Wednesday, April 15, 2009

စင်္ကာပူမှာ အိမ်ဝယ်မယ်ဆိုရင် ...(၂)


(မြန်မာကျူးပစ်ဖိုရမ်မှ ကိုမောင်ခြိမ့်ရေးထားသည်များကို ပြန်လည်ကူးယူဖေါ်ပြပါသည်။
စုစုပေါင်း အပိုင်း ၇ပိုင်းရှိပါတယ်။ တစ်ပိုင်းစီအေးအေးဆေးဆေးဖတ်နိုင်အောင် တင်ပေးသွားပါမယ်။)

(၅) အိမ်ဝယ်ချိန်တွင် ကုန်ကျနိုင်မည့်ငွေ နှင့် လစဉ်ပေးဆပ်ရမည့်ငွေကိုခန့်မှန်းခြင်း

ကိုယ်ဝယ်ယူမဲ့အိမ်နေရာ နယ်မြေနဲ့ အရွယ်အစားကို လေ့လာပြီးရင် အိမ်ဝယ်တဲ့အချိန်မှာ ငွေဘယ်လောက်စိုက်ထုတ်ရမလဲ၊ လစဉ် ဘယ်လောက်ပေးရမလဲဆိုတာ ကို ကျွန်တော်တို့ စဉ်းစားရမှာပါ။

ပွဲစားကို မဆက်သွယ်သေးပါဘူး။ အိမ်ဝယ်ရန်ပြင်ဆင်နေချိန်၊ ကိုယ်ရဲ့အိမ်ထောင်ဖက်နဲ့ တိုင်ပင်ချိန်မှာ ပြင်ဆင်ချက်တွေပါ။

(က) စီပီအက်ဖ် မှာငွေ ဘယ်လောက်ရှိမလဲ။ ပီအာရပြီးတဲ့သူတိုင်းမှာ စီပီအက်မှာ ငွေစတင် စုဆောင်းမိလာကြပါပြီ။ အားလုံးသိထားတဲ့အတိုင်း စီပီအက်မှာ အပိုင်း ၃ ပိုင်းရှိပါတယ်။ Ordinary, Medisave and Special account ဆိုပြီး ရှိပါတယ်။ အိမ်ဝယ်မဲ့သူတွေက စီပီအက်ဖ်ထဲက ငွေကို ထုတ်သုံးမယ်ဆိုရင် Ordinary account ထဲက ငွေကိုပဲ ထုတ်ခွင့်ရှိပါတယ်။ ကျန်တာကိုထိလို့မရပါဘူး။

(ခ) အိမ်ဝယ်ပြီဆိုရင် ၈၀ရာနှုန်း ငွေချေးခြင်း၊ ၉၀ ရာနှုန်းငွေချေးခြင်း ဆိုပြီးရှိပါတယ်။ အိမ်တန်ဖိုးရဲ့ ၈၀ ရာနှုန်းကို ဘဏ်က ငွေရယူပြီး ကျန်တဲ့ ၂၀ ရာနှုန်းကို စီပီအက်ဖ် နှင့် မိမိကိုယ်ပိုင်ငွေများထဲက ပေးရတာပါ။

ဥပမာဆိုပါစို့။ စင်္ကာပူဒေါ်လာ 320k(320,000) တန်ဖိုးရှိတဲ့ အခန်း ၄ခန်းအိမ်ကို ၀ယ်ယူမယ်ဆိုရင် ၈၀ ရာနှုန်း ဘဏ်က ငွေချေးပြီး ၂၀ ရာနှုန်း ပေးမယ်ဆိုရင်၊ စီပီအက်ဖ် နဲ့ ကိုယ်ရဲ့ ငွေ ၆၄ ၀၀၀ ဒေါ်လာ ရှိရပါမယ်။

(ဂ)Resale Flat တွေကို ၀ယ်တဲ့အခါမှာ valuation Price + 10K ဆိုတာ ပြောကြပါတယ်။ valuation Price ဆိုတာ HDB ရာဖတ်က အိမ်တန်ဖိုးသတ်မှတ်ချက်ကို ခေါ်တာပါ။ နောက်က 10k ဆိုတာကတော့ ရာဖြတ်ပြောတဲ့ ဈေးထက် အိမ်ရောင်းမဲ့သူက ပိုလိုချင်တာ ကိုပြောတာပါ။ အဲဒီငွေကို စီပီအက်ဖ်က ယူလို့မရပါဘူး။ ဥပမာ 320k+10k ဆိုရင် ကိုယ်လက်ထဲမှာ ၆၄ ၀၀၀ + ၁၀ ၀၀၀ = ၇၄ ၀၀၀ စီပီအက် + လက်ထဲမှာ ရှိရပါမယ်။ ဒါက ၈၀ ရာနှုန်းဘဏ်က ချေးတာကို အခြေခံပြောတာပါ။

(ဃ) အဲဒါတွေအပြင် ပွဲစားခ တစ်ရာခိုင်နှုန်း (၃၃၀၀ ဒေါ်လာ)၊ တဆိပ်ခေါင်းကြေး (Stamp duty) (၄၆၀၀ ဒေါ်လာခန့်)၊ ရှေ့နေကြေး (၅၀၀-၆၀၀ ခန့်) တို့ကိုလည်း ပြင်ဆင်ထားဖို့မမေ့ပါနဲ့။

Resale Flat ကို ဘဏ်ကနေ ၈၀ ရာနှုန်း ချေးမည့်သူအနေနဲ့ 320k အိမ်ခန်းဝယ်ယူမယ်လို့ ပြင်ဆင်သူဟာ စီပီအက်ဖ် + ကိုယ်ပိုင်ငွေ ၈၂ ၀၀၀ ဒေါ်လာလောက် ရှိမယ်ဆိုရင် ကျွန်တော်တို့ပွဲစားကိုဆက်သွယ်လို့ရပါပြီ။

(၆) အိမ်အတွက် ဘဏ်ကနေ ဘယ်နှစ်နှစ် ငွေချေးလို့ရပါသလဲ။ ဒီနေရာမှာ ၀ယ်ယူသူ ထဲက ငယ်တဲ့အသက်ရှိသူကနေ အခြေခံပြီး အသက် ၆၅ နှစ်အထိ တွက်ကြပါတယ်။ အိမ်ဝယ်မဲ့သူ လင်မယား၂ ယောက်မှာ တစ်ယောက်က အသက် ၃၄ နှစ်၊ နောက်တစ်ယောက်က အသက် ၂၆ နှစ်ဆိုရင်၊ ၆၅ နှစ် - ၂၆ နှစ် = ၃၉ နှစ် ကြာသည်အထိ ငွေချေးလို့ရပါတယ်။

ကဲ ကျွန်တော်တို့ ဘဏ်တိုးတွေကို လေ့လာကြရအောင်.....

ဆက်ပါမည်။

စင်္ကာပူမှာ အိမ်ဝယ်မယ်ဆိုရင် ...(၁)

(မြန်မာကျူးပစ်ဖိုရမ်မှ ကိုမောင်ခြိမ့်ရေးထားသည်များကို ပြန်လည်ကူးယူဖေါ်ပြပါသည်။
စုစုပေါင်း အပိုင်း ၇ပိုင်းရှိပါတယ်။ တစ်ပိုင်းစီအေးအေးဆေးဆေးဖတ်နိုင်အောင် တင်ပေးသွားပါမယ်။)


တနေ့က ညီငယ်တယောက် က စင်္ကာပူမှာ အိမ်ဝယ်တာနဲ့ပါတ်သက်လို့ ရေးပေးပါအုံးလို့ဆိုပါတယ်။ ကျွန်တော်လဲ လွန်ခဲ့တဲ့ရက်တွေက အလုပ်ရှပ်တာရယ်။ တခြားပို့စ်လေးတွေ တင်နေတာနဲ့ ဒီနေ့မှာပဲ စင်္ကာပူမှာ အိမ်ဝယ်တာနဲ့ ပါတ်သက်လို့ ကျွန်တော်သိသလောက် မျှဝေပေးပါမယ်။

ဒီနေရာမှာ ကျွန်တော်အနေနဲ့ စင်္ကာပူ ပီအာတစ်ယောက်အနေနဲ့ အိမ်ဝယ်ယူခြင်းကို အဓိကထားပြောပြပေးပါမယ်။ မြန်မာနိုင်ငံသားဘ၀ကနေ စင်္ကာပူနိုင်ငံသား ဖြစ်သွားပြီးအိမ်ဝယ်တာကို ကျွန်တော် မပြောပြတော့ပါဘူး။ အဲဒီအတွက်ခွင့်လွှတ်စေချင်ပါတယ်။

(၁) အိမ်ဝယ်ခွင့် ရှိမရှိ
စင်္ကာပူနိုင်ငံမှာ ပီအာရထားတဲ့ အသက် ၂၁ ကျော်တဲ့ လင်မယားစုံတွဲ များဟာ HDB Resale flat လို့ခေါ်တဲ့ HDB flat တွေကို မူလ၀ယ်ယူထားတဲ့သူဆီက တဆင့် ၀ယ်လို့ရပါတယ်။ HDB flat အသစ်တွေတော့ ၀ယ်ယူခွင့် မရှိပါဘူး။HDB flat အသစ်တွေကို စင်္ကာပူနိုင်ငံသားတွေကိုပဲ ဦးစားပေးရောင်းပါတယ်။Flat ရဲ့သက်တမ်း ၅ နှစ်ပြည့်သွားရင် စင်္ကာပူနိုင်ငံသားတွေက အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောင်းချတဲ့အခါမှာ ကျွန်တော်တို့ပီအာတွေက ၀ယ်ယူတာပါ။ ဒါကို HDB Resale flat လို့ခေါ်ပါတယ်။ စင်္ကာပူမှာ HDB Resale flat ဈေးကွက်က အဓိကပါပဲ။

ဒီနေရာမှာ ပီအာ လူပျိုကြီး အပျိုကြီးတွေအနေနဲ့ ၀ယ်ချင်ရင်တော့ ၀ယ်လို့မရပါဘူး။ စုံတွဲမှသာ ၀ယ်လို့ရပါတယ်နော်။

(၂) လူမျိုးရေးမျှတာမှု

တကယ်တော့ အဲဒီ စည်းကမ်းချက်ကတော့ ကျွန်တော်တို့အတွက် အဓိက မကျလှပါဘူး။ နယ်မြေတခုမှာ တရုပ် ရာခိုင်နှုန်း၊ မလေးရာခိုင်နှုန်း နဲ့ တမီးလ် ရာခိုင်နှုန်းသတ်မှတ်ချက်လေးတွေ ရှိပါတယ်။ သတ်မှတ်ချက်တဲ့ ကျော်နေရင်တော့ ၀ယ်ခွင့်မရှိပါဘူး။ မြန်မာလူမျိုးအတွက်တော့ သိပ်စိတ်ပူစရာ မရှိပါဘူး။ အိမ်ဝယ်ပြီဆိုတာနဲ့ ကျွန်တော်တို့တစ်တွေဟာ ပွဲစားကို အပ်လိုက်တာဖြစ်လို့ ဒီလိုကိစ္စမျိုးတွေအတွက် သူက လေ့လာထားပြီသားဖြစ်နေမှာပါ။

(၃) စီပီအက်ဖ်က ပေးတဲ့ Housing Grant -ဒီနေရာမှာ ကျွန်တော် က ပီအာတွေကို အဓိကထားပြီး ပြောမှာဖြစ်လို့ ကျွန်တော်တို့လို ပီအာတွေက Housing Grant မရပါဘူး။ နောက်ပြီးတော့ ၂၀၀၃ က မှ ပြောင်းလိုက်တဲ့ ဥပဒေ အရ ကျွန်တော်တို့ပီအာတွေက ပထမဆုံးအကြိမ် အိမ်ဝယ်ယူတာ ဖြစ်ပေမဲ့ HDB ငွေချေးလို့ မရပါဘူး။ HDB ၇ဲ့ငွေအတိုးနှုန်းထားက ၂.၆ ရာနှုန်း ဖလက်သာဖြစ်ပါတယ်။ အတိုးသက်သာတယ်လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ ပီအာတွေအားလုံးဟာ ပြင်ပ ဘဏ်တွေ Finence company တွေဆီကသာ ငွေချေးလို့ရပါတယ်။ (အတိုးနှုန်းနဲ့ ပါတ်သက်လို့ နောက်ပိုင်းမှာ အသေးစိတ် ဆွေးနွေးပါမယ်)။

(၄) ကဲ အိမ်ဝယ်တော့မယ်ဆိုတော့ အရင်ဆုံး ဘယ်နယ်မြေမှာဝယ်မလဲဆိုတာ အရင်ဆုံး စဉ်းစားရပါတယ်။ စင်္ကာပူမှာ နယ်မြေပေါ် မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲ ရှိပါတယ်။ မြို့ထဲနဲ့ နီးတယ်ဆိုရင်တော့ ဈေးအကြီးဆုံးပေါ့။ လင်မယား ၂ယောက် တိုင်ပင်ပြီး ဘယ်လိုဒေသမှာဝယ်မလဲဆိုတာ သေသေချာချာ စဉ်းစားတာကောင်းပါတယ်။ အိမ်တလုံးဝယ်ပြီဆိုမှတော့ ဟင်းရွက် ကန်စွန်းလို့ တွေ့ရာကောက်ဝယ်လို့မရပါဘူး။ သေသေချာချာ စနစ်တကျ ပြင်ဆင်ပြီးမှ ၀ယ်ရပါတယ်။

အဲဒီလို စဉ်းစားပြီးပြီဆိုရင် နောက်တချက် စဉ်းစားရမှာက ဘယ်လိုအခန်းမျိုးဝယ်မလဲဆိုတာ စဉ်းစားရပါတယ်။ ကိုယ်ရဲ့ဝင်ငွေ၊ ကိုယ်ပေးနိုင်တဲ့ ပမာဏ ပေါ်မှာ ကြည့်ပြီးတော့ အိမ်အရွယ်အစား ကို ရွေးချယ်ပေါ့။ သူများ ၄ ခန်းမိုလို ငါတို့ ၄ ခန်းဝယ်တာမျိုးတော့ မဖြစ်စေချင်ဘူးပေါ့။ ဟုတ်ပြီ ဘယ်လိုအိမ်အမျိုးအစားတွေ ရှိသလဲဆိုရင်

၂ +၁ = ၃ ခန်း ။ အိပ်ခန်း ၂ ခန်း နှင့် ဧည်ခန်း တခန်း (ဤနေရာတွင် မီးဖိုချောင်ကို အခန်းဟု မသတ်မှတ်ပါ။ အကျယ်အ၀န်း မှာ (၆၀ စတုရန်းမီတာမှ ၈၅ စတုရန်းမီတာခန့် အရွယ်အစားအမျိုမျိုးရှိပါသည်။ အိမ်ဟောင်း (အနည်းဆုံး ၁၀ နှစ် သက်တမ်း ) များမှာ ၈၅ ခန့်ရှိ၍ အိမ်သစ် များမှာ ၆၀ ခန့်သာ ရှိပါသည်။)

၃+၁ = ၄ ခန်း ။ အိပ်ခန်း ၃ ခန်း နှင့် ဧည့်ခန်း ထမင်းစားခန်း (၉၂ စတုရန်းမီတာခန့်မှ ၁၁၀ စတုရန်းမီတာခန့်)


၎+၁ ။၅ ခန်း အိပ်ခန်း ၃ ခန်း၊ အခန်းမဖွဲရသေးသော (၀ါ) အခန်းဖွဲထားသော စာကြည်ခန်းအသေးတခု၊ ဧည့်ခန်း ထမင်းစားခန်း။ (၁၁၀ စတုရန်းမီတာမှ ၁၃၇ စတုရန်းမီတာ ခန့်အထိ)

EC =Executives အိပ်ခန်း ၃ ခန်း၊ အခန်းမဖွဲရသေးသော (၀ါ) အခန်းဖွဲထားသော စာကြည်ခန်းအသေးတခု၊ ဧည့်ခန်း ထမင်းစားခန်း။ ၀ရန်တာ၊ တခါတရံ ထပ်ခိုး ၊ အစေခံအခန်း စသည်တို့ ပါဝင်ပါတယ်. အကျယ်အားဖြင့် ၁၂၅ စတုရန်းမီတာကနေ ၁၅၅ စတုရန်းမီတာ အထိကျယ်တတ်ပါတယ်။

အခုအထိ မရှင်းတာများရှိရင် မေးနိုင်ပါတယ်။ အခုဆက်ပြီးတော့ စင်္ကာပူ မှာ အိမ်ခန်းအမျိုးအစားပေါ်မှာ မူတည်ပြီး၊ နေရာဒေသပေါ်မှာမူတည်ပြီး တည်ရှိတဲ့ လက်ရှိ ၆ လအတွင်းဈေးနှုန်းတွေကို HDB ၀ဘ်ဆိုဒ်မှာသွားရောက်လေ့လာနိုင်ပါတယ်။ ဒါမှလည်း ဘယ်နယ်မြေမှာနေထိုင်မလဲ၊ ငွေ ဘယ်လောက်လိုက်နိုင်မလဲဆိုတာ ကို ခန့်မှန်းနိုင်မှာပါ။

http://services2.hdb.gov.sg/webapp/BB33RTIS/BB33PReslTrans.jsp

ဆက်ပါမည်။

ကော်ဖီပူလေး သောက်လိုက်ပါဦး ....


သူများတွေတော့မသိ ။ ကိုယ့်မှာငယ်ငယ်ကတည်းက စာသင်လျင် အလွန်ငိုက်တတ်သောအကျင့်ရှိသည်။ ညဘယ်လောက်အိပ်ရေးဝအောင်အိပ်အိပ် စာသင်ချိန်ဆို အိပ်ငိုက်မြဲ။ ဆရာတွေကို အလွန်အားနာသည်။ ဆရာစာသင်နေသည်ကို ကြည့်နေရင်းကကို မျက်ခွံက အလိုလိုလေးပြီး ပြုတ်ကျသွားသည်။ သတိရလို့ကိုယ့်ကိုယ်ကို ပြန်နှိုး။ခဏနေတော့ပြန်ငိုက်။ အလွန်ဆိုးပါသည်။ ကြိုက်မရှက် ငိုက်မရှက်ဆိုသောစကား အလွန်မှန်သည်ဟု ကောက်ချက်ချမိသည်။

မနေ့ကရယ်၊ ဒီနေ့ရယ် ၂ရက်ဆက်တိုက် သင်တန်းတစ်ခုတက်ရသည်။ သင်တန်းဆိုတော့လဲ အားလုံးသိကြသည့်အတိုင်း အိပ်ငိုက်သည်ပေါ့။ဆရာကလည်း သင်တန်းသားတွေ အိပ်ငိုက်သည်ဆိုကာ ကော်ဖီ ဘရိတ် ခဏခဏပေးလေသည်။ အိပ်ငိုက်ပျောက်အောင် ကော်ဖီ ၂ခွက် လောက်ဆင့်သောက်တော့ အတော်အငိုက်သက်သာသွားသည်။ ဘေးဘီ အကဲခတ်ကြည့်လိုက်တော့ အတန်းထဲမှာ ကိုယ်ကတောင် သူများထက် တက်ကျွနေသေးသည်။ ကော်ဖီမှ caffeine ဓာတ်က ကိုယ်လို ကော်ဖီဖရက်ရှာလေးကို ကောင်းကောင်းကွန်ထရိုးလုပ်ထားသည်ထင့်။ ဘေးကတစ်ယောက်ကတော့ အိပ်တောင်ပျော်နေလို့ နှိုးလိုက်ရသေးသည်။ ကော်ဖီခွက်ကြီး ဘေးချလို့။

ပုံမှန်ဆိုရင်ဖြင့် ကိုယ်ကော်ဖီသောက်လေ့မရှိပါ။ ပြဿနာက ကော်ဖီသောက်ပြီဆို ရင်တုန်ပန်းတုန်ဖြစ်သည်။ ညကျ အိပ်မပျော်တော့။ တလောက သင်တန်းတစ်ခု တစ်ပတ်လုံးတက်တော့ မအိပ်ဆေးအဖြစ် ကော်ဖီကို တစ်ပတ်လုံးသောက်သည်။ ကြာတော့ ကော်ဖီ အင်မြူး (immune) ဖြစ်လာသည်။ ပထမရက် တစ်ခွက်၊ နောက်ရက် တွေကျ တစ်ခွက်နဲ့ မရတော့။ သင်တန်းပြီးခါနီးတော့ အရင်က ရယ်ဒီမိတ်ထုတ် တစ်ဝက်လောက်သောက်သည်ကို ညအိပ်မပျော်သူက ၂ခွက်၃ခွက်လောက်သောက်သည်ကို ok ဖြစ်နေသည်။ ရင်တုန်ပန်းတုန်ခြင်းလဲ မရှိတော့။ စာသင်ရတာ ပင်ပန်းလို့လားမသိ။ ညအိပ်လို့လဲ ရသွားသည်။ ဒါပေသိ သင်တန်းပြီးတော့ ဆက်မသောက်တော့။ မကြိုက်တတ်တာလည်းပါသည်။ အင်မြူးဖြစ်သွားမှာလည်းကြောက်သည်။ အင်မြူးဖြစ်သွားလို့ နောက်တစ်ခါသင်တန်းတက်စရာရှိလျင် အိပ်မငိုက်အောင် ဘာဆေးသောက်မည်လဲ။

ခုလို သင်တန်းတက်ချိန်ဆို ကိုယ့်မှာ ကော်ဖီ မကြိုက်တတ်တာလေးကို ကျေးဇူးတင်ရသည်။ သူသည်ကိုယ့်အတွက် အလွန်အသုံးဝင်သော မငိုက်ဆေး။ အင်မြူးမဖြစ်အောင် ထိမ်းသိမ်းထားရမည်။
ကော်ဖီကြိုက်တတ်သူများ ဒီစာဖတ်မိပါက " ဒီလိုအဖြစ်မျိုးရှိသလား " ဟု ပြောမည်ကို မြင်ယောင်မိသေးသည်။

Sunday, April 12, 2009

EX-RITသင်္ကြန် ဖြေဖျော်ပွဲ

ဒီနေ့ညနေ ၄း၄၅ ကနေ ည၁၁ နာရီလောက်အထိ ချိုင်းနားတောင်းက Kareta Ayer People Theater မှာ RIT Aliumini Singapore မှ ဦးစီးကျင်းပတဲ့ သင်္ကြန် ဖြေဖျော်ပွဲကို သွားရောက်ကြည့်ရှုခဲ့ပါတယ် ။ ကျောင်းသားဟောင်းများအပါအ၀င်ပါဝင်ဖြေဖျော်ကြတဲ့သူတွေရဲ့ကျိုးစားမှုကြောင့် အင်မတန်အောင်မြင်တဲ့ ပွဲလေးဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ပထမခေတ်သုံးခေတ်အကြောင်း ဇာတ်လမ်းလေးတွေနဲ့ တင်ပြသွားတာ အ၀တ်အစား၊အပြင်အဆင်၊ သရုပ်ဆောင် အပြောတွေက အင်မတန်ဆွဲဆောင်မှုရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှုကို တစေ့တစောင်း ဖွင့်ပြတဲ့ ဇာတ်လမ်းလေးနဲ့တင်ဆက်သွားပါတယ်။

နောက်သီတာဒေ၀ီနဲ့ ဒဿဂီရိတို့ အကြောင်း ကပြတဲ့ ဘီလူးအက၊ ကိုဘကျော်ခေါင်းဆောင်တဲ့ သံချပ်၊ မရွှေစင်မဦးဆောင်တဲ့ သကြန်ယိမ်းအက၊ ကျောင်းသားဟောင်းတစ်ယောက်ရဲ့ မင်းသားအကတို့ကိုလည်း တင်ဆက်သွားပါတယ်။






လူရွှင်တော်ဓာတ်ကြိုးတင်ပြတဲ့ခွေးတို့ရွာဆိုတဲ့ပြဇာတ်ကတော့ပရိတ်သတ်အကြိုက်ဆုံးဖြစ်ပါလိမ့်မယ်။ လက်ရှိခေတ်ကို ပညာသားပါပါ သရော်ထားတဲ့ပြဇာတ်ဖြစ်ပြီး ပွဲစကထဲက ပရိတ်သတ်တွေ လက်ခုပ်သံတဖျောင်းဖျောင်း၊ တဟားဟားနဲ့အင်မတန်ပွဲကျခဲ့ပါတယ်။ ခွေးတို့ရွာပြဇာတ်အပြီးမှာ အကျွေးအမွေးအစီအစဉ်အဖြစ် ၁၀မိနစ်နားပြီး မက်ဒေါ်နယ် ဘာဂါ တစ်လုံးစီနဲ့ ဧည့်ခံခဲ့ပါတယ်။


အကျွေးအမွေးအစီအစဉ်ပြီးတဲ့နောက် ပရိတ်သတ်အကြိုက်အစီအစဉ်တစ်ခုဖြစ်တဲ့ ခေတ်ပေါ်သီချင်းအစီအစဉ်ကို ကိုဇော်ဇော်ချိုမှ ဦးဆောင်တင်ဆက်ခဲ့ပြီး ရော့ခ်သီချင်းတွေနဲ့ မြိုင်ဆိုင်ခဲ့ပါတယ်။ကိုဇော်ဇော်ချိုမှ ဇော်ဝင်းထွဋ်ရဲ့ သင်္ကြန်သီချင်းတွေနဲ့ဖြေဖျော်ခဲ့ရာမှာ ဇော်ဝင်းထွဋ်များ စင်ကာပူရောက်နေသလား ထင်မှတ်မှားရလောက်အောင်ကိုပါပဲ။

အဖြူကတစ်မျိုး ... အ၀ါကတစ်မျိုး ... ရေစိုပျိုမေတွေရယ် အလှကတိုး ... ဒီမန်းတပ်က အလှတစ်မျိုး ... ဘယ်လိုများရွေးရမှာတုံး ....





နောက်ဆုံးအငြိမ့်အစီအစဉ်ကို လူရွင်တော် သြဘာမှ စီစဉ်တင်ဆက်ခဲ့ပြီး မင်းသမီးချော၂လက်ပါဝင်ကပြပြီး လူရွှင်တော်များမှခေတ်မီပျက်လုံးတွေနဲ့ တင်ဆက်ခဲ့၇ာ ပရိသတ်က ပတ်တုတ်လို့မရအောင်ကို တ၀ါးဝါး တဟားဟား လက်ခုပ်သံတွေနဲ့ အားပေးခဲ့ပါတယ်။



























အနှစ်ချုပ်ရရင်ဖြင့် ဒီနှစ်EX-RIT သင်္ကြန် ဖြေဖျော်မှုတွေအားလုံးဟာ ရှယ်တွေချည်းပါလို့ ပြောလို့ရလောက်အောင် ကောင်းမွန်လှပါတယ်။





ရယ်မောရင်း ဘ၀အမောတွေကိုမေ့လို့ သူငယ်ချင်းအချို့နဲ့လဲ ပြန်တွေ့ရလို့ ဒီနေ့တစ်နေ့လုံး စိတ်လက်ချမ်းသာ ပျော်ရွှင်နေတော့တယ်။အပင်ပန်းခံပြီး စေတနာအပြည့်နဲ့တင်ဆက်ခဲ့တဲ့ EX-RIT ဖျော်ဖြေရေး အဖွဲ့ကို လည်း ကျေးဇူးအထူးတင်မိပါကြောင်း၊ နောက်နှစ်ကိုလည်း ဆက်ဆက်လာကြည့်မှာဖြစ်တဲ့အကြောင်း သတင်းပါး၇င်း အားလုံးနှစ်သစ်မှာပျော်၇ွှင်ကြပါစေလို့။

Saturday, April 11, 2009

အွန်လိုင်း အတာအိုး

သင်္ကြန်ကျတော့မယ်ဆိုတော့ ငယ်ငယ်က အတာအိုးထိုးဘို့ ခြုံတိုးပြီး အတာပန်းတွေ၊ အရွက်တွေ ခူးတာ သတိရတယ်။ မဆွိတီတို့ငယ်ငယ်က အိမ်အနားမှာ တောစပ်လေးရှိနေတော့ အဲဒီမှာ တောပန်းတောင်ပန်းတွေ၊ သစ်ပင်တွေအလွန်ပေါတာကလား။ ဈေးကလဲအတော်ဝေးတော့ အတာအိုးအတွက် အပင်ပန်းခံသွားဝယ်မနေတော့ပဲတောထဲပဲလိုက်ခူးကြတာပဲ။

သင်္ကြန်အကြိုနေ့ရောက်တာနဲ့ အဖွားက အိမ်ရှေ့မှာ ခုံလေးခင်းပြီး အတာအိုးလေးတပြင်ပြင်နဲ့ဖြစ်နေပြီ။ သကြားမင်းကိုကြိုဘို့တဲ့။ အဲသာဆို မဆွိတီတို့ သူငယ်ချင်းတွေ မြွေမကြောက်၊ဘာမကြောက်နဲ့ တောတိုးပြီး အဖွားမှာတဲ့ အရွက်တွေအပြင် တောထဲက လှတယ်လို့ထင်တဲ့ ပန်းတွေ တပွေ့တပိုက်နဲ့ ခူးပြီး ပြန်လာတာပျော်စရာ။

အဲဒီတုံးက မာလကာရွက်၊ ဇီးရွက်၊ အုန်းရွက်၊ ကန့်ကော်ရွက်၊သပြေရွက်၊ မြေဇာရွက် အစရှိသဖြင့် အဖွားမှာတာခူးရတာ။ ရေတမာရွက်လဲပါတယ်ထင်တာပဲ။ သင်္ကြန်ချိန်မှာပွင့်တဲ့ ပိတောက်ပန်းတို့ဘာတို့လဲ အတာအိုးလေး ဝေစည်အောင် ထည့်ရသေးတယ်။ ပထမတော့ ဒီအရွက်တွေနဲ့ အတာအိုးထိုးတာ အဓိပ္ပါယ်ကို မသိဘူးရယ်။ အဘွားခူးခိုင်းတာ ခူးလိုက်တာပဲ။ နောက်မှအဖွားက ၇ရက်သားသမီးများ ကျန်းမာချမ်းသာဘို့ရည်ရွယ်ပြီး နေ့နံ ၇ရက်ပြည့်အောင် အရွက်ကလေးတွေအစုံ ထည့်ရတယ်ဆိုတာ ပြောပြတယ်။ ဥပမာ တနင်္ဂနွေဆို အ-ဥ -အုန်းရွက်၊သြဇာရွက် ၊ တနင်္လာအတွက်ဆို ... က -ခ-ဂ-ဃ-င ထဲက ကန့်ကော်ပန်း၊ခရေ ... အင်္ဂင်္ါဆို ဇီးရွက်၊ ဗုဒ္ဓဟူးဆို ရွက်လှ၊ရေတမာ၊ ကြာသပတေးဆို မြေဇာ၊မာလကာရွက်၊ သောကြာဆိုသပြေပန်း၊ စနေဆို တမာရွက်၊ ဒန်းပန်း၊ အစရှိသဖြင့်ပေါ့။

ထူးဆန်းတာက အတာအိုးကို အဲလိုအရွက်တွေပဲ နေ့နံသင့်အောင် ထည့်တာများတယ်။ အိမ်မှာ နှင်းဆီပန်းတွေစိုက်လို့ နှင်းဆီလှိုင်လှိုင်ပေါပေမဲ့ စနေအတွက်ဆို နှင်းဆီပန်းဘယ်တော့မှ မထည့်ပဲ တမာရွက်ပဲထည့်တာ ရှေးကအယူမှို့ စွဲနေသလား စဉ်းစားရတယ်။

နောက်ပြီးမှတ်မိတာ သင်္ကြန်ချိန်ခါဆို တောထဲမှာ ပန်းလေးတွေ ရောင်စုံလှိုင်လှိုင်ပွင့််ကြတယ်။ အဲဒီပန်းတွေကိုလည်း နာမည်မသိတော့ သင်္ကြန်ပန်းခေါ်ကြတာ။ ပန်းမသိ သင်္ကြန်ပန်းပဲဆိုတောင် ပြောစမှတ်ပြုကြတယ်။ နောက်မှ ကိုယ်ခေါ်တဲ့ ခရမ်းရောင် သင်္ကြန်ပန်းကို ပျဉ်းမပန်းတဲ့။

သင်္ကြန်နားနီးလို့ ငယ်မူပြန်ပြီး အမှတ်တရ အတာပန်းတွေ လိုက်ခူးချင်ပေမဲ့ စလုံးမြို့ကြီးမှာတော့ဖြင့် ဒဏ်ရိုက်မှာကြောက်လို့ မခူးရဲပေါင်။
အွန်လိုင်းက ဂူဂဲတောထဲမှာပဲ လိုက်ရှာခူးတော့မယ်။




Friday, April 10, 2009

Kimchi Soup





လိုအပ်သည့်ပစ္စည်းတွေက

၁။Kimchi
၂။ ၀က်ရိုး (သို့) ၀က်ခြေထောက် ကိုဖြူနေအောင်ပြုတ်ထားသော အချိုရည်။
၃။ ၀က်သား ၃၀၀ ဂရမ်လောက်ကို ပါးပါးလှီးထားပါ။
၎။ ပုဇွန် ၄-၅ကောင် ကို ခေါင်းဖြတ်ထားပါ။
၅။ ပဲပြားတစ်တုံးလောက်ကို လက်မ၀က်ပတ်လည်လောက်အတုံးလေးတွေ လှီးထားပါ။
၆။ မှိုချောင်းလေးတွေ လက်တစ်ဆုတ်စာလောက်။
ရ။Meat Ball (သို့) ၀က်သားအကြေလုံးထားတာ သင့်သလို။
၈။ ငုံးဥ ၅လုံးလောက် ပြုတ်ပြီး အခွံနွှာထားပါ။
၉။ ကြက်သွန်မြိတ် ရှည်ရှည်လေးတွေလှီးထားပါ။
၁၀။ ကြက်သွန်ဖြူ chop လုပ်ထားတာ သင့်သလို။
၁၁။ ဆီ စားပွဲဇွန်း ၃ဇွန်း။
၁၂။ သကြား၊ ဆား ၊ ငံပြာရည် သင့်သလို။
၁၃။ ကြိုက်တတ်ရင် ပဲကြာဆံ အခြောက် လက်တစ်ဆုတ်စာလောက် ရေစိမ်ထားပါ။

ချက်ပုံချက်နည်း အဆင့်ဆင့်
၁။ ဟင်းချိုအိုးလို အိုးနက်နက်ကို မီးဖိုပေါ်တင် ... မီးပျင်းပျင်းထားပါ။ ဆီထည့်ပါ။
၂။ဆီကျက်ရင် ကြက်သွန်ဖြူ chop လုပ်ထားတာထည့် ၊ မွှေးလာရင် ၀က်သားလှီးထားတာ ထည့်မွှေပါ။ ၀က်သား အရည်ကုန်ပြီး ခြောက်သည်အထိ မွှေပေးပါ။
၃။ ကင်မ်ချိပုံမှာပြထားတာရဲ့ တစ်ဝက်လောက်ကို ထည့်မွှေပါ။ ၂မိနစ်လောက်ကြာရင် ၀က်ရိုးပြုတ်ရည်ကို လိုသလောက် ထည့်ပါ။
၎။ ကင်ချိထဲမှ အနီရောင်အချဉ်ရေများကိုလည်း ထည့်၍ ဆူပွက်လာသည်အထိ ၅မိနစ်ခန့်ထပ်တည်ပါ။
၅။ အသားလုံးများ၊မှိုများ၊ငုံးဥများ၊ ပုဇွန်များနှင့် ပဲပြားများထည့်၍ ၄မိနစ်ခန့် ထပ်တည်ပါ။ ( ကြိုက်တတ်လျင် ပဲကြာဆံပါထည့်တည်ပါ။)
၆။ ဆား ၊ ငံပြာရည်၊ သကြားမြည်း၍ လိုတာထပ်ထည့် စိတ်ကြိုက်ပြင်ပါ။
ရ။ ကြက်သွန်မိတ် အပေါ်မှ ဖြူး၍ စားလို့ရပါပြီ။
ထမင်းဖြူနဲ့ လဲတွဲစားလို့ရပါတယ် ... ကြာဆံထည့်ရင်တော့ သူ့ချည်းစားလည်းရပါတယ် ။ သူ့ချည်းစားချင်ရင် ဆီလျှော့ထည့်ပါလေ။ ခပ်ချဉ်ချဉ်စပ်စပ်လေးနဲ့ မြန်မာပါးစပ်နဲ့ လိုက်မယ့် ဟင်းတစ်ခွက်ပါ။


(မြန်မာကျုးပစ်ဖိုရမ်တွင် ဖော်ပြပြီး)

ကင်မ်ချိ- ကိုးရီးယားမုန်ညင်းချဉ်






ဒီနေ့တော့ ကိုးရီးယားစာ ကင်မ်ချိ (Kimchi) လုပ်နည်းရယ် ... Kimchi Soup ချက်နည်းရယ် ပြောပြပါမယ် ... ကိုးရီးယားမုံညင်းချဉ်ပါ ။
...
လိုအပ်တဲ့ ပစ္စည်းတွေက
၁။Korean Cabbage/ Chinese Cabbage လို့ခေါ်တဲ့ မြန်မာလို အိုးရှင်းထုပ် တစ်ဝက်လောက်
၂။ မုံလာဥနီ သို့ အဖြူ ဥကြီးတစ်စိတ်လောက်။
၃။ ကြက်သွန်မြိတ် လက်တစ်ဆုတ်စာလောက်။

မုံလာထုတ်ကို ၂ရက်လောက်ရေခဲသေတ္တာထဲမထည့်ပဲ အရွက်များကိုဖြန့်ပြီးခြောက်အောင် အပြင်မှာထားပါ။ ဆားစိမ်ခါနီးမှ တစ်လက်မလောက်စီဒါးနဲ့ဖြတ် ထားပါ။ ဇလုံကြီးကြီးတစ်လုံးထဲကို ဆား၂ဇွန်းလောက်ရယ် ရေ မုံလာရွက်မြုတ်ရုံထည့်မွှေပါ။ ဆားပျော်ရင် မုံလာရွက်လှီးထားတာတွေ တစ်နာရီခန့် စိမ်ထားပါ။ ပြီးရင် ရေနှစ်ထပ်လောက်ဆေးပြီး စကာနဲ့ ရေခြောက်အောင် တစ်နာရီလောက်စစ်ထားပါ။(မုံလာရွက်က ဆားရည်စုတ်ပြီးဖြစ်ပါတယ် ... ရေဆေးလို့ ဆားရည်တွေထွက်သွားမှာ မစိုးရိမ်ရပါ)

မုံလာဥကိုလည်း အခွံသင် တစ်လက်မခွဲအရှည်လောက် ပါးပါးသေးသေးလေးတွေလှီးထားပါ။ ကြက်သွန်မိတ်ကိုလည်း လက်တစ်ညိုးစာ အရွယ်ဖြတ်ထားပါ။

ိနယ်ဖို့ ကင်ချိအနှစ်အတွက်
၁။ ဂျင်း လက်မအရွယ် ၄ခု အခွံသင်ထားပါ။
၂။ကြက်သွန်ဖြူ ဥကြီးတစ်ဥ(၈မွှာလောက်) အခွံနွှာထားပါ။
၃။ ကြက်သွန်နီတစ်ဥပါးပါးလှီးပြီး ကြိတ်ထားပါ။
၎။ ငရုပ်သီးအရောင်တင်မှုန့်ညက်ညက် ၃ဇွန်း။
၅။ သကြား၂ဇွန်း
၆။ ငံပြာရည်၂ဇွန်း
၇။ ဆန်မှုန့်တစ်ဇွန်းမောက်မောက်ကို ရေ ၃-၄ဆထည့်ပြီး မပျစ်မကျဲကျိုထားပါ။

ဂျင်းကြက်သွန်ဖြူကိုရော ညက်နေအောင်ထောင်းပြီး အထက်ပါအားလုံးကို သမအောင် ဇွန်းနှင့်မွှေပါ။
လက်နဲ့မွှေမယ်ဆိုရင်တော့ လက်အိပ်စွတ်လုပ်ရင်ပိုကောင်းပါတယ် ... လက်နဲ့ထိရင်သိုးတတ်ပြီး ကြာရှည်မခံပါ။

ကင်ချီးအနှစ်ရယ် ၊မုံလာရွက်ရေစစ်ထားတာရယ်၊ ကြက်သွန်မြိတ်၊ မုံလာဥလှီးထားတာတို့ကို ဇလုံတစ်ခုထဲထည့် သမအောင်ဇွန်းနဲ့နာနာမွှေပေးပြီး ပလပ်စတစ်ပုံးထဲထည့် အဖုံးအုပ်ပြီး အပြင်မှာထားပါ။ နောက်တစ်ရက်၂ရက်ဆို ချဉ်ပါပြီ။ ချဉ်သွားပြီဆို ရေခဲသေတ္တာထဲပြောင်းထည့်ပါ။
ရေရှည်ခံလိုရင် လက်နှင့်မခပ်ပါနှင့်။ ဇွန်းနှင့်သာကော်ပါ။

(မြန်မာကျုးပစ်ဖိုရမ်တွင် ဖော်ပြပြီး)