Friday, August 26, 2011

Clay pot sesame chicken wing (မြေအိုး ကြက်တောင်ပံပေါင်း)

အန်တီဆွိလဲ အိမ်မှာ ပျင်းပျင်းရှိလှနဲ့ ချက်စားပါတယ်ခင်ည။ မျိုးစုံပါပဲ။ အင်တာနက်ထဲမွှေလိုက်၊ ချက်လိုက်၊ ဓာတ်ပုံတွေလဲ ရိုက်တာပဲ။ ရိုက်ပြီး မတင်ဖြစ်တာတွေက ပိုများတယ်။ အကြောင်းအမျိုးမျိုးပါပဲ။ တင်မယ်ဆို နေ့တိုင်းဟင်းချက်နည်းချည်းတင် တစ်လစာလောက်ကို ဖူဖူလုံလုံရှိပါတယ်ခင်ည။ နေ့တိုင်းတင်တော့လဲ ပျင်းစရာကြီးဖြစ်မယ်ဆိုပြီး တင်ဖို့ရက်ရွေးရင်းနဲ့ ဟင်းချက်နည်းတွေ အကြွေးကျန်နေတာ။ ခုတစ်လော စလုံးမှာ စားဖူးတဲ့အစားအသောက်တွေ ငတ်လို့ ချက်စားဖြစ်နေတယ်။ မဆွိတီတို့လဲ ကျွန်းလေးရောက်တော့ မြန်မာစာတွေ ငတ်လို့ လွမ်းလို့ဆို ချက်စား၊ ခုကျွန်းကြီးရောက်တော့လဲ ကျွန်းလေးက အစားအသောက်တွေ လွမ်းပြန်ကော။

မဆွိတီတို့ စလုံးမှာတုံးက အလုပ်က NUS နဲ့ နီးတော့ နေ့ခင်းဖက်ဆို NUS ထဲမှာ သွားစားလေ့ရှိတယ်။ Engineering, Medical, Law, Science and arts ကင်တင်း အစုံပါပဲ လှည့်သွားနေတာ။ အများအားဖြင့်တော့ ရုံးနဲ့ ပိုနီးတဲ့ Science and arts ကို သွားတာများတယ်။ NUS ကဆိုင်တွေက ကျောင်းသားတွေအတွက်ဆိုတော့ ဈေးကတော့ အင်မတန်သက်သာတယ်။ အပြင်မှာ ဂျပန်စာတစ်ပွဲ ၇ကျပ်-၈ကျပ်ပေးရတဲ့ အချိန်မှာ အဲဒီကင်တင်းမှာ ၄ကျပ်-၄ကျပ်ခွဲကို အရသာလဲ မဆိုးပါဘူ။ set menu တွေဆို ပုဇွန်တန်ပူရာတွေရော၊ ဆယ်မွန်တွေရော၊ ငါးတန်ပူရာတွေရော၊ အသီးအနှံတန်ပူရာတွေ၊ အချိုပွဲ အသီးတွေရော စုံနေတာပဲ။ ကိုယ့်ဟာကိုယ်ဆို မကုန်လို့ ဘေးကကောင်လေးတွေထဲ ထည့်ပေးနေရတယ်။ ကုလားစာဆိုရင်တော့ Engineering ကင်တင်းမှာ အလွန်ကောင်း။ မဆွိတီတို့လင်မယားဆို သူ့အဖေရုံးမသွားတဲ့နေ့ဆို ကျောင်းကင်တင်းမှာချိန်းပြီး ကုလားစာအတူစားကြတာဗျ။

ကဲအပေါ်က မြေအိုး ကြက်တောင်ပံပေါင်းအကြောင်းဆက်ရရင် အဲဒီ Science and Arts ကင်တင်းမှာ Clay pot ဆိုင်တစ်ဆိုင်ရှိသဗျ။ အဲဒီမှာ Clay pot နဲ့ချက်တဲ့ ဟင်းအမယ်ပေါင်း ၂၀လောက်ကို ရောင်းတာ။ အမဲသား၊ ၀က်နံရိုး၊ ၀က်သားအာလူး၊ ကြက်တောင်ပံ၊ ကြက်သား ငရုပ်သီး၊ ငါး၊ Squish အစုံပါပဲ။ နေ့ခင်း ထမင်းစားချိန်ဆို တန်းကလဲ အမြဲမပြတ်ဘူးဗျ။ ဒါပေမဲ့ သူတို့လုပ်တာလဲ အရမ်းမြန်တယ်။ ဈေးကလဲ ၂ကျပ်-၃ကျပ်ဆိုတော့ စားရတာလဲ တန်တာကိုးဗျ။ မဆွိတီတို့ အဖွဲ့ဆို အများအားဖြင့် အဲဒီမှာပဲ စားလေ့ရှိတယ်။ အဲဒီဆိုင်က Clay pot sesame chicken က တော်တော်ကောင်းသကိုး။

ဒီရောက်တော့ တစ်နေ့တစ်နေ့ ဘာချက်ရမလဲ စဉ်းစား။ စားချင်တာတွေကလဲ စလုံးက ဘာကူးတေတို့၊ ကွေ့ချပ်တို့၊ ဟုတ်ကင့်မြီးတို့၊ Chicken rice တို့ အဲဒီ Clay pot sesame chicken တို့တွေ ဖြစ်နေတာနဲ့ပဲ အဲဒါတွေ တစ်နေ့တစ်မျိုး ချက်စားနေတော့တာပဲ။

မနေ့ကတော့ အိမ်မှာလဲ Chicken wing တွေ ရှိနေတာနဲ့ စိတ်ကူးရသွားတာ။ ချက်ရတာလဲ သိပ်မခက်ပါဘူး။ မဆွိတီကတော့ ၀ါသနာပါလို့လား မသိဘူး၊ အဲလိုချက်ရတာ အလွန်ပျော်သဗျ။ ချက်ပြီး ဆိုင်ကဟာနဲ့ တူမတူ စားကြည့်၊ မြည်းကြည့်ရတာလဲ အမော။

မြေအိုးကြက်တောင်ပံပေါင်းအတွက် လိုတဲ့ပစ္စည်းတွေက

ကြက်တောင်ပံ ကီလိုဝက် (ကြက်သားနဲ့ ချက်လဲကောင်းပါတယ်၊ ကြက်သားကို တစ်လမခွဲလောက် အတုံးတွေတုံးပါ)
ပဲငံပြာရည်အနောက်ရည် စားပွဲဇွန်း၂ဇွန်း
ပဲငံပြာရည် အကြည်(အချို)ရည် စားပွဲဇွန်း တစ်ဇွန်း
ခရုဆီ (Oyster sauce ) စားပွဲဇွန်း ၂ဇွန်း
တရုတ် ဟင်းချက်ဝိုင် စားပွဲဇွန်း ၄ဇွန်း (တရုတ်စာတွေကြိုက်တတ်တယ်ဆို အိမ်မှာ တရုတ်ဟင်းချက်ဝိုင် ၀ယ်ထားပါ။ အင်မတန် အသုံးဝင်ပါတယ်)
ဂျင်း ပါးပါးလှီထားတာ ၁၀ခုလောက်၊
ကြက်သွန်ဖြူ ၆မွှာခန့် (အခွံခွါစရာမလိုပါ)
ကြက်သွန်ဖြူ အနှစ် လဖက်ရည်ဇွန်း တစ်ဇွန်း (မရှိလျင် ကြက်သွန်ဖြူကို ထောင်းပါ)
ငရုပ်သီးခြောက် ၆တောင့်ခန့်
နှမ်းဆီ စားပွဲဇွန်း ၅ဇွန်းခန့်
သကြား စားပွဲဇွန်း ၂ဇွန်းခန့်
ကြက်သွန်မြိတ် ကြီးကြီးတစ်ခု (တစ်လက်မလောက်စီ လှီးဖြတ်ထားပါ)
ကြက်သွန်နီ တစ်လုံး ၈စိတ်စိတ်ပါ။
ငရုပ်ကောင်း လဖက်ရည်ဇွန်းတစ်ဝက်ခန့်
ပြောင်းဖူးမှုန့် (Corn flour)(သို့)ကော်မှုန့် စားပွဲဇွန်းတစ်ဇွန်းကို ရေနဲ့ ပျစ်ပျစ် ဖျော်ထားပါ။
ကြက်သားမှုန့် သင့်သလို


မဆွိတီ သုံးတဲ့ brand တွေပါ။ အများအားဖြင့် စင်္ကာပူ ဘရန်း Lee Kum Kee ကို သုံးတယ်။







ပထမဆုံး ကြက်တောင်ပံတွေကို ရေဆေးပြီး ကြက်သားမှုန့်၊ ငရုပ်ကောင်းတို့နဲ့ နယ်ထားပါ။


ဒယ်အိုး (သို့) ဒန်အိုးထဲ မှာ နှမ်းဆီကို ထည့်ပါ။ ဆီကျက်ရင် ဂျင်း၊ ကြက်သွန်ဖြူ အနှစ်၊ ကြက်သွန်ဖြူအမွှာလေးတွေကို ထည့်ပြီး မွှေးနေအောင် ဆီသတ်ပါ။

မွှေးလာရင် ငရုပ်သီးထည့် ပြီး ကြက်တောင်ပံကိုလည်းထည့် မွှေပေးပါ။ အဲဒီမှာ နှမ်းဆီနဲ့ ဆီသတ်ထားတော့ ဂျင်း၊ ကြက်သွန်ဖြူနံ့လေးရောပြီး ကြက်သားက တော်တော်ကို မွှေးနေပြီဗျ။


ကြက်တောင်ပံတွေ ကျက်လာပြီး ဆီသတ်တာ ကပ်လာပြီဆို ပဲငံပြာရည် အကြည်ရည်၊ အနောက်ရည်၊ ခရုဆီ၊ ဟင်းချက်ဝိုင်၊ သကြား အစရှိသည်တို့ကို ရောထည့်ပြီး ခဏလုံးလိုက်ပါ။(မွှေလိုက်ပါ)။ အရမ်းကပ်နေရင်တော့ ရေလေးပါ နဲနဲထည့်ပါ။ တူးနံ့နံသွားရင်လဲ မကောင်းဘူးလေ။


ပြီးတော့ မြေအိုးထဲကိုပြောင်းထည့်၊ ရေကို ကြက်သားမြုတ်အောင်ထည့်ပြီး အဖုံးအုပ် မီးအေးအေးနဲ့ နာရီဝက် ပေါင်းရပါမယ်။ မြေအိုးဆိုတော့လဲ မြေအိုးရအောင် မနဲရှာရတယ်။ Slow cooker ကတော့ သူ့အိုးပျောက်လို့ လိုက်ရှာနေရောပေါ့ဂျား)။
(မြေအိုးမရှိလဲ စောနက အိုးနဲ့ ပေါင်းလဲ ရပါတယ်။ မြေအိုးနဲ့က ပို နူးလွယ်သဗျ။)


ကြက်သားနူးအိလာရင် ကော်ရည်ဖျော်ထားတာ လောင်းထည့်၊ ကြက်တောင်ပံတွေ မကြေအောင် အသာလေး မွှေပေးပါ။ ပြီးရင် ကြက်သွန်နီ၊ ကြက်သွန်မြိတ်ထည့်၊ တစ်မိနစ်လောက်ထပ်တည်၊ အပေါ့၊ အငံ၊ အချိုလေးမြည်းပြီး စားလို့ရပါပြီခင်ဗျာ။


နှမ်းဆီနံ့ မွှေးမွှေးလေးနဲ့ ကောင်းမှကောင်း၊ ချိုမှချို၊ မြေအိုး ကြက်တောင်ပံပေါင်းပါ။ ဆိုင်မှာတော့ ထမင်းဖြူလေးကို ပန်းကန်လုံးထဲထည့် တူလေးနဲ့ ဇွန်းလေးနဲ့ စားပါတယ်ခင်ည။ အားပေးကြပါဦး။

Tuesday, August 23, 2011

ဂျူဂျူလေးနဲ့ အော်ဇီကျောင်း ပညာရေး

အန်တီဆွိကို ဒီရောက်တော့မေးကြတာ ...

"ခလေး ပညာရေး ဘယ်လိုလဲ ..."
" အိမ်စာမလုပ်ရဘူးဆို ..."
"စလုံးမှာထက် သက်သာတယ်ပြောတယ် ... ဟုတ်သလား "
"ဘယ်နှစ်တန်းက စနေရသလဲ ... " အစရှိသဖြင့် မေးခွန်းတွေပေါ့။

ဒါတွေကို ပြန်ဖြေရမယ်ဆို ဟုတ်ပါတယ်။ ဒီမှာ ဂျူဂျူလေးဟာ စလုံးမှာထက် ပိုသက်သာပါတယ်။ အိမ်စာ လုံးဝ မရှိဘူးတော့ မဟုတ်ဘူး။ ရှိတယ်။ ဒါပေမဲ့ အိမ်စာချည်းသက်သက်ဆို ၁၀ မိနစ်-၁၅မိနစ်လောက်ပဲ လုပ်ရပါတယ်။ သူတို့အိမ်စာ assignment စာရွက်မှာကို (written homework should generally take no longer than 10 to 15 mins )အဲလိုရေးထားတာပါ။ စလုံးမှာတော့ ကျောင်းကနေကို တရားဝင်စာကြည့်ချိန် ၃နာရီ သတ်မှတ်ထားတော့ ညညဆို အိမ်စာတွေ အများကြီး လုပ်ရတဲ့အပြင်၊ ကျူရှင်ကစာတွေပါ လုပ်ရတော့ တော်တော့်ကို ပင်ပမ်းပါတယ်။ ဒီမှာ စာဖတ်ဖို့ အချိန်(ကြိုက်တဲ့စာအုပ်ဖတ်) ကိုလဲ home work ထဲမှာ ထည့်ထားပါတယ်။ အဲဒါက ၁၀မိနစ်ကနေ ၁၅မိနစ်၊ အိမ်စာ (writeen) က ၁၀မိနစ်ကနေ ၁၅ မိနစ် စုစုပေါင်း အလွန်ဆုံး နာရီဝက်လောက်ပဲ လုပ်ရပါတယ်။ သောကြာနေ့နဲ့ weekend တွေမှာ အိမ်စာလုံးဝ မပေးလိုက်ပါဘူး။ နေ့စဉ် Monday ကနေ Thursday အထိ ခေါင်းစဉ်လေးတွေနဲ့ အတိအကျ အိမ်စာကို လုပ်ခိုင်းတာပါ။ ဂျူဂျူလေးကတော့ စာလုပ်ရမှာပျင်းတဲ့သူဆိုတော့ ဒီရောက်တော့ အရမ်းပျော်တာပေါ့ဗျာ။

အိမ်စာ နမူနာ
ဂျူဂျူလေးရဲ့ အိမ်စာ နမူနာပါခင်ည။






နောက်ပြီး အင်္ဂလိပ်စာ အရေးအသားအတွက် အပတ်စဉ် News ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Essay လို၊ Presentation လို ရေးရပါတယ်။ ခေါင်းစဉ်တွေကတော့ Energy, My favourite book, What I care for အစရှိသဖြင့် သတင်းခေါင်းစဉ်လို၊ Article လို ခေါင်းစဉ်တွေ ရေးရပါတယ်။ Power point slide show နဲ့လဲ ပြလို့ရပါတယ်။ အများအားဖြင့် ၃မိနစ်ကနေ ၄မိနစ်စာလောက်ပဲ ရေးရတာပါ။

နောက်ထူးဆန်းတာ တစ်ခုက ဒီမှာ text book ဆိုတာ မရှိတော့ ကျောင်းမှာ ဘာသင်မှန်းလဲ မသိရဘူး။ ကျောင်းကစာအုပ်တွေလဲ ကျောင်းမှာပဲ ထားရတယ်။ အိမ်ကိုလဲ တစ်ခါမှ မသယ်ရဘူးခင်ဗျ။ ခလေးတွေ စာအုပ်တွေ နေ့တိုင်းသယ်နေရရင် လေးမှာစိုးလို့နဲ့တူပါတယ်။ ကျောင်းမှာ စာအုပ်တွေအများကြီးရှိတယ်လို့ ဂျူဂျူကပြောပါတယ်။
နေ့စဉ်ဂျူဂျူကျောင်းကိုသယ်ရတာက အိမ်စာ စာရွက်တွေထည့်တဲ့ ဖိုင်လေးရယ်၊ အိမ်စာ Exercises book အပါးလေးတစ်အုပ်ရယ်ပါပဲ။ သောကြာနေ့ကျရင်တော့ ကျောင်းက library မှာ စာအုပ်၂အုပ်ငှါးရတော့ အဲဒီစာအုပ်တွေထည့်တဲ့ အိပ်လေးအပို သယ်ရပါတယ်။

အော်ဇီက အတန်းတွေ
အော်ဇီမှာ အတန်းတွေကို Year 1 , Year 2 အစရှိသဖြင့်ခေါ်ကြတယ်။ အမှန်က Year 2 က စင်္ကာပူ primary 1 နဲ့ 2 ကြားလောက်ပဲရှိတော့ ဂျူဂျူလေးအတွက် စာတွေက နိမ့်နေတယ်။ အင်္ဂလိပ်စာ အရေးတစ်ခုပဲ သူ့အတွက် နဲနဲမြင့်နေတာ။ သူတို့က အသက်နဲ့ပဲ အတန်းကို တွက်တာဆိုတော့ ဒီနှစ်ဇူလိုင်မှာ ၈နှစ်မပြည့်သေးတဲ့ ဂျူဂျူလေးက Year 2 ပဲ ရောက်သွားတာ။ ကျောင်းတက်ဖို့အတွက် ၀င်ခွင့်လို စာမေးပွဲတွေ ဘာတွေလဲ မရှိပါဘူး။

ဒီမှာရောက်စက သူတို့ အခေါ်အဝေါ်တွေကို မျက်စေ့လည်တာ။ အတန်းတွေကို K-2, K-6 အစရှိသဖြင့် ခေါ်သေးတယ်။ K ဆိုတာ Kindergarten ဖြစ်ပြီး K-2 ဆိုတာ သူငယ်တန်းကနေ Year 2 အထိပေါ့။ K-6 ဆိုတာ သူငယ်တန်းကနေ year 6 အထိ။ Primary School တွေက K-6 ထိ သင်ရတယ်ပေါ့။ ဒီမှာ သူငယ်တန်း စတက်မည့်သူက အဲဒီနှစ် ဇူလိုင်လ ၃၁ရက်နေ့မှာ ၅နှစ်ပြည့်ပြီးဖြစ်ရပါမယ်။ (စလုံးမှာတော့ primary ကျောင်းတွေမှာ သူငယ်တန်း မရှိပါဘူး)။ K-6 ကို အဆင့်တွေလဲ သတ်မှတ်ထားသေးတယ်။

Early Stage 1 -refers to Kindergarten

Stage 1 includes Years 1 and 2

Stage 2 includes Years 3 and 4

Stage 3 includes Years 5 and 6

NSW ပြည်နယ်မှာတော့ Year 7 ကနေ Year 12 အထိက High school ကျောင်းတွေမှာ ဆက်တက်ရမှာ ဖြစ်ပါတယ်။ တချို့ပြည်နယ်တွေမှာတော့ secondary school ခေါ်ပါတယ်။ ပြည်နယ်တစ်ခုနဲ့ တစ်ခု အခေါ်အဝေါ် ၊ အတန်းသတ်မှတ်ပုံ အနည်းငယ်ကွာခြားပါတယ်။ Year 12 ပြီးရင် HSC (Higher school certificate) ရပါတယ်။

NSW ရဲ့ ပညာရေး စံနစ်ကို အသေးစိပ် ဒီ နေရာမှာ သွားဖတ်နိုင်ပါတယ်။




သင်ကြားရမဲ့ ဘာသာရပ်များ


ဘာသာရပ်အနေနဲ့ကတော့ ခု ဂျူဂျူလေးတို့ Year 2 မှာ အင်္ဂလိပ်စာရယ်၊ သင်္ချာရယ်ပဲ အဓိက သင်ရတယ်။ ဂျူဂျူလေးကို မေးကြည့်တော့ ကျောင်းမှာတော့ တစ်ခါတစ်ရံ
personal development, health and physical education,
creative arts တွေလဲ သင်ရတယ် ပြောတယ်။ Foreign language (Community language ခေါ်ပါတယ်) ကတော့ ကိုယ်သင်ချင်ရင် သင်ချင်တဲ့ ဘာသာကို စာရင်းပေးလိုက်ရင် အဲဒီအတန်းကို သွားတက်ရတယ်။ လောလောဆယ်တော့ အငယ်တန်းတွေအတွက် တရုတ်နဲ့ ကိုရီးယား၂ဘာသာပဲ ရှိတယ်လို့ ပြောပါတယ်။ ဂျူဂျူလေးကိုတော့ တရုတ်စာသင်တန်းမှာ ဆက်သင်ထားတယ်။ တရုတ်စာက စလုံးမှာ တော်တော်ခရီးပေါက်ခဲ့ပြီဆိုတော့ မေ့သွားရင် နှမြောစရာ။ အဲဒီတရုတ်စာက အိမ်စာရယ်လို့လုံးဝမရှိ။ စာမေးပွဲလည်းမရှိဘူးခင်ဗျ။

K-6 (Primary school)မှာ သင်ကြားရမဲ့ ဘာသာရပ်တွေပါ။ စင်္ကာပူမှာ သင်ရတာတွေနဲ့ တော်တော်ဆင်ပါတယ်။ mother tongue language တစ်ခုပဲ ဒီထဲမှာ မတွေ့တာ။ ဒါပေမဲ့ ကိုယ်သင်ချင်ရင် အတန်းပိုင်ဆရာမကို ပြောပြီး သင်လို့ရပါတယ်။
English
mathematics
science and technology
human society and its environment
personal development, health and physical education
creative arts

NAPLAN စာမေးပွဲ
နောက်ပြီး အတန်းတိုင်းမှာ စာမေးပွဲမရှိပဲ Year 3, Year 5, Year 7 နဲ့ Year 9 တွေမှာပဲ တစ်နှစ်ခြားစီ NAPLAN (နပ်ပလမ်) ( National Assessment Program — Literacy and Numeracy )လို့ ခေါ်တဲ့ စာမေးပွဲ စစ်တယ်။ အဲဒီအတန်းတွေက မြန်မာပြည် ၁၀တန်းလို တစ်နိုင်ငံလုံး တစ်ချိန်တည်း မေးခွန်းတစ်ခုတည်းကို ဖြေရတာပါ။ စာမေးပွဲတွေက နှစ်စဉ် မေလ မှာ ကျင်းပလေ့ရှိပါတယ်။ အဆင့်တစ်ခုကနေ တစ်ခုတက်ဖို့အတွက် accessment သဘောမျိုးပေါ့ခင်ဗျာ။ Year 3 အတွက်ကတော့ အင်္ဂလိပ်စာ အရေးအဖတ် နဲ့ သင်္ချာဘာသာရပ်တွေကို စစ်တာပါ။ ဂျူဂျူတို့လဲ နောက်နှစ်မေလမှာ ဖြေရပါမယ်။

ဘာတွေမေးလဲဆိုတာ အသေးစိတ်ကိုတော့ ဒီ web page မှာ လေ့လာနိုင်ပါတယ်။

ကျောင်းဖွင့်ချိန်နှင့် ဟောလီးဒေးပိတ်ရက်များ
ကျောင်းတွေက နှစ်စဉ် ဇန်န၀ါရီလကုန်မှာဖွင့်ပြီး term တစ်ခုစီရဲ့ အဆုံးမှာ school holiday ၂ပတ်စီ ပိတ်ပေးပါတယ်။
၂၀၁၁ ခုနှစ်အတွက် school term တွေပါ။

Term 1 - 28 January 2011 to 8 April 2011

Term 2 - 27 April 2011 to 1 July 2011

Term 3 - 18 July 2011 to 23 September 2011

Term 4 - 10 October 2011 to 20 December 2011

စင်္ကာပူ Vs အော်ဇီ
ဂျူဂျူလေးလဲ နောက်နှစ် year 3 မှာ ဖြေရတော့မှာမှို့ သူအားနည်းတဲ့ အင်္ဂလိပ်စာ အရေးကို လေ့ကျင့်ပေးနေရပါတယ်။ ခုလောလောဆည်တော့ ဂျူဂျူလေးကို အင်္ဂလိပ်စာ ကျူရှင်မပေးသေးပါဘူး။ စောင့်ကြည့်နေဆဲပါ။ သင်္ချာကတော့ စင်္ကာပူကသင်ခဲ့တဲ့ Kumon ကို ဒီမှာလဲ တန်းခွဲရှိတာမှို့ ဆက်ယူပါတယ်။ အိမ်နဲ့လဲ သိပ်မဝေး၊ တစ်ပတ်ကို တစ်ရက်ပဲ ပို့ရတော့ အဆင်ပြေပါတယ်။ သင်္ချာကတော့ ကူမွန်ကျေးဇူးနဲ့ ဂျူဂျူလေးဟာ တစ်တန်းခွဲလောက် ကျောင်းထက် ကျောနေပါတယ်။ သင်္ချာအတွက်တော့ လုံးဝ စိတ်ပူစရာ မရှိဘူးပေါ့ခင်ဗျာ။ မကြာခင်အချိန်မှာ ၂တန်းလောက်ကျောရင် ဆုပေးမယ်ပြောပါတယ်။ ကူမွန်ယူတော့ ကူမွန်က အိမ်စာကတော့ လုပ်ရပါတယ်။ ဒါပေမဲ့ တရုတ်စာ အိမ်စာ လုံးဝမရှိတာရော၊ ကျောင်းက အိမ်စာနည်းသွားတာရော သူ့အတွက်တော်တော် သက်သာပါတယ်။ စင်္ကာပူမှာတုံးကတော့ ၃ဘာသာလုံးကျူရှင်ယူတော့ ကျူရှင်ကအိမ်စာ၊ ကျောင်းကအိမ်စာနဲ့ လုံးလည်လိုက်နေတာပါပဲ။

နောက်ပြီး စင်္ကာပူမှာတုံးက ဂျူဂျူတို့ကျောင်းကိုယ်၌ကိုက အဆင့်တက်အောင် ကြိုးစားနေလို့ Kiasu ကျောင်းဖြစ်နေပါတယ်။ သူများကျောင်းတွေ P1(Primary 1) မှာ စာမေးပွဲ မရှိတာကို ဂျူဂျူလေးတို့ခင်မျာ (P1 မှာတောင် ) တစ်နှစ်လုံး စာမေးပွဲ ၄-၅ခုနဲ့ နားရတယ်မရှိ စာကြည့်နေရတာပါပဲ။ စာမေးပွဲတစ်ခုပြီးလို့မှ နားမယ်မကျန်သေးဘူး။ နောက်စာမေးပွဲတစ်ခုအတွက် ပြင်ဆင်နေရပါပြီ။ စာမေးပွဲတွေကိုလဲ ခေါင်းစဉ်မျိုးစုံတပ်ပြီး ခလေးမနားရအောင် စစ်တော့တာပါပဲ။ ဒီမှာတော့ အဲလို စာမေးပွဲတွေ ခဏခဏ မရှိတာကိုက ခလေးတွေအတွက် stress လျော့စေပါတယ်။ စလုံးမှာ ခလေးကျောင်းပိတ်ရက်ဆိုလဲ အိမ်စာတွေက ကျောင်းပိတ်ရက်နဲ့ မတန်အောင် ပေးလိုက်တဲ့ အိမ်စာ list အရှည်ကြီးကိုကြည့်ပြီး ဆရာမတွေကို စိတ်တိုခဲ့ဖူးပါတယ်။ ဒီမှာတော့ school holiday ၂ပတ်ဆို ၂ပတ် အပြည့်အ၀ နားရပါတယ်။ အိမ်စာ လုံးဝ (လုံးဝ) မပေးပါဘူးခင်ဗျာ။ ဒါတောင် ဂျူဂျူတို့ကျောင်းက အောင်ချက်အရမ်းမြင့်ပြီး NSW ပြည်နယ်ရဲ့ အောင်ချက်အကောင်းဆုံး( Primary School) ထဲမှာ နံပတ် ၁၅ အတွင်း ၀င်တဲ့ကျောင်းပါခင်ညာ။


ဂျူဂျူလေးတို့ကျောင်း

ဂျူဂျူတို့ကျောင်းအကြောင်း ဆက်ရေးရရင် မဆွိတီတို့ ဒီဖက်ပြောင်းမယ်ဆိုတော့ ဦးခြိမ့်အလုပ်နဲ့လဲ သိပ်မဝေးတဲ့ ကျောင်းကောင်းတာလေး အရင်ရှာ၊ ပြီးမှ ကျောင်းအနီးအနားမှာ အိမ်ငှါးနေရတာပါ။ ကျောင်းကောင်းတာကတော့ ဂူဂဲလ်မှာ "top primary schools in nsw" လို့ရှာလိုက်ရင် list တွေ ထွက်လာတာပါပဲ။


ဒီမှာလဲ စလုံးလိုပဲ။ အဲဒီကျောင်းမှာ အပ်ချင်ရင် ကျောင်းနား တစ်ကီလိုမီတာ ပတ်လည်လောက်မှာနေမှ ကျောင်းအပ်လို့ရမှာမှို့ အိမ်ရအောင် မနည်းရှာလိုက်ရပါတယ်။ ရယ်စရာကောင်းတာက ဂျူဂျူတို့ကျောင်းက နာမည်ကြီးတော့ အများအားဖြင့် အဖြူတွေ မနေပဲ၊ ပညာရေးမှာ Kiasu ဖြစ်တဲ့ မဆွိတီတို့လို အာရှတွေပဲ တက်တာများတယ်ခင်ည။ ရောက်စကတော့ ဂျူဂျူလေးအတွက် စိတ်ပူတာ၊ အဖြူတွေ နှာခေါင်းချွန်ချွန်တွေကြားမှာ မျက်နှာငယ်ရှာရော့မယ်ထင်နေတာ။ ကျောင်းသွားအပ်တဲ့နေ့လဲကျရော အထင်နဲ့ အမြင်တက်တက်စင်လွဲပါလေရော။ ဂျူဂျူလေးတို့ အတန်းထဲမှာ လူ၂၈ ယောက်ရှိရာမှာ ကျန်တာတွေက အာရှသားတွေဖြစ်ပြီး ၃ဦးသာ အဖြူ(ဥရောပတိုက်သား-သြော်ဇီလူမျိုး) တွေဖြစ်နေလို့ပါပဲ။ အများအားဖြင့် ထိုင်ဝမ်တို့ ဟောင်ကောင်တို့က တရုတ်တွေ၊ ဗီယက်နမ်တွေ၊ လက်ဗနွန်တွေ၊ နောက် ကိုးရီးယားတွေနဲ့ အိန္ဒိယလူမျိုး အနည်းငယ် ဖြစ်ပါတယ်။ စလုံးကလာတဲ့ တရုတ် အင်မတန်ရှားပါတယ်။ ဂျူဂျူလေးအတွက်ကတော့ တရုတ်တွေနဲ့ used to ဖြစ်နေတော့ သိပ်တော့ မဆန်းဘူးပေါ့ဗျာ။ တော်တော်ကို အဆင်ပြေပါတယ်။ သင်တဲ့ ဆရာဆရာမတွေကတော့ အားလုံး အဖြူတွေပဲ ဖြစ်ပါတယ်။ ဒီက ဓလေ့ထုံးစံအရ ဆရာ၊ ဆရာမတွေကလဲ အင်မတန် ဖော်ရွေပြီး သဘောကောင်းကြသူတွေများပါတယ်။ ခွဲခြားမှု မရှိပါဘူး။

ကျောင်းအတွက် ကုန်ကျစံရိတ်


ဒီမှာကျောင်းလခက အခမဲ့ပေမဲ့ ကျောင်းစအပ်တော့ အလှူငွေဆိုပြီး ၁၀၀ ထည့်ရသဗျ။ နောက်ပြီး ကျောင်းမှာလုပ်တဲ့ activity ဖိုးတွေကလဲ ပေးရတော့ ပြီးခဲ့တဲ့ term က စုစုပေါင်း ၂၀၀ လောက်ကျတယ်။ ဒါတင်မက ကျောင်းဝတ်စုံစံရိတ်က အင်မတန်ဈေးကြီးသဗျ။ အခုဝတ်နေတဲ့ Winter uniform (၂စုံ)ဆို အထပ်ထပ်ဝတ်ရတာမှို့ ရယ်၊ အားကစားနေ့တွေအတွက် Sports uniform တစ်စုံဝယ်လိုက်တာရယ်၊ ကျောင်းယူနီဖောင်းဖိုးတင် ၄၀၀လောက်ကျသွားပါတယ်။ အင်္ကျီဈေးတွေကလဲ မတရားသဖြင့်တင်ထားပါတယ်။ ခလေးဝတ်ရှပ်အကီင်္ျ လက်ရှည်တစ်ထည်ကိုတောင် ၂၈ ကျပ်နဲ့ ရောင်းပါသဗျာ။ ခုနောက်တန်းအတွက်လဲ activity ဖိုး ၁၀၀လောက် ထပ်ပေးလိုက်ရသေးတယ်။ activity ဆိုတာကတော့ ကျောင်းမှာ လုပ်တဲ့ အားကစားပွဲတို့၊ Excursion ထွက်တာတို့၊ ကျောင်းက လုပ်တဲ့ ပညာရေးနဲ့ဆိုင်တဲ့ show တို့အတွက်ပေါ့။ နောက် summer ရောက်ရင်လဲ summer uniform ဆိုလဲ ထပ်ဝယ်ရဦးမတဲ့။

ဂျူဂျူလေးရဲ့ ကျောင်းဝတ်စုံ။ (အပေါ်ဝတ် အနွေးထည် Jacket မပါသေးပါ။)


ဒါကိုသိလို့လားမသိ အစိုးရက အဲဒီဝတ်စုံဖိုးတွေကို နောက်နှစ်ကစပြီး tax ပေးတဲ့နေရာမှာ ပြန် claim လို့ရပြီလို့ ကြေငြာထားတယ်။ ခုလောလောဆယ်တော့ စာရေးကိရိယာဖိုး ဒေါ်လာ၃၅၀ဘိုး အထိ claim လို့ရတယ်။ မဆွိတီတို့က မသိတော့ ဘောက်ချာတွေ မသိမ်းထားတာနဲ့ အဲဒါလဲ ဒီနှစ် မ claim လိုက်ရဘူး။ ကျောင်းက text book ဖိုးကတော့ မရှိသလောက်ပဲ။ စာရေးကိရိယာဆိုလဲ exercises စာအုပ်လေးတစ်အုပ်နဲ့ ခဲတံ၊ ခံဖျက်၊ ပေတံ ဒါလောက်ပဲ။ အပြင်ကနေ ၀ယ်ရတာ။

ကျောင်းတက်ချိန်
ကျောင်းချိန်ကတော့ တစ်နေကုန်ကျောင်းခေါ်ရမလား။ မနက် 9:25 မှာတက် ညနေ- 3:25မှာ ဆင်းပါတယ်။
နေ့ခင်း ထမင်းစားချိန် (Lunch- 11:25am - 12:15pm ) ကတော့ တစ်နာရီနီးပါးဖြစ်ပြီး Recess( 2:05pm - 2:25pm) ခေါ်တဲ့ မုန့်စားချိန်လဲရှိပါတယ်။ ခလေးအများစုကတော့ အိမ်ကပဲ Sandwitch လိုဟာမျိုး ထုတ်လာကြတာများပါတယ်။ Recess အတွက်လဲ ဘီစကစ်လို၊ ကွတ်ကီးလို၊ ချောကလက်လို မုန့်မျိုးတွေ ထည့်ပေးရပါသေးတယ်။ ဂျူဂျူးကတော့ ကျောင်းက ကင်တင်းမှာ အအေးဗူးလို ဟာမျိုးတွေပဲ တစ်ခါတစ်ရံ ၀ယ်သောက်ပါတယ်။ ထမင်းလို ခေါက်ဆွဲလိုဟာမျိုးတော့ ဘယ်သူမှ မထုတ်လို့ ဂျူဂျူကလဲ မယူပါဘူးခင်ဗျာ။ အဲဒီတော့ သူ့ကို အိမ်ရောက်တာနဲ့ ဗိုက်ဝမဲ့ ထမင်းလို၊ ခေါက်ဆွဲလိုဟာမျိုး ထပ်ကျွေးရပါသေးတယ်။ ညစာတော့ သူ့အဖေပြန်လာမှ၊ ၆ခွဲ ၇လောက်မှ စားကြလို့ တော်သေးတယ်။


News letter



ကျောင်းရဲ့ activity တွေနဲ့ ပတ်သတ်လို့ ကျောင်းကနေ အပတ်စဉ် news letter လေးတစ်စောင်ထုတ်ပေးပါတယ်။ အဲဒီထဲမှာ ကျောင်းနဲ့ ပတ်သတ်သမျှ အားလုံးစုပြီး ရေးထားပါတယ်။ libiary မှာ volumteer လိုတာက အစ၊ ဘယ်ဆရာမ အသစ်လာတာက အစ၊ သတင်းမှန်သမျှ အကုန်ရေးထားပါတယ်။ ဒီထဲမှာပဲ ခလေးတွေရဲ့ manner နေ့စဉ်အပြုအမူ၊ ဂရုစိုက်သင့်တာလေးတွေနဲ့ပတ်သတ်ပြီးလဲ မိဘတွေကို လေ့ကျင့်ပေးဖို့ရေးထားပါတယ်။ ဒီမှာ စလုံးထက်သာတာတစ်ခုက ခလေးရဲ့ အပြုအမူ good character၊ good behaviour နဲ့ ပတ်သတ်ပြီးလဲ သေချာကို သင်ကြားပေးတာမျိုး ရှိပါတယ်။ အောက်က news letter မှာပါတဲ့ စာလေးတွေ ဖတ်ကြည့်ပါ။






ပညာရေးနဲ့ ပတ်သတ်ပြီး စိုးရိန်မှု

မဆွိတီတို့ မိဘတွေအနေနဲ့ စိုးရိမ်တာတစ်ခုက စာသိပ်မလုပ်ရတော့ ခလေးက ပေါ့သွားမှာလဲ ကြောက်နေရတယ်။ မဆွိတီတို့ ဒီကိုလာခါနီး စလုံးကနေ ကနေဒါကို ၆နှစ်လောက်ထွက်သွားတဲ့ ဦးခြိမ့်သူငယ်ချင်း မိသားစုတစု စင်္ကာပူကို အပြီးပြန်လာတယ်။ အကြောင်းကတော့ သူ့ခလေးတွေ ပညာရေး အားမရလို့၊ ခလေးတွေ မနိုင်လို့ဆိုတယ်။ သားလေး၂ယောက်ရှိရာမှာ ကျောင်းမှာ သိပ်လွတ်လပ်လွန်းပြီး ဘာ pressure၊ တွန်းအားမှ မရှိတော့ ခလေးတွေ စာလုပ်ဖို့ပြောလို့မရ၊ စာလဲကြိုးစားမှုမရှိပဲ ပညာရေးအခြေအနေ အလွန်ဆိုးရွားလာလို့ စိတ်ပျက်ပြီး စလုံးကို ပြန်လာတယ်လို့ ဆိုပါတယ်။ ဟုတ်မဟုတ်တော့မသိပါ။ မဟုတ်ရင်တောင်မှ ပြန်လာတဲ့ အချက်ထဲက တစ်ချက်တော့ဖြစ်နိုင်လောက်တယ်လို့ ကောက်ချက်ချမိလို့ မဆွိတီတို့လဲ ဂျူဂျူလေးကို မလျော့ မတင်း စောင်းကြိုးညှင်းဆိုသလို သိပ်ပေါ့မသွားအောင် လုံးဝလွှတ်မထားပဲ ခုလိုငယ်ငယ်ကတည်းက နဲနဲပါးပါးတော့ လေ့ကျင့် ကြပ်မတ်ပေးနေရပါကြောင်း။

Monday, August 22, 2011

ဆစ်ဒနီမှ ပန်းလေးများ


အန်တီဆွိတို့ စာရေးရမှာ နဲနဲပျင်းနေလို့ ဆားချက်လိုက်ဦးမယ်ဂျာ။

သမီးကျောင်းကိုလိုက်ပို့ရင်း လမ်းဘေးဝဲယာက ပန်းပင်လေးတွေ လှလို့ မှတ်တမ်းတင်ထားတာလေး တင်ပေးလိုက်ပါတယ်။
အားလုံး ပျော်ရွှင်လန်းဆန်းကြပါစေ။





အိမ်ကို သွားတဲ့ လမ်းမတစ်လျှောက်မှာ ပန်းရောင် ခပ်နုနုပန်းလေးတွေ တစ်ပင်လုံးဝေအောင်ပွင့်နေကြတယ်။ ချယ်ရီတွေလားမသိဘူးဆို ချယ်ရီပန်း အပြင်မှာ တစ်ခါမှ မမြင်ဖူးလို့ ဂူဂဲလ်က ပုံနဲ့ တိုက်ကြည့်မှ ချယ်ရီပန်းမှန်း သေချာသွားတာ။








တတိုင်းမွှေးလို့ ပြောနေတဲ့ ပန်းတွေကလဲ အပွင့်အကြီးကြီးတွေ တစ်ပင်လုံး ဝေလို့။







ဒီပန်းလေးတွေကတော့ တောင်ဇလတ်ပန်း ခေါ်မလားပဲ။




အော်ဇီမှာ ရာသီဥတု ၄မျိုးရှိရာမှာ ခုချိန်ကတော့ ဆောင်းကုန်ခါနီး နွေဦးပေါက်ရောက်ခါနီး အချိန်ပေါ့ခင်ဗျာ။

ကြုံတုံးလေး အော်ဇီရဲ့ ရာသီဥတုတွေနဲ့ မိတ်ဆက်ပေးပါရစေ။
ဇွန်မှ သြဂတ်စ် (ဆောင်းရာသီ -Winter)
စက်တင်ဘာ မှ နိုဝင်ဘာ (နွေဦးပေါက် -Spring)
ဒီဇင်ဘာ မှ ဖေဖော်ဝါရီ (နွေရာသီ -Summer)
မတ်ခ်ျ မှ မေ (အော်သန် - Autumn)


နွေဦးပေါက်မှာတော့ ပန်းတွေ အင်မတန်ပွင့်ပါတယ်တဲ့။ နွေဦးပေါက်နားနီးလို့လားမသိ။ ခုချိန်ကတည်းကကို ပန်းလေးတွေ ပွင့်နေတာ တော်တော်ကို လှပါတယ်။




ဆောင်းရာသီမှာတော့ အပူချိန်က ညဖက် အအေးဆုံး ၄ဒီဂရီ စင်တီဂရိတ် အထိကျတတ်ပြီး နေ့ဖက်ဆို ပျမ်းမျှ ၁၄ လောက်ရှိပါတယ်။ နွေမှာတော့ ၄၀ ဒီဂရီ အထိကို ပူတယ်လို့ ပြောကြပါတယ်။ ဒီမှာ heater တွေသာရှိပြီး Aircon တော့ မရှိကြပါဘူးတဲ့။ အဲဒီတော့ နွေရာသီ ဘယ်လိုနေကြလဲဆိုတော့ ဒီလိုပဲ တစ်လ ၂လလောက်တော့ ပန်ကာလေးဘာလေး ဖွင့်ပြီး သည်းခံနေကြတယ်ပြောတာပဲ။ အန်တီဆွိတို့တော့ အေးလို့ ညည်းပြီးရင် ပူလို့ ထပ်ညည်းရဦးမယ်နဲ့ တူပါရဲ့။


ခုချိန်ထိ တွေ့မိသလောက် ဒီဆောင်းရာသီမှာ အသားအရည် ထင်သလောက်ကြီးတော့ မခြောက်ဘူးခင်ဗျ။ စိုထိုင်းစ (humidity) အရမ်းနည်းလာပြီဆို မိုးက ရွာ ရွာပေးတယ်။ မိုးက တစ်ပတ်တစ်ကြိမ်၊ ၂ပတ်တစ်ကြိမ်လောက် ရွာပေးတော့ အေးပေမဲ့ သိပ်ခြောက်သွေ့မှုမရှိပဲ နေရတာ ကောင်းပါတယ်။















တ တိုင်းမွှေးဆိုပေမဲ့ မွှေးရနံ့တော့ တစက်မှ မရလို့ ပန်းနာမည်ကိုတောင် မကျေနပ်ဖြစ်မိသေး။ ဒီမှာပွင့်တဲ့ တစ်ချို့ပန်းတွေက အပူပိုင်းဒေသနဲ့ မတူတာက ပွင့်ရင် အရွက်တစ်ရွက်မှ မရှိပဲ တစ်ပင်လုံး ဝေအောင် ပွင့်တော့တာပဲဗျို့။





ပန်းရောင်အင်္ကျီလေးနဲ့ အန်တီဆွိရဲ့ တတိုင်းမွှေး။