Sunday, March 18, 2012

ဗိုက်အောင့်တဲ့နေ့ ...


original picture  link

ဆွိဆွိတီလေး အပျိုဖော်ဝင်စ ၁၃-၄နှစ်က စသည်။ အမေတို့က ထိုအကြောင်း  ကြိုပြောထားပေမဲ့ 
အဲဒီထဲမှာ ဗိုက်အောင့်မယ်၊ ခါးကိုက်မယ်။ တစ်ခါတစ်ရံ အခြေအနေဆိုးရင် ပေါင်ရင်းတွေပါ တဆစ်ဆစ်ကိုက်မယ်ဆိုတာ မပါ။ မှတ်မှတ်ရရ ထိုဝေဒနာတွေ စ ခံစားရခါစက ဆွိဆွိတီလေးမှာ မြို့ထဲမှာ ကျူရှင်တွေ တက်နေသည်။ ၈တန်းအောင်ပြီးကထဲက အမေတို့က ၁၀တန်းအမှတ်ကောင်းအောင်ဆိုကာ ၁၈မိုင်လောက်ဝေးသည့် မြို့ထဲက နာမည်ကြီးကျူရှင်တွေ တက်ခိုင်းထားသည်။ အဲသည်တုံးက ကျူရှင်တက်ရင်း အဲသလို ကိုက်သည့်ခဲသည့် ဒါဏ်တွေ ခံခဲ့ရသည်။ ဒါကဖြစ်စမှို့ ။ နောက်ကြီးလာလို့ မှန်သွားရင် ပျောက်သွားမှာပါဆို ပြောကြသည်။ 

နောက်နဲနဲကြီးလာတော့ သူတို့ပြောသလို သက်သာပါသည်။ ဒါပေမဲ့ တစ်ခါတစ်ရံ လ္ဖက်လို၊ ဇီးဖြူသီးလို ခပ်ဖန်ဖန် ချုပ်စာတွေ စားမိလျှင်၊ အအေးခံမိလျှင်၊ ရေအေးနှင့် ခေါင်းလျှော်မိလျှင် ဆီးစပ်နေရာအထက်နားက မခံမရပ်နိုင်အောင် အောင့်မြဲ။ အဆောင်မှ သူငယ်ချင်းတွေက အားပေးပြန်သည်။ ယောက်ျားရလျှင် ဒီဝေဒနာတွေ ပျောက်သွားမှာတဲ့။

ဆွိဆွိတီလေး ယောက်ျားရပြန်ပြီ။ လစဉ် ကိုက်ခဲသည့် ဝေဒနာကတော့ ပျောက်မသွား။ ပိုဆိုး၍ပင်လာသည်။ အိမ်ထောင်သည် အစ်မတွေ၊ သူငယ်ချင်းတွေက အားပေးပြန်သည်။ ခလေး မွေးလိုက်လျှင် ပျောက်သွားမှာပါတဲ့။ အော် ဒီတစ်ခါတော့ မှန်လောက်ပါရဲ့ပေါ့။

သမီးလေးမွေးတော့ ခလေးက breech ဖြစ်နေ၍ ရိုးရိုးမမွေးပဲ ခွဲမွေးလိုက်ရသည်။ ခလေးမွေးပြီးတော့ လစဉ်ဝေဒနာတွေ ပျောက်တော့မှာလားပေါ့။ သို့ပေမဲ့ အချိန်တန်တော့ ဝေဒနာက ပေါ်လာမြဲ။  နင်က ခွဲမွေးတာကိုးတဲ့။ ရိုးရိုးအတိုင်းမွေးလျှင် ပျောက်သည်တဲ့။

နောက်တော့ နာလွန်းအားကြီး၍ ကေကေမှ ဆရာဝန်အိုဂျီတွေနှင့်ပြရာ အထဲမှာ အလုံးရှိသည်ဆိုသည်။ ထိုအလုံးက ထိုအချိန်မျိုးတွင် နာရန် အားပေးသည်ဆိုသည်။ သို့ပေမဲ့ အလုံးက သေးနေသေးရာ ခွဲထုတ်ဖို့မလို။ ၆လခန့်စီ ၂နှစ်အထိ စောင့်ကြည့်ပြီး ကြီးမလာရာ ခွဲရန်မလိုသေးဆို၍ ဆေးလေးသောက်ကာ လစဉ်ဝတ်ခံနေရပြန်သည်။ ဆေးတွေကလဲ လုံးဝအရှင်းမပျောက်။ အနည်းငယ်သက်သာရုံသာ သက်သာသည်။ တစ်ခါတစ်ရံ ဘယ်လိုမှကိုမနေ။

ထားပါတော့လေ။

ဆွိဆွိတီ တစ်ဖြစ်လဲ အန်တီဆွိသည် ထိုနေ့က မနက်ခင်း အိပ်ရာက ၈နာရီထသည်။ သမီးကျူရှင်ပို့စရာရှိတော့ မနက်စောစော ရေချိုးသန့်ရှင်းထားသည်။ ပြီးတော့ မနက်ထဲက ဗိုက်က အောင့်ချင်သလိုလိုဖြစ်ရာ အိမ်ကလူများကို ကြေငြာထားရသည်။ ထိုအချိန်တွင် ဗိုက်အောင့်ရုံမက စိတ်ကလဲ စိတ်တို၊ စိတ်ဆတ်တတ်ရာ ဗိုက်အောင့်နေတယ်နော် အိမ်ကလူတွေ ပါးပါးလျှားလျှား နေကြဟူ၍ ပြောထားရသည်။

သမီးအတွက် ပြင်ဆင် ဘရိတ်ဖက်စ်လုပ်ပေးပြီး သွားခါနီးမှ ကိုယ်တိုင် ဘရိတ်ဖတ်စ်စားရန်သတိရသည်။ လွယ်လွယ်ကူကူ နွားနို့နှင့် ဆီရီယယ်လေး ကမန်းကတမ်းသောက်ပြီး ဗိုက်အောင့်ပျောက်ဆေး ၂လုံး ရေနှင့်မျှောချလိုက်သည်။ ကားမောင်းသူဘေးကခုံမှ ၀င်ထိုင်ရင်း GPS မှ ဈေးနေရာတစ်ခုခု ငုံ့ရှာစဉ် လူက ဗိုက်ထဲမှာ ကားမူးသလို သရိုးသရီဖြစ်လာသည်။ အကျင့်က ကားသွားနေရင်း တစ်ခုခု ငုံ့လုပ်လျှင် ကားမူးတတ်သည်။ သမီးကျူရှင်ပို့ရင်းနှင့် အပြန် တစ်ခါတည်း ဈေးဝယ်ကြမည်မှန်းထားရာ ကျူရှင်ကပြန်တော့ လူက မရတော့။ ဗိုက်ထဲက အော်ဂလီဆန်ပြီး အန်ချင်လာသည်။ အောင့်နေကျနေရာကလည်း အောင့်လာရာ အိမ်ကိုသာ တစ်ခါထဲမောင်းပါ ပြောရသည်။

အိမ်ရောက်တော့ အိမ်ရှေ့က ဆိုဖာပေါ်အသာလှဲ၊ ဆိုဖာပေါ်တင်ထားသည့် စောင်အထူလေးခြုံကာ အံချင်စိတ် ပျောက်လိုပျောက်ညား သမီးအိုင်ပက်လေးဖြင့် ဂိမ်းကစားနေလိုက်သည်။ နောက်တော့ လူက အိပ်ချင်မူးတူးဖြစ်လာရာ ဦးခြိမ့်မှ ဗိုက်ပေါ်တင်ထားသည့် အိုင်ပက်ကို သိမ်းကာ နေ့လည်စာ ဘာချက်ပေးရမလဲ လာမေးနေသေးသည်။ ၀က်သားလေးသာ ထုတ်ချက်လိုက်ပါ။ တစ်အိမ်လုံးစားလို့ရအောင် အချိုလေးချက်လို့ ပြောပြီး လူက အိပ်ငိုက်လာသည်။ ဗိုက်ကလည်း နဲနဲပြန်အောင့်လာရာ အိပ်လိုက်တော့ကောင်းတာပေါ့။ ဝေဒနာတွေ သက်သာသွားတာပေါ့ဆိုတွေး မီးဖိုချောင်ဖက်မှ ဦးမောင်ခြိမ့်၏ ငရုပ်သီးထောင်းသံ၊ လှီးသံချွတ်သံ၊ ဓားသွေးသံ၊ ဟင်းအိုးမွှေသံတွေကို တစ်ချက်တစ်ချက်တော့ ကြားနေရသည်။ ပြီးတော့ အိပ်ပျော်သွားသည်။

မှေးကနဲအိပ်ပျော်သွားရာက နိုးလာတော့ နှာခေါင်းမှ ၀က်သားဟင်းနံ့က သင်းနေသည်။ ထို့ အပြင် ရနေကျ ၀က်သားဟင်းနံ့မဟုတ်။ သစ်ဂျပိုးခေါက်ခေါ် ဆင်နမင် (cinnamon) နံ့ ဖြစ်သည်။ ဦးခြိမ့်သည် ဆင်နမင်နံ့ကို မကြိုက်။ တစ်ခါသား ကြက်သားကုလားပဲဟင်းချက်သည်တွင် မွှေးအောင် အဆန်းထွင်၍ ဆင်နမင်များထည့်ချက်ရာ   ထိုနေ့က ထမင်းကောင်းကောင်း မစားချေ။ သူသည် ဤအနံ့ကို အလွန်ပင်မုန်းကြောင်း၊ နောက်ဟင်းချက်လျှင် ထည့်မချက်ဖို့ ခါးခါးသီးသီးပြောဖူးသည်။ ခုဘယ့်နှာကြောင့် ဒီဝက်သားအချိုချက်က ဆင်နမင်နံ့ သင်းနေရသနည်း။
ခဏနားနေပြီးမှ မီးဖိုချောင်ထဲ ၀င် ဟင်းမြည်းရင်း ...
" တော့ ကမောင်ခြိမ့်  ... တော့ဟင်းက ဆင်နမင်နံ့ နံလှချည်လား ... ဆင်နမင် မကြိုက်ဘူးလဲ ဆိုသေး ... ဆင်နမင်နံ့ကို တစ်အိမ်လုံး ထောင်းထောင်းထအောင် ချက်ထားတာ ...."

" အော် ... ကိုယ့် မိန်းမက ကြိုက်တယ်ဆိုတော့လဲ ချက်ရတာပေါ့။ အိမ်မှာ five spice ရှာတာ ဘယ်မှာမှ မတွေ့တော့ တွေ့တဲ့ အမှုန့်ထည့်လိုက်တာ ... ဆင်နမင်တွေဖြစ်နေတာ ... ဟားဟား  "

အန်တီဆွိတို့ သဘောပေါက်သွားပါပြီင်္။ အိမ်ထောင်သက် ၁၄နှစ်ရှိပြီ။ သူ့အကြောင်း ချက်ဆို နခွက်က မီးတောက်ပြီးသား။ အမှန်က ဆင်မနင်တွေကို five spice ထင်လို့ ထည့်လိုက်တာ ဖြစ်မည်။ မသိချင်ယောင်ဆောင်ကာ ...

" five spice တွေ မကောင်းတော့လို့ ကျုပ်အကုန် လွှင့်ပစ်လိုက်ပြီလေ။ တော်ကလည်း ၀က်သားကို ဆင်နမင်နဲ့ ချက်ရတယ်လို့ပဲ... ကျုပ်တော့ တော်ချက်မှပဲ ဆင်နမင်နဲ့ ၀က်သားအချိုချက် စားဖူးတော့မယ် ... ဟင်း ဟင်း  ... "

" အေးပါကွာ  ... ပြီးတော့ မုန်ညင်းရွက်တွေ လှီးထားသေးတယ်။ မုန်ညင်းရွက်ကို ခရုဆီနဲ့ ကြော်မယ် ... "

သူစီစဉ်သည့်ဟင်းကလည်း မုန်ညင်းရွက်ခရုဆီကြော်နှင့် ၀က်သားအချိုချက်တဲ့။ အချဉ်မပါတော့ ဟင်းက အီတော့မည်။ 

" အိမ်မှာ ခရုဆီ ကုန်နေတာကြာလှပြီ  ... ဟိုတစ်ခါ မှိုတက်ကတည်းက မ၀ယ်တော့တာလေ ..."

ပြောနေရင်း သူသမီးကျူရှင်ကြိုဖို့ထွက်သွားတော့ ကိုယ်လဲ အတော်သက်သာလာပြီမှို့ ၀က်သားဟင်းနှင့်လိုက်အောင် မနေ့ကမှ မြန်မာဆိုင်မှ ၀ယ်ထားသော ချဉ်ပေါင်၊ မျှစ် ချဉ်ဟင်းလေး ကမန်းကတမ်း ချက်လိုက်သည်။ ကန်ဇွန်းရွက်နှင့် မုန်ညင်းရွက်အနည်းငယ်ပါ ရောချက်လိုက်သည်။

ငရုပ်သီးထောင်းမည်လုပ်တော့ ရယ်ဒီမိတ် ငရုပ်သီးကြော်လေး မနေ့ကမှ ၀ယ်ထားတာ သတိရသည်နှင့် ပုလင်းလေးဖွင့်ကာ စားပွဲပေါ်တင်ထားလိုက်သည်။ ထိုနေ့က ထမင်းမှာ ငရုပ်သီးကြော်နှင့် ဆင်နမင်နံ့နိုင်းချင်း ၀က်သားအချိုချက်ကလည်း၊ အအီပြေ ချဉ်ပေါင်မျှစ်ဟင်းနှင့် လိုက်ဖက်လှပါသည်။ သမီးကလည်း ကျူရှင်မှ အပြန် ၀က်သားအချိုချက်  ဖေဖေချက်တာလား ကောင်းတယ် ဆိုကာ ဆာဆာနှင့် အတော် စားရှာသည်။

ထမင်းစားပြီးတော့ 

" 'ဒီမယ် ... ဒီနေ့ ကိုယ့်လက်ရာ ၀က်သားဟင်း ကောင်းရဲ့လား ... "

" ကောင်းပါ့တော် .. ဆင်နမင်နံ့က လွဲလို့ပေါ့ ... "

ဆိုကာ ဦးမောင်ခြိမ့်နှင့် ဒေါ်ဆွိတီမှာ ထမင်းလုံးစီရင်း အလ္လာပ၊ သလ္လာပ စကားလက်ဆုံ ကျနေကြပါတော့သည်။  ။

11 comments:

  1. တီဆိရယ် နာနာတွေ ဖတ်နေတုန်း screen အောက်ခြေကနေ ၀က်သနီပုံ ပေါ်လာတာ ဘာများတုန်းလို့  လန့် သွားတါပဲ

    ReplyDelete
  2. တီတီဆွိ ရေ

    ဝက်သားဟင်းပုံလေး ကတော့ မိုက်တယ် ဗိုက်ကိုဆာသွားတာဘဲ ဘာနံ့ နံနံ စားချင်တယ်

    ReplyDelete
  3. ရွှေစင်ရေ
    အဲဒါ ဦးခြိမ့်ချက်ထားတဲ့ ဆင်နမင် ၀က်သားဟင်းပဲ။ ဆီတော့ နဲနဲများတယ်နော်။

    အပေါ်က AMK ၀က်သားနီဟင်းကို ဘာထင်သတုံး ...း)

    ReplyDelete
  4. စမ်းပြီးချက်ကြည့်ဦးမှပဲ

    :)

    mimi

    ReplyDelete
  5. ကျနော်လဲ အောက်က၀က်သားဟင်းကို သေချာမကြည့်ရဲဘူး။ တီတီဆွိက (အထက်က တစ်ယောက်မန့်သလို) နာနာအကြောင်း ရေးနေတာကိုးဗျ။
း)
    လီယို

    ReplyDelete
  6. အလုံးတွေများခွဲပြီးရိုက်ပြထားသလားလို့ မရဲတရဲ
    နောက်နေ့ဝက်သားရှောင်ပြီ

    ReplyDelete
  7. ‌တော်လိုက်တဲ့ဝူး‌မောင်ရှိမ့်..မဆွိဗိုက်‌အောင့်တဲ့‌နေ့တိုင်းဟင်းချက်‌ပေးတယ်‌ထင်ပါ့...
    အားကျထှာ...။

    ReplyDelete
  8. ဝက်သားသုံးထပ်သားဟင်းလေးစားချင်စရာ... ဆင်နမင်နဲ့တော့ မချက်ဖူးဘူးး))

    ReplyDelete
  9. အပေါ်က အနောနိမတ်စ် နဲ့ လီယို တို့ ကိုကိုခြိမ့်ရဲ့ ၀က်သားအချိုချက်လေးကို ရက်စက်ချက်တော့အေ ...း)

    ReplyDelete
  10. ဗိုက်အောင့်တာချင်း တူတူပဲ ... တခါတလေ လှိုင်သာယာ ကျောင်းကနေ အိမ်ကို အဝေးကြီး ပြန်ပြေးလာရတယ်။ ကလေးရတော့မှ အာထရာဆောင်း ရိုက်ရင်း အလုံးလေးတွေ ၂ လုံးတွေ့လို့ ကလေးမွေးတော့ ဗိုက်ခွဲရတာနဲ့ အတော်ပဲဆို တခါတည်းထုတ်ပလိုက်တယ်။ အဲဒီနောက်ပိုင်း မအောင့်တော့ဘူး။

    ReplyDelete
  11. စားကောင်းမဲ့ ပုံပဲ...

    ReplyDelete