Tuesday, August 9, 2011

တိုင်ကပ် Vs အိုင်ပတ်


မဆွိတီတို့ စလုံးကနေ ဒီဖက်ပြောင်းလာတော့ တိုင်ကပ်နာရီကြီး အိမ်မှာ မေ့ကျန်နေရစ်ခဲ့တယ်။ ဒီဖက်ရောက်တော့ အိမ်မှာရှိတဲ့ စားပွဲတင်နာရီက သေးသေးလေး။ ပြီးတော့ နာရီနောက်ခံက ခလေးစာသင်နေတဲ့ ကာတွန်းရုပ်လေးနဲ့။ အဲဒီမှာ ကျောက်သင်ပုန်း အနက်ရောင်ပုံလေးလဲပါတော့ ၂နာရီနဲ့ ၄နာရီကြားရောက်ရင် နာရီလက်တံနဲ့ထပ်ပြီး ဘယ်နှစ်နာရီလဲ သေချာမမြင်ရတော့ဘူးဗျ။ သမီးကို ကျောင်းကြိုရမဲ့ အချိန်ကလဲ ၃နာရီလောက်ဆိုတော့ ကိုယ်က ချက်ရင်းပြုတ်ရင်း ကမန်းကတန်းကြည့်ရင် သေချာမမြင်ရဘူး။ ခလေးကျောင်းကြိုရမှာဆိုတော မှားများကြည့်မိရင် ငါးပါးမှောက်။

ဒါနဲ့ နာရီတစ်လုံးတော့ ၀ယ်မှဖြစ်တော့မယ်ဆို တိုင်ကပ်နာရီတစ်လုံးဝယ်ဖို့ ရှာကြတယ်ပေါ့။ အိမ်ကလဲ ငှါးနေတဲ့အိမ်ဆိုတော့ သိပ်အကောင်းစားကြီးတော့ မ၀ယ်သေးဘူးပေါ့။ နောက်အိမ်တွေဘာတွေ ၀ယ်မှပဲ အဲ့အိမ်နဲ့ လိုက်ဖက်တဲ့ ကောင်းတာလေးဝယ်မယ်ပေါ့။ ဒီလိုနဲ့ အော်ဇီက ပေါချောင်ကောင်းလေးတွေရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ တိုင်ကပ်နာရီ ၈ကျပ်တန်တစ်လုံးရလို့ ၀ယ်လာခဲ့တယ်။ ၈ကျပ်တန်ဆိုလို့လဲ အထင်မသေးနဲ့ဦး အရပ်ကတို့။ နာရီက ရှင်းလင်းပီသလို့၊ ကြည့်လိုက်တာနဲ့ ကွက်ကွက်ကွင်းကွင်းမြင်ရမဲ့ နာရီမျိုး ရွေးဝယ်လာခဲ့တာ။ နောက်ခံပန်းချီကားနဲ့ လှတပတတွေ အများကြီးရှိပေမဲ့ ပုံတုံးရင် တုံးပလေ့စေ။ နာရီရှင်းရှင်း မြင်ရဖို့ အရေးကြီးတယ်ဆိုပြီး ၀ယ်လာခဲ့တာ။

အိမ်ရောက်တော့ ဦးခြိမ့်က နာရီကို သူ့ကွန်ပြူတာက အချိန်နဲ့ တိုက်ထားလိုက်တာ။ အိမ်နောက်ဖေးမှာ ချိတ်ဖို့ နောက်တစ်လုံးတောင်ထပ်လိုချင်တာ၊ အင်း ဒီတစ်လုံးအရင် စမ်းကြည့်ဦးမယ်၊ အချိန်မှန်တယ်ဆိုမှ နောက်တစ်လုံး ထပ်ဝယ်ကြတာပေါ့ဆို အိမ်ရှေ့မှာ အကျအန ချိတ်ထားလိုက်ကြတယ်။

ခုတလော ရာသီဥတုကအရမ်းအေးတော့ ဂျူဂျူလေးဟာ စောစောစီးစီး ကျောင်းသွားဖို့နှိုးရတာ တော်တော် ဒုက္ခရောက်တယ်။ သမီးလေးရေ ... ထတော့ဟေ့ ... ကျောင်းသွားရတော့မယ်ဟေ့ဆို ... မအေလုပ်သူက သူ့စောင်ခြုံထဲဝင်၊ သူ့ကို ဖက် ... ကြောင်သံ၊ ခွေးသံတွေလုပ်ပြီး သီချင်းဆိုပြရ၊ ရယ်စရာတွေလျှောက်ပြော ... အဲလိုတွေ လုပ်ပြီးနှိုးနေရတာ။ ဒါတောင် သူက ထခါနီး မျက်လုံးက ဖွင့်လို့မရဘူးဆို ဂျီကျချင်သေးတာ။ ဒါနဲ့ နောက်ပိုင်းသူနိုးချိန်ဆို ipad လးဖွင့် ယူကျူ့ကနေ Jungle book တို့လို ကာတွန်းကားလေးတွေ ၊ Just for laugh လို ဟာသလေးတွေ ပြပြီး နှိုးရပြန်တယ်။ အိုင်ပတ်ဖွင့်ရင်းလဲ သမီးထရမဲ့ အချိန်ကို အိုင်ပတ်မှာပေါ်တဲ့ နာရီလေးပြပြီး remind လုပ်ရသေးတယ်။

သမီးလေးဟာ ခါတိုင်း မနက် ၈နာရီခွဲဆို အိပ်ရာက ထနေရာကနေ ငပျင်းတစ်ပြီး ခုဆို ၈နာရီ-၃၅-၄၀လောက်မှ အိပ်ရာက ထတယ်။ အိုင်ပက်က နာရီလေးကြည့်ပြီး ထကြတာပဲ။ ဒါပေမဲ့ မဆွိတီ သတိထားမိတာက သမီး အိမ်သာဝင်၊ မျက်နှာသစ် အ၀တ်အစားလဲပြီးထွက်လာ၊ အိမ်ရှေ့ကတိုင်ကပ် နာရီကိုကြည့်လိုက်လဲ နာရီက ၈နာရီ ၃၅ပဲရှိသေးတယ်။ ဒီတော့ စိတ်ထဲမှာ ကောက်ချက်ချတာပေါ့လေ။ အင်း ... တိုင်ကပ်နာရီ ဈေးပေါပေါနဲ့ဝယ်မိတာတော့ မှားပြီပေါ့။ ခုမှ ၀ယ်တာ တစ်ပတ်မပြည့်သေးဘူး နာရီက ၁၀မိနစ်နောက်ကျနေပြီ၊ ဒီလိုသာဆက်နောက်ကျနေရင် ခက်ရချေရဲ့။ နာရီကို တစ်ပတ်တစ်ခါလောက်ပြန်တိုက်နေရမှာ မနိပ်ဘူးပေါ့။ စတိဂျော့ခ်ျရဲ့ အိုင်ပတ်ကြီးကိုတော့ စိတ်နဲ့တောင် မပြစ်မှားဘူး။ စိတ်ထဲက လုံးဝစိတ်ချယုံကြည်ထားတယ်။ ဘာဘရန်းမှန်းမသိ ဈေးထဲက ၈ကျပ်တန် အပေါစားနာရီကိုသာ မဲ အပြစ်တင်နေတော့တယ်။

ဒါပေမဲ့ အဲဒီတိုင်ကပ်နာရီနဲ့ပဲ ဆက်ပြီး ကျောင်းသွားပို့ ပြန်လာတော့လဲ ကျောင်းနောက်ကျတယ် ဘာရယ်မရှိဘူးဗျ။ အရင်အတိုင်း ပုံမှန် အချိန်မှန်ပဲ။ ဒါနဲ့ ၃-၄ ရက်လောက် ဒီလိုပဲဖြစ်နေမှ သတိထားမိပြီး စတိဂျော့ခ်ျကြီးရဲ့ အိုင်ပတ်ကို သေချာစစ်ကြည့်မှ လားလား သူ့ဟာက ၁၀မိနစ် မြန်နေပါပေါ့လား။ တစ်ချိန်လုံး တိုင်ကပ်နာရီကြီး မှားတယ်ထင်နေတာ။ ဒါကြောင့် လူတွေက မရှိခိုးနိုး၊ မလှစုန်းယိုးတို့ ဘာတို့ စကားပုံတွေဘာတွေ ထားခဲ့တာ။ ဈေးပေါတော့ မကောင်းဘူးချည်းထင်နေကြတာပေါ့ဗျာ။ လောကမှာ ပေါပေါလေးနဲ့ ကောင်းတဲ့ ပစ္စည်းလေးတွေလဲ ရှိတတ်ပါတယ်ဂျ။ ရှားတော့ ရှားမယ်ပေါ့ဗျာ။

စောနက စတိဂျော့ခ်ျရဲ့ အိုင်ပတ်ကြီး အချိန်မှားနေတယ်ဆိုလို့ စတိဂျော့ခ်ျလဲ ဆူဆိုက်လုပ်သွားမှာ စိုးရိန်ရသေး။ အမှန်က နာရီက စတိုက်ကတည်းက မှားနေတာလဲဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဂျူဂျူပဲဖြစ်ဖြစ် ဆော့ရင်းနဲ့ နာရီကို သွားပြင်တာမျိုးလဲ ဖြစ်နိုင်ပါတယ်။ စတိဂျော့ခ်ျကတော့ မမှားနိုင်ပါဘူးလို့ ခုထိယုံနေတုံးပဲ။


13 comments:

  1. ကွန်ပျူတာက နာရီကို ပြန်စစ်ကြည့်ပါအုံး... အဲဒါ iPad ကို Computer နဲ့ Sync လုပ်တဲ့အချိန်မှာ သူက ကွန်ပျူတာက နာရီအတိုင်း ပြန်ရောက်သွားဖြစ်နိုင်တယ်...

    ကိုယ်လည်း မနက် အိပ်ရာနိုးတိုင်း iPad က နာရီက မြန်နေတယ်ချည်းပဲ ထင်နေတာ... ဒါနဲ့ Setting မှာ ပြောင်းလိုက်... ဒီနေ့ပြောင်း နောက်တနေ့မှာ မြန်နေပြန်ရော... ဘာဖြစ်မှန်းမသိဘူး... စတိဂျော့ခ်ျကို မျက်စောင်းတွေ ထိုးချင်နေတာ... နောက်မှ သတိထားမိတယ်...း)))

    ReplyDelete
  2. အိတ်မေ့ကျန်တဲ့ နာရီလေး ဘယ်ရောက်သွားပတုန်း... ဟိ....
း)

    ReplyDelete
  3. တိုင်ကပ်နာရီက ရိုရိုးနဲ.ရှင်းတယ်၊ လှတယ်၊

    ReplyDelete
  4. ဟော အိုင်ပတ်ရှင်တွေ....

    ReplyDelete
  5. နာရီတိုက်ထားတာ နှေးသွားတာနဲ့စာရင် မြန်သွားတာကမှ တော်သေးတယ်။
    နာရီလေးကတော့ ရှင်းရှင်းလေး ကြည့်လို့ကောင်းတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ပို့စ်တွေ အမြဲ လာဖတ်ဖြစ်ပေမယ့် ကွန်မန့် မချန်ဖြစ်ခဲ့ဘူး တီဆွိရေ...။ ခိခိး) ခေါင်းစဉ်ကလည်း တကယ့် အမိုက်စားပဲ။ ဖတ်ပြီး ပြုံးသွားတယ်။

    ReplyDelete
  7. အိုင်ပက်တော့ ဝယ်နိုင်သေးဘူး မမဆွိရယ်
    ဒါကြောင့် ရွာပြန်ပြီး အိုက်ပက်မလားစဉ်းစားနေတာ
    ခေတ်မီအောင်ဆိုပြီးလေ ဟိဟိ

    ReplyDelete
  8. အိုင်ပက်တွေ ပဲကြီးလှော်နဲ့ လဲဒယ် . . .

    ReplyDelete
  9. အစ်မရေ အိုင်ပတ်တော့မသိဘူး...ကျွန်တော့်အိုင်ဖုန်းကိုတော့နှစ်ခါရှိပြီ နာရီမမှန်လို့သွားလဲရတာ...:(

    ReplyDelete
  10. ဒီမှာလည်းနာရီသေးရောတိုင်ကပ်ရော ၂ခုလုံးမမှန်ဘူး။ တခုကနှေးပြီး တခုကမြန်နေတယ်။ အားမှ ဒင်းတို့ ကိစ္စလည်းရှင်းရအုန်းမယ် တီတီဆွိရေ။ အိုင်အိုရာ

    ReplyDelete
  11. ဟုတ်တယ်နော်..အိမ်မှာ နာရီသုံးလေးလုံးရှိလည်း အချိန်တွေက တစ်မျိုးဆီဖြစ်နေတယ်..ခက်ရော...။ အိုင်ပက်တော့ မ၀ယ်နိုင်သေးလို့ မဆွိတီလိုမျိုးမကြုံရသေးကြောင်း...။

    ReplyDelete
  12. အစ်မ တိုင်ကပ်နာရီကြီး ကြည့်ပြီး ရန်ကုန်က အိမ်ကိုတောင်လွမ်းသွားတယ်ဗျ။
    အိမ်က နာရီနဲ့ တစ်ထေရာထဲဗျ။ အိမ်က နာရီကတော့ မိတ်အင်ချိုင်းနားပေါ့ဗျာ။ စတိဂျော့ ဆိုလို...အဲဒီလူကြီးကနော် ကင်ဆာဖြစ်နေတာတောင် အေးအေးလူလူ အနားမယူဘူး။ သူထုတ်သမျှတွေ.. လူတွေ..လိုက်ဝယ်နေအောင် လုပ်နေတုန်းပဲ။

    ReplyDelete
  13.ွှရီခဲ့ရပါတယ်

    ReplyDelete