino နဲ့ ခလေးတွေ ကစားလို့ရတဲ့ Theme Park တွေက နာမည်ကြီးပါတယ်။ နောက်တစ်ခုက ရာသီဥတုပါ။ မြန်မာပြည်က မေမြို့လိုပဲ တောင်ပေါ်မှာဆိုတော့ ၁၂လ ရာသီ မြူတွေကျပြီး အေးချမ်းတဲ့ အရပ်ဒေသလေးပါ။ Genting Highland ဆိုတဲ့အတိုင်း ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၀၀၀ လောက်ရှိပြီး တိမ်တွေနဲ့တောင်ထိနေလို့ တိမ်ထဲကမြို့ကလေးလို့တောင် ခေါ်ချင်ပါတယ်။ ခုနကပြောတဲ့ ၁၂ရာသီမြူတွေကျတယ် ဆိုတာ တကယ်တော့ တိမ်တွေပါပဲ။ တိမ်တွေထဲရောက်သွားရင် နီးနီးနားနားကိုတောင် မမြင်ရတော့ပါဘူး။ မှုံမှုံဝါးဝါးရှုခင်းကလဲ မြန်မာပြည်က ဆောင်းတွင်းကို လွမ်းစေပါတယ်။(မေမြို့ကတော့ ပေ၃၅၀၀ကျော်ပဲ ရှိလို့ တိမ်တွေနဲ့ ဒီလောက် မနီးဘူးနဲ့တူရဲ့နော်)

သွားဖြစ်သွားတာကတော့ ကျွနုပ်တို့၏ ဇာတ်လိုက်ကျော် ဂျူဂျူပါပဲ။ သူက Vivo city ဘက် အလည်သွားတိုင်း အပေါ်က cable car တွေလက်ညှိုးထိုးပြီး ခဏခဏပူဆာလို့ cable car ကို စိတ်ကြိုက်အ၀ စီးနိုင်တဲ့ Genting Highland ကိုလိုက်ပို့မယ်လို့ ပြောမိရာက စတာပါ။ ကိုယ်တို့လင်မယားကတော့ လွန်ခဲ့တဲ့၁၀နှစ်လောက်က တစ်ခေါက်ရောက်ဖူးပေမဲ့ သမီးလေးမွေးပြီးကတည်းက လိုက်မပို့ဘူးသေးဘူးလေဆိုပြီး သွားကြဖို့ စိတ်ကူးရကြတာပါ။ နောက်ပြီး ကိုယ်ကခရီးထွက်ရင် လေပျံစီးပြီးသွားရတာထက် ကားနဲ့သွား၊ လမ်းမှာကားရပ်ရင် စားစရာတွေဝယ်စား အဲသလို ဖီလင်မျိုးကို သိပ်ကြိုက်ပါတယ်။ ခရီးထွက်ရင် လမ်းမှာစားရတာ အမြဲစားလို့သောက်လို့ ကောင်းနေသလိုပဲ။( အိမ်မှာကျ မစားတာကျလို့နော် ... တင်ထားတဲ့ အစားအသောက်တွေသာ ကြည့်ကြပါကုန် ;-)...)

Five Star Travel Agent ကနေ လက်မှတ်ဝယ်ပါတယ်။ ည၉နာရီခွဲမှာ ကားထွက်မှာဖြစ်ပြီး အိမ်နဲ့နီးတဲ့ ဘွန်လေး ပဲလေ့စ်မှာပဲ သွားစီးရပါတယ်။
ဂျူဂျူတို့ check in လုပ်ဖို့ စောင့်နေတာပါ။ သူ့အဖေကတော့ အပေါ်ထပ်က မြန်မာဆိုင်မှာ ကွမ်းယာဝယ်ဖို့ဆိုလား ပျောက်သွားပါတယ်။


သက်တောင့်သက်သာစီးချင်တာနဲ့ 18 seater ပဲ ပါတဲ့ကားကို ရွေးလိုက်လို့ တစ်ယောက်ကို ၄၀ ပိုပေးလိုက်ရပါတယ်။ Luxury Coach Services ခေါ်ပါသတဲ့။ ကားခ မူရင်းက စလုံး၃၀ပါ။ အဲဒီတော့ တစ်ယောက်ကို ကားခ ၇၀ ကျသွားပါတယ်။ ပိုက်ပိုက်ပိုပေးရသလို လူလဲ တကယ်ကို သက်သာပါတယ်။ ကွန့်မန့်မှတစ်ဆင့်မေးထားတဲ့ ကိုအနောနိမတ်စ် အတွက် မူရင်းဘောက်ချာကို တင်ပြလိုက်ပါတယ်။



ကားက ၂ထပ်ကားဖြစ်ပြီး အပေါ်မှာပဲ လူပါတယ်။ အောက်က Luggage တွေပဲ ထားပါတယ်။ ထိုင်ခုံတွေကလဲ လူတစ်ယောက်စာ လှဲအိပ်လို့ရအောင် ဆွဲဆန့်လို့ရပါတယ်။ အရှေ့မှာလဲ လေယာဉ်ပျံတွေလို Game ဆော့ချင်ဆော့ ရုပ်ရှင်ကြည့်ချင်ကြည့် နိုင်ပါတယ်။ ကားက အောက်ကကြော်ငြာထဲက အတိုင်းပါပဲ။




မဂျူဂျူတို့ ကားပေါ်ရောက်ပါပြီ။ သူဖက်အိပ်တဲ့ အရုပ်၂ရုပ်ရှိတာ ခရီးသွားမှာမှို့ တစ်ကောင်ပဲယူပါလို့ မနဲတောင်းပန်ထားရတယ်။ ဘယ်သွားသွား အဲဒီအကောင်တွေမပါရင် ဂျူဂျူတို့ မအိပ်ပါဘူး။ ညညကျ ထစမ်းတယ်လို့ သူ့အဒေါ်ကပြောတယ်။



ကားပေါ်စတက်ကတည်းက တောသူမြို့ရောက် မဂျူဂျူတို့ တီဗွီဖွင့်လို့မရသေးဘူးလားဆို တရစပ်မေးပါတော့တယ်။ Immigration ၂ခုဖြတ်ပြီးမှပဲ တီဗွီတွေ စပြပါတယ်။ ကိုယ်တွေရှေ့က အဖွဲ့ကတော့ တစ်ယောက်မှ ဖွင့်မကြည့်ကြဘူး။ တောသူမြို့ရောက် ၂ယောက်ရယ် ဘေးခုံက တောသားကြီးတစ်ယောက်ရယ်ပဲ ကြည့်ကြတာပါ။


လမ်းကျတော့ စားသောက်ဆိုင်တွေရှိတဲ့ နေရာတစ်ခုမှာ နာရီဝက် ရပ်ပါတယ်။ ညအရမ်းမိုးချုပ်နေလို့ စားစရာကလဲ သိပ်မရှိတော့ လူတိုင်းနီးပါး ၀ယ်စားနေတဲ့ ယောင်တို့ဟူး အရေသောက်ကိုပဲ စားပါတယ်။ အဲဒါကတော့ ဟိုးလွန်ခဲ့တဲ့ ၁၀နှစ်ကအတိုင်း မပြောင်းလဲပါဘူး။ ဗမာပြည်က ထမင်းဆီဆမ်းနဲ့ ငါးဖယ်ကြော်၊ စာကလေးကြော်၊ ကြက်သားကြော်တွေ သတိရချက်တော့။

နောက်ပိုင်း TV ကြည့်ပြီး အိပ်ပျော်သွားကြတာ ကားကလဲ တအိအိ တငြိမ့်ငြိမ့်နဲ့ အပေါ်တက်နေတာတော့ သိနေသလိုပဲ။ ပထမဆုံး ကားစ စီးဖူးတဲ့ခလေးလို တအိအိတငြိမ့်ငြိမ့်နဲ့ စီးရတာကို သိပ်သဘောကျနေပါတယ်။
ဂျင်တင်းရောက်တော့ မနက် ၃နာရီခွဲပါပြီ။ သမီးကိုနှိုးပြီး ကိုယ်တို့တည်းမဲ့ Resort World ဟိုတယ်ကို သွားမယ်လုပ်တော့ Taxi တစ်စီးက ၁၀ပဲပေးပါဆိုတာနဲ့ လိုက်ခဲ့ပါတယ်။

ကားပေါ်ကဆင်းဆင်းချင်း အေးလွန်းလို့ ကုတ်နေတဲ့ အိပ်ချင်မူးတူး ဂျူဂျူ။


ဟိုတယ်ဆိုလို့ လက်မှတ်ဝယ်တုံးက အဲဒီနေ့မနက်အတွက် booking မလုပ်မိပါဘူး။ ညအိပ်ဖို့ တစ်ရက်တည်းသာ လုပ်ထားမိတာ။ Check in က မနက် ၁၁နာရီလောက်မှဆိုတော့ Theme park တွေ ကေဘယ်ကားတွေ မဖွင့်ခင် မနက်၈နာရီလောက်အထိ ဘယ်သွားနေရမှန်းမသိ ဒုက္ခရောက်ရပါတယ်။ စလုံးမှာကတည်းက ဟော်တယ်တွေ ဖုန်းဆက်မေးပေမဲ့ တစ်ခန်းမှ မလွတ်တော့ပါဘူး။ ဒါနဲ့ ဟော်တယ်မှာ Luggage အပ်ပြီး ဘေးက ၂၄ နာရီ ကော်ဖီဆိုင်လေးမှာ မုန့်တွေ ကော်ဖီတွေ ၀ယ်သောက်ရင်း သားအမိသားအဖ ၃ယောက် မနက်၈နာရီအထိ စခန်းသွားခဲ့ရပါတယ်။ ဂျူဂျူကတော့ ဆိုင်ထဲက ဆိုဖာခုံအရှည်ပေါ်မှာ အိပ်လို့ရခဲ့ပါတယ်။ ဂျင်တင်းသွားမည့်သူများ ညကားစီးမိရင် ဟော်တယ်၂ရက်ယူဖို့ သတိပြုဖွယ်ရာပါ။

ဖြစ်ချင်တော့ ကျောင်းဖွင့်ဖွင့်ချင်း စာမေးပွဲတော့ မရှိလောက်ပါဘူးဆို သွားကြတာ ခရီးကပြန်ရောက်ရောက်ချင်း ဂျူဂျူတို့ စာမေးပွဲ ဖြေရပါမယ်။ ဂျူဂျူတို့ ခရီးထွက်တာ သူ့တရုတ်ဆရာမက ပေးတဲ့ အိမ်စာတွေပါ အတူပါခဲ့ပါတယ်ခင်ညာ။ လုပ်ဖြစ်သော်ရှိ လုပ်ရအောင် ပိုပိုလိုလို ယူလာတာပါ။ အဲဒီမှာ ဂျူဂျူတို့ တစ်စခန်းထပါတယ်။ သမီးအမေ့ပေါ် ပြန်အိပ်ဦးဆိုတာကို ကော်ဖီဆိုင်မှာ အိမ်စာလုပ်ချင်ပါသတဲ့။ ခလေးဆိုတော့ အထူးတဆန်းကို လုပ်ချင်တာနေမှာပဲဆို ဂျီကျနေမဆိုးလို့ ခွင့်ပြုလိုက်တာ တစ်ရွက်သာပြီးပါတယ်။ ဂျူဂျူတို့ပျင်းပါပြီ။

Genting Highland မှာ အိမ်စာလုပ်တဲ့ ဂျူဂျူပါခင်ညာ။


ခဏနေတော့ သူလဲမနေနိုင်တော့ မအေပေါ်ခေါင်းအုံးပြီး ဆိုဖာရှည်ပေါ် လှဲအိပ်ပါတော့တယ်။ မနက်၈နာရီထိုးတော့ သားအမိသားအဖတွေ သန့်ရှင်းရေးလေး ဘာလေးလုပ်ပြီး Cable car စီးဖို့ ချီတက်ခဲ့ပါတယ်။ မူလရှိတဲ့ Cable car က Maintainance လုပ်နေရလို့ ဘေးကယာယီပြင်ပေးထားတဲ့ Cable car ကိုပဲ စီးခဲ့ရပါတော့တယ်။ ဒါတောင်ရောက်ရောက်ချင်း အမောဆို့တော့မလို့။ ကောင်တာက ကောင်မလေးက ကယ်ဘယ်ကား မရှိတော့ဘူးချည်းပြောနေလို့။ ကေဘယ်ကား အရှည်ကြီး စီးချင်လို့ အဝေးကြီးကနေ လာခဲ့တာကို နော့။


၃ကီလိုမီတာခွဲ လောက်စီးရပါတယ်။ ကြိုးတွေက လေးလွန်းလို့ ကိုယ့်ရှေ့တင် အောက်ဖက်ကို အိုက်ကျနေတာ ကြည့်ပြီး အူတယားယားနဲ့ အသွားအပြန်စီးခဲ့ပါတယ်။



တိမ်တွေကြားက မြိုလေးပါ။

တိမ်ထဲရောက်တော့မယ်။

တိမ်ထဲရောက်သွားလို့ အနီးလေးတောင် သေချာမမြင်ရတော့ဘူး။


ကယ်ဘယ်ကားပေါ်ကဆင်းတော့ ဟိုဒီလျှောက်ကြည့်ရင်း ၁၀နာရီထိုးတော့ Theme park တွေဖွင့်တဲ့ အချိန်ရောက်ပါပြီ။ လူကြီး တစ်ယောက် ၅၅ရင်းဂစ်၊ ခလေး ၄၅ ရင်းဂစ် ကို Indoor ရော Outdoor ပါ တစ်နေကုန် စိတ်ကြိုက် အားလုံးနီးပါး စီးလို့၊ ဆော့လို့ရပါတယ်။ pass ကို လက်မှာပတ်ပေးလိုက်ပြီး ဟော်တယ်ပြန်ပြီးမှ တစ်ခေါက်ပြန်လာစီးလဲရပါတယ်။

ပထမဆုံး Outdoor Theme park ကို အရင်ဝင်ပါတယ်။


ဒီမှာ သတ္တိခဲဂျူဂျူ လာပါပြီ။ အဲသလို အလွန်မြန်တဲ့ ချားရဟတ်တွေလဲ သူမကြောက်ပါဘူး။ သူ့အဖေနဲ့ ၂ယောက်သားစီးကြပါတယ်။


အောက်က သတ္တိခဲမာမီကတော့ ချားကြီး တ၀ီဝီနဲ့ သူ့ခေါင်းပေါ်ဖြတ်နေလို့ ဝေးဝေးကနေ ဓာတ်ပုံသွားရိုက်ပါတယ်။ ဘယ်လောက်မြန်လဲဆို အဲဒီသားအဖ ကိုယ့်ရှေ့တည့်တည့်ရောက်လို့ ရိုက်လိုက်တာ ဓာတ်ပုံထဲကျ ဘယ်ရောက်သွားမှန်းမသိဘူး။
အောက်က အဖြေကို မကြည့်ခင် ဂျူဂျူတို့ သားအဖ ဘယ်မှာလည်း။ ရှာကြပါဦး။


Detail view လေးနဲ့ပြလိုက်မယ်။ လာလေ့။
တခြားဟာမမှတ်မိချင်နေမယ်။ သူ့အဖေရဲ့ နာမည်ကြီး ထရိတ်မတ်ဖြစ်တဲ့ ခေါင်းက ထောင်နေတဲ့ ဆံပင်အမောက်ကိုတော့ သေချာမှတ်မိပါတယ်။ ၁၂နှစ်ရှိပြီကိုး။ သမီးက သူ့အဖေရှေ့ကထိုင်နေတာလေ။


ဆက်ပါမည်။

14 comments:

  1. ပျော်စရာကြီး သားအမိသားအဖတတွေ...
    ဟုတ်တယ် ကားနဲ့ခရီးထွက်ရတာပိုကြိုက်တယ်နော်

    ReplyDelete
  2. ကော်ဖီဆိုင်မှာ စာထိုင်လုပ်တာကို သဘောကျတယ်။ ကြည့်ရတာ စလုံးက ကျောင်းသူလေးတွေ စတိုင်လ်မျိုးပေါ့။

    ကားကြီးက တယ်မိုက်ပါလား။ ကျနော်တို့ အဲသည် Genting ကို တခါမှ မရောက်ဖူးသေးဘူး။

    ReplyDelete
  3. မနှစ်က ဒီဇင်ဘာတုန်းကရောက်တယ်။ ကေအယ်လ်မှာတည်းပြီး ဂျန်တန်းတရက်၊ ဖော်မိုဆာတရက်၊ ကေအယ်လ်မြို့ထဲ တရက်လည်လိုက်တာ သွားချင်တာက များပြီး အပန်းဖြေ ခရီးနဲ့ မတူဘဲ။ အညာဘုရားဖူး ခရီးလို တော်တော်ပင်ပန်းသွားတယ်။ နောက်မှ ဂျန်တင်းသက်သက် သွားဦးမယ်။

    ReplyDelete
  4. တော်သေးတယ် ဆံပင်အမောက်ကယ်လို့ :P

    ဂျူဂျူလေးကွ တာမင်နယ်သရီးက ကော်ကော်ဆိုင်မှာလည်း ကလေးတွေ စာလာလုပ်ကြတယ်။ မကြာမကြာသွားလုပ်နော်

    သွားလုပ်ရင် ဦးဦးကိုလည်း ခေါ်သိလား :)))

    ReplyDelete
  5. ကိုပေါက ကိုယ့်ထက်ပိုဆိုးနေသေး ... ခလေးတွေအတွက် တော်တော် ပျော်စရာကောင်းတယ်။

    ဟုတ်တယ်ကိုထက် ... တစ်ခါတစ်လေ အပန်းဖြေခရီးက ပိုပင်ပန်းတာတွေကြုံဖူးလို့ ဒီခရီးကို သက်သာအောင်ကြံဆောင်လိုက်တာ ... ဒါတောင် အလွဲတွေအများကြီးပဲ ...

    ဦးဦးရွာသား ... တာမင်နယ် သရီးကို လေပျံတွေ သွားသွားငမ်းတာလား ... အဲလေ ... လေပျံလေးတွေ သွားကြည့်တာလား ...း)) လေပျံလေးတွေက လှတယ်နော့ ...

    ReplyDelete
  6. တီဆွိ+ ဂျူဂျူနဲ့အတူ နောက်တစ်ခေါက်ထပ်လည်လည်လိုက်ပါတယ်။
    ဘာစီးစီး လိုသည်ထက်ပိုပိုပီးအော်တတ်တဲ့ တရုတ်မတွေအဖွဲ့ကြောင့် နားကွဲမတတ် ခံခဲ့ရတာလေးတော့ မှတ်မိသေးတယ်။

    ReplyDelete
  7. စလုံးက ကလေးတွေ အရမ်း stress များတယ်နော်။ ငယ်ငယ်လေးနဲ့ စာတွေလုပ်လိုက်ရတာ။ စလုံးတွေ ဒါကြောင့်စက်ရုပ်လိုဖြစ်နေတာလား မသိ။ အခုကတည်းက မောင်းထားတော့လည်း ကြီးလာတော့ ဘက်စုံရတာပေါ့။ အဆိုးအကောင်းပါပဲ။ Europe မှာတော့ ကလေးတွေက (၆)နှစ်ပြည့်မှ ကျောင်းစတက်ရတယ်။ ကျောင်းမတက်ခင်လဲ စာမသင်ရဘူး။ အချိန်ပြည့်ကစားပဲ။ ကျောင်းတက်တော့လဲ မထူးပါဘူး။ ကစားဖို့အဓိက။ ကျောင်းက ဘာအိမ်စာမှမပေးတဲ့အပြင် မိဘက နေ့စဉ်နာရီဝက် ကျောင်းစာပြန်နွေးဖို့ အကျင့်လုပ်ပေးတာ ကျောင်းကမလုပ်ခိုင်းဖို့ ခေါ်ပြောတယ်။ သူတို့ က စာသင်တာနဲ့မတူအောင် ကစားရင်းနဲ့ပဲ နည်းနည်းစီသင်ပေးတာတဲ့။ အဲလိုနည်းနဲ့ပဲ နိုင်ငံတကာမှာ ထူးချွန်တဲ့လူတွေ ဖြစ်လာတာပဲလို့ပြောလို့ စဉ်းစားရသေးတယ်။ စလုံးလောက် Stress မများ၊ Europe လောက် easy going မဖြစ်တဲ့နိုင်ငံများရှိသလားမသိ။

    ReplyDelete
  8. ပျော်စရာကြီးပါလားဝေ့....တို့လည်း သွားချင်သေးတယ်၊ မရောက်တာ ၁၀နှစ် နီးပါးရှိပေါ့...မနက်ကားစီးသွားရင် အဆင်ပြေမယ် ထင်တယ်နော်...

    ReplyDelete
  9. ပူးတေတို့က မနှစ်က နိုဝင်ဘာတုန်းက သွားခဲ့တာ... ရာသီဥတုကြမ်းလို့ဆို outdoor theme park က အားလုံးမဖွင့်ဘူး :(
    စိတ်ညစ်ညစ်နဲ့ indoor theme park မှာ အဝဆော့ပြီး KL ပြန်ဆင်းလည်ကြတယ်... ၃ ရက်သွားတာ KL ကို ၂ ခေါက်သွားခဲ့ကြတယ်....နောက်တခေါက်လောက် genting သီးသန့်သွားချင်သေးတယ်...

    ဂျူဂျူလေးတော့ ပျော်နေမှာ မြင်ယောင်သေးတယ်... ပြန်ရောက်ရောက်ချင်း စာမေးပွဲ ဖြေရတယ်ဆိုတော့ သနားသွားတယ်.. ကလေး အပြည့်ဝ မပျော်ရတော့လို့

    ဟုတ်တယ်မမချစ် မနက်ကားစီးရင် ပိုအဆင်ပြေတယ်... နေ့ခင်းလောက်ရောက်တော့ ဟိုတယ်ကို အကြာကြီး မစောင့်ရတော့ဘူး...
    :)

    ReplyDelete
  10. မမေ၇ သွားချင်လိုက်တာ
    တခါမှမေ၇ာက်ဖူးဘူး

    khin lay

    ReplyDelete
  11. Thank you for your post. We plan to go this Sep school holiday.
    Did you arrange hotel yourself or "Free & Easy" tour?
    ဆောင်ရန် ရှောင်ရန်လေးတွေ ရေးပေးပါဦးနော်
    WD.

    ReplyDelete
  12. အကြည်ရေ ... တို့ပြောတဲ့ ကားနဲ့သွား ... လူအရမ်းသက်သာတယ် ... တိုတိုနဲ့ ဟန်းနီးမွန်းကြပေါ့။ ပျော်စရာကြီးနေမှာ။

    ပူးတေတို့ Outdoor မကစားရတာ နာတာပေါ့။ Out door က ပိုပျော်ဖို့ကောင်းတာ။

    ကိုအမည်မသိရေ။ ခုမှတွေ့လို့။
    ဟိုတယ်ကို agent ကနေ တစ်ခါထဲ Coach နဲ့တွဲယူပါတယ်။ အသေးစိတ်ကြည့်ရအောင် ဘောက်ချာကော်ပီကို အပေါ်မှာ ပြန်တင်ပေးထားပါတယ်။

    ReplyDelete
  13. Thank you again. How is the room in Resort World? I haven't decide to choose 'Resort World' or 'First World' hotel. Any suggestion?looking forward your next post.
    WD.

    ReplyDelete
  14. TT Sweet 10 လ ပိုင်းကျရင် Genting Highland သွားမလို့ အနွေးထည် ယူသွားရ မလားဟင်။ အရမ်းချမ်းလား။ ည 9:00 နာရီ ကားနဲ့ပဲ။
ှဦးထုပ်ရော ယူသွားရ မလား။ နေ့လည် ကျတော့ကော အရမ်းပူလားဟင်။ကျေးဇူးပြုပြီးဖြေပေးပါအုံး။

    ReplyDelete