Wednesday, August 17, 2011

အလွမ်းပြေ ... လွမ်းစေ ... သီချင်းလေးတွေ

မနေ့က ဆစ်ဒနီရာသီဥတုက အပြင်မှာ မိုးကအေးအေးနဲ့ အန်တီဆွိတစ်ယောက် အိပ်ရာထဲ ကွန်ပြူတာ တစ်လုံးနဲ့ နှပ်နေတယ်။ ရှေးခေတ်က ရုပ်ရှင်လေးတွေ ပြန်ကြည့်ချင်တာနဲ့ ယူကျူ့ထဲ မွှေနှောက်ရှာဖွေရင်း ဦးစန်းအောင်(USA) တင်ထားတဲ့ ဟိုးခေတ်က သီချင်းတွေဆီ ရောက်သွားတယ်။ အဲဒီထဲက ၀င်းဦးသီဆိုထားတဲ့ "မြန်မာ့စိတ်ရင်း မြန်မာရှူ့ခင်း " သီချင်းကို နားထောင်ပြီး စိတ်ထဲ ၀မ်းနည်းသလိုလို တစ်မျိုးဖြစ်သွားတယ်။ အဲလိုသီချင်းလေးတွေက မဆွိတီတို့ငယ်ငယ် မနက်ခင်းမှာ ရေဒီယိုက "နံနက်ချိန်ခါ တေးသံသာ" ဆိုပြီး လာလေ့ရှိတယ်။ အဲဒီအချိန်က အမေရုံးသွားဖို့ ရေချိုး သနပ်ခါးလိမ်းတဲ့ အချိန်။ အကို ၂ယောက်ကတော့ မနက်ပိုင်းချိန် ကျောင်းသွားကြပြီ။ အဘွားက ဈေးသွား၊ အဖေက အလုပ်သွားနဲ့ အမေသွားရင် မဆွိတီတို့ အငယ်မောင်နှမ ၂ယောက်ပဲ ကျန်ခဲ့ကြတာ။ အငယ်ပိုင်းတွေက နေ့ခင်းပိုင်း ၁၁ နာရီလောက်မှ ကျောင်းသွားရတာကိုး။

အဲဒီ မနက်ခင်း သီချင်းလေးတွေက ရေဒီယိုကနေ မနက် ၇ နာရီကနေ ၈နာရီအထိ လာနေတာ။ တစ်ခါတစ်လေလဲ အိပ်ရာထဲကနေ အမေ့ သနပ်ခါးသွေးသံ တဂျီးဂျီး နဲ့ အတူကြားနေရတတ်တယ်။ ၈နာရီထိုးပြီဆိုရင်တော့ မြန်မာ စံတော်ချိန်တီးလုံး တုံတုံး တုံးတုံ ဆို သတင်းကြေငြာတယ်။ သတင်းပြီးလို့ အချိန်နဲနဲကျန်သေးရင် မဆလ ပေါ်လစီ သီချင်းတစ်ပုဒ်လောက်လာပြီး ၈နာရီခွဲဆို အင်္ဂလိပ်ပိုင်း အစီအစဉ်စတာပဲ။ အင်္ဂလိပ်ပိုင်းမှာလဲ တင်မိုးခိုင်ရဲ့ အ၈င်္လိပ်လို သတင်း ကြေငြာအပြီးမှာ အဲဒီခေတ်က နာမည်ကြီး အင်္ဂလိပ်သီချင်း ခပ်မြူးမြူးလေးတွေလာတယ်။ ၈နာရီခွဲတာနဲ့ အမေလဲ ချက်ပြုတ်ပြီး ဖတ်သီဖတ်သီနဲ့ ရုံးသွားတော့တာပဲ။ မဆွိတီက အင်္ဂလိပ်သီချင်းလေးတွေ ABBA တို့၊ disco သီချင်းတွေ ဆက်နားထောင်သေးတယ်။

အဲဒီတုံးက အဲဒီ "မြန်မာ့ရှူ့ခင်း၊ မြန်မာ့စိတ်ရင်း" တို့၊ ကိုအံ့ကြီးဆိုတဲ့ "လူချွန်လူကောင်း" တို့၊ တွန်တေးသိန်းတန်ရဲ့ " အသီးတစ်ရာ အညှာတစ်ခု" တို့ အစရှိတဲ့ သီချင်းတွေကို ကြိုက်ရကောင်းမှန်းလဲမသိ။ ဘယ်သူတွေဆိုလို့ ဆိုမှန်းလဲမသိ။ မနက်တိုင်း အမေက အချိန်သိချင်လို့ဆို ဖွင့်ထားလို့သာ ကြားရ စိတ်လဲ မ၀င်စားပါဘူးဗျာ။ အဲဒါ မနေ့ကမှ ယူကျူ့လေးဖွင့်ပြီး နားထောင်လိုက်တာ၊ ၀င်းဦးရဲ့ လွမ်းမောဖွယ် အဆိုအပြင်၊ သီချင်းရဲ့ အဓိပ္ပါယ်၊ နောက်ခံဘက်ဂရောင်းက မြန်မာ့ရှူ့ခင်းလေးတွေ၊ လယ်ကွင်းလေးတွေ၊ ပါးကွက်ကြားလေးတွေ၊ အဖြူအစိမ်း ကျောင်းသားလေးတွေ မြင်ပြီး မျက်ရည်တောင် ၀ဲမိပါရဲ့။ အော် ... ငါ့နှယ် ... ဘယ့်နှယ်ကြောင့်များ ကိုယ့်မိဘဆွေမျိုးတွေရှိရာ၊ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်လူမျိုးတွေနဲ့ ဝေးရာ အရပ်မှာ ရောက်နေရပါလိမ့်။ ဘယ်တော့များမှ ကိုယ့်အရပ်ကိုယ် ပြန်နိုင်တော့မှာလဲလို့ တွေးမိရင်း ... တစ်ခါ တစ်ခါတော့လဲ လွမ်းမိပါတယ် ... လွမ်းပါတယ်ကွယ် ...

နားထောင်ကြည့်ကြပါဦး။ အလွမ်းပဲ ပြေမလား။ ပိုပဲ လွမ်းစေမလားလို့ ...


လူချွန်လူကောင်း (ကိုအံ့ကြီး)

လူချွန်လူကောင်း(မင်းအောင်)



အသီးတစ်ရာ အညှာတစ်ခု

11 comments:

  1. ဟုတ်တယ်... အဲဒီသီချင်းတွေကို အခုအချိန်မှာ နားထောင်မိရင် တခုခုတော့ ခံစားရတယ်... သူငယ်ချင်းပြောသလို လွမ်းတာပဲ ဖြစ်မှာပါ...
    အဆုံးမှာ ကောက်ချက်ချမိတာကတော့ တို့တွေ အသက်ကြီးလာပြီ...
    ဒါ sign of aging တွေထဲက တခု ပါလားလို့...

    ReplyDelete
  2. Thank you Ma Ma Sweet for those links, one thing for sure, my other half totally loves them.
    Mon Petit Avatar

    ReplyDelete
  3. မဆွိရေ

    မြန်မာပြည်ပြန်တာလွယ်ပါတယ်၊ ဂျူဂျူကျောင်းပိတ်ချိန် ခွင့်ယူပြီး ပြန်ပေါ့

    transit စင်ကာပူဝင်ခဲ့ပါဦး ၊ အလွမ်းပြေပေါ့

    ReplyDelete
  4. မြန်မာပြည်ပြန်တယ်ဆို အပြီးပြန်တာကို ပြောတာပါ။ ခဏပြန်တာကတော့ တစ်နှစ်ခြားတစ်ခါတော့ ပြန်ဖြစ်နေတာပဲ ကိုဇက်ရဲ့။

    ReplyDelete
  5. အိပ်ရာထဲ ကွန်ပြူတာနဲ. ဇိမ်ကျတယ်ဆိုတာ နည်းတဲ့ကုသိုလ်မဟုတ်ဖူး၊

    အရင်တုန်းက သင်္ကြန်ကျောင်းပိတ်ရက်မှာ တရားစခန်းဝင်ခဲ့ပုံပေါ်တယ်၊

    အော်.. ကိုယ့်အရပ်ကို ကိုယ်ပြန်မယ်ဆိုတာ အပြီးပြန်တာကို ဆိုလိုတာလား၊ အသက်ကြီးလို. ပင်စင်ယူရင် ရန်ကုန်မှာပဲ ကောင်းပါတယ်၊ ဆင်းရဲရဲ၊ ချမ်းသာသာ ကိုယ့်နိုင်ငံက ကိုယ့်နိုင်ငံမဟုတ်ပါလား၊

    သီချင်းကိုတော့ အိမ်ရောက်မှ နားထောင်တော့မယ်၊

    ခင်တဲ့

    မောင်ဇီ

    ReplyDelete
  6. USA = U San Aung. Isn't it??

    ReplyDelete
  7. Yes, you are right Anonymous,sorry, I amend it.

    ReplyDelete
  8. မြန်မာပြည်ဟာ ကိုယ့်လက်တစ်ကမ်းမှာပါကွယ်း)
    သီချင်းလေးတွေ နားဆင်သွားတယ် စွိတီရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. အော..ခုမှ လွမ်ြးီ့လား..း)
    ရေဒီယို ဆွိ

    ReplyDelete
  10. May I know which pharmacy you recommend to buy (of course for a good price :) in Sydney. I used to buy Centrum 50+ for my parents whereever I go oversea because I always get it with a very cheap price compare to SG. Thanks in advance.

    ReplyDelete
  11. ကျနော်က မြန်မာပြည်မြေပြန့်က နယ်တွေမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ချင်းတိုင်းရင်းသားပါ။ ငယ်ငယ်ကအဖေ့ရဲ့ နေရှင်နယ်ရေဒီယို အစုတ်ကလေးနဲ့ မြန်မာပိုင်းအစီအစဉ်တွေ အမြဲနားထောင်ခဲ့တော့ ဒီလိုမြန်မာသီချင်းကြီးတွေ၊ တုံး.တုံတုံး.တုံတုံးတုံ တွေကြားမိရင် မြန်မာပြည်ကြီးကို အရမ်းသတိရမိတယ်၊ ပြန်ချင်တယ်။ စစ်သည်အတွက်တေးလက်ဆောင်တွေဆိုလဲ အရမ်းကြိုက်ခဲ့ဖူးပါတယ်။

    ReplyDelete