Tuesday, March 13, 2012
ဥပေစ္ဆေတကကံ ... အပိုင်း (၂)
 ဥပေစ္ဆေတကကံ ... မှ အဆက်
ဆွိဆွိတီလေးမှာ ထိုနေ့ညက ဒေါ်လေးက အဖော်ခေါ်ထား၍ ထိုတိုက်ခန်းက ကိုဇော်တို့ မဆွေတို့ အိပ်သော ကုတင်ကြီးပေါ်တွင် ဒေါ်လေးရယ်၊ မောင်ဝမ်းကွဲလေးရယ်နှင့် အိပ်လိုက်ရပါသည်။ ကိုဇော်နှင့် မဆွေတို့မှာ ဥပေစ္ဆေတကကံ နှင့်သေဆုံးခဲ့ရပါသည်။  နှစ်ယောက်လုံးအတွက် အင်မတန်ပင် စိတ်မကောင်းဖြစ်ရပါသည်။ လူပြိန်းစကားပြောလျှင် အစိမ်းသေဟုပင် ပြောလို့ ရပါသည်။ သို့ပေမဲ့ သူတို့ အိမ်တွင်နေစဉ်ရော ညရေးညတာ အိပ်ရာပေါ်မှာရော ခြောက်ခြောက်ခြားခြား ဘာတစ်ခုမှ မဖြစ်ခဲ့ပါ။ နှစ်ယောက်လုံး စိတ်ကောင်းနှလုံးကောင်းသူများဖြစ်ရာ ကောင်းရာ မွန်ရာပဲ တစ်ခါထဲ ရောက်သွားကြသည်လား စဉ်းစားနေမိပါသည်။
နောက်မှ ဒေါ်လေးတို့ ပြောပြလို့ သိရသည်မှာ မဆွေတို့သည် ထိုအချိန်က အလွန်နာမည်ကြီးသော ရဟန္တာဟု သမုတ်ခံရသော စစ်ကိုင်းမြို့ ရွှေဟင်္သာဆရာတော်ဘုရားကြီးအား ကိုးကွယ်ရာ ဆရာတော်မှ သူတို့အား ဥပေစ္ဆေတက ကံဖြင့် ကွယ်လွန်ကိန်း မြင်သည်ဟု ဟောကြားခဲ့ဖူးသည်ဟူ၍ဖြစ်ပါသည်။
**************************************************************************
ထိုအဖြစ် အပျက်များ ဖြစ်ပွားခဲ့ပြီး နောက် အနှစ် ၂၀ခန့်အကြာ ...
စင်္ကာပူမြို့ ဧရာရာဂျာ (AYE) အမြန်လမ်းမကြီးပေါ်တွင် ကားလေးတစ်စီးသည် အရှိန်အဟုန်ဖြင့် ပြေးလျှက် ရှိသည်။ ကားပေါ်တွင် အယ်လ်စိုင်းဇီ၏ အလွမ်း သီချင်း ဆွေးဆွေး မြေ့မြေ့က လွင့်ပြန့်နေသည်။
အကြင်နာ ဇာတ်လမ်းလေး ...
 အလွမ်းပြောင်းရေးဖို့ ...
 သွေးနည်းနည်း အေးအောင် ... 
အချိန်ပေးပါဦးကွယ် ...
အချိန်ကား ည၈နာရီ ရှိပြီ။ ဆွိဆွိတီ တစ်ဖြစ်လဲ အန်တီဆွိသည် အလုပ်မှ ပြန်လာခြင်းဖြစ်ပါသည်။ ည ၈နာရီဆိုတော့ AYE ပေါ်မှာ ခါတိုင်းရုံးဆင်းချိန်လို ကားတွေ ကျပ်မနေ။  ထို့ကြောင့် ကားကို ပုံမှန်ထက် အရှိန်မြှင့်ကာမောင်းလိုက်သည်။ ကားမောင်းရင်း နေ့တိုင်းဖွင့်လွန်း၍ အလိုလိုအလွတ်ရနေသော သီချင်းကို ဆိုနေကျအတိုင်း လိုက်ညည်းနေသည်။ သီချင်းသာ လိုက်ညည်းနေသည်။ စိတ်သည်ကား သီချင်းမှာမရှိ။ ရုံးမှ အလုပ်များ ခေါင်းထဲပါလာသည်။ လက်ရှိဘ၀အကြောင်း တွေးနေမိသည်။
ခုတစ်လော အန်တီဆွိတစ်ယောက် နေရတာမပျော်ပါ။ ယောက်ျားလုပ်သူသည် ဘ၀ အဆင်ပြေရေးအတွက် တကျွန်းသို့ အလုပ်သွားရှာရာ ၆ လကြာပြီ။ အလုပ်မရသေး။ အဆင်မပြေလျှင် ပြန်လာရတော့မည်။ အန်တီဆွိကိုယ်တိုင်လည်း အလုပ်မှာ အခက်အခဲ အကျပ်အတည်းများ ရင်ဆိုင်နေရသည်။  ကိုယ်နှင့်အလုပ်တွဲလုပ်သူက ရုပ်တရက်ကြီး ဟောလီးဒေးဆိုကာ ခွင့် ၂ပတ်တိတိယူသွားသည်။ သူ၏မပြီးပြတ်သေးသော အလုပ်များအားလုံး ကိုယ့်အပေါ်လွှဲခဲ့သည့်အပြင် ကိုယ်တာဝန်ယူနေရသောအပိုင်းကလဲ ဆီးရီးယက်စ် ဖြစ်နေသည်။ နောက်သူသုံးသည့် ဆော့ဖ်ဝဲနှင့် ကိုယ်သုံးသည့် ဆော့ဖ်ဝဲကမတူ။ ကိုယ်ကျွမ်းကျင်သည့် ဆော့ဖ်ဝဲသုံးလျှင် နာရီဝက်ဖြင့်ပြီးနိုင်သောအလုပ်ကို သူ့ဆော့ဖ်ဝဲဖြင့်လုပ်တော့ တစ်နေကုန်လုပ်တာတောင် အဆင်မပြေ။ ကုမ္ပဏီကလည်း ထိုပရောဂျက်ကို နောက်ဆုံးဆော့ဖ်ဝဲဖြင့်သာ သုံးစေချင်သည်။ အန်တီဆွိတို့ အခက်တွေ့ပါပြီ။ ပုံမှန်အားဖြင့် အန်တီဆွိသည် ရုံးတွင် ဘယ်တော့မှ ညဉ့်နက်မိုးချုပ် လုပ်လေ့ မရှိပါ။ စနေ၊ တနင်္ဂနွေ ပြန်လာ လုပ်လေ့လည်းမရှိပါ။ ယခုတော့ ပရောဂျက်က အရမ်းအရေးကြီးသည့်အချိန် အတူတွဲလုပ်သူက ခွင့်ယူသွားရာ ပြသနာအားလုံး သူ့ခေါင်းပေါ် ပုံကျကုန်သည်။
ဒီကြားထဲ ညနေပြန်ခါနီး R&D မန်နေဂျာက (ကိုယ့်အထက်က မန်နေဂျာကို ကျော်၍) စားပွဲနားကပ်ကာ လာပြောသည်။ ဒီအပတ် စနေ (သို့) တနင်္ဂနွေ လာဆင်းနိုင်ပါမည်လားတဲ့။ သူပြောတော့ ပထမတော့ တော်တော်ကျွဲမြီးတိုသွားသည်။ အရင်ကလို ဆိုလျှင်ဖြင့် ယောက်ျား အားကိုးနှင့် ဒီအလုပ်ထွက်ရလဲ ဘာအရေးလဲဆိုကာ ဘုတောမိမည်။ ခုတော့ "ငါ ကတိတော့ မပေးဘူး။ လာနိုင်ဖို့ ကြိုးစားပါ့မယ်"ဟုသာ ပြောခဲ့သည်။ အန်တီဆွိသည် အလုပ်တွင် Productive ဖြစ်သည်ဟု နာမည်ကြီးရာ ၈နှစ်ကျော်လုပ်ခဲ့သော ဤကုမဏီတွင် သူအလုပ်တစ်ခုကို အချိန်ပိုတွေ လုပ်နေရပြီ ဆိုလျှင်ဖြင့် ကုမ္ပဏီက မတော်မတရား စေခိုင်းထားပြီဟု အမြဲတွက်တတ်ရာ ဒီတစ်ခါတော့ ရှိစေတော့ဟု စိတ်က တေးထားလိုက်သည်။
အိမ်ရောက်တော့လဲ စိတ်က အလုပ်ထဲမှာ။ အန်တီဆွိတို့သုံးသော ဆော့ဖ်ဝဲစစ်စတန်အရ အိမ်သို့လဲ အလုပ်သယ်လုပ်လို့မရပါ။ ဒီတော့ အလုပ်က ပြသနာကို ဘယ်လိုဖြေရှင်းရမည်လဲ စိတ်ကအမြဲတွေးနေသည်။ သို့နှင့် စနေနေ့ ရောက်လာတော့ မနက်အစောကြီး ၃နာရီလောက်နိုးနေသည်။ စိတ်က ဖြေရှင်း၍မရသော ပြသနာကို တစ်ချိန်လုံးစဉ်းစား အကြံထုတ်နေပြန်သည်။ နောက်ဆုံး အကြံတစ်ခုရလာသည်။  ဤတွင် စိတ်မြန်သော အန်တီဆွိသည် ချက်ချင်း ရေထချိုး ပြင်ဆင်ကာ ရုံးသို့ ပြေးလေတော့သည်။ အချိန်ကား မနက် ၆နာရီခွဲသာရှိသေး၍ AYE မှာ ကားကလဲ ရှင်းလှသည်။ ကားကို တဟုန်ထိုးမောင်းလေရာ ခါတိုင်း traffic ဖြစ်သောအချိန် နာရီဝက်၊ ၄၅ မိနစ်မောင်းရသောခရီးကို ၈မိနစ်နှင့် ရုံးရောက်လေသည်။ အမှန်ကတော့ အန္တရာယ် အလွန်များပါသည်။ အန်တီဆွိသည် ရုံးမှအလုပ် အဆင်မပြေတာရော၊ ဘ၀တွင် အဆင်မပြေတာပါရော၍ အရွဲ့တိုက်ကာ ဖြစ်ချင်ရာဖြစ် စွတ်မောင်းခြင်းဖြစ်ရာ ကံကောင်းထောက်မ၍ အသက်ဘေး မရောက်ခဲ့ပါ။ ( ဦးခြိမ့်ဟောခဲ့သော ဥပေစ္ဆေတကကံနှင့် သေကိန်းမပါခဲ့ဆိုသည်မှာ မှန်ချင် မှန်နိုင်ပါသည်။)
ရုံးရောက်တော့ တစ်ရုံးလုံး ကိုယ်တစ်ယောက်တည်း။ မနက် ၁၁နာရီလောက်ကျမှ EE ဖက်မှ တစ်ယောက်ရောက်လာသည်။ မနက်က စဉ်းစားမိသည့်  အကြံအတိုင်း လုပ်ကြည့်ရာ အနည်းငယ် အဆင်ပြေလာ၍ ၀မ်းသာရသည်။ အလုပ်လုပ်နေစဉ် ဖုံးဝင်လာသည်။ ကိုင်လိုက်တော့ ကျသွားသည်။ ဤသို့ ၃ကြိမ်ခန့်ဖြစ်နေရာ အလုပ်ရှုပ်နေ၍ ဖုံးနံပတ်လဲ မကြည့်အား။ နောက်မှ မသင်္ကာ၍ ခေါ်သူကို ကြည့်လိုက်မှ အမေတို့ဆီမှ ဖုံးဖြစ်နေသည်။ ရန်ကုန်မှ အမေတို့ ဖုံးဆက်လိုသော် ဤသို့ ခေါ်နေကျဖြစ်သည်။ 
အမေ့ကို ပြန်ခေါ်တော့မှ စိတ်မကောင်းစရာ သတင်းကိုကြားလိုက်ရသည်။ စိတ်ထဲမှာ မိုးကြိုးပဲ ပစ်ချလိုက်သလို။ ရင်ထဲမှာ ၀မ်းနည်းလိုက်တာ။ ဒေါ်လေးတစ်ယောက် ဆိုင်ကယ်တိုက်ခံရလို့ ဆုံးရှာပြီတဲ့။ စိတ်ထဲမှာတော့ ၀မ်းနည်းခြင်း၊ နှမြောခြင်း၊ ယူကြုံး မရခြင်း အားလုံးပြည့်နေသည်။
ညနေရုံးကပြန်တော့ စိတ်မကောင်းစရာ၊ လူ့ဘ၀၊ လူ့လောက၊ အလုပ်က အဆင်မပြေမှု၊ ဘ၀ အဆင်မပြေမှုတွေ ရောထွေးကာ အန်တီဆွိတစ်ယောက် ဖွင့်ထားတော့ အယ်လ်စိုင်းဇီသီချင်းလဲ မညည်းနိုင်တော့ပါ။ လောကကြီးအား စက်ဆုတ်ကာ အတွေးတွေကလဲ ဟိုရောက် ဒီရောက်၊ ရောက်ယက်ခတ် ကားကိုသာ စွတ်မောင်းရင်း၊ ငိုချင်စိတ်ကို မြိုချကာ ကိုယ့် အပေါ် အမြဲ ကောင်းခဲ့တဲ့  ဒေါ်လေး၏ ဘ၀ အကြောင်း နောက်ကြောင်းပြန် စဉ်းစားနေမိတော့ပါသည်။
***************************************************************************
ဒေါ်လေးအကြောင်းပြောရလျှင် ဦးလေးအကြောင်းအရင်စ ပြောမှ ဖြစ်မည်။ အဖေ့ညီအငယ်ဆုံး ဦးလေးကို ဆွိဆွိတီတို့ မောင်နှမတွေ အားလုံးက "လေးလေး" ဟုခေါ်သည်။ လေးလေးသည် ငယ်ငယ်က မြင်းလှည်းမောင်းကာ အသက်မွေးသည်။ မြင်းလှည်းမောင်းကာ၊ မြင်းစာ ပြောင်းရိုးတွေ ရောင်းကာ အမေနှင့် အစ်မ အဖွားဖြစ်သူကို လုပ်ကျွေးသည်။ နောက်ပိုင်း အားကစားဖက်လိုက်သွားရာ  စစ်ကိုင်းတိုင်း၏ နာမည်ကြီး အပြေးချန်ပီယံ ဖြစ်လာသည်။ ဆွိဆွိတီတို့ ငယ်ငယ်က အောင်ဆန်းကွင်းတွင် လေးလေး အပြေးပြိုင်စဉ် သွားကြည့်ဖူးသည်။ လေးလေးက ပြိုင်ပွဲတိုင်း အမြဲ ပထမရသည်ကို မှတ်မိသည်။ လေးလေးက ထက်မြက်သူ၊ ခေါင်းဆောင်တတ်သူဖြစ်လေတော့ အားကစားသမားများကြား ထင်ပေါ်သည်။ နောက်ပိုင်းတွင် တိုင်းအားကစားမှူးအဖြစ် ရာထူးတိုးကာ နှစ်ပေါင်းများစွာ ဒိုင်းမရရှိခဲ့သော စစ်ကိုင်းတိုင်းသည် လေးလေး အားကစားမှူးဖြစ်သည့်နှစ်မှာ တိုင်းနှင့်ပြည်နယ်ဒိုင်းကို ရခဲ့ပါသည်။ မ၀ိပ္ပံတို့လို နာမည်ကျော်များသည် လေးလေးထရိန်းပေးခဲ့သော လေးလေး၏ တပည့်ရင်းများဖြစ်ပါသည်။
နောက်တော့ လေးလေးလဲ အားကစားသမားဘ၀မှ အနားယူကာ ကိုယ်ပိုင် သစ်စက်ထောင် စီးပွားရေး အကြီးအကျယ်လုပ်သည်။ လေးလေးသည် အားကစားသမားများကို ထရိန်းပေးခဲ့၍လားမသိ။ သစ်စက်တွင်လည်း အလုပ်သမားများနှင့်အလုပ်လုပ်ရာတွင် နှုတ်အလွန်ကြမ်းလေသည်။ သို့ပေမဲ့ စေတနာပါသည်ကို သိတော့ အလုပ်သမားများက ချစ်ကြောက်ရိုသေကြသည်။ သစ်စက်အလုပ်သည် လွှသွားများကြား သစ်လုံးအလေးအပင်များနှင့် အလုပ်လုပ်ကြရရာ အန္တရာယ်အလွန်များသည်ဖြစ်ရကား အလုပ်သမားများ မထိခိုက်စေရေးအတွက် ဂရုဏာဒေါသောနှင့် အော်ဟစ်ပြောဆိုနေခြင်းသာဖြစ်ကြောင်း သဘောပေါက်ကြသည်။
ထို့အပြင် လေးလေးသည် သူ့အိမ်ပတ်ဝန်းကျင် ရပ်ကွက်ထဲမှ ခလေးများ၊ ဆင်းရဲသူများကို သစ်စက်ထဲတွင် လွှစာကြုံး၊ သေတ္တာရိုက် အစရှိသဖြင့်အလုပ်ပေးထားသေးသည်။ လုပ်ခကိုလည်းမနှိမ်သည့်အပြင် သူများပေးသည်ထက် ပိုပေးသည်။ သူ့ အလုပ်သမားများအတွက်ဆို လက်ကလဲ ဖွာသည်။ ဟင်းချက် အမျိုးသမီးများငှါးကာ နေ့လည်စာ၊ ညစာ အိုးကြီး အိုးငယ် ချက်ကျွေးသေးသည်။  အပေါက်ဆိုးသလောက် စေတနာကောင်းသော လေးလေးပါ။ ထိုစဉ်က ဆွိဆွိတီတို့ ကျောင်း၃နှစ်ပိတ်၍ လေးလေး သစ်စက်ထဲ အလုပ်လုပ်ဖူးရာ သူ့ဦးလေးနှင့် သူ့သစ္စာတော်ခံ အလုပ်သမားဦးလေးကြီးတွေ ခါးကုန်း၊ လက်နောက်ပြန်ပစ်ကာ ဟုတ်ကဲ့ အကိုကြီးဆိုကာ  စကားပြောဆိုနေသည်ကို ကြားတိုင်း ရုပ်ရှင်ဇာတ်ကားတစ်ကားကြည့်နေရသလို၊  ဂေါ့ဖားသားကားမှ မာလွန်ဘရန်ဒိုကြီးသာ ပြေးမြင်မိပါသည်။ (သစ်စက်လုပ်ငန်းသည် ထင်သည်ထက် ပို၍ ရှုပ်ထွေးကာ လူကြမ်း၊ လူဆိုး၊ သစ္စာစောင့်အလုပ်သမား၊ ပုလိပ်၊ တောခေါင်း၊ ထောက်လှမ်းရေး တို့ပါ ပါဝင်ပတ်သတ်ပါသည်။)
ဒေါ်လေးနှင့်အိမ်ထောင်ကျတော့ ဒေါ်လေးက အစိုးရ၀န်ထမ်း။ ဒေါ်လေးသည်ကား ဦးလေးနှင့် ဆန့်ကျင်ဖက်။ အင်မတန် နှုတ်ချိုသည်။ လူချစ်လူခင်များသည်။ အလုပ်သမားများနှင့် ဟေလားဝါးလား နေသည်။ ပျော်တတ်သည်။ နေတာထိုင်တာ ရိုးကုတ်သည်။ သစ်စက်ပိုင်ရှင်ဟု မထင်ရ။ အလွန်လည်း အားနာတတ်သည်။ လက်ဖွာသောလေးလေးနှင့် ဆန့်ကျင်ဖက် အလွန်နှမြောတတ်သည်။ ဆွိဆွိတီလေး အလုပ်လုပ်နေစဉ် ကာလတစ်လျှောက်လုံး သူတို့အိမ်တွင် ၀မ်းကွဲလေးတွေနှင့် အတူနေရာ ဆွိဆွိတီလေးကို သူ့သားသမီးတွေနှင့် တန်းတူ သဘောထားပါသည်။ ခေါ်ပုံကလဲ ငါ့သမီး၊ ငါ့သမီးဟု ပါးစပ်ဖျားမှမချ။ ဆိုင်ကယ်စီးသင်ပေးသည်။ အပျို အရွယ်လေး ၀တ်ချင်စားချင်မှာပဲ ဆိုကာ အ၀တ်အစားလည်းဆင်သေးသည်။ တူဝရီး၂ယောက်လုံး လေးလေးကို ကြောက်ရသည်ဖြစ်ရာ လေးလေးနှင့်ယှဉ်သော် စပ်မှတော်ရသော အဒေါ်က ပိုရင်းနေသလိုပင်။ တူဝရီး၂ယောက် တိုးတိုးဖော် တိုင်ပင်ဖက်လည်းဖြစ်သည်။
ဒေါ်လေးအကြောင်းပြောနေရင်းနှင့် ဦးလေးနှင့်ပတ်သတ်၍ သတိရသည်မှာ လေးလေးသည် လူကသာ အလုပ်သမား လူကြမ်းကြီးများနှင့် အတူတွဲကာ သူကိုယ်တိုင်လဲ လူကြမ်းစိတ်ကြမ်းဆိုသလို ဖြစ်နေပေမဲ့  တစ်ချို့နေရာများတွင် အလွန်ကြောက်တတ်သည်။ တစ်ခါသား လေးလေးဆိုင်ကယ်နောက်က လိုက်ဖူးသည်တွင် လေးလေးသည် ဆိုင်ကယ်ကို အမြန်မမောင်း နှေးနှေးသာမောင်းသည်။ မောင်းရင်းနှင့်လည်း ဆိုင်ကယ် မောင်းရာတွင် သတိထားဖို့၊ အတင့်မရဲဖို့ သတိပေးနေသည်။ လေးလေးသည် ဘယ်အလုပ်မဆို သတိဝီရီယနှင့် လုပ်သူ၊ ဘေးအန္တရာယ်ထိခိုက်မည်ကို အင်မတန် စိုးရိန်တတ်သူလည်း ဖြစ်ပါသည်။
နောက်ပြီး ဦးလေးသည် သူ့ဘ၀တွင် ၁၀တန်းပင်မအောင်ခဲ့ရာ သူ့တူ၊ သူ့တူမများကို ပညာတတ်ကြီးတွေ ဖြစ်စေချင်သည်။ ထိုစဉ်က ဆွိဆွိတီမှာ စက်မှုတက္ကသိုလ် ဒုတိယနှစ်ဖြစ်ရာ အလွန်ဂုဏ်ယူလေသည်။ တစ်ခါသားတွင် သူ့သစ်စက်မှ အင်ဂျင်တွေ ပတ္တားကြိုးတွေနှင့် စက်ရုံအသစ်ဆောက်ဖို့အလုပ်ရှုပ်နေသည်။ အနားမှာရှိသော အင်ဂျုင်နီယာကျောင်းသူ ဆွိဆွိတီလေးကို ပတ္တားကြိုး အရှည်၊ မော်တာ စက်ပတ်ရေ၊ စက်သီး စက်ပတ်ရေ (RPM)  အစရှိသည်တို့ တွက်ခိုင်းလေရာ  တတ်သမျှ၊ မှတ်သမျှ တွက်ပေးလိုက်ရာ လူလာတိုင်း ကျွန်တော့တူမ တွက်ပေးတဲ့ စက်ဆိုကာ ဂုဏ်ယူကာပြောတတ်သည်။ (ယခုအချိန်ထိ အလည်ရောက်တိုင်းလည်း  ညည်း တွက်ပေးသည့် စက်ဆိုကာပြောလေ့ရှိပါသည်။)
နောက်တစ်ခု မှတ်မိသည်မှာ ထိုအချိန်ကတည်းက ဦးလေးသည် အားကစားသမားဟောင်းပီပီ အားကစားလည်း လိုက်စားရာ  ဒေါ်လေးကို ခေါ်ကာ မနက်တိုင်း လမ်းလျှောက်ထွက်လေ့ရှိသည်။ အန်တီဆွိမှာ ဒေါ်လေးရယ်၊ ခလေး၂ယောက်ရယ်နှင့် အတူအိပ်ရာ "ကိုကေးရေ"  ... " မြင့်ရေ.."  နှင့် မနက်ခင်း လမ်းလျှောက်ခါနီး လင်မယား၂ယောက် ပြောဆိုနေသံများ၊ တစ်ယောက်ကို တစ်ယောက် နှိုးသံများက မနက်တိုင်းကြားနေကျ၊ ရင်းနှီးနေကျ အသံများ ဖြစ်ပါသည်။
နောက်ပိုင်း ဆွိဆွိတီလေး စင်္ကာပူရောက်တော့ ဒေါ်လေးမှ အရွယ်ရောက်လာပြီဖြစ်သော သူ့ခလေးတွေကို ရှုပ်ထွေးကြမ်းတမ်းလှသော ဒီသစ်စက်မှာပဲ၊ ဒီမြို့လေးမှာပဲ ဘ၀တစ်ခုလုံး မြှုတ်နှံကာ မနေစေလို။ တက္ကသိုလ်မှ ဘွဲ့အသီးသီးရပြီးသော ခလေး ၂ယောက်လုံးကို ဂျပန်ပို့ကာ ပညာသင် အလုပ်သွားလုပ်စေသည်။ ထိုအချိန် လေးလေးလဲ ကျန်းမာရေး သိပ်မကောင်းတော့ ဒေါ်လေးကို အစိုးရ အလုပ်မှထွက်ကာ သစ်စက်ကို ဦးဆောင်လုပ်စေသည်။ သစ်စက်အပြင် တည်းခိုခန်းလုပ်ငန်းကလည်း အတော်တိုးတက်နေပြီဖြစ်ရာ ထိုလုပ်ငန်းကိုလည်း ဦးဆောင်စေပြန်သည်။ ဒေါ်လေးဦးစီးပြီးနောက်ပိုင်းတွင် ဒေါ်လေး၏ ဆက်ဆံရေး အဆင်ပြေမှု ၊ လေးလေး၏ နောက်ပိုင်းမှ ပံ့ပိုးမှုများဖြင့် စီးပွားရေးသည် ယခင်အချိန်များနှင့်မတူ တမူထူးခြားကာ အလွန်တိုးတက်လာသည်ဆိုပါသည်။
*******************************************************************************
 အန်တီဆွိသည် ကားမောင်းရင်း ဒေါ်လေးတို့ လေးလေးတို့ အကြောင်း တောင်စဉ်ရေမရ တွေးမိတွေးရာ တွေးနေရာ  ကားပါ့ကင်မှာ ကားရပ်တော့မှ လက်ရှိ ပစ္စက အချိန်ပြန်ရောက်သည်ကို သတိရလာသည်။ အိမ်ရောက်တော့ လေးလေးကို ဖုံးခေါ်ရန် ကြိုးစားသည်။ သို့ပေမဲ့ မခေါ်ဖြစ်ခဲ့ပါ။ လေးလေးသည် ယခုအချိန်တွင် အရွယ်ရောက်နေပြီဖြစ်သော သားလေးရော သမီးလေးပါ နိုင်ငံရပ်ခြားရောက်နေ၍ တစ်ယောက်တည်း အားငယ်နေရော့မည်။ သို့ပေမဲ့ အန်တီဆွိ ဖုံးခေါ်လျှင် စိတ်ကို ထိန်းနိုင်မည်မဟုတ်ပါ။ ငိုချမိမည်သေချာသည်။ ကိုယ်ခေါ်၍ အားမပေးနိုင်သည့်အပြင် သူ့ဝေဒနာ ပိုဆိုးစေမည်ကို မလိုလားပါ။ အဖေတို့ထံ ဖုံးဆက် အကြိုးအကြောင်းထပ်မေးတော့ အဖေကတော့ သူ့ညီထံ  အရေးပေါ် ရထားလက်မှတ်ဝယ်ကာ သွားပါပြီတဲ့။
နောက်ဆုံး အဖေ့ထံမှ ဖြစ်ပုံပျက်ပုံ သတင်းစုံကြားရသည်တွင် ထိုနေ့က လေးလေးနှင့်ဒေါ်လေး ခါတိုင်းလိုပဲ လင်မယား ၂ယောက် စောစောထ လမ်းလျှောက်ကြသည်။ စစ်ကိုင်းတံတားနားရောက်တော့ တံတားပြင်နေသည်။ တံတားပေါ်က လမ်းလေးအောက်ခြေနားမှာ ကျောက်တုံး၊ ကျောက်ခဲတွေ လုပ်လက်စ ပြန့်ကျဲရှုပ်ပွနေသည်တဲ့။ ၂ယောက်အတူ လျှောက်စရာပင် လမ်းကမရှိတော့  လေးလေးက နောက်က၊ ဒေါ်လေးက ရှေ့ကလျှောက်သည်တဲ့။ အဲဒီ့အချိန်မှာ ဒေါ်လေးဟာ တံတားလမ်းလေးပေါ်ကနေ ကားလမ်းမပေါ် ခြေချော်အကျ၊ အရှိန်ပြင်းပြင်းမောင်းလာသည့် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်က ၀င်တိုက်ခဲ့သည်တဲ့။ ဒေါ်လေး အောက်ကို လဲအကျ လမ်းပေါ်မှ ကျောက်ခဲကြီးနဲ့ ခေါင်းနဲ့ အကျမှာ သွေးချင်းချင်းနီနေသတဲ့။ သူ့ရှေ့မှ အဖြစ်အပျက်တွေကို အစအဆုံး မြင်လိုက်ရသည့်လေးလေးဟာ နေရာမှာပင် ရူးမတတ်ပဲဖြစ်ခဲ့သည်တဲ့။ ဘယ်အရာမဆို မတော်တဆဖြစ်မှာတွေ ကြောက်လို့ အမြဲ ဂရုစိုက်ခဲ့တဲ့ လေးလေး၊ သူ့ရှေ့နားတင် ဒေါ်လေးတစ်ယောက်လုံး မရှူမလှဖြစ်နေတာကို ဘာမှမကယ်နိုင်၊ မကူနိုင်ခဲ့၊ မဟန့်တားနိုင်ခဲ့ပါပေ။ သွေးအိုင်ထဲလဲနေသည့် ဒေါ်လေးကို ပွေ့ပြီး " မြင့် .. မြင့်... သိပ်နာနေလား ..." လို့ မေးတော့ အမြဲ အားနာတတ်တဲ့  ဒေါ်လေးက မနာဘူးဆို ခေါင်းရမ်းပြပြီး ဇက်လေးကျိုးကျသွားသည်တဲ့။ အဖြစ်အပျက်ကို ကြားရတော့ ပို၍ပင်ရင်နာရပါသည်။ ဖြစ်မှဖြစ်ရလေ ဒေါ်လေးရယ် ....
 ဒေါ်လေး၏ရုပ်အလောင်းကို နောက်နေ့ ချက်ချင်းသဂြိုလ်ရာ ဘုန်းကြီးမှ တရားပေးတော့ လေးလေးတစ်ယောက် ငိုတာ ငိုတာ ထိမ်း၍ပင်မရပါတဲ့။ လေးလေး အရမ်းခံစားနေရသည် ကြားတော့ ဆွိဆွိတီတစ်ယောက် အားပေးရန် ဖုံးကို ကောက်နှိပ်သည်။ ဟိုဖက်က လာကိုင်သူက ခဏကိုင်ထားပါတဲ့။ နောက် လေးလေး အသံကြားရသည်။  " အေး ... ဆွိတီလား ..." .... လေးလေး၏ အသံဝါ၀ါကြီးကြားရတော့ ဆွိဆွိတီလဲ မနေနိုင်တော့။ " လေးလေး နေကောင်းလား.. " ဆိုသည်ကလွဲ၍ စကားလဲ ဆက်မပြောနိုင်တော့။ တရှုံ့ရှုံ့နှင့်သာ ငိုနေတော့သည်။ ဟိုဖက်က ကာရကံရှင် လေးလေးကပဲ တဖန် ပြန်အားပေးနေရတဲ့ အဖြစ်။ " အေးပါအေ ...  သူ့မှာ  ဥပေစ္ဆေတကကံက ပါလာတယ် ...  ဒီလောက်ပဲ နေရမယ် ... ကံက ဒီလောက်ပဲပါတယ် ဆိုတော့ ဘယ်တတ်နိုင်မှာလည်း  ... ... ... "
ဒေါ်လေးရဲ့ နောက်ဆုံးခရီးသည် အလွန်စည်ကားလှသည်တဲ့။  သတင်းကို ကြားသည်နှင့် သူနှင့် ကျေးဇူးရှိခဲ့ဖူးသော ရွာများမှ ရွာလုံးကျွတ်ပင်လာရောက်ကြပါသည်တဲ့။ သူဈေးဝယ်ဖူးသော ဈေးမှ ဈေးတွေပိတ်ကာ လာကြသည်တဲ့။ နောက်နေ့ပင် ချက်ချင်းချသော်လည်း ဒေါ်လေးရဲ့ အသုဘမှာ ကားအစီးရေများစွာဖြင့် မြို့လေးတစ်ခုလုံး ကျပ်ညပ်သွားပါသည်တဲ့။
နောက်တော့ ဂျပန်က ၀မ်းကွဲမောင်နှမလည်း ရရာ လေယာဉ်ဖြင့် ပြန်လာကြရာ အမေ့ရုပ်အလောင်းကို သူတို့ မမှီလိုက်ကြပါ။ အမေကို အလွန်ချစ်သော၊ အမေက အလွန်ချစ်သော သနားစရာ မောင်နှမပါ။
 မောင်နှမ ၂ယောက် စိတ်ထားလေးတွေ ကောင်းရှာသည်။ ဆိုင်ကယ်တိုက်သွားသည့် ကောင်လေးလဲ ထိခိုက်ဒါဏ်ရာရကာ ဆေးရုံရောက်နေတော့ ဟိုက၊ ဒီက မကျေနပ်လို့ တရားဆွဲမယ် ဘာမယ်၊ ရိုက်မယ်၊ နှက်မယ်နဲ့ ကြိမ်းမောင်းတဲ့ လူအုပ်ကို တရားချသည်။ " ချိုမေက သေသွားပြီပဲ...  ဘာမှလုပ်လို့ မရတော့ဘူး၊ ပြန်လဲမရှင်တော့ဘူး၊ သူလဲ တမင်ဝင်တိုက်တာမှ မဟုတ်တာ ... " ဆိုကာ သူ့အမေအတွက် ရတဲ့ အလှူငွေတွေနဲ့ ကောင်လေး ဆေးကုသစံရိတ်အတွက် ပြန်လှူလိုက်ကြသည်တဲ့...။
ဥပေစ္ဆေတကကံ နှင့် ရုပ်တရက် အသက်ဆုံးပါးခဲ့ရသော ဒေါ်လေးနှင့် အစ်ကိုဖြစ်သူ ကိုဇော်၊ မဆွေ တို့ အားလုံး ကောင်းရာ မွန်ရာ ရောက်ကြပါစေသော် ... ။          ။
ပြီးပါပြီ။
19 comments:
  1. အန်တီဆွိ .... ဖတ်ရတာ စိတ်မကောင်းလိုက်တာ .... ဟိုနေ့က ကိုဇော်နဲ့မဆွေ အကြောင်း အပိုင်း 1 လေး ဖတ်ပြီးထဲက အဆက်ကို ဖတ်ချင်လွန်းလို့ တစ်နေ့ 10ခေါက်လောက် ဒီ Blog ကိုလာကြည့်နေတာ ...အဟုတ် .... အန်တီဆွိ စာရေးကောင်းတယ်... Post တွေအများကြီးရေးပါ ... ဟင်းချက်နည်း Post တွေလဲအရမ်းကြိုက်တယ်။။။။။။။။။။ ချဉ်ပေါင်ဟင်း ချက်တုန်းကလို ငရုတ်သီးဇွန်းနဲ့မြည်းနဲ့တော့နော်...... :)))
    NTZ
    ReplyDelete
  2. စိတ်မကောင်းလိုက်တာ
    ReplyDelete
  3. စစချင်း တီတီဆွိကားမောင်းတာကိုရေးနေတော့ လန့် သွားတာပဲ ပြီးမှ တခြားအကြောင်းတွေ ရောက်သွားလို့ တော်သေး
    သူတို့ တတွေကောင်းရာသုဂတိရောက်ပါစေ....
    ZZ
    ReplyDelete
  4. ဟုတ်တယ် ကိုဇက်။ အန်တီဆွိအကြောင်းရေးတာ နဲနဲများသွားတယ်ထင်တယ်။ ပြောချင်တာက အရမ်းစိတ်ညစ်နေတဲ့ အချိန် အဲဒီသတင်းကြားရတော့ လူက တော်တော်ကို ချွတ်ချုံကျ စိတ်ဓာတ်တွေ တော်တော်ပျက်သွားတာ။ အဲဒီတုံးက ကားမောင်းရင်းနဲ့ ခံစားရတာလေးကို အရင်းအတိုင်းရေးလိုက်တာ။
    အနောနိမတ်စ် ကျေးဇူးပါ
    အပေါ်က NTZ အားပေးမှုအတွက် အမြဲ ကျေးဇူးတင်လျက်ပါ။ အဲလိုအားပေးတော့ ရေးရတာ တကယ်အားရှိတယ်။ ဟင်းချက်နည်းတွေတော့ သိပ်မတင်ဖြစ်တော့ဘူး။ ကြာတော့ ဟင်းချက်နည်း တင်ရတာ ပျင်းလာရော။ အပေါ်က စာတမ်းလေးတောင် ပြောင်းရမလိုပဲ။ ကျေးဇူး။
    ReplyDelete
  5. Three of them RIP..
    ReplyDelete
  6. တစ်နေ့ဘယ်လို ပုံစံနဲ့ အသက်ချုပ်ငြိမ်းရမယ်ဆိုတာ မြတ်စွာဘုရားကလွဲလို့ ဘယ်သူမှ ကြိုတင်မသိနိုင်ဘူးနော်..။ လူတိုင်း ကျန်းမာချမ်းသာစွာနဲ့ သက်တမ်းစေ့နေနိုင်ကြပါစေ..။
    ReplyDelete
  7. မဆွိ‌ရေ..ဖတ်ရတာစိတ်မ‌ကောင်းလိုက်တာကွယ်...စစချင်းမှာမဆွိကားမြန်မြန်‌မောင်းတာ‌ရေးထား‌တော့
    ရင်တုန်သွားတာဘဲ..ဘာမှမဖြစ်လို့‌တော်‌သေးတာ‌ပေါ့..တို့ကကားအမြန်‌မောင်းရင်သိပ်ေ ကြာက်တာဘဲ..
    ‌ဘေးနားကသတိ‌ပေးလွန်းလို့‌ယောက်ျားကနားငြီးသတဲ့..တတ်နိုင်ဘူး..ကိုယ်ကေ ကြာက်တာကိုး..မဆွိလဲ
    မီနီကူပါး‌လေးနဲ့Mr.Bean ကိုအားကျပြီးစွတ်‌မောင်းမ‌နေနဲ့‌နော်..ချစ်လို့ေ ပြာတာမှတ်ပါ..။း)
    ReplyDelete
  8. ငြိမ်းMarch 13, 2012 at 8:12 PM
    TT sweet ဘလော့ကိုလာလာဖတ်နေတာတော့ ကြာလှပြိ။တခါမှ comment မရေးဖြစ်ဘူး။ဟင်းချက်နည်းတွေ၊မုန့်လုပ်နည်းတွေ t sweet ကျေးဇူးကြောင့် အဆင်ပြေ နေတာ။ကျေးဇူးတင်ကြောင်းရေးမယ်ဆိုစဉ်းစားနေတာကြာပြိ ခုမှရေးဖြစ်တော့တယ်။t sweet စာတွေလည်း အကုန်ဖတ်လို့ကောင်းတယ်။အခုစာလေးလည်း ဖတ်ရင်းနဲ့ စိတ်မကောင်းဖြစ်ရတယ်။စနေနေ့ ကt sweet နည်းအတိုင်း jurong point ntuc ကလိုတာတွေ ဝယ်ပြိး pizza လုပ်စားတာကောင်းတယ်။ဟင်းချက်နည်းတွေ အတွက်ကျေးဇူးတင်ပါတယ်နော်။
    ReplyDelete
  9. ငြိမ်းMarch 13, 2012 at 9:15 PM
    TT sweet ဘလော့ကိုလာလာဖတ်နေတာတော့ ကြာလှပြိ။တခါမှ comment မရေးဖြစ်ဘူး။ဟင်းချက်နည်းတွေ၊မုန့်လုပ်နည်းတွေ t sweet ကျေးဇူးကြောင့် အဆင်ပြေ နေတာ။ကျေးဇူးတင်ကြောင်းရေးမယ်ဆိုစဉ်းစားနေတာကြာပြိ ခုမှရေးဖြစ်တော့တယ်။t sweet စာတွေလည်း အကုန်ဖတ်လို့ကောင်းတယ်။အခုစာလေးလည်း ဖတ်ရင်းနဲ့ စိတ်မကောင်းဖြစ်ရတယ်။စနေနေ့ ကt sweet နည်းအတိုင်း jurong point ntuc ကလိုတာတွေ ဝယ်ပြိး pizza လုပ်စားတာကောင်းတယ်။ဟင်းချက်နည်းတွေ အတွက်ကျေးဇူးတင်ပါတယ်နော်။
    ReplyDelete
  10. too bad, too sad
    rgds/nang myint
    ReplyDelete
  11. T Sweet ရေ တခါတလေ အာရုံများရင် အဲလိုပဲနော်
    ဘာလုပ်မိလို. လုပ်မိမှန်းမသိ
    ရုံးမှာအာရုံများရင်
    lift ကို အောက်ဆင်းတဲ.ခလုတ်နှိပ်ပြီး အပေါ်တက်ဖို.စောင်.နေတာ
    အခုတော. T Sweet အာရုံမများရတော.ပါဘူး
    စလုံး ဘဝကတော. streessful ပါပဲ
    ReplyDelete
  12. တိုက်ဆိုင်မှုရှိလို့ ၀င်ရေးမိတယ် အစ်မ။ ဇွန့်ကောင်လေးလည်း သူကိုယ်တိုင်မောင်းတဲ့ကားနဲ့ အက်ဆီးဒင့်ဖြစ်ပြီး ဥပစ္ဆေဒကကံနဲ့ ပွဲချင်းပြီး ဆုံးသွားတာပါ။ ဒီနေ့ သူဆုံးတာ ၅ နှစ်ပြည့်တဲ့နေ့ပေါ့။
    (စောစောက reply မှာ သွားမန့်မိလို့ ပြန်ဖျက်လိုက်တာပါ)
    ReplyDelete
  13. ဇွန်ရေ စိတ်မကောင်းလိုက်တာ။ အစ်မက အစဖော်သလိုများဖြစ်နေလား။ တိုက်ဆိုင်လိုက်တာနော်။
    ဇွန့်ကောင်လေးလဲ ကောင်းရာမွန်ရာ ရောက်ပါစေ။ အားလုံးဘေးရန်ကင်းရှင်းကြပါစေ။
    ReplyDelete
  14. ဥပေစ္ဆေတကကံနဲ့ပတ်သက်ပြီး အတိတ်ကံပါလာခဲ့သူတွေအားလုံး
    ဒီဘဝမှာတင်ဘဝဝဋ်ကြွေးတွေပေးဆပ်လို့ကုန်ကြပါစေလို့ဆုတောင်းမိတယ် ဆွိတီရေ။
    မဆွေနဲ့ကိုဇော်တို့လည်း စိတ်ရင်းကောင်းတဲ့သူတွေမို့ ကောင်းရာဘုံဘဝရောက်ကြမှာပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  15. TT sweet ရေ။ ဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ်။ ဟိုတစ်နေ့ကလဲ မိုးတိတ်ပြီးကာစ ညနေ (၇) နာရီလောက် ကားအက်ဆီးဒင့်တစ်ခုမြင်ပြီး ညနေစာတောင် စားလို့မရဘူး။ လဲကျနေတဲ့လူကို သနားမိနေလို့လေ။
    အပေါ်ကတစ်ယောက်မန့်သွားသလိုပဲ မစ်စတာဘင်းလို မမောင်းနဲ့ဦးနော်း)
    လီယို
    ReplyDelete
  16. စိတ်မကောင်းလိုက်တာ ၊ တီဆွိလည်း မောင်းတာ သတိထားပါနော်.
    ReplyDelete
  17. ဥပေစ္ဆေတကကံ လက္ခဏာမှာ မပါဖူးဆိုတာနဲ. ကားအရမ်းမမောင်းပါနဲ.ကွယ်၊
    ဥစ္စာကံစောင့် အသက်ညဏ်စောင့်တဲ့
    ReplyDelete
  18. အဲလိုတော့လဲ မဟုတ်ရပါဘူးဂျာ။ အဲဒီတုံးက စိတ်ဓာတ်တွေ တော်တော်ပြုတ်ကျနေလို့ ဖြစ်ချင်ရာဖြစ်ဆို ထင်ရာစိုင်းတာ ...ပုံမှန်ဆိုရင်တော့ တော်တော်ဂရုစိုက်မောင်းပါတယ်။ တိုက်တာပဲ ၃ခါရှိပြီကိုး။
    ReplyDelete