Sunday, September 5, 2010

Comex show 2010 Singapore

Comex show 2010 ကို ရောက်ခဲ့တယ်။

စင်ကာပူမှာ IT ရှိုးတွေရှိတိုင်း ဂနာမငြိမ်တဲ့ အိမ်ကလူက စကားခေါ်နေပြီ။ အိမ်က TV ဟောင်းလှပြီတဲ့။ ဟောင်းဆို လွန်ခဲ့တဲ့ ၈နှစ်လောက်က ၀ယ်ထားတဲ့ ရိုးရိုး TV ကြီးပါ။ LCD ၀ယ်မယ်ပြောတိုင်း ဖျက်တဲ့သူက ကျွန်မ မဆွိတီပါ။ LCD မှာ လူပုံတွေက ပုသွားတယ်၊ ရှည်သွားတယ်၊ ပြားသွားတယ်နဲ့ အမျိုးမျိုးအကြောင်းပြပြီး အိမ်က TV ကြီး ပစ်ရမှာ နှမြောလို့ ဆက်ကြည့်နေတာ ကြာလှပေါ့။ အင်းလေ ... ဒီတစ်ခါတော့ သူ့ကိုစိတ်ချမ်းသာအောင် ထားလိုက်ဦးမယ်ဆိုပြီး Comex show ကို အတူလိုက်သွားတယ်။ (ဘာလို့စိတ်ချမ်းသာအောင်ထားရမလဲဆိုတာ နောက်ပိုင်း ပို့စ်တင်ပါဦးမည်။)

လူရှင်းအောင်ဆိုပြီး စောစောရောက်အောင်သွားကြတယ်။ ၁၂နာရီ ဖွင့်ချိန်လောက် ကွက်တိရောက်သွားတယ်။
ပြပွဲခန်းမထဲတောင် မရောက်သေးဘူး ဆိုနီက အပြင်မှာတင် ပစ္စည်းတစ်မျိုးစီကို ဆိုင်ခန်းကြီးတွေနဲ့ စီရောင်းနေတာ။ အဲဒီမှာ TV တွေ ကြည့်ကြတယ်။
(ဟဲဟဲ ... အဲဒါလေး သူကြိုက်နေပြီ ...)


Sony ရဲ့ ကြည်လင်ပြတ်သားမှုက ကျွန်မကို ၀ယ်ချင်အောင် ဆွဲဆောင်နေပါတယ်ရှင် .... (TV ကြော်ငြာ လေသံဖြင့်ဖတ်ပါရန်)


အထပ်တိုင်းတော့ မရောက်ပါဘူး။ ကိုယ်လိုချင်တဲ့ ပစ္စည်းရှိတဲ့ ၄ထပ်က Hall 402 တစ်နေရာတည်းပဲ ရောက်ခဲ့တာပါ။


LG ရှေ့မှာလဲ လူတွေ အုပ်အုပ် အုပ်အုပ်နဲ့။


စောစောရောက်သွားတောင် ခဏနေတော့ လူက ကျပ်လာပါတယ်။ ပရိုမိုးရှင်းချသူတွေကလဲ ရွာက ဘုရားပွဲ ပွဲဈေးတန်းမှာ အရုပ်ရောင်းသူ၊ ပူပေါင်းရောင်းသူတွေလိုပဲ၊ လာပါ၊ ၀ယ်ပါ၊ ပါးစပ်ကအော်ဟစ်ဈေးခေါ်ပြီး အပြိုင်ရောင်းနေကြတာပါခင်ည။
ပရိုမိုးရှင်းနေရာတစ်ခုရောက်တိုင်း ၀ီစီမှုတ်သံတွေ၊ ဈေးခေါ်သံတွေ၊ ဈေးညှိသံတွေနဲ့ ပွက်ပွက် ညံနေပါတယ်။ Broucher ဝေသူတွေကလဲ အတင်းပေးနေတော့ ကိုယ်က အဲဒီပစ္စည်းတွေ ၀ယ်ဖို့ မဟုတ်ပေမဲ့ အားနာလို့ယူခဲ့ရတယ်။ အားမနာတဲ့လူကြီးကတော့ သူက အဲဒါဝယ်မှာ မဟုတ်ဘူးတဲ့ဆိုပြီး မယူဘူးဗျာ။ သူတို့တွေကိုလည်း စည်းအ၀ါလေးတွေ တားထားပြီး အဲဒီအပြင်ဘက်ထွက် မဝေရဘူးတဲ့။ ကျိုက်ထီးရိုးက ထမင်းရောင်းတဲ့ ဈေးသည်တွေ စည်းသားပြီး လူခေါ်ခိုင်းတာ သတိရပြန်ရော။






Compaq HP က Laptop ဈေးနှုံးတွေ ကြော်ငြာထားတာပါ။


Compaq ရှေ့မှာ ငေးနေ၊ ငမ်းနေကြသူများ။



Acer ရှေ့မှာလဲ တိုးတိုးကြိတ်ကြိတ်။



Brother က အပ်ချုပ်စက်တွေတောင် ငမ်းခဲ့သေးတယ်။ အပ်ချုပ်စက်နဲ့ အိုင်တီရှိုး ဘာဆိုင်လို့လဲ ...(( ဟမ် ))

အိမ်က စက်အဟောင်းကြီးက ချုပ်ရိုးတွေမလှတာ ဘယ်လိုမှ ပြင်မရတော့လို့ ဒီလို အသစ်လေးဝယ်မလား စဉ်းစားတာပါ။ ဒါပေမဲ့ ရှေ့တင်ချုပ်ပြနေတဲ့ စက်က ချုပ်ရိုးက အိမ်က စက်ထက်ဆိုးနေလို့ အိမ်ကလူက ဟင့်အင်းတဲ့။ အဖေရယ်၊ အောက်ချည်လေးဘာလေး ညှိလိုက်ရင် ကောင်းမှာပါဆိုတာကို ဟင့်အင်းပဲ။ ဟိုးအောက်က $198 ဆိုတဲ့ဟာလေးပါ။ မဆွိတီကတော့ စားရခါနီးမှ ပြုတ်ကျတဲ့ မုန့်လိုပါပဲ။ သူက ချုပ်ရိုးမျိုးစုံ ၁၀မျိုးလောက်ချုပ်လို့ရတယ်လေ။ အိမ်က classic စက်ကြီးက တစ်မျိုးမှ တစ်မျိုးတည်းရတာကို။



Samsung တီဗွီတွေကို Harvey Norman ကနေ ရောင်းပါတယ်။ Game City ကလည်းရောင်းပါတယ်။ Samsung ကိုယ်တိုင်ကလည်း ရောင်းပါတယ်။





Game City က ဈေးခေါ်သူတစ်ယောက် ဈေးခေါ်နေပုံပါ။ Samsung က 40" LED TV ပရိုမိုးရှင်း လုပ်နေတဲ့ပုံလေး သဘောကျလို့ပါ။ အာဘောင်အာရင်းသန်သန်နဲ့ မျက်လှည့်ပြသလိုလို၊ မဲဖောက်သလိုလို ဘာလိုလို ပရိုမိုးရှင်းပေးနေတာပါ။ နောက်ဆုံး ၅လုံးပဲကျန်တော့တယ်ဆိုပြီး 1-2-3-4-5 နံပတ် ၅ခုကို ၀ယ်ချင်တဲ့သူတွေရှိလား လိုက်ပေးပါတယ်။ ရရင်ပဲ ဒီလူတွေက ကံထူးရှင်တွေလိုလို။


သူ့ကို ဓာတ်ပုံရိုက်တာတွေ့တော့ သူက အိုက်တင်ပေးဦးမယ်ဆိုပြီး ဂိုက်ပေးကြမ်းနေပုံပါ။ ပုံမှာကြည့်ပါ။ Usual price ဆိုပြီး $2299 ရေးထားပါတယ်၊( စလုံးငွေပါ)။ ဘေးက ခုရောင်းမဲ့ဈေးကိုတော့ မဖွင့်သေးဘူးပေါ့။ စက္ကူနဲ့ ဖုံးထားပါတယ်။ ဖွင့်တော့မယ် ... ဖွင့်တော့မယ် ဆိုပြီး ၄-၅ ခါလောက် စကားတွေပြောလိုက်၊ ဖွင့်တော့မလိုလိုလုပ်လိုက်၊ နံပတ်လေးတွေ လိုက်ဝေနဲ့ ဈေးခေါ်နေတာအကြာကြီး။


နောက်ဆုံးမှာ ဖွင့်လိုက်ပါပြီခင်ညာ။ $1499 ပါတဲ့။ အဲဒါ စ၀င်ကထဲက ကိုယ်မေးထားတဲ့ ဈေးထက်တောင် ၁၁ကျပ်များနေပါသေးတယ်။

ဒီနေရာမှာ အိုင်တီရှိုးသွားပြီး ကိုယ်လိုချင်တာပဲကြည့် အဲဒါပဲဝယ်ခဲ့တာဆိုတော့ တခြားဈေးနှုံးတွေ ဘာတွေလဲ မတီးခေါက်မိပါဘူး။ Laptop တွေကတော့ brand အမျိုးမျိုး၊ မော်ဒယ်အမျိုးမျိုး စုံလင်လှပါတယ်။ ဆိုင်တိုင်းရှေ့မှာလူတွေက တိုးနေတာဆိုတော့ ဘယ်brand ကတော့ဖြင့်တန်တယ်၊ လူပိုဝယ်တယ် ဆိုတာမျိုးလဲ ခန့်မှန်းရခက်ပါတယ်။ စလုံး ၈၀၀ -၉၀၀ လောက်ပေးရင် brend ကောင်းကောင်း ပုံမှန် Laptop တစ်လုံးဝယ်နိုင်ပါပြီ။ မနှစ်က ဒီအချိန် ၁၂၀၀လောက်တန်တဲ့ ဟာမျိုးကို ၈၀၀လောက်ဆို ရပါပြီ။ ဓာတ်ပုံထုတ်တဲ့ ပရင်တာတွေ ၀ယ်တာလဲတွေ့ပါတယ်။ ကိုယ်မကြိုက်တဲ့ brand ဖြစ်လို့ လူမ၀ယ်ဘူးလဲမထင်ပါနဲ့။ သိပ်ပေါ်ပြူလာ မဖြစ်တဲ့ Philips LCD TV သယ်သွားသူတွေလဲ တွေ့ပါတယ်။ လူတွေကတော့ ပစ္စည်းစုံ ၀ယ်ကြပါတယ်။ LCD, LED TV ကြီးတွေကို တွန်းတွန်းသွားတာ မြင်ရပါတယ်။ အများအားဖြင့် Samsung ကလို့ ထင်ပါတယ်။ (Cash and carry သမားတွေကိုသာ ဒီလိုမြင်နိုင်တာပါ။ အများစုကတော့ အိမ်ကို delivery ပို့ခိုင်းတာများပါတယ်။)

ဈေးကလဲ Samsung နဲ့ Sony က ကွာပါတယ်။ 40 inch LCD TV ကို Samsung က $844 ရောင်းပြီး သူနဲ့ perfomance spec ဆင်တဲ့ Sony က $1089 ပါ။ $250 လောက်ကွာနေပါပြီ။ LED TV ကျတော့လဲ ၄၀ လက်မကိုပဲ ဆမ်ဆောင်းက $1488 ရောင်းတာကို ဆိုနီက $1899 ပါတဲ့။ အဲဒီတော့ $400 လောက် ကွာပြန်ပါပြီ။ လူတွေကလဲ ဆိုနီကို ကာလာအရောင်မှာ နံပတ် ၁ ဆိုပြီး ပြောပြောနေကြတော့ Sony ဘရမ်းရူးသူတွေအတွက်တော့ ကောင်းပါတယ်။ ကိုယ်တွေလဲ အမှန်တော့ TV ဆို နာမည်ကြီး ဆိုနီကိုပဲ ကြိုက်တာပါပဲ။

ကိုယ်တွေ စိတ်ဝင်စားတဲ့ 3D TV ကျတော့ ဆိုနီက ၄၆လက်မ တစ်မျိုးတည်းကိုတောင် Pre-sale ပဲ ရှိပါသေးတယ်။ ပြီးတော့ LCD မရှိဘူး။ ဈေးပိုများပြီး နောက်ဆုံးပေါ် ဖြစ်တဲ့ LED ပဲရှိတယ်။ ဒီတော့ သူ့ဟာက High end တွေ အကုန်ပေါင်းပြီး ဈေးက $4800 ဖြစ်သွားတယ်။ စားရမှာလဲ သဲတရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီနဲ့ဝင်းဝင်း ဖြစ်နေပါပြီ။

ဆမ်ဆောင်းကျတော့ Choice ပိုများတယ်။ ၃၂လက်မလား၊ ၄၀လက်မလား၊ ၄၆ လက်မလား ကြိုက်ရာ LED 3D ရှိပါတယ်။ နောက်ဆုံးစဉ်းစားကြရင်း Sony ကလို High end ကြီးလဲ ၀ယ်ဖို့မရဲသေးတော့ ကိုယ်နိုင်တဲ့ ၄၀လက်မ LED 3D ကို $2599 နဲ့ ၀ယ်ခဲ့ပါတော့တယ်။ ကိုယ့်အိမ်ကလူလဲ စိတ်ချမ်းသာသွားပါပြီ။ အတိုးမဲ့ အင်စတောမန်နဲ့လဲ ပေးခွင့်ရှိတော့ ၂၄လစာ တစ်လကို ၁၁၀လောက်ပဲ ကျပါတယ်ရှင်။ ဈေးကလဲ လောလောဆည်ရောင်းနေတဲ့ ပုံမှန်ဆိုင်ကဈေးထက် ၃၀၀ သက်သာပါတယ်။

3D ၀ယ်ရတဲ့ အကြောင်းက အိမ်မှာ မဆွိတီရော၊ ဂျူဂျူးပါ 3D သိပ်ကြိုက်တဲ့ 3D သရဲတွေမှို့ နောက်ပိုင်း Technology က 3D တွေ ခေတ်စားလာရင်လဲ ထပ်ဝယ်နေရမဲ့အတူတူ ခုထဲက ၀ယ်ထား၊ ကြည့်ချင်လဲကြည့်၊ မကြည့်ချင်လဲ ရိုးရိုးပဲကြည့်လဲ ရနေတာပဲမှို့ တစ်ခါထဲဝယ်လိုက်တဲ့သဘောပါ။ ကိုယ့်စိတ်ကူးနဲ့ ကိုယ်ကတော့ ဟုတ်နေပါပြီ။


အပြန်ဓာတ်လှေခါးစောင့်တော့ မြန်မာတစ်ဖွဲ့နဲ့ အတူစီရတယ်။ သူတို့လဲ ဆမ်ဆောင်း ၄၀လက်မ LCD TV ပုံးကြီး ဆွဲလို့ပဲ။ ပရင်တာတစ်လုံးလဲပါတယ်။

Broucher တွေ၊ ဈေးနှုံးတွေ ကြည့်ချင်ရင် အောက်ကလင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။ ဒီနေ့ Sunday တစ်ရက်သာ ကျန်ပါတော့တယ်။ နောက်ဆုံးနေ့မှာ ဈေးပိုချတယ်ဆိုလို့ နောက်ဆုံးနေ့မှာ လူပိုများတတ်ပါတယ်။
http://www.bootstrike.com/itfairsg/comex2010/
Comex Show အကြောင်း ပိုသိလိုလျှင် အောက်ကလင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။
http://hubpages.com/hub/Comex-Computer-Exhibition-in-Singapore

(ပို့စ်တွင်ဖော်ပြခဲ့သော ဈေးနှုံးများမှာ စင်ကာပူဒေါ်လာငွေများဖြစ်ပါသည်။)
ကင်မရာမေ့သွားလို့ ဖုန်းလေးနဲ့ရိုက်ထားတာ ပုံများ သိပ်မကြည်လင်တာ ခွင့်လွှတ်တော်မူကြပါ။

13 comments:

  1. အိမ်ကလူကြီး 3D ကြည့်နေတုန်း မိုးရွာခန်းရောက်ရင် 4D လဲရသတော့ ဆိုပြီး
    ရေပန်းကရားနဲ့ အပေါ်ကလောင်းပေး...
    အရသာစုံလင်လို့ ဒီလူကြီး ကျေးဇူးတင်စွာ နဲ့ လိုက်မရိုက်မခြင်းလောင်းပေးရန်
    အကြံပြုပါသည်.....

    ReplyDelete
  2. ဟားဟား ... ကိုကြီးကျောက် အကြံကောင်း၏။
    သူတို့သားအဖအတွက် 4D ဖြစ်အောင် ဖန်တီးပေးရမယ်။ ခုံတွေဘာတွေ လှုပ်တာတို့ ... လေတိုက်ချိန် ပန်ကာဖွင့်ပေးတာတို့လောက်တော့ ရပါတယ်။

    4D အတွက် တစ်ယောက်ကြည့်နေရင် မကြည့်တဲ့သူက entertain ပေါ့ဂျာ။

    ReplyDelete
  3. သဘောကျသဗျာ...။
    ကိုယ်လိုချင်တဲ့ ပစ္စည်းကို တစ်ခါတည်း ကောက်ကက် ဝယ်နိုင်တဲ့ ဘွ...။

    5D ပါ ဖြစ်သွားအောင် အိမ်သာတက်တဲ့ အခန်း ပါလာရင် ဘေးနားမှာ အနံ့လေး ဘာလေး ကြိုင်လှိုင်နေအောင် လုပ်ပေးပါလား...

    ReplyDelete
  4. သို့/
    ကိုဘ....
    ဟင်းချက်တဲ့ အခန်း၊ ထမင်းစားတဲ့ အခန်းလဲ ထည့်လို့ ရပါတယ်....။



    sdl

    ReplyDelete
  5. 3D ဆိုတော့ မျက်မှန်နဲ့ ပေါ့နော်။

    ReplyDelete
  6. ဟင်းးးးးး ဝယ်နိုင်သေးပါဘူး အေ....

    ပုံ/ငမ်းရုံပဲ ငမ်းသွားသူ....

    ReplyDelete
  7. တီဆွိ.. အိကျီချုပ်စက်တွေ့မိတယ်..
    ဈေးနှုန်းဘယ်မှာရှာရမလဲဟင်...
    စိတ်ဝင်စားလို့..

    ReplyDelete
  8. ကူးကူးရေ .. ဒီနေ့ comex show က မရှိတော့ဘူးလေ။ ဒါပေမဲ့ Courts တို့လို ဆိုင်တွေမှာ အပ်ချုပ်စက်တွေ ရောင်းပါတယ်။ ၂၀၀-၃၀၀လောက်ပဲ ရှိပါတယ်။

    sdl ရေ ကျေးဇူး။

    ကိုဇင်ချိုရေ မျက်မှန်နဲ့ကြည့်ရတာပါ။ TV ၀ယ်တော့ မျက်မှန်၂ခု ပါ တွဲရောင်းပါတယ်။ ဒီတိုင်းဝယ်ချင်လဲ အလွတ်ဆို တစ်လက်ကို စလုံး ၁၅၀-၂၀၀လောက် ရှိပါတယ်။

    အန်တီအကြည်ရေ ...၀ယ်နိုင်ဘူးဆိုတာ ... ဒီကယုံဘူးဗျို့ ....းဝ)

    ReplyDelete
  9. တီဆွိ ဒါမျိုးကြီးကို ခိုက်နေတာ ကြာပြီ.... ဒါပေမယ့် မဝယ်နိုင်ဘူး....
    :(

    တီချစ်ကို ပြောသလို မယုံဘူးလို့ပြောနဲ့နော်... ♫ တကယ်ပြောတာပါ ♫ .....

    ReplyDelete
  10. ဟုတ်တီဆွိ..ကျေးဇူးး

    ReplyDelete
  11. အမဆွိရေ...
    3D နဲ့ဆိုတော့ ပိုမိုက်တာပေါ့။ ဇာတ်လမ်းတွေကြည့်တဲ့အခါ မိသားစုလိုက် ဆိုဖာအိအိကြီးတွေပေါ်ထိုင်ပြီး စားစရာအပြည့်နဲ့ အေးအေးဆေးဆေး ကြည့်လိုက်ရရင်.........အိုး.. ရှယ် ဖြစ်မှာသေချာတယ်။ ဂျူဂျူးလေးကတော့ ဖေဖေနဲ့မေမေကြား ခြေတင် ခေါင်းမှီကြည့်နေမှာ မြင်ယောင်သေး။ ဂိမ်းလည်း ကစားလို့ရတော့ သူအပျော်ဆုံးဖြစ်လောက်တယ်နော်း)))

    ReplyDelete
  12. တီိတီ ဆွိ မျက်မှန်လဲ အလာကား ရခဲ့ လား သဟင် မျက်မှန် တလက် ၁၀၀ကျော်တန်တယ်နော် ဂျူဂျူတော့ ပျော်နေမှာဘဲ

    ReplyDelete