မဆွိတီတို့အိမ်မှာ မုန့်ဟင်းခါးစားရင် ဘူးသီးကြော်နဲ့ပဲ စားလေ့ရှိတယ်။ မုန့်ဟင်းခါးကိုမှ မုန့်ဖတ်များများ၊ ပဲသီးတို့၊ ပူတီနာတို့၊ ဘူးသီးကြော်၊ ငါးဖယ်ကြော်တွေနဲ့ ငရုပ်သီးမှုန့်များများထည့် ဆီချက်ပါထည့်ပြီး သုတ်သလို နယ်ဖတ်စားလေ့ရှိတယ်။ စလုံးမှာတုံးကတော့ ဘူးသီးက ပေါတော့ မုန့်ဟင်းခါးချက်တဲ့နေ့ဆို ဘူးသီးကို ယိုးဒယား အကြော်မှုန့်လေးနဲ့နယ် လတ်လတ်ဆတ်ဆတ်ကြော်စားကြတယ်။
အိမ်မှာဦးခြ်ိမ့်က ဘူးသီးကြော် စပါယ်ရှယ်လစ်စ်။ သူက ဘူးသီးကြော်ကို မုန့်နှစ်တွေအများကြီးထည့် ကြက်သွန်ဖြူ၊ ဂျင်းလေးထောင်းထည့်၊ အချိုမှုန့် ဆိုဒါလေးပါ ထပ်ထည့်ပြီးကြော်တော့ အကြော်က ကြွပ်ရွနေတာပဲ။ ဒါပေမဲ့ဗျာ။ စလုံးက ဘူးသီးကြော် ဘယ်လောက်ကောင်းအောင်ကြော်ကြော် မဆွိတီတို့ ငယ်ငယ်က ခေါင်းပေါ်ဗန်းရွက်ပြီး လည်ရောင်းတဲ့ လက်တစ်ဝါးလောက်ရှိတဲ့ ဘူးသီးပေါင်းကြော်လောက်တော့ မချိုတာ အမှန်ပဲ။ ခုခေတ်ဘူးသီးတွေက ဓာတ်မြေသြဇာတွေနဲ့ကြီးလို့လားမသိဘူး။ ချိုကို မချိုဘူး။ ပေါ့ရွှတ်ရွှတ်နဲ့ဗျ။ ဘူးသီးကိုက အရသာမတူတာပါ။
ဦးခြိမ့်ကြော်တဲ့ ဘူးသီးကြော်
ဒီဖက်ရောက်တော့ ဘူးသီးကရှားတော့ မုန့်ဟင်းခါးကို ပဲကပ်ကြော်လေးနဲ့ပဲ စားရတော့တယ်။ အရင်ကတော့ မှတ်မှတ်သားသားမရှိပါဘူး။ ဒီလိုပဲ ကြော်စားလိုက်တာပဲ။ ဒီမှာ ခဏခဏကြော်နေရတော့ အချိုးအဆလေးကို မှတ်ထားလိုက်တယ်။ ပဲကပ်ကြော်ကြော်တာ မဖြစ်ဘူး၊ ကြေကုန်တယ်၊ တူးကုန်တယ်၊ ပျော့ကုန်တယ်ဆိုတဲ့ မမတွေအတွက် ကြော်နည်းလေး ရှယ်ပေးလိုက်ပါတယ်။
ပဲကပ်ကြော်က ရေနဲ့ အကြော်မှုန့်စပ်တဲ့ အချိုးက သိပ်အရေးကြီးတယ်။ တည်တဲ့ ဒယ်အိုးကလဲ non-sticker ဒယ်အိုး အောက်က ပြားနေမှ ကောင်းပါတယ်။ နောက်ပြီး အရေးကြီးတာက ဆီ အရမ်းကျက်မှ ထည့်ရင် မုန့်နှစ်က ကျဲတော့ အချပ်လိုက်မဖြစ်ပဲ အကုန်လုံးကျက်ပြီး မွစိကျဲကုန်ပါတယ်။ ကြော်တဲ့နေရာမှာ စိတ်ရှည်ဖို့လဲ လိုပါတယ်။
ပထမဆုံး ကုလားပဲကို တစ်ရက် (၂၄ နာရီ) လောက် ရေစိမ်ရပါတယ်။ ပဲက ရေစိမ်ပြီး ရေမလဲရင် ပုတ်အက်အက်အနံ့ထွက်လို့ ကြော်ခါနီး ရေနဲ့သေချာပြောင်အောင်ဆေးပြီး စကာနဲ့ စစ်ထားပါ။ လုပ်တဲ့ အမှုန့်က ယိုးဒယားမယ်အကြော်မှုန့်လို ဘယ်အကြော်မှုန့်မဆို ကြော်လို့ရနိူင်ပါတယ်။
အန်တီဆွိသုံးတဲ့ အကြော်မှုန့်ဖြစ်ပါတယ်။ အကြော်မှုန့်တွေက အချိုမှုန့်တို့၊ ကြက်သားမှုန့်တို့၊ ငရုပ်ကောင်း ဆော်ဒါ အကုန်ပါပြီးသားမှို့ ဘာမှထပ်ထည့်စရာမလိုပါ။
ရေ ၈၀ ml ကို ပုံမှာပြထားတဲ့ အတိုင်း အကြော်မှုန့် စားပွဲဇွန်း ၂ဇွန်းလောက် (အရမ်းမမောက်ပါ) ထည့်ပြီး နှံ့အောင်မွှေပေးပါ။ ဆန်ခြင်တဲ့ခွက်ကလေးတွေက အမှတ်အသားပါပါတယ်။ ပြီးတော့ ပဲစိမ်ထားတာ လက်တွင်းတစ်ဆုတ်စာလောက် နည်းနည်းထည့်မွှေပါ။ အထက်က အတိုင်းအတာက ပဲကပ်ကြော်တစ်ခုစာ ကွက်တိပါပဲ။ တစ်ခုစာလုပ်ရတဲ့ ရည်ရွယ်ချက်က ပဲကပ်ကြော်က မုန့်နှစ်များရင်၊ နဲရင်၊ ထူတာ၊ ပါးတာ၊ မကျက်တာတွေ ဖြစ်တတ်လို့ပါ။ (များများကြော်ချင်ရင် ကိုယ့်ဟာကိုယ် အချိုးအစားတွက်ကြည့်ပြီး တစ်ခါထဲ များများဖျော်ထားသင့်ပါတယ်။ ဒါပေမဲ့ တစ်ခုစာကတော့ မုန့်ဖျော်ပြီးသား ၈၀-၈၅ ml လောက်ပဲ ဆိုတာ မှတ်သားထားရပါမယ်၊ ဒယ်အိုးအဝိုင်းက အချင်း ၈လက်မရှိပါတယ်။)
ဒယ်အိုးကို မီး အနေတော် (medium) ထား၊ ဆီကို အကြော်မြုတ်ရုံလောက်ထည့်ပါ။ ဆီအရမ်းမကျက်ခင် တစ်မိနစ်လောက်မှာ မုန်နဲ့ပဲ အတူရောဖျော်ထားတာကို ထည့်ပါ။ မုန့်နှစ်တွေကို ဒယ်အိုး အဝိုင်းပုံအတိုင်းပြန့်သွားအောင် ဒယ်အိုးကို စကောဝိုင်းလိုလေး လှည့်ပေးပါ။
မုန့်က ထည့်ပြီး အတော်ကြာတဲ့အထိ မုန့်ပြားသလက် အပြားစားလို ခပ်ပျော့ပျော့ပါပဲ။ ပဲကပ်ကြော်လို ကြွပ်ရွလာလိမ့်မယ်လို့တောင် မထင်ရဘူး။ ဒါပေမဲ့ စိတ်ရှည်ရှည်ထားပြီး မီးအနေတော်လောက်နဲ့ ဖြေးဖြေးသာကြော်ပါ။ တစ်ချိန်မှာ အောက်ပိုင်းက အနည်းငယ်မာလာပြီး အချပ်လိုက်လေး ဖြစ်လာပါလိမ့်မယ်။ အဲဒီအချိန်ကျရင် တစ်ဖက်ကို လှန်ပေးရပါမယ်။ တဖက်ကို လှန်အပြီးပုံပါ။
ဒီလိုပဲ ဟိုဖက်ဒီဖက် ၂ခါလောက်စီ လှန်ပေးပြီး ကြွပ်ရွလာပြီ၊ အကျက်ညီလာပြီဆို ဆယ်လို့ရပါပြီ။ မီးအေးအေးနဲ့ စိတ်ရှည်လက်ရှည်သာ ကြော်ပါ။ မီးပြင်းရင် အကျက်မညီတတ်ပါဘူး။ တူးနံ့ထွက်မှာစိုးလို့ အရောင် အရမ်းမညိုခင်ချပါ။
ပဲကပ်ကြော်က ဒီတိုင်းထားတာတောင် တော်ရုံနဲ့ မပျော့ပါဘူး။ ဗူးတစ်ခုထဲမှာ လေလုံအောင်ပိတ်ထားရင် အကြာကြီး အထားခံပါတယ်။ အသုတ်ထဲမှာပဲထည့်ထည့်၊ မုန့်ဟင်းခါးနဲ့ပဲစားစား အရသာရှိလှတဲ့ ပဲကပ်ကြော်ပါ။
မနက်ဖြန်ပိတ်ရက်မှာ ကြော်စားကြည့်မယ်....း)
ReplyDeleteစားချင်စရာ...ကြွပ်အောင်ကြော်တတ်တယ်..
ReplyDeleteကူးကြော်ရင် အမြဲမာဆတ်ဆတ်နဲ့ မကောင်းဘူးရယ်...
မုန့်ဟင်းခါးနဲ့တွဲစားလိုက်ရရင်တော့အပီဘဲ..
အလုပ်လုပ်ရင်း မဆွိဘလာ့ကို ၀င်ကြည့်တာ၊ အလုပ်တောင် ဖြောင့်ဖြောင့် မလုပ်နိုင်တော့ဖူး၊ ပဲကပ်ကြော်စားချင်တာရယ်၊ ဗိုက်ဆာတာရယ်ပဲ သိတော့တယ်၊
ReplyDeleteပဲကြော်လေးနဲ့ဗူးသီးကြော်စားချင်စရာ...။ တီဆွိရေ... ရန်ကုန်မှာတော့ အပြင်မှာ ကြော်ရောင်းတာဝယ်မစားချင်ဘူး..ဆီထဲကို သောက်ရေသန့်ဗူးထည့်ကြော်တာတို့ဘာတို့နဲ့ အိမ်မှာပဲကြော်စားတာပိုကောင်းတယ်...။
ReplyDeleteဒီတခါ မုန့်ဟင်းခါး ချက်လို့ကတော့ ဗူးသီးရော ပဲကပ်ကြော်ပါ ကိုယ်တိုင် ကြော်စားပြီမှတ်၊ ဗူးသီးကြော်ထဲ ကြက်သွန်ဖြူ၊ ဂျင်းထောင်းထည့်တာ မစမ်းဖူးဘူး။ ကျေးဇူးပဲ မတ်စိရေ ကြော်နည်းလေးအတွက်...:))))
ReplyDeleteဗူးသီးလေးက ကြည့်တာနဲ့ ကြွပ်ရွနေတာ သိသာတယ်
ReplyDeleteပဲကပ်ကြော်လေးကလည်း အချဉ်နဲ့တို့စားလိုက်ချင်တယ်.။ မုန့်ဟင်းခါးမစားဖြစ်တာကြာသွားပြီ
ပုံလေးမြင်တော့ စားချင်စိတ်တဖွားဖွားဖြစ်လာတယ်
တီဆွိ ...
ReplyDeleteကျေးဇူးတင်ပါတယ်။
ပဲကပ်ကြော်နည်းကို တကယ်ကို ဆေ.ဖ်လုပ်ပြီးမှတ်ထားလိုက်ပါပြီ။
နောက်ထပ်ရေးဦးနော်။ တီဆွိရေးတာက ရှင်းလဲရှင်းတယ်၊ ဓာတ်ပုံနဲ.တကွပြတာလဲ သပ်ရပ်တယ်။
ပဲကပ်ကြော်တခုအတွက်ကြာချိန် ခန့် မှန်းခြေလောက်ပြောပြပါလား ကျေးဇူးပါ
ReplyDeleteတခါမှမစမ်းဖူးဘူး သူငယ်ချင်းရေ... စမ်းကြည့်အုန်းမယ်... အဲဒီမှာ ဂေါ်ရခါးသီးမရှိဘူးလား...ဗူးသီးမရှိရင် ဂေါ်ရခါးသီးနဲ့ ကြော်လို့ ရတယ်လေ... လူကြုံရှိရင် ဗူးသီးထည့်ပေးလိုက်ပေးမယ်နော်
ReplyDeleteမုန့် ဟင်းခါးစားချင်နေပါတယ်ဆိုမှ။ ဘူးသီးကြော်တွေရော၊ ပဲကြော်တွေရော မြိုင်ဆိုင်နေတာဘဲ။ အင်း..နောက်တပါတ် ချက်စားရင်ကောင်းမလား..း))
ReplyDeleteလောလောဆယ်တော့ ဒီကဘဲကျွေးလိုက်တော့နော်။
အိုင်အိုရာ
မုန့်ဟင်းခါးထဲက အရွက်တွေက..ပူစီနံရွက်လားး..နံနံပင်မရှိလို့လား CG, မုန့်ဟင်းခါးနဲ့ အကြော်စုံလေးက..ပူစီနံအနံ့ကြောင့်..ပျက်သွားမလားလို့..စမူဆာသုပ်ဆို..ဟုတ်တုတ်တုတ်..:)
ReplyDeleteအနောနိမတ်စ်ရေ
ReplyDeleteအစ်မတို့က မုန့်ဟင်းခါးကို နံနံထက် ပူတီနာနဲ့စားတာ ပိုကြိုက်တာ။ စလုံးမှာ နံနံပေါပါတယ်ဂျ။
တန်ခူးရေ ဘူးသီးဒီမှာရှိပါတယ်။ နေရာတိုင်းမှာတော့မရှိဘူးပေါ့။ Eastwood လို့ခေါ်တဲ့ တရုတ်တွေနေတဲ့ဖက်မှာရှိတယ်။ ဈေးလဲကြီးတယ်။ စလုံးကတောင်ပို့ပေးမယ်ဆိုတော့ ကျေးဇူးပါပဲ သူငယ်ချင်းရေ။
အနောနိမတ်စ်
အချိန်ကိုတော့ သေချာမှတ်မထားဘူး။ ကြာတော့တော်တော်ကြာသဗျ။ ၁၀မိနစ် လောက်တောင် ရှိမယ်ထင်တာပဲ။
ဒီနေ့စလုံးတွေ အလုပ်ပိတ်ရက်ဆိုတော့ စမ်းကြော်ကြည့်ကြပါဗျာ။ မှားနေရင်လဲ ပြန်ပြင်ပေးကြပါဦးနော်။
ဒီတစ်ပတ် မုန့်ဟင်းခါးချက်စားရင် ဗူးသီးကြော်နဲ့ ပဲကပ်ကြော်လေးလုပ်စားမယ် ကျေးဇူးပါ စွိတီရေ။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
စားလို့ကောင်းမှာတော့သေချာတယ်
ReplyDeleteဒါပေမယ့် ဆီကိုကြည့်ပြီး အသဲယားတယ် အမ
တီတီဆွိရေ
ReplyDeleteကျေးဇူးတင်လွန်းလို. လာပြောတာပါ။ ပဲကပ်ကြော်ကြော်ကြည်.နေတာ ကြာလှပေါ.။
ထုံးစံအတိုင်းပြောပြရရင် သူများတွေရေးထားတာတွေလိုက်ဖတ်၊ ကြော်ကြည်. နဲ.အဆင်ကိုမပြေတာ ။ အဲ.ဒါနဲ. ပဲကပ်ကြော်ကို စိတ်နာလို.မကြော်ကြည်.တော.ဘဲပစ်ထားလိုက်တာ တော်တော.ကိုကြာပြီ။
ဟိုတနေ.ကတော. မုန်.ဟင်းခါးနဲ.စားချင်လွန်းလို. ၊အချိန်အားလဲရနေတာနဲ. ဖြစ်အောင်ကြော်ကြည်.စမ်းမယ်ဆိုပြီး တီတီဆွိဆီမှာ သေချာလာဖတ်၊ မှတ်ပြီးတော. ကြော်တာ.. အောင်မယ်လေး ရတယ်တော်.။ ပျော်လိုက်တာဆိုတာ။
ပဲကပ်ကြော်မှာ အဓိက ရေအချိန်အတွယ်ထင်တာဘဲ (ကိုယ်.တယောက်ထဲအထင်ပြောတာပါ)။ တီဆွိပြောထားသလို ဆန်ခြင်ခွက်လေးနဲ. 80 မီလီ ဘဲထည်.၊ အကြော်မှုန်.ကိုလဲဇွန်းနဲ. မမောက်လွန်း၊မနည်းလွန်း ၂ဇွန်းကွက်တိထည်.တယ်။ ရတယ်တော်.
ပဲကိုတော. တီဆွိပြောသလို မှုန်.နှစ်ဖျော်ထားတဲ.အထဲမှာတခါထဲထည်.လိုက်တော. ၊ဒယ်အိုးထဲထည်.လိုက်တဲ.အခါကျတော. ပဲတွေက တနေရာထဲမှာစုနေသလိုမျိုးဖြစ်နေလို.၊ ပထမတခါကြော်ကြည်.အပြီးမှာ နောက်အချပ်တွေကြော်တော.မုန်.နှစ်ထဲမှာပဲကိုတခါထဲမထည်.ထားဘဲနဲ. ဒယ်အိုးထဲမှာ မုန်.နှစ် အရင်ဖြန်.ခင်းပြီးတော.မှ ပဲတွေကို လက်နဲ. လိုက်ထည်.လိုက်တယ်။ ( ခေါက်မုန်.တို.ဘာတို.လုပ်ရင် ပဲပြုတ်တို.အုန်းသီးတို.လိုက်ဖြူးသလိုမျိုးလေ) ။အဲ.လိုလုပ်တော. ပဲက နေရာအနှံ.ရောက်တယ်ထင်လို.။
အခုတော. အရမ်းပျော်လို.၊ တီဆွိကိုလဲကျေးဇူးအရမ်းတင်လို.။ တကယ်တကယ်။ အခုလို သေချာ ရှဲလုပ်ပြီးရေးပြ၊ အချိန်အတွယ်တွေကိုလဲသေချာပြောပြထားတာ ကျေးဇူးတင်ကြောင်းအခါခါပြောချင်လွန်းလို.ပါ။
တီဆွိ ပို.စ်အသစ်မတင်တာ တော်တော.ကိုကြာနေပြီနော်။ ဘာလို.လဲဟင်။ လုံးဝကိုမရေးတော.တာလား။ အဲဒါဆိုရင်တော. စိတ်မကောင်းစရာဘဲ။
တီဆွိတို.၊ ကိုညီလင်းသစ်တို.ရေးတာတွေဘဲ ဖတ်လို.ကောင်းတာ။
ကျေးဇူးပါပဲ အနောနိမတ်စ်ရေ။ အန်တီဆွိလဲ စိတ်တွေရှုပ်နေလို့ စာမရေးဖြစ်တာ။ တစ်နေ့တော့ ပြန်ရေးဖြစ်မယ်ထင်တာပဲ။ ခုလို မရေးဖြစ်တဲ့အချိန်မှာတောင် အားပေးသူတွေရှိတာ အားရှိလိုက်တာ။
ReplyDelete